အမဲလိုက်ပြိုင်ပွဲမှာ ပါဝင်မယ်
Vol. 1 Ch. 11
“အဆင့်မြင့်သူက အဆင့်နိမ့်သူကို အနိုင်ကျင့်တယ်ဟုတ်လား…”
လင်ယန်၏ စွပ်စွဲမေးမြန်းသံကို ကြားလိုက်ရသည့်အခါ လော့ချန်က မနေနိုင်ဘဲ ပြန်ဖြေလိုက်သည်။
“သိုင်းပြိုင်ပွဲကို လော့ချီကိုယ်တိုင် အဆိုပြုခဲ့တာပါ။ ဒါ ကျွန်တော့်နဲ့ ဘာမှမဆိုင်ပါဘူး… ယုတ်မာတယ်ဆိုတဲ့စကားကိုလည်း ကျွန်တော် လက်မခံနိုင်ဘူး။ လော့ချီကသာ အရင်ဆုံး ကျွန်တော့်လက်နဲ့ခြေကို ရိုက်ချိုးမယ်လို့ ပြောခဲ့တာပါ။ ဒါပေမယ့် အခု ကျွန်တော်နိုင်တော့ သူ့လက်နဲ့ခြေတွေကို ဘာမှမလုပ်ရသေးဘူးနော်... အခုထိ အကောင်းအတိုင်းပဲမဟုတ်လား…”
“မင်း… မင်း... ကောင်းတယ်… အရမ်းကောင်းတယ်… လော့ဟုန်၊ ဒါက မင်းသင်ပေးထားတဲ့ သားကောင်းတဲ့လား… လူကြီးတွေကို ဒီလောက်ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောရဲတယ်ပေါ့…”
လင်ယန်သည် ဒေါသအလွန်ထွက်လွန်းသဖြင့် မျက်နှာပင် ဖြူဖတ်ဖြူလျော်သွားပြီး အသံတုန်ယင်စွာ လော့ဟုန်ကို ဆူပူမေးမြန်းလိုက်သည်။
လော့ဟုန်က အေးဆေးစွာ ပြန်ဖြေသည်။
“ချန်လေးပြောတာ မမှားပါဘူး… သိုင်းပြိုင်ပွဲမှာ ဒဏ်ရာရတာမျိုးက သဘာဝပဲလေ။ အခု ဒဏ်ရာရသူက ချန်လေးဖြစ်နေရင်တောင် ကျွန်တော် ဘာမှပိုပြီး မပြောပါဘူး… လင်ယန်၊ ဒါက လူငယ်တွေရဲ့ ကစားပွဲတစ်ခုပါ။ ဒီအကြောင်းကို ဒီမှာပဲ ရပ်လိုက်ရအောင်…”
“ဒီမှာရပ်ရမယ်ဟုတ်လား… မဖြစ်နိုင်ဘူး… ငါ အခုပဲ လော့ဟိန်းဆီ သွားပြီး ဒီအကြောင်းပြောမယ်… သူ ဘယ်လိုပြောမလဲဆိုတာ ကြည့်ရအောင်…”
လော့ဟိန်းဆိုသူမှာ လော့ချန်၏ ဦးလေးကြီးဖြစ်ပြီး လော့ချီ၏ ဖခင်ဖြစ်သည်။
လော့မင်ရှန်သည် ဒဏ်ရာပြင်းထန်စွာ ရထားပြီး သတိမရသေးသည့်အချိန်တွင် ယခုအခါ လော့မိသားစုတစ်ခုလုံးကို လော့ဟိန်းက အုပ်ချုပ်ထားသည်။
လင်ယန်သည် တိုင်ကြားရန် သွားမည်ဟု ပြင်ဆင်နေစဉ် လော့မိသားစု၏ အစောင့်တစ်ဦး သိုင်းပြိုင်ကွင်းထဲသို့ အလျင်စလို ပြေးဝင်လာသည်။
“အိမ်တော်သခင်သတိရလာပြီ… အားလုံးကို ဆွေးနွေးရေးခန်းမကြီးထဲ လာခဲ့ဖို့ ပြောထားတယ်…”
အဘိုးသတိရလာပြီတဲ့လား…
လော့ချန်သည် စိတ်ထဲတွင် အလွန်ဝမ်းသာသွားပြီး အခြားကိစ္စများကို ဂရုမစိုက်တော့ဘဲ ဆွေးနွေးရေးခန်းမကြီးဆီသို့ တဟုန်ထိုး ပြေးသွားသည်။
ဆွေးနွေးရေးခန်းမကြီး…
ခန်းမကြီးအတွင်း၌ ယခုအခါ လူများစွာ စုဝေးနေပြီး အားလုံးမှာ လော့မိသားစု၏ ထိပ်တန်းပုဂ္ဂိုလ်များဖြစ်သည်။
လော့မင်ရှန်သည် အဓိကထိုင်ခုံတွင် ထိုင်နေပြီး ဘေးတွင် ရိုးသားဖြူစင်သော ပုံပန်းရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူ့အား ဤရက်ပိုင်းအတွင်း ချီရှန်မြို့တွင် ဖြစ်ပွားခဲ့သော ကိစ္စများကို တင်ပြအစီရင်ခံနေသည်။
ထိုအမျိုးသားမှာ လော့ချန်၏ ဦးလေးကြီး လော့ဟိန်းပင်ဖြစ်သည်။
“ဟမ်… ဒီလို အားနည်းနေချိန်ကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်လာတာလား… ဒါက ငါတို့လော့မိသားစုကို တစချင်း သိမ်းပိုက်ဖို့ ကြံစည်နေတာပဲ…”
ချီမိသားစုနှင့် လင်မိသားစုက အမဲလိုက်ပြိုင်ပွဲကို လာမည့်လသို့ စောစီးစွာ ရွှေ့ဆိုင်းလိုက်သည်ဟူသော သတင်းကို ကြားလိုက်ရသဖြင့် လော့မင်ရှန်၏ မျက်နှာသည် မည်းမှောင်သွားသည်။
“ဒီဆယ်စုနှစ်အနည်းငယ်အတွင်း ငါတို့ရဲ့ တိုးတက်မှုက သိပ်ကို မြန်ဆန်လွန်းခဲ့တယ်… ချီမိသားစုနဲ့ လင်မိသားစုက ငါတို့ကို မနာလိုဖြစ်နေတာ ကြာပြီ… အရင်ကတော့ သူတို့က ကျိမိသားစုကို ကြောက်ရွံ့ထားခဲ့ပေမယ့် အခုတော့… ဟူး…”
“ဘာကို ကြောက်နေရမှာလဲ… အဆိုးဆုံးဆိုရင်လည်း သူတို့နဲ့ အသက်ပေးပြီး တိုက်လိုက်ရုံပေါ့…”
လူအုပ်ကြားတွင် ဆူညံစွာ ဆွေးနွေးနေကြသော်လည်း လူအများစု၏ မျက်နှာများသည် သိပ်မကောင်းလှပေ။
လော့မင်ရှန်သည် ဒဏ်ရာပြင်းထန်စွာ ရထားသဖြင့် ယခုအခါ လော့မိသားစု၏ စုစုပေါင်းစွမ်းအားသည် လင်မိသားစုနှင့် ချီမိသားစုတို့ကို ယှဉ်ပြိုင်နိုင်ရန် လုံးဝမဖြစ်နိုင်ပေ။
“အဘိုး…”
လော့ချန်သည် ဆွေးနွေးရေးခန်းမကြီးထဲသို့ ဝင်ရောက်လာပြီး ပိန်လှီနွမ်းလျဖြစ်နေသော လော့မင်ရှန်ကို မြင်လိုက်ရသည့်အခါ မျက်လုံးများ ချက်ချင်း နီရဲလာသည်။
လော့မင်ရှန်၏ အကြည့်များသည် နူးညံ့သွားပြီး ပြုံးကာ ဆိုသည်။
“ချန်လေး၊ ဒီကိုလာပြီး အဘိုးကိုကြည့်ပါဦး… ဒီလဝက်လောက်အတွင်းမှာ မင်းက အရပ်တော်တော်ရှည်လာသလိုပဲ…အဟွတ်... အဟွတ်... အဟွတ်...”
စကားမဆုံးခင်မှာပင် လော့မင်ရှန်သည် ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလာပြီး မျက်နှာဖြူဖျော့သွားသည်။
ဘေးတွင်ရှိသော ဆေးဆရာက အလျင်စလို ပြောလိုက်သည်။
“အိမ်တော်သခင်၊ ခင်ဗျားရဲ့ ဒဏ်ရာက အခုထိ ပြင်းထန်နေသေးတယ်… သိပ်စိတ်လှုပ်ရှားလို့မရဘူး…”
လော့ချန်က စိုးရိမ်စွာ မေးလိုက်သည်။
“အဘိုး ဘယ်အချိန်မှာ ရောဂါပျောက်မှာလဲ…”
ဆေးဆရာက မျက်ခုံးအနည်းငယ် တွန့်လျက် ဆိုသည်။ “အဆုတ်နဲ့ သွေးကြောတွေ ထိခိုက်ထားတာမို့ အနာပျောက်ဖို့ဆိုရင် အနည်းဆုံး သုံးနှစ်လောက်ကနေ ငါးနှစ်လောက် အနားယူရမယ်… ဒါမှမဟုတ်…”
“ဒါမှမဟုတ် ဘာလဲ…” လော့ချန်က အလျင်စလို မေးလိုက်သည်။
“ကြယ်လေးပွင့်အဆင့်ရှိတဲ့ ဝိညာဉ်ဆေးရှိမယ်ဆိုရင်တော့…”
ဤစကားကို ကြားလိုက်ရသည့်အခါ ခန်းမကြီးထဲတွင် သက်ပြင်းချသံများ ထွက်ပေါ်လာသည်။
ကြယ်လေးပွင့်အဆင့်ရှိ ဝိညာဉ်ဆေးဆိုသည်မှာ ချီရှန်မြို့တစ်ခုလုံးတွင်ပင် ရှာဖွေရန် ခက်ခဲလှသည်။
သို့တိုင် ရှိသည်ဟုဆိုစေဦး ၎င်း၏တန်ဖိုးသည် လော့မိသားစုတစ်ခုလုံးဖြင့်ပင် မထောက်ပံ့နိုင်သည့် အရာဖြစ်သည်။
“ဒါ ဒဏ်ရာသေးသေးလေးပါပဲ…”
လော့မင်ရှန်က ပြုံးကာ လက်ကို ဝှေ့ယမ်းပြပြီး လော့ချန်၏ ဦးခေါင်းကို ပွတ်သပ်ကာ ဆိုသည်။
“ဒီရက်ပိုင်းထဲမှာ သေချာလေ့ကျင့်ထားရဲ့လား…”
“ဟုတ်ကဲ့…” လော့ချန်က ခေါင်းညိတ်ပြသည်။
ထိုအချိန်တွင် ခန်းမကြီးထဲသို့ လူအနည်းငယ်ထပ်မံ ဝင်ရောက်လာကြပြီး ၎င်းတို့မှာ လင်ယန်နှင့် လော့ဟုန်တို့ဖြစ်သည်။
“ဟိန်းအစ်ကို၊ မင်း ချီလေးအတွက် တရားမျှတမှု ရအောင်လုပ်ပေးရမယ်…”
လင်ယန်သည် မျက်လုံးများ နီရဲလျက် လော့ဟိန်းကို ကြည့်ကာ မျက်ရည်ဝဲနှင့် ပြောလိုက်သည်။
လော့ဟိန်းက မျက်ခုံးအနည်းငယ် တွန့်လျက် ဆိုသည်။
“ဘာဖြစ်လာတာလဲ…”
လင်ယန်က သိုင်းပြိုင်ကွင်းတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို အနည်းငယ် ဖြည့်စွမ်းထည့်သွင်းကာ ပြောပြလိုက်သည်။
“လော့ချန်က ယုတ်ယုတ်မာမာ လက်သီးနဲ့ထိုးခဲ့တာ… ပြီးတော့ ငါ့ကိုလည်း ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့တယ်… ညီအစ်ကိုသံယောဇဉ်ကိုမှမထောက်မညှာ ဂရုမစိုက်သလို လူကြီးတွေကိုလည်း မရိုသေဘူး… ဒီလိုသူကို သေချာပြစ်ဒဏ်ပေးရမယ်…”
လင်ယန်သည် လော့ချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
လော့ဟိန်းသည် သူ့ဇနီး၏ စိတ်နေစိတ်ထားကို ကောင်းစွာသိထားသဖြင့် လေသံတိုးတိုးဖြင့် ဆိုသည်။
“ဒီကိစ္စကို အိမ်ပြန်ရောက်မှ ထပ်ပြောကြတာပေါ့…”
လင်ယန်သည် ချက်ချင်း ဒေါသထွက်သွားပြီး ပို၍ပင် ကျယ်ကျယ်လောင်လောင်အော်ဟစ်ကာ ဆိုသည်။
“ရှင့်သားကို တစ်ယောက်ယောက်က ရိုက်နှက်ခံလိုက်ရပြီ… သူတို့က ရှင့်မိန်းမကိုတောင် အနိုင်ကျင့်ပြီး စော်ကားနေတာကို ရှင်က ဘာမှမပြောဘဲ တိတ်ဆိတ်နေတယ်ပေါ့… ရှင်က ယောက်ျားရော ဟုတ်သေးရဲ့လား…”
“ငါ… တယ်...”
လော့ဟိန်း၏ မျက်နှာသည် ဒေါသတကြီးဖြင့် ညိုမည်းသွားသည်။
“ဘုန်း...”
“တော်ပြီ…”
လော့မင်ရှန်က စားပွဲကို တစ်ချက်ရိုက်လိုက်ပြီး ဒေါသတကြီး ဆူပူလိုက်သည်။
“ဒါက ဆွေးနွေးရေးခန်းမကြီးပဲ… ဒီလိုဆူညံပြီး ရန်ဖြစ်နေတာ ဘာဖြစ်တာလဲ…”
လင်ယန်၏ ခန္ဓာကိုယ်သည် တစ်ချက်တုန်လှုပ်သွားသည်။ သူမသည် အဘိုးကြီး ဤမျှဒေါသထွက်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
လော့မင်ရှန်က လင်ယန်ကို ကြည့်ပြီး ဆိုသည်။
“လော့ချီက မင်းရဲ့ အလိုလိုက်မှုတွေကြောင့် ဖျက်ဆီးခံလိုက်ရတာပဲ… ကြယ်ငါးပွင့်အဆင့်သိုင်းဝိညာဉ်ကို နိုးကြားထားလို့ဆိုပြီး မြေကြီးခြေနဲ့မထိအောင် အောက်ခြေလွတ်နေတာ… ဒီတစ်ကြိမ် သင်ခန်းစာရတာက သူ့အတွက် မကောင်းတဲ့အရာ မဟုတ်ဘူး… ဒီအကြောင်းကို ထပ်မပြောနဲ့တော့…”
လင်ယန်သည် အလွန်မကျေမနပ်ဖြစ်နေသော်လည်း ပြန်လည်ငြင်းခုံရန် မဝံ့မရဲဖြစ်နေသည်။
အဘိုးကြီး၏ ဂုဏ်ကျက်သရေကို သူမ မဖီဆန်ရဲပေ။
အကြည့်ကို လှည့်လိုက်ပြီး လော့မင်ရှန်က လော့ချန်ကို ကြည့်ကာ ပြုံးလျက် ဆိုသည်။
“တကယ်တော့ ငါ မကြာခင်က ကြားလိုက်ရတာက ဇွမ်ယွမ်ကွယ်မှာ ချီမိသားစုရဲ့ ချီတုံတစ်အုပ်ကို တစ်ယောက်တည်းရိုက်ချလိုက်တဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲ… ငါ အဲဒီတုန်းက မယုံရဲသေးဘူး… အခုကြည့်ရတာ အဲဒါ တကယ်ဖြစ်ခဲ့တာပဲလား…”
ဤစကားကို ကြားလိုက်ရသဖြင့် ခန်းမကြီးထဲရှိ လူအများက လော့ချန်ကို လှမ်းကြည့်လိုက်ကြသည်။
ဤကိစ္စအကြောင်းကို သူတို့လည်း မကြာခင်ကမှ ကြားသိခဲ့ရသည်။
သို့သော် ဤအကြောင်းအရာသည် မယုံနိုင်စရာဖြစ်လွန်းသဖြင့် လူအများက မယုံကြည်ကြပေ။
လော့ချန်က ခေါင်းညိတ်ပြသည်။
“ဟားဟား… ကောင်းတယ်… ဒီလိုမျိုးပဲ ဖြစ်ရမယ်… လူတွေကို ပြသလိုက်စမ်းပါ… ငါတို့လော့မိသားစုက အနိုင်ကျင့်လို့ရတဲ့သူတွေ မဟုတ်ဘူးဆိုတာ…”
လော့မင်ရှန်သည် အလွန်ဝမ်းမြောက်သွားပြီး မနေနိုင်ဘဲ ထပ်မေးလိုက်သည်။
“လွန်ခဲ့တဲ့လဝက်လောက်က မင်းက ခန္ဓာသန့်စင်မှုအဆင့်လေးမှာပဲ ရှိသေးတာမဟုတ်လား… ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်နဲ့ အဆင့်ခြောက်ကို တက်လှမ်းနိုင်ခဲ့တာလဲ…”
လော့ချန်သည် အကြောင်းပြချက်ကို ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သဖြင့် ခေါင်းကို ကုတ်ရင်း ဆိုသည်။
“ဒီအရင်ရက်တွေတုန်းက ကျွန်တော် နတ်ဆိုးတောအုပ်ကို သွားခဲ့တယ်… အဲဒီမှာ အနီရောင်အသီးတစ်လုံးကို ရှာတွေ့ပြီး စားလိုက်တာ... အရမ်းပူလာသလို ခံစားရတယ်… ပြီးတော့ ဘယ်လိုမှန်းမသိဘဲ အဆင့်တက်သွားတာပဲ…”
“အနီရောင်အသီးတဲ့လား… အနီရောင်ကျောက်သလင်းသီးလား၊ ဒါမှမဟုတ် မီးချီသီးလား…”
“အနီရောင်ကျောက်သလင်းသီးနဲ့ မီးချီသီးက ဒီလိုမျိုး ဝိညာဉ်စွမ်းအင်သက်ရောက်မှုမျိုး မရှိဘူးလေ…”
လူအုပ်ကြားတွင် ဆွေးနွေးသံများ ထွက်ပေါ်လာပြီး လော့ချန်က မည်သည့်ဝိညာဉ်ဆေးကို စားလိုက်သည်ကို မသိရှိသဖြင့် လဝက်အတွင်း ခန္ဓာသန့်စင်မှုအဆင့်ခြောက်သို့ တက်လှမ်းနိုင်ခဲ့သည်ဟူသော အချက်ကို ခန့်မှန်း၍မရနိုင်ကြပေ။
“မြေးလေး… နတ်ဆိုးတောအုပ်က အလွန်အန္တရာယ်များတယ်… လူသာမန်ဘဝဖြတ်ကျော်အဆင့်ရှိတဲ့ သိုင်းသမားတွေတောင် အဲဒီထဲဝင်ရင် အန္တရာယ်များတယ်… နောင်မှာ မင်း အဲဒီကို သိပ်မသွားဖို့ အကြံပေးတယ်နော်…”
လော့မင်ရှန်က လော့ချန်၏ ဦးခေါင်းကို သက်သာစွာ ပွတ်သပ်ပေးရင်း စိတ်ထဲတွင်တော့ အနည်းငယ် သက်ပြင်းချမိသည်။
ဤမျှသေးငယ်သော အရွယ်တွင် တစ်ယောက်တည်း နတ်ဆိုးတောအုပ်ထဲသို့ ရဲဝံ့စွာ ဝင်ရောက်ခဲ့သည့် သတ္တိတစ်ခုတည်းနှင့်ပင် လူအများစုကို ကျော်ဖြတ်နိုင်ခဲ့သည်။ အကယ်၍ အဆင့်မြင့်သိုင်းဝိညာဉ်ကို နိုးကြားနိုင်ခဲ့မည်ဆိုပါက အနာဂတ်တွင် ၎င်း၏အောင်မြင်မှုများသည် အကန့်အသတ်မရှိနိုင်ပေ။
သို့သော် အဘယ်ကြောင့် အသုံးမကျသည့်သိုင်းဝိညာဉ်ကိုသာ နိုးကြားခဲ့ရသနည်း…
“အိမ်တော်သခင်၊ လာမယ့်လမှာ အမဲလိုက်ပြိုင်ပွဲ ကျင်းပတော့မယ်… ပြိုင်ပွဲဝင်မယ့်သူ သုံးဦးကို ရွေးချယ်ရတော့မယ်…”
အကြီးအကဲတစ်ဦးက ပြောလိုက်သည်။
လော့မင်ရှန်က လူအားလုံးကို တစ်ချက်ကြည့်ပြီး ဆိုသည်။
“မင်းတို့ထဲက ဘယ်သူတွေက သင့်လျော်မယ်လို့ ထင်ကြလဲ…”
“ကျွန်တော်တို့ ဆွေးနွေးကြည့်ပြီးပြီ… မိသားစုထဲမှာ အသက်တစ်ဆယ့်ခြောက်နှစ်အောက် ခန္ဓာသန့်စင်မှုအဆင့်ရှိတဲ့ လူငယ်တွေထဲမှာ လော့ချင်းဝမ်၊ လော့ဖေ့နဲ့ လော့ချီရှင်တို့ သုံးယောက်က အင်အားအကောင်းဆုံးပဲ… သူတို့အားလုံးက ခန္ဓာသန့်စင်မှုအထွတ်အထိပ်အဆင့်ကို ရောက်နေပြီ… အထူးသဖြင့် လော့ချီရှင်ကတော့ လဝက်လောက်ကမှ ခန္ဓာသန့်စင်မှုအဆင့်ရှစ်ကို တက်လှမ်းနိုင်ခဲ့ပြီ…”
“အို့… ချီရှင်က အဆင့်ရှစ်ကို တက်လှမ်းနိုင်ပြီလား… မဆိုးဘူးပဲ…”
လော့မင်ရှန်က အနည်းငယ် ခေါင်းညိတ်ပြပြီး မေးလိုက်သည်။
“သူတို့ကို လင်မိသားစုနဲ့ ချီမိသားစုရဲ့ လူငယ်တွေနဲ့ ယှဉ်ကြည့်ရင်ရော…”
“ဒါဆိုရင်…”
ခန်းမကြီးထဲရှိ လူအားလုံး မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး မည်သူမှ စကားမပြောနိုင်ကြပေ။
လင်မိသားစုနှင့် ချီမိသားစုမှ ပြိုင်ပွဲဝင်ခွင့်ရှိသော လူငယ်များထဲတွင် ချီမိသားစုမှ ချီထင်သည် လွန်ခဲ့သောသုံးလခန့်ကတည်းက ခန္ဓာသန့်စင်မှုအဆင့်ရှစ်ကို ဖြတ်ကျော်နိုင်ခဲ့သည်။
လင်မိသားစုမှ ထူးချွန်သူ လင်ယွမ်သည်ကား ပို၍ကြောက်မက်ဖွယ်ဖြစ်ပြီး လွန်ခဲ့သောခြောက်လခန့်ကတည်းက ခန္ဓာသန့်စင်မှုအဆင့်ရှစ်ကို တက်လှမ်းနိုင်ခဲ့သည်။ လော့မိသားစုကို အလွယ်တကူ ဖိနှိပ်ထားနိုင်သည်။
လူအားလုံး၏ မျက်နှာအမူအရာများကို မြင်လိုက်ရသဖြင့် လော့မင်ရှန်သည် စိတ်ထဲတွင် သက်ပြင်းချမိသည်။
လော့မိသားစု၏ လူငယ်မျိုးဆက်တွင် အရည်အချင်းမြင့်မားသူများသည် ပြိုင်ပွဲဝင်ခွင့်အတွက် အသက်ကန့်သတ်ချက်ကို ကျော်လွန်သွားသူများဖြစ်နေပြီး ကျန်သူများကမူ မပြည့်စုံသေးသဖြင့် လူငယ်မျိုးဆက်သည် အားနည်းနေသည့်အချိန်ဖြစ်သည်။
“အဘိုး… ကျွန်တော် အမဲလိုက်ပြိုင်ပွဲမှာ ပါဝင်မယ်…”
လော့ချန်က ရှေ့ထွက်လာပြီး ပြောလိုက်သည်။
“လော့ချန်သခင်လေး… ဒီလိုလက်လွတ်စပယ်ပြောလို့ မရဘူး… အမဲလိုက်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်နေရာက သုံးနေရာပဲရှိတယ်… ဒါက မိသားစုရဲ့ ထွန်းကားမှုနဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်တဲ့ကိစ္စပဲ… ကစားစရာမဟုတ်ဘူး…”
အကြီးအကဲတစ်ဦးက တားမြစ်စွာ ပြောလိုက်သည်။
အမဲလိုက်ပြိုင်ပွဲတိုင်းတွင် မိသားစုကြီးသုံးခုသည် အဆင့်သတ်မှတ်ချက်အလိုက် စီးပွားရေးလုပ်ငန်းဆိုင်ရာ အကျိုးအမြတ်များကို ခွဲဝေယူလေ့ရှိသည်။
လူတိုင်းက ယှဉ်ပြိုင်နေသည်မှာ ဂုဏ်သတင်းသာမက အကျိုးအမြတ်များလည်းဖြစ်သည်။
ဤတစ်ကြိမ်ပြိုင်ပွဲသည် လင်မိသားစုနှင့် ချီမိသားစု၏ ရည်ရွယ်ချက်ရှိရှိ ဖိအားပေးမှုအောက်တွင် ကြီးမားသော လောင်းကစားတစ်ခုဖြစ်သည်။ အဆင့်နိမ့်ဆုံးနေရာရသူသည် မိသားစုကြီးသုံးခုမှ ဖယ်ထုတ်ခံရနိုင်ဖွယ်ရှိသည်။