← Chapters

ကျန်းချွမ် : သူက ဒါကိုတောင် ရှာနိုင်တယ်လား_၆

Vol. 22 Ch. 295

ကျန်းချွမ် : သူက ဒါကိုတောင် ရှာနိုင်တယ်လား_၆

Vol. 22 Ch. 295

“အဲဒီတော့ ရှေ့ထွက်ပြီးဝန်ခံမယ့်သူ တစ်ယောက်မှ မရှိဘူးပေါ့?”

ထိုအခါ ဖန်းရှစ်ကျုံး၏မွေးစားသားသုံးဦးသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သို့သော် မည်သူမျှ မလှုပ်ရှားချေ။

အချိန်အတော်ကြာ စောင့်ဆိုင်းပြီးချိန်အထိ မည်သူမျှ ရှေ့ထွက်ဝန်ခံလာခြင်း မရှိလေရာ ဖန်းရှစ်ကျုံးသည် အားနည်းဖျော့တော့စွာ ‌လက်ဝှေ့ယမ်းလိုက်သည်။

“ဒါဆိုလည်း မင်းတို့အားလုံး ပြန်နိုင်ပြီ”

အဟွတ် အဟွတ်…

ဖန်းရှစ်ကျုံးသည် အပြင်းအထန် ချောင်းဆိုးနေသည်။

ဖန်းရှစ်ကျုံး၏ ထိုသို့အခြေအနေကို မြင်သောအခါ မွေးစားသုံးဦးသည် တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်ကြပြန်သည်။ ထို့နောက် လှည့်ထွက်သွားကြ၏။

ဖန်းရှစ်ကျုံးသည် ထွက်ခွာသွားသည့် မွေးစားသားသုံးဦး၏ပုံရိပ်ကို ကြည့်‌နေခဲ့ရင်း စိတ်နှလုံးအတွင်း စိတ်ပျက်အားငယ်မှုများ ပြည့်နှက်လာရသည်။

ကျားဖြူခန်းမထဲမှ ထွက်ခွာခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ဖုန်းရွှမ်မှ ကျန်းချွမ်ကို ကြည့်၍ ပြောသည်။

“ညီငယ်၂ အဲဒါ မင်းလက်ချက်ပဲ ဟုတ်တယ်မလား”

ကျန်းချွမ်သည် ဖုန်းရွှမ်ကို ပြန်လှည့်ကြည့်လိုက်ပြီး ပြော၏။

“ကျွန်တော်တော့ ဘာလို့ အစ်ကိုကြီးရဲ့လက်ချက်လို့ ထင်နေမိပါလိမ့်နော်”

ဖုန်းရွှမ်မှ ပြောသည်။

“ငါက ညီငယ်၄ကို သတ်နိုင်တဲ့အထိ သားရဲတိရစ္ဆာန်မဆန်သေးဘူး”

“ကျွန်တော်ကရော ညီငယ်၄ကို သတ်နိုင်မှာတဲ့လား”

ကျန်းချွမ်လည်း ဒေါသထွက်လာတော့သည်။

“တော်ပြီ တော်ပြီ အစ်ကိုတို့။ ကျွန်တော်တော့ ဒီကိစ္စက တစ်ခုခုအထင်လွဲနေတာလို့ ထင်တာပဲ”

လုရုံမှ ဖျန်ဖျေသည်။

ဖုန်းရွှမ်နှင့် ကျန်းချွမ်တို့နှစ်ဦးလည်း လူချဲလိုက်ကြသည်။ ကျန်းချွမ်မှ လှောင်ရယ်၏။

“အစ်ကိုကြီး ဟန်ဆောင်မနေပါနဲ့တော့။ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က စုံစမ်းစစ်ဆေးနေပြီ၊ အစ်ကိုကြီး မလွတ်မြောက်နိုင်ဘူး”

ဖုန်းရွှမ်သည် ရယ်မောလျက် တုံ့ပြန်၏။

“အမှန်ပဲ မလွတ်မြောက်နိုင်ဘူး”

အမျိုးသားနှစ်ဦးသည် အပြန်အလှန် စူးစူးရဲရဲစိုက်ကြည့်ကြပြီးနောက် လူခွဲသွားတော့သည်။

လုရုံသည်တော့ ညီအစ်ကိုကောင်းများသည် အဘယ်သို့များ ဤသို့အဆုံးသတ်သွားရခြင်းကို နားမလည်နိုင်ဘဲ ခေါင်းကုတ်လျက် ကျန်ရစ်ခဲ့လေသည်။

ကျန်းချွမ်သည် နေအိမ်သို့ပြန်ရောက်သောအခါ သူ့ကိုစောင့်ဆိုင်း‌နေသည့် ရှောင်သောက်ကို မြင်လိုက်ကသည်။

“ဘာဖြစ်လို့လဲ။ သံသတ္တုတွင်းမှာ တစ်ခုခုဖြစ်လို့လား”

ရှောင်သောက်မှ ခေါင်းညိတ်သည်။

“အဲဒီသုံးစားမရတဲ့ ကပ်ပါးကောင်ချန်ရွှင်းက ဝန်ခံလိုက်တော့မလို့။ သူဘာမှ မပြောရသေးခင် ကျွန်တော် သူ့ကို ပစ်သတ်ခဲ့တာ”

ကျန်းချွမ် မျက်မှောင်ကြုတ်လိုက်သည်။

“ချန်ကျိုစစ်က တကယ့်ကို တော်တာပဲ။ စာရင်းစာအုပ်လေးကနေ သတ္တုတွင်းအထိ သဲလွန်စကောက်နိုင်တယ်”

“ကျွန်တော် သူ့ကို သတ်လိုက်ရမလား”

“မင်းသူ့ကို မသတ်နိုင်ဘူး!”

“လူဆိုတာ အားနည်းချက်မကင်းနိုင်ဘူး။ ကျွန်တော် သူ့ကို သေချာပေါက် သတ်နိုင်မှာပါ!”

“ငါတို့မှာ သူ့ရဲ့အားနည်းချက်ကို မြင်နိုင်တဲ့အထိ စောင့်နေဖို့ အချိန်မရှိဘူး။ မင်း အခုချက်ချင်း ငါ့ကိုလုပ်ပေးရမှာရှိတယ်”

“ဘာများလဲ”

“ထုန်ယွမ်”

“တစ်ယောက်ယောက်ကို လူသတ်နှုတ်ပိတ်ရမှာလား”

“ကိုယ့်ကိုယ်ကိုယ်သတ်သေသလိုမျိုး လုပ်လိုက်”

“နားလည်ပါပြီ”

ရှောင်သောက်မှ ချက်ချင်း သဘောတူသည်။

ထိုအချိန်တွင် ကျန်းချွမ် မျက်လုံးတို့မှေးကျဉ်းလိုက်သည်။ ‌အောင်မြင်မှုကို ရယူလိုပါက တန်ကြေးပေးဆပ်ရမည်ဟု သူနားလည်ထား၏။

ညီငယ်၄၊ အစ်ကိုကြီး ငါ့ကို အပြစ်မတင်ပါနဲ့။

ထိုစဉ် ဖုန်းရွှမ်၏နေအိမ်၌

ဖုန်းရွှမ်သည် ရေကန်ဘေးတွင် ရပ်၍ လက်ထဲတွင် ငါးစာများကို ကိုင်ထားကာ ရေကန်ထဲ ဖြူးချပေးနေသည်။

သူ၏လက်ထဲမှ ငါးစာများကို ရေထဲပစ်ချလိုက်သည်နှင့် ရေမျက်နှာပြင်၌ ငါးများ ပလုံစီလာသည်။ ပွက်လောရိုက်သွားသော ရေကန်ကိုကြည့်၍ ဖုန်းရွှမ်မှ ပြောသည်။

“ဒီလောကကြီးမှာ လူတိုင်းက အကျိုးအမြတ်ရဖို့အတွက် အပူတပြင်းလုပ်ဆောင်နေကြတာ။ ဟာသပဲ၊ ဘယ်လိုတောင် စိတ်ဝင်စားဖို့ကောင်းလိုက်သလဲ”

ဖုန်းရွှမ် ငါးစာကျွေးနေစဉ် လူတစ်ယောက် အလျင်စလို ပြေးဝင်လာသည်။

ထိုလူမှာ သူ၏လူယုံလက်ထောက် စစ်ရှီးဖြစ်သည်။

စစ်ရှီးသည် ဖုန်းရွှမ်ကို ဝါးဘူးတစ်ခု ကမ်းပေး၏။

ဖုန်းရွှမ် ယူလိုက်ပြီး တစ်ချက်ကြည့်ပြီးနောက် ပြောသည်။

“အကိုက်ခံလိုက်ရတာပဲ”

ထို့နောက် စာကိုဖွင့်ကြည့်လိုက်သည်။ ထို့နောက် ပြောသည်။

“အစီအစဉ်အတိုင်း လုပ်ပါ”

“ဟုတ်ကဲ့”

စစ်ရှီး အမြန်ထွက်သွားပြီးနောက် နောက်တစ်ယောက် ရောက်လာသည်။

“ကျွန်တော် လှုပ်ရှားရမလား”

“မလိုဘူး။ ငါတို့က နစ်နာသူတွေပဲ”

ဖုန်းရွှမ်မှ ပြောသည်။ သူသည် ဆက်လက်၍ ငါးစာကျွေးနေသည်။

ထိုလူသည် ဘာမှမပြောဘဲ ဘေးဖယ်လိုက်သည်။ ဤသည်မှာ ဖုန်းရွှမ်၏ နောက်ထပ် ယုံကြည်အားထားရသူတစ်ဦးဖြစ်သော ဖချိုက်ဖြစ်သည်။

စစ်ရှီးသည် ဗျူဟာရှင်ဖြစ်ပြီး ဖချိုက်သည် လုပ်ကြံသူဖြစ်သည်။ ဖုန်းရွှမ်၏ ယုံကြည်ရသော လက်ထောက်နှစ်ဦးဖြစ်ပြီး တစ်ဦးသည် ဉာဏ်ရည်အသုံးချရန်ဖြစ်ပြီး တစ်ဦးသည် တိုက်ခိုက်ရန်အတွက် ဖြစ်သည်။

ထိုအချိန်၌

ကျိုးချူသည် လူများကို ဦးဆောင်၍ နေရာအနှံ့တွင် ထုန်ယွမ်လုပ်ငန်းအကြောင်း စုံစမ်းနေခဲ့သည်။ မြောက်များစွာသော စုံစမ်းမေးမြန်းမှုနောက်တွင်လည်း များများစားစား ဘာမျှမသိရချေ။ ကျိုးချူ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေစဉ် ကျားဖြူခန်းမဝတ်စုံ ဝတ်ဆင်ထားသည့် ရင်းနှီးနေသည့်မျက်နှာနှစ်ခုသည် အဝေးမှ ချဉ်းကပ်လာနေသည်။

“အို သခင်၆ ဒီမှာဘာလုပ်နေတာလဲဗျ”

ကျိုးချူမှ ပြန်ပြောသည်။

“အိုး မင်းတို့ပဲ။ ဘာမှမဟုတ်ပါဘူး။ လမ်းပေါ်က ကုန်သွယ်ရေးလုပ်ငန်းတစ်ခုကို ရှာနေတာ”

“ကုန်သွယ်ရေးလုပ်ငန်းလား။ ဘယ်တစ်ခုလဲဗျ”

“ထုန်ယွမ်လုပ်ငန်း”

“ထုန်ယွမ်လုပ်ငန်း?”

လူနှစ်ဦးသည် ‌တွန့်ဆုတ်သွားပြီး အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။

“မင်းတို့သိကြလား”

ကျိုးချူမှ မေးလိုက်သည်။

“သခင်၆ ကျွန်တော်တို့ကို အခုမေးလိုက်လို့သာ မဟုတ်ရင် သခင်၆တော့ ဒီနေ့တစ်နေ့လုံး ခြေထောက်ပြုတ်ထွက်အောင် ပြေးလွှားနေတောင် ရှာတွေ့မှာမဟုတ်ဘူးရယ်”

“အို ဘာလို့လဲ”

ကျိုးချူသည် ထိုလူနှစ်ဦး၏စကားတွင် ရွှင်ပျသွားလျက် ‌ပြော၏။

“ဘာလို့ဆို အဲဒီလုပ်ငန်းက ထုန်ထိုက်ကုန်သွယ်ရေးလုပ်ငန်းလို့ နာမည်ပြောင်းလိုက်ပြီမို့လို့လေ”

ကျိုးချူ လုပ်ငန်းအဆောက်အဦးတစ်ခု၏ ကမ္ပည်းပြားကို မော့ကြည့်လိုက်သည်။ ‘ထုန်ထိုက်’

သူသည် မိမိရှာနေသည့်အရာမှာ မျက်စိရှေ့တွင် တည်ရှိနေသည်ကို မသိဘဲ ခုနလေးတင် ထိုနေရာမှ ဖြတ်သွားခဲ့သေးသည်။

ထိုအတွေးဖြင့် ချန်ကျဲ့ လူနှစ်ဦးကို ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်က အဲဒါကို ဘယ်လိုသိတာလဲ”

“အင်း အဲဒါက ကျွန်တော်တို့သခင်ကြီးရဲ့ လုပ်ငန်းမို့လို့ပါ”

“ငါ့အစ်ကိုကြီး ဖုန်းရွှမ်လား”

“ဟုတ်ပါတယ်။ အရင်တုန်းက ထုန်ယွမ်လုပ်ငန်းလို့ ခေါ်ခဲ့တာပါ။ နောက်မှ ထုန်ထိုက်လို့ နာမည်ပြောင်းလိုက်တာ။ ကျွန်တော်တို့တွေက သခင်ကြီးနောက်ကိုလိုက်ပြီး ထုန်ယွမ်လုပ်ငန်းအတွက် အလုပ်လုပ်ခဲ့ဖူးတယ်။ အဲ့တော့ သေချာပေါက် သိတာပေါ့”

လူနှစ်ဦးမှ ရှင်းပြသည်။

ထိုအခါ ကျိုးချူ မျက်လုံးပြူးသွား၏။။

“အဲဒီတော့ အဲဒါက အစ်ကိုကြီးရဲ့လုပ်ငန်းပေါ့!”

“ဒါနဲ့ ညီနောင်တို့၊ ထုန်ယွမ်လုပ်ငန်းရဲ့ ‌လုပ်ငန်းကိုယ်စားလှယ်က ဘယ်သူလဲသိလား”

“သူ့ရဲ့မျိုးရိုးနာမည်က ဝမ်။ သူက ငြိမ်းချမ်းခြင်းလမ်းမရဲ့ လေးအိမ်မြောက်မှာ နေတာ။ နာမည်အပြည့်အစုံက ဝမ်သာ့ဖာတဲ့”

“ကောင်းပါပြီ ညီနောင်တို့၊ ကျေးဇူးပါပဲ”

ကျိုးချူ နှုတ်ဆက်ခဲ့ပြီး အမြန်ပြန်ပြေးသွားလိုက်သည်။ သူ ဤသတင်းအား ချန်ကျဲ့ကို တတ်နိုင်သမျှမြန်မြန် အကြောင်းကြားရမည်။ ထုန်ယွမ်လုပ်ငန်းသည် ဖုန်းရွှမ်၏လုပ်ငန်းဖြစ်လျှင် ဖုန်းရွှမ်သည် သံသတ္တုများကို တရားမဝင်ရောင်းချသည့် ချန်ရွှင်း၏ကြံရာပါဟု အဓိပ္ပာယ်ရပေသည်။ တန်းကွမ်းမင်သည် ၎င်းကို ရှာတွေ့သွားသောကြောင့် ဖုန်းရွှမ်၏ လူသတ်နှုတ်ပိတ်ခံလိုက်ရခြင်းပင်။

ဒီတိရစ္ဆာန်ကောင်ကတော့ ကိုယ့်ရဲ့ညီအစ်ကိုကိုတောင် လုပ်ကြံတယ်!

ကျိုးချူ အသည်းအသန် ပြန်ပြေးလာခဲ့သည်။ ဤအရာအားလုံး၏ နောက်ကွယ်ရှိ ကြိုးကိုင်သူမှာ ဖုန်းရွှမ်ဖြစ်သည်။

သို့သော် ကျိုးချူသည် ဝမ်သာ့ဖာကို အလျင်စလို သွားမရှာခဲ့ပေ။ ဤကိစ္စများအတွက် ကျိုစစ်၏ဆုံးဖြတ်ချက် လိုအပ်၏။

ကျိုးချူ အလျင်စလို ထွက်ခွာသွားသည်ကို ကြည့်နေခဲ့ရင်း ထိုသတင်းအချက်အလက်များ ပြောပြပေးခဲ့သူနှစ်ဦးသည် တစ်ဦးကိုတစ်ဦးကြည့်၍ ထောင့်တစ်နေရာသို့ လျှောက်သွားကြသည်။

ထိုနေရာတွင် ဖျင်ဖိနပ်များရောင်းချသည့် ပျံကျဈေးသည်တစ်သည် ရှိသည်။ ထိုနှစ်ဦးသည် ထိုဈေးသည်ဆီသို့ သွား၍ ဆောင့်ကြောင့်ထိုင်ချကာ ဖျင်ဖိနပ်များကို ဟိုကြည့်သည်ကြည့်လုပ်နေသည်။

“ခေါင်းဆောင် တာဝန်ပြီးဆုံးပါပြီ”

ထိုအခါ ပျံကျဈေးသည်မှ ပြန်ပြောသည်။

“အင်း သွားစို့”

“ဟုတ်ကဲ့”

ထိုသို့ပြောပြီးနောက် ထိုလူနှစ်ဦးသည် မတူညီသည့် အရပ်မျက်နှာအသီးသီးသို့ ခွဲထွက်သွားကြသည်။ ပျံကျဈေးသည်သည် ခေါင်းမော့လိုက်ရာ အသားဖြူသည့် မျက်နှာပေါ်ထွက်လာ၏။ ထိုလူမှာ စစ်ရှီးဖြစ်သည်။

ထို့နောက် နောက်ထပ်လူနှစ်ယောက် ရောက်လာပြီး ပြောသည်။

“ရှောင်သောက် ထွက်လာပြီ။ ဝမ်သာ့ဖာက နာရီဝက်အတွင်း အိမ်ပြန်ရောက်လိမ့်မယ်”

“နာရီဝက်လား။ အင်း အတော်ပဲ။ သခင်၅ ရောက်လာမယ့်အချိန်နဲ့ ကွက်တိလေးပဲ”

စစ်ရှီး၏မျက်နှာထက်တွင် အန္တရာယ်မပြုတတ်ဟန်ကဲ့သို့သော အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။

All Chapters