← Chapters

ကျန်းချွမ် : ဘာ၊ ညီငယ်၅က ငါ့ကိုရှာတွေ့သွားပြီတဲ့လား_၂

Vol. 22 Ch. 297

ကျန်းချွမ် : ဘာ၊ ညီငယ်၅က ငါ့ကိုရှာတွေ့သွားပြီတဲ့လား_၂

Vol. 22 Ch. 297

“ဟုတ်ကဲ့ပါ သခင်”

စစ်ရှီးသည် ရုတ်ချည်းတုံ့ပြန်ပြီး အမြန်ထွက်ခွာသွားသည်။

စစ်ရှီးထွက်ခွာသွားသည်ကို ကြည့်နေရင်း ဖုန်းရွှမ်သည် လက်ကိုဝှေ့ယမ်းလိုက်သည်။ ထိုအခါ အစေခံမလေးများသည် သူ့ကို ဆက်လက်၍ ယပ်ခပ်ပေးကြသည်။

နောက်တွင် ဓားကိုင်၍ စောင့်ကြပ်နေသည့် ဖချိုက်သည် ထွက်ခွာသွားသည့် စစ်ရှီးကို တစ်ချက်စိုက်ကြည့်လိုက်၏။ သူသည် အနည်းငယ် မကျေမချမ်း ခံစားနေရသည်။

သိုင်းလောကဆိုတာ သိုင်းပညာမြင့်မားသူကို နာခံရတာပဲ မဟုတ်ဘူးလား။ အဲဒီအကြံအစည်တွေနဲ့ လှည့်ကွက်တွေက ဘာများ အသုံးဝင်လို့လဲ။

ဖချိုက်သည် စကားမဆိုဘဲ မျက်လုံးဖိမှိတ်ကာ တရားမှတ်သကဲ့သို့ မျက်နှာအမူအရာပြုလုပ်လိုက်သည်။

…

ထိုစဉ် ကျန်းချွမ်၏နေအိမ်၌

ကျန်းချွမ်သည် စိတ်လှုပ်ရှားစွာဖြင့် စာပေလေ့လာနေသည်။ ဆွဲဆောင်မှုရှိသော အသွင်အပြင်ဖြင့် အမျိုးသမီးတစ်ဦးမှ ကျန်းချွမ်ကို ပြော၏။

“သခင် ကျေးဇူးပြုပြီး တစ်ခုခုစားပါဦး”

ကျန်းချွမ် သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

“မစားဘူး၊ မင်းထွက်သွားနိုင်ပြီ”

“သခင်”

“ထွက်သွား”

အမျိုးသမီး လှည့်ထွက်သွား၏။ ထိုအချိန်၌ ကျန်းချွမ်နေအိမ်၏ အိမ်တော်ထိန်းရောက်လာပြီး ပြောသည်။

“သခင် ရှောင်သောက်က ဝမ်သာ့ဖာရဲ့အိမ်ကို ဝင်သွားပါတယ်”

“ဝမ်သာ့ဖာ?”

“သူက အိမ်ပြန်လမ်းမှာ ရောက်နေပါပြီ”

ကျန်းချွမ် ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ်။ ဒါပေမဲ့ ငါဘာလို့ စိတ်မအေးနိုင်ဖြစ်နေတာပါလိမ့်။ ငါ့နှလုံးက အရမ်းခုန်လှုပ်နေတယ်”

အိမ်တော်ထိန်းမှ ပြန်ပြောသည်။

“သခင် အရမ်းစိုးရိမ်လွန်းနေပါပြီ။ ကျေးဇူးပြုပြီး စိတ်ချလက်ချ‌ထားပါ။ ကျွန်တော်တို့ အရာအားလုံး စီစဉ်ပြီးသား မဟုတ်လား”

“ကျွန်တော်တို့ ကိစ္စတွေကို အသေးစိတ်သိထားတဲ့ ချန်ရွှင်းကို သတ်ပြီးပြီ။ ပြီးတော့ ချန်ရွှင်းရဲ့ သယ်ယူပို့ဆောင်ရေးမှတ်တမ်းစာရွက်တွေမှာ တံဆိပ်တုံးထုထားတယ်။ သံသယဖြစ်စရာအချက်တွေအားလုံးက ထုန်ယွမ်လုပ်ငန်းကို ဦးတည်နေလိမ့်မှာ။ ပြီးတော့ အဲဒီထုန်ယွမ်လုပ်ငန်းက ဖုန်းရွှမ်ရဲ့လုပ်ငန်းပဲ*

“ရှောင်သောက်က အမှန်တရားကို သိထားတဲ့ ဝမ်သာ့ဖာကို စိတ်မလုံမလဲဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ပုံစံနဲ့ သတ်လိုက်ရင်– ဟား အဲဒါဆို ဘာသက်သေအထောက်အထားမှ မရှိ‌နိုင်တော့ဘူး။ ကျွန်တော်တို့ကို ဘယ်သူမှ သံသယဝင်ကြမှာ မဟုတ်ဘူး”

ထိုအခါ ကျန်းချွမ်မှ ပြောသည်။

“အင်း ငါသိတယ်။ ဒါပေမဲ့ စိတ်မအေးနိုင်ဖြစ်နေတုန်းပဲ။ ပြီးတော့ ငါ့ရဲ့ဘယ်ဘက်မျက်ခွံကလည်း အရမ်းလှုပ်နေတယ်”

အိမ်တော်ထိန်းမှ အကြံပြုသည်။

“သခင် စိတ်သက်သာရာရအောင်လို့ ကြင်ယာတော်တချို့ကို ဆင့်ခေါ်လိုက်ပါလား”

ကျန်းချွမ်သည် အရေးမထားဟန် လက်ဟန်ပြ၏။

“ငါ့မှာ အဲဒီလိုလုပ်ဖို့ စိတ်အခြေအနေရှိမလား။ သွား ဒီကိစ္စ‌ကို သေချာစောင့်ကြည့်နေ။ ရှောင်သောက် ဖြေရှင်းစရာရှိတာ ဖြေရှင်းပြီးသွားရင် ရှောင်သောက် အချိန်ခဏလောက် ပုန်းနေဖို့ ‌ကျေးလက်ဘက်မှာ နေရာတစ်နေရာ စီစဉ်ထားလိုက်။ ကိစ္စတွေ ပြီးဆုံးတဲ့အထိ သူပုန်းနေရမယ်။ သတ္တုတွင်းမှာ သူ ချန်ကျိုစစ်နဲ့ ဆုံခဲ့တယ်။ ချန်ကျိုစစ်က သူ့ကို မမှတ်မိလောက်ပေမဲ့ သတိထားတာ အကောင်းဆုံးပဲ”

“ဟုတ်ကဲ့ ကျွန်တော် အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်”

အိမ်တော်ထိန်း ထွက်ခွာသွားသည်။

အခန်းအပြင်ရောက်သည်နှင့် အိမ်တော်ထိန်းသည် စာဖတ်နေသည့် ကျန်းချွမ်ကို ခေါင်းလှည့်ကြည့်ကာ ခေါင်းခါရမ်းလိုက်သည်။ ထို့နောက် စိတ်လေးလံစွာဖြင့် သက်ပြင်းချ၏။

…

ဖုန်းရွှမ်တာဝန်ယူထားစဉ် ငြိမ်းချမ်းခြင်းလမ်းမနှင့် ထုန်ထိုက်ကုန်သွယ်ရေးလုပ်ငန်းသည် ဤလမ်းပေါ်တွင် အကြီးမားဆုံးလုပ်ငန်းကြီးများ ဖြစ်ကြသည်။

သို့သော် အကြီးမား‌ဆုံးသော ထုန်ထိုက်ကုန်သွယ်ရေးလုပ်ငန်း၏ ကိုယ်စားလှယ်ဝမ်သာ့ဖာသည် အလွန်လျှိုလျှိုသိပ်သိပ် နေထိုင်တတ်သူဖြစ်သည်။

ဝမ်သာ့ဖာသည် ချမ်းသာသော်ငြား အစေခံများ ခန့်အပ်ရခြင်းကို မနှစ်ခြိုက်ပေ။ ထုန်ထိုက်ကုန်သွယ်ရေးလုပ်ငန်းနှင့် နီးသည့် ခြံဝင်းငယ်တစ်ခုကို ဝယ်ယူပြီး မိသားစု၅ဦး အတူနေထိုင်ကြသည်။

သူ၏ လျှိုသိပ်စွာနေထိုင်တတ်မှုကို ဖုန်းရွှမ်မှလည်း အကြိမ်ကြိမ် ချီးမွမ်းခဲ့ဖူးသည်။ ဝမ်သာ့ဖာသည် သူ၏အကြီးမားဆုံးဆန္ဒမှာ ဤလုပ်ငန်းကို ပိုမိုတိုးတက်မြင့်မားစေလိုခြင်းဖြစ်ကြောင်း အလေးထားပြောဆိုခဲ့ဖူး၏။ သူ၏တစ်ကိုယ်ရေ စိတ်ချမ်းမြေ့မှုအတွက်မူ ထိုမျှစိုးရိမ်ပူပန်ဖွယ်ရာ မရှိပေ။

လူတစ်ယောက်သည် တစ်နေ့လျှင် ထမင်းသုံးနပ်သာ စားနိုင်ပြီး အိပ်ရာတစ်ခုပေါ်တွင်သာ အိပ်စက်နိုင်သည်။ သို့ဖြစ်ရာ ဝမ်သာ့ဖာသည် ဇိမ်ခံပစ္စည်းများကို စိတ်မဝင်စားပေ။ သခင်ဖြစ်သူအား ခစားရန်အတွက်သာ စိတ်ထက်သန်သည်။

ထို့ကြောင့် ဝမ်သာ့ဖာ၏နေထိုင်မှုပုံစံသည် ရိုးရှင်း၍ ချန်ကျဲ့၏ခြံဝင်းနှင့် သိပ်မကွာခြားပေ။

ဝမ်သာ့ဖာနှင့်အတူ သူ၏ သက်ကြီးရွယ်အိုမိခင်၊ ဇနီးသည်၊ သားတစ်ယောက်၊ သမီးတစ်ယောက်တို့ အတူနေထိုင်ကြသည်။

သူ၏ဇနီးသည် အလုပ်ကြိုးစားသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ယောက္ခမဖြစ်သူကိုလည်း ဝတ္တရားကျေပွန်သည်။ ခင်ပွန်းသည်အပေါ် အချိန်နှင့်စွမ်းအားတို့ကို ပေးအပ်မြှုပ်နှံထားကာ ကလေးများကို သေချာပြုစုပျိုးထောင်သည်။

မိသားစုလေးသည် သဟဇာတဖြစ်စွာ နေထိုင်ကြသည်။

သို့သော် ယနေ့၌မူ…

“အမေ အမေ…”

အိမ်ထဲတွင် ကလေးငိုသံများဖြင့် ဆူညံနေ၏။ အိမ်၏ရက်မတန်းမှ ကြိုး၅ချောင်း တွဲလောင်းကျနေသည်။

ကြိုးတစ်ချောင်းတွင်တော့ အသက်အရွယ်ကြီးရင့်နေသော အမျိုးသမီးတစ်ယောက်ကို ကြိုးဆွဲချထားပြီးဖြစ်သည်။

အိမ်ထဲ၌ မျက်နှာထက်တွင် အမာရွတ်ရှိသည့် အမျိုးသားတစ်ဦးသည် ညာဘက်လက်တွင် ဓားကိုင်ထားသည်။ ထို့ပြင် လက်နှစ်ဖက်စလုံးတွင် ၅နှစ်အရွယ်ကောင်လေးနှင့် ၆နှစ်အရွယ်ကောင်မလေးတို့ကို ဆွဲချုပ်ထား၏။

ကောင်လေးသည် မိခင်ဖြစ်သူကို ခေါ်လျက် အော်ဟစ်ငို‌ယိုနေသည်။

မျက်နှာအမာရွတ်ရှိသည့် အမျိုးသား၏ မျက်နှာချင်းဆိုင်တွင် ရိုးရှင်းစွာဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေသည်။

အမျိုးသမီးသည် သူမ၏ရှေ့ရှိ ထိုင်ခုံပုကို ကြည့်လျက် တစ်ကိုယ်လုံးတုန်ယင်နေ၏။ ၎င်းထိုင်ခုံပေါ် တက်၍ သူမကိုယ်သူမ ဆွဲကြိုးချရမည်ဖြစ်သည်။

အမျိုးသားသည် အမျိုးသမီးကို ဓားဖြင့်ရွယ်၏။

“မိန်းကလေး ခင်ဗျား လုပ်လိုက်တော့လေ။ ဒီချစ်ဖို့ကောင်းတဲ့ကလေးနှစ်ယောက် သေသွားမှာကို ခင်ဗျားလည်း မလိုချင်ဘူးမဟုတ်လား”

အမျိုးသမီးသည် မထိန်းချုပ်နိုင်ဘဲ မျက်ရည်များ စီးကျငိုကြွေးနေသည့်တိုင် ဤသို့ပြောခဲ့သည်။

“ရှင် ရှင် ရှောင်ပေါင်နဲ့ ချွေ့အာကို တကယ် လွှတ်ပေးမယ်မလား”

အမျိုးသားမှ ပြုံးလိုက်သည်။

“လွှတ်ပေးမယ်”

“ကျွန်မ ရှင့်ကို ဘယ်လိုယုံကြည်နိုင်မှာလဲ”

“ဟက် မိန်းကလေး ခင်ဗျားမှာ ရွေးချယ်စရာရှိလို့လား”

အမျိုးသမီးသည် မတတ်သာသဖြင့် ရှောင်ပေါင်နှင့် ချွေ့အာတို့ကို ကြည့်လိုက်ပြီး ပြောသည်။

“မျက်လုံးမှိတ်ထား မကြည့်နဲ့”

“အမေ အမေ…”

ကလေးနှစ်ယောက်သည် အသည်းအသန် အော်ဟစ်ငိုကြွေးကြသည်။ သို့သော် အမျိုးသားသည် ကလေးနှစ်ယောက်၏ ပခုံးများကို အားဖြင့်ဖိထားပြီး မလှုပ်ရှားနိုင်ဖြစ်စေသည်။

“မျက်လုံးမှိတ်ထား မျက်လုံးမှိတ်လို့!”

“အမေ!”

“လိမ္မာတယ်!”

အမျိုးသမီးမှ ကျယ်လောင်စွာ အော်ဟစ်ပြောဆိုသည်။ သူမ၏သားသမီးများမှ သူမ ကြိုးဆွဲချသေဆုံးသွားသည့်မြင်ကွင်းကို မမြင်တွေ့စေလိုပေ။

အမျိုးသားမှ ပြောသည်။

“ဟားဟား မှန်တယ်၊ မျက်လုံးမှိတ်ထား။ မင်းတို့အမေရဲ့စကားကို နားထောင်ရမယ်လေ”

ထို့နောက် အမျိုးသားသည် အမျိုးသမီးကိုကြည့်၍ ပြောသည်။

“မိန်းကလေး ကြွပါ”

အမျိုးသမီးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်ရည်များကို ထိန်းချုပ်ကာ ထိုင်ခုံပေါ် တက်လိုက်သည်။ ထို့နောက် တုန်ယင်နေသည့် လက်များဖြင့် ကြိုးကို ဆွဲယူလိုက်သည်။

သူမ ကလေးများကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ ကလေးများသည် နာကျင်စွာဖြင့် မျက်ရည်များစီးကျလျက် မျက်လုံးပိတ်ထားကြ၏။

သူမ လည်ပင်းကို ကြိုးကွင်းစွပ်လိုက်သည်။ သူမ၏ခန္ဓာကိုယ်သည် ကြောက်ရွံ့မှုကြောင့် ပို၍တုန်ယင်လာခဲ့သည်။

ရှောင်သောက်မှ ပြောသည်။

“အခု ခုံကို ကန်ထုတ်လိုက်တော့”

အမျိုးသမီးသည် မလှုပ်ရှားပေ။ အလွန်ကြောက်ရွံ့နေသောကြောင့် ဖြစ်နိုင်ပေသည်။

“ကြည့်ဦး ထပ်ပြီး စကားကို မနာခံပြန်ဘူး။ လာ ရှောင်ပေါင်၊ မင်းအမေကို ခုံကို ကန်ထုတ်ဖို့ပြောလိုက်”

“ဝူး ဝူး…”

၅နှစ်အရွယ်ကောင်လေးသည် ကြောက်ရွံ့မှုကြောင့် တောင့်တင်းနေခဲ့ရကာ ငိုရုံသာ တတ်နိုင်၏။

“ပြောလေ!”

အမျိုးသားသည် ကလေးကို ထပ်မံ ဖိလိုက်သည်။ အမျိုးသမီးသည် ထိုအမျိုးသားအား မလိုလားခြင်း၊ ငြင်းဆန်လိုခြင်းနှင့် အမုန်းတရားတို့ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ ထို့နောက် သူမသည် ထိုင်ခုံကို လုံးလုံးလျားလျား ကန်ထုတ်လိုက်တော့သည်။

အာ့!

အမျိုးသမီး၏ ခန္ဓာကိုယ်သည် တွဲလောင်းကျသွားပြီး မျက်လုံးများသည် ချက်ချင်း မျက်ဖြူလန်သွား၏။ သူမသည် ကြံရာမရစွာ ကြိုးကို ဆွဲ၍ လွတ်မြောက်ရန် ကြိုးစားသည်။ သို့သော် သူမ အဘယ်သို့များ လွတ်မြောက်နိုင်ပါမည်နည်း။ ကြိုးဆွဲချနေသော လူတစ်ယောက်သည် မည်သို့မျှ အားအင်မစုစည်းနိုင်ချေ။

အား…

အမေ!

All Chapters