ကျန်းချွမ် : ဘာ၊ ညီငယ်၅က ငါ့ကိုရှာတွေ့သွားပြီတဲ့လား_၅
Vol. 22 Ch. 300
ရှောင်သောက်မှ ပြောသည်။
“သခင်၂နဲ့ ဘာမှမဆိုင်ဘူး”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ဘယ်သူက ယုံကြည်မှာလဲ”
ရှောင်သောက် : “ဘယ်သူမှ ယုံကြည်ဖို့မလိုဘူး။ အကုန်လုံးကို ငါတစ်ယောက်တည်း သခင်၂ရဲ့နောက်ကွယ်မှာ လုပ်ခဲ့တာ”
ချန်ကျဲ့မှ ပြောသည်။
“ဆိုလိုတာက မင်းရဲ့သခင်၂က ဝမ်သာ့ဖာအကြောင်း သိတယ်ပေါ့ ဟုတ်တယ်မလား”
“ဟင့်အင်း သူမသိဘူး”
ချန်ကျဲ့မှ ပြောသည်။
“သူသိတယ်။ အားလုံးကို သူပဲ စီစဉ်ခဲ့တာ ဟုတ်တယ်မလား။ သံသတ္တုကို လဲလှယ်တာ၊ သံအကောင်းတွေကို ချို့ယွင်းသံသတ္တုအဖြစ်နဲ့ မိန်ဂိုဏ်းကို ရောင်းချတာ၊ ပြီးတော့ အဲဒါတွေရဲ့ အပြန်အလှန်အနေနဲ့ အကျိုးအမြတ်ကြီးကြီး ရယူတာ၊ အဲဒါတွေအားလုံးကို အစ်ကို၂ လုပ်ခဲ့တာမလား”
“ဒီဖြစ်စဉ်အတွင်းမှာ အစ်ကို၂က မျန့်ရွှေစီရင်စု သတ္တုတွင်းဦးစီးမှူး ချန်ရွှင်းကို လာဘ်ထိုးတယ်။ ဝမ်သာ့ဖာရဲ့ ထုန်ထိုက်ကုန်သွယ်ရေးလုပ်ငန်းကို အသုံးပြုပြီး ကုန်ပစ္စည်းတွေကို မိန်ဂိုဏ်းဆီ ပို့ဆောင်ပြီး အကျိုးအမြတ်ရယူခဲ့တယ်”
“ငါ စာရင်းစာအုပ်တွေကို ကြည့်ပြီးပြီ။ ဒီလုပ်ငန်းကို လွန်ခဲ့တဲ့၂နှစ်က စတင်ခဲ့တာ။ အတိအကျပြောရရင် ယုံချန်လမ်းမကြီးက အဝတ်အထည်ဆိုင်တွေနဲ့ ငွေထည်ဆိုင်တွေ ဖွင့်ခဲ့တဲ့အချိန်ကပဲ။ အဲဒီလောက်ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို စတင်ဖို့ဆိုရင် ပိုက်ဆံလိုအပ်မှာပဲ ဟုတ်တယ်မလား။ အစ်ကို၂က သံသတ္တုနဲ့ ငွေကြေးကို လဲလှယ်ယူလိမ့်မယ်။ အဲဒီငွေကြေးက ယုံချန်လမ်းမကြီးရဲ့ တိုးတက်မှုအတွက် ထောက်ပံ့ပေးတယ်။ အဲဒီလိုနည်းလမ်းနဲ့ တဖြည်းဖြည်းချင်း အစ်ကိုကြီးထက် အင်အားသာလွန်လာအောင် လုပ်တာမလား”
“ဘယ်လိုလဲ ငါခွဲခြမ်းစိတ်ဖြာတာ မှန်ရဲ့လား”
ချန်ကျဲ့ ရှောင်သောက်ကို ကြည့်လိုက်သည်။
ရှောင်သောက်မှ ချန်ကျဲ့ကို ကြည့်လျက် ပြောသည်။
“မင်းက တကယ်ကြောက်ဖို့ကောင်းတဲ့သူပဲ”
ချန်ကျဲ့မှ ပြောသည်။
“ဟက် ချီးမွမ်းပေးလို့ ကျေးဇူးပဲ။ အဲဒီတော့ ငါတို့ စကားဆက်ပြောကြမလား”
ရှောင်သောက်မှ ခေါင်းခါရမ်းသည်။
“ဟင့်အင်း ငါ တခြားဘာမှ ထပ်ပြောမှာမဟုတ်ဘူး။ မင်းက ငါ့ကို ကိုယ့်စကားနဲ့ကိုယ် ချောင်ပိတ်ရိုက်ချင်နေတာ”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“အာ ကောင်းပြီ၊ မင်း စကားပြောဖို့ မလိုဘူး။ နားထောင်နေရင်ရပြီ”
ရှောင်သောက် မျက်နှာရှုံ့မဲ့လိုက်၏။
“မင်း ငါ့ရဲ့တုံ့ပြန်မှုကို အကဲဖြတ်ဖို့ ကြိုးစားနေတာမလား။ ငါမင်းကို အခွင့်အရေးပေးမှာ မဟုတ်ဘူး။ လုံးဝပဲ”
အမ်း!
ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ရှောင်သောက်ကို တားရန် လက်လှမ်းလိုက်သည်။
ရှောင်သောက် : “နောက်ကျသွားပြီ”
ထိုသို့ပြောလျက် ရှောင်သောက်သည် လက်ထဲရှိ ဓားဖြင့် သူ၏လည်ပင်းကို ထိုးစိုက်လိုက်သည်။ ထို့နောက် ပြန်ဆွဲထုတ်လိုက်ရာ ဦးခေါင်းမှာ တစ်ဝက်ပြတ်နေသော အနေအထားဖြစ်သွားခဲ့သည်။
မင်း ငါ့ဆီက အသုံးဝင်တဲ့ အချက်အလက်တစ်ခုမှ မရစေရဘူး။
ထိုအချိန်၌ ချန်ကျဲ့သည် လက်ကို ဆန့်ထုတ်လျက်သားဖြင့် သူ၏ရှေ့ရှိ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားစွာ သေဆုံးသွားသူကို ကြည့်နေခဲ့သည်။
ချန်ကျဲ့၏ မျက်နှာထက်တွင် နောင်တအချို့ ထင်ဟပ်နေခဲ့၏။
နှမြောစရာပဲ။
မင်းသေသွားရုံနဲ့ အစ်ကို၂ကို ကာကွယ်နိုင်မယ် ထင်နေလား။ မဖြစ်နိုင်ဘူး။ မင်းရှိနေသ၍ ဒီကိစ္စမှာ အစ်ကို၂ ပါဝင်ပတ်သက်နေတယ်လို့ ဖော်ပြနေတာပဲ။
ထိုသို့စဉ်းစားလိုက်သော် အရာအားလုံး ရှင်းလင်းသွားသည့်အလား ထင်မှတ်ရ၏။
ထိုအချိန်တွင် ကျိုးချူလည်း အိမ်ထဲသို့ ဝင်လာသည်။ ကြိုးဆွဲချခံထားရသည့် မိသားစုလေးဦးကို မြင်လိုက်သည်နှင့် ချက်ချင်း ကျိန်ဆဲလာ၏။
“တိရစ္ဆာန်ကောင်ပဲ!”
ထို့နောက် တစ်ဖက်သို့လှည့်လိုက်သော် သေဆုံးနေပြီဖြစ်သော ရှောင်သောက်ကို မြင်လိုက်ရသည်။
“အရမ်းလွယ်လွယ်ကြီး သေသွားလိုက်တာပဲ”
ထို့နောက် နှစ်ပိုင်းဖြတ်ခံထားရသည့် စားပွဲမှ ချောမွေ့သည့် ပြတ်ရှရာကို မြင်သောအခါ မှတ်ချက်ပြုလာသည်။
“ဒီဓားချက်က… ဒါက ဘယ်လိုဓားမျိုးလဲ၊ ဒီလောက်တောင် ထက်တာ?”
ချန်ကျဲ့သည် ရှောင်သောက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားသည့် ဓားကို ကောက်ယူလိုက်သည်။
ဓားကို လက်ထဲကိုင်ကြည့်သော် ဓားသည် အလွန်အကျွံ သုံးစွဲထားသည့်တိုင် စိုးစဉ်းသော်မျှ ပျက်စီးယိုယွင်းမှုမရှိကြောင်း မြင်တွေ့လိုက်ရ၏။
ထို့ပြင် ဓားဖျားသည် အလွန်ပါးလွှာသည်။ ပုစဉ်းတောင်ပံတမျှ ပါးလွှာသည့် ဓားသွားဟူသည် စိုးစဉ်းသော်မျှ ချဲ့ကားပြောဆိုခြင်း မဟုတ်ပါချေ။
ချန်ကျဲ့သည် ဓားကို အလွန်နှစ်ခြိုက်နေမိ၏။
ကျိုးချူမှ အနားကပ်လာပြီး ပြောသည်။
“ဒီဓားဖြစ်မယ်”
ချန်ကျဲ့မှ ပြောသည်။
“ဟုတ်တယ် ဒီဓားပဲ”
ကျိုးချူမှ ပြောသည်။
“ဆောင်းဦးပုစဉ်းပဲ”
“ဟမ်?”
ကျိုးချူမှ ပြောသည်။
“ဒီဓားကို ဆောင်းဦးပုစဉ်းဓားလို့ ခေါ်တယ်။ ဒီဓားက မျန့်ရွှေစီရင်စုမှာ နာမည်ကြီးပဲ။ မွေးစားအဖေ ကျန်းချွမ်ကို မွေးစားတုန်းက ပေးခဲ့တာ”
“ဒီဓားက တစ်ပေအရှည်ရှိပြီး ပုစဉ်းတောင်ပံလို ပါးလွှာပြီး အလွန်ထက်ရှတယ်။ မွေးစားအဖေက ဒီဓားကို အရင်ကုန်သည်အဖွဲ့ခေါင်းဆောင်ဟောင်းဆီက ရခဲ့တာ။ ဒီဓားကို သွန်းလုပ်တုန်းက ဘယ်လိုကောင်းကင်ရတနာ၊မြေရတနာတွေ ထည့်သွင်းသွန်းလုပ်ခဲ့လဲတော့ ဘယ်သူမှ မသိကြဘူး”
“ရှောင်သောက်(ဓားလေး)ဆိုတဲ့ နာမည်ကလည်း ဒီဓားကပဲ ဆင်းသက်လာတာ”
ထိုအခါ ချန်ကျဲ့သည် ရှောင်သောက်၏ အင်္ကျီလက်ထဲမှ ရွှေရည်သွန်းဓားအိမ်ကို ထုတ်ယူလိုက်သည်။
ချန်ကျဲ့သည် ဆောင်းဦးပုစဉ်းဓားကို ဓားအိမ်ထဲပြန်ထည့်သိမ်း၍ ယူထားလိုက်သည်။
ငါလည်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ဓားတိုတစ်ချောင်းလိုတယ်။
ကျိုးချူသည် အားကျစွာသော မျက်လုံးများဖြင့် ချန်ကျဲ့ကို ပြော၏။
“ကျိုစစ် ငွေတုံးတစ်သောင်းပေးမယ်။ ငါ့ကို ဓားပေးပါလား”
ချန်ကျဲ့ ကျိုးချူကို ကြည့်လိုက်သည်။
”တော်လိုက်စမ်းပါ။ ငွေတုံးတစ်သိန်းပေးလည်း မရောင်းဘူး”
ကျိုးချူသည် နှမြောတသဖြစ်နေ၏။ ချန်ကျဲ့မှ ပြောသည်။
“ငါတို့က ညီအစ်ကိုတွေပဲလေ၊ မင်းကြိုက်ရင် ငါပေးမှာပေါ့”
ကျိုးချူ ခဏမျှစဉ်းစားလိုက်ပြီး ပြောသည်။
“ထားလိုက်ပါတော့။ မင်းက လူအများကြီးကို အပြစ်ပြုထားတဲ့သူပဲ။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ မင်းပဲ သိမ်းထားလိုက်တာ ပိုကောင်းပါတယ်”
ချန်ကျဲ့ နားလည်သဖြင့် ပြုံးလိုက်သည်။ ကျိုးချူမှ ဆက်ပြော၏။
“ကျိုစစ် ငါတို့ အစ်ကိုကြီးကို ဒီမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအကြောင်း အကြောင်းကြားသင့်လား”
ချန်ကျဲ့ ကျိုးချူကို ကြည့်လျက် တိတ်ဆိတ်နေခဲ့သည်။ လက်ရှိတွင် ဖုံးကွယ်ထားသည့် အရာအားလုံး ပေါ်ထွက်လာပြီးသကဲ့သို့ ထင်မှတ်ရသော်ငြား ချန်ကျဲ့သည် တစ်ခုခုထူးဆန်းနေသည်ဟု ခံစားနေရဆဲ ဖြစ်သည်။ တစ်စုံတစ်ယောက်မှ အရာအားလုံးကို ေနာက်ကွယ်မှ ထိန်းချုပ်နေသည်ဟု ခံစားနေရသည်။ သက်သေများအားလုံးနှင့် ဖြစ်ရပ်များအားလုံးမှာ ပြဇာတ်တစ်ပုဒ်ပြနေသကဲ့သို့ အချိန်ကိုက်၊ အရန်သင့်ပေါ်လာနေသည်မဟုတ်ပါလား။
ဤဖြစ်ရပ်သည်လည်း ထောင်ချောက်တစ်ခုအလား။
ချန်ကျဲ့ မျက်မှောင်ကြုတ်လျက် စဉ်းစားနေမိ၏။
သူတို့က ငါ့ကို အစ်ကို၂ကို ချိန်ရွယ်တိုက်ခိုက်ဖို့ သေနတ်တစ်လက်အဖြစ် အသုံးချနေတာများလား။
ဒါပေမဲ့ ဒါတွေအားလုံးကို အစ်ကို၂လုပ်ခဲ့တာ အမှန်ပဲ။ အစ်ကို၄ရဲ့ သေဆုံးမှုကလည်း အစ်ကို၂နဲ့ ပတ်သက်နေတယ်။
ဒါပေမဲ့ ဒီကစားပွဲကို တစ်ယောက်ယောက်က နောက်ကွယ်ကနေ ထိန်းချုပ်နေတယ်။
ချန်ကျဲ့သည် နောက်ကွယ်မှ ကြိုးဆွဲထိန်းချုပ်နေသူကို ရှာဖွေလိုသောကြောင့် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
ချန်ကျဲ့မှ ဤဖြစ်ရပ်ကို အကြောင်းကြားသင့်၏၊ မသင့်၏ စဉ်းစားနေစဉ်တွင် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“လောင်ဝမ်”
ချန်ကျဲ့ လှည့်ကြည့်လိုက်သောအခါ စစ်ရှီးကို မြင်လိုက်ရသည်။
စစ်ရှီးသည် လင်းယုန်အစောင့်အရှောက်များကို မြင်သောအခါ အံ့အားသင့်သွားပုံရ၏။ ထို့နောက် ချက်ချင်း တံခါးမှ ဖြတ်ဝင်လာခဲ့ပြီး အသားကျပ်တိုက်ထားသည့်အလား တွဲလောင်းကျနေသည့် အလောင်းများပြည့်နေသော အခန်းကို ကြည့်သည်။
စစ်ရှီးသည် အလွန်အမင်း ထိတ်လန့်နေ၏။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
တစ်ပြိုင်နက်တည်းပင် သူသည် ချန်ကျဲ့ကို မြင်သွားပြီး ရှေ့တိုးလာသည်။
“သခင်၅ ဒါ ဒါက ရှောင်သောက်!”
စစ်ရှီးသည် ရှေ့တိုးလာပြီး ချန်ကျဲ့ကို အရိုအသေပြုနေရင်း ခေါင်းလှည့်ကြည့်လိုက်သည်တွင် ရှောင်သောက်၏အလောင်းကို မြင်သွားပြီး အံ့အားသင့်စွာ အော်မိလေသည်။
ထို့နောက် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေဟန်ဖြင့် ပြော၏။
“ဒီ ဒီမှာ တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ”
ထိုစကားတွင် ချန်ကျဲ့ မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်သည်။
ဘယ်လိုတောင် အခန့်သင့်လိုက်သလဲ။ အခန့်သင့်လိုက်တာမှ စစ်ရှီးတောင် အခုလိုအချိန်ကိုက်ကြီး ရောက်ချလာတယ်။
ထိုသို့တွေးလျက် ချန်ကျဲ့ စစ်ရှီးကိုကြည့်ပြီး ပြောလိုက်သည်။
“စစ်ရှီး ဒီကိုဘာကိစ္စရှိလို့လဲ”
ထိုအခါ စစ်ရှီးမှ ချက်ချင်း ပြန်ပြောသည်။
“သခင်၅၊ ကျွန်တော်က လောင်ဝမ်နဲ့ စာရင်းရှင်းဖို့ လာခဲ့တာပါ။ ကျွန်တော်က လောင်ဝမ်ရဲ့ ထုန်ထိုက်ကုန်သွယ်ရေးလုပ်ငန်းအပါအဝင် သခင်ကြီးရဲ့ ဆိုင်တွေအားလုံးကို တာဝန်ယူထားရတာပါ”
ချန်ကျဲ့ စစ်ရှီးကို တစ်ချက်ကြည့်လိုက်၏။
“အို တိုက်ဆိုင်လိုက်တာ”
“လောင်ဝမ် ဒီမှာ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ”