ကျန်းချွမ် : ဘာ၊ ညီငယ်၅က ငါ့ကိုရှာတွေ့သွားပြီတဲ့လား_၆
Vol. 22 Ch. 301
ထိုအချိန်၌ စစ်ရှီးသည် ဝမ်သာ့ဖာကိုကြည့်၍ မေးမြန်းသည်။ အလောင်းပြည့်နှက်နေသော အခန်းကို ကြောင်အစွာ ကြည့်နေသည့် ဝမ်သာ့ဖာသည် လုံးဝ မျှော်လင့်ချက်ကင်းမဲ့သွားသည့်အလားပင်။ သူ၏အကြည့်များသည် ကြိုးဆွဲချသေဆုံးနေသည့် အလောင်းများကို တုန်လှုပ်စွာဖြင့် ကြည့်နေခဲ့သည်။
“ငါက သေသင့်တဲ့သူပါ၊ ငါတကယ် သေသင့်ပါတယ်!”
ထိုအခါ စစ်ရှီးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ပြောသည်။
ဒီလိုအဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောနေလို့ရော ဘာအသုံးဝင်မှာလဲ။ ခင်ဗျား သေသင့်တယ်ဆိုတာ ဘယ်သူက မသိလို့လဲ။ အခု ကျုပ် ခင်ဗျားနှုတ်ကနေ ကိုယ်တိုင်ပြောစေချင်တယ်။ ခင်ဗျားကို ခိုင်းစေခဲ့တဲ့သူက ကျန်းချွမ်ပါလို့။
ထိုသို့အတွေးဖြင့် စစ်ရှီးသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ပြောသည်။
“ညီနောင်သာ့ဖာ သွားလေသူတွေက ပြန်မရှင်သန်နိုင်တော့ဘူး။ စိတ်ကိုခိုင်ခိုင်ထားပါ”
“ဒါပေမဲ့ သူတို့ကို သေချာပေါက် အချည်းနှီးသေဆုံးစေလို့ မဖြစ်ဘူး။ ကျွန်တော်တို့ သူတို့အတွက် လက်စားချေရမယ်!”
“ညီနောင်သာ့ဖာ ကျွန်တော်တို့ လက်စားချေကြမယ်!”
“လက်စားချေမယ်?”
ဝမ့်သာဖာ ခေါင်းမော့လာ၏။ သူသည် စစ်ရှီးနှင့် အကြည့်ချင်းဆုံလိုက်သည်။ စစ်ရှီးမှ ပြော၏။
“လက်စားချေရမှာပေါ့။ ကျွန်တော်တို့ လူသတ်သမားကို သေချာပေါက် မလွတ်မြောက်စေရဘူး။ အထူးသဖြင့် အခု ဒီနေရာမှာ သခင်၅ရှိနေတယ်။ သခင်၅ကို ခင်ဗျားအတွက် တရားမျှတမှုရှာပေးဖို့ တောင်းဆိုနိုင်တယ်!”
ထိုစကားတွင် ဝမ်သာ့ဖာမှ ရုတ်ချည်း တုံ့ပြန်လာသည်။ ဝမ်သာ့ဖာသည် ကြမ်းပြင်တွင် ဒူးထောက်ချလိုက်ပြီး ပြောသည်။
“သခင်၅ သခင်၅ ကျွန်တော့်အတွက် လက်စားချေပေးပါ။ ကျွန်တော့်ရဲ့ဇနီးအတွက်၊ ကျွန်တော့်ရဲ့ကလေးတွေအတွက်၊ ကျွန်တော့်ရဲ့မိသားစုအတွက်!”
ချန်ကျဲ့ စစ်ရှီးကို စေ့စေ့စပ်စပ် စိုက်ကြည့်လိုက်သည်။ စစ်ရှီးသည် ထိတ်လန့်သွားပြီး နာခံလိုက်လျောတတ်ဟန်ဖြင့် အမြန် ခေါင်းငုံ့သွား၏။
ချန်ကျဲ့မှ ပြောသည်။
“ကောင်းပြီ ဝမ်သာ့ဖာ၊ ဒီလိုကပ်ဘေးမျိုးနဲ့ ကြုံတွေ့ရလောက်အောင် ခင်ဗျား ဘာတွေလုပ်ခဲ့လဲ။ ငါ့ကို အကုန်ပြောပြပါ”
ထိုအခါ ဝမ်သာ့ဖာမှ ချက်ချင်းပြောလာသည်။
“ဟုတ်ကဲ့ ကျွန်တော် ပြောပါ့မယ် ပြောပါ့မယ်!”
“အားလုံးကို သခင်၂က အတင်းအကျပ်ခိုင်းစေခဲ့တာပါ…”
သို့ဖြင့် ဝမ်သာ့ဖာသည် သူသိထားသည့် အကြောင်းအရာများကို စတင်ဖော်ထုတ်ပြောဆိုခဲ့သည်။
ဝမ်သာ့ဖာသည် အရင်က ဖုန်းရွှမ်၏လက်အောက်ရှိ ဆိုင်ဦးစီးမှူးတစ်ဦးဖြစ်ခဲ့ပြီး ထုန်ယွမ်လုပ်ငန်းကို ဦးစီးရသည်။ သို့သော် ဆိုင်မှာ ငွေအချို့ကို အလွဲသုံးစားပြုလုပ်ခဲ့ပြီး မိမိ၏လုပ်ဆောင်မှုများသည် ပြစ်ချက်ကင်းသည်ဟု တွေးထင်ထားခဲ့သည်။
သို့သော် သူ၏လုပ်ရပ်ကို ကျန်းချွမ်မှ ရှာဖွေတွေ့ရှိသွားခဲ့ပြီး ဖုန်းရွှမ်အား ပြောပြလိုက်မည်ဟု ခြိမ်းခြောက်ခံခဲ့ရသည်။
ဖုန်းရွှမ် သိသွားခဲ့ပါက သူ၏ဘဝ အဆုံးသတ်သွားမည်ကို သိရှိလေရာ ဝမ်သာ့ဖာသည် သခင်၂အား ၎င်းကို လျှို့ဝှက်ထားပေးပါရန် တောင်းပန်တိုးလျှိုးခဲ့သည်။
ကျန်းချွမ်သည် အလျင်းသင့်စွာ သဘောတူခဲ့ပြီး ဝမ်သာ့ဖာကို ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးရန် စေခိုင်းခဲ့သည်။
ဝမ်သာ့ဖာမှာ ရွေးချယ်စရာမရှိဘဲ သံသတ္တုများကို သယ်ယူပို့ဆောင်ပေးရသည်။ ထို့နောက်တွင်မှ ကျန်းချွမ်သည် ၎င်းသံသတ္တုများကို မိန်ဂိုဏ်းသို့ ရောင်းချခြင်းဖြစ်ကြောင်း သူ့ကို အသိပေးခဲ့သည်။ ဆိုလိုသည်မှာ ဝမ်သာ့ဖာသည် ရန်သူများနှင့် ပူးပေါင်းကြံစည်သူဖြစ်သွားခဲ့ပြီး ၎င်းသည် ပုန်ကန်မှုမြောက်၏။ ဤအကြောင်းကို တစ်စုံတစ်ယောက် သိသွားခဲ့ပါက တစ်မိသားစုလုံး ကွပ်မျက်ခံရနိုင်လေသည်။
ထိုအချိန်က ဝမ်သာ့ဖာသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ကျန်းချွမ်အား သူ့ကို ချမ်းသာပေးပါရန် တောင်းပန်တိုးလျှိုးခဲ့သည်။
ကျန်းချွမ်သည် ခပ်ဖျော့ဖျော့သာ ပြုံး၍ ပြောခဲ့၏။
“အို အသေးအဖွဲကိစ္စလေးပါပဲ။ စိုးရိမ်ဖို့မလိုပါဘူး။ ငါက မင်းလို အရည်အချင်းရှိတဲ့သူတွေကို တကယ်သဘောကျပါတယ်”
“အဲဒီတော့ အခုက စပြီး မင်းက ဒီကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွက် တာဝန်ရှိသွားပြီ။ တစ်လ၊ နှစ်လမှ တစ်ကြိမ်ပဲ ပို့ရမှာ၊ အရမ်းလုံခြုံတယ်”
“အာ သခင် သခင်၂ ဒါက ကြီးလေးတဲ့ပြစ်မှုကြီးပါ”
ကျန်းချွမ်မှ ပြောခဲ့၏။
“အင်း မင်း မလုပ်ဖို့လည်း ရွေးချယ်နိုင်ပါတယ်”
ကျန်းချွမ်၏ အရေးမထားဟန်သော မျက်လုံးအကြည့်များကို မြင်တွေ့နေရသည်တွင် ဝမ်သာ့ဖာသည် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးတာဝန်ကို စိတ်ထက်သန်စွာဖြင့် လက်ခံယူခဲ့သည်။
ဝမ်သာ့ဖာမှ အကြောင်းစုံကို ပြောပြပြီးနောက် စစ်ရှီးသည် ချန်ကျဲ့သို့ လှည့်ကြည့်လာပြီး မေးသည်။
“သခင်၅၊ သခင်၂က ဒီလိုလုပ်ရပ်တွေကို အရမ်းခိုးကြောင်ခိုးဝှက် လုပ်ကိုင်နေခဲ့တာ… သခင်၅က ဘယ်လိုလုပ်ပြီး ရှာဖွေဖော်ထုတ်နိုင်ခဲ့တာလဲ”
ထိုစကားတွင် ချန်ကျဲ့ မျက်လုံးမှေးကျဉ်းလိုက်သည်။ ဘေးတွင်ရပ်ကြည့်နေသည့် ကျိုးချူမှ ပြော၏။
“ဘာလို့ဆို ချန်ရွှင်းလက်ထဲမှာ ရှိနေတဲ့ သယ်ယူပို့ဆောင်ရေးမှတ်တမ်းစာရွက်တွေမှာ ထုန်ယွမ်လုပ်ငန်းရဲ့တံဆိပ်တုံး ရှိနေလို့ပဲ”
“ထုန်ယွမ်လုပ်ငန်း? သူတို့ကိုဘာလို့ ထုန်ယွမ်လုပ်ငန်းတံဆိပ်တုံးကို သုံးရတာလဲ”
စစ်ရှီးသည် အဖြေကို ဆက်လက်ဖိမေးသည်။ ချန်ကျဲ့တွေးလိုက်၏။
မင်းက သခင်၂က မင်းရဲ့သခင်ကြီးကို ချောက်ချဖို့ကြိုးစားနေတာလို့ ငါ့ပါးစပ်က ပြောတာကို ကြားချင်နေတာပဲ။
ချန်ကျဲ့ ဘာမျှမပြောပေ။ ကျိုးချူမှ နားလည်သွားပြီး ပြောတော့မည်တွင် ချန်ကျဲ့ ကျိုးချူကို ကြည့်လိုက်၏။ ၎င်းအကြည့်မှာ ကျိုးချူကို စကားမပြောရန် တားမြစ်လိုက်ခြင်းပင်။
ချန်ကျဲ့သည် ငါးစာမဟပ်ကြောင်း မြင်သောအခါ စစ်ရှီး မျက်မှောင်ကြုတ်လိုက်၏။
ချန်ကျိုစစ်က ကိုင်တွယ်ရ အရမ်းခက်ခဲတာပဲ။
စစ်ရှီးသည် တာဝန်ရှိနေလေရာ ရွေးချယ်စရာမရှိဘဲ တစ်ခုခုတော့ ပြောရပေမည်။
သို့ဖြင့် စစ်ရှီးမှ ပြောလိုက်သည်။
“အာ လောင်ဝမ် ခင်ဗျားက ကျေးဇူးမသိတတ်တဲ့လူပဲ။ မင်းရဲ့ကြံရာပါက သခင်ကြီးကို ချောက်ချဖို့ကြိုးစားနေတာ မင်းဘယ်လိုလုပ်ပြီး… မင်းဘယ်လိုတောင် ဒီလိုလုပ်နိုင်ရတာလဲ…”
စစ်ရှီး၏ လွန်ကဲနေသည့် အပြုအမူကို ကြည့်နေခဲ့ရင်း ဤကိစ္စ၏ ဘော့စ်မှာ နောက်ကွယ်မှ ပြစ်မှုကျူးလွန်နေသူ မဟုတ်သော်ငြား ပြစ်မှုကျူးလွန်မှုအားလုံးကို သိထားပြီးဖြစ်ကြောင်း ချန်ကျဲ့ နားလည်လိုက်သည်။
ဘော့စ်က တကယ် လှည့်ဖျားတတ်တဲ့ အကျင့်စရိုက်ရှိတာပဲ။
ထိုစဉ် စစ်ရှီးမှ ပြောသည်။
“သခင်၅ ကျွန်တော်တို့ ဒီကိစ္စကို ခန်းမအရှင်သခင်ဖန်းဆီ ချက်ချင်း အကြောင်းကြားသင့်ပါတယ်။ ဒီကိစ္စက အရမ်းကြီးလေးလွန်းပါတယ်!”
ချန်ကျဲ့ တိတ်ဆိတ်နေခဲ့၏။
ငါတကယ် ဘော့စ်ရဲ့လက်ကိုင်တုတ် မဖြစ်ချင်ဘူး။
မိန်ဂိုဏ်းအား သံသတ္တုလျှို့ဝှက်ရောင်းချခြင်းမှာ ကြီးမားပြင်းထန်သည့်ကိစ္စတစ်ခုဟု ချန်ကျဲ့ မထင်ပါချေ။
မိန်ဂိုဏ်းက ဆိုးရွားလို့လား။
ချန်ကျဲ့ မသိပေ။ သို့သော် သူတို့၏ တော်ဝင်တရားရုံးတော်အား ဆန့်ကျင်သည့်လုပ်ရပ်ကို ချန်ကျဲ့ စာနာနိုင်ပါသည်။
သာ့ချန်ပြည်ကြီးကို လူမျိုးခြားများမှ အုပ်ချုပ်နေခဲ့ပြီး ဟန့်လူမျိုးများအား ဖိနှိပ်မှုသည် အလွန်သိသာထင်ရှားသည်။ ထိုသို့အခြေအနေတွင် မိန်ဂိုဏ်းသည် စားသောက်ရှင်သန်ရန် မတတ်နိုင်လောက်အောင် ဆင်းရဲမွဲတေသည့် သာမန်ပြည်သူများ၊ မုလန်လူမျိုးများကို ဖြုတ်ချလိုသည့် သိုင်းလောကသားများကို စုစည်းသည်။
အဲဒါက ဘာမှားနေလို့လဲ။ ဟန့်လူမျိုးတွေက အစေခံအဖြစ် အမြဲတမ်း ရှင်သန်သွားရမှာလား။
ထို့ကြောင့် ချန်ကျဲ့သည် သံသတ္တုလျှို့ဝှက်ရောင်းချခြင်းကို ပြဿနာဟု မထင်မြင်ပေ။
သူသိလိုသည့် အကြောင်းအရာမှာ တခြားဖြစ်၏။
“ဝမ်သာ့ဖာ!”
“ဟမ်?”
ဝမ်သာ့ဖာသည် ချန်ကျဲ့ကို ကြည့်၏။
“သခင်၄က ဘယ်လိုသေသွားခဲ့တာလဲ”
ချန်ကျဲ့ သူ ဂရုအစိုက်ဆုံးဖြစ်သည့် မေးခွန်းကို မေးလိုက်သည်။
သံသတ္တုလျှို့ဝှက်ရောင်းချခြင်းသည် သူ့အတွက် ကိစ္စကြီးဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူ၏အစ်ကို၄ တန်းကွမ်းမင်၏ သေဆုံးမှုအကြောင်းကိုသာ သူသိလိုသည်။ အစ်ကို၄ကို သတ်လိုက်သည့် လူသတ်တရားခံကိုသာ သူသိလိုသည်။
အစ်ကို၄သည် သူ့ကို အမြဲ စိတ်ရင်းဖြင့် ညီအစ်ကိုကဲ့သို့ ဆက်ဆံခဲ့ပြီး ဂရုစိုက်ပေးခဲ့သည်။
ချန်ကျဲ့သည် ကျေးဇူးသိတတ်သူဖြစ်၏။ သူ့အား ကောင်းမွန်စွာ ဆက်ဆံပေးခဲ့သူများကို အမြဲ အမှတ်ရကာ သူတို့အားလုံး ကောင်းမွန်သည့်ရလဒ်များကို ခံစားနိုင်စေရန် မျှော်လင့်သည်။
သို့သော် အစ်ကို၄သည် မရှင်းမလင်းဖြင့် သေဆုံးသွားခဲ့ရ၏။
ဖန်းရှစ်ကျုံး အဖြေကို သိချင်သကဲ့သို့ ချန်ကျဲ့လည်း သိချင်သည်။
ထိုအမေးစကားတွင် ဝမ်သာ့ဖာသည် အတွေးထဲ နစ်မြောသွား၏။
“အဲဒီနေ့က သတ္တုတွင်းကနေ သံကြွပ်ကျင်းနှစ်သောင်း သယ်ယူပို့ဆောင်ခဲ့တယ်။ သံကြွပ်တွေကို ပို့ဖို့အတွက် သင်္ဘောပေါ်တင်လိုက်ရင် ရပြီဆိုပေမဲ့ ကျွန်တော်တို့ တင်ပြီးပြီးချင်းမှာပဲ ရုတ်တရက် သခင်၄ ထွက်လာခဲ့တယ်…”
ဝမ်သာ့ဖာသည် ထိုအချိန်တုန်းက အခြေအနေကို ပြန်ပြောပြသည်။
“နောက်တော့ သခင်၂ ရောက်လာပြီး သခင်၄ကို ဘေးကိုဆွဲခေါ်သွားပြီး စကားပြောတယ်။ သခင်၄က သင်္ဘောပေါ်က ကုန်ပစ္စည်းက တကယ်တမ်း ဘာတွေလဲဆိုပြီး မေးခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ အဲဒီစကားပြောလိုက်တာနဲ့ သခင်၂က ရုတ်တရက် တိုက်ခိုက်ခဲ့တယ်။ သခင်၄ သတိလက်လွတ် နေနေတဲ့အချိန်မှာ အောက်ဘက်ကနေ ဓားနောက်ပြန်ထိုးသတ်ခဲ့တယ်… ကျွန်တော်တို့အားလုံးလည်း ထိတ်လန့်သွားခဲ့ရတယ်…”
“ဘာလို့ အလောင်းကို ချန်ထားခဲ့တာလဲ…”
“လူတွေရောက်လာလို့ပါ။ မီးတုတ်တွေနဲ့ လူတန်းရှည်ကြီးရောက်လာတော့ ကျွန်တော်တို့လည်း လန့်ဖျပ်ချောက်ချားကုန်ကြတယ်။ သခင်၂လည်း အဲဒီလူတွေ မြင်သွားမှာစိုးတော့ သခင်၄ကို အလောင်းဖျောက်ဖို့ မစဉ်းစားတော့ဘဲ ကျွန်တော်တို့ကိုခေါ်ပြီး ထွက်ပြေးခဲ့တယ်…”
…
ကျန်းချွမ်၏နေအိမ်၌
“သခင်၂ သခင်၂!”
ထိုစဉ် အိမ်တော်ထိန်းသည် ကျန်းချွမ်၏စာဖတ်ခန်းထဲသို့ ထိတ်လန့်တကြားဖြင့် အပြေးဝင်ရောက်လာသည်။
“ဘာဖြစ်လို့လဲ!”
အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည့် အိမ်တော်ထိန်းကို မြင်သောအခါ ကျန်းချွမ်မှ ချက်ချင်းမေးလာသည်။
“သခင်၂ မကောင်းတော့ဘူး။ ရှောင်သောက် ရှောင်သောက် ကျရှုံးသွားပြီ။ အခု ချန်ကျိုစစ်က ဝမ်သာ့ဖာနဲ့အတူ ရှောင်သောက်ရဲ့အလောင်းကို သယ်ပြီး ကျားဖြူခန်းမကို ဦးတည်သွားပြီ!”
“ဘာ!”
ကျန်းချွမ် ထခုန်မိသွား၏။ သူ၏မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်များ အပြည့်ထင်ဟပ်နေခဲ့သည်။
“ကိစ္စတွေ လွဲချော်ကုန်ပြီ!”