ချန်ကျဲ့ : သခင်မ၊ ခင်ဗျားက အလုံအလောက် ရူးသွပ်နေပြီးပါပြီ_၂
Vol. 22 Ch. 303
ဤသည်မှာ ရှေးခေတ် ဓလေ့ထုံးတမ်းဖြစ်သည်။ အရုဏ်တက်ချိန်တွင် ခေါင်းလောင်းထိုး၍ မြို့တံခါးဖွင့်ပြီး မှောင်ရီပျိုးစအချိန်တွင် ဗုံတီး၍ မြို့တံခါးပိတ်သည်။ ထို့ကြောင့် အရုဏ်တက်ခေါင်းလောင်းနှင့် ညနေခင်းဗုံဟု ခေါ်ကြသည်။
မြို့တံခါးပိတ်လုနီးတွင် ဖန့်ဖူမှ အော်ပြောလိုက်သည်။
“နေဦး!”
မြို့တံခါးစောင့်ရဲမက်များသည် ထိတ်လန့်သွားကြ၏။ ထို့နောက် ဖန့်ဖူကို ကြည့်သည်။ ဖန့်ဖူသည် သူတို့ကို ငွေစနှစ်စ ပစ်ပေးလိုက်ပြီး မေးသည်။
“ကျန်းချွမ်ကို တွေ့မိသေးလား”
ငွေစနှစ်စကို ဖမ်းယူလိုက်သည့် ရဲမက်သည် အလွန်ပျော်ရွှင်သွား၏။
ဒီနေ့က တကယ်ကို နေ့ကောင်းနေ့မြတ်ပဲ။
ခုနလေးတင် ကျန်းချွမ်သည် မြို့ထဲမှ ထွက်သွားခဲ့ပြီး သူတို့ကို ငွေတစ်စ ပေးခဲ့သေး၏။ ယခုလည်း ထပ်မံ ရရှိပြန်သည်။
ထိုသို့အတွေးဖြင့် မြို့စောင့်ရဲမက်မှ ပြောသည်။
“ကျွန်တော် သူ့ကို တွေ့လိုက်ပါတယ်။ သူ ခုနလေးကပဲ မြို့ပြင်ထွက်သွားတာပါ”
ထိုအခါ ဖန့်ဖူမှ ဆက်ပြောသည်။
“သူ ဘယ်ဘက်ကို သွားလိုက်တာလဲ”
ရဲမက်သည် အနည်းငယ် တွန့်ဆုတ်သွား၏။ ချန်ကျဲ့ ထိုရဲမက်ကို နောက်ထပ်ငွေနှစ်စ ပစ်ပေးလိုက်သည်။ ငွေကိုမြင်သောအခါ ရဲမက်သည် အားတုံ့အားနာဖြင့် တွေးလိုက်၏။
လူကြီးမင်းကျန်း ခင်ဗျားက ဒီလောက်များများမှ မပေးခဲ့တာပဲ။
ရဲမက်သည် ချက်ချင်း အရပ်မျက်နှာတစ်ခုသို့ ညွှန်ပြသည်။
“အဲဒီဘက်ကိုပါ!”
ချန်ကျဲ့တို့သည် မြင်းကို အပြေးနှင်၍ ချက်ချင်း လိုက်ကြသည်။ သို့သော် အချိန်တစ်ခုကြာ ခရီးနှင်ပြီးနောက် ချန်ကျဲ့ မြင်းဇက်ကြိုးကို ဆွဲလိုက်သည်။
ဝူး-–
ဖန့်ဖူသည် မြင်းရပ်သံကြားသောအခါ ချန်ကျဲ့ကို လှည့်ကြည့်လာပြီး မေးသည်။
“သခင်၅ ဘာဖြစ်လို့လဲ”
“တစ်ခုခုမူမမှန်ဘူး”
“ဘာကိုလဲ”
ချန်ကျဲ့မှ ပြောသည်။
“ကျန်းချွမ်က ရဲမက်ကို လျှို့ဝှက်ထားပေးဖို့ ပိုက်ဆံပေးခဲ့မှာပဲ။ ဒါပေမဲ့ ရဲမက်က လျှို့ဝှက်ချက်ကို ထိန်းပေးထားမယ်လို့ ဦးလေးထင်လား”
“ထိန်းသိမ်းပေးဖို့ မဖြစ်နိုင်ဘူး။ ဒီရဲမက်တွေက ‘နို့ပေးတဲ့သူက အမေပဲ’ဆိုတဲ့ ဆောင်ပုဒ်ကို အမြဲ လက်ကိုင်ထားတဲ့သူတွေ။ သူတို့က ပိုက်ဆံပေးလိုက်ရင် အကုန်ပြောပြမယ့်သူတွေပဲ။ သူတို့ကို အားကိုးဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ဖန့်ဖူမှ ပြန်ပြောသည်။
“အမှန်ပဲ။ ကျန်းချွမ်က ရဲမက်တွေကို ယုံကြည်အားကိုးလို့မရမှန်း သိတယ်။ ဒါပေမဲ့ ရဲမက်တွေအပေါ် ငွေသုံးခဲ့တုန်းပဲ။ သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
ချန်ကျဲ့မှ ထပ်ပြောသည်။
“ငါတို့ကို စိတ်ရှုပ်ထွေးအောင် လုပ်ဖို့လား”
ဖန့်ဖူမှ ဖြစ်နိုင်ခြေရှိလောက်မည့်အချက်ကို ပြောလာ၏။ ချန်ကျဲ့မှ ပြောသည်။
“အမှန်ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကို တမင် သူ့ကို လာဖမ်းအောင် လမ်းကြောင်းပေးတာလည်း ဖြစ်နိုင်တယ်။ ဒီလိုဆိုရင် ဦးလေးဖူ ဦးလေး ဒီဘက်က လိုက်၊ ကျွန်တော် တခြားဖက်က လိုက်မယ်။ ဦးလေး သူ့ကိုဖမ်းမိတဲ့အခါ အချက်ပေးလိုက်။ ကျွန်တော်တို့ ချက်ချင်း လာကူလှည့်မယ်”
“ကောင်းပြီ”
အချိန်ခဏမျှ စဉ်းစားနေပြီးနောက် ဖန့်ဖူမှ ရုတ်ချည်း သဘောတူသည်။ ထို့နောက် နှစ်ဦးသည် လင်းယုန်အစောင့်အရှောက်၆ဦးစီကို ခေါ်ဆောင်၍ လူခွဲထွက်ခွာကြသည်။
…
ထိုအချိန် တောတွင်းတစ်နေရာ၌
“သခင်၂ နည်းနည်းလောက် အနားယူရအောင်”
ကျန်းချွမ်နောက်လိုက်လာသည် အိမ်တော်ထိန်းမှ အကြံပြုသည်။
“ငါတို့ ဘယ်ရောက်ပြီလဲ”
အိမ်တော်ထိန်းမှ ပြန်ဖြေသည်။
“ရှေ့ကို နှစ်မိုင်ဆက်သွားရင် ကျိရှန်းဘုရားကျောင်းပါ”
ကျန်းချွမ်မှ ပြောသည်။
“ငါတို့ မြို့ကနေ မိုင်နှစ်ဆယ်ခရီးနှင်လာပြီးပြီ။ ခဏလောက် နားကြရအောင်”
ကျန်းချွမ်၏ စကားအဆုံး၌ ကျန်းချွမ်၏လုယုံဒါဇင်ခန့်သည် မြင်းပေါ်မှ ဆင်းလိုက်ကြသည်။ အချို့မြင်းများတွင် ရွှေ၊ငွေရတနာမျိုးစုံထည့်ထားသည့် အထုပ်များပင် သယ်ယူလာခဲ့သည်။
ကျန်းချွမ်သည် ပြန်လာရန် အတွေးမရှိပေ။
ဤကိစ္စသည် အလွန်ကြီးမားသွားခဲ့ပြီးဖြစ်၏။ ကျားဖြူခန်းမတစ်ခုတည်း၏ ကိစ္စဖြစ်ပါက အဆင်ပြေဦးမည်။ တခြားသူသို့ အပြစ်လွှဲချပြီး ကပ်ဘေးကို ရှောင်နိုင်ခဲ့လောက်၏။ သို့သော် ဤတစ်ကြိမ်ကိစ္စရပ်သည် မျန့်ရွှေစီရင်စုမြို့၏ ကောင်းကင်ဘုံကဲ့သို့သော စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ပါ ပါဝင်ပတ်သက်လာခဲ့သည်။ ၎င်းအိမ်တော်၏ အမိန့်တစ်ခုမျှဖြင့် ကျန်းချွမ်သည် မှောင်ခိုလောကတွင်လည်း မကျင်လည်နိုင်၊ တရားမဝင်လုပ်ငန်းများတွင်လည်း ရောနှောမလုပ်ကိုင်နိုင်ဘဲ ဖြစ်ရလိမ့်မည်။
သို့ဖြစ်ရာ သူ မျန့်ရွှေစီရင်စုမှ ထွက်ပြေးရပေမည်။
မည်သည့်အရပ်သို့ သွားသင့်သည်ကိုမူ သူ မဆုံးဖြတ်ရသေးပေ။ သို့သော် သူ၏အရည်အချင်းအပြင် သူ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သည့် ပစ္စည်းဉစ္စာများဖြင့် သူဌေးသူကြွယ်တစ်ဦးအဖြစ် နေထိုင်ရန် နေရာတစ်နေရာရှာဖွေခြင်းမှာ မခက်ခဲလောက်ပေ။
ငါ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းနယ်မြေတွေကို နှမြောလိုက်တာ။
သေသင့်တဲ့ ချန်ကျိုစစ်၊ မင်းမွှေတာကြောင့်သာ မဟုတ်ခဲ့ရင် ဒီလိုအခြေအနေအထိ ရောက်လာခဲ့မှာ မဟုတ်ဘူး။
မင်းလည်း ညီငယ်၄လိုမျိုး တိုးတိုးတိတ်တိတ် သေသွားပေးလို့ မရဘူးလား။
ကျန်းချွမ်မှ ထိုသို့စဉ်းစားနေစဉ် အိမ်တော်ထိန်းသည် မီးပုံဖိုထားပြီးဖြစ်သည်။
လိုက်ပါလာသည့် အစောင့်အဖွဲ့သားများသည် ပျော်ရွှင်စွာ စုဝေးလိုက်ကြပြီး မီးပူလှုံကြသည်။
ကျန်းချွမ် မျက်မှောင်ကြုတ်လိုက်၏
“မီးမမွှေးနဲ့”
အိမ်တော်ထိန်းမှ ပြန်ပြောသည်။
“သခင်၂ အားလုံး ပင်ပန်းနေကြတာ။ ဒီလိုအေးခဲနေတဲ့ ရာသီဥတုကြီးမှာ အားလုံးကို နွေးထွေးအောင် မီးပူလှုံခိုင်းလိုက်ရင် ပိုမြန်မြန်ပြေးနိုင်တာပေါ့။ ပြီးတော့လည်း သခင်၂ ကျွန်တော်တို့ သူတို့ကို သတင်းအမှားကြီး ပေးထားခဲ့ပါတယ်။ သူတို့ ကျွန်တော်တို့ကို ခြေရာပျောက်သွားလောက်ပါပြီ။ ဘာမှ စိုးရိမ်ဖို့ မလိုတော့ဘူး”
ကျန်းချွမ် ခဏမျှ တွေဝေသွား၏။
“ကိုယ်ကို နွေးအောင်လုပ်ဖို့ အချိန်ခဏပဲရမယ်။ ၁၅မိနစ်လောက်ပဲ အနားယူကြ၊ ပြီးတာနဲ့ ချက်ချင်း ထွက်ခွာမယ်”
“ကျေးဇူးတင်ပါတယ် သခင်၂”
နောက်လိုက်များမှ ကျေးဇူးတင်စကားဆိုကြသည်။ အိမ်တော်ထိန်းမှ ချက်ချင်း ပြောလာ၏။
“မြင်လား။ သခင်၂က မင်းတို့အပေါ် ဂရုစိုက်တုန်းပဲ။ အဲဒါကြောင့် စိတ်ဓာတ်တက်ကြွနေကြစမ်းပါ။ ပြီးတော့ အန္တရာယ်ကြုံလာခဲ့ရင် သခင်၂အတွက် အသက်ပေးဖို့ အသင့်ပြင်ထားကြ!”
“ဟုတ်ကဲ့!”
နောက်လိုက်များမှ ပြန်လည်တုံ့ပြန်သော အိမ်တော်ထိန်းသည် နောက်လှည့်ကြည့်၏။ သူ၏မျက်နှာထက်တွင် စဉ်းလဲသည့်အပြုံးတစ်ခု ဖြစ်တည်နေပေသည်။
…
“သခင်၅ ရှေ့က တောထဲမှာ မီးရောင်ရှိနေပါတယ်!”
ထိုအချိန်တွင် ကုန်းမြင့်တစ်ခုပေါ်၌ မျက်စိလျင်သော လင်းယုန်အစောင့်အရှောက်တစ်ဦးသည် မနီးမဝေးရှိ တောထဲတွင် မီးရောင်တောက်နေကြောင်း သတိထားမိခဲ့သည်။ လူတချို့သည် ၎င်းမီးဖြင့် မိမိကိုယ်ကို အနွေးပေးနေကြသည်။
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“သွားစို့ တစ်ချက်သွားကြည့်ရအောင်”
တကယ်တမ်းတွင် ချန်ကျဲ့သည် မျှော်လင့်ချက် များများစားစား မထားမိပေ။
ဘယ်လိုအရူးကများ ထွက်ပြေးတိမ်းရှောင်နေတုန်းမှာ မီးပုံဖိုဖို့ စဉ်းစားရဲမှာတဲ့လဲ။
အစ်ကို၂က အဲဒီလောက် တုံးအပါ့မလား။
“သွားစို့! သွားကြည့်ကြမယ်”
ချန်ကျဲ့ လက်ဝှေ့ရမ်း၍ လင်းယုန်အစောင့်အရှောက်များကို နောက်မှလိုက်ရန် အချက်ပြလိုက်သည်။
…
ထိုစဉ် မျန့်ရွှေစီရင်စုမြို့အတွင်း ဖုန်းရွှမ်၏နေအိမ်၌
ဖုန်းရွှမ်သည် စွပ်ပြုတ်ရည်ကို စိတ်အေးသက်သာစွာ သောက်သုံးနေသည်။ ဖချိုက်သည် သူ၏နောက်တွင် ရတနာဓားကို ကိုင်ဆောင်၍ စောင့်ကြပ်နေဆဲပင်။
စစ်ရှီးသည် ဖုန်းရွှမ်ထံ လက်ရှိအခြေအနေများကို တင်ပြနေသည်။
“သခင်ကြီး အရာအားလုံးက သခင်ကြီး ကြိုတင်မှန်းဆထားတဲ့အတိုင်း ဖြစ်ပျက်နေပါတယ်။ ခန်းမအရှင်သခင်က ဝမ်သာ့ဖာပြောတဲ့ အကြောင်းအရာတွေကို နားထောင်ပြီးတော့ ဒေါသထွက်လွန်းလို့ ဒဏ်ရာတွေ ပြန်ထကြွသွားခဲ့ပါတယ်။ ဂျင်ဆင်းနှစ်ပန်းကန်လောက် သောက်လိုက်မှပဲ စိတ်ပြန်တည်ငြိမ်သွားပါတယ်”
“ပြီးတော့ ချန်ကျိုစစ်နဲ့ ဖန့်ဖူကို ကျန်းချွမ်ကိုဖမ်းဆီးဖို့ အမိန့်ပေးခဲ့ပါတယ်”
“ကျန်းချွမ်လည်း သူအဆုံးသတ်ဖို့ နီးကပ်လာပြီဆိုတာ သတိထားမိတာနဲ့ အိမ်သူအိမ်သားအားလုံးကို ထားရစ်ခဲ့ပြီး အချိန်မီ ထွက်ပြေးသွားခဲ့ပါတယ်။ ချန်ကျိုစစ်နဲ့ ဖန့်ဖူက ဖုန်းရွှမ်ရဲ့နေအိမ်ကို လူထားခဲ့ကြီး စောင့်ကြပ်ခိုင်းတာလောက်ပဲ လုပ်ထားပါတယ်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာမျိုး မစတင်ခဲ့ပါဘူး။ အဲဒါကြောင့် ကျန်းချွမ်ရဲ့မိသားစုက အကောင်းအတိုင်း ရှိနေဆဲပါပဲ”
“ဟက်… အမျိုးသမီးအပေါ် ဂရုဏာထားတတ်မှုပေါ့လေ”
ထိုအခါ ဖုန်းရွှမ်သည် လှောင်ရယ်၏။
စစ်ရှီးမှ ဆက်ပြောသည်။
“အဲဒီနောက်တော့ သူတို့ ကျန်းချွမ်ကိုဖမ်းဖို့ မြို့ပြင်ထွက်သွားကြပါတယ်။ အစီအစဉ်အရဆို လောင်ကျိုက ကျန်းချွမ်ကို ဟန့်တားလိမ့်မယ်။ ပြီးရင် လမ်းမှာ ရပ်နားပြီး ချန်ကျိုစစ်တို့ကို အာရုံဆွဲဆောင်ဖို့အတွက် မီးပုံဖိုပါလိမ့်မယ်။ ချန်ကျိုစစ်တို့အုပ်စု ရောက်လာတာနဲ့ လောင်ကျိုက တိတ်တိတ်လေး လစ်ထွက်ခဲ့ပါလိမ့်မယ်”
ထိုအခါ ဖုန်းရွှမ်မှ ပြောသည်။
“အင်း ဖချိုက်”
“ရှိပါတယ်”
“မင်း မြို့ပြင်ကိုသွားလိုက်ဦး။ ညီငယ်၂ရဲ့ အနားကလူတွေ ဘယ်သူမှ အသက်ရှင်မကျန်ရစ်စေနဲ့”
“နားလည်ပါပြီ”
ဖချိုက် ခေါင်းညိတ်နာခံသည်။
စစ်ရှီးမှ ပြောသည်။
“သခင်ကြီး၊ လောင်ကျိုက သခင်ကြီးအပေါ် အရမ်းသစ္စာရှိပါတယ်”
“အို အဲဒီတော့ ဘယ်လိုလဲ။ ငါ့အတွက် အသက်ပေးနိုင်တဲ့အထိ သစ္စာရှိရဲ့လား”
ဖုန်းရွှမ် စစ်ရှီးကို ကြည့်လိုက်သည်။
“မင်း ငါ့အတွက် အသက်ပေးဖို့ ဆန္ဒရှိသလား”
“သေချာပေါက် ကျွန်တော် သေချာပေါက် ဆန္ဒရှိပါတယ်”
စစ်ရှီးမှ ပြန်ဖြေသည်။ ထိုအခါ ဖုန်းရွှမ်မှ ပြောသည်။
“မင်းဆန္ဒရှိတယ်ဆိုမှတော့ ဘာမှ ထပ်ပြောစရာ မရှိတော့ဘူးပေါ့”