ချန်ကျဲ့ : သခင်မ၊ ခင်ဗျားက အလုံအလောက် ရူးသွပ်နေပြီးပါပြီ_၃
Vol. 22 Ch. 304
စစ်ရှီး : …
ဖုန်းရွှမ်မှ စစ်ရှီးကိုကြည့်၍ ပြောသည်။
“မင်းက အရမ်း ကြင်နာတတ်လွန်းတယ်။ ကြီးမားတဲ့အောင်မြင်မှုကို ရယူမယ့်သူတွေက သေးငယ်တဲ့အရာတွေအပေါ်မှာ အပင်ပန်းမခံဘူး”
စစ်ရှီးမှ ပြန်ပြောသည်။
“ဟုတ်ကဲ့ ကျွန်တော် နားလည်ပါပြီ”
ဖုန်းရွှမ်သည် စစ်ရှီးကိုကြည့်၍ ပြောသည်။
“ကောင်းပြီ၊ ဒီကိစ္စတွေကို စိုးရိမ်မနေနဲ့တော့။ ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်ဖို့သာ အာရုံစိုက်ပြီး လျစ်လျူရှုလိုက်ေတာ့”
“ဟုတ်ကဲ့ပါ”
ထိုအခါ စစ်ရှီးသည် နေရာမှ ချက်ချင်း ထွက်လာခဲ့သည်။
အားလုံးထွက်သွားသောအခါ ဖုန်းရွှမ်သည် တစ်ဖက်ရှိ အစေခံများကိုလည်း ထွက်သွားစေသည်။ အခန်းတံခါးကိုပါ ပိတ်စေပြီးနောက်တွင် သူ၏နှုတ်ခမ်းနှစ်လွှာသည် စဉ်းလဲသည့်အပြုံးအဖြစ် တွန့်ကွေးသွား၏။
အလုပ်ဖြစ်ခဲ့ပြီ။ ငါ နှစ်ပေါင်းများစွာ ကြံစည်ခဲ့တဲ့အရာက နောက်ဆုံးမှာ အောင်မြင်သွားခဲ့ပြီ။ ဟားဟားဟား…
ဖုန်းရွှမ်သည် ထိန်းမရသိမ်းမရ ရယ်မောနေခဲ့သည်။
“ကြီးမားတဲ့အောင်မြင်မှုကို ရယူဖို့ဆိုရင် အရိုးကြေကြေပဲ”
ဖုန်းရွှမ် တွေးလိုက်သည်။ အာဏာရဖို့အတွက် သူ့အနေဖြင့် ပြိုင်ဘက်များကို ဖြုတ်ချပစ်ရန် လိုအပ်သည်။ သူ၏ ယခင်က ပြိုင်ဘက်သည် ကျန်းချွမ်ဖြစ်သောကြောင့် ဖုန်းရွှမ်သည် ဤအကြံအစည်ကို ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။
သူနှင့် ကျန်းချွမ်တို့ အပြင်းအထန် ယှဉ်ပြိုင်ခဲ့ကြသည်မှာ လွန်ခဲ့သည့်၂နှစ်ကတည်းက ဖြစ်သည်။
သူတို့နှစ်ဦးစလုံးသည် သူတို့လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့ကြသည်။ တစ်ဦးကိုတစ်ဦး လွှမ်းမိုးရန်ကြိုးစားခြင်း၊ ကျားဖြူခန်းမ၏ နောက်တက်မည့် ခန်းမအရှင်သခင်ရာထူးကို ဆက်ခံနိုင်ရန်အတွက် ဖန်းရှစ်ကျုံးအား သူတို့၏အရည်အချင်းကို ပြသခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
သို့သော် ဖန်းရှစ်ကျုံးသည် သူများထက် သာလွန်နေရုံမျှနှင့် သူတို့ကို ဆက်ခံသူအဖြစ် ရွေးချယ်လိမ့်မည်မဟုတ်ကြောင်း ဖုန်းရွှမ် သိသည်။ ဖန်းရှစ်ကျုံး၏ မပြတ်သားမှုအရ ပြိုင်ဘက်ကို ဖြုတ်ချပစ်လိုက်မှသာ ဖန်းရှစ်ကျုံးသည် ရွေးချယ်နိုင်လိမ့်မည် ဖြစ်၏။
ထို့ကြောင့် ဖုန်းရွှမ်သည် ညီငယ်၂ကို ရှင်းထုတ်ပစ်ရန် လျှို့ဝှက်ကြံစည်ခဲ့သည်။
သို့ဖြင့် သူ၏အကြံအစည်ကြီး စတင်လာခြင်း ဖြစ်ခဲ့သည်။
ဦးစွာ ဖုန်းရွှမ်သည် ကျန်းချွမ်နှင့် ထိတွေ့ဆက်ဆံရန်အတွက် စီးပွားရေးကျွမ်းကျင်သည့် ကုန်သည်တစ်ဦးကို ရှာဖွေခဲ့သည်။ ထို့နောက် လောင်းကစားရုံတစ်ခုသည် ငွေထည်ဆိုင်များ၊ အထည်အလိပ်ဆိုင်များနှင့် အခြားလုပ်ငန်းများကို လည်ပတ်စေနိုင်သည့် အစီအစဉ်ကို ကျန်းချွမ်အား ပြောပြစေသည်။
ဤအစီအစဉ်သာ အောင်မြင်သွားပါက ယုံချန်လမ်းမသည် စီးပွားရေးအရာ၌ ငြိမ်းချမ်းခြင်းလမ်းမထက် သေချာပေါက် ပိုသာလွန်နိုင်လိမ့်မည်။
ကျန်းချွမ်သည် သူ့ကို ခြေထောက်အောက်ထား၍ လုံးလုံးလျားလျား ထောင်လွှားနိုင်လိမ့်မည်။
သို့သော် ဤမျှကြီးမားသည့် အစီအစဉ်ကြီးအတွက် ငွေလိုအပ်၏။ လိုအပ်သည့်ငွေကို ဘယ်က ရနိုင်မည်နည်း။
၎င်းအကြံအစည်ကို မှောင်ခိုဈေးထဲတွင် နေရာအနှံ့ သံထည်များလိုက်ဝယ်နေသည့် မိန်ဂိုဏ်းသားများကို ဖုန်းရွှမ်မှ ရှာတွေ့ခဲ့ချိန်တွင် စတင်ခဲ့သည်။ သူ့တွင် ကျန်းချွမ်ဘက်သို့ သူလျှိုလွှတ်ထားသည့် အိမ်တော်ထိန်းလောင်ကျိုရှိသည်။ လောင်ကျိုသည် ဤသတင်းကို ကျန်းချွမ်ထံ ဖြည်းဖြည်းချင်း ပြောပြလိမ့်မည်။
ကျန်းချွမ်သည် အမှန်တကယ်ပင် ဆွဲဆောင်ခံလိုက်ရ၏။
သို့ဖြင့် ကျန်းချွမ်သည် သံကြွပ်နှင့် ချို့ယွင်းသံသတ္တုများကို ရောင်းချခြင်းအမှုအား ပြုလုပ်စေနိုင်ခဲ့သည်။
သို့သော် ကျန်းချွမ်သည် သူ၏လက်အောက်ရှိ ထုန်ယွမ်လုပ်ငန်း၏ ကိုယ်စားလှယ်ဝမ်သာ့ဖာကို ပစ္စည်းများ သယ်ယူပို့ဆောင်စေခြင်းဖြင့် သူ့ကို ပြန်၍ အန္တရာယ်ပေးလာမည်ဟု ဖုန်းရွှမ် မျှော်လင့်မထားခဲ့ပေ။
ထိုအကြောင်းကြောင့် ဖုန်းရွှမ်သည် ပွင့်ပွင့်လင်းလင်း လှုပ်ရှားရန် တွေဝေတွန့်ဆုတ်သွားရသည်။ တစ်ခုခုမှားယွင်းသွားသည်နှင့် သူကိုယ်တိုင်လည်း ငြိစွန်းသွားမည်ဖြစ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဖုန်းရွှမ်သည် လောင်ကျိုအား ကျိုးချူကို သယ်ယူပို့ဆောင်ရေးမှတ်တမ်းစာရွက်များတွင် ထုန်ယွမ်လုပ်ငန်းတံဆိပ်တုံးကို ရိုက်နှိပ်၍ ကျန်းချွမ်ကို ချောက်ချနိုင်မည်ဟု အကြံပေးစေခြင်းဖြင့် နောက်ထပ် ထောင်ချောက်တစ်ခု ထပ်ဆင်ခဲ့သည်။
ဤသို့ပြင်ဆင်ပြီးနောက် ဖုန်းရွှမ်သည် သတိတကြီးဖြင့် နောက်ထပ် လပေါင်းများစွာ ထပ်မံစောင့်ဆိုင်းခဲ့သည်။
မိမိကိုယ်ကိုယ် ပတ်သက်ဆက်နွယ်မှုများမှ လုံးဝ ဖြတ်တောက်ပြီးသည်နှင့်တစ်ပြိုင်နက် ဤပြဿနာကို ပေါက်ကွဲစေမည့် လူတစ်ယောက်ကို ရှာဖွေခဲ့သည်။ ကနဦး၌ ထိုလူမှာ ညီငယ်၃ဖြစ်၏။
သို့သော် မမျှော်လင့်ဘဲနှင့် ညီငယ်၄သည် ညီငယ်၂၏ မှောင်ခိုရောင်းဝယ်ရေးလုပ်ငန်းစဉ်တွင် မတော်တဆ ကြားဝင်လာခဲ့ပြီး ၎င်းကို ဖုံးကွယ်ရန်အတွက် ညီငယ်၂သည် ညီငယ်၄ကို တိုက်ခိုက်သတ်ဖြတ်ခဲ့သည်။
၎င်းသည် မမျှော်လင့်ဘဲ ကောင်းကင်ဘုံမှ ကောင်းချီးပေးလိုက်ခြင်းဖြစ်သည်။
ဖန်းရှစ်ကျုံးသည် အိမ်ထောင်ဦးစီးစိတ်ဓာတ်ရှိသူဖြစ်သည်။ သူ၏သားသမီးများအတွက် အမှားများကို ဖုံးအုပ်ပေးလိုသည့် ဆန္ဒရှိတတ်ပြီး တစ်ခါတရံတွင် ကျောထောက်နောက်ခံအဖြစ်ပင် ရှိနေပေးတတ်သည်။
သို့ဖြစ်ရာ ကျန်းချွမ်မှ သူ့ကို နက်နက်ရှိုင်းရှိုင်းနာကျင်စေမည့် လုပ်ရပ်တစ်ခုခု မပြုလုပ်ပါက ဖန်းရှစ်ကျုံးသည် ကျန်းချွမ်ကို ဖြေရှင်းပစ်နိုင်မည့်စိတ်နှလုံး ရှိလိမ့်မည် မဟုတ်ပေ။
ထိုအချိန်တွင် ညီငယ်၄၏သေဆုံးမှုသည် အခွင့်အရေးဖြစ်သွားခဲ့၏။
ညီအစ်ကိုချင်း သတ်ဖြတ်တာထက် ဘယ်အရာကများ ဖန်းရှစ်ကျုံးကို လက်မခံနိုင်ဖြစ်စေပါ့မလဲ။
သို့ဖြင့် ပြဿနာကိုဖောက်ခွဲမည့်အစီအစဉ်မှာ စတင်ခဲ့သည်။
စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က တစ်ယောက်ယောက်က မိန်ဂိုဏ်းနဲ့ သံသတ္တုအရောင်းအဝယ်လုပ်နေတဲ့အကြောင်း ဘယ်လိုသိသွားခဲ့သလဲ။
ဖုန်းရွှမ်မှ လူလွှတ်၍ သတင်းပို့လိုက်ခြင်းဖြစ်သည်။
အဲဒီနေ့က ညီငယ်၂က ညီငယ်၄ရဲ့အလောင်းကို ဘာလို့ အလောင်းမဖျောက်နိုင်ခဲ့တာ ဖြစ်မလဲ။
ဖုန်းရွှမ်သည် လူတချို့ကို အင်အားစုတစ်ခုအဖြစ် ဟန်ဆောင်စေပြီး ညီငယ်၂နောက်သို့ လိုက်ခိုင်းခဲ့တာ ဖြစ်သည်။
စာရင်းစာအုပ်မှာမူ ချန်ကျိုစစ် စာရင်းသွားစစ်သည့်နေ့က စာရင်းစစ်အလုပ်သမားကို မှာထားခဲ့ပြီးဖြစ်သည်။
အကယ်၍ သခင်၅မှ စာရင်းစာအုပ်များထဲရှိ ထူးခြားချက်ကို ရှာမတွေ့ခဲ့ပါက စာရင်းစစ်မှ ချို့ယွင်းသံသတ္တုပမာဏ များပြားနေမှုကို မသိမသာစွာနှင့် ထက်မြက်စွာဖြင့် ထောက်ပြလိမ့်မည်ဖြစ်သည်။
ထို့နောက် အရာအားလုံးသည် ဤပြဿနာဆီသို့ လမ်းကြောင်းဦးတည်သွားမည်ဖြစ်ပြီး ညီငယ်၂ဆီသို့ ပြန်လည်ဦးတည်သွားမည် ဖြစ်သည်။
ထို့နောက် ယခုကဲ့သို့ ပေါက်ကွဲသွားခဲ့ပြီး ညီငယ်၂အား မျှော်လင့်ချက်မဲ့သည့် အခြေအနေသို့ တွန်းပို့နိုင်ခဲ့သည်။
ဤအရာအားလုံးကို ညီငယ်၂မှ အမှန်တကယ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညီငယ်၄ကိုလည်း တကယ်သတ်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ညီငယ်၂မှာ တရားမျှတမှုရှာဖွေရန်လည်း မလိုအပ်တော့ဘဲ ခုခံငြင်းဆန်ရန်လည်း များများစားစား မရှိပေ။
ဖုန်းရွှမ်သည် သူ၏အတွင်းထဲမှ လောဘစိတ်ကို မွှေနှောက်ပေးခဲ့ခြင်းသာဖြစ်ပြီး အရာအားလုံးကို ညီငယ်၂ကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အဲဒီတော့ ငါက ကြင်နာမှုထားခဲ့ပါသေးတယ်။
“ဟားဟားဟား ဟားဟားဟား…”
ဖုန်းရွှမ်သည် စိတ်လှုပ်ရှားစွာဖြင့် စောင်ထဲ ခေါင်းစိုက်၍ အားရပါးရ ရယ်မောသည်။ မည်သို့ပင်ဖြစ်စေ သူ၏အောင်မြင်မှုအတွက် ဘဝင်ခိုက်နေသည့်ပုံစံကို တခြားသူများအား မမြင်တွေ့စေလိုပေ။
အပြင်ပန်းတွင်တော့ သူသည် ဖော်ရွေတတ်ကာ ဖြောင့်မတ်သည့် “မျက်နှာရှစ်ပါးဗုဒ္ဓ”ဖြစ်ပေသည်။
ငါက ဘယ်လိုလုပ်ပြီး ကောက်ကျစ်စဉ်းလဲတဲ့ နည်းဗျူဟာတွေကို ကျွမ်းကျင်တဲ့သူ ဖြစ်နိုင်ပါ့မလဲ။
ဖုန်းရွှမ်သည် ရယ်မောနေရင်း ရပ်တန့်လိုက်သည်။ သူ၏မျက်နှာအမူအရာသည် ယခင်အတိုင်း အေးစက်သည့်အမူအရာသို့ ပြောင်းလဲသွားခဲ့သည်။
ဖုန်းရွှမ်သည် စိတ်မချမ်းမြေ့ဖွယ် အကြောင်းအရာတစ်ခုကို စဉ်းစားမိလိုက်၏။
ညီငယ်၂ကိုတော့ ရှင်းထုတ်ပြီးသွားပြီ။ ဒါပေမဲ့ ညီငယ်၅က အရှိန်ပြင်းပြင်း အမြင့်တက်လာနေတာဆိုတော့ ငါ့အတွက် နောက်ထပ်ပြိုင်ဘက်တစ်ယောက် ထပ်ပေါ်လာတာပဲ မဟုတ်လား။
ဒီပြိုင်ဘက်အတွက်တော့ ငါထပ်ပြီး နှစ်တွေအကြာကြီး ကြံစည်မနေချင်တော့ဘူး။
ဖုန်းရွှမ် စိတ်မရှည်တော့ပေ။
အဲဒီတော့ ချန်ကျိုစစ်၊ မင်းလည်း သေရမယ်!
ဖုန်းရွှမ် စိတ်ထဲမှ တွေးလိုက်သည်။ အခန်းတွင်းရှိ တဖျပ်ဖျပ်တောက်လောင်နေသော မီးတောက်များကို ကြည့်နေသည့် သူ၏မျက်လုံးများတွင် မှောင်မိုက်သည့် ရက်စက်ကြမ်းကြုတ်မှုများ ဖုံးလွှမ်းနေခဲ့သည်။
“စစ်သူကြီးဆိုတာ လူသေအရိုးတောင်ထိပ်မှာ အောင်မြင်မှုရရှိတာတဲ့။ လူနည်းနည်းလောက်ရဲ့ အသက်က ဘာများ ပြောပလောက်မှာလဲ”
…
တက် တက် တက်..
တောထဲ၌ ကျန်းချွမ် အတွေးထဲနစ်မြောနေစဉ် ရုတ်တရက် မြင်းခွာသံများကို ကြားလိုက်ရသည်။
ကျန်းချွမ် ထိတ်လန့်သွား၏။ ထိုစဉ် အိမ်တော်ထိန်းမှ အော်ဟစ်သည်။
“ရန်သူတွေပဲ။ ကျားဖြူခန်းမက လူတွေ လိုက်လာကြပြီ! သခင်၂ကို ကာကွယ်ကြ!”
တောအုပ်၏အပြင်ဘက်ရှိ ချန်ကျဲ့တို့အုပ်စုသည် အခြေအနေကို စစ်ဆေးကြည့်ချင်ရုံမျှသာ ဖြစ်၏။ သို့သော် သူတို့ချဉ်းကပ်သွားလိုက်သည်နှင့်တစ်ပြိုင်နက် အော်ဟစ်သံကို ကြားလိုက်ရလေသည်– သူတို့အားလုံး မျက်လုံးအရောင်တောက်သွား၏။
ရှာတွေ့ပြီ!
“အချက်ပြမီးပစ်လွှတ်လိုက်!”
ဝှစ်!
တိမ်စိုင်ကို ထွင်းဖောက်သည့် မြားတစ်စင်းသည် ကောင်းကင်သို့ ပျံတက်သွားပြီးနောက် ပေါက်ကွဲသွားခဲ့သည်။
အချက်ပြမီးကို မြင်သောအခါ ဖန့်ဖူသည် ချက်ချင်း တစ်ဖက်ပြန်လှည့်၍ အပြေးနှင်သည်။
ဖြစ်ပျက်နေသည်တို့ကို နားလည်လိုက်သည်တွင် ကျန်းချွမ် ထိတ်လန့်တကြား ဆဲရေးလိုက်၏။
“ဒီဇွဲကောင်းလွန်းတဲ့တစ္ဆေကောင်တွေတော့…”