ချန်ကျဲ့ : သခင်မ၊ ခင်ဗျားက အလုံအလောက် ရူးသွပ်နေပြီးပါပြီ_၅
Vol. 22 Ch. 306
ကံကောင်းထောက်စွာဖြင့် ဤအမျိုးသမီးသည် များသောအားဖြင့် ပြဿနာရှာလေ့မရှိဘဲ တစ်ပါးသူအပေါ် ကြင်နာတတ်သည်။
ဆရာတော်ကျီရှန်းသည် ဟွမ်ဝမ်အာမှ မဖြစ်မနေကြည့်ချင်သည်ဟု ငြင်းဆန်နေလေရာ ကြည့်ခွင့်ပြုလိုက်ရတော့သည်။
သို့သော် သူမသည် ဟွမ်ဝမ်အာ၏ လုံခြုံရေးကို ဂရုစိုက်ရမည်ဖြစ်၏။ ထို့ကြောင့် ဆရာတော်ကျီရှန်းသည် အမြင့်ဆုံးနံရံထိပ်ပေါ်သို့ ခုန်တက်သွားလိုက်သည်။
သီလရှင်များသည် အမှောင်ထုထဲတွင် တိုက်ခိုက်နေသည့် လူနှစ်ယောက်၏ပုံရိပ်ကို မြင်နေရသည်။ ၎င်းရန်သူနှစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိသည့်တိုင် ဆရာတော်ကျီရှန်းသည် မေးမြန်းခဲ့၏။
“မင်းတို့က ဘယ်သူတွေလဲ။ ကျီရှန်းဘုရားကျောင်းကို ညသန်းခေါင်ကြီး ရောက်လာတာ?”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော်တို့က ငါးဖမ်းကုန်သည်အဖွဲ့ ကျားဖြူခန်းမကပါ။ ဒီနေရာမှာ ကိစ္စတချို့ကို ဖြေရှင်းရုံပါပဲ။ အနှောင့်အယှက်ဖြစ်စေမိတဲ့အတွက် ဆရာတော်တို့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
ငါးဖမ်းကုန်သည်အဖွဲ့ဟု ကြားလိုက်သည်တွင် ဆရာတော်ကျီရှန်းသည် အနည်းငယ် စိတ်သက်သာရာရသွားပြီး ပြောသည်။
“အို ငါးဖမ်းကုန်သည်အဖွဲ့သားတွေပဲကိုး။ ကံအားလျော်စွာပဲ မင်းတို့ခေါင်းဆောင်ရဲ့ ဇနီးက ဒီမှာ တရားကျင့်ကြံနေတယ်။ ဆိုတော့ ဘုရားကျောင်းကို မင်းတို့ကိစ္စထဲ ဆွဲမထည့်ဖို့ မျှော်လင့်ပါတယ်”
ချန်ကျဲ့နှင့် ကျန်းချွမ်တို့နှစ်ဦးစလုံး ထိတ်လန့်သွားကြသည်။
ခေါင်းဆောင်ရဲ့ဇနီး၊ နန်ပါးထျန်းရဲ့ ဇနီးလား။
သူတို့နှစ်ဦးသည် တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ ထိုအခါ နံရံထိပ်မှ လှပသော အမျိုးသမီးတစ်ဦး၏ ဦးခေါင်းကို မြင်တွေ့လိုက်ရသည်။
အမျိုးသမီးသည် သူတို့နှစ်ဦးကို တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာဖြင့် ကြည့်နေသည်။
သူမသည် အလွန်တရာ လှပ၏။
ကျန်းချွမ်ပြုံးလိုက်ပြီး ပြောသည်။
“ခေါင်းဆောင်နန်ရဲ့ဇနီးကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး”
ချန်ကျဲ့မှ ပြောသည်။
“အမှန်ပဲ။ ဒါပေမဲ့ အဲဒါက အစ်ကို၂နဲ့ရော ကျွန်တော်နဲ့ရော ဘာမှမဆိုင်ပါဘူး။ အစ်ကို၂ ကျွန်တော်တို့ ပြန်သွားရအောင်ပါ။ အစ်ကို၄ရဲ့သေဆုံးမှုအကြောင်းကို မွေးစားအဖေနဲ့ ကုန်သည်အဖွဲ့သားညီနောင်တွေကို ရှင်းပြရမယ်လေ”
“ဟားဟား ဘာရှင်းပြစရာရှိလို့လဲ။ ညီငယ်၄က ငါ့လမ်းပေါ် လာရှုပ်နေတာလေ။ အဲဒါကြောင့် ငါသူ့ကိုသတ်ရမယ်။ အဲဒါက သဘာဝပဲ။ ဘာမှထပ်ပြောနေဖို့ မလိုအပ်ဘူး”
ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းချွမ်ကို ကြည့်လိုက်သည်။
“အဲဒါကြောင့်နဲ့ပဲ ညီအစ်ကို သံယောဇဉ်ကို လျစ်လျူရှုပြီး အစ်ကို၄ကို အလစ်တိုက်ခိုက်လိုက်တယ်ပေါ့လေ။ အစ်ကို၄က အစ်ကို၂ကို ခုခံတိုက်ခိုက်လိုစိတ် မရှိခဲ့ဘူး။ မဟုတ်ရင် အစ်ကို၂ ဘယ်လိုလုပ်ပြီး တစ်ချက်တည်းနဲ့ အောင်မြင်ခဲ့မှာလဲ။ အစ်ကို၂ ခင်ဗျား နည်းနည်းလေးမှ ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိတယ်လို့ မခံစားရဘူးလား”
“ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရမယ်?”
ကျန်းချွမ်၏ မျက်နှာထက်တွင် ကူကယ်ရာမဲ့ဟန်များ တဒင်္ဂမျှ ဖြတ်ပြေးသွား၏။ ထို့နောက် လျင်မြန်စွာပင် ထောင်လွှားမောက်မာဟန်သော ရယ်မာမှုသို့ ပြောင်းလဲသွားခဲ့သည်။
“ဟားဟားဟား… ဟား ဟား ဟား… ကိုယ်ကိုယ့်ကိုယ် အပြစ်တင်ရမယ်? ငါက ဘာလို့ ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိစိတ် ခံစားရမှာလဲ။ ညီငယ်၄က တုံးအ တာလေ။ မွေးစားအဖေလိုမျိုး အရမ်း တုံးအ တာ”
“ပုန်ကန်သူတွေနဲ့ ပူးပေါင်းတယ်၊ သံထည်တွေကို မှောင်ခိုရောင်းတယ်၊ ဒီပြစ်မှုတွေက ဘယ်လောက်တောင်မှ ကြီးလေးဆိုးရွားလိုက်သလဲ”
“ဒါက ပုန်ကန်မှုနဲ့ ညီမျှတဲ့ ပြစ်မှုပဲ။ မျိုးနွယ်တစ်ခုလုံး ကွပ်မျက်ခံရမှာ!”
“သူ အဲဒီအကြောင်းတွေကို သိသွားတော့ သူဘယ်လိုအကြံပေးလာလဲ မင်းသိလား။ သူက ငါ့ကို မွေးစားအဖေဆီ သွားပြီး အပြစ်ဝန်ခံစေချင်တာ၊ ပြစ်ဒဏ်က ဘာပဲဖြစ်ဖြစ် သူက ငါနဲ့အတူတူ မျှဝေခံယူပေးပါမယ်တဲ့လေ”
“မျှဝေခံယူမယ်တဲ့ ဟားဟား၊ အဲဒါက ဘယ်လောက်တောင် တုံးအလိုက်တဲ့ အကြံဉာဏ်လဲ မင်းနားထောင်ကြည့်စမ်းပါဦး။ ဒါက ခေါင်းဖြတ်ကွပ်မျက်ခံရမယ့် ပြစ်မှုပဲ။ သူ ငါနဲ့ ပြစ်ဒဏ်ကို မျှဝေခံယူပေးလို့ရော ငါက သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာတဲ့လား”
“ပြီးတော့ မွေးစားအဖေကို အသိပေးလိုက်မယ်တဲ့။ ဖန်းရှစ်ကျုံးက သေရမှာကြောက်တဲ့သူ မဟုတ်ဘူးလား။ သူသာ မကြောက်ခဲ့ရင် သူဘာလို့ လွန်ခဲ့တဲ့နှစ်တွေတုန်းက နန်ပါးထျန်းကို တိုင်ကြားခဲ့တာလဲ။ နန်ပါးထျန်းက အဲဒါကြောင့် ဓားနဲ့ သုံးကြိမ်ထိုးခံခဲ့ရပြီး ညီနောင်တွေကြားမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်ခဲ့ရတယ်။ နောက်ဆုံးတော့ အဲဒါက သူအနှစ်သက်ဆုံး ဆရာတူညီမလေးကို သေဆုံးစေခဲ့တယ် မဟုတ်လား”
“ဟားဟားဟား… အားလုံးက သောက်ကျိုးနည်း သူတော်ကောင်းယောင်ဆောင်နေကြတာပဲ၊ သောက်ကျိုးနည်း သားရဲတိရစ္ဆာန်တွေ၊ ငါ့ကို လာပြီး အပြစ်ဝန်ခံစေချင်နေသေးတယ်? ငါသာ အပြစ်ဝန်ခံလိုက်ရင် ငါသေမှာကွ!”
“ညီငယ်၄က တုံးအလွန်းတယ်။ တကယ်ကြီး ညီအစ်ကိုကြား လေးစားမှုနဲ့ အဖေနဲ့သား ချစ်ခြင်းမေတ္တာတွေ ရှိမယ်ထင်နေတာ။ အဲဒါတွေအားလုံးက တစ်ယောက်နဲ့တစ်ယောက် အသုံးချနေရုံသက်သက်ပဲကို”
“ဖန်းရှစ်ကျုံးက ကျားဖြူခန်းမရဲ့ အင်အားအာဏာ တောင့်တင်းခိုင်မာစေဖို့အတွက် ငါတို့ကို သဘောကျတယ်။ ငါတို့က ဖန်းရှစ်ကျုံးရဲ့ ဂုဏ်သတင်းကို အသုံးချပြီး ကိုယ်ပိုင်အင်အားကြီးမားလာဖို့ ကြိုးပမ်းတယ်။ အပြန်အလှန် အသုံးချနေကြတာပဲ။ ဘာတွေများ ခံစားချက်အကြောင်း ပြောဖို့လိုအပ်မှာလဲ!”
“ကပ်ဘေးကျရောက်လာရင် လူတိုင်းက ကိုယ့်ရဲ့ ကိုယ်ပိုင်လမ်းကြောင်းအတိုင်း ပျံသန်းသွားကြမှာပဲ။ အဲဒါကို ငါက သံထည်တွေကို ပုန်ကန်သူတွေဆီ ရောင်းချခဲ့တဲ့အကြောင်း ဖန်းရှစ်ကျုံးကို ပြောပြရမှာလား”
“ငါ့ကို စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ လက်ထဲအပ်ပြီး သူ့ကိုယ်သူ မငြိစွန်းစေဖို့အတွက် ငါ့ခေါင်းကို အသုံးချသွားလိမ့်မယ် မဟုတ်ဘူးလား”
“ငါကတော့ ငါ့ရဲ့အသက်ကို ဖန်းရှစ်ကျုံးရဲ့ အကျင့်စရိုက်အပေါ်မှာ လောင်းကြေးထပ်မှာ မဟုတ်ဘူး”
“အဲဒီတော့ ခင်ဗျားက အစ်ကို၄ကို သတ်ခဲ့တာပဲ! ခင်ဗျားက ခင်ဗျားကို အရမ်းယုံကြည်တဲ့ ညီအစ်ကိုတစ်ယောက်ကို သတ်ပစ်ခဲ့တာ!”
ထိုအချိန်၌ ချန်ကျဲ့သည် ကျန်းချွမ်ကို မျက်လုံးအိမ်တို့မှေးကျဉ်းလျက် ကြည့်နေခဲ့သည်။ ကျန်းချွမ်လည်း ချန်ကျဲ့ကို ပြန်ကြည့်နေခဲ့ပြီး ပြောသည်။
“ချန်ကျိုစစ် မင်းလည်း ငတုံးတစ်ကောင် မဟုတ်ဘူး။ မင်းရော မင်းရဲ့လျှို့ဝှက်ချက်အားလုံးကို မင်းရဲ့ညီနောင်တွေကို ပြောပြနိုင်မှာလား”
“မင်းအသက်ကို သေစေနိုင်တဲ့ လျှို့ဝှက်ချက်ကို သိထားတဲ့ လူတစ်ယောက်ကို မင်းရော အသက်ဆက်ရှင်ခွင့်ပေးထားနိုင်မှာလား”
“မင်း လောင်းကြေးထပ်ရဲလား”
ကျန်းချွမ်သည် ချန်ကျဲ့ကို စူးစိုက်ကြည့်နေခဲ့သည်။
ချန်ကျဲ့ တိတ်ဆိတ်နေခဲ့၏။
ငါ လောင်းကြေးထပ်ရဲပါ့မလား။
သူ တကယ်ကြီး လောင်ကြေးမထပ်ရဲပါချေ။ မည်သူကများ ထိုသို့ လောင်းကြေးထပ်ရဲပါမည်နည်း။
သို့သော် တစ်စုံတစ်ယောက်မှ သူ၏လျှို့ဝှက်ချက်ကို သိသွားရုံမျှနှင့် လူသတ်နှုတ်ပိတ်ခြင်းအထိ လွန်လွန်ကြူးကြူး လုပ်ဆောင်ရန် လိုအပ်ပါမည်လော။
ချန်ကျဲ့သည် မိမိမှာ ထိုမျှအထိ ရက်စက်လိမ့်မည်ဟု မထင်ပါချေ။ ထိုအစား ထိုညီနောင်ကိုပါ သူ၏ကိစ္စထဲ ဆွဲသွင်းလိုက်မည်ဖြစ်သည်။
“ငါ ပုန်ကန်သူတွေကို သံထည်ရောင်းခဲ့တယ်။ အဲ့တော့ ညီနောင် မင်းလည်း ငါနဲ့အတူ ရောင်းရမယ်”
သို့ဆိုလျှင် ခေါင်းဖြတ်ခံရမည့် ပြစ်မှုကြီးကို သူတို့နှစ်ဦးစလုံး ကျူးလွန်ပြီးဖြစ်သွား၍ လျှို့ဝှက်ချက် မဟုတ်နိုင်တော့ပေ။
တကယ်တမ်းတွင် ဤမေးခွန်းသည် ချန်ကျဲ့ကို အမှန်တကယ် ထိခတ်သွားခဲ့ပါ၏။
ချန်ကျဲ့သည် ဝင်ရိုးစွန်းနှစ်ဖက်တွင် ရပ်နေသူ မဟုတ်သောကြောင့် လောကကြီးကို အဖြူအမည်းဖြင့် မမြင်ပေ။
အတိအကျဆိုရသော် ဤလောကတွင် အမှားအမှန်ဟူ၍ မရှိပေ။ အကျိုးအမြတ်အတွက် တိုက်ခိုက်ခြင်းသာ ရှိ၏။
ဤလမ်းတစ်လျှောက်တွင် မိမိကိုယ်တိုင်လည်း အမြဲမှန်ကန်နေသည်ဟု ချန်ကျဲ့ မပြောရဲပေ။
အဘယ်ကြောင့်ဆိုသော် ယွီပင်းနှင့် ဖုန်းစန်း၏ အမြင်၌မူ သူသည် အမှန်တကယ် ဆိုးသွမ်းသူဖြစ်ပေသည်။
သူသည် သူတို့၏သားနှင့် ညီအစ်ကိုတို့ကို သတ်ဖြတ်ခဲ့သည်။
သူတို့ ငါ့ကို သတ်ချင်တာ မှားရဲ့လား။
မမှားပေ!
မိမိ၏သွေးသားအတွက် လက်စားချေခြင်းအမှုကို လျစ်လျူရှုထား၍ ရနိုင်ပါ၏လော။
သို့ဖြစ်ပါက အမှားသည် မည်သည့်နေရာတွင် တည်ရှိနေသနည်း။
အမှားသည် သက်ဆိုင်ရာ ရာထူးနေရာအဆင့်အတန်းများအတွက် အကျိုးအမြတ်ရယူရန် ပဋိပက္ခဖြစ်ပွားရခြင်းတွင် တည်ရှိသည်။
တကယ်တမ်းတွင် ဤလောက၌ အမှားအမှန်ဟူသည် မရှိပေ။ အကျိုးအမြတ်အတွက် ပဋိပက္ခများသာ တည်ရှိသည်။ ချန်ကျဲ့ကိုယ်တိုင်လည်း မိမိလုပ်ခဲ့သည့်အရာများမှာ အလုံးစုံ မှန်ကန်သည်ဟု အာမ,မခံနိုင်ပေ။ သူလုပ်နိုင်သည့်အရာမှာ ရှင်းလင်းပြတ်သားသည့် အသိတရားကို ထိန်းသိမ်းထားခြင်းသာ ဖြစ်သည်။
ကျန်းချွမ်ဘက်မှ ကြည့်သော် သူ မမှားယွင်းသည်လည်း နိုင်ကောင်း၏။
သို့သော် ကျန်းချွမ်သည် သူ၏ ညီနောင်ကောင်းကို သတ်ဖြတ်ခဲ့သည်ဖြစ်ရာ တန်းကွမ်းမင်အတွက် ချန်ကျဲ့ လက်စားချေရပေမည်။
သူ ရန်သူအပေါ် ဂရုဏာမထားနိုင်ပေ။
အကြောင်းမှာ ရန်သူ၏အခြေအနေသည် မည်မျှအထိ ဝမ်းနည်းဖွယ်ဆိုးရွားနေသည်ဖြစ်စေ ရန်သူသည် ရန်သူသာ ဖြစ်ပြီး သင်၏အသက်ကို နုတ်ယူလိုသူ ဖြစ်သည်။ ထို့ကြောင့်…
ချန်ကျဲ့သည် လှံရှည်ဖြင့် ကျန်းချွမ်ကို ရွယ်လိုက်ပြီး ပြောသည်။
“အဲဒီတော့ ခင်ဗျား ကျွန်တော်နဲ့ ပြန်လိုက်မှာလား”
ထိုအခါ ကျန်းချွမ်သည် သူ၏လက်ထဲရှိ ဓားကိုပင့်မြှောက်လိုက်ပြီး ရယ်မောသည်။
“ဟုတ်တာပေါ့။ ကောင်းခြင်းဆိုးခြင်းကို ပြောမယ်ဆိုရင် ငါက မင်းတန်ဖိုးထားရသူကို သတ်ခဲ့တာမို့ မင်းလက်စားချေချင်တယ်၊ တခြားဘာမှမရှိဘူးပဲ”
“ငါ့ကိုသတ်လိုက်ရင် မင်းရဲ့အစ်ကိုအတွက် လက်စားချေပေးလိုက်တာပဲ”
“ကျွန်တော် ခင်ဗျားကို သတ်မယ်။ ဒါက အသေအကြေတိုက်ပွဲပဲ”
“ထွီ ချန်ကျိုစစ်၊ ငါမင်းကို ကြည့်မရနေတာ ကြာပြီ။ လာ တိုက်ခိုက်လိုက်စမ်းပါ!”
ထိုစကားအဆုံး၌ ကျန်းချွမ်သည် ချန်ကျဲ့သို့ ဓားဦးတည်လိုက်သည်။
ကျန်းချွမ်သည် ခေါင်းဝန်းဓားဖြောင့်ကို ကိုင်ဆောင်ထား၏။ ၎င်းဓားသည် ထက်ရှသည့် ဓားသွားနှင့် ထက်ရှသည့် ဓားဖျားတစ်ဖက်သာ ပါဝင်သောဓားနှင့် ဆင်တူပေသည်။
၎င်းဓားသည် သုံးပေနှစ်လက်မနှစ်တစ်စိတ် ရှည်လျားပြီး အကြိမ်တစ်ရာသန့်စင်ထားသော သံမဏိမှ ကြိမ်ဖန်များစွာ ပုံစံသွင်းထု၍ သွန်းလုပ်ထားခြင်းဖြစ်သည်။