← Chapters

ချန်ကျဲ့ : သခင်မ၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါဦး

Vol. 22 Ch. 308

ချန်ကျဲ့ : သခင်မ၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါဦး

Vol. 22 Ch. 308

“အာ မင်းဘာလုပ်တာလဲ!”

အမျိုးသမီးမှ ဤသို့ ရူးရူးနှမ်းနှမ်းပြုမူလာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ပေ။ အားလုံးသည် ထိတ်လန့်သွားကြ၍ ကြောက်လန့်တကြား အော်ဟစ်ကြ၏။ ကျန်းချွမ်မှာ ကြောက်လွန်းသောကြောင့် ဓားကိုင်ထားသည့်လက်ကို ဖြေလျှော့လိုက်မိသည်အထိပင်။

သူ မသေချင်ပါ။ ထွက်ပြေးလွတ်မြောက်ချင်ရုံသာ ဖြစ်၏။

သို့သော်ငြား နန်ပါးထျန်း၏ဇနီးကို သတ်ခဲ့မိပါက မျန့်ရွှေစီရင်စုမှ လွတ်မြောက်နိုင်ခဲ့လျှင်ပင် အေးအေးချမ်းချမ်း မရှင်သန်နိုင်မည်ကို စိုးရိမ်ရသည်။ မဟုတ်ပေ။ လွတ်မြောက်ဖို့အကြောင်းကို လုံးဝ တွေးတောရန် မလိုအပ်တော့ပေ။

ကျန်းချွမ်သည် ဟွမ်ဝမ်အာကို မသတ်ချင်သော်ငြား ဟွမ်ဝမ်အာသည် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေခဲ့၏။

သို့ဖြင့် သူမ၏လည်ပင်းမှ ကျန်းချွမ်၏ဓားကို ထိလုနီးတွင် ကျန်းချွမ်သည် ကြောက်ရွံ့မှုကြောင့် ဓားကို ပြန်ရုတ်လိုက်သည်။

ထိုအခိုက်အတန့်၏ အခွင့်အရေးကို ချန်ကျဲ့သည် အမိအရဖမ်းဆုပ်ခဲ့သည်။

ဦးစွာ အေးစက်သော အလင်းတန်းတစ်ခု လက်သွားခဲ့ပြီးနောက်တွင် လှံရှည်တစ်စင်းသည် နဂါးတစ်ကောင်ကဲ့သို့ တစ်ဟုန်ထိုး ပျံသန်းသွား၏။

‎[မြစ်ရေပြင်ထက်က နေဝင်ချိန်၊ အထီးကျန်မှု အငွေ့အသက်တွေဟာ ‌တန်းတန်းမတ်မတ် အထက်ကိုပျံတက်သွားတယ်၊ မိုင်ထောင်ချီပျံသန်းတဲ့ ငန်းတွေဟာ မိတ်ဆွေဟောင်းကို အမှတ်ရလေတယ်၊ တတိယမြောက် လှံက ခွဲခွာခြင်းဖြစ်တယ်!]

ဒုတ်!

ရုတ်တရက် ပျံသန်းလာသည့် လှံရှည်သည် ကျန်းချွမ်၏လည်မျိုသို့ တိုက်ရိုက်ထိုးဖောက်သွားခဲ့သည်။

ဟွတ်…

လတ်ဆတ်သော သွေးစီးကြောင်းသည် ဟွမ်ဝမ်အာ၏ မျက်နှာသို့ လွင့်စင်ပက်ဖျန်းသွား၏။ အပြာရောင်သီလရှင်ဝတ်ရုံသည်လည်း သွေးများပြန့်ကျဲသွားသဖြင့် အနီရောင်ပြောင်းသွားတော့သည်။

ကျန်းချွမ်၏မျက်နှာမှာ အံ့ဩထိတ်လန့်နေ၏။ သူသည် မသေဆုံးမီတွင် ရေရွတ်နေခဲ့သေးသည်။

“ရူးနေတဲ့မိန်းမပဲ။ သူက သောက်ကျိုးနည်း တကယ် ရူးနေတာ!”

ကျန်းချွမ်၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း လဲကျသွားသည်။ ကျန်းချွမ်မှာ ချန်ကျဲ့၏လှံလက်နက်ဖြင့် အသက်နုတ်ခံလိုက်ရလေပြီ။

ယခုတွင် ကျန်းချွမ်နှင့် နီးသည့် ဟွမ်ဝမ်အာ၏ မျက်နှာတစ်ခြမ်းမှာ သွေးများဖုံးလွှမ်းနေသည်။ သို့ဖြင့် သူမ၏ မျက်နှာတစ်ခြမ်းမှာ နတ်သမီးတစ်ပါးအလား ဖြူစင်ရှင်းသန့်နေကာ ကျန်မျက်နှာတစ်ခြမ်းသည်တော့ မိစ္တာတစ်ကောင်အလား ညှို့ယူဖမ်းစားနိုင်စွမ်း၏။

၎င်းအသွင်အပြင်သည် ဟွမ်ဝမ်အာကို ပို၍ ထူးခြားကာ ဆွဲဆောင်မှုရှိစေသည်။

သူမသည် ထိုနေရာတွင် ရပ်၍ သူမ၏နောက်ရှိ ခန္ဓာကိုယ် ပြိုလဲသွားသံကို နားထောင်နေခဲ့သည်။ သူမ၏မျက်လုံးများသည်တော့ ချန်ကျဲ့ထံမှ အကြည့်မလွှဲပေ။

ဤအမျိုးသား၏ ပြတ်သားသော အပြုအမူသည် သူမကို အလွန်တရာ အံ့ဩထိတ်လန့်သွားစေခဲ့သည်။

ထို့ပြင် သူမ၏ပါးအနီးမှ လှံရှည်ဖြတ်သန်းသွားစဉ် ထိုခံစားချက်၏ သက်ရောက်မှု၊ နီးကပ်လာသည့် သေခြင်းတရား၏ ထိတ်လန့်မှုတို့သည် သူမကို ပြင်းပြင်းထန်ထန် ချောက်ချားသွားစေခဲ့၏။

သူမ၏ နားအနီးမှ ဖြတ်သန်းသွားသည့် လေသံ၊ သူမ၏ မျက်နှာထက်ရှိ ‌သတ္တုနံ့ရောပြွန်းနေသည့် သွေး၏ ခပ်နွေးနွေးအထိအတွေ့တို့မှာမူ ထူးခြားဆန်းကြယ်သော အာရုံခံစားချက်များဖြစ်၏။

သူမသည် မထိန်းချုပ်နိုင်စွာ တုန်ယင်မိရသည်။ သို့သော် ကြောက်ရွံ့မှုကြောင့် မဟုတ်ဘဲ စိတ်လှုပ်ရှားမှုကြောင့် ဖြစ်သည်။

ထုံကျင်နေခဲ့သော သူမ၏ နှလုံးသားသည် ထိုအခိုက်အတန့်တွင် ထူးဆန်းစွာ ပြန်လည်ခုန်လှုပ်လာခဲ့သည်။

ဒုတ် ဒုတ်…

သူမ၏ နှလုံးခုန်နှုန်း မြန်လာသည်ကို ခံစားလိုက်ရသည်တွင် ဟွမ်ဝမ်အာသည် နောက်ဆုံးတော့ အသက်ရှင်ပြီဟု ခံစားလိုက်ရ၏။

သူမသည် တုန်ယင်နေ၏။ သူမသည် နှုတ်ခမ်းတို့မှာ တောင့်တင်းစွာဖြင့် အပြုံးတစ်ခု ဖြစ်တည်လာသည်။ သူမ ပြုံးရယ်ခြင်း မရှိခဲ့သည်မှာ အလွန်ကြာမြင့်နေပြီ‌ဖြစ်သောကြောင့် ပြုံးရယ်နည်းကို မေ့လျော့သွားသဖြင့် အလွန်တရာ တောင့်တင်းနေခဲ့သည်။

သို့သော် လက်ရှိအချိန်တွင်တော့ သူမ အမှန်တကယ် ပြုံးရယ်လိုခြင်းဖြစ်သည်။

နတ်ဘုံကိုးဆင့်ကို ရောက်သွားသလို စူးစမ်းချင်စရာ ခံစားချက်ပါလား။

သူမသည် ချန်ကျဲ့ကို အကြည့်မလွဲတမ်း ကြည့်နေသည်။ သူမ၏ အကြည့်များသည် ခိုင်မာ၏။

သူမသည် သူမ၏ရှေ့ရှိ အမျိုးသားကို ပြုံးပြနေခဲ့သည်။

ချန်ကျဲ့သည်တော့ လုံးဝ မတူညီသည့် တစ်စုံတစ်ရာကို ခံစားလိုက်ရသည်။

ခုနက ချန်ကျဲ့သည် လှံရှည်ကို ပစ်လွှတ်ခဲ့သည်။ ချန်ကျဲ့၏ရှုထောင့်အရ ခေါင်းဆောင်နန်၏ ဇနီးဖြစ်သူ၏ မျက်နှာလှလှလေးမှ ဖြတ်သန်းပစ်လွှတ်ခြင်းသည် လူသတ်ရန် အကောင်းဆုံးရှုထောင့်ဖြစ်သည်။ ၎င်းမှာ ကျန်းချွမ်ကို သတ်ရန် အကောင်းဆုံးရှုထောင့်ဖြစ်ခဲ့၏။

သို့ဖြင့် သူ ပြတ်ပြတ်သားသား ပြုမူခဲ့သည်။

ရလဒ်သည်လည်း သူစိတ်ကူးထားသည့်အတိုင်း ကောင်းမွန်ခဲ့သည်။

လှံရှည်သည် အမျိုးသမီး၏ လှ‌ပသော ပါးပြင်ဘေးမှ ဖြတ်သန်းသွားခဲ့ပြီးနောက် ထိုးစိုက်မှုတစ်ချက်သည် ပြီးပြည့်စုံစွာ အသက်နုတ်နိုင်ခဲ့သည်။

သို့သော် အမျိုးသမီး၏ အမြင်မှကြည့်သော် ၎င်းသည် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။ သေခြင်းတရားသည် သူမ၏ဘေးမှ ဖြတ်ပြေးသွားသလို ခံစားလိုက်ရမည် မဟုတ်ပေလော။

သို့ဖြင့် သူမသည် တုန်ယင်နေလေသည်။ သေချာပေါက် ကြောက်သွားလောက်၏။

ထို့ပြင် သူမ၏မျက်နှာပေါ်သို့လည်း သွေးများလွင့်စင်ပေကျံကုန်သေးသည်။

ဒီလိုဖြစ်ရပ်က သာမန်မိန်းကလေးတစ်ယောက်အတွက် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ။ သေချာပေါက် လွယ်လွယ်မေ့ဖျောက်မရနိုင်တဲ့ အိပ်မက်ဆိုးကြီး ဖြစ်သွားလိမ့်မှာပဲ။

တကယ့်ကို အိပ်မက်ဆိုးဖြစ်သွားပြီပဲ။

ဒီအမျိုးသမီးကို ကြည့်ပါဦး။ အရမ်းကြောက်လွန်းလို့ ငါ့ကို အတင်းပြုံးပြနေရှာတယ်။

ပြီးတော့ ကျောချမ်းစရာကောင်းလောက်အောင် ပြုံးပြနေတာ။

ပတ်ဝန်းကျင်တစ်ခွင်ရှိ မီးအလင်းရောင်များအောက်၌ သူမသည် လှပသည့်တိုင် အနည်းငယ် ချောက်ချားဖွယ်အသွင်ဖြစ်နေသည်…

“သခင်မ သခင်မ!”

နောက်ဆုံးတွင်တော့ အစေခံမိန်းကလေးသည် တုံ့ပြန်နိုင်လာလေပြီ။ သူမသည် ဟွမ်ဝမ်အာထံ အပြေးသွားရင်း စိုးရိမ်တကြီး အော်ခေါ်နေသည်။

တစ်ချိန်တည်းတွင် ဆရာတော်ကျီရှန်းသည်လည်း ‌ဟွမ်ဝမ်အာအနီးသို့ သွားလိုက်ပြီး ခေါင်းဆောင်နန်၏ဇနီးဟွမ်ဝမ်အာအား စိုးရိမ်ပူပန်စွာ ကြည့်ရှုသည်။

ဟွမ်ဝမ်အာလည်း နောက်ဆုံးတွင်တော့ အသိပြန်ဝင်လာခဲ့သည်။ သူမ၏ မျက်နှာမှာ အနည်းငယ် ပန်းရောင်သန်းနေ၏။

အစေခံမိန်းကလေး၏ ကြိမ်ဖန်များစွာ ခေါ်သံအောက်တွင် နောက်ဆုံး‌တွင်တော့ ဟွမ်ဝမ်အာမှ ပြောလာသည်။

“ငါအဆင်ပြေတယ်“

“ဒါပေမဲ့ သခင်မ၊ သခင်မရဲ့မျက်နှာမှာ သွေးတွေပေကျံနေတယ်”

ထိုအခါ ဟွမ်ဝမ်အာမှ ပြောသည်။

“အဲဒါက သူခိုးရဲ့သွေးတွေ၊ ငါ့သွေးမဟုတ်ဘူး”

ထိုစကားတွင် အစေခံမိန်းကလေးသည် ရုတ်တရက် တုံ့ပြန်လာ၏။ သူမသည် တစ်ဖက်သို့ ခေါင်းလှည့်လိုက်ကာ ချန်ကျဲ့ကို ဒေါသတကြီးကြည့်၍ ပြောသည်။

“ရှင် ရှင်ဘာတွေတွေးနေတာလဲ။ ခုနက အရမ်းအန္တရာယ်များတာ သိရဲ့လား။ ရှင် ဘယ်လိုတောင် လှုပ်ရဲရတာလဲ။ ရှင် သခင်မကိုသာ ထိခိုက်မိသွားခဲ့ရင် ဘယ်လိုလုပ်မလဲ!”

အစေခံမိန်းကလေးမှ ဒေါသတကြီးပြောသည်။ ခုနက ချန်ကျဲ့၏လုပ်ဆောင်မှုတွင် အမှားတစ်စုံတစ်ရာဖြစ်သွားခဲ့ပါက ဤနေရာရှိလူအားလုံးမှာ အတူတူ မြှုပ်နှံခံရလိမ့်မည် ဖြစ်ပေသည်။

မျန့်ရွှေစီရင်စု နံပါတ်တစ်ကုန်သည်အဖွဲ့ခေါင်းဆောင်၏ ဇနီးမှာ အပြစ်ပြုဖို့ရာ လွယ်ကူပါ၏လော။ အမှားတစ်စုံတစ်ရာဖြစ်သွားခဲ့ပါက အသက်ဖြင့် ပြန်ပေးဆပ်ရမည်ဖြစ်သည်။

ထို့ကြောင့် အစေခံမိန်းကလေးသည် ထိတ်လန့်တုန်လှုပ်နေခဲ့သည်။ အမှန်တကယ် ထိတ်လန့်တုန်လှုပ်လျက် မတည်ငြိမ်နိုင်ဘဲ ဖြစ်နေသည်။ သို့ဖြင့် သူမမှာ မိမိ၏ကြောက်ရွံ့ထိတ်လန့်မှုနှင့် စိုးရိမ်ပူပန်မှုများကို ဖွင့်ထုတ်ပစ်ရန်သာ တတ်နိုင်ပေသည်။

ချန်ကျဲ့သည် ဘာမျှမပြောပေ။ ဟွမ်ဝမ်အာမှ ပြော၏။

“သုကျွမ်း ပါးစပ်ပိတ်ထား။ ဒီလူကြီးမင်းက ငါ့ကို ကယ်တင်ပေးခဲ့တာကို မင်းက ဘာလို့ သူ့ကို မေးခွန်းထုတ်နေရတာလဲ!”

သုကျွမ်းမှ ပြန်ပြောသည်။

“သခင်မ ခုနက သေလုနီးပါး ဖြစ်ခဲ့ရတာလေ!”

ဟွမ်ဝမ်အာမှ ပြောသည်။

“ဘာလဲ။ မင်းက ငါ့စကားကို နားမထောင်တော့ဘူးလား”

ထိုအခါ သုကျွမ်းသည် ချက်ချင်း ခေါင်းငုံ့သွား၏။ သူမသည် အစေခံနှင့် သခင်ကြားရှိ ရာထူးအဆင့်ကို ‌အပြစ်မပြုဝံ့ပါချေ။

ချန်ကျဲ့သည်လည်း မိမိမှာ ခေါင်းဆောင်နန်၏ဇနီးကို ထိတ်လန့်သွားစေခဲ့သည်ဟု ခံစားနေရ၏။ ထို့ကြောင့် ချန်ကျဲ့ ပြောလိုက်သည်။

“သခင်မ ခုနက ကိစ္စတွေက အလျင်လိုနေခဲ့တာမို့လို့ ကျွန်တော် များများစားစား မစဉ်းစားလိုက်မိဘူး။ အကယ်၍များ ကျွန်တော် သခင်မကို ‌အပြစ်ပြုမိခဲ့ရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

ဟွမ်ဝမ်အာမှ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ပြောသည်။

“မဟုတ်ပါဘူး။ ကျွန်မ အဆင်ပြေပါတယ်။ လူကြီးမင်းက ကျွန်မကို ကယ်တင်ဖို့ အချိန်ကိုက်လုပ်ဆောင်ခဲ့တာပဲ။ ကျွန်မက ရှင့်ကို ကျေးဇူးတင်သင့်တာပါ”

ချန်ကျဲ့ အမြန်ပြောလိုက်သည်။

“မခံယူဝံ့ပါဘူး မခံယူဝံ့ပါဘူး”

ဟွမ်ဝမ်အာသည် ခပ်ဖျော့ဖျော့ပြုံးနေ၏။

“လူကြီးမင်း၊ ရှင်က အရမ်းနှိမ့်ချတတ်တာပဲ။ ဒါနဲ့ ကျွန်မ ရှင့်ရဲ့နာမည်ကို မသိရသေးဘူး။ ကျွန်မ သိခွင့်ရှိမလား”

“ကျားဖြူခန်းမရဲ့ ချန်ကျိုစစ်ပါ”

“ကျားဖြူခန်းမ အိုး ဦးလေးဖန်းရဲ့အိမ်ကပဲ”

ဦးလေးဟူသည် အထက်ဦးလေးကို ခေါ်ဆိုရခြင်းဖြစ်သည်။ ညီဖြစ်သူ၏ဇနီးသည် အစ်ကိုကြီးဟု ခေါ်ရမည်ဖြစ်၏။

ချန်ကျဲ့ ချက်ချင်းပြောလိုက်သည်။

“ဟုတ်ပါတယ် သခင်မ။ အချိန်လည်း နောက်ကျနေပြီ။ ကျွန်တော် သခင်မရဲ့ ငြိမ်သက်အေးချမ်းမှုကို နှောင့်ယှက်လိုက်မိပါတယ်။ ကျွန်တော်တို့ တောင်းပန်ဖို့အတွက် နောက်ရက်မှ လာခဲ့ပါဦးမယ်။ အခုတော့ သွားလိုက်ပါဦးမယ်”

ဟွမ်ဝမ်အာသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး ပြောသည်။

“တောင်းပန်ဖို့လာမယ်တဲ့လား။ မင်း ငါ့ကို လှည့်စားဖို့ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်”

ချန်ကျဲ့မှ ပြောသည်။

“ကျွန်တော် မလုပ်ရဲပါဘူး”

“ကောင်းပြီ။ ငါ မင်းရောက်လာတာကို စောင့်နေမယ်။ ဒါပေမဲ့ မင်းရောက်မလာရင်တော့ ငါ မင်းကို လာရှာရလိမ့်မယ်”

စာစဉ်ပြီး၏

All Chapters