စူးချင်း အတင်းအကျပ် ဖိအားပေးခံနေရတယ်
Vol. 32 Ch. 466
စူးချင်းတစ်ယောက် သူမ၏ ချစ်လှစွာသော အဖိုးတန်မိခင်ကို ကြည့်နေရင်း ဘာပြောရမှန်း မသိဖြစ်သွားကာ ကူကယ်ရာမဲ့ ဖြစ်သွားရပြန်သည်။
“အမေ၊ သမီးတို့ ဘာမှ မဖြစ်သေးပါဘူး။ အမေ မဟုတ်တာတွေ လျောက်စဉ်းစားမနေပါနဲ့တော့!"
ယန်ရူရွှယ်က သမီးဖြစ်သူ၏အမူအရာကို အကဲခတ်နေရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။
"အဲဒါ ကောင်းတယ်။ အဲ့လိုမျိုးသာ တကယ်ဖြစ်နေလို့ သမီး အလောတကြီး လက်ထပ်လိုက်ရရင် ခင်ပွန်းရဲ့မိသားစုက သမီးကို အလေးအနက်ထားမှာ မဟုတ်တော့ဘူး"
“ဟုတ်ကဲ့... သမီး နားလည်ပါတယ်”
စူးချင်းတစ်ယောက် သူမကိုယ်သူမ မကူနိုင် မကယ်နိုင်ဖြစ်နေချိန်တွင် သူမကို ကူညီမည့်သူတစ်ယောက် ရောက်ရှိလာခဲ့သည်။ ရှောင်ချန်က အိမ်ထဲသို့ ပြေးဝင်လာပြီး အစ်မဖြစ်သူကို မျက်လုံးဝိုင်းဝိုင်းလေးနှင့် လှမ်းကြည့်နေလေသည်။ ထို့နောက် သူက သူ့နှုတ်ခမ်းလေးကို စူထော်လိုက်ပြီး ရှောင်ချီကို ပြန်ပေးရန် တောင်းဆိုလာခဲ့သည်။ စနစ်ထဲမှ ရှောင်ချီက ကြောက်ရွံ့တုန်လှုပ်နေပြီး တိုးတိုးလေး တောင်းပန်နေခဲ့သည်။
“သခင်၊ ကျေးဇူးပြုပြီး ရှောင်ချီကို ရှောင်ချန်နဲ့မထားခဲ့ပါနဲ့နော်”
ရှောင်ချီ၏ကြောက်ရွံ့မှုကို ခံစားနိုင်သောကြောင့် စူးချင်းက သူမ၏မောင်လေးကို ပွေ့ချီရင်း ပြန်ဖြေလိုက်သည်။
"ရှောင်ချန်၊ ရှောင်ချီက မော့ချန်မှာ ကျန်နေခဲ့တယ်ဦ အစ်မ သူ့ကို ပြန်မခေါ်လာမိဘူး”
“အစ်မက တော်တော်ဆိုးတာပဲ၊ ရှောင်ချီကို ပြန်မခေါ်လာဘူး”
ရှောင်ချန်က မပျော်မရွှင် ဖြစ်နေပြီး သူ့နှုတ်ခမ်းလေးကို စူထားကာ ဒေါသမျက်ဝန်းလေးများဖြင့် စူးချင်းကို စိုက်ကြည့်နေလေသည်။ ထိုအကြည့်လေးများက စူးချင်းကို ရယ်မောစေခဲ့ပြီး စူးချင်းက သူ့မျက်နှာလေးကို နမ်းနေရင်း ပြန်ပြောလိုက်သည်။
"ရှောင်ချန် ကြီးလာရင် ရှောင်ချီ ပြန်လာမှာပေါ့"
စနစ်ထဲမှ ရှောင်ချီက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမ၏သခင်ကို မြှောက်ပင့်နေပြန်သည်။
"သခင်၊ သခင်က အရမ်းတော်တာပဲ"
စူးချင်းက ရှောင်ချီ၏အသံကို ကြားလိုက်သောကြောင့် ထပ်ရယ်လိုက်ပြန်သည်။
ရှောင်ချန်က ရှောင်ချီကို ဘာတွေလုပ်ခဲ့တာလဲ? ရှောင်ချီ ဘယ်လောက်တောင် ကြောက်နေလဲဆိုတာ ကြည့်လိုက်စမ်းပါဦး။
"ဒါဆို ရှောင်ချန် မြန်မြန်ကြီး လာမယ်"
ရှောင်ချန် ကြီးပြင်းလာချိန်မှ ရှောင်ချီ ပြန်လာမည်ဟူသော စကားကို ကြားလိုက်ရချိန်တွင် ရှောင်ချန်က သူ၏ခန္ဓာကိုယ်တုတ်တုတ်လေးကို တွန့်လိမ်ကာ စူးချင်း၏လက်ထဲမှ ရုန်းထွက်လိုက်ပြီး အောက်ပြန်ဆင်းရန် ပြင်နေခဲ့သည်။ စူးချင်းက သူ့မ၏မောင်လေး ဘာလုပ်ချင်သည်ကို မသိသောကြောင့် သူ့ကို အောက်သို့ ချပေးလိုက်သည်။ အောက်သို့ ရောက်သွားသည်နှင့် တပြိုင်နက် ရှောင်ချန်က အပေါ်အောက် ခုန်နေသည်ကို သူမ တွေ့လိုက်ရသည်။ သို့သော် သူက အရမ်းဝနေသည့်အပြင် မခုန်တတ် ခုန်တတ်နှင့် ခုန်နေသောကြောင့် ခဏတာအတွင်း သူပင်ပန်းနွမ်းနယ်သွားပြီး မောဟိုက်သွားတော့သည်။
"ရှောင်ချန် ဘာလုပ်နေတာလဲ?"
"ရှောင်ချန် မြန်မြန် ကြီးလာချင်လို့"
ရှောင်ချန်တစ်ယောက် မောပန်းလွန်းသောကြောင့် အသက်ရှုမဝ ဖြစ်နေပြီး သူက လေ့ကျင့်ခန်းလုပ်ရသည်ကို မကြိုက်သည့်တိုင် ရှောင်ချီကို တွေ့နိုင်ရန် ဆက်ခုန်နေပြန်သည်။
"ကောင်းတယ်၊ ဆက်ခုန်"
သူမ မောင်လေး၏ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသော အမူအရာလေးများက စူးချင်းကို အလွန်ပျော်ရွှင်စေခဲ့သည်။
ကလေးတွေက စိတ်ပျော်ရွှင်စေတဲ့ အကောင်းဆုံးဆေးပဲ။
ယန်ရူရွှယ်က ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေသည့် သူမ၏ကလေးများကို ကြည့်နေပြီး သူမ၏မျက်နှာတွင် အပြုံးများ ဝေနေခဲ့သည်။
သူမရဲ့သမီးလေးသာ နေ့တိုင်း အိမ်မှာ ရှိနေမယ်ဆိုရင်......
ထိုအတွေးကို တွေးမိသွားချိန်တွင် သူမ၏အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စူးချင်းကို နှမြောတသစွာ ကြည့်နေပြန်သည်။
ကံမကောင်းစွာနဲ့ပဲ သူမရဲ့သမီးလေးက စွန်လေးတစ်စင်းနဲ့ တူတယ်။ သူမက အဝေးကိုပဲ ဆက်လက် ပျံသန်းသွားခဲ့ပြီး စွန်ကြိုးဖြစ်တဲ့ သူမရဲ့လက်ထဲမှာ ဘယ်တော့မှ မရှိခဲ့ဘူးလေ။
အခု သူမရဲ့သမီးလေး အိမ်ထောင်ပြုတော့မယ်၊ အဲ့ဒါဆိုရင် မိသားစုဆီကို ပြန်လာမယ့်အချိန်က ပိုနည်းသွားတော့မှာ သေချာတယ်။
ယန်ရူရွှယ်က သူမ၏သမီးလေး လက်ထပ်တော့မည်ကို နှမြောတသ ဖြစ်နေချိန်တွင် ရှောင်းကျဲယွိက ဧည့်ခန်းမထဲတွင် နာခံမှုအပြည့်ဖြင့် ထိုင်နေပြီး သူ့အဘိုးက သူ့ယောက္ခမအား သူနှင့် စူးချင်းတို့၏ လက်ထပ်ပွဲအတွက် သဘောတူပေးရန် ဖြားယောင်းသွေးဆောင်နေသည်ကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့သည်။
ချင်ဖုန်းက ပင်မထိုင်ခုံတွင် ခပ်မတ်မတ် ထိုင်နေရင်း နှစ်ပေါင်းများစွာ အရာရှိ တာဝန်ကို ယူခဲ့ပြီး တခြားသူများအပေါ် နှစ်ပေါင်းများစွာ လွှမ်းမိုးနိုင်ခဲ့သည့် သူ့၏လျှာကို အသုံးပြုကာ စူးဟန်ရွှမ်ကို ဆွဲဆောင်ရန် ကြိုးစားနေခဲ့သည်။
“ဒီလရဲ့နှစ်ဆယ့်ကိုးရက်နေ့က အရမ်းကောင်းတဲ့နေ့လို့ မသေမျိုးဆရာကြီးက ဟောကိန်းထုတ်ခဲ့တယ်။ သူတို့ အဲ့နေ့မှာ မင်္ဂလာပွဲကျင်းပရင် ယွိအာရဲ့ ကြီးမြတ်တဲ့ ရည်မှန်းချက်တွေ အောင်မြင်ပြီး ချင်းအာက တိုင်းပြည်ရဲ့မိခင် ဖြစ်လာလိမ့်မယ်။ ဒီရက်ကောင်းရက်မြတ်ကို လွဲချော်သွားရင် ကမောက်ကမတွေ ဖြစ်လာပြီး အောင်မြင်ဖို့ ခက်ခဲစေလိမ့်မယ်”
ရှောင်းကျဲယွိ၏ ရည်မှန်းချက်များ အောင်မြင်မည်ဟု ကြားလိုက်ရချိန်တွင် စူးဟန်ရွှမ်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
သူရဲ့သမီးက တိုင်းပြည်ရဲ့မိခင် ဖြစ်လာမှာတဲ့လား? အဲဒါ တိုင်းသူပြည်သားတွေ အားလုံးရဲ့မိခင်၊ ဧကရီ ဖြစ်လာမယ်လို့ ပြောနေတာ မဟုတ်ဘူးလား?
ဒီလိုမျိုး အခွင့်အရေး…
ဒါဆိုရင်တော့ သူက သူ့သမီးလေးရဲ့ တောက်ပတဲ့အနာဂတ်ကို နှောင့်နှေးအောင်လုပ်လို့ မဖြစ်ဘူး။ ပြီးတော့ ရွှေရှန့်ရဲ့အဖိုး ကိုယ်တိုင် လာရောက်တောင်းရမ်းတာဆိုတော့ သူတို့ဘက်ကလည်း မျက်နှာသာပေးရတော့မယ်။
ဒါပေမယ့်လည်း သူ သူ့သမီးလေးနဲ့ မခွဲခွာချင်သေးဘူး။ သူတို့ ပြန်ဆုံပြီးကတည်းက အတူတူ ရှိနိုင်တဲ့အချိန်တွေ တဖြည်းဖြည်း နည်းလာပြီး တစ်ခါတစ်ခါ တွေ့နိုင်ဖို့ကို အကြာကြီး စောင့်ဆိုင်းနေခဲ့ရတယ်။ အခု သူတို့ လက်ထပ်တော့မှာဆိုရင်တော့ သမီးလေးနဲ့ တွေ့နိုင်ဖို့က ပိုပြီးတောင် ခက်ခဲသွားဦးမယ်။ တစ်နေ့ သူတို့ နန်းတော်ထဲကို ဝင်သွားနိုင်ရင် ဘုရင်မင်းမြတ်နဲ့ လက်အောက်ငယ်သားတွေရဲ့ ဆက်ဆံရေးမျိုးတောင် ဖြစ်သွားနိုင်သေးတယ်။
စူးဟန်ရွှမ် မည်သို့ပင် တွန့်ဆုတ်နေစေကာမှု နောက်ဆုံးတွင် သူ့သမီးလေး၏ကောင်းကျိုးအတွက် ဖြစ်နေသောကြောင့် သူ ခေါင်းညိတ် သဘောတူလိုက်ရသည်။
"ကျွန်တော် လူကြီးမင်းချင်ရဲ့ အစီအစဥ်တွေကို နားထောင်ပါ့မယ်၊ ချင်းအာနဲ့ ယွိအာကို နှစ်ဆယ့်ကိုးရက်နေ့မှာ လက်ထပ်ခွင့်ပေးမှာပါ"
သူ့ယောက္ခမက သဘောတူလိုက်ကြောင်း ကြားလိုက်ရမှသာ ရှောင်းကျဲယွိ၏ တင်းမာသောနှလုံးသားလည်း ပြေလျော့သွားခဲ့သည်။ သူက ချက်ခြင်း မတ်တပ်ထရပ်လိုက်ပြီး သူ့၏ဝတ်ရုံစကို မတင်ကာ ယောက္ခမဖြစ်သူကို အရိုအသေပေးရန် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။
"ကျေးဇူပြုပြီး သားမက်ရဲ့အရိုအသေကို လက်ခံပေးပါဦး"
သူ သတို့သား ဖြစ်လာတော့မည့်အတွက် ရှောင်းကျဲယွိတစ်ယောက် ရွှင်မြူးနေပြီး သူ့အသံမှာပင် ဝမ်းသာနေသည့် အရိပ်အငွေ့များ ပြည့်လျှံနေလေသည်။
“ငါ့သမက်လေး၊ မြန်မြန်ထပါ”
စူးဟန်ရွှမ်ကလည်း အမြန် ထရပ်လိုက်ပြီး ရှောင်းကျဲယွိရှေ့သို့ အမြန်တိုးသွားကာ သူ့လက်နှစ်ဖက်ဖြင့် ထူမပေးလိုက်သည်။
တာအိုဘုန်းကြီး ပြောတဲ့အတိုင်းဆိုရင် သူ့သားမက်က ကမ္ဘာကြီးကို အုပ်စိုးနိုင်လိမ့်မယ်။ ဆိုလိုတာက သူက ဧကရာဇ် ဖြစ်လာမယ့်သူ။ ယောက္ခမတောင်မှ ဧကရာဇ်မင်းမြတ်ကို မြင်ရင် ဒူးထောက်ရမှာလေ။ အခု သူက ဘယ်လိုလုပ်ပြီး သူ့သားမက် အရိုအသေပေးတာကို လက်ခံရဲတော့မှာတုန်း။
မင်္ဂလာပွဲကျင်းပမည့်ရက်ကို အတည်ပြုလိုက်ပြီ ဖြစ်သောကြောင့် နောက်ရက်များတွင် နှစ်ဖက်စလုံးက အသည်းအသန် ပြင်ဆင်မှုများ စတင်ကြရတော့သည်။ ပြင်ဆင်ချိန်တိုတောင်းပြီး အလျင်စလို ပြင်ဆင်နေကြရသော်လည်း လိုအပ်မှုမရှိဘဲ အခမ်းနားဆုံး ဖြစ်အောင် ပြင်ဆင်နေခဲ့ကြသည်။
လက်ထပ်ခါနီးတွင် သတို့သားနှင့် မတွေ့ဆုံရဟူသော ဓလေ့ကြောင့် စူးချင်းလည်း ရှောင်းကျဲယွိနှင့်ပင် တွေ့ခွင့်မရတော့ပေ။ မိန်းကလေးများ မဖြစ်မနေ သိရမည့် ကိုယ်ကျင့်တရားများကို သင်ကြားရန် ဟူသော အကြောင်းပြချက်ဖြင့် သူမ၏မိခင်က သူမကို အတွင်းဆောင်တွင် အကျဉ်းချထားပြီး ဆိုးရွားစွာ နှိပ်စက်ခံနေခဲ့ရသည်။ လွမ်ဟုန်လည်း အမျိုးသမီးကျင့်ဝတ်များကို သင်ယူရန် တွန်းအားပေးခံနေရသည်။
ယန်ရုပင်းကလည်း ယခင်က သူမ၏သမီးကို ငယ်သေးသည်ဟု အမြဲတွေးထင်နေကာ ဘာမှ မသင်ကြားပေးဘဲ အမြဲလျစ်လျူရှုထားခဲ့သည်။ ယခု လွမ်ဟုန်က ကျန်းကျင့်လင်းနှင့် စေ့စပ်လိုက်ပြီဖြစ်သောကြောင့် ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ သူမ၏သမီးလေးကို အတွင်းခန်းထဲ၌ ပိတ်လှောင်ထားခဲ့သည်။
လွမ်ဟုန်လည်း စူးချင်းကဲ့သို့ သူမ၏မိခင်ထံမှ နှိပ်စက်ခံနေရပြီး လွန်ဟုန်က အထူးသဖြင့် ပုန်ကန်တတ်သူ ဖြစ်သည်။ သူမက သူမ မင်္ဂလာရက် ဝေးနေသေးသည်ကို အကြောင်းပြကာ အလုပ်သွားရန် အတင်းအကြပ် တောင်းဆိုနေခဲ့သည်။
ထို့အပြင် သူမကို အိမ်ထဲ၌ ပိတ်လှောင်ထားသောကြောင့် သူမ ကျန်းကျင့်လင်းကိုလည်း တွေ့ခွင့်မရတော့ပေ။ သူတို့နှစ်ဦးက လတ်တလောမှ တွေ့ဆုံခဲ့ကြပြီး နွေးထွေးသော ချစ်ခြင်းတစ်ခု စတင်နေကြချိန် ဖြစ်သည်။ ယခုလိုအချိန်မျိုးတွင် တစ်ရက်တာ ဝေးနေရခြင်းက ဆောင်းဦးပေါက် သုံးကြိမ်စာ ဝေးကွာနေရသလို ခံစားရစေသည်။
ရှောင်ချန်ကတော့ နေ့တိုင်းနေ့တိုင်း ပြေးလွှားခုန်ပေါက်နေပြီး သူ့အစ်မဆီသို့ ရောက်လာလေ့ရှိသည်။ သူ့၏ ပျင်းရိခြောက်ကပ်ဖွယ်ဘဝကြီးတွင် ထိုအချိန်များက ပျော်ရွှင်ရသောအချိန်များဟု ယူဆနိုင်ပေသည်။ စူးချင်းကလည်း ဤခက်ခဲလွန်းလှသော ရှစ်ရက်တာကာလကို ကျော်ဖြတ်ရန် ချစ်စဖွယ်ကောင်းလှသည့် သူမမောင်လေး၏ ကလေးဆန်ဆန် အမူအရာလေးများကို ကြည့်ရင်း အားတင်းနေခဲ့ရသည်။
သူမရဲ့အမေက ဘာကြောင့် မိန်းခလေးတွေရဲ့ကျင့်ဝတ်တွေကို ဒီလောက် စွဲလန်းနေမှန်း သူမလည်း မသိတော့ဘူး။ သူမရဲ့အမေက ဘာကြောင့် သူမကို ဒီလောက် စိတ်မချဖြစ်နေရတာတုန်း။ သူမ အဲ့ဒီကိုယ်ကျင့်တရားတွေကို ကောင်းကောင်း မလေ့လာနိုင်ရင် ရွှေရှန့်က သူမကို အထင်သေးလိမ့်မယ်လို့ သူမရဲ့အမေက ခံစားနေရတာလား?
အတင်းအကျပ် ဖိအားပေးခံရသည့် ခုနစ်ရက်မြောက်နေ့တွင် စူးချင်းက မည်သည့်အရာကိုမျှ ဆက်မသင်နိုင်တော့ဘဲ အပြင်းအထန် ငြင်းဆန်တော့သည်။
“အမေ၊ သမီး မနက်ဖြန် လက်ထပ်ရတော့မယ်။ ဒီနေ့ ကောင်းကောင်း အနားယူလိုက်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် သမီး အဲ့ရှုပ်ထွေးတဲ့ ကျင့်ဝတ်တွေကို မမှတ်မိတော့ဘဲ ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး”
စူးချင်းက ရှေးခေတ်မှ အမျိုးသမီးများကို ချည်နှောင်ထားသည့် ဤစည်းမျဉ်းစည်းကမ်းများကို အလွန် မုန်းတီးနေပြီ ဖြစ်သည်။
သူမရဲ့အမေက သူမကို နောက်တစ်ကြိမ် သင်ယူခိုင်းရင် သူမ ဒီည ရွှေရှန့်ကို သွားတွေ့လိုက်တော့မယ်။
ပြီးရင် သူမ ဒီစည်းမျဥ်းတွေကို မလေ့လာနိုင်ရင် သူက သူမကို လက်မထပ်တော့ဘူးလားလို့ ရွှေရှန့်ကို သွားမေးပစ်မယ်။
"ကောင်းပြီ၊ တစ်ရက်တော့ နားကြရအောင်"
ယန်ရူရွှယ်ကလည်း သမီးဖြစ်သူ၏ စိတ်ပိုင်းဖြတ်ထားသော အမူအရာကို မြင်နိုင်သောကြောင့် ယနေ့သင်ခန်းစာကို စွန့်လွှတ်လိုက်ရတော့သည်။ သို့သော်လည်း သမီးဖြစ်သူအား ယောက္ခမကို လေးလေးစားစား ဆက်ဆံတတ်အောင် မသင်ပေးရသေးသည့်အတွက် အနည်းငယ် နောင်တရနေသေးသည်။
ရွှေရှန့်မှာ မိဘတွေ မရှိတော့ဘူးဆိုပေမယ့် သူ့ရဲ့ဆရာဦးလေး ရှိနေသေးတယ်။
ရန်ရူရွှယ်က သူမ၏သမီးကို သင်ပေးရန် လိုအပ်နေသေးသည်ဟု ခံစားမိသည့်အတွက် စူးချင်းကို ထပ်ပြောလိုက်သေးသည်။
“ဒါဆို သမီး အမေ အခု ပြောတာတွေကို နားထောင်ရမယ်…”
"အမေ၊ နောက်ထပ် စကားတစ်ခွန်း ထပ်တာနဲ့ သမီး အခု ထွက်ပြေးတော့မှာနော်"
စူးချင်း အမှန်တကယ် သည်းမခံနိုင်တော့ဘဲ သူမ၏အသံက အေးစက်လာကာ အမှန်တကယ် ထရပ်ပြီး အပြင်သို့ ထွက်ပြေးရန် ပြင်ဆင်နေပြီ ဖြစ်သည်။
“အမေ မပြောတော့ဘူး။ ဒါပေမယ့် သမီးရဲ့ဒေါသကိုတော့ လျော့ရမယ်၊ ဘာလို့ ဒီလောက် လွယ်လွယ်လေးနဲ့ ဒေါသထွက်လာရတာလဲ?"
ယန်ရူရွှယ်က သူမ၏သမီးကို ကမန်းကတန်း ချော့မော့လိုက်သော်လည်း တစ်ချိန်တည်းမှာပင် ဆိုဆုံးမနေသည့်လေသံက ထွက်လာနေသေးသည်။
စူးချင်း၏ စိတ်မရှည်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သောကြောင့် မိခင်ဖြစ်သူကို မောက်မောက်မာမာ ပြန်ပြောမိသွားခဲ့သည်။
"သမီးက ဘယ်သူ့အတွက်မှ ပြောင်းလဲပေးနေဖို့ မလိုဘူး"
သူမလိုမျိုး စစ်နတ်ဘုရားတစ်ပါးက ဘယ်သူ့အတွက်မှ ပြောင်းလဲပေးနေဖို့ မလိုအပ်ဘူး။ သူမမှာ နာခံမှုသုံးပါးနဲ့ သီလလေးပါး မရှိဘူးလို့ ရွှေရှန့် ညည်းတွားရဲရင် သူမလည်း ရွှေရှန့်ကို ခင်ပွန်းသည်တစ်ယောက် လိုက်နာရမယ့်စည်းကမ်းတွေ ပြန်သင်ပေးနိုင်တယ်။
ဘာကောင်းကင်ဘုံလဲ? ဘယ်ကလာတဲ့ ကမ္ဘာမြေကြီးလည်း? ပြီးတော့ ဧကရာဇ် ဖြစ်နေရင်ရော သူမက ဂရုစိုက်ရမှာလား?
သူ့ရဲ့အဆင့်အတန်းအကြောင့် သူမ ရွှေရှန့်ကို ဒူးထောက်အရိုအသေပေးနေရမယ်ဆိုရင် သူမ အဲ့ဧကရာဇ်ဆိုတဲ့ နေရာကို အစားဝင်လိုက်တော့မယ်။ ဧကရာဇ်က ယောကျာ်းလေးဖြစ်ရမယ်လို့ ဘယ်သူကပြောထားလို့လဲ? ပြောထားခဲ့ရင်တောင် သူမ ရှေ့မှာ လာပြောကြည့်လိုက်လေ.....
စူးချင်း၏မျက်နှာမှ အံ့သြဖွယ်ကောင်းလှသည့် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းများ ထွက်ပေါ်လာပြီး သူမ၏မျက်လုံးများတွင်လည်း စစ်ပွဲနတ်ဘုရားမတစ်ပါး၏ မာန်မာနများ ပြည့်နှက်လာလေသည်။
သမီးဖြစ်သူကို ထိုသို့မြင်လိုက်ရသည်အတွက် ယန်ရူရွှယ်လည်း အတော်လေး အံ့အားသင့်ရသည်။
ဒီလိုပိုင်စိုးပိုင်နင်းနိုင်လွန်းတဲ့ သမီးလေးက ဘယ်သူ့အတွက်မှ ပြောင်းလဲပေးဖို့ မလိုအပ်တော့လောက်ပါလူးလေ။
နောက်ဆုံးတွင် ယန်ရူရွှယ် သူမ၏သမီးလေးအား ပြောင်းလဲနိုင်ရန် ကြိုးစားနေခြင်းကို စွန့်လွှတ်လိုက်တော့သည်။ သို့သော် သမီးဖြစ်သူကို ဆွဲခေါ်သွားပြီး မင်္ဂလာဦးတွင် သတိထားရမည့် အကြောင်းအရာများအား ပြောပြနေပြန်သည်။
ဒါတွေကတော့ သမီးတစ်ယောက်ကို အမေတစ်ယောက်က မဖြစ်မနေ သင်ပေးရမယ့် အရာတွေလေ။
ဤရှက်ဖွယ်ကောင်းသော အကြောင်းအရာများကို ကြားလိုက်ရချိန်တွင် စူးချင်းလည်း ဒေါသမထွက်နိုင်တော့ပေ။ သို့သော်လည်း သူမ အမေ၏သင်ကြားမှုက စံမမှီဘူးဟု မိခင်ဖြစ်သူကို စိတ်ထဲမှ စောဒကတတ်နေမိသည်။
ဒါတွေ အားလုံးကို သိဖို့ ဇာတ်လမ်းတိုလေး တစ်ပုဒ်လောက်ပဲ ကြည့်ရင် လုံလောက်ပြီ အမေရေ........
ညအချိန်ရောက်လာပြီး သက်တောင့်သက်သာ အိပ်ရတော့မည် ဖြစ်သော်လည်း စူးချင်းကတော့ အိပ်မပျော်နိုင်သေးပေ။ သူမက မည်းမှောင်နေသော ပြတင်းပေါက်ကို လှမ်းကြည့်နေခဲ့ပြီး သူမ၏အတွေးများက တစ်စုံတစ်ယောက်ဆီသို့ ရောက်ရှိနေပြန်သည်။
'ရွှေရှန့်ရော... အခုချိန်လောက်ဆို သူလည်း မအိပ်နိုင်လောက်အောင် အရမ်းစိတ်လှုပ်ရှားနေမှာလား?
စူးချင်းက မကြာခင် ပိုင်ဆိုင်ရတော့မည့် ချိုမြိန်သော နှစ်ကိုယ်တူဘဝလေးကို တွေးတောရင်း မနက်ဖြန် မြန်မြန်ရောက်ရန် စောင့်မျှော်နေခဲ့သည်။