အခန်း (၄၆၈)
Vol. 32 Ch. 468
စူးအိမ်တော်၏အရှေ့တွင် မီးရှူးမီးပန်းများ စတင်ပေါက်ကွဲနေပြီး ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ ဤမီးရှူးမီးပန်းများအားလုံးကို စူးချင်း ပြုလုပ်ထားခြင်းဖြစ်ပြီး သူမ အမေ နှောင့်ယှက်ခံရခြင်းမှ ကင်းဝေးစေရန် အလုပ်ရှာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဤအရာများက ယနေ့ကဲ့သို့ ပျော်ပွဲရွှင်ပွဲအတွက် အသုံးပြုရန်လည်း သင့်တော်လှသည်။
ရှောင်ချန်က ခြံဝင်းအတွင်း မီးရှူးမီးပန်းများ ခုန်ပေါက်လွင့်စင်နေသည်ကို ကြည့်နေပြီး အလွန်စိတ်လှုပ်ရှားနေကာ ချောမောနေသည့် သူ့ယောက်ဖကိုပင် အာရုံမစိုက်နိုင်တော့ပေ။
သူက မီးရှူးမီးပန်းများ နောက်သို့ ပြေးလိုက်နေသော်လည်း လွမ်ဟုန်က သူမ၏ဝမ်းကွဲမောင်လေး ချော်လဲသွားမည်ကို စိုးရိမ်နေပြီး သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။
ယနေ့တွင် ကျန်းကျင့်လင်းကလည်း စူးအိမ်တော်သို့ ရောက်ရှိနေခဲ့ပြီး သူက ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားကာ သူ၏ဆံပင်များကို အနောက်ဘက်သို့ လှန်ဖြီးထားသည်။ သူနှင့် အတူလိုက်ပါလာပြီး သူ့ဘေးတွင် ရှိနေသည့် ဝူရှန်းယန်ကတော့ သူတို့၏သခင်လေးအား စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့သည်။
ဝူရှန်းယန်အတွက်လည်း သူ ကျင်းရှီလျိုမြောင်၏ စီရင်စုအမတ်ရာထူးကို လွှဲပြောင်းယူရမည်ဟု သခင်လေးက မနေ့ကတည်းက အမိန့်ပေးခဲ့ပြီး သူ့ကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။
သူရဲ့ရာထူးတိုးနှုန်းက အရမ်းကို မြန်ဆန်လွန်းတယ်လေ။ သူက ဒီမှာ အကြံပေးအရာရှိအဖြစ် နှစ်အနည်းငယ်လောက် အလုပ်လုပ်ရဦးမယ်လို့ပဲ ထင်ထားခဲ့တာပါ။ ခုတော့ သူ တလအတွင်း စီရင်စုအမတ်အဖြစ် ရာထူးတိုးသွားခဲ့တယ်။ ဒါက သူ လုံးဝ မမျှော်လင့်ထားတဲ့အရာမို့ သူ့ကို ပျော်ရွှင်စေသလို အရမ်းလည်း စိတ်လှုပ်ရှားစေတယ်။
ကျန်းကျင့်လင်း၏အကြည့်များကတော့ လွမ်ဟုန်ဆီသို့သာ ရောက်နေခဲ့သည်။ သူတို့ စေ့စပ်ကြောင်းလမ်းထားပြီး ဖြစ်သော်လည်း သူတို့ စေ့စပ်ပြီးကတည်းက တစ်ယောက်ကို တစ်ယောက်တွေ့ခွင့် မရသေးပေ။ အချစ်ကြောင့် ဖြစ်ပေါ်လာသည့် တောင့်တမှုက ခါးသီးလွန်းလှပြီး ချစ်ခြင်းမေတ္တာကြောင့် လွမ်းဆွတ်ရခြင်းက ကြေကွဲဖွယ်ရာ ဖြစ်သည်။ နေ့ရက်တိုင်းတွင် သူက သူ့၏လွမ်းဆွတ်တမ်းတမှုများကို ဖြေလျော့နိုင်ရန် သူမ၏ပုံတူတစ်ပုံကိုသာ ကိုင်ထားနိုင်ခဲ့သည်။
ယနေ့ သူ့ဇနီးလောင်းကို မြင်ခွင့်လိုက်ရသည့်အတွက် သူ့မျက်လုံးများထဲတွင် မည်သူမှ ရှိမနေတော့ပေ။
ယန်ကျစ်နှင့် သူ့၏ကိုယ်ရံတော်များကလည်း စနစ်တကျ စီတန်းရပ်နေကြသည်။ လူတိုင်းက အဝတ်အစားအသစ်များ ဝတ်ဆင်ထားကြပြီး ရွှင်လန်းတက်ကြွနေလေသည်။ စူးချင်း လက်ထပ်သွားသည့်အတွက် ရှောင်းကျဲယွိကို ထည့်မတွက်လျှင် အပျော်ဆုံးလူက ယန်ကျစ် ဖြစ်သည်။ တစ်ယောက်က သူ့မိတ်ဆွေကောင်းဖြစ်ပြီး နောက်တစ်ယောက်က သူ့တူမ ဖြစ်သည်။ နှစ်ယောက်စလုံးက အင်အားအလွန်ကောင်းပြီး သူ ရန်ဘက်မဖြစ်စေချင်သော နှစ်ယောက်သား ပေါင်းစည်းသွားသည့်အတွက် သူ အလွန်အမင်း ပျော်ရွှင်နေခဲ့ရသည်။
ချင်ဖုန်းနှင့် ကျိုးပေါ်တို့ကလည်း စူးအိမ်အိမ်တော်သို့ အတူတူ လျှောက်လာခဲ့ကြသည်။ သူတို့နှစ်ယောက်လုံးက ရှောင်းကျဲယွိ၏ အကြီးအကဲများ ဖြစ်ပြီး သတို့သမီးဖြစ်သည့် စူးချင်းကို ကြိုဆိုရန် ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ကြသည်။
သာမာန်အားဖြင့် သတို့သမီးကို ကြိုဆိုရန် လူကြီးမိဘများ လိုက်လာလေ့မရှိသောကြောင့် ထိုအရာက သတို့သမီးနှင့် သူမ၏မိသားစုအတွက် ဂုဏ်ယူစရာ ဖြစ်သည်။ သူတို့က ကြင်စဦးဇနီးမောင်နှံထံမှ အရိုအသေပေးခြင်းကို လက်ခံရန်နှင့် လက်ဖက်ရည်လက်ခံရန် ခန်းမဆောင်ထံတွင် ထိုင်စောင့်နေသင့်သူများသာ ဖြစ်သည်။
ပျော်ပွဲရွှင်ပွဲတစ်ခု ရှိနေသောကြောင့် လူတိုင်းက ပျော်ရွှင်တက်ကြွနေကြပြီး ရှောင်းကျဲယွိက အနီရောင်တောက်တောက်မင်္ဂလာဝတ်စုံနှင့် အနက်ရောင်သတို့သားဦးထုပ်ကို ၀တ်ဆင်ထားသည်။ သူက စိတ်လှုပ်ရှားနေသည့်ဟန်ပန်ဖြင့် ပင်မတံခါးကို ဖြတ်ဝင်လာခဲ့ပြီး သူ့မျက်လုံးများက အတွင်းဘက်ကို လိုက်လံကြည့်ရှုနေခဲ့သည်။ သို့သော် သူ အတွင်းခန်းဘက်သို့ လျှောက်သွားနေချိန်တွင် အားလုံးက သူ့ကို ဝိုင်းထားလိုက်ကြသည်။
တံခါးအပြင်ဘက်တွင် မြို့သူမြို့သားများ အများကြီး ရောက်ရှိနေကြသည်။ ရှောင်းမိသားစုမှ သခင်လေးနှင့် စူးမိသားစုမှ အကြီးဆုံးသမီး၏လက်ထပ်ပွဲက မကြုံစဖူး ဖြစ်လောက်အောင် ခမ်းနားလွန်းသောကြောင့် သူတို့ စောင့်ကြည့်ရန် ရောက်လာကြခြင်း ဖြစ်သည်။
ရှောင်းကျဲယွိက ခြေလှမ်းကျဲကြီးများဖြင့် အနောက်ဘက်အခန်းဆီသို့ လျှောက်လှမ်းနေလေသည်။
သူ သူ့သတို့သမီးလေးကို တွေ့ဖို့ မစောင့်နိုင်တော့ဘူး။
သို့သော်လည်း အဆုံးတွင် စူးချင်း၏ခေါင်းကို ဖုံးအုပ်ထားသော အနီရောင်မျက်နှာလွှားပုဝါကိုသာ သူ တွေ့လိုက်ရသည်။ ထိုအနီရောင်ပုဝါက အလွန်ထူထဲလှပြီး သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးကိုပင် မြင်ခွင့်မရတော့ပေ။
"ချင်းအာ၊ ကိုယ် မင်းကို ခေါ်ဖို့ ရောက်လာပြီ"
ရှောင်းကျဲယွိက အုတ်ခုတင်ပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်နေသော စူးချင်းကို ကြည့်ကာ လှမ်းပြောလိုက်သည်။ သူ့အသံတွင် မျိုသိပ်ရခက်နေသည့် ရွှင်မြူးမှုများ ပြည့်နှက်နေပြီး သူ ထိန်းမနိုင်သိန်းမရ အော်ရယ်ချင်နေပုံရသည်။
ရှောင်းကျဲယွိ၏အသံကို ကြားလိုက်ရချိန်တွင် စူးချင်းက သူမ၏မျက်နှာလွှားပုဝါကို မတင်ရန် ပြင်လိုက်သော်လည်း သူမဘေးနားရှိ အောင်သွယ်တော်က သူမ၏လက်ကို လှမ်းဆွဲထားလိုက်သည်။
ထို့ကြောင့် သူမ ကြားရကြောင်း အသံသာ ပြန်ပြုလိုက်ရတော့သည်။
စူးချင်းအတွက်လည်း အထပ်ထပ်ချုပ်ထားသည့် အသစ်စက်စက် အနက်ရောင်ဖိနပ်တစ်စုံ ၀တ်ဆင်ထားသည့် မြေပြင်ပေါ်မှ ခြေထောက်များကိုသာ မြင်နေရသည်။ သူမ သူ့ကို မမြင်နိုင်သည့်အတွက် သူမ၏နှလုံးသားများပင် နာကျင်နေပြီ ဖြစ်သည်။
သတို့သားဝတ်စုံဝတ်ထားတဲ့ ရွှေရှန့်က အရမ်းချောမောနေမှာ သေချာတယ်။ သူမ သူ့ကို အရမ်း မြင်ချင်နေပြီ။
သတို့သမီးကို လာကြိုသည့် သတို့သားက သူ့ယောက္ခမကို လက်ဖက်ရည် ဆက်ဆံရမည့်အချိန်သို့ ရောက်ရှိလာခဲ့သည်။ ရှောင်းကျဲယွိက ဒူးထောက်လိုက်ပြီး စူးချင်းကို သူ့ထံသို့ ပေးလိုက်သည့်အတွက် သူ့ယောက္ခမကို တလေးတစား ဦးညွှတ်အရိုအသေပေးလိုက်သည်။
စူးဟန်ရွှမ်က သူ၏ချောမောခန့်ညားသော သားမက်ဖြစ်သူ ကြည့်နေရင်း ပါးစပ်မစေ့နိုင်လောက်အောင် ပျော်ရွှင်နေလေသည်။ သူက ရှောင်းကျဲယွိ၏လက်ကို ချက်ချင်း ဆုပ်ကိုင်ကာ ပြန်ထူပေးလိုက်သော်လည်း ရှောင်းကျဲယွိကိုတော့ သတိပေးလိုက်သေးသည်။
"ယွိအာ၊ ငါ ချင်းအာကို မင်းလက်ထဲ အပ်လိုက်ပြီ။ မင်း သူ့(မ)ကို စိတ်မပျက်စေဖို့ ငါ မျှော်လင့်ပါတယ်”
“ယောက္ခမ စိတ်ချပါ။ ဒီသမက်က ချင်းအာကို ဘယ်တော့ စိတ်ပျက်စေမှာ မဟုတ်ပါဘူး”
ရှောင်းကျဲယွိ၏အသံက ကြည်လင်ပြတ်သားနေပြီး ကျယ်လောင်နေကာ သူက ဧည့်သည်များနှင့် အစေခံများ ကြားသွားမည်ကိုပင် ကြောက်မနေခဲ့ပေ။ စူးချင်းကလည်း ရှောင်းကျဲယွိ၏စကားကို ကြားနေရပြီး သူမ၏နှုတ်ခမ်းထောင့်လေးများက ထိန်းမနိုင်သိမ်းမရ တွန့်ကွေးသွားတော့သည်။ သူ့အသံက လန်းဆန်းတက်ကြွနေပြီး သူ ညက ကောင်းကောင်းအိပ်ပျော်ခဲ့ပုံရသည်။
“မင်္ဂလာအချိန်ကို ရောက်လာပါပြီ။ သတို့သမီး စတင်ထွက်ခွာပါ့မယ်”
မင်္ဂလာပွဲကို ဦးစီးတဲ့ ဘိသိတ်ဆရာက သတို့သမီးက ထွက်ခွာရန် အချိန်ရောက်နေပြီ ဖြစ်ကြောင်း ကျယ်ကျယ်လောင်လောင်ဖြင့် ကြေညာလိုက်သည်။ သို့မဟုတ်ပဲ လမ်းတွင် ကြန့်ကြာနေပါက မင်္ဂလာအချိန် လွတ်သွားနိုင်ပေးသည်။
ရှောင်းကျဲယွိက စူးချင်းကို သယ်ဆောင်သွားရန် ပြင်လိုက်သော်လည်း အောင်သွယ်တော်က သူ့ကို တားဆီးလိုက်သည်။
“သတို့သမီးကို ဒီအဒေါ်ကြီး သယ်ပေးပါ့မယ်။ သတို့သားက စိတ်အေးအေးထားပါ!”
ရှောင်းကျဲယွိက အောင်သွယ်တော်ကြီး စူးချင်းကို သယ်ဆောင်ရင်း မတော်တဆ ပြုတ်ကျသွားမည်ကို စိုးရိမ်နေကာ ဂရုတစိုက် စောင့်ကြည့်နေရုံသာ တတ်နိုင်တော့သည်။ ပုံမှန် ဓလေ့ထုံးတမ်းများအရ သတို့သမီး၏ခြေထောက်များက မြေပြင်ကို ထိခွင့်မရှိပေ။ သတို့သမီးကို သူမ၏အစ်ကိုမောင်များက သယ်ဆောင်ရမည်ဟု သတ်မှတ်ထားကြသော်လည်း ရှောင်ချန်က ငယ်ရွယ်လွန်းသေးသောကြောင့် အစ်မဖြစ်သူကို သယ်ဆောင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် စူးချင်းကို သယ်ဆောင်ပေးရန် ကံကောင်းမှုများ ပြည့်ဝနေသော အားကောင်းသည့် အောင်သွယ်တော်ကို ရှာဖွေထားခဲ့သည်။
စူးချင်းက အောင်သွယ်တော်၏ သယ်ဆောင်ခြင်းကို အသားမကျ ဖြစ်နေသော်လည်း သူမကိုယ်တိုင် လမ်းဆင်းလျှောက်ခွင့် မရှိပေ။
ရှောင်းကျဲယွိက အောင်သွယ်တော် စူးချင်းအား ပြုတ်ကျစေမည်ကို စိုးရိမ်နေပြီး သူမကို ကာကွယ်ရန် သူမတို့နောက်မှ လိုက်ပါလာခဲ့သည်။ သူမ၏အစ်မအား သယ်ဆောင်သွားသည်ကို မြင်လိုက်ရချိန်တွင် ရှောင်ချန်တစ်ယောက် မီးရှူးမီးပန်းများကိုပင် ဂရုမစိုက်နိုင်ဘဲ ပြေးလိုက်လာတော့သည်။
“ဟိတ် သား အစ်မကို အောက်ပြန်ချထားလိုက်။ လူဆိုးတွေက သားအစ်ကို ဖမ်းခေါ်သွားတော့မယ်”
ရှောင်ချန်က သူ့ကလေးဆန်သော အသံလေးဖြင့် အောင်သွယ်တော်ကို လှမ်းအော်ကာ သူ့အစ်မကို ကယ်တင်ရန် သူ့လက်သီးလေးများကိုပင် ဆုပ်ထားပြီး ဖြစ်သည်။ စူးဟန်ရွှမ်က သူ့သားကို အမြန် ပြန်ဆွဲလိုက်လိုက်ပြီး ကလေးငယ်လေးက ကျားပေါက်လေးတစ်ကောင်ကဲ့သို့ သူ့ဖခင်၏ရင်ခွင်ထဲမှ ရုန်းကန်နေကာ စူးချင်းဆီသို့ လက်ဆန့်တန်းပြရင်း သူ့အဖေကို အော်ပြောနေပြန်သည်။
"အဖေ၊ အစ်မကို ကယ်ပေးဦးလေ!"
"ရှောင်ချန်၊ မဆိုးနဲ့"
စူးဟန်ရွှမ်တစ်ယောက်လည်း ကူကယ်ရာမဲ့ ဖြစ်နေရရှာသည်။
ဒီကလေးက သူ့အစ်မကို ဘာလို့ အဲ့လောက်တွယ်ကပ်နေရတာလဲ?
စူးချင်းကလည်း သူမ မောင်လေး၏ငိုသံကို ကြားလိုက်ရသောကြောင့် မနေနိုင်တော့ဘဲ သူမ၏မျက်နှာပေါ်မှ ပုဝါစကို ဖယ်ရန် လက်မြှောက်လိုက်သည်။ သို့သော်လည်း ကျိုးပေါ်၏အသံက သူမ နားထဲသို့ တိုးဝင်လာခဲ့သည်။
"ချင်းကောင်မလေး၊ ဒီနေ့က မင်းကိုယ်တိုင် မင်းရဲ့ မျက်နှာလွှားပုဝါကို မဖွင့်ရဘူး၊ ညအထိ စောင့်ရမယ်"
ထိုစကားကို ကြားလိုက်ချိန်တွင် စူးချင်းက မျက်မှောင်ကြုတ်သွားခဲ့သည်။
ဒါကို ညအထိ မျက်နှာပေါ်မှာ ဖုံးထားရမှာလား? သူတို့က သူမကို အသက်ရှုကြပ်ပြီး သေစေချင်နေတာလား?
"ဒါက ဓလေ့ထုံးတမ်းအရ ကြီးမားတဲ့ တားမြစ်ချက်တစ်ခုပဲ၊ ချင်းကောင်မလေး ဒီအချိန်မှာတော့ အခြေအနေအရ လိုက်လျောညီထွေအောင် လုပ်သင့်တယ်နော်"
ကျိုးပေါ်က စူးချင်း၏ပင်ကိုယ်စရိုက်ကို သိနေသောကြောင့် အမြန် ထပ်ပြောလိုက်သည်။
နောက်ဆုံးတွင် စူးချင်းလည်း သူမ၏လက်ကို ပြန်ချလိုက်ရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။
ဒီလက်ထပ်ပွဲက သူမကို ညှဉ်းပန်းနှိပ်စက်နေသလိုပဲလို့ သူမ ခံစားနေရပြီ။ သူမ အိမ်သာသွားမှာကိုတောင် စိုးရိမ်နေကြပြီး မနက်ခင်းကတည်းက သူမကို တခုခုကျွေးဖို့နေနေသာသာ ရေတောင် မပေးတိုက်ကြဘူး။ အခု သူမရဲ့ဗိုက်က ဆာလောင်မွတ်သိပ်လွန်းလို့ တဂွီဂွိ မြည်နေပြီ။ ယခုလည်း ဒီအဝတ်စုတ်ကြီးကို ညအထိ မျက်နှာပေါ် တင်ထားရဦးမယ်။
ဆိုတော့ သူမရဲ့ဖီးနစ်ခေါင်းဆောင်းနဲ့ သတို့သမီးဝတ်စုံကိုလည်း ညအထိ ချွတ်လို့ မရနိုင်တော့ဘူးပေါ့။ ဒီလိုလေးလံတဲ့ အရာတွေကို တစ်နေ့လုံး ထမ်းပိုးထားရရင် သူမရဲ့လည်ပင်းလေး ကျိုးကျေသွားမှာ မဟုတ်ဘူးလား?
စူးချင်းက သူမဘာသာ စိတ်ထဲမှ ညည်းတွားနေချိန်တွင် အောင်သွယ်တော်က သူမကို သတို့သမီး ဝေါယဉ်ရှေ့သို့ သယ်ဆောင်သွားခဲ့သည်။ တစ်စုံတစ်ယောက်က ရူရီကို အသုံးပြုကာ ဝေါယဉ်၏ကန့်လန့်ကာကို ဖွင့်ပေးလိုက်သည်။ အောင်သွယ်တော်က စူးချင်းကို သတို့သမီး ဝေါယဉ်ပေါ်သို့ တင်ပေးလိုက်သည်။ ဘေးပတ်ဝန်းကျင်မှ လူများက စိတ်လှုပ်ရှားစွာ ရှေ့တိုးလာကြပြီး လှမ်းနေကြသည်။ စူးချင်း၏အသွင်အပြင်ကို သူတို့ မမြင်နိုင်သော်လည်း သူမက သတို့သမီး ဖြစ်နေပြီး ပျော်ရွှင်မှု ကူးစက်တက်သောကြောင့် သူမကို တစ်ချက်ကြည့်ရရုံဖြင့် သူတို့ဆီသို့ ပျော်ရွှင်မှုများ ယူဆောင်လာပေးနေသလို ခံစားနေကြရသည်။
(T/n: ရူရီဆိုတာက အောင်မြင်မှု၊ ကံကောင်းမှု၊ ဆန္ဒပြည့်စုံမှုတွေကို ကိုယ်စားပြုတဲ့ တရုတ်ယဉ်ကျေးမှုသင်္ကေတပစ္စည်းပါ၊ သံ၊ သစ်သား၊ ငွေ၊ ရွှေ၊ သတ္ထုစတာတွေနဲ့ လက်ကိုင်လုပ်ထားပြီး ထိပ်ပိုင်းမှာ တိမ်ပုံလေးတွေ ပုံဖော်ပြီးရတာတွေ စီခြယ်ထားတာပါ)
တီးမှုတ်ဖျော်ဖြေသူများကလည်း သတို့သမီးကြိုဆိုရန်အတွက် ပွဲတော်သီချင်းများကို စတင်တီးမှုတ်ဖျော်နေကြသည်။ ရှောင်းကျဲယွိက အရပ်ရှည်သော မြင်းကြီးပေါ်တွင် ထိုင်နေရင်း စိတ်အားထက်သန်စွာဖြင့် သူ့ဇနီးကို အိမ်သို့ ပြန်ခေါ်လာခဲ့သည်။
ဒီညတော့ သူတို့နှစ်ယောက် သတို့သမီးအခန်းထဲမှာ အချိန်အတူတူ ကုန်ဆုံးနိုင်လိမ့်မယ်။ ပြီးရင် သူ ဘယ်တော့မှ တစ်ယောက်တည်း အိပ်နေစရာ မလိုတော့ဘူး။ အခုအချိန်ကစပြီး သူက သူ့ရဲ့ချင်းအာနဲ့အတူ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ခံစားနိုင်လိမ့်မယ်။
သတို့သမီး လာကြိုသည့် လူတန်းကြီးက အလွန်ရှည်လျားလှပြီး အများစုက ရှောင်းမိသားစုစစ်တပ်မှ စစ်သူကြီးများနှင့် စစ်သည်ခေါင်းဆောင်များ ဖြစ်ကြသည်။ သူတို့၏အသွင်အပြင်နှင့် ခန့်ညားမှုက သာမန်လူများ နှိုင်းယှဉ်မရနိုင်သည့် ဟန်ပန်မျိုး ဖြစ်သည်။ စူးချင်း၏ခန်းဝင်ပစ္စည်းများကလည်း ဆယ်လီအထိ ရှည်လျားပြီး လူတန်းကြီး ရှည်လျားသော နဂါးတစ်ကောင်ကဲ့သို့ ကြီးကျယ်ခမ်းနားထည်ဝါလွန်းလှသည်။
အပြင်ဘက်မှ ကြေးမောင်းသံများနှင့် ဗုံသံများ ကောင်းကင်ပေါ်သို့ လျှံတက်သွားချိန်တွင် ဝေါယဉ်ပေါ်ရှိ သတို့သမီးကလည်း စတင်စားသောက်နေပြီ ဖြစ်သည်။ ရှောင်ချီက သူမ၏သခင်အတွက် စိတ်မကောင်းဖြစ်နေပြီး အရသာရှိသော ရွှေပိုးမျှင်မုန့်နှင့် နို့ကိတ်မုန့်များ ပြုလုပ်ပေးခဲ့သည်။ စူးချင်းက သူမ၏ဗိုက်ရန် အမြန်ပြန်ဖြည့်နေခဲ့သည်။
နို့ကိတ်မုန့်များက မွှေးပျံကာ နူးညံ့လွန်းသောကြောင့် ပါးစပ်ထဲမှာပင် အရည်ပျော်သွားခဲ့သည်။ စူးချင်းက အစားအသောက်များကို သဘောကျသူ ဖြစ်ပြီး ဆာလောင်မှုကိုလည်း လုံးဝ သည်းမခံချင်ပေ။ ယခု သူမ၏ပါးစပ်ထဲတွင် ချိုမြိန်သောအရသာများ ပြည့်လာပြီ ဖြစ်သောကြောင့် သူမ၏မုန့်များကို ရှောင်ကျဲယွိအား မျှဝေပေးချင်နေသည်။
“သခင်၊ နို့ ရှိသေးတယ်”
ရှောင်ချီက စူချင်းအတွက် အလွန်ငဲ့ညှာစဥ်စားပေးခဲ့ပြီး နွားနို့ပူပူတစ်ခွက်ကိုပင် အချိန်မီ ယူလာပေးခဲ့သည်။ စူးချင်းက သူမ၏မျက်လုံးများကို ပိတ်ဆို့နေသည့် ပုဝါစကို သည်းမခံနိုင်တော့ မတင်လိုက်သည်။
ဒီလိုမှ စားရတာ ပိုအဆင်ပြေမှာလေ။
စားသောက်ပြီးမှ သတို့သမီးလေး လုပ်ဖို့ ခွန်အားရှိမှာပေါ့။
စူးချင်း သူမ၏မျက်နှာလွှားပုဝါကို မတင်လိုက်ချိန်တွင် ကောင်းကင်မှာ တိမ်မည်းတစ်စု ထွက်ပေါ်လာပြီး ကျိုးပေါ်က ထိုတိမ်မည်းများကို မြင်သွားကာ စူးချင်းကို အမြန် လှမ်းမေးလိုက်သည်။
"ချင်းကောင်မလေး၊ မင်း မင်းရဲ့ပုဝါကို ဖယ်လိုက်တာလား?"
စူးချင်းတစ်ယောက် သူမ စားနေသည့် နို့ကိတ်မုန့်ပင် နင်လုမတတ်ဖြစ်သွားရသည်။
ဒီတာအိုဘုန်းကြီးကမှ စစ်မှန်တဲ့ နတ်ဘုရားပဲ။ သူက အကြားအမြင်ရနေတာလား? ဒါမှ မဟုတ် သူ သူမကို X-ray နဲ့ လှမ်းကြည့်နေတာလား? သူမ ပုဝါစကို တင်လိုက်တာကိုတောင် သူ သိနေသေးတယ်။
စူးချင်း အံ့သြနေစဉ်မှာပင် ကြီးမားသော ပိုက်ကွန်တစ်ခု ကောင်းကင်မှ ကျဆင်းလာခဲ့သည်။ တချိန်တည်းမှာပင် ဝိဥာဏ်ခေါ်သည့်ခေါင်းလောင်းသံများကလည်း အဝေးမှ ထွက်ပေါ်လာပြီး လူများကို စိတ်အနှောင့်အယှက် ဖြစ်သွားစေခဲ့သည်။ ထိုအခိုက်အတန့်တွင် ဝမ်းနည်းခြင်းအဝတ်အစားများ ဝတ်ထားပြီး မျက်နှာဖုံးများစွပ်ထားသော လူတစ်စုက သတို့သမီးဝေါယာဥ်ကို ဝန်းရံလိုက်ကြပြန်သည်။ နွားခေါင်းနှင့်မြင်းမျက်နှာရှိသောလူများကလည်း ထူးဆန်းသော ရယ်မောသံများအတူ သတို့သမီးဝေါယာဥ်ဆီကို ပျံသန်းသွားကြသည်။ ထိုနောက် အပြာရောင်မီးခိုးငွေ့များ ထွက်ပေါ်လာပြီး သတို့သမီးဝေါယာဥ်လည်း ပျောက်ကွယ်သွားတော့သည်။