လူတိုင်း မနာလိုဖြစ်နေကြပြီ
Vol. 32 Ch. 470
"ငါတို့ရဲ့ပင်မစခန်းက ယွင်ချန်က မြောင်ကျားတောင်မှာ ရှိတယ်။ နင့်မှာ အရည်အချင်းရှိရင် သွားရှာလိုက်!"
တစ္ဆေမယ်တော်ကြီးက စူးချင်းကို ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် ကြည့်ရင်း ပြန်ဖြေလိုက်သည်။
ကြီးမြတ်တဲ့ မသေမျိုးတောင် မြောင်ကျားတောင်တန်းပေါ်မှာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ သူမရဲ့အစ်ကိုကြီးကလည်း စူးချင်းဆီက လူသတ်လက်နက်ကြီးရဲ့ လျှို့ဝှက်ချက်တွေကို လိုချင်နေတာလေ။ သူမ စူးချင်းကို အဲ့နေရာရောက်အောင် ဆွဲဆောင်နိုင်သရွေ့ သူမရဲ့တာဝန် ပြီးမြောက်တယ်လို့ သတ်မှတ်နိုင်လိမ့်မယ်။
အချိန်တန်ရင် သူမရဲ့အစ်ကိုကြီးက သူမအတွက် လက်စားချေပေးပြီး ဒီစူးချင်းဆိုတဲ့ မိန်းမက အင်းစက် ထောင်သောင်းပေါင်းမက အကိုက်ခံရတဲ့ ဝေဒနာကို ခံစားရပြီး မချိမဆန့် သေရလိမ့်မယ်။
ထိုအကြောင်းကို တွေးမိသည်နှင့် တစ္ဆေမယ်တော်ကြီးက သူမ၏ဒဏ်ရာများမှ နာကျင်မှုများ လျော့ပါးသွားသလို ခံစားလိုက်ရပြီး သူမ၏ရယ်မောသံက သေမင်း၏ခေါ်သံကဲ့သို့ ထွက်ပေါ်လာကာ ညနက်သန်းခေါင် တောင်တန်းများပေါ်မှ ကျီးကန်းများ၏အော်သံများထက်ပင် ကြောက်မက်ဖွယ်ကောင်းနေလေသည်။
"နင်က စကားပြောနိုင်သေးတယ်ပေါ့လေ ဟုတ်လား?"
စူးချင်း၏အသံက အေးစက်လွန်းနေသဖြင့် တစ္ဆေမယ်တော်ကြီး၏ရယ်မောသံက ရုတ်တရက် ရပ်တန့်သွားပြန်သည်။ သူမက စူးချင်းကို ထိတ်လန့်စွာ ကြည့်နေပြီး တုန်ယင်နေပြန်သည်။
ဒီမိန်းမက ဘယ်လောက် ရက်စက်ကြမ်းကြုတ်တယ်ဆိုတာ သူမ ခဏလောက် မေ့သွားခဲ့မိတယ်။
"ချင်းအာ၊ မင်းရဲ့လက်တွေကို မညစ်ပတ်စေနဲ့တော့"
ရှောင်းကျဲယွိက စူးချင်းကို တားဆီးလိုက်ပြီး အရွတ်များ ပြတ်သက်ထွက်နေသည့် တစ္ဆေမယ်တော်ကြီးကို အေးစက်စွာ ကြည့်ကာ သူမ၏ ကျန်နေသည့် မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်လိုက်သည်။ ထို့နောက်တွင် ရှောင်းကျဲယွိက တစ္ဆေမယ်တော်ကြီး၏ အထိတ်တလန့် အမူအရာအောက်တွင် သူမ၏ပါးစပ်ကို ဆွဲဖြဲလိုက်ပြီး သူမ၏လျှာကို ဖြတ်တောက်ရန် ပြင်ဆင်နေပြန်သည်။ တစ္ဆေမယ်တော်ကြီးက ကြောက်လန့်တကြား ခေါင်းယမ်းကာ ရုန်းကန်နေခဲ့သည်။
“ခန နေဦး”
စူးချင်းက ရှောင်းကျဲယွိကို ပြန်တားထားလိုက်သည်။
ဒီတစ္ဆေအဘွားကြီး အမှန်အတိုင်း ပြောတာ ဟုတ် မဟုတ် သေချာမသိရသေးဘူး။ အဲ့ဒါကြောင့် သူမရဲ့လျှာကို ချန်ထားပေးမှ ဖြစ်တယ်။ သူမတို့ အရင် လက်ထပ်ပြီးမှ သရဲငါးကောင်ရဲ့အသိုက်ကို သွားရှာရမယ်။ ဒီလူတွေကို မဖယ်ရှားနိုင်သရွေ့ သူမ အလုပ်ကို အေးအေးဆေးဆေး လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ချူကျင်းဖုန်းရဲ့ အဖြစ်အပျက်က သူမကို အကြီးအကျယ် သင်ခန်းစားပေးခဲ့ပြီးပြီ၊ သူမ သူမရဲ့မိသားစုဝင် ထိခိုက်မှာကို အမြဲကြောက်ရွံ့နေတဲ့စိတ်နဲ့ ရှေ့မဆက်နိုင်ဘူး။
ဒီတစ္ဆေအဘွားကြီးရဲ့နည်းလမ်းတွေအရဆိုရင် သူတို့အနေနဲ့ သူမရဲ့မိသားစုဝင်တွေကို ဖမ်းဆီဖို့က အရမ်းလွယ်ကူနေလိမ့်မယ်။ သူမ သူတို့ကို အကာအကွယ်ပေးဖို့ လူတွေ ချန်ထားပေးခဲ့ရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး။
အဲ့တော့ ဒီပြသနာကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းက သူတို့ထဲက တစ်ယောက်ကိုမှ အရှင်မထားဘဲ သတ်ပစ်လိုက်ဖို့ပဲ။ အဲ့ဒါဆိုရင် အနာဂတ်မှာ ဖြစ်လာနိုင်မယ့် ပြဿနာတွေအားလုံးကို အပြီးတိုင် ဖယ်ရှားပစ်နိုင်လိမ့်မယ်။
“ကောင်းပြီ၊ ဒါဆို သူ့(မ)ကို အကျဥ်းထောင်ထဲ အရင် ပို့ထားလိုက်မယ်"
စူးချင်းက သူမကို မသတ်ချင်သေးကြောင့် နားလည်လိုက်သောကြောင့် ရှောင်းကျဲယွိက ဤတစ္ဆေအိုကြီးကို အသက်ဆက်ရှင်ခွင့်ပေးရန် ဆုံးဖြတ်လိုက်ပြီး စစ်သည်များအား သူမကို လျှို့ဝှက်အကျဥ်းထောင်ဆီသို့ ခေါ်သွားခိုင်းလိုက်သည်။
ထိုတစ္ဆေအဘွားကြီးကို ဖြေရှင်းပြီးနောက် စူးချင်းနှင့် ရှောင်းကျဲယွိတို့က လက်ထပ်ပွဲ ဆက်ကျင်းပရန် အလျင်စလို ပြန်လာခဲ့ကြသည်။ သို့သော် စူးအိမ်တော်တစ်ခုလုံး ရှုပ်ထွေးနေသည်ကို သူတို့ မြင်လိုက်သည်။ ယန်ရူရွှယ်က သူမ၏သမီး အဖမ်းခံလိုက်ရသည်ကို သိသွားပြီး ချက်ချင်း မူးလဲသွားခဲ့သည်။
စူးဟန်ရွှမ်ကိုယ်တိုင်လည်း သမီးအတွက် စိုးရိမ်စိတ်ဖြင့် ပူလောင်နေခဲ့သည်။ သို့သော် သူက သူ လဲကျမသွားအောင် သူ့ကိုယ်သူ အားတင်းထားခဲ့သည်။ ကံအားလျော်စွာဖြင့် ကျိုးပေါ်က စူးချင်း၏ကံဇာတာက ကောင်းလွန်းသောကြောင့် ဤကံဆိုးမှုကို ကျော်လွှားနိုင်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။ တာအိုဘုန်းကြီး၏ဟောကိန်းအရ စူးချင်း အဆင်ပြေနေဆဲဖြစ်သည်ဟု တွေးနေကြသည့်တိုင် သူမ၏မိသားစုကတော့ သူမအတွက် စိုးရိမ်နေဆဲဖြစ်သည်။
စူးချင်းက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ သူမက သရဲတစ္ဆေကိုတော့ အနိုင်မယူနိုင်လောက်ဘူးလေ။
ယန်ရုပင်းကလည်း သတိပြန်ရလာသည့် ယန်ရုရွှယ်ကို နှစ်သိမ့်ပေးနေခဲ့သည်။
“ဒုတိယညီမ၊ မင်း စိတ်မပူပါနဲ့။ ချင်းအာက အရမ်းအစွမ်းထက်တယ်လေ၊ သူ(မ) အဆင်ပြေမှာ သေချာတယ်။ တာအိုဘုန်းတော်ကြီးကလည်း သူမ ကံကောင်းလိမ့်မယ်လို့ ပြောထားပြီးသားလေ၊ ချင်းအားက ကောင်းချီးတစ်ခုရဖို့ ဒီကံဆိုးမှုကို ကျော်လွှားရမယ်လို့ တာအိုဘုန်းတော်ကြီးက တွက်ချက်ပေးခဲ့တယ် မဟုတ်ဘူးလား?။ စိတ်မပူပါနဲ့၊ မကြာခင် ပြန်လာတော့မှာပါ”
သို့သော် သူမ၏နှစ်သိမ့်မှုက လုံးဝ အသုံးမဝင်ခဲ့ပေ။ ယန်ရူရွှယ်က တစ္ဆေငယ်လေးတစ်ကောင် စူးချင်းကို သူမ၏မျက်လုံးရှေ့မှ အဝေးသို့ ခေါ်ဆောင်သွားသည်ကို ကိုယ်တိုင် မြင်ဖူးခဲ့သူ ဖြစ်သည်။
အဲ့သရဲတစ္ဆေတွေက ဘယ်လိုရောက်လာပြီး လူကို ဘယ်လိုဖမ်းသွားမှန်း မသိ ဖမ်းသွားနိုင်တာကို သူမ အသိဆုံးပဲ။
“ခမည်းခမက်၊ အရမ်းကြီး စိတ်မပူပါနဲ့၊ ယွိအာက စူးချင်းကို ရှာဖို့ သူ့လူတွေကို ခေါ်သွားပြီပဲ၊ သူတို့ သိမ်မကြာခင် ပြန်ရောက်လာမှာပါ"
ချင်ဖုန်းကလည်း အလွန် စိုးရိမ်နေခဲ့သည်။ သို့သော် သူက သူ့၏စိတ်ပူပန်မှုကို ထိန်းထားပြီး ယန်ရူရွှယ်ကို နှစ်သိမ့်ပေးနေခဲ့သည်။
စူးချင်းနဲ့ စူးမိသားစုရဲ့အတိတ်အကြောင်း သူလည်း ကြားဖူးခဲ့တာပေါ့။ စူးချင်းက ငယ်ငယ်လေးကတည်းက အခိုးယူခံလိုက်ရပြီး သူတို့မှာ ကလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ အရိပ်ဆိုးကြီး ရှိနေခဲ့တယ်။ အဲ့ဒါကြောင့် အခုအချိန်မှာ သူတို့ ပိုပြီး စိုးရိမ်နေကြတာပေါ့။
အားလုံးက စိုးရိမ်နေကြသည့်အချိန်မှာပင် စူးချင်းနှင့် ရှောင်းကျဲယွိတို့ ပြန်ရောက်လာခဲ့ကြသည်။ ယန်ရူရွှယ်က ဘေးကင်းစွာ ပြန်ရောက်လာသည့် သူမ၏သမီးလေးကို သေသေချာချာ စစ်ဆေးကြည့်ပြီးမှ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။
"အမေ၊ ကျွန်မ အဆင်ပြေပါတယ်"
စူးချင်းက မိခင်ဖြစ်သူကို နှစ်သိမ့်ပေးလိုက်သည်။ သူမ၏အမေ သူမကို ပွေ့ဖက်လိုက်သည်နှင့်တပြိုင်နက် မိခင်ဖြစ်သူ၏ခန္ဓာကိုယ်မှ တုန်လှုပ်မှုကို သူမ ခံစားနိုင်ခဲ့ပြီး သူမ၏မိခင်မည်မျှ ထိတ်လန့်နေခဲ့သည်ကို သူမ မှန်းဆနိုင်ခဲ့သည်။
"ကဲ၊ ငါတို့ မင်္ဂလာအချိန်ကောင်းကို လွှဲချော်သွားခဲ့ပြီ!"
ဘေးနားမှ ကျိုးပေါ်က သက်ပြင်းချရင်း ဝင်ပြောလိုက်သည်။
အင်း... ဒါကလည်း ကောင်းကင်ဘုံရဲ့အလိုတော်ပဲလား? ဒီချင်းကောင်မလေးက ဘာလို့ ဒီလောက် နာခံမှု မရှိရတာလဲ?
"မင်္ဂလာပွဲ ဆက်လုပ်ကြမယ်"
စူးချင်းက သူမ၏အနီရောင် မျက်နှာလွှားပုဝါကို သူမ၏မျက်နှာပေါ်သို့ ပြန်အုပ်လိုက်ပြီး သတို့သမီးဝေါယာဉ်ပေါ်သို့ ပြန်လှမ်းတက်လိုက်သည်။ သူမ၏လွမ်းမိုးနိုင်လွန်းသည့် အသွင်အပြင်က လာရောက်ကြည့်ရှုနေသည့် မိန်းကလေးများအားလုံးကို စွဲဆောင်နိုင်ခဲ့ပြီး သတို့သား၏ကျက်သရေကိုပင် လွှမ်းမိုးသွားတော့သည်။
မိန်းခလေးများက သူမတို့လည်း စူးချင်းကဲ့သို့ ဖြစ်ချင်နေကြပြီး၊ သူမတို့လည်း လွှမ်းမိုးနိုင်စွမ်းအပြည့်ဖြင့် ချယ်လှယ်နိုင်သော အမျိုးသမီးများလာဖြစ်ရန် စိတ်အားထက်သန်နေကြသည်။
ရှောင်းကျဲယွိကလည်း သူ့မြင်းပေါ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ သို့သော် သူက ရှေ့သို့ လုံးဝ မကြည့်တော့ဘဲ မင်္ဂလာဝေါယာဥ်ကိုသာ တစ်ချိန်လုံး လှည့်ကြည့်နေတော့သည်။ သူက သူအကြည့်လွှဲလိုက်သည်နှင့် သရဲတစ္ဆေများ ထပ်ဝင်လာပြီး မင်္ဂလာဝေါယာဥ်အား ခိုးယူသွားမည်ကို စိုးရိမ်နေခဲ့သည်။
မင်္ဂလာဝေါယာဥ်ကို ယခင်က ချူကျင်းဖုန်း နေခဲ့သည့်အိမ်ဆီသို့ သယ်ဆောင်လာခဲ့ကြသည်။ ချူကျင်းဖုန်း အဖမ်းခံရပြီးနောက် သူ့၏နေအိမ်ကို အစိုးရပိုင်အဖြစ် သိမ်းဆည်းထားခဲ့သည်။ ရှောင်းကျဲယွိက စူးချင်းနှင့် လက်ထပ်ရန် အလျင်စလို စီစဥ်ခဲ့ရပြီး သင့်လျော်သောအိမ်တစ်လုံးကို အမြန် မရှာနိုင်ခဲ့သောကြောင့် ဤနေအိမ်ကို အသုံးပြုရခြင်း ဖြစ်သည်။
သို့သော် အိမ်တွင်းရှိ အရာအားလုံးကို အစစအရာရာ အသစ်စက်စက်များအဖြစ်သို့ ပြောင်းလဲထားပြီး ဖြစ်သည်။ အိမ်ကိုပင် ဆေးပြန်သုတ်ထားသောကြောင့် အိမ်အသစ်ဟု ထင်ရစေသည်။ တံခါးတိုင်များတွင် အနီရောင်စာလုံးကြီးများဖြင့် ရေးသားထားသည့် "ပျော်ရွှင်ခြင်း" ဟူသော စာလုံးများ ကပ်ထားသည်။ မြို့သူမြို့သားများကလည်း ပွဲကြည့်ရန် တံခါးဝတွင် စုရုံးနေပြီဖြစ်သည်။
သတို့သားက သတို့သမီးကို သွားကြိုလာခဲ့အခါ သတို့သမီးကို မကြည့်ချင်တဲ့လူရယ်လို့ ရှိပါ့မလား?
နေ့ခင်းကြောင်တောင်ဖြစ်နေသေးသောကြောင့် သတို့သမီးက သူမ၏မျက်နှာပေါ်မှ ပုဝါစကို မဖယ်နိုင်မှန်း သိနေကြသော်လည်း လူတိုင်းက ရှေ့သို့ တိုးသွားကာ အလုအယက် လှမ်းကြည့်နေကြသေးသည်။ စစ်သည်များ ဝင်ရောက်လာပြီး တားဆီးလိုက်မှသာ သတို့သမီး၏နောက်မှ လူတန်းကြီးက ရှေ့သို့ ဆက်တိုးနိုင်ခဲ့သည်။
သတို့သမီးဝေါယာဉ် အိမ်၏ဝင်ပေါက်သို့ ရောက်လာချိန်တွင် သတို့သားအား ဝေါယာဉ်၏ကန့်လန့်ကာကို ကန်ခိုင်းကြပြန်သည်။ ရှောင်းကျဲယွိက အားမာန်အပြည်ဖြင့် သူ့မြင်းပေါ်မှ ခုန်ဆင်းလာပြီး သတို့သမီးဝေါယဥ်၏ရှေ့သို့ လျှောက်သွားလိုက်သည်။ သူက သူ့အင်္ကျီစကို မတင်လိုက်ပြီး ကန့်လန့်ကာကို ကန်ရန် ခြေထောက် မြှောက်လိုက်သည်။ အဆုံးတွင် သူ ထိုကန့်လန့်ကာကို မကန်ရသေးခင်မှာပင် စူးချင်းက သတို့သမီးဝေါယာဉ်ထဲမှ ထွက်လာခဲ့သည်။
သူမက သူမ၏မျက်လုံးများကို ပိတ်ဆို့ထားသည့် အနီရောင်ပုဝါစကို ရွံရှာနေပြီး ၎င်းကို ဆွဲဖယ်လိုက်ရာ ရှောင်းကျဲယွိ၏ ခြေဖဝါးတစ်ဖက် လေထဲတွင် မြှောက်ထားသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်မှသာ စူးချင်းက သူမ အောင်သွယ်တော်၏အကူအညီဖြင့် ဝေါယာဥ်ပေါ်မှ မဆင်းမီ သတို့သား ကန့်လန့်ကာကို ကန်မည့်အချိန်အား စောင့်ရမည်ကြောင်း သူမ၏မိခင် မှာလိုက်သည့်စကားကို ပြန်သတိရသွားခဲ့သည်။
"အာ၊ ကျွန်မ မေ့သွားလို့။ ပြန်စကြရအောင်!"
စူးချင်းက ရှောင်းကျဲယွိကို တောင်းပန်လိုက်ပြီး ပုဝါစကို ခေါင်းပေါ် ပြန်အုပ်ကာ ဝေါယဥ်ထဲသို့ ပြန်ဝင်ထိုင်လိုက်သည်။
သူမ၏ အပြုအမူများက လူတိုင်းကို အံ့အားသင့်စေခဲ့ပြီး အနီးနားက လူများက တီးတိုးတီးတိုးဖြင့် ဆွေးနွေးနေကြပြန်သည်။
သတို့သမီးက ဘယ်လောက်တောင် စိတ်လှုပ်ရှားနေတာလဲ? ဘယ်သူက မင်္ဂလာဝေါယာဥ်ပေါ်ကနေ ကိုယ်ဘာသာ ထထွက်လာပြီး မျက်နှာလွှာပုဝါကို ဆွဲဖယ်ရဲလို့လဲ?
ဒီဇနီးသစ်လေးကတော့ အရမ်းကို ရဲရင့်လွန်းတယ်။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင်လည်း ဒီသတို့သမီးလေးက တကယ်ကို လှပလွန်းတယ်။ သူတို့ သတို့သမီး လာကြည့်ရတာ အလကား မဖြစ်သွားဘူးပဲ။ စောင့်ရကျိုး နပ်တယ်လေ။
စူးချင်း၏ဘေးမှ အော်သွယ်တော်အမျိုးသမီးကြီးနှင့် မိန်းကလေးများက သူမ၏အပြုအမူကြောင့် ချွေးအေးများပင် ထွက်နေကြပြီ ဖြစ်သည်။
သူမရဲ့မဖွယ်မရာ အပြုအမူတွေကြောင့် သတို့သားက သူမကို ပြန်ငြင်းလွှတ်လိုက်တော့မှာလား?
မြင့်မြတ်တဲ့ မိသားစုတွေမှာက ဒီလိုလူမြင်ကွင်းမှာ မျက်နှာထုတ်ပြတတ်တဲ့ မိန်းမပျိုးလေးတွေကို မလိုချင်ဘူး မဟုတ်လား? ဒုက္ခပါပဲ။ ဒီဇနီးအသစ်လေးကို စောင့်နေမယ့်အရာမှာ ကွာရှင်းစာ ဖြစ်နေမှာလား?
သို့သော်လည်း လူတိုင်း အံသြသွားရသည်က ရှောင်းကျဲယွိက စိတ်မဆိုးရုံမက ပြုံးပင်ပြုံးနေခြင်းပင်။ သူက သူ့အင်္ကျီစကို ပြန်ချလိုက်ပြီး မင်္ဂလာဝေါယာဥ်ရှေ့တွင် လက်သီးအုပ်ကာ ရွှတ်နောက်နောက်အသံဖြင့် အထဲမှ စူးချင်းကို လှမ်းပြောလိုက်သည်။
"ရှင်မရေ၊ ကိုယ် မင်္ဂလာဝေါယာဥ်ကို ကန်တော့မယ်နော်"
“အင်း”
မင်္ဂလာဝေါယာဥ်ပေါ်တွင် ထိုင်နေသည့် စူးချင်းက သူမ၏မိခင် သင်ပေးလိုက်သော အိမ်ထောင်ရေးစည်းမျဉ်းများကို တိတ်တဆိတ် ရွတ်ဆိုနေရင်း ပြန်ဖြေလိုက်သည်။
ယခုတစ်ကြိမ်တွင်တော့ ရှောင်းကျဲယွိက ဝေါယာဥ်၏ကန့်လန့်ကာကို မကန်တော့ဘဲ သူက ထိုအစား လမ်းလျှောက်သွားပြီး ကန့်လန့်ကာကို သူ့လက်ဖြင့် ကိုင်ကာ ပင့်တင်လိုက်သည်။ သူက စူးချင်း အပြင်သို့ ထွက်နိုင်ရန် သူကိုယ်တိုင် တွဲခေါ်ပေးနေခဲ့ပြီး သူ့၏အသံတွင်လည်း ကြင်နာနူးညံ့များ ပြည့်နေလေသည်။
“ရှင်မ၊ မင်းရဲ့ခင်ပွန်းက မင်းကို အိမ်ထဲ ခေါ်သွားပေးမယ်"
ထိုနေရာတွင် ရှိနေသည့်မိန်းကလေးများအားလုံး စူးချင်းကို မနာလိုဖြစ်နေကြသည်။
ဒီလိုလူကောင်းတစ်ယောက်နဲ့ လက်ထပ်ခွင့်ရလောက်တဲ့အထိ သူမရဲ့တစ်သက်တာမှာ ဘယ်လောက်များတဲ့ ကောင်းချီးတွေကို ပိုင်ဆိုင်ခဲ့တာလဲ?
သူက ရုပ်ရည်ချောမောတယ်၊ အာဏာရှိတယ်၊ ချမ်းသာတယ်၊ ဒါတောင်မှ ဒီလောက်အထိ သည်းခံတတ်တယ်တဲ့လား?
စူးချင်းကတော့ ထိုမိန်းကလေးများ၏ မနာလိုဖြစ်နေသော အကြည့်များကို မမြင်နိုင်ခဲ့ပေ။ သူမက ရှောင်းကျဲယွိ၏ပံ့ပိုးမှုဖြင့် အိမ်ကြီးဆီသို့ သွက်သွက်လေး လျှောက်နေခဲ့သည်။
“မီးကို ဖြတ်ကျော်လိုက်ပါ၊ နေ့ရက်တွေက ပိုပြီးတောက်ပလာလိမ့်မယ်…”
မင်္ဂလာပွဲကျင်းပပေးသည့် ဘိသိတ်ဆရာက အော်ဟစ်နေစဉ် ရှောင်းကျဲယွိနှင့် စူးချင်တို့က မီးပေါ်မှ ခုန်ကျော်ကာ မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ပြန်ဆင်းသက်လာခဲ့ကြသည်။
သတို့သမီးကို စောင့်ကြည့်ရန် ရောက်နေကြသူများက စိတ်ပျက်သွားကြပြန်သည်။ သတို့သားက သတို့သမီးကို မပွေ့ချီပြီး မီးပေါ်ကို ဖြတ်ကျော်သင့်တာ မဟုတ်ဘူးလား?
ထိုအစီအစဥ်နှစ်ခု ပြီးသွားပြီးနောက် ကောင်းကင်နှင့်မြေကြီးကို အရိုအသေပေးရမည့်အချိန် ရောက်ရှိလာခဲ့သည်။ ဘိသိတ်ဆရာက စတင်အော်ဟစ်လိုက်သည်။
“ပထမဆုံး ကောင်းကင်နဲ့မြေကြီးကို ဂါရဝပြုပါ၊ ဒုတိယအနေနဲ့ မိဘတွေ ရှိတဲ့ မြင့်မြတ်တဲ့နေရာကို ဂါရဝပြုပါ။ ဇနီးမောင်နှံအချင်းချင်း ဂါရဝပြုပါ။ သတို့သမီးအခန်းကို ဝင်နိုင်ပါပြီ”
စူးချင်းက ဤအဆင့်များ အားလုံးကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နေခဲ့သည်။ ကောင်းကင်၊ မြေကြီးနှင့် မိဘများကို အရိုအသေ ပေးသည်အထိ အဆင်ပြေနေဆဲဖြစ်သော်လည်း ဇနီးမောင်နှံအချင်းချင်း အပြန်အလှန် ဂါရဝပြုကြရသည့်အချိန်တွင် သူမ အနီရောင်မျက်နှာလွှားပုဝါကြောင့် ရှောင်းကျဲယွိကို ဝင်တိုက်မိတော့သည်။
ရှောင်းကျဲယွိက သူမကို အမြန်ပွေ့ဖက်ကာ လှမ်းထိန်းပေးလိုက်သည်။ ရှောင်းကျဲယွိ၏ မျက်နှာက ရှေ့သို့ ကိုင်းနေချိန်တွင် စူးချင်း၏ခါးကို အနောက်ဘက်သို့ လှန်ကျနေသောကြောင့် ထိုပုံစံကပင် စိတ်လှုပ်ရှားဖွယ်ဖြစ်နေပြန်သည်။