အစားအသောက်ကောင်းတွေရမယ်ဆိုရင်တော့ စောင့်ရကျိုးနပ်ပါတယ်လေ
Vol. 32 Ch. 473
“နောက်ဆုံးတော့ မင်းတို့ ဒီကို ရောက်လာပြီပေါ့။ လာ မြန်မြန်လာပြီး လက်ဖက်ရည် ဆက်သပါတော့ကွာ”
ချင်ဖုန်း၏ဗိုက်က ဆာလောင်မှုကြောင့် မြည်သံများ ထွက်ပေါ်နေလေသည်။ သူက စူးချင်းနှင့် ရှောင်းကျဲယွိတို့ကို တစ်ချက်လှမ်းကြည့်လိုက်ရင်း လက်ဖက်ရည်ခွက်ကို မြန်မြန် ဆက်သပြီး အရိုအသေပေးရန် တောင်းဆိုလိုက်သည်။ ဤအရာများပြီးသွားမှသာ သူ စာအိတ်အနီကို အမြန်လွှဲပေးပြီး မနက်စာပြန်စားနိုင်မည် ဖြစ်သည်။
စူးချင်းနှင့် ရှောင်းကျဲယွိတို့က နာခံမှုအပြည့်ဖြင့် ဒူးထောက်ကာ ချင်ဖုန်းနှင့် ကျိုးပေါ်တို့အား လက်ဖက်ရည်ဆက်သလိုက်ကြသည်။ ထို့နောက် ချင်ဖုန်းက သူတို့အတွက် အနီရောင်စာအိတ်အထူကြီးပေးခဲ့ပြီး ကျိုးပေါ်က သူတို့အတွက်တော့ အဆောင်ကမ္ပည်းပြားများ ပေးခဲ့သည်။ ထိုအဆောင်ကမ္ပည်းပြားများကို ပေးနေရင်း ကျိုးပေါ်က လျှို့ဝှက်ဆန်းကြယ်သောလေသံဖြင့် လူငယ်ဇနီးမောင်နှံကို ပြောပြနေသေးသည်။
"ဒီရွှေပြားလေးတွေက အရမ်းအဖိုးတန်တာနော်၊ ပြီးတော့ မင်းတို့ရဲ့အသက်ကို ကယ်တင်ပေးနိုင်လိမ့်မယ်!"
ရှောင်းကျဲယွိက ပြုံးရုံသာပြုံးနေခဲ့သည်။
သူ့ရဲ့ဆရာဦးလေးက အဆောင်လုပ်ဖို့ ရွှေပြားကိုတောင် သုံးခဲ့တယ်တဲ့လား? သူ ပြောတော့ ကြွားဝါတာက အပို အလုပ်ဆို၊ လူတွေက မလိုအပ်တဲ့နေရာတွေကို အလှဆင်နေတာလို့ ဆရာဦးလေး ပြောခဲ့ဖူးတာ မဟုတ်ဘူးလား?
စူးချင်းကတော့ ဆရာဦးလေးကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပြီး ထိုရွှေပြားလေးကို သူမ၏အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။
“မင်း အဲ့ဒါကို သေချာ ဂရုစိုက်ရမယ်နော်။ ငါ ဒါကို ဖန်တီးနိုင်ဖို့ ငါ့ဘဝရဲ့ အနှစ်သုံးဆယ်ကို မြှုပ်နှံခဲ့ရတာ၊ အဲ့ဒါနဲ့တူတာ ထပ်မရှိနိုင်တော့ဘူး”
စူးချင်းက ထိုရွှေပြားလေးကို သူမ၏အင်္ကျီလက်ဝကျယ်ထဲမှ အိတ်လေးထဲသို့ ခပ်ပေါ့ပေါ့ ထည့်လိုက်သည်ကို သတိပြုမိလိုက်သောကြောင့် ကျိုးပေါ်က စိုးရိမ်တကြီး ထပ်ပြောလာခဲ့သည်။
"နည်းနည်းပါးပါး ဂရုစိုက်ပြီး လုံခြုံတဲ့နေရာမှာ သိမ်းထားစမ်းပါ"
စူးချင်းက ထိုကဲ့သို့သော သိမ်မွေ့သည့်အခြေအနေ၏ဖိအားများကို မခံစားနိုင်သူ ဖြစ်သောကြောင့် ရှောင်းကျဲယွိကို အားကိုးတကြီး လှမ်းကြည့်လိုက်သည်။
ရှောင်းကျဲယွိက သူမကို စိတ်မပျက်စေခဲ့ပေ။ သူက ဤအခြေအနေများကို ကိုင်တွယ်ရာတွင် အတော်လေး ကျွမ်းကျင်လှသည်။ သူက အဆောင်ကမ္ပည်းပြားကို လေးလေးစားစား လှမ်းယူကာ သူ့ခါးတွင် ချိတ်ထားသော အိတ်ကို ဖြုတ်ယူလိုက်သည်။ ထို့နောက် သူက ရွှေပြားလေးကို ထိုအိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီး ထိုအိတ်ကို သူ့၏ခန္ဓာကိုယ်နှင့် အနီးကပ်ဆုံးဖြစ်ပြီး လုံခြုံနိုင်မည့်နေရာတွင် သေသေချာချာ သိမ်းဆည်းလိုက်သည်။
စူးချင်းက ကျိုးပေါ်တစ်ယောက် မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်နေသေးသည်ကို သတိပြုမိနေခဲ့သည်။
ဒီလူအိုကြီး ကျေနပ်အောင် လုပ်ပေးဖို့က တော်တော်ခက်တာပဲ။
“မနက်စာ စားကြရအောင်.... ဂွီ.... ဂွီ.....”
ချင်ဖုန်း မနက်စာ စားရန် လောဆော်လိုက်ချိန်တွင် သူ့ဗိုက်က အော်သံများ ထွက်လာပြန်သည်။
အခု လက်ဖက်ရည်ဆက်သတဲ့ အခမ်းအနားလည်းပြီးသွားပြီဆိုတော့ သူ တစ်ခုခု စားပြီး မော့ချန်ကို အမြန်ပြန်သွားချင်နေပြီ။ သူ ရှောင်ယင်ကို တစ်ယောက်တည်း ထားခဲ့ရတာတော့ နည်းနည်းလေး စိတ်ပူနေမိသေးတယ်။
သူတို့ ကျိရှောင်ယင်ကို ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့ရသည့်အကြောင်းအရင်းက သူမ၏လုံခြုံရေးကြောင့် ဖြစ်ပြီး သူမ မော့ချန်တွင် စိတ်အေးလက်အေး နေနိုင်စေရန် မင်္ဂလာပွဲအကြောင်းကိုပင် မပြောပဲ သူမကို ဖုန်းကွယ်ထားခဲ့ကြသည်။
ရှောင်းကျဲယွိနှင့် စူးချင်းတို့က နောက်သုံးရက်အကြာတွင် ယောက္ခမအိမ်သို့ သွားရောက်လည်ပတ်ရမည် ဖြစ်သည်။ ထို့ကြောင့် သူတို့က မော့ချန်သို့ မပြန်နိုင်သေးဘဲ ကျင့်ရှီလျိုမြောင်တွင် ရက်အနည်းငယ်ကြာ နေခဲ့ရမည်ဖြစ်သည်။
"ချင်းအာ၊ သမီး အဖိုးအတွက် အရသာတစ်ခုခု ပြင်ပေးနိုင်မလား?"
ချင်ဖုန်းက မျှော်လင့်ချက်များ တောက်ပနေသည့်အကြည့်များဖြင့် စူးချင်းကို လှမ်းမေးလိုက်သည်။
ချင်ဖုန်းက စူးချင်း၏ဟင်းချက်လက်ရာကို လွမ်းဆွတ်နေခဲ့ပြီး သူ့အိမ်မှ စားဖိုမှူးက စူးချင်းလောက် ဟင်းချက်မကောင်းသလို သူ အမြဲခံစားနေခဲ့ရသည်။
“ဟုတ်ကဲ့၊ ကျွန်မ အဖိုးအတွက် ဟင်းချက်ပေးပါ့မယ်”
ပုံမှန်အားဖြင့် ဇနီးအသစ်လေးက သူမ၏ယောက္ခမများကို လုပ်ကျွေးပြုစုရမည် ဖြစ်ပြီး သူမ အိမ်ထောင်ပြုသည့်နေ့တွင် မိဘများအတွက် နံနက်စာ ချက်ပေးရမည် ဖြစ်သည်။ စူးချင်းထံတွင် ယောက္ခမများ မရှိသည့်အတွက် ရှောင်းကျဲယွိ၏အဖိုးနှင့် ဆရာဦးလေးအတွက် မနက်စာ ချက်ပေးရခြင်းက ဖြစ်သင့်သော ကိစ္စသာ ဖြစ်သည်။
“ချင်းအာ... သေရည်”
ကျိုးပေါ်က စူးချင်း၏ဟင်းပွဲများကို နှစ်သက်သော်လည်း သူက စူးချင်း ချက်သော သေရည်ကို ပိုမက်မောသည်။
“အင်း၊ ကျွန်မ အရက်ချက်ရုံကို သွားပြီး ဆရာဦးလေးအတွက် သေရည်ဆယ်အိုး ချက်ပေးမယ်”
စူးချင်းက အလွယ်တကူ သဘောတူလိုက်သည်။
သူမလည်း အရက်ချက်ရုံကို သွားဖို့ ရှိနေတော့ အဆင်သင့်တယ်လေ။ သူမ အဲအရက်ချက်ရုံကို စဖွင့်ပြီးကတည်းက ဝမ်းကွဲညီမလေးကိုပဲ လည်ပတ်ခိုင်းထားမိတယ်။ အခုတော့ သူမ သွားကြည့်ဖို့ အချိန်တန်နေပြီ။
ပြီးတော့ သူမရဲ့အဖေကိုလည်း အရက်ချက်ရုံ တိုးချဲ့ဖို့ ပြောထားသေးတယ်။ အခု အခြေအနေတွေက ဘယ်လို ရှိနေလောက်မလဲ?
“ကောင်းပြီ၊ ဒါက ကတိနော်”
စူးချင်းက သူ့အတွက် အရက်ဆယ်အိုး ချက်ပေးမည်ဟု ကြားလိုက်ချိန်တွင် ကျိုးပေါ်က အလွန်ပျော်သွားပြီး သူ့၏ အကြီးအကဲသဖွယ် ပြုမူနေမှုများကို ဖယ်ရှားလိုက်သည်။
ချင်ဖုန်းက ကျိုးပေါ်ကို ဒေါသတကြီး စိုက်ကြည့်နေပြီး စတင်အပြစ်တင်လိုက်သည်။
"ကျုပ်မြေးမလေးက အခုမှ အိမ်ထောင်ကျကာစနော်၊ ဒါတောင်မှ ခင်ဗျားက ခင်ဗျားအတွက် အရက်ချက်ပေးဖို့ တောင်းဆိုနေတာလား?"
"ကျူပ် ရက်နည်းနည်းလောက် စောင့်ပေးလို့ ရပါတယ်"
ကျိုးပေါ်က စိတ်ကောင်းဝင်နေပြီး စောင့်ပေးရန်ပင် တွေးထားခဲ့သည်။
အစားအသောက်ကောင်းတွေရမယ်ဆိုရင် စောင့်ရကျိုးနပ်ပါတယ်လေ။
သို့သော်လည်း ချင်ဖုန်းက သူ့ကို စိုက်ကြည့်နေဆဲ ဖြစ်သောကြောင့် ကျိုးပေါ်က သူ့၏မုတ်ဆိတ်မွေးသုံးချောင်းကို လှမ်းကိုင်လိုက်ပြီး ချင်ဖုန်းကို အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
“ခင်ဗျားလည်း စူးချင်းက ခင်ဗျားအတွက် ထမင်းချက်ခိုင်းတာပဲလေ"
“ကျုပ်…”
ချင်ဖုန်းတစ်ယောက် ဘာစကားမှ ပြန်မပြောနိုင်တော့ပေ။
ဟုတ်တယ်၊ သူက သူ့မြေးရဲ့ဇနီးလေးကို ထမင်းချက်ခိုင်းမိတယ်။ ဒါပေမယ့် ဟင်းချက်တာက အရက်ချက်ရတာလောက် မပင်ပန်းဘူးလေ....
စူးချင်းက လူအိုကြီးနှစ်ယောက် ရန်ဖြစ်နေသည်ကို ကြည့်နေရင်း ရယ်မောလိုက်သည်။
သူတို့ နှစ်ယောက်လုံးက အရမ်းကလေးဆန်ပြီး ရယ်စရာ ကောင်းလွန်းတယ်။
ရှောင်းကျဲယွိကတော့ သူ့မိန်းမကို နာကျင်နေသည့်အကြည့်များဖြင့် လှမ်းကြည့်နေလေသည်။
အိမ်မှာရှိတဲ့ အကြီးအကဲနှစ်ယောက်က ချင်းအာကို နည်းနည်းလေးတောင် မငဲ့ညှာပေးနိုင်ကြဘူးလား? ချင်းအာက အခုမှ အိမ်ထောင်ကျတာကို သူတို့က သူမကို ဒီလိုမျိုး ခိုင်းစားချင်နေကြတာလား?
နောက်ဆုံးတွင် သူ့ဇနီးကို ချစ်သည့် ယောက်ျားတစ်ယောက်အနေဖြင့် ရှောင်းကျဲယွိက ရဲရဲရင့်ရင့် ရှေ့တိုးလိုက်ပြီး သူ့အဘိုးကို လှမ်းပြောလိုက်သည်။
"အဖိုး၊ အဖိုး ကျွန်တော် ချက်ပြုတ်တာကို တစ်ခါမှ မမြည်းစမ်းဖူးသေးဘူးမလား? ဒီနေ့ ကျွန်တော် အဖိုးအတွက် အသားနည်းနည်း ကင်ပေးမယ်လေ။ ချင်းအာကို အနားယူခိုင်းလိုက်ကြရအောင်"
"ဟင်?"
ချင်ဖုန်းက သူ့မြေးကို စိုက်ကြည့်ရင်း သူ့မြေး ဟင်းချက် ကောင်း မကောင်း တွေးတောနေလေသည်။
မင်းရဲ့အသားကင်ကို ချင်းအာရဲ့ဟင်းပွဲတွေနဲ့ နှိုင်းယှဉ်နိုင်လို့လား?
သူ့အဘိုးကို ပြောပြီးနောက် ရှောင်းကျဲယွိက သူ့ဆရာဦးလေးဘက်သို့ လှည့်သွားပြီး "ဆရာဦးလေး၊ ဆရာဦးလေးက သောက်ချင်တာပဲ မဟုတ်လား? လူတိုင်းမှာ သေရည်ချက်နည်း အမျိုးမျိုးရှိကြတယ်။ ကျွန်တော် ဆရာဦးလေးကို ဆိုင်တွေ အများကြီးဆီ ခေါ်သွားပေးမယ်၊ ဆရာဦးလေးကြိုက်တဲ့ အရက်ကို ရွေးလိုက်ရင် စောင့်စရာမလိုပဲ အခုတောင် သောက်လို့ ရနိုင်တယ်နော်"
"ဟမ်?"
ကျိုးပေါ်ကလည်း တွေဝေနေပြီး သူ့၏မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ စဥ်းစားနေပြန်သည်။ သို့သော် သူက ခဏတာမျှသာ စဥ်းစားလိုက်ပြီး ရှောင်းကျဲယွိကို ပြန်မေးလိုက်သည်။
"ကောင်လေး၊ တခြားသူတွေရဲ့အရက်က ချင်းကောင်မလေးနဲ့ ယှဉ်နိုင်ပါ့မလား?"
သူက တခြားသူတွေရဲ့ သေရည်ဆယ်အိုးကို သောက်မယ့်အစား ချင်းကောင်မလေးရဲ့ သေရည်တစ်အိုးကိုပဲ ပိုသောက်ချင်တယ်။ သူ အရက်ဆယ်အိုး ရဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရသလဲ? အခု ဒီကောင်လေးကြောင့် သူရဲ့ အရက်ဆယ်အိုးက ပျောက်ကွယ်သွားတော့မှာလား? သူ ဒီတူတပည့်လေးကို မလိုချင်တော့ဘူး။
လူအိုကြီးနှစ်ယောက်၏ စိတ်ပျက်လက်ပျက် အမူအရာများကို မြင်နေရသည့်တိုင် ရှောင်းကျဲယွိကတော့ လုံးဝ နောင်တ မရခဲ့ပေ။
သူ့ချင်းအာ ပင်ပန်းသွားရင် နောက်ဆုံး အကျိုးဆက်ကို ခံစားရမယ့်သူက သူပဲ မဟုတ်ဘူးလား?
သူက သူ့ကတိအတိုင်း မနက်စာစားပြီးသည်နှင့် သိုးခြံသို့ သွားကာ သူ့အဘိုးအတွက် အဆူဖြိုးဆုံးသိုးတစ်ကောင်ကို ရွေးချယ်လိုက်သည်။ အမှန်တကယ်တွင် ရှောင်းကျဲယွိကလည်း ထက်မြက်သူ ဖြစ်ပြီး ဟင်းချက်ရာတွင် ကျွမ်းကျင်လှသည်။ စူးချင်း၏ အချက်အပြုတ်စွမ်းရည်ကို မယှဉ်နိုင်သော်လည်း အသားကင်ကတော့ သူ အကျွမ်းကျင်ဆုံး အထူးဟင်းလျာ ဖြစ်သည်။ သူက အလွန်ရှေးကျသော အသားကင်နည်းကို အသုံးပြုခဲ့ပြီး ဟင်းခတ်အမွှေးအကြိုင်များကို သိုး၏ဝမ်းဗိုက်ထဲသို့ အရင် ထည့်လိုက်သည်။ ထို့နောက်မှ သိုး၏ခန္ဓာကိုယ်ပေါ်သို့ ဆားတစ်လွှာ ထပ်မံလိုက်ပြီး မီးပုံပေါ်သို့ ကင်ထားလိုက်သည်။ သူ အသုံးပြုသည့် နည်းလမ်းက ရိုးရှင်းလွန်းလှပြီး ဟင်းခတ်အမွှေးအကြိုင်မှားဖြင် နှပ်ကာ ကင်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ရလဒ်အနေဖြင့် အသားကင်၏ရနံ့က အလွန်မွှေးပျံ့နေဆဲ ဖြစ်သည်။
စူးချင်းက သူ့ကို အကူအညီပေးရန် ရောက်လာသောကြောင့် အသားကင်၏ရနံ့က ပိုဆွဲဆောင်မှု ရှိနေခဲ့သည်။ ယခု သူမက အဆင့် ၁၀ စားဖိုမှူးတစ်ဦး ဖြစ်နေခြင်းကြောင့် သူမ ချက်သမျှ ဟင်းလျာများက တခြားသူများအတွက် ခံတွင်းတွေ့စေမည် ဖြစ်ပြီး ထိုအရာက သူမ၏ကျွမ်းကျင်မှုအပိုဆု အဖြစ်သတ်မှတ်သည်။ စူးချင်း ရောက်ရှိနေခြင်းနှင့်အတူ ချင်ဖုန်း၏မျှော်လင့်မှုများကလည်း မြင့်တက်လာပြန်သည်။
ရှောင်းကျဲယွိက သူ့၏အစေခံများကို ကျန်းနန်ချွမ်နှင့် ပါးဝမ်စွေ့ ဆယ်အိုးစီ ဝယ်ရန် အရက်ချက်ရုံသို့ စေလွှတ်ခဲ့ပြီး သူ့၏ဦးလေးဆရာ ကျေနပ်စေရန် မျှော်လင့်နေခဲ့သည်။
လွမ်ဟုန်ချက်တဲ့ အရက်က စူးချင်းရဲ့အရက်ထက် အရသာ အနည်းငယ် နိမ့်ကျတယ်ဆိုပေမယ့် ကွာခြားချက်က လုံးဝ မသိသာဘူး။ မဟုတ်ရင် အဲ့အရက်အိုးတွေကို ဘယ်လိုလုပ်ပြီး တာ့ထန်ကို တင်သွင်းနိုင်တော့မှာလဲ?
အရက်ချက်ရုံက စူးမိသားစု၏၀င်ငွေကို သိသာထင်ရှားစွာ ပံ့ပိုးပေးခဲ့ပြီး သူတို့၀င်ငွေ၏ သုံးပုံနှစ်ပုံခန့်က အရက်ချက်ရုံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းက သူတို့၏ အမြတ်အစွန်းအများဆုံး လုပ်ငန်းများဖြစ်နေသောကြောင့် သူမ လက်ထပ်ပြီးသွားသည့်တိုင် စူးချင်းက လုပ်ငန်းကို ပြန်မယူတော့ဘဲ ရှောင်ချန်အတွက် ချန်ထားပေးခဲ့သည်။ ထိုအရာက ဤခန္ဓာကိုယ်ကို သူမ သိမ်းပိုက်ပြီး စူးမိသားစု၏ချစ်ခြင်းမေတ္တာကို ခံစားခွင့်ရခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းပြသည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။
အရက်ချက်ရုံကို စူးမိသားစုအတွက် ပေးလိုက်သော်လည်း စူးချင်းက အခြားအမြတ်အစွန်းများသည့် လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေသေးသည်။ သူမ၏ ဒူလာလိမ်းဆေးများ၊ အရွတ်နှင့် အရိုးဆေးများက တာ့ထန်အပါအဝင် အိမ်နီးချင်းတိုင်းပြည်များ၌ ရောင်းအားကောင်းနေဆဲ ဖြစ်သည်။ ဤထုတ်ကုန်များက ထုတ်လုပ်ရန် ငွေကုန်ကြေးကျများသလို အမြတ်အစွန်းကလည်း မြင့်မားလှသည်။
လက်ရှိတွင်လည်း စူးချင်းက အိုမင်းပြီး နာမကျန်းဖြစ်နေသူများ၏ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေမည့် အသက်ရှည်လိမ်းဆေးအဆီကိုလည်း စတင် စမ်းသပ်နေခဲ့သည်။ ထိုဆေးက ဈေးကြီးမည်မှာ သေချာနေသော်လည်း သေရမည်ကို ကြောက်ရွံ့သော ချမ်းသာသူများကတော့ ထိရောက်မှုကိုပင် ဂရုမစိုက်ဘဲ သတင်းရသည်နှင့် အလောတကြီး ဝယ်ယူသုံးစွဲကြမည် ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် စူးချင်း၏ဆေးဝါးများက လူများကို အန္တရာယ်ဖြစ်စေနိုင်သည့် အချို့သော ကျန်းမာရေးဖြည့်စွက်ဆေးများနှင့်မတူဘဲ အမှန်တကယ် အစွမ်းထက်သေူဆေးဝါးများ ဖြစ်သည်။
ထို့အပြင် သူမက မော့ချန်တွင်လည်း အရက်ချက်ရုံကို ဆက်လက်လုပ်ကိုင်နေခဲ့သည်။ တာ့ထန်သို့ အရက်မပို့နိုင်သော်လည်း အလယ်ပိုင်းလွင်ပြင်တွင် စျေးကွက်ရှာဖွေ ရောင်းချနိုင်မည်ပင်။ ကျန်းနန်ချွမ် တစ်မျိုးတည်း ထုတ်လုပ်ခြင်းဖြင့်ပင် အမြတ်အစွန်းများစွာ ရှာဖွေနိုင်ပေလိမ့်မည်။
ထိုအရာများအပြင် ရှောင်ချီ ပြုစုပျိုးထောင်ခဲ့သော ပိုးကောင်ကလေးများ၏အရေအတွက်ကလည်း အဆမတန် တိုးပွားလာခဲ့သည်။ ကနဦးတွင် ဒါဇင်အနည်းငယ်မျှသာ အရေအတွက် ရှိခဲ့သော်လည်း ယခု အကောင်တစ်ထောင်ကျော်အထိ တိုးလာခဲ့သည်။ ရှောင်ချီက ပိုးစာပင် ၁၀ ပင်ကိုလည်း စတင် စိုက်ပျိုးခဲ့ပြီး ၎င်းတို့ကလည်း စဉ်ဆက်မပြတ် ပွားများနေသောကြောင့် ပိုးကောင်ကလေးများအတွက် လုံလောက်သော အာဟာရကို ထောက်ပံ့ပေးနိုင်ခဲ့သည်။
ထိုပိုးကောင်ကလေးများက ပိုးအိမ်များ ထုတ်ပေးနေပြီ ဖြစ်ကာ ပိုးချည်ငင်ပြီးလျှင် ပုစဉ်းရင်ကွဲတောင်ပံများကဲ့သို့ နူးညံ့ပျော့ပျောင်း ချောမွတ်သော ပိုးထည်များ ထုတ်လုပ်နိုင်တော့မည် ဖြစ်သည်။ အဆင့်မြင့်အရာရှိများနှင့် မှူးမတ်များက ၎င်းတို့၏အဆင့်အတန်းကို ဖော်ပြရန် ဤဇိမ်ခံအဝတ်အထည်များကို ဝယ်ယူရန် စိတ်အားထက်သန်နေမည်မှာ အသေအချာပင်။
စူးချင်းက နောက်ထပ် စွန့်ဦးတီထွင်မှု အစီအစဉ်များကိုလည်း တွေးထားခဲ့သည်။ သူမက နောက်ထပ် ရေမွှေးဥယျာဉ်တစ်ခု ဖွင့်လှစ်ရန်နှင့် ပါးနီမှုန်နှင့် မျက်နှာချေမှုန့်များကဲ့သို့သော အလှကုန်များထုတ်လုပ်ရန် အလုပ်ရုံတစ်ခု ဖွင့်လှစ်မည်ဟု ကြံစည်နေသေးသည်။ နှုတ်ခမ်းနီတစ်မျိုးထဲကို အာရုံစိုက်ထားလျှင်ပင် အကျိုးအမြတ်က ဒလဟော ဝင်လာမည်ဟု သူမ ခန့်မှန်းထားခဲ့သည်။
သူမအတွက် ငွေရှာရန် နည်းလမ်းများက အဆုံးမသတ်နိုင်အောင် ပေါ်များလှပြီး သူမ၏မျက်စိရှေ့တွင် ရှိနေသည့် စီးပွားရေးအခွင့်အလမ်းများကလည်း ပေါများလှသည်။သို့သော်လည်း စည်းစိမ်ဥစ္စာ ရှာဖွေစုဆောင်းခြင်းက သူမ၏ အဆုံးစွန်သော ရည်ရွယ်ချက် မဟုတ်ပေ။ သူမ၏အိပ်မက်က မြေသြဇာကောင်းသော မြေဧကတစ်သောင်းကို စိုက်ပျိုးပြီး လေထဲတွင် ကခုန်နေမည့် ရွှေရောင်စပါးခင်းများနှင့် ဂျုံခင်းများကို ပိုင်ဆိုင်လိုခြင်းပင်။
သုံးရက်အကြာတွင် ရှောင်းကျဲယွိနှင့် စူးချင်းတို့က စူးမိသားစုအိမ်သို့ ပြန်လာခဲ့ကြပြီး စူးမိသားစုတစ်ခုလုံးက သူတို့ကို နွေးနွေးထွေးထွေး ကြိုဆိုဧည့်ခံခဲ့ကြသည်။ သူမ၏ မိဘအိမ်တွင် အရသာရှိစွာ စားသောက်ပြီးနောက် ရှောင်းကျဲယွိက သူ့ယောက္ခမဖြစ်သူ စူးဟန်ရွှမ်နှင့် စကားပြောခဲ့ပြီး စူးဟန်ရွှမ်က သူ့သမီးလေးကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးရန် ရှောင်းကျဲယွိအား ထပ်ခါထပ်ခါ မှာကြားနေခဲ့သည်။
သူတို့ မိဘအိမ်သို့ ပြန်သွားပြီးနောက်တွင် စူးချင်းနှင့် ရှောင်းကျဲယွိတို့က ကျန်းကျင့်လင်းကို ပြန်ခေါ်ကာ မော့ချန်သို့ အတူပြန်လာခဲ့ကြသည်။ သူတို့က တစ္ဆေမယ်တော်ကြီးကို အကျဥ်းလှည်းဖြင့် ပြန်ခေါ်လာခဲ့ကြသည်။ သရဲငါးကောင်က သူမကို ကယ်တင်ရန် ရောက်လာမည်ကိုလည်း သူတို့နှစ်ယောက်လုံး မကြောက်ကြဘဲ ပေါ်ပေါ်တင်တင်သာ ခရီးထွက်လာခဲ့သည်။
သရဲသဘက်ကောင်တွေ လာရဲရင်တော့ အကောင်းဆုံးပေါ့။ သူမတို့ သူတို့ကို ရှာဖို့ ယွင်ချန်ကိုတောင် သွားနေစရာ မလိုတော့ဘူးပေါ့...