တာဝန်ကျေတဲ့ ချွေးမလေး
Vol. 32 Ch. 474
ကျန်းကျင့်လင်း ထွက်ခွာရမည့်အချိန်တွင် လွမ်ဟုန်က သူ ထွက်သွားတော့မည်ကို လက်မခံနိုင်ခဲ့ပေ။
လက်ရှိအခြေအနေတွေအရ သူမတို့ လူချင်းမတွေ့ရရင်တောင် သူ အစိုးရရုံးတော်အနီးမှာ ရှိနေသေးသရွေ့တော့ သူ့ကို တစေ့တစောင်း လှမ်းမြင်နိုင်သေးတယ်လေ။ သူ အခု လော့ချန်ကို သွားလိုက်ရင် သူမ သူ့ကို လုံးဝ တွေ့နိုင်တော့မှာ မဟုတ်ဘူး။
သို့သော်လည်း ကျန်းကျင့်လင်း၏ အိပ်မက်က လော့ချန်တွင် စစ်သူကြီးတစ်ယောက် ဖြစ်လာရန် ဖြစ်သည်။ သူက ရှောင်းကျဲယွိလက်အောက်တွင် စစ်မှုထမ်းရန် ဆန္ဒရှိနေခဲ့ပြီး ထူးထူးခြားခြား ပံ့ပိုးကူညီမှုများ ပြုလုပ်ကာ နောက်ဆုံးတွင် တိုင်းပြည်၏ မဏ္ဍိုင် ဖြစ်လာရန် စိတ်ကူးယဥ်နေခဲ့သည်။
လွမ်ဟုန်ကလည်း သူမချစ်ရသူ၏ဘဝတက်လမ်းကို သူမ မပိတ်ပင်သင့်မှန်း နားလည်နိုင်ခဲ့သည်။ ထို့ကြောင့် သူမက စည်းမျဥ်းစည်းကမ်းများကို လျစ်လျူရှုကာ သူ မထွက်ခွာခင်တစ်ရက်တွင် သူ့ကို တွေ့ရန် ပြေးလာခဲ့သည်။ သူမက သူမ အတွင်းဆောင်၌နေရင်း ညပေါင်းများစွာ ကြိုးကြိုးစားစားချုပ်ထားသည့် ချည်ထိုးအိတ်လေးကို သူ့ဆီသို့ အမြတ်တနိုး ပေးအပ်ခဲ့သည်။
ယခုအချိန်တွင် ကျန်းကျင့်လင်း၏မိခင်က ကျင့်ရှီလျိူမြောင်တွင် ကျန်ရစ်နေခဲ့သည်။ လက်ရှိအချိန်က ဆောင်းရာသီဖြစ်နေပြီး သူမ၏ကျန်းမာရေးအခံကလည်း ညံ့ဖျင်းလွန်းသောကြောင့် နောက်တစ်ခေါက် ခရီးရှည်ကြီးသွားရန် မဖြစ်နိုင်တော့ပေ။ လွမ်ဟုန်က ကျန်းကျင့်လင်း၏မိခင်ကို သူမ၏အမေကဲ့သို့ ပြုစုစောင့်ရှောက်ပေးမည်ဟု ပြောကာ တာဝန်ကျေသောချွေးမလေး ဖြစ်လာခဲ့သည်။
ယန်ရုပင်းနှင့် လွမ်ချင်းရှန်တို့ကလည်း သူတို့၏ခမည်းခမက်ကို ဂရုစိုက်ပေးကြသောကြောင့် ကျန်းကျင့်လင်း၏ စိုးရိမ်ပူပန်မှုများက အများကြီး လျော့ပါးသက်သာသွားခဲ့ရသည်။
စူးချင်းတို့အားလုံး ယာဉ်တန်းဖြင့် နှစ်ရက်ကြာ ခရီးဆက်လာခဲ့ကြသော်လည်း မည်သူကမျှ တစ္ဆေမယ်တော်ကြီးကို လာရောက်ကယ်တင်ခဲ့ခြင်း မရှိပေ။ သူတို့၏ ခိုအောင်းရာဖြစ်သော ယွင်ချန်က အလှမ်းဝေးလွန်းသောကြောင့် ကယ်ဆယ်ရန် နှောင့်နှေးနေခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သရဲငါးကောင်ကို ဖြားယောင်းရန် တစ္ဆေမယ်တော်ကြီးကို အသုံးချခဲ့သည့် သူတို့၏အစီအစဉ်က မအောင်မြင်ခဲ့သော်လည်း သူတို့တစ်ဖွဲ့လုံး မော့ချန်သို့ လုံခြုံစွာ ပြန်ရောက်ရှိလာခဲ့ကြသည်။ နောက်ဆုံးတွင် တစ္ဆေမယ်တော်ကြီးက ရေအောက်အကျဥ်းထောင်ထဲသို့ ခေါ်သွားခံခဲ့ရပြီး သူမ၏ အစ်ကိုများက သူမကို ကယ်တင်ရန် မျှော်လင့်ထားသည့် တစ္ဆေမယ်တော်ကြီး၏ မျှော်လင့်ချက်များအားလုံး အချည်းနှီးဖြစ်ခဲ့ရသည်။
သူတို့ မော့ချန်သို့ ပြန်ရောက်ပြီးနောက်တွင် အဒေါ်ချိုး ကွယ်လွန်သွားပြီဖြစ်ကြောင်း ရှောင်းကျဲယွိ သိခဲ့ရသည်။ ထိုသတင်းကို စကြားလိုက်ရချိန်တွင် သူ အနည်းငယ် စိတ်မကောင်းဖြစ်သွားခဲ့သော်လည်း နောက်ဆုံးတွင် သူ့စိတ်ကို သူ ပြန်ထိန်းထားလိုက်သည်။
ဘယ်သူက စူးချင်းကို လာထိဖို့ သူတို့ကို တိုက်တွန်းခဲ့လို့လဲ? သူတို့ဘက်ကစပြီး သူ့ရဲ့အောက်ခြေစည်းကို ကျော်ဖြတ်ခဲ့ကြတာလေ။ အခုတော့ သူတို့ တစ်ယောက်ပေါ် တစ်ယောက် ဘာအကြွေးမှ မတင်တော့ဘူးလို့ပဲ သတ်မှတ်လိုက်တော့မယ်။
မော့ချန်တွင် တစ်ရက်အနားယူပြီးနောက် လော့ချန်သို့ ထွက်ခွာလာခဲ့ကြသည်။ လမ်းခရီးတွင် ကျင်းချန်ကို ဖြတ်ကျော်ရမည် ဖြစ်သောကြောင့် ကျင်းချန်ကိုလည်း ဝင်ရောက်စစ်ဆေးခဲ့ကြသည်။ စီရင်စုအမတ်အသစ်ဖြစ်သော ချန်ချင်းကျိုးက အရည်အချင်း ရှိပြီး ကျင်းချန်ကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ခဲ့သည်။
ထိုအရာက အမှုထမ်းများကို လူမှန်နေရာမှန် ရွေးချယ်နိုင်သည့် ရှောင်းကျဲယွိ၏ ကိုယ်ပိုင်အောင်မြင်မှုတစ်ခု ဖြစ်လာခဲ့သည်။ သူတို့ ကျင်းချန်တွင် တစ်ညတာ နေထိုင်ခဲ့ပြီး လော့ချန်သို့ ခရီးပြန်ဆက်ခဲ့ကြသည်။
သူတို့ လီသုံးရာလောက် ခရီးထွက်လာခဲ့ကြပြီး လော့ချန်သို့ ရောက်ရောက်ချင်းမှာပင် မော့ချန်ထံမှ အရေးပေါ်သတင်းစကားတစ်ခုကို ရရှိခဲ့သည်။ မြောက်ပိုင်းလူရိုင်းများက မော့ချန်ကို တိုက်ခိုက်နေကြောင်းနှင့် မော့ချန်က သေရေး ရှင်ရေးတမျှ အရေးကြီးသော အခြေအနေကို ရောက်နေပြီ ဖြစ်ကြောင့် သိလိုက်ရသည်။
မြောက်ပိုင်းလူရိုင်း၏ ရုတ်တရက် တိုက်ခိုက်မှုက ရှောင်းကျဲယွိက တွက်ချက်မှုများထဲမှ ကင်းလွှတ်သွားခဲခြင်း ဖြစ်သည်။ ဤတိုင်းပြည်ငယ်လေးက မော့ချန်၏နယ်စပ်တွင် တည်ရှိခဲ့သည်မှာ အနှစ်နှစ်ဆယ်နီးပါးဖြစ်သော်လည်း သူတို့ဘက်မှ စတင်တိုက်ခိုက်ခဲ့ခြင်း မရှိပေ။
သူတို့က ဘာကြောင့် အခုအချိန်မှ ရုတ်တရက် ကျူးကျော်လာရတာလဲ?
ရှောင်းကျဲယွိက သူ့တပ်များကို ချက်ချင်း စုစည်းစေပြီး ကျိုးချွမ်ကို ဦးဆောင်စေကာ မော့ချန်သို့ စစ်ကူလွှတ်လိုက်သည်။
ကျန်းကျင့်လင်းက ယခုမှ အရပ်ဘက်အမှုထမ်းအဖြစ်မှ စစ်ဘက် အရာရှိအဖြစ်သို့ ကူးပြောင်းလာစဖြစ်ပြီး တပ်ဖွဲ့ဝင်များနှင့် သိပ်မရင်းနှီးသောကြောင့် သူ့အတွက် တပ်ဖွဲ့ဝင်များနှင့် ရင်းနှီးရန် အချိန်လိုအပ်နေသေးသည်။ ထို့ကြောင့် ကျိုးချွမ်ကိုသာ စေလွှတ်လိုက်ရသည်။
ထို့အပြင် လော့ချန်ထက်စာလျှင် ကျင်းချန်က မော့ချန်နှင့် ပိုမိုနီးစပ်သောကြောင့် ကျိုးချွမ်ကို စေလွှတ်လိုက်ခြင်းလည်း ဖြစ်သည်။
(T/N : ဒီနားမှာ ပြောချင်တာက လော့ချန်ရဲ့မြို့စောင့်စစ်သူကြီးက ကျန်းကျင့်လင်းပါ၊ ကျင်းချန်ရဲ့ မြို့စောင့်စစ်သူကြီးက ကျိုးချွမ်ပါ၊ မော့ချန်ကတော့ ချန်ယွိပေါ့၊ အခု မော့ချန်မှာ စစ်ကူလိုတော့ မော့ချန်နဲ့အနီးဆုံးဖြစ်တဲ့ ကျင်းချန်က သွားကူရမှာမို့ ကျိုးချွမ်ကို လွှတ်လိုက်တယ်ဆိုတာမျိုး ပြောချင်တာပါ)
ကျိုးချွမ်ကလည်း အလွန်ဝမ်းသာနေခဲ့သည်။
ဒါက သူ့အတွက် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှု ရနိုင်မယ့် အခွင့်ကောင်းပဲ။
ကျန်းကျင့်လင်းကတော့ သူ နောက်ထပ် အခွင့်အရေးတစ်ခု လွတ်သွားသည့်အတွက် စိတ်မကောင်း ဖြစ်နေလေသည်။
"စိတ်မပူပါနဲ့၊ အနာဂတ်မှာ တိုက်ပွဲတွေ အများကြီး ရှိပြီး အခွင့်အလမ်းတွေ ပိုများ လာဦးမှာပါ၊ ပထမဆုံး မင်း လုပ်ရမှာက လော့ချန်မှာ ခြေကုပ်ယူဖို့ပဲ၊ ပြီးရင် တပ်သားသစ်တွေ စုဆောင်းပြီး စစ်အင်အားကို တိုးချဲ့ရမယ်"
ရှောင်းကျဲယွိက ကျန်းကျင့်လင်းကို နှစ်သိမ့်ပေးလိုက်ပြီး တပ်သားသစ်စုဆောင်းရေးအတွက် တာဝန်ပေးအပ်လိုက်သည်။
အသစ်ခန့်အပ်ထားသော စီရင်စုအမတ် စုန့်ဖူကလည်း အဖိုးတန်သော လက်အောက်ငယ်သားတစ်ဦး ဖြစ်သည်။ သူက ကျင်းချန်မှ နည်းလမ်းများကို ဆက်လက်ကျင့်သုံးခဲ့သည်။ ရှောင်းမိသားစုစစ်တပ်က လော့ချန်ကို တိုက်ခိုက်သိမ်းပိုက်ပြီးသည်နှင့် သူက အကျင့်ပျက်အရာရှိများနှင့် ဓေသခံအာဏာရှင်များကို ဖြေရှင်းခဲ့သည်။ သူတို့ထံမှ သိမ်းယူထားသော ငွေများကို စစ်စရိတ်အဖြစ် အသုံးပြုကာ စားနပ်ရိက္ခာများကိုတော့ ပြည်သူများအတွက် စနစ်တကျ ခွဲဝေပေးခဲ့ပြီး ပြည်သူများ၏နှလုံးသာကိုပါ သိမ်းယူနိုင်ခဲ့သည်။
မြို့နှစ်မြို့ကို သိမ်းယူခဲ့ပြီး ထိုမြို့များမှ သာမန်ပြည်သူများ အေးအေးချမ်းချမ်း နေထိုင်နိုင်အောင် စီမံဆောင်ရွက်ပေးပြီးနောက် ရှောင်းမိသားစုစစ်တပ်၏ ဂုဏ်သတင်းက ကြီးမားသည်ထက် ပို ကြီးမားလာခဲ့သည်။ အခြားမြို့များမှ ရည်မှန်းချက်ကြီးသော လူငယ်များပင် စစ်တပ်ထဲသို့ ဝင်ရန် လော့ချန်သို့ စုဝေးရောက်ရှိလာကြသည်။
စူချင်းက သရဲငါးကောင်၏အသိုက်ကို ဖျက်ဆီးရန် စိတ်အားထက်သန်နေသောကြောင့် လော့ချန်မှ ကိစ္စရပ်များကို ဖြေရှင်းပြီးနောက် ရှောင်းကျဲယွိက လက်ရွေးစင် စစ်သည်အဖွဲ့တစ်ဖွဲ့ကို ခေါ်ဆောင်ကာ စူးချင်းနှင့်အတူ ယွင်ချန်သို့ ထွက်လာခဲ့သည်။
ယွင်ချန်က သူတို့၏နယ်မြေ မဟုတ်သောကြောင့် လူတိုင်းက သက်တော်စောင့်နှင့် ကုန်စည်ပို့ဆောင်သည့် လုပ်ငန်းမှ သက်တော်စောင့်များအဖြစ် အသွင်ယူခဲ့ကြသည်။ သူတို့၏ယခင်အတွေ့အကြုံအရ သကတော်စောင့်အဖြစ် အသွင်ယူခြင်းက လက်နက်များကို တရားဝင်သယ်ဆောင်ခွင့်ရရန် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်ဟု ရှောင်းကျဲယွိက သတ်မှတ်ခဲ့သည်။ ယခုတစ်ကြိမ်တွင် သူတို့က သားရေနှင့် သားမွေးများ သယ်ဆောင်လာခဲ့ကြသည်။ သူတို့ထံတွင် ယွင်ချန်၌ ရောင်းချရန် သင့်တော်မည့် သားမွေးများ သိသိသာသာ ပုံထပ်နေခဲ့ပြီး ဤခရီးက ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးဖြင့် သတ်ဖြတ်ရန် စီစဥ်ခဲ့သောခရီးစဥ်သာ ဖြစ်သည်။
စူးချင်က လူသားအရေခွံမျက်နှာဖုံးတစ်ခု ပြုလုပ်ထားပြီး တစ္ဆေမယ်တော်ကြီးကို ဝတ်ဆင်ပေးကာ အဘိုးအိုကြီးအဖြစ် အသွင်ပြောင်းပေးထားခဲ့သည်။ ထို့အပြင် လမ်းတစ်လျှောက်တွင် အန္တရာယ်တစ်စုံတစ်ရာ မဖြစ်စေရန်အတွက် ဆွံ့အဆေးလည်း တိုက်ထားခဲ့သေးသည်။
ယွင်ချန်သို့ သွားရာလမ်းတစ်လျှောက်မှ မြို့များအားလုံးက အဓိကရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ အစောင့်အကြပ်များချထားကြောင်း စူးချင်းနှင့် ရှောင်းကျဲယွိတို့ တွေ့ရှိခဲ့ရသည်။ မြို့ထဲသို့ ဝင်ခွင့် မပြုမီ သူတို့၏စာရွက်စာတမ်းများကို အကြိမ်ကြိမ် စစ်ဆေးအတည်ပြုပြီးမှသာ မြို့ထဲသို့ ဝင်ခွင့်ရကြသည်။
မြို့တွင်းမှ အခြေအနေများကလည်း ဆိုးရွားလွန်းလှပြီး စျေးသည်များက စျေးရောင်းရင်း ထိတ်လန့်တကြားအမူအရာများဖြင့် ဟိုကြည့်သည်ကြည့် ကြည့်နေကာ လမ်းပေါ်မှ လူများကလည်း မပြေးရုံတမယ် အလောတကြီး သွားလာနေကြသည်။ သူတို့ စုံစမ်းမေးမြန်းကြည့်ရာ သူပုန်များ အများအပြား ရောက်လာတတ်ကြောင်းနှင့် ယနေ့တွင် ပုန်ကန်သူတစ်ဖွဲ့ရောက်လာပါက နောက်တစ်နေ့တွင် တောပုန်းတစ်ဖွဲ့ ရောက်ရှိလာတတ်ကြောင်း သိရှိခဲ့ရသည်။ ဓားပြများကလည်း တောင်ပေါ်မှ ဆင်းလာကာ ပြည်သူများကို လုယက်နှောက်ယှက်ဒုက္ခပေးနေကြပြန်သည်။
ယင်းက ဝမ်ယွိလင်၏အုပ်ချုပ်မှုမှာ လုံးလုံးလျားလျား မလုံခြုံတော့ကြောင်း သက်သေပြနေခဲ့သည်။ ကိုယ်ကျင့်တရားနှင့် သမာဓိမရှိ သူများက သူတို့၏အာဏာကို မထိန်းသိမ်းနိုင်ကြပေ။
ဝမ်မိသားစုစစ်တပ်မှ ကျူးလွန်နေသည့် မကောင်းမှုအကြောင်းကိုလည်း လမ်းတလျှောက်လုံး ကြားနေခဲ့ရပြီး သူတို့က ရာဇ၀တ်မှုများ မရေမတွက်နိုင်အောင် ကျူးလွန်နေကြောင်း ကြားလိုက်ရချိန်တွင် ရှောင်းကျဲယွိ၏အမူအရာက ပို ပိုပြီး ဆိုးရွားလာခဲ့သည်။ သူက မြို့တော်ကို ချက်ချင်း ပြေးသွားပြီး သိမ်းပိုက်ကာ ပြည်သူများ၏ ဒုက္ခများကို ကယ်တင်ပေးနိုင်ရန် အမှန်တကယ် ဆန္ဒရှိနေခဲ့သည်။
သို့သော် သူ့ဘက်က မပြည့်စုံသေးဘဲ မြို့တော်ကို အလောတကြီး တိုက်ခိုက်ခြင်းက သူတို့ဘက်မှ ဆုံးရှုံးမှုကို ဖိတ်ခေါ်သလို ဖြစ်စေပြီး ဝမ်မိသားစုအတွက် လမ်းခင်းပေးသလို ဖြစ်သွားပေလိမ့်မည်။
"ပြေး! စစ်မှုထမ်းတွေ ခေါ်နေပြီ!"
ယနေ့တွင် သူတို့ လျန်ချန်သို့ ရောက်ရှိလာခဲ့ကြပြီး တည်းခိုဆောင်အတွင်းသို့ ရောက်ရှိနေစဥ် အပြင်ဘက်မှ ရုန်းရင်းဆန်ခတ်သံများကို ကြားလိုက်ရခြင်း ဖြစ်သည်။ ဝမ်မိသားစုစစ်တပ်က လမ်းပေါ်မှ အသက် ဆယ်နှစ်မှ ဆယ့်သုံးနှစ်အတွင်း ယောက်ျားလေးများကိုပင် ဆွဲခေါ်နေပြီး စစ်မှုထမ်းရန် လူစုဆောင်းနေကြသည်။
အပြင်ဘက်တွင် လူများနှင့် မြင်းများအားလုံး ပရမ်းပတာ ဖြစ်နေကာ ဆူညံပွတ်လာရိုက်နေသည်ကို မြင်လိုက်ရသောကြောင့် ရှောင်းကျဲယွိက တည်းခိုဆောင် ပိုင်ရှင်ကို မေးမြန်းလိုက်သည်။
"သူဌေး၊ သူတို့က စစ်မှုထမ်းဖို့ အမြဲတမ်း လာခေါ်နေတာလား?"
"အင်း.... ဒီအတောအတွင်းလေးမှာတင် နှစ်ကြိမ်ရှိနေပြီ။ ချမ်းသာတဲ့မိသားစုတွေကတော့ ငွေပေးလိုက်ရင် စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ရကြတယ်၊ ဆင်းရဲတဲ့မိသားစုတွေက ကလေးတွေကတော့ သူတို့ ခေါ်ဆောင်သွားတာကို ကြည့်နေရုံကလွဲပြီး ဘာမှ မတတ်နိုင်ကြတော့ဘူး"
တည်းခိုဆောင်ပိုင်ရှင်က သက်ပြင်းတစ်ချက်ချပြီး ဆက်ညည်းတွားနေပြန်သည်။
“ဟူး အဲဒါက အရမ်းကို စိတ်မကောင်းစရာပဲ၊ အရင်တုန်းကတော့ ကျိုးဧကရာဇ်က နည်းနည်းလေး ညံ့ဖျင်းတယ်ဆိုရင်တောင် သူက အရမ်းရက်စက်တဲ့လူတော့ မဟုတ်ဘူး။ အခုတော့ ဧကရာဇ်အသစ်က မျက်တောင်တစ်ခတ်အတွင်း ဘာမှမစဉ်းစားဘဲ မိသားစုအားလုံးကို ကွပ်မျက်နိုင်တယ်၊ သူအတွက်တော့ လူသတ်တာက အသေးအဖွဲကိစ္စတစ်ခုလိုကို ဖြစ်နေပြီ"
“အရင်တုန်းကတော့ ဝမ်မိသားစုစစ်တပ်က အရမ်းအစွမ်းထက်လို့ တခြားတိုင်းပြည်တွေက ငါတို့ကို မကျူးကျော်ရဲဘူးလို့ ပြောခဲ့ကြဖူးတယ်လေ။ အခုတော့ တိုင်းပြည်တွေအများကြီးက ငါတို့ကို ကျူးကျော်နေကြပြီ။ မြို့တော်ကို မသိမ်းပိုက်နိုင်ရင်တောင် မြို့ငယ်လေးတွေကို တိုက်ခိုက်ပြီး လုယက်တယ်၊ မီးရှို့တယ်၊ သတ်ဖြတ်တာတွေ လုပ်တယ်။ နောက်ဆုံးတော့ သာမန်ပြည်သူတွေကပဲ ဒုက္ခတွင်းထဲ လုံးလုံး ကျရတော့တာပဲ”
“ပိုဆိုးတာက ဝမ်မိသားစုစစ်တပ်က ပြည်သူတွေကို အကာအကွယ် မပေးကြဘူး။ အဲ့အစား သူတို့က ငါတို့အတွက် ဝန်ထုပ်ဝန်ပိုးတွေကိုတောင် ထပ်တိုးပေးခဲ့သေးတယ်။ ကုန်သည်တွေကလည်း လွန်လွန်ကဲကဲ အခွန်ဆောင်နေရပြီး စစ်စရိတ်အတွက် ထောက်ပံ့နေကြရတယ်။ အခွန်မဆောင်နိုင်ရင်လည်း လုပ်ငန်းတွေ အပိတ်ခံရပြန်တယ်။ ဒီလိုအခြေအနေမျိုးမှာ အသက်မွေးဝမ်းကြောင်းပြုဖို့က လုံးဝကို ခက်ခဲနေပြီ”
ထိုဆိုင်ရှင်၏စကားမျာကို နားထောင်နေရင်း ရှောင်းကျဲယွိ၏အမူအရာက မည်းမှောင်သွားခဲ့သည်။
စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနဲ့ အကျင့်ပျက်ခြစားမှုတွေက သူ တွေးထားတာထက်တောင် ပိုဆိုးနေပြီပဲ၊ နောက်ဆုံး ပြည်သူကိုပဲ ဒုက္ခပေးပြန်တယ်။ ဝမ်မိသားစုရဲ့အုပ်စိုးမှုက တိုင်းပြည်ကို အကျပ်အတည်း ဖြစ်လာစေပြီး သူတို့ရဲ့အာဏာရှင်စနစ်ကို အဆုံးသတ်ပေးဖို့ သူ တစ်စုံတစ်ရာတော့ လုပ်ဖို့ လိုအပ်နေပြီ။
တည်းခိုဆောင်ပိုင်ရှင်ကလည်း သူ မျိုသိပ်ထားသမျှ ဆက်ပြောနေပြန်သည်။
“မြို့ရိုးနဲ့ခံတပ်ကို ပြုပြင်ဖို့လဲ ယောကျာ်းမိန်းမမရွေး ဆွဲခေါ်သွားကြတယ်။ အခကြေးငွေ မရဘဲ ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရတဲ့အပြင် မထင်ရင် မထင်သလို အရိုက်အနှက် ခံကြရသေးတယ်၊ တချို့ဆိုရင် ရက်ရက်စက်စက် အသတ်ခံခဲ့ရတယ်”
“ပြီးတော့ နှောင်းဧကရာဇ်မင်းမြတ်အတွက် တော်ဝင်သင်္ချိုင်းတစ်ခု ဆောက်လုပ်တယ်လို့လည်း ကြားခဲ့သေးတယ်၊ အဲ့ကတည်းက လူစုဆောင်းမှုက ပိုဆိုးလာတာပဲ”
တည်းခိုခန်းပိုင်ရှင်ထံမှ ဤသတင်းကို ကြားလိုက်ချိန်တွင် စူးချင်းနှင့် ရှောင်းကျဲယွိတို့ နှစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်ကြသည်။
တကယ်လို့ သူတို့ အရင်ဧကရာဇ်ရဲ့နဂါးသွေးကြောကို ဖျက်ဆီးနိုင်ရင် ဝမ်မိသားစုရဲ့ နဂါးသွေးကြောကိုလည်း ဖျက်ဆီးနိုင်လိမ့်မယ်။ ပြီးတော့ ဝော်ဝင်ဂူဗိမာန်ဆိုတာမျိုးက အဖိုးတန်တဲ့ ဈာပနပစ္စည်းတွေ အများကြီးရှိမှာ သေချာတယ်။ ဝမ်မိသားစုစစ်တပ်ကို မတိုက်ခိုက်ခင် သူတို့ရဲ့တပ်ဖွဲ့တွေကို လက်နက်တွေ တပ်ဆင်ပေးဖို့ သူခိုးအိုကြီးရဲ့အရင်းအမြစ်တွေကို အသုံးပြုတာက အကောင်းဆုံး အစီအစဥ်ပဲ။
"ချင်းအာ ကိုယ်တို့ အခန်းကို မြန်မြန်သွားရအောင်"
ရှောင်းကျဲယွိက အကြံပြုလိုက်သည်။ သူတို့ ဤတည်းခိုခန်းပိုင်ရှင်ထံမှ အချက်အလက်များ လုံလောက်စွာ စုဆောင်းနိုင်ခဲ့ပြီဟု သူ သတ်မှတ်လိုက်သည်။ ထို့ကြောင့် ဝမ်မိသားစုစစ်တပ်မှ လူများ တည်းခိုဆောင်အတွင်းသို့ ဝင်ရောက်လာပြီး ပဋိပက္ခ ဖြစ်ခြင်းမှ ကာကွယ်ရန် အပေါ်သို့ ချက်ချင်း တက်မည်ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် သူတို့ ခြေတစ်လှမ်းနောက်ကျသွားပြီး ဝမ်မိသားစုစစ်တပ်မှ စစ်သည်သုံးဦးက တည်းခိုဆောင်အတွင်းသို့ ရောက်ရှိလာခဲ့သည်။ သူတို့က ခြံဝင်းထဲမှ ရှောင်းကျဲယွိ၏ ကိုယ်ရံတော်များကို တွေ့သွားပြီး ဖမ်းခေါ်သွားရန် အပြေးအလွှားရောက်လာကြခြင်းပင်။
"မင်းတို့ရဲ့ ခရီးသွားလက်မှတ်တွေ ဘယ်မှာလဲ?" စစ်သည်တစ်ယောက်က ခပ်မာမာ လှမ်းမေးလိုက်သည်။
“ဒီမှာပါ အရာရှိကြီး”
ရှောင်းကျဲယွိက အလျင်အမြန် တုံ့ပြန်နိုင်ခဲ့ပြီး သူတို့၏ခရီးသွားလက်မှတ်များနှင့် သက်တော်စောင့်လုပ်ငန်း၏ စာရွက်စာတမ်းများကို ထုတ်ပေးလိုက်သည်။
ထို့နောက် သူက ငွေသုံးလျန်ကိုလည်း ထုတ်ပေးရင်း မျက်နှာချိုသွေးလိုက်သည်။
“လေးစားရတဲ့လူကြီးမင်း ဒါက လက်ဖက်ရည်ဖိုးလေး နည်းနည်းပါ”
ငွေစများကို မြင်လိုက်ရချိန်တွင် စစ်သည်များက နည်းလွန်းသည့်ပမာဏကြောင့် မျက်ခုံးပင့်လိုက်ကြသော်လည်း သူတို့၏မျက်လုံးများက တောက်ပလာသေးသည်။ သို့သော် သူတို့က ဤအနည်းငယ်မျှသော ပမာဏကို မကျေမနပ်ဖြစ်နေပုံရပြီး အဖွဲ့ခေါင်းဆောင်က တင်းမာသောအမူအရာဖြင့် ရှောင်းကျဲယွိကို အမိန့်ပေးလာခဲ့သည်။
"မင်းရဲ့စာရွက်စာတမ်းမှာ ပြဿနာရှိနေပုံပြ၊ မင်း ငါတို့နဲ့ လိုက်ခဲ့ရမယ်"
“အရာရှိကြီး၊ ကျွန်တော့်ကို မခြောက်လန့်ပါနဲ့။ ဒီစာရွက်စာတမ်းတွေမှာ ဘယ်လို ပြဿနာရှိနိုင်မှာလဲ? ဒါတွေအားလုံးကို ရုံးတော်က ထုတ်ပေးထားတာပါ”
ရှောင်းကျဲယွိက တည်ငြိမ်နေဆဲဖြစ်ကာ အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
ခေါင်းဆောင်က ရှောင်းကျဲယွိထံမှ ပိုက်ဆံပို ညှစ်ယူရန် တွေးတောနေရင်း တစ္ဆေအဖွားကြီးကို သယ်ဆောင်လာသည့် လူနှစ်ယောက်ကို လှမ်းမြင်သွားခဲ့သည်။ အဘိုးအိုက သူတို့ကို မျက်ရိပ်ပြနေသည်ကို မြင်သွားသောကြောင့် သူက တစ္ဆေအဖွားကြီးကို လက်ညှိုးထိုးပြကာ ထပ်မေးလိုက်သည်။
"သူက ဘာဖြစ်နေတာလဲ?"