ဘေးအခန်းမှ လူထူးဆန်း
Vol. 32 Ch. 475
တစ္ဆေမယ်တော်ကြီး၏မသိမသာ လှုပ်ရှားမှုကို ဖမ်းမိသွားခဲ့သည့်တိုင် ရှောင်းကျဲယွိက မတုန်မလှုပ် တည်ငြိမ်နေဆဲဖြစ်သည်။ သူက သက်ပြင်းချလိုက်ရင်း ဝမ်းနည်းနေသည့် ဟန်ပန်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
“အရာရှိကြီး၊ ဒီလူက ကျွန်တော့်ဦးလေးပါ၊ သူ့ရန်သူတွေက သူ့ရဲ့ခြေလက်တွေကို ရိုက်ချိုးခဲ့ပြီး အဆိပ်ပါတိုက်ခဲ့လို့ ဆွံ့အသွားခဲ့တာပါ၊ ပိုပြီး သနားစရာကောင်းတာက အခု သူ့ရဲ့စိတ်ကပါ ပြဿနာတချို့ ရှိနေပြီ”
တစ္ဆေမယ်တော်ကြီးက ရှောင်းကျဲယွိအား အရှင်လတ်လတ် ဝါးစားချင်သည့်အမူအရာဖြင့် စိုက်ကြည့်လာခဲ့သည်။
“တွေ့လား၊ သူ စိတ်ဖောက်လာပြန်ပြီ၊ သူ ဒီလိုဖြစ်လာရင် လူတွေကို လိုက်ကိုက်တတ်တယ်”
ရှောင်းကျဲယွိက စိတ်ပျက်လက်ပျက် ခေါင်းခါရင်း ထပ်ပြောလိုက်ရာ စစ်သည်သုံးဦးက တစ္ဆေမယ်တော်ကြီးကို လှမ်းကြည့်လိုက်ကြပြန်သည်။ ထိုအချိန်တွင် ရှောင်းကျဲယွိအား ကြည့်နေသည့် တစ္ဆေမယ်တော်ကြီး၏အမူအရာကို သူတို့လည်း မြင်သွားခဲ့ပြီး ရှောင်းကျဲယွိ၏စကားများကို ယုံကြည်သွားခဲ့သည်။
“အင်း၊ ဒါဆိုရင် ဒီလို လုပ်ရအောင်”
စစ်သည်တစ်ဦးက စကားပြန်စလာခဲ့ပြီး လိုရှင်းကိုသာ ထုတ်ပြောလာခဲ့သည်။
“မင်းတို့ တယောက်ချင်းစီက စစ်တပ်ရိက္ခာအတွက် ငွေတလျန်စီ ပေးဆောင်လိုက်ရင် မင်းတို့ကို မခေါ်သွားပဲ ကင်းလွတ်ခွင့်ပေးမယ်”
သူက အချိန်ပို မဖြုန်းချင်တော့ဘဲ အဖွဲ့ထဲမှ လူအရေအတွက်ပေါ်မူတည်ပြီး အခကြေးငွေကိုပင် တွက်ချက်နေပြီ ဖြစ်သည်။ ရှောင်းကျဲယွိ၏အဖွဲ့တွင် လူဆယ့်တစ်ဦးရှိပြီး တစ္ဆေမယ်တော်ကြီးကိုပါ ထည့်တွက်လျှင် ငွေဆယ့်နှစ်လျန် ပေးရမည်ဖြစ်သည်။
“အရာရှိကြီး၊ ကျွန်တော်တို့က သာမန်အစောင့်လေးတွေပါ၊ အပိုငွေရယ်လို့ သိပ်မရှိပါဘူး။ ငွေဆယ့်နှစ်လျန်က အရမ်းများလွန်းတယ်”
ရှောင်းကျဲယွိက တုံ့ဆိုင်းနေပြီး မဝံ့မရဲဟန်ဖြင့် စျေးဆစ်လိုက်သည်။
ဒီစစ်သည်တွေ မြန်မြန်ထွက်သွားအောင် ငွေဆယ့်နှစ်လျန်ကို လွယ်လင့်တကူ ထုတ်ပေးလိုက်ရင်တောင် သူတို့က ပိုပြီး ငွေညှစ်လာကြဦးမှာပဲ။ အဲ့တော့ ခက်ခဲဟန်ဆောင်ပြီးမှ ထုတ်ပေးလိုက်တာ အကောင်းဆုံးပဲ။
“အပိုစကားတွေ ပြောမနေနဲ့တော့၊ ငါတို့က မင်းတို့ကို ဂရုစိုက်ပေးနေတာနော်။ မင်းအနေနဲ့ ငါတို့ကိုတောင် ကျေးဇူးတင်ရမှာ မဟုတ်ဘူးလား? မင်း ဆက်ပြောနေမယ်ဆိုရင် ငါတို့နဲ့ လိုက်ခဲ့တော့”
စစ်သည်တစ်ယာက် သူ၏ဓားကို ရှောင်းကျဲယွိ၏လည်ပင်းဆီသို့ ချိန်ရွယ်ကာ အော်ဟစ်လိုက်သည်။
စူးချင်းက ရှေ့တိုးလာပြီး ထိုစစ်သည်များကို လက်သီးအုပ်အရိုအသေ ပေးလိုက်ရင်း “လူကြီးမင်းတို့၊ ဓားတွေကို အရင် ဖယ်ပေးလို့ ရမလား? ကျွန်တော် ပိုက်ဆံသွားယူပေးပါ့မယ်"
“ကောင်းတယ်၊ ကြည့်စမ်း၊ မင်းရဲ့ ညီလေးကမှ အလိုက်သိသေးတယ်”
စူးချင်း၏စကားကို ကြားလိုက်ချိန်တွင် ဓားထုတ်ထားသည့်စစ်သည်က သူ့ဓားကို ပြန်ချလိုက်ပြီး ရှောင်းကျဲယွိအား ဆုံးမနေသေးသည်။
စူးချင်းက ရှောင်းကျဲယွိတို့ကို လုံးဝ ဝင်မနှောက်ယှက်ဘဲ သူမ၏အပြုံးကို တစ်လျှောက်လုံး ထိန်းသိမ်းထားခဲ့သည်။ သူမ ခါတိုင်းကဲ့သို့ မြန်မြန်ဆန်ဆန် ဒေါသထွက်မလာဘဲ ဣန္ဒြေရနေခြင်းက ရှောင်းကျဲယွိကိုပင် အံ့ဩသွားစေခဲ့သည်။
ချင်းအာက ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ? ဒါက ချင်းအားရဲ့ပုံစံ မဟုတ်ဘူး။
သို့သော် သူမ လှည့်ထွက်သွားချိန်တွင် စူးချင်းက ရှောင်းကျဲယွိထံသို့ အကြည့်တစ်ချက်ပေးသွားခဲ့ပြီး ထိုအကြည့်များတွင် အေးစက်စက် လူသတ်အငွေ့အသက်များ ရှိနေသောကြောင့် သူမ လူသတ်ရန် ကြံစည်နေပြီ ဖြစ်ကြောင်း ရှောင်းကျဲယွိ ချက်ခြင်း နားလည်သွားခဲ့သည်။
စူးချင်းက ငွေကို ယူရန် သူမ၏အိတ်ထဲသို့ လက်နှိုက်လိုက်သော်လည်း တချိန်တည်းမှာပင ထိုငွေများပေါ်သို့ သေစေလောက်မည့် အဆိပ်ပြင်းတလွှာကို သုတ်လိမ်းလိုက်ခြင်း ဖြစ်သည်။ ဤအရာက ထိုစစ်သည်များ၏ဘဝနိဂုံး ဖြစ်မည်မှာ အသေအချာ ဖြစ်ပြီး သူတို့က သူတို့ မပိုင်ဆိုင်နိုင်တော့မည့်ငွေကြေးများအတွက် သူတို့၏ဘဝကို ပေးဆပ်ရတော့မည် ဖြစ်သည်။
ငွေလက်ခံရရှိလိုက်သော စစ်သည်သုံးယောက်ကတော့ သူတို့၏ပျော်ရွှင်မှုကို မထိန်းနိုင်ကြဘဲ အလွန် ဝမ်းသာနေခဲ့ကြသည်။
ဒီကုန်ပို့တဲ့အဖွဲ့က သူ့တို့အတွက် တော်တော်အကျိုးရှိစေတယ်။ သူတို့တစ်ဦးစီကို ငွေလေးလျန် ရလိုက်ပြီး အကြမ်းဖျင်းပြောရရင်တော့ ဒါက သူတို့ရဲ့လစာ နှစ်လစာနဲ့ ညီမျှတယ်လေ။
ထိုစစ်သည်သုံးယောက် ပြန်ထွက်သွားပြီးမှသာ တည်းခိုဆောင်ပိုင်ရှင်က စူးချင်းတို့အဖွဲ့ကို အပေါ်ထပ်သို့ လိုက်ပို့ပေးရန် အစေခံတစ်ယာက် စေလွှတ်ပေးရဲတော့သည်။ အပေါ်ထပ်တွင် အခန်းနှစ်ခန်းသာ ရှိပြီး တစ်ခန်းတွင် လူရှိနေသောကြောင့် စူးချင်းနှင့် ရှောင်းကျဲယွိတို့က နောက်တစ်ခန်းကိုသာ ယူလိုက်ကြသည်။
ကျန်သည့်သူများကတော့ ခန်းမကျယ်ကြီးထဲမှ အိပ်စင်များတွင် နေထိုင်ရမည် ဖြစ်ပြီး တစ္ဆေမယ်တော်ကြီးကိုပါ ခေါ်ဆောင်သွားကြသည်။ သူမက ကောင်းကောင်းမွန်မွန် ပြုမူခဲ့ခြင်း မရှိသောကြောင့် စူးချင်းက သူမအား သေသည်ထက် ပိုဆိုးသော ကံကြမ္မာကို ခံစားခိုင်းထားခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် သူမက ကြမ်းပြင်ပေါ်သို့ လဲကျနေရင်း ပိုးကောင်ကြီးတစ်ကောင်ကဲ့သို့ တွန့်လိမ်နေခဲ့သည်။ ထိုနာကျင်မှုက အလွန်ပြင်းထန်သောကြောင့် တစ္ဆေမယ်တော်ကြီးက သူမ၏လက်ကျန်မျက်လုံးတစ်လုံး ပေါက်ထွက်လုနီးပါးဖြစ်အောင် လည်ပင်းကို ဆန့်ကာ ညည်းညူနေခဲ့သည်။
"နောက်တစ်ခါထပ်ပြီး ပြသနာရှာရဲရင် ဒီလို ကံကြမ္မာက နောက်တစ်ခါ ထပ်စောင့်နေလိမ့်မယ်"
စူးချင်းက အေးစက်သောအကြည့်ဖြင့် တစ္ဆေမယ်တော်ကြီးကို သတိပေးလိုက်သည်။ သူမ၏ အေးစက်သောအသံကလည်း တစ်ဖက်လူကို အရိုးထဲအထိ အေးခဲသွားအောင် ခံစားရစေခဲ့သည်။
သူမက မိန်းမတစ်ယောက်မှ ဟုတ်ရဲ့လား? မိန်းမတစ်ယောက်က ဘယ်လိုများ ဒီလောက်ထိ ကြောက်စရာကောင်းနေရတာတုန်း။
စူးချင်းနှင့် ရှောင်းကျဲယွိတို့က သူတို့အခန်းဆီသို့ ပြန်ဝင်လာခဲ့ကြသည်။ တည်းခိုဆောင်ပိုင်ရှင်က ရေပူပြင်ဆင်ပေးရန် အစေခံများ စေလွှတ်ထားပြီးသား ဖြစ်သည်။ ရှောင်းကျဲယွိက တံခါးကို ပိတ်လိုက်ပြီး စူးချင်းကို ရေချိုးရန် ဆွဲခေါ်သွားတော့သည်။
ရေချိုးကန်က သူတို့နှစ်ဦးလုံးအတွက် အလုံအလောက် ကျယ်ဝန်းပြီး ပျော်ပါးချင်သော စုံတွဲများအတွက် အထူးသင့်လျော်လှသည်။
သူတို့ ရှည်လျားသော ခရီးရှည်များကို တစ်ခုပြီး တစ်ခု ပင်ပင်ပန်းပန်း ဖြတ်သန်းခဲ့ရပြီး သူတို့ ဤသို့ရင်းနှီးရန် အခွင့်အရေး အများကြီး မရှိခဲ့ပေ။ သိပ်မကြာခင်မှာပင် စူးချင်းတစ်ယောက် ရှောင်ကျဲယွိ၏ ရင်ခွင်ထဲ၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ ရှောင်းကျဲယွိက သူမကို မနှိုးရက်ဘဲ သူမကို ကုတင်ဆီသို့ ပြန်သယ်လာခဲ့သည်။ ထို့နောက် သူက သူမ၏ခန္ဓာကိုယ်ပေါ်မှ ရေများကို ပြောင်စင်အောင်သုတ်ပေးပြီး သူမကို အိပ်ယာပေါ်သို့ သေသေချာချာ တင်ပေးလိုက်သည်။ ထို့နောက် ရှောင်းကျဲယွိတစ်ယောက် အိပ်ပျော်နေသည့်ဇနီလေးကို အမြတ်တနိုး ထိုင်ကြည့်နေခဲ့သည်။
သူ အနားတွင် ရှိနေမှသာ သူ့ဇနီးလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်သည်ကို ရှောင်းကျဲယွိ သိထားပြီး ဖြစ်သည်။ စူးချင်းက ခရီးတစ်လျှောက် အဆင်ပြေချောမွေ့စေရန်အတွက် သူမကိုယ်သူမ အမျိုးသားတစ်ဦးအဖြစ် ရိုးရိုးရှင်းရှင်း ရုပ်ဖျက်ထားခဲ့သည်။ ဧကရာဇ်က သူမကို သတ်ပစ်ချင်နေပြီး မြို့တိုင်းလိုလိုတွင် စူးချင်း၏ပုံတူများ ရှိနေတတ်သည်။ ထို့ကြောင့် သူမ ရုပ်ဖျက်ထားခြင်းက အရာများစွာကို ပိုမိုလွယ်ကူစေခဲ့သည်။
သို့သော် သူမ မည်မျှ ရုပ်ဖျက်ထားစေကာမူ စူးချင်း၏မျက်လုံးများက အေးစက်ပြီး စူးရှနေဆဲပင်။ ယခုမူ သူမ၏ရှည်လျားပြီး ထူထဲသောမျက်တောင်လေးများက သူမ၏အေးစက်မှုကို ဖုံးကွယ်ပေးထားသောကြောင့် သူမက သနားစရာကောင်းသည့် ကလေးလေးတစ်ယောက် အိပ်ပျော်နေသကဲ့သို့ ဖြစ်နေကာ တခြားလူများထံမှ ကြင်နာစိတ်များ ယိုဖိတ်လာစေရန် လှုံဆော်ပေးနေပြန်သည်။
ရှောင်းကျဲယွိတစ်ယောက် သူမ၏ မွှေးရနံ့ကို ရှူရှိုက်ရင်း သူမကို စိုက်ကြည့်နေကာ သူ့ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ ပူလောင်လာပြန်သည်။ သို့သော်လည်း သူက ထိုပူလောင်သောခံစားမှုကို ကျိတ်မှိတ်သည်းခံရင်း စူးချင်းကို စောင်ခြုံပေးလိုက်သည်။
သူရဲ့ချင်းအာက အရမ်းပင်းပန်နေပြီ၊ သူမ အေးအေးဆေးဆေး နားပါစေတော့။
ထို့နောက် ရှောင်းကျဲယွိက စားပွဲခုံတွင် ဝင်ထိုင်လိုက်ပြီး မော့ချန်မှ စစ်ရေးအစီရင်ခံစာကို ပြန်ဖတ်နေခဲ့သည်။
မြောက်ပိုင်းသားလူရိုင်းတွေက တာ့ယွဲ့ကို တိုက်ခိုက်ဖို့ မော့ချန်ကိုစပြီး ကျူးကျော်လာခဲ့တာလား? ဒါမှမဟုတ် သူတို့က မော့ချန်မှာ ရှိတဲ့ ပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေကို လုယက်ချင်လို့ မော့ချန်ကို ရဲရဲတင်းတင်း လာတိုက်ခိုက်နေကြတာလား? လက်ရှိ မော့ချန်ကို ထိန်းချုပ်ထားတာက ရှောင်းမိသားစု စစ်တပ်ဆိုတာကို သူတို့ သိကြရဲ့လား? ဘယ်အရာ မော့ချန်ကို တိုက်ခိုက်ဖို့ သူတို့ကို တွန်းအားပေးခဲ့တာလဲ?
"ဒေါက်၊ ဒေါက်၊ ဒေါက်"
"လူကြီးမင်း၊ အစားအသောက်တွေ လာပို့ပေးတာပါ"
ဘေးအခန်းကို ခေါက်နေသည့် တံခါးခေါက်သံနှင့်အတူ အစေခံတစ်ယောက်၏ အသံထွက်ပေါ်လာသောကြောင့် ရှောင်းကျဲယွိက ဘေးအခန်းတွင် နေထိုင်သူအား ကြည့်ရှုရန် မတ်တပ်ထရပ်ပြီး တံခါးတွန်းကို ဖွင့်ကာ တိတ်တဆိတ် ထွက်လာခဲ့သည်။
သို့သော် မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လက်တစ်ဖက်ကိုသာ သူ မြင်လိုက်ရပြီး ထိုလူက ဘာစကားမှ မပြောဘဲ စားစရာဗန်းကို ယူကာ တံခါးကို ပြန်ပိတ်သွားခဲ့သည်။
အစေခံက ထိုအပြုအမူကို ကျင့်သားရနေပုံဖြင့် အေးအေးဆေးဆေး ပြန်လှည့်ထွက်လာခဲ့သည်။ သို့သော် သူက ရှောင်းကျဲယွိကို တွေ့သွားပြီး ချက်ချင်း ပြန်ပြုံးလိုက်ကာ တရိုတသေ လှမ်းမေးလိုက်သည်။
"လူကြီးမင်း၊ တစ်ခုခု လိုအပ်တာ ရှိလို့လား?"
"ငါတို့အတွက် စားစရာ ပို့ပေးပါဦး"
မူလက ဘေးခန်းမှ လူကို စစ်ဆေးရန် ထွက်လာခဲ့ခြင်း ဖြစ်သည့်တိုင် အစေခံက သူ့ကို မြင်သွားပြီး မေးမြန်းလာသောကြောင့် ရှောင်းကျဲယွိကလည်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ကောင်းပါပြီ၊ ခဏစောင့်ပေးပါဦးခင်ဗျာ"
အစေခံက စားစရာများ ပြင်ဆင်ရန် အောက်ထပ်သို့ ပြန်ဆင်းသွားခဲ့သည်။
အစေခံနှင့် ရှောင်းကျဲယွိတို့၏ စကားပြောသံကြောင့် စူးချင်း ပြန်နိုးလာပြီး သူမက ရုတ်တရက် ထထိုင်လိုက်ကာ သူမ၏မျက်လုံးများတွင် အေးစက်စက်အရိပ်တစ်ခု ဖြတ်ခနဲ လင်းလက်သွားခဲ့သည်။
"ဘာမှ မဖြစ်ပါဘူး၊ တည်းခိုဆောင်က အစေခံပါ"
ရှောင်းကျဲယွိက နောက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး စူးချင်း၏မျက်လုံးများထဲမှ သတိထားနေသည့်အကြည့်များကို မြင်လိုက်ပြီး သူမကို နူးနူးညံ့ညံ့ နှစ်သိမ့်ပေးလိုက်သည်။
စူးချင်းက သူမ၏အေးစက်စက်သွင်ပြင်ကို ဖယ်ရှားလိုက်ပြီး ရှောင်းကျဲယွိကို ကြည့်ကာ ပြန်မေးလိုက်သည်။
"ကျွန်မ အိပ်ပျော်သွားတာလား?"
"အင်း၊ ချင်းအာ အရမ်းပင်ပန်းပြီး အိပ်ပျော်သွားတာ"
ရှောင်းကျဲယွိက ခေါင်းညိတ်လိုက်ပြီး ကုတင်ပေါ်သို့ တက်ထိုင်လိုက်သည်။ ထို့နောက် သူက သူမ၏ပုခုံးလေးများကို သူ့လက်နှစ်ဖက်ကြားထဲသို့ ဆွဲသွင်းလိုက်ပြီး သူမ သက်တောင့်သက်သာ ဖြစ်အောင် သူ့ရင်ခွင်ကို မှီစေကာ ပွေ့ဖက်ပေးထားလိုက်သည်။ သူက သူမကို ပွေ့ဖက်ထားရင်း လေးနက်သောအသံဖြင့် ဝမ်းနည်းတနည်း ညည်းညူနေပြန်သည်။
“ချင်းအာ အခုလို ပင်ပင်ပန်ပန်း ပြေးလွှားနေရတာက ကိုယ့်အပြစ်ပါ”
“ဒါက ကျွန်မသဘောနဲ့ ကျွန်မ လုပ်နေတာပါ”
စူးချင်းက သူမ၏မျက်လုံးလေးများကို မှိတ်ထားရင်း သူ့ရင်ခွင်ထဲသို့ မှီနေကာ နွေးထွေးသော အခိုက်အတန့်ကို အမြတ်တနိုး ခံစားနေခဲ့သည်။
ဒီရက်တွေမှာ ဓားသွားတွေပေါ်က ဖြတ်လျှောက်နေရတယ်ဆိုရင်တောင် ဒီလို ပျော်ရွှင်စရာအခိုက်အတန့်လေးတွေ ရှိနေရုံနဲ့ အရာရာက ထိုက်တန်တယ်လို့ သူမ သတ်မှတ်တယ်။
"ကိုယ်တို့ မြို့ထဲဝင်လာတုန်းက ကိုယ် ချိုးယုံခန်းရဲ့ပုံတူကို တွေ့ခဲ့တယ်"
ရှောင်းကျဲယွိက စူးချင်း၏နား နားသို့ကပ်ကာ တိုးတိုးလေး ထပ်ပြောလိုက်သည်။
ချင်းအာရဲ့ အစီအစဥ်က အလုပ်ဖြစ်ပုံပဲ။ အခု ချိုးယုံခန်းမှာ ခိုလှုံစရာ မကျန်တော့ဘူး။
ပြီးတော့ သူနဲ့ ချိုးယုံခန်းကြားက ခင်မင်ရင်းနှီးမှုတွေအားလုံးကလည်း အငွေ့ပျံသလို ပျောက်ကွယ်သွားခဲ့ပြီ။ အခု ချိုးယုံခန်းက သူ့လုပ်ရပ်တွေရဲ့အကျိုးဆက်တွေကို သူ ခံစားနေရတာပဲ၊ သနားဖို့ လုံးဝ မထိုက်တန်ဘူး။
"ကျွန်မ စီစဉ်ထားတဲ့အတိုင်းပဲ"
စူးချင်းက သူမ၏ခေါင်းလေးကို ရှောင်းကျဲယွိ၏ပေါင်ပေါ်သို့ လှဲချလိုက်ပြီး သူမ၏မျက်လုံးများထဲတွင် ကျေနပ်နေသော အရိပ်အယောင်ရှိနေခဲ့သည်။
ချိုးယုံခန်းအတွက် သူမ ထောင်ထားတဲ့ ကျော့ကွင်းက သူ့ကို လွတ်လမ်းမရှိအောင် ပိတ်မိစေမှာ အသေအချာပဲလေ။
"ချင်းအာ၊ မင်းက တကယ်ကို ဉာဏ်ကောင်းလွန်းတယ်"
ရှောင်းကျဲယွိက သူမကို ချီးကျူးလိုက်သောကြောင့် စူးချင်းက ရယ်မောလိုက်သည်။ သူမ ရယ်နေသည်ကို မြင်လိုက်ရချိန်တွင် ရှောင်းကျဲယွိကလည်း သူမနှင့်အတူ လိုက်ရယ်မောကာ သူ့ခေါင်းကို ငုံ့လိုက်ပြီး သူမ၏နီရဲနေသောနှုတ်ခမ်းလေးများကို အမြတ်တနိုး နမ်းရှိုက်လိုက်သည်။ စူးချင်းကလည်း သူ့လည်ပင်းကို ပြန်သိုင်းဖက်လိုက်ပြီး ထိုအခိုက်အတန့်တွင် သူမကိုယ်သူမ သူဆီသို့ အပြည့်အဝ ပေးအပ်လာခဲ့သည်။
အခန်းတွင်းရှိ လေထုက မီးတောင်ပေါက်ကွဲသွားသကဲ့သို့ ဖြစ်လာကာ သူတို့ကြားမှ ကိလေသာအပူမီးကလည်း သိသိသာသာ ကြီးထွားလာခဲ့သည်။
သို့သော်လည်း ဘေးတံခါးမှ အရာဝတ္ထုများ ပြုတ်ကျသံနှင့်အတူ ပန်းကန်များ၏ ကွဲအက်သံများက သူတို့၏ ပြင်းပြသော ဆန္ဒများကို ရုတ်တရတ် အနှောင့်အယှက် ပေးလိုက်ပြန်သည်။ နှစ်ယောက်စလုံး အလျင်အမြန် လူချင်းခွာလိုက်ကြပြီး ရှောင်းကျဲယွိက သူ့၏အဆင်မပြေမှုများကို ဖုံးကွယ်ရန် သူ့အင်္ကျီကို ပြန်ဆွဲချနေရင်း စူးချင်းကို လှမ်းပြောလိုက်သည်။
"ကိုယ် တစ်ချက် သွားကြည့်လိုက်ဦးမယ်"
စူးချင်း၏မျက်နှာက နီမြန်းနေပြီး သူမ၏ မျက်လုံးများတွင် အလိုဆန္ဒများ ပြည့်နှက်နေလေသည်။ ထို့အပြင် အနှောင့်ယှက်ခံလိုက်ရသည့်အတွက် သူမ သိသိသာသာ ဒေါသထွက်နေပုံရပြီး ရှောင်းကျဲယွိက သူမကို စနောက်လိုက်သည်။
"စိတ်မလောပါနဲ့၊ ကိုယ်တို့ ဒီမှာ တစ်ညလုံး နေရမှာလေ"
ထို့နောက် ရှောင်းကျဲယွိက ထရပ်လိုက်ပြီး စူးချင်းကို ထပ်ပြောလိုက်သည်။
"ကိုယ် ဘေးကအခန်းကို အရင်သွားကြည့်မယ်"
ထို့နောက် သူက ဘေးကပ်လျက်အခန်း၏တံခါးဆီသို့ လျောက်သွားကာ တံခါးကို နှစ်ကြိမ်ခေါက်လိုက်ပြီး အသံခပ်အုပ်အုပ်ဖြင့် မေးမြန်းလိုက်သည်။
"ညီအစ်ကို၊ မင်း အကူအညီလိုသေးလား?”