← Chapters

တိုက်ဆိုင်မှုလား ဒါမှမဟုတ် ကြိုတင်ပြင်ဆင်ထားတဲ့ ထောင်ချောက်လား? (အပိုင်း ၁)

Vol. 32 Ch. 476

တိုက်ဆိုင်မှုလား ဒါမှမဟုတ် ကြိုတင်ပြင်ဆင်ထားတဲ့ ထောင်ချောက်လား? (အပိုင်း ၁)

Vol. 32 Ch. 476

အတွင်းမှ ဘာအသံမျှ ထွက်မလာဘဲ တုံ့ပြန်မှု မရှိသောကြောင့် ရှောင်းကျဲယွိက စိတ်မရှည်တော့ပေ။ သူက သူ့ကို ဝင်ခွင့်ပြုသည်ဖြစ်စေ၊ ဝင်ခွင့်မပြုသည်ဖြစ်စေ ဂရုမစိုက်တော့ဘဲ တံခါးကို တွန်းဖွင့်လိုက်သည်။ သို့ရာတွင် အတွင်းခန်းမှ သော့ခတ်မထားသည်ကို သိလိုက်ရသောကြောင့် သူ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

သူ အခန်းထဲသို့ ဝင်ဝင်လိုက်ချင်းမှာပင် ပန်းကန်ပြားများ၊ ပန်းကန်လုံးများ ဝိုင်းရံနေသည့် အလယ်တွင် ကြမ်းပြင်ပေါ်၌ မှောက်လျက်သား လဲလျောင်းနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထမင်းနှင့် အသီးအရွက်များက ပြန့်ကျဲနေပြီး ထိုလူကလည်း လုံးလုံးလျားလျား မလှုပ်မယှက် ဖြစ်နေသောကြောင့် ရှောင်းကျဲယွိပင်လျှင် သူ အသက်ရှင်နေသည်လား? သေသွားပြီလား? မသေချာနိုင်တော့ပေ။

"ညီအစ်ကိုကြီး မင်း အဆင်ပြေရဲ့လား?"

ရှောင်းကျဲယွိက ထိုလူကို လှမ်းဆွဲလိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

သူ မည်မျှခေါ်နေသည်ဖြစ်စေ ထိုလူက မတုံ့ပြန်လာသောကြောင့် ရှောင်းကျဲယွိက ထိုအမျိုးသား၏လက်ကောက်ဝတ်ကို ကိုင်ကာ သွေးခုန်နှုန်းကို စစ်သပ်လိုက်သည်။ အဆိပ်၏ လက္ခဏာများကို သူ ရှာတွေခဲ့ပြီး ထိုလူ၏သွေးပြန်ကြောများမှတစ်ဆင့် သူ ခံစားမိသော အဆိပ်က သိသိသာသာ ပြင်းထန်လွန်းနေကာ ထိုလူက မြစ်ဝါမြစ်တွင် လှိုင်းစီးနေသည်ဟုပင် သူ တွေးလိုက်မိသည်။

ဤအရာက ရှောင်းကျဲယွိ၏သိချင်စိတ်ကို နှိုးဆွပေးနိုင်ခဲ့သည်။

ဒီလူက ဘယ်သူလဲ? သူက ဘယ်သူမို့လို့ သူ့ကို ဒီလောက်ပြင်းထန်တဲ့ အဆိပ်မျိုး ခတ်နိုင်ရတာလဲ? ပြီးတော့ အဆိပ်ခတ်တဲ့သူကရော ဘယ်သူလဲ?

ရှောင်းကျဲယွိထံတွင် စူးချင်းဆီမှ ရထားသည့် အဆိပ်ဖြေဆေးများ ရှိနေခဲ့သည်။ ယခုကဲ့သို့ ဆိုးရွားသည့်အခြေအနေမျိုး ရှိနေသည့် တစ်စုံတစ်ယောက်ကို ကြုံတွေ့နေရချိန်တွင် သူ့၏ပင်ကိုစရိုက်က အကူအညီ ပေးလိုက်ရန် သူ့ကို တွန်းအားပေးနေခဲ့သည်။ ထို့ကြောင့် ‌ရှောင်းကျဲယွိက ထိုလူကြီးကို အဆိပ်ဖြေဆေးကို တိုက်လိုက်ပြီး အိပ်ရာပေါ်သို့ ပြန်တင်ပေးလိုက်သည်။

ထိုအချိန်မှပင် သူ တစ်ဖက်လူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုလူက အသက်လေးဆယ်ကျော်အရွယ် ဖြစ်ပြီး ပိန်ပိန်ပါးပါးဖြစ်ကာ ထင်ရှားနေသော နဖူးရိုးများနှင့် ချိုင့်ဝင်နေသော မျက်လုံးများကို ပိုင်ဆိုင်သည်။ သူ့၏မျက်ခုံးများကြားထဲမှ ဒေါင်လိုက်မျဉ်းနှစ်ကြောင်းက သူ မကြာခဏ မျက်မှောင်ကြုတ်လေ့ရှိခြင်း ဖော်ပြနေပြီး သူ့ဘဝက စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်ဟု ခန့်မှန်းရသည်။

သူ၏လက်များက ကြမ်းတမ်းပြီး အလုပ်ကြမ်း လုပ်ရသူတစ်ဦး ဖြစ်နိုင်သည်။ သို့သော်လည်း သူက ဤအဆင့်မြင့်အခန်းတွင် တည်းခိုရန် ငွေကြေးတတ်နိုင်‌သူ ဖြစ်နေပြန်သည်။ ထိုကွဲလွဲမှုများက ရှောင်းကျဲယွိ၏သံသယစိတ်များကို ပိုတိုးလာစေခဲ့သည်။

“အင်း…”

ထိုလူက သက်ပြင်းရှည်တစ်ချက် ရှူထုတ်လိုက်ပြီး ညီးညူသံတစ်ခုနှင့်အတူ မျက်လုံးများကို ဖြည်းညှင်းစွာ ပြန်ဖွင့်လိုက်သည်။ သူ၏မျက်ဝန်းများက သာမန်လူများ၏ မျက်ဝန်းအနက်ရောင်နှင့်မတူဘဲ ပုံမှန်မဟုတ်သော ဝါညိုရောင် ဖြစ်နေသောကြောင့် သူက အလယ်ပိုင်းလွင်ပြင်မှ မဟုတ်ကြောင်း ညွှန်ပြနေပြန်သည်။

အခြေအနေကို အကဲခတ်ပြီးချိန်တွင် ရှောင်းကျဲယွိက သူ့ကို စတင်မေးမြန်းလိုက်သည်။

"အစ်ကိုကြီး၊ ခင်ဗျား ဘယ်လိုနေသးလဲ? ကျုပ်က ခင်ဗျားကို ကယ်ပေးခဲ့တဲ့သူပါ”

ပုံမှန်အားဖြင့် လူအများစုက သူတို့ကယ်တင်ခြင်းခံရကြောင်း သိလိုက်သည်နှင့် ကျေးဇူးတင်ကြောင်း ဖော်ပြတတ်ကြသော်လည်း ဤလူကတော့ ထိုသို့ မဟုတ်ပေ။ သူက ရှောင်းကျဲယွိကို အေးစက်စွာ ပြန်ကြည့်ရင်း ဘာသိဘာသာ ပြန်ပြောလိုက်သည်။

"ငါ့ကို ကယ်တင်ပေးဖို့ မင်းကို ငါ မတောင်းဆိုခဲ့ဘူး"

ရှောင်းကျဲယွိကလည်း စိတ်မဆိုးဘဲ အပြုံးဖြင့် ထပ်ပြောလိုက်သည်။

"ဟုတ်တယ်၊ ခင်ဗျားက သတိလစ်နေတာလေ။ ဘယ်လို ပြောနိုင်မှာလဲ? ဒါပေမယ့် ကျုပ် စစ်ဆေးကြည့်လိုက်တော့ ခင်ဗျား အဆိပ်သင့်နေတာကို သိခဲ့ရတယ်။ ကိုယ်မျက်စိရှေ့မှာ ဒီလိုမျိုး တွေ့နေရမှတော့ ဘယ်သူက ရက်စက်နိုင်မှာလဲ? ဘယ်သူက ခင်ဗျားကို အဆိပ်ခတ်လိုက်တာလဲ? အဲ့လူက အရမ်းရက်စက်တဲ့လူပဲ”

ရှောင်းကျဲယွိ၏ ဖော်ရွေသော အမူအရာကို မြင်နေရသော်လည်း ထိုလူက သူ့၏သတိကို လုံးဝ မလွှတ်ချဘဲ တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။

“ငါ မသိဘူး”

"ခင်ဗျားရဲ့အဆိပ်က အရမ်း ပြင်းထန်တယ်။ ဒီအဆိပ်ကို မြန်မြန် မရှင်းနိုင်ရင် အသက်အန္တရာယ် ရှိလာလိမ့်မယ်။ ကျုပ် ခင်ဗျားကို အဆိပ်ဖြေဆေးတစ်လုံး ပေးခဲ့တယ်၊ ဒါပေမယ့် အဲဒါက အဆိပ်ကို ဖိနှိပ်ပေးနိုင်ရုံပဲ၊ လုံးလုံး မဖယ်ရှားပေးနိုင်ဘူး၊ မှန်ကန်တဲ့ဆေးညွှန်းတစ်ခု ထပ်ပေးနိုင်အောင် ခင်ဗျားဘက်က ရှင်းရှင်းလင်းလင်း ပြောဖို့ လိုတယ်"

ရှောင်းကျဲယွိက ပြုံးနေဆဲဖြစ်ပြီး ထိုလူကို ဖြည်းဖြည်းချင်း ပြောပြနေခဲ့သည်။

ရှောင်းကျဲယွိက သူ့အား အဆိပ်ဖြေဆေးများ ထပ်ပေးနိုင်သည်ကို ကြားလိုက်ရပြီးနောက်တွင် ထိုအမျိုးသားက စိတ်ဝင်စားဟန် ပြသလာခဲ့သည်။ သူက ရှောင်းကျဲယွိကို စိုက်ကြည့်နေပြီး ချီတုံချတုံ ဖြစ်ပုံရကာ ခဏအကြာမှ စကားစပြောလာခဲ့သည်။

"ငါကို အဆိပ်ဖြေဆေး နည်းနည်းလောက် ရောင်းပေးနိုင်မလား?"

သူ အသက်ရှင်ဖို့ လိုအပ်နေသေးတယ်။ သူ အသက်ရှင်နေမှ သူ့သမီးကို ရှာနိုင်လိမ့်မယ်။

"ကိစ္စမရှိပါဘူး၊ ဒါပေမယ့် ခင်ဗျား ဘယ်သူလဲဆိုတာ ကျုပ်ကို အရင်ပြောပြရမယ်"

ရှောင်းကျဲယွိက အလွယ်တကူ သဘောတူလိုက်သော်လည်း အခြေအနေတစ်ခုဖြင့် ကန့်သတ်လိုက်သည်။

မင်း ငါဆီကနေ ဆေးလိုချင်ရင် မင်း ဘယ်သူလဲဆိုတာ ပြောပြရမယ်။

"မပြောနိုင်ဘူး၊ ထွက်သွား"

ထိုလူကြီးက ဒေါသထွက်လာဟန်ဖြင့် ထွက်သွားရန် အမိန့်ပေးလာခဲ့သည်။

"ကောင်းပြီလေ၊ နောက်တစ်ကြိမ် အဆိပ်ပြန်ထလာရင် ကျုပ် ခင်ဗျားကို လုံးဝ မကူညီတော့ဘူး!"

ရှောင်းကျဲယွိ၏မျက်နှာက ရေတွင်းပျက်ကြီးတစ်ခုကဲ့သို့ မည်းမှောင်သွားပြီး သူ့အသံကလည်း အေးစက်လာကာ ယခင်ကသို့ ရက်ရောမှုများ မရှိတော့ဘဲ ဘာမှ မထူးခြားဟန်ဖြင့် အကြင်နာမဲ့သူ ပြန်ဖြစ်သွားတော့သည်။ သူက ခဏတာပင် တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြန်လှည့်ထွက်လာခဲ့သည်။

ရှောင်းကျဲယွိ ဒေါသတကြီး ထွက်သွားသည်ကို မြင်လိုက်ရချိန်တွင် ထိုလူက သူ့ဆုံးဖြတ်ချက်ကို နောင်တရသွားပြန်ဖြင့် ရှောင်းကျဲယွိကို ပြန်အော်ခေါ်လိုက်သည်။

"ငါက စန်းကောင်တီက လီထျဲပါ။ အနောက်ယူနန်ပြည်နယ်က သရဲငါးကောင်က ငါ့ကို အဆိပ်ခတ်ခံရတာ။ ငါမှာ အချိန်သိပ် မကျန်တော့ဘူး။ လူငယ်လေး၊ ငါ့ကို ဆေးရောင်းပေးဖို့ မင်းကို တောင်းပန်ပါတယ်။ မင်း လိုချင်တဲ့ စျေးကို ပြောပါ၊ ဘယ်ဈေးမဆို အဆင်ပြေတယ်!"

"စန်းကောင်တီကလား?"

လီထျဲက စန်းကောင်တီမှ လာသည်ကို ကြားလိုက်ရချိန်တွင် ရှောင်းကျဲယွိက သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူ့ကို ပြန်လှည့်ကြည့်လိုက်သည်။

သူက အဝတ်ကောင်းလေးတောင် မဝတ်ထားဘူး၊ သူ့လက်တွေလည်း နီရဲ ကြမ်းတမ်းနေ‌သေးတယ်။ ဒါတောင်မှ ရဲရဲဝင့်ဝင့်နဲ့ ‘မင်းလိုချင်တဲ့ စျေးကို ပြောပါ” လို့ ပြောနိုင်တယ်လား?

ချင်ထျဲက အရှေ့တောင်ဘက်မှာ ရှိတယ်လို့ ဆရာဦးလေး ဟောကိန်းထုတ်ခဲ့တာ မဟုတ်ဘူးလား? တွက်ဆကြည့်ရင် လျန်ချန်က မော့ချန်ရဲ့အရှေ့တောင်ဘက်မှာ ရှိနေတာပဲ။ သူ ဒီလောက်တောင် ကံကောင်းနိုင်တယ်လား?

ရှောင်းကျဲယွိက လီထျဲကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်ပြီး ကိန်းကြီးခန်းကြီး အမူအရာမျိုးဖြင့် ပြန်ဖြေလိုက်သည်။

"ကျုပ်ရဲ့အဆိပ်ဖြေဆေးမှာသုံးတဲ့ ဆေးဖက်ဝင်အပင်တွေက အရမ်း စျေးကြီးတယ်။ အဲ့ဆေးပင်တွေထဲမှာ အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ လင်ဇီး၊ အနှစ်တစ်ရာသက်တမ်းရှိတဲ့ဂျင်ဆင်းနဲ့ အနှစ်တစ်ထောင် နှင်းကြာပန်းတွေ ပါတယ်။ ဆေးတစ်ပြားစီတိုင်းက လျန်တစ်ထောင်လောက် တန်တယ်။ ခင်ဗျား တကယ် ဝယ်ဖို့ ဆန္ဒရှိလို့လား?"

"အင်း"

ရှောင်းကျဲယွိက သူ့၏အလွန်အကျွံ တောင်းဆိုမှုကြောင့် လီထျဲက သူ့ကို ကြိမ်းမောင်းလာမည်ဟု မျှော်လင့်ထားခဲ့သော်လည်း ထိူလူက မဆိုင်းမတွ သဘောတူလိုက်သည်။ သူက သူ့အိတ်ကပ်ထဲမှ လျန်တစ်ထောင်တန် ငွေစက္ကူလက်မှတ် ဆယ်ရွက်ကို ချက်ချင်း ထုတ်ယူကာ ရှောင်းကျဲယွိအား လွှဲပေးရင်း ထပ်ပြောလာခဲ့သည်။

“အခု ဆယ်လုံး အရင် ဝယ်မယ်”

ရှောင်းကျဲယွိက ငွေစက္ကူလက်မှတ်များကို လှမ်းယူကာ အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်ပြီး လီတျဲကို စူးရှသောအကြည့်များဖြင့် ထပ်ကြည့်လိုက်သည်။

"စန်းကောင်တီမှာ ချင်ထျဲလို့ခေါ်တဲ့ လူတစ်ယောက် ရှိတယ်။ အစ်ကိုလီများ သူ့ကို သိမလား?"

"ငါ မသိဘူး"

လီထျဲ၏တုံ့ပြန်မှုက အလျင်စလို ဖြစ်နေပြီး သူ့အမူအရာကလည်း စိတ်မရှည်တော့ပုံရသည်။ သူက ရှောင်ကျဲယွိကို ပိုသတိထားနေဟန်ဖြင့် ကြည့်နေကာ ပြန်မေးလာခဲ့သည်။

"မင်းက ဘယ်သူလဲ?"

ထိုလူ၏သတိထားမှုများက ရှောင်းကျဲယွိ၏သံသယများကို ထပ်မံ အတည်ပြုပေးနိုင်ခဲ့သည်။ သူက တလေးတစား ဦးညွှတ်ပြီး ပြန်ဖြေလိုက်သည်။

"ကျွန်တော်က လူကောင်းတစ်ယောက်ပါ၊ ကိစ္စတစ်ခုကြောင့် ချင်ထျဲကို တွေ့ဖို့ လိုအပ်နေတာပါ။ သူ့ကို သိရင် ကျေးဇူးပြုပြီး ပြောပြပေးနိုင်မလား?"

"ဟမ့်၊ ချင်ထျဲက ဘယ်သူနဲ့မှ တွေ့ဖို့ စိတ်မဝင်စားဘူး။ မင်းရဲ့အချိန်တွေကို မဖြုန်းတီးနဲ့တော့"

လီထျဲက နှာမှုတ်လိုက်ကာ ရှောင်းကျဲယွိ၏တောင်းဆိုမှုကို အေးစက်စက် ငြင်းပယ်လိုက်ပြီး ပြတ်ပြတ်သားသား ပြက်ရယ်ပြုပြီးမှ သူ့မျက်လုံးများကို မှိတ်ချလိုက်သည်။

“လူကြီးမင်းချင်ထျဲ၊ ကျွန်တော်က ခင်ဗျားရဲ့ အကူအညီကို ရိုးရိုးသားသား တောင်းချင်တာပါ။ အပြန်အလှန်အနေနဲ့ ကျွန်တော်က ခင်ဗျားကိုယ်ထဲက အဆိပ်အတောက်တွေ အပြည့်အ၀ သန့်စင်သွားအောင် ကူညီပေးမှာပါ"

ရှောင်းကျဲယွိက ချင်ထျဲ၏အမည်ကို ရုတ်တရက် ခေါ်လိုက်ပြီး အဆိပ်ဖြေပေးရန် ကမ်းလှမ်းလိုက်သည်။

ရှောင်းကျဲယွိက သူ့နာမည်အရင်းကို ခေါ်လိုက်သောကြောင့် ချင်ထျဲက ဟန်ဆောင်ဖုံးကွယ်နေခြင်းကို ရပ်တန့်လိုက်သည်။ ယခုအချိန်တွင် သူ့ ရှေ့မှ ရှောင်းကျဲယွိက သာမန်လူ မဟုတ်ကြောင်း သူ ပိုင်းခြားသိမြင်နိုင်သွားပြီဖြစ်ကာ သူ့နှလုံးသားထဲတွင် မျှော်လင့်ချက်အလင်းရောင်များ တောက်ပလာခဲ့သည်။

သူက ရှောင်းကျဲယွိကို စေ့စေ့ကြည့်နေရင်း ဝန်ခံလိုက်သည်။

"မင်း ငါ့ကို ဖော်ထုတ်နိုင်ပြီဆိုမှတော့ ငါ ဝန်ခံတယ်၊ ဟုတ်တယ် ငါက ချင်ထျဲပဲ။ မင်း ငါ့ဆီကနေ အကူအညီလိုချင်ရင် ပြန်လုပ်ပေးရမယ့် အလုပ်တစ်ခုတော့ ရှိတယ်"

“ဘယ်လို အလုပ်မျိုးလဲ?”

ရှောင်းကျဲယွိက ချင်ထျဲထံတွင် ထူးဆန်းသောစရိုက်ရှိသည်ဟု သူ့၏ဆရာဦးလေးထံမှ သိထားခဲ့သည်။ သူက နားလည်ရခက်သည့်လူ ဖြစ်ပြီ သူ၏ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန် ငွေပေးရုံဖြင့် မရဘဲ သူ့၏သတ်မှတ်ချက်များနှင့် ကိုက်ညီရန် လိုအပ်သေးသည်ဟု ကြားဖူးခဲ့သည်။ ယနေ့တွင် ရှောင်းကျဲယွိတစ်ယောက် ကိုယ်တွေ့ကြုံတွေ့နေရပြီ ဖြစ်သည်။

ရှောင်းကျဲယွိကလည်း ချင်ထျဲ၏တောင်းဆိုချက်ကို မကြောက်ဘဲ သူဘက်မှ ယတိပြတ်ငြင်းဆိုမည်ကိုသာ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

“လွန်ခဲ့တဲ့ တစ်နှစ်လောက်က ငါ့ရဲ့သမီးလေး ချင်ယွီအာ ပြန်ပေးဆွဲခံခဲ့ရတယ်။ ငါ အစွမ်းကုန် လိုက်စုံစမ်းပြီးမှ အလယ်ပိုင်းလွင်ပြင်ကနေ သတင်းတစ်ခုရလာခဲ့တယ်။ ယူနန်သရဲငါးကောင်က ငါ့သမီးကို ခေါ်သွားတယ်လို့ ငါ သိခဲ့ရတယ်။ ပြီးခဲ့တဲ့လက သူတို့ ခိုအောင်းနေတဲ့ မြောင်ကျားတောင်ကို ငါ ရှာတွေ့ခဲ့ပေမယ့် ငါ တောင်ပေါ်မတက်နိုင်ခင် အဆိပ်ခတ်ခံခဲ့ရတယ်။ ငါ ငါ့သမီးကို ကယ်ဆယ်ဖို့ အလယ်ပိုင်းလွင်ပြင်တစ်လျှောက်က နာမည်ကြီးသိုင်းပညာရှင်တွေကို အကူအညီတောင်းခဲ့တယ်။ ငါ့သမီးလေးရဲ့ လုံခြုံရေးအတွက် ငါ ဘာကိုမဆို ပေးဆပ်နိုင်တယ်”

ရှောင်းကျဲယွိထံမှ မေးခွန်းကို ကြားလိုက်ရချိန်တွင် ချင်ထျဲ၏ မျက်လုံးများက နီရဲလာပြီး သူ့က မုန်းတီးမှုအပြည့်ဖြင့် အံ့ကြိတ်ထားခဲ့သည်။ သူက သူ နာမည်ဆိုးဖြင့်ကျော်ကြားနေသော ယူနန်သရဲငါးကောင်ကို ရှာဖွေနေကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလာခဲ့သည်။

ထို့နောက် သူက ရှောင်းကျဲယွိကို အကဲခတ်နေပြန်သည်။

ပြီးခဲ့တဲ့လအတွင်းမှာ သူ နာမည်ကြီးသိုင်းပညာရှင်တွေ အားလုံးနီးပါးကို အကူအညီ တောင်းခဲ့ပြီးပြီ။ ဒါပေမယ့် "ယူနန်သရဲငါးကောင်" ဆိုတဲ့နာမည်ကို ကြားလိုက်တာနဲ့ မောက်မာလွန်းပါတယ်ဆိုတဲ့ သူရဲကောင်းကြီးတွေတောင် ပလုပ်တုတ်လို ခေါင်းယမ်းပြီး နောက်ပြန်ဆုတ်သွားခဲ့ကြတယ်။

ငြင်းပယ်မှုများစွာကို ရင်ဆိုင်ခဲ့ရပြီး စိတ်ပျက်စရာများစွာနှင့် ကြုံတွေ့ခဲ့ရသည့် ချင်ထျဲက ရှောင်းကျဲယွိအပေါ်တွင်လည်း နောက်ထပ်မျှော်လင့်ချက်အများကြီးတော့ မရှိလှပေ။ သူက ဆွဲမိဆွဲရာ ကောက်ရိုးတစ်မျှင်ကို ဆွဲလိုက်ခြင်းသာ ဖြစ်သည်။

တစ်ဘက်မှ ရှောင်းကျဲယွိထံတွင်လည်း အတွေးတစ်ချို့ရှိနေခဲ့သည်။

ဒီအဖြစ်အပျက်က ဘယ်လိုတောင် တိုက်ဆိုင်နေရတာလဲ? သူက ယူနန်သရဲငါးကောင်နဲ့ ပတ်သက်ပြီး စူးစမ်းရှာဖွေနေချိန်မှာ ချင်ထျဲက သူ့သမီးကို ယူနန်သရဲငါးကောင် ဖမ်းခေါ်သွားတယ်လို့ ပြောနေတာလား?

ရှောင်းကျဲယွိကလည်း ချင်ထျဲကို သေသေချာချာ လေ့လာအကဲခတ်နေခဲ့သည်။

ဒီသရဲဘဘက်ငါးကောင်က ရုပ်ဖျက်တဲ့နေရာမှာ ဆရာသခင်တွေလို သူ ကြားဖူးထားတယ်။ အခု သူ့ရှေ့က ဒီလူက ချင်ထျဲ အစစ်လား? ဒါမှမဟုတ် အယောင်ဆောင်ထားတဲ့သူ ဖြစ်နိုင်လား?

ရှောင်းကျဲယွိ၏ တိတ်တိတ်ဆိတ်ဆိတ် တွေးတောနေမှုကို မြင်လိုက်ရသောကြောင့် ချင်ထျဲက သက်ပြင်းချလိုက်ပြီး သူ့မျက်လုံးများတွင် ဝမ်းနည်းမှုများနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်လာပြန်သည်။

“ထားလိုက်ပါ၊ မင်း မေ့လိုက်တော့၊ အလယ်ပိုင်းလွင်ပြင်မှာ ရဲရင့်တဲ့လူတစ်ယောက်မှ မရှိတော့ဘူး။ အားလုံးက သူရဲဘောကြောင်တဲ့လူတွေ ဖြစ်ကုန်ကြပြီ။ ထားလိုက်တော့၊ ငါ့သမီးကို ငါ့ဘာသာ သွားကယ်မယ်။ အဆိုးဆုံးကတော့ ငါတို့ အတူတူ သေရုံပဲ"

ရှောင်းကျဲယွိက ချင်ထျဲ၏မျက်လုံးများကို စေ့စေ့စပ်စပ် အကဲခတ်နေပြန်သည်။

ဒါကရော သူ့ကို နှိုးဆွဖို့ ကြိုးပမ်းနေတာလား?

All Chapters