တိုက်ဆိုင်မှုလား ဒါမှမဟုတ် ကြိုတင်ပြင်ဆင်ထားတဲ့ ထောင်ချောက်လား? (အပိုင်း ၂)
Vol. 32 Ch. 477
“သွားတော့၊ မင်းရဲ့အဆိပ်ဖြေဆေးကိုလည်း ငါ မလိုချင်တော့ဘူး။ ဘာပဲ ဖြစ်ဖြစ် သေခြင်းတရားက ငါ့ဆီကို ရောက်နေပြီပဲ၊ နှေးတာနဲ့ မြန်တာပဲ ကွာခြားတော့တယ်”
ချင်ထျဲက တံခါးဆီသို့ လက်ပြကာ ရှောင်းကျဲယွိကို ထွက်သွားရန် ပြောလာခဲ့သည်။ သူက ကုတင်၏အစွန်းပေါ်သို့ စိတ်ပျက်လက်ပျက် ပြန်ထိုင်ချလိုက်ပြီး နှစ်အနည်းငယ်ပို၍ အိုစာသွားပုံရသည်။
"ခင်ဗျား သမီးရဲ့ပုံတူ ရှိလား?"
ချင်ထျဲ၏ စိတ်ပျက်အားငယ်မှုကို မြင်နေရသော်လည်း ရှောင်းကျဲယွိက အလွယ်တကူ မတုန်လှုပ်သွားခဲ့ပေ။ သူက သူ့၏သံသယကို လုံးဝ မလျှော့ချပဲ ပုံတူရှိ မရှိမေးမြန်းလိုက်သည်။ ထောင်ချောက်တစ်ခုဖြစ်လျှင် အစီအစဥ်၏အစိတ်အပိုင်းတစ်ခု အဖြစ် ပုံတူကိုလည်း ပြင်ဆင်ထားနိုင်သေးသည်။ သို့သော်လည်း သူက ချင်ထျဲကို ထပ်မံစမ်းသပ်ချင်နေသေးသည်။
"အင်း၊ ငါ့မှာ ရှိတယ်!"
ပုံတူအကြောင်း ပြောလိုက်ချိန်တွင် ချင်ထျဲ၏မှိုင်းဝေနေသော မျက်လုံးများ ပိုအသက်ဝင်လာခဲ့သည်။ သူက သူ့ခရီးဆောင်အိတ်ကို ချက်ချင်း ဖွင့်ကာ ပုံတူတစ်ချပ် ထုတ်ပေးလာခဲ့သည်။
ရှောင်းကျဲယွိက ပန်းချီစာလိပ်ကို လှမ်းယူကာ ဖွင့်လိုက်ပြီး သေသေချာချာ စစ်ဆေးကြည့်နေခဲ့သည်။ ပန်းချီကားပေါ်တွင် မိန်းကလေးတစ်ယောက်၏ ပုံတူကို ရေးဆွဲထားပြီး သူမက ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ကာ ကြာကန်ဘေးတွင် ငြိမ်သက်စွာ မတ်တပ်ရပ်နေခဲ့သည်။ သူမက ချောမောလှပပြီး သူမ၏မျက်နှာပေါ်တွင် နူးညံ့သောအပြုံးတစ်ပွင့် ဆင်မြန်းထားသည်။ ဖူးပွင့်နေသော ကြာပန်းများကို နောက်ခံထားကာ ရေးဆွဲထားသောကြောင့် သူမက တခြားကမ္ဘာမှ မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ သာလွန်မြင့်မြတ်ဟန် ဖြစ်နေလေသည်။
ရှောင်းကျဲယွိက ပန်းချီကားချပ် ပြန်လိပ်လိုက်ပြီး ချင်ထျဲကို ထပ်မေးလိုက်သည်။
"ခင်ဗျားကရော ကျွန်တော်နဲ့အတူ လိုက်ခဲ့မှာလား?"
"ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်။ အနောက်ယူနန် သရဲငါးကောင်က မြောင်ကျားတောင်ပေါ်မှာ ထောင်ချောက်တွေ အများကြီး တပ်ဆင်ထားတယ်။ ငါ မင်းကို လမ်းပြပေးနိုင်တယ်၊ ငါ မပါရင် မင်းလည်း ဘေးကင်းမှာ မဟုတ်ဘူး"
ရှောင်းကျဲယွိ၏ ကမ်းလှမ်းချက်ကို ကြားလိုက်ချိန်တွင် ချင်ထျဲ၏မျက်နှာက ချက်ချင်း ပြန်ကြည်လင်လာပြီး သူလည်း အတူလိုက်ကာ ကူညီပေးချင်သည်ဟု ပြောလာခဲ့သည်။
"ကောင်းပြီလေ"
ရှောင်းကျဲယွိကလည်း အလွယ်တကူ သဘောတူလိုက်သည်။
ချင်ထျဲကို အနီးကပ်စောင့်ကြည့်နိုင်ရင် သူ့ရဲ့ရည်ရွယ်ချက်အမှန်ကို တချိန်လုံး အကဲခတ်နေလို့ ရနိုင်တယ်။
မြောင်ကျားတောင်က အန္တရာယ်တွေ ပြည့်နေတယ်ဆိုရင်တောင် သူကတော့ အဲ့အန္တရာယ်တောထဲကို မဖြစ်မနေ တိုးဝင်ရလိမ့်မယ်။ ချင်းအာအတွက် သရဲငါးကောင်းကို မဖြစ်မနေ ချေမှုန်းပစ်ရမယ်။
ရှောင်းကျဲယွိက ပန်းချီစာလိပ်ကို မြှောက်ပြလိုက်ပြီး ချင်ထျဲကို ထပ်တောင်းဆိုလိုက်သည်။
“ဒါကို ခဏပေးထားပါဦး”
"အင်း၊ သေချာတော့ ဂရုစိုက်ပေးပါ၊ မပျောက်သွားစေနဲ့။ ဒီပုံက ငါ့မှာ ကျန်နေတဲ့ တစ်ခုတည်းသော ပုံတူပဲ”
ချင်ထျဲက တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ပုံတူအား သေသေချာချာ ထိန်းသိမ်းရန် ပြောလိုက်ပြီး ရှောင်းကျဲယွိထံသို့ ယုံယုံကြည်ကြည် အပ်နှံလိုက်သည်။
"ကျွန်တော် သိပါတယ်၊ လောလောဆယ် ဒီအဆိပ်ဖြေဆေးတွေကို သိမ်းထားလိုက်ပါ၊ အဆိပ်ပြန်ထလာလို့ အရမ်းနာကျင်လာရင် ဆေးတစ်လုံးစီ သောက်လို့ရတယ်”
ရှောင်းကျဲယွိက အဆိပ်ဖြေဆေး အနည်းငယ်ထုတ်ပြီး ချင်ထျဲထံသို့ လှမ်းပေးလိုက်သည်။
တကယ်လို့ ဒီလူက တကယ် ချင်ထျဲ ဖြစ်နေရင် သူ့ကို သေအောင် ပစ်ထားဖို့ မဖြစ်နိုင်ဘူးလေ။ ချင်းအာ လိုချင်နေတဲ့ ပစ္စည်းကို လုပ်ပေးနိုင်တဲ့သူက ဒီကမ္ဘာပေါ်မှာ ချင်ထျဲတစ်ယောက်ပဲ ရှိတယ်။
ဒီလူက အတု ဖြစ်နေရင်တောင် သူ့အတွက်ကတော့ ဆေးလုံးအနည်းငယ် ဆုံးရှုံးတာလောက်ပဲ ဖြစ်နိုင်တယ်။
"ကျေးဇူးပါပဲ၊ ဒီလျန်တစ်သောင်းကို ယူလိုက်ပါ။ ငါတို့ အခုတည်းက ရှင်းရှင်းလင်းလင်း လုပ်ထားမယ်၊ ဆေးဖိုးက ဆေးဖိုးပဲ၊ မင်း ငါ့သမီးကို ကယ်ပေးနိုင်ရင် မင်း လိုချင်တာကို ငါ လုပ်ပေးမယ်"
ချင်ထျဲက ခေါင်းမာသူဖြစ်ပြီး ရှောင်းကျဲယွိအား ငွေစက္ကူများ အတင်းပေးနေဆဲဖြစ်သည်။ ရှောင်းကျဲယွိက သူ့ကို တချက်မော့ကြည့်လိုက်ပြီး ထိုငွေလက်မှတ်များကို လှမ်းယူလိုက်သည်။
ဒီငွေက သူတို့တစ်ဖွဲ့လုံးမြောင်ကျားတောင်ကို သွားရမယ့်ခရီးစရိတ်ကို ခြုံငုံမိဖို့ လုံလောက်တယ်။
ချင်ထျဲ၏အခန်းမှ ပြန်ထွက်လာပြီးနောက် ရှောင်းကျဲယွိက ပုံတူကို ကိုင်ကာ သူ့၏သက်တော်စောင့်များနှင့် တစ္ဆေမယ်တော်ကြီး ရှိနေသည့် အခန်းကျယ်ကြီးဆီသို့ ရောက်လာခဲ့သည်။ တစ္ဆေမယ်တော်ကြီးက လူးလှိမ့်ရုန်းကန်မှုကို ရပ်တန့်လိုက်ပြီး ဖြစ်ကာ သူမ၏ တစ်ကိုယ်လုံး ရေများ ဆွဲထုတ်ခံလိုက်ရသလို ချွေးသီများ ထွက်နေခဲ့သည်။ သူမက ခွေးသေတစ်ကောင်ကဲ့သို့ ကြမ်းပြင်ပေါ်တွင် ပက်လက်လန်ကြီး ဖြစ်နေခဲ့သည်။
"မင်းတို့အားလုံး တခုခု ထွက်စားလိုက်ကြဦး"
ရှောင်းကျဲယွိက သူ့၏သက်တော်စောင့်များကို ထွက်သွားခိုင်းလိုက်သည်။ ရှောင်းကျဲယွိ ချဉ်းကပ်လာသည်ကို မြင်လိုက်ရချိန်တွင် တစ္ဆေမယ်တော်ကြီးက အလွန်အမင်း ထိတ်လန့်သွားပုံရသည်။
ဒီယောက်ျားနဲ့ မိန်းမက အကြင်လင်မယားဆိုတာ ပြောနေဖို့တောင် မလိုဘူး။ ရက်စက်ကြမ်းတမ်းတဲ့နေရာမှတောင် ထပ်တူကျနေသေးတယ်။
စူးချင်းကြောင့် အရိုးများကြွေမွနေသလို နာကျင်ရသည့် အချိန်က တစ္ဆေမယ်တော်ကြီးက လုံးဝ ကြောက်လန့်သွားစေခဲ့ပြီး သူမက ထိုဝေဒနာကို ဘယ်တော့မှ ထပ်မခံစားချင်တော့ပေ။
"မြောင်ကျားတောင်မှာ ဒီပုံတူထဲက ကောင်မလေး ရှိလား?"
ရှောင်းကျဲယွိက ချင်ယွီအာ၏ပုံတူကို ဖွင့်လိုက်ပြီး တစ္ဆေမယ်တော်ကြီးရှေ့၌ ဖြန့်ပြလိုက်သည်။ တစ္ဆေမယ်တော်ကြီး ထိုပုံတူကို သူမ၏ ကျန်နေသော မျက်လုံးတစ်ဖက်ဖြင့် လှမ်းကြည့်လိုက်သည်။ ချင်ယွီအာကို မြင်လိုက်ရချိန်တွင် သူမ၏တစ်ဖက်တည်းသော မျက်လုံးက တောက်ပလာပြီး ခေါင်းညိတ်ပြလာခဲ့သည်။ လက်ရှိအချိန်တွင် သူမ၏ဆွံ့အစေသည့် အပ်စိုက်မှတ်ကို အပိတ်ခံထားရသောကြောင့် သူမ စကားမပြောနိုင်ဖြစ်နေခဲ့သည်။ ထို့ကြောင့် ရှောင်းကျဲယွိက သူမ၏အပ်စိုက်မှတ်ကို ပြန်ဖွင့်ပေးလိုက်သည်။ သို့သော် သူက သူ့လက်ကို ထိုနေရာမှ ပြန်မကြွဘဲ ထိုအပ်စိုက်မှတ်ပေါ်သို့ အဆင်သင့် လက်တင်ထားခဲ့သည်။ တစ္ဆေမယ်တော်ကြီးထံမှ မလိုလားအပ်သည့် အသံတစ်ခုခု ထွက်ပေါ်လာသည်နှင့် သူက ထိုအပ်စိုက်မှတ်အား ပြန်နှိပ်လိုက်မည် ဖြစ်သည်။
ရှောင်းကျဲယွိက အေးစက်စွာ မေးမြန်းလိုက်သည်။
"သူ(မ) အသက်ရှင်နေသေးလား?"
"အသက်ရှင်နေသေးတယ်! ကောင်းကောင်းကြီး အသက်ရှင်နေသေးတယ်"
တစ္ဆေမယ်တော်ကြီးကလည်း ရှောင်းကျဲယွိ၏လှုပ်ရှားမှုများကို နားလည်နိုင်ပြီး သူမ အော်ဟစ်အကူအညီတောင်းလျှင်ပင် အသုံးမဝင်ကြောင်း သိနေခဲ့သည်။ ထို့ကြောင့် သူမက တိတ်တိတ်ဆိတ်ဆိတ် နေရန် ရွေးချယ်ခဲ့ပြီး ပုန်ကန်သလို ဖြစ်စေမည့် အပြုအမူမှန်သမျှကို ရှောင်ကြဉ်နေခဲ့သည်။ သူမက အလွယ်တကူ ပြန်ဖြေလိုက်သော်လည်း သူမ၏ အပြုံးက အနည်းငယ် ကြောက်စရာ ကောင်းနေခဲ့ပြီး သူမ၏ အသံကလည်း ကျီးကန်း၏အော်သံကဲ့သို့ ဖြစ်စေကာ တဖက်သားကို စိတ်မသက်မသာ ဖြစ်စေသည်။
"သူ့(မ)ကို ဘာလို့ ဖမ်းတာတာလဲ?"
ရှောင်းကျဲယွိက ချင်ယွီအာကို အဘယ်ကြောင့် ဖမ်းထားခဲ့သည်ကို သိချင်နေပြီး တစ္ဆေမယ်တော်ကြီး၏မျက်လုံးကို စိုက်ကြည့်ကာ ထပ်မေးလိုက်သည်။
"ငါတို့ ဆေးဝါးတွေ အများကြီး လိုတယ်။ အဲ့တော့ ငါတို့အတွက် ဆေးစမ်းဖို့ လူတွေ လိုတာက ပုံမှန်ပဲ။ အဆိပ်ငါးပါးကနေ လွတ်မြောက်လာနိုင်တဲ့လူတွေက ငါတို့အတွက် အကောင်းဆုံး အဆိပ်ကို ရှာဖွေပေးနိုင်တယ်။ ဆက်သွားရင် ဘာလဲဆိုတာ နင် သိလာလိမ့်မယ်"
ရှောင်းကျဲယွိကို စိုက်ကြည့်နေသည့် တစ္ဆေမယ်တော်ကြီး၏မျက်လုံးတစ်ဖက်တွင် အဆိပ်အတောက်များ ပြည့်လျှံနေပြီး သူမက ကြောက်စရာကောင်းလောက်အောင် ပြုံးနေပြန်သည်။
ရှောင်းကျဲယွိက ထိုမိန်းခလေး၏ပတ်ဝန်းကျင်တွင် အဆိပ်ကောင် ငါးကောင် ရှိနေပြီး ထိုမိန်းခလေးအား ဝိုင်းကိုက်နေမည့် မြင်ကွင်းကို မြင်ယောင်သွားပြီး သူ့ကျောရိုးပင် အေးစက်လာသလို ခံစားလိုက်ရသည်။ တစ္ဆေမယ်တော်ကြီး၏မျက်လုံးထဲမှ မကောင်းဆိုးဝါးဆန်ဆန် အရိပ်အယောက်ကို မြင်လိုက်ရသောကြောင့် သူက သူမ၏အပ်စိုက်မှတ်ကို ပြန်နှိပ်လိုက်သည်။ ထို့နောက် ရေခဲကဲ့သို့ အေးစက်နေသည့် လေသံဖြင့် ထပ်ပြောလိုက်သည်။
"ငါက ငရဲငါးကောင်ကို ငရဲဘုရင်ဆီ ပို့ပေးမယ်"
သရဲတစ္ဆေတွေက လူ့လောကထဲမှာ မနေသင့်ဘူး။
တစ္ဆေမယ်တော်ကြီးက ရယ်မောလိုက်သော်လည်း သူမ အသံမထွက်နိုင်သည့်အတွက် သူမ၏အမူအရာက ဆိုးရွားလာပြီး ပို၍ကြောက်စရာ ကောင်းလာပြန်သည်။ သူမက ရှောင်းကျဲယွိကို လူသေတစ်ယောက်လို ကြည့်နေခဲ့ပြီး သူ့စကားများကိုလည်း သေခါနီး လူတစ်ယောက်၏ကြွားဝါမှုအဖြစ် သတ်မှတ်ခဲ့သည်။
ဟား ဟား နင်က ကောင်းကင် ဘယ်လောက်မြင့်တယ်ဆိုတာကို မသိတဲ့ ကောင်လေးလေးပဲ၊ မြောင်ကျားတောင်က နင်နဲ့ စူးချင်းအတွက် သင်္ချိုင်းဖြစ်လာလိမ့်မယ်။
ရှောင်းကျဲယွိ သူ့အခန်းထဲသို့ ပြန်ရောက်လာခဲ့ပြီး ထိုအချိန်တွင် စူးချင်းက သူမတစ်ယောက်တည်း ပျင်းရိလာသောကြောင့် ကုတင်ဘေးတွင် ထိုင်ကာ နှစ်ထပ်ပန်းပုံစံကို ပန်းထိုးနေခဲ့သည်။ ပန်းထိုးခြင်းက သူမ၏စွမ်းရည်ကို အဆင့်မြှင့်တင်ပေးနိုင်ပြီး နှစ်ထပ်ပန်းကို ပန်းထိုးခြင်းက ပုံမှန်ပန်းထိုးခြင်းထက် နှစ်ဆပို အားထုတ်ရသော်လည်း နှစ်ဆ အဆင့်မြှင့်တင်နိုင်သောကြောင့် စူးချင်းက သူမ အားလပ်ချိန်တိုင်း နှစ်ထပ်ပန်းပုံစံများကိုသာ ပန်းထိုးလေ့ရှိသည်။
လက်ရှိ သူမ ပန်ထိုးနေသည့် အထည်စ၏ တစ်ဖက်တွင် ပြည့်ပြည့်ဖောင်းဖောင်း ကောင်လေးနှစ်ယောက် ရေထဲမှ ရွှေငါးတစ်ကောင်နှင့် ဆော့ကစားနေသည့်ပုံ ရှိနေပြီး ကျန်တစ်ဖက်တွင် နဂါးတစ်ကောင်နှင့် ဖီးနစ်တစ်ကောင် ကောင်းကင်ယံတွင် ကခုန်နေပုံကို ပုံဖော်ထားသည်။ နဂါးနှင့် ဖီးနစ်တို့က ပန်းထိုးရန် အခက်ခဲဆုံးဖြစ်သည်။ နဂါးအတွက် ကမ္ဘာကြီးကို ငုံ့ကြည့်နေဟန် လွှမ်းမိုးနိုင်သော ရောင်ဝါအပြည့် ပန်းထိုးနိုင်ရမည် ဖြစ်ပြီး ငှက်များ၏ဘုရင်သော ဖီးနစ်ကိုတော့ သူမ၏မြင့်မြတ်မှုနှင့် သီးသန့်ဆန်မှုကို ပေါ်လွင်အောင် ပန်းထိုးရသည်။ ထို့ကြောင့် စူးချင်းက လုံးဝ အာရုံစိုက်ကာ ပန်းထိုးနေခဲ့ပြီး ရှောင်းကျဲယွိ အခန်းထဲသို့ ဝင်လာမှသာ သူ့ကို မော့ကြည့်လိုက်သည်။
ရှောင်းကျဲယွိက သူ့နောက်မှ တံခါးကို သေသေချာချာ ပြန်ပိတ်လိုက်ပြီး စူးချင်း အနားသို့ လျောက်သွားလိုက်သည်။ သူက ပုံတူပန်းချီကို ကုတင်ပေါ်သို့ လှမ်းတင်ရင်း စူးချင်းကို အပြုံးဖြင့် မေးလိုက်သည်။
"ချင်းအာ၊ ကိုယ်တို့ရဲ့ဘေးခန်က လူက ဘယ်သူလဲဆိုတာ မင်း ခန့်မှန်းကြည့်ပါဦး"
"ဘယ်သူလဲ??"
စူးချင်းက သူမလက်ထဲမှ ပန်ထိုးနေသည့် အထည်စကို ဘေးသို့ ချလိုက်ပြီး ပုံတူပန်းချီကို အမြန် ဖွင့်ကြည့်လိုက်သည်။ ထိုပုံကို မြင်လိုက်သည်နှင့် သူမ၏အေးစက်သောမျက်လုံးများက ရှောင်းကျဲယွိဆီသို့ တိုက်ရိုက်ပြေးဝင်သွားတော့သည်။
"ချင်ထျဲ၊ သူက ကိုယ်တို့ ရှာဖွေနေတဲ့ လုပန်ရဲ့ မျိုးဆက်လို့ ထင်ရတယ်"
ရှောင်းကျဲယွိက စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ သူက စူးချင်းထံမှ မနာလိုမှု အရိပ်အယောင်ကို သတိပြုမိသွားသောကြောင့် ချင်ထျဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ချက်ချင်း ပြောပြပြီးမှ ရယ်မောနေခဲ့သည်။
"အဲ့လောက်တောင် တိုက်ဆိုင်တယ်လား?! ပြီးတော့ ဒီကောင်မလေးက ဘယ်လို ပါဝင်ပတ်သတ်နေတာလဲ?"
စူးချင်းကလည်း အနည်းငယ် အံ့သြနေခဲ့သည်။
ဆရာဦးလေးရဲ့ ဟောကိန်းက ဒီလောက်ထိ တိကျနိုင်တယ်လား? အရှေ့တောင်ဘက်မှာ ချင်ထျဲကို ရှာတွေ့မယ်လို့ သူ ပြောခဲ့တယ်လေ၊ အခု အမှန်ဖြစ်နိုင်လား?
ဒါပေမယ့် ပုံတူထဲက ဒီကောင်မလေးနဲ့ ချင်ထျဲက ဘယ်လိုဆက်စပ်မှု ရှိနေတာလဲ?
ရွှေ့ရှန့်က ဒီပုံတူကို အမြတ်တနိုး ကိုင်လာတယ်လေ၊ အဲ့ဒါက သူမကို စိတ်မကောင်း ဖြစ်ဟေတယ်။
သူက သူ့ကတိတွေကို မေ့သွားပြီလား?
“ဒီမိန်းကလေးက ချင်ထျဲရဲ့သမီး ချင်ယွီအာတဲ့။ သရဲငါးကောင်က သူ့(မ)ကို ဖမ်းခေါ်တယ်လို့တော့ ပြောတာပဲ”
ရှောင်းကျဲယွိက ချင်ထျဲ ပြောခဲ့သမျှ အကြောင်းအရာများအား စူးချင်းကို ပြန်ပြောပြလိုက်သည်။
"ကိုယ်တို့ဘက်က သူ့သမီးကို ကယ်တင်ပေးမယ်ဆိုရင် သူက ကိုယ်တို့အတွက် ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်ပေးမယ်လို့ ချင်ထျဲက ပြောလိုက်တယ်"
"ရွှေရှန့်၊ ဒါတွေအားလုံးက အရမ်းကို အဆင်သင့်လွန်းနေတာ မဟုတ်ဘူးလား?"
စူးချင်းက ပုံတူထဲမှ ကောင်မလေးကို စိုက်ကြည့်နေခဲ့သည်။ သူမ၏ တခြားကမ္ဘာမှ နတ်သမီးလေးကဲ့သို့ စွဲမက်ဖွယ်ဖြစ်နေသော်လည်း သူမနှင့်ပတ်သက်သည့် တစ်စုံတစ်ခုက စူးချင်းကို စိတ်မသက်မသာ ဖြစ်စေသည်။ သူမထံမှ မကောင်းသော အငွေ့အသက်တစ်ခုခု ထွက်နေသလို စူးချင်း ခံစားနေရသည်။
အခု သူမတို့က မြောင်ကျားတောင်ကို ဦးတည်နေတာဆိုတော့ အားလုံးကို သတိထားရတော့မယ်။ ဘာအရာမဆို ထောင်ချောက်ဖြစ်နေနိုင်တယ်။
"အင်း၊ ကိုယ် ခုနက ဒီပုံတူကို ဟိုအဘွားကြီးကို သွားပြခဲ့သေးတယ်..."
ရှောင်းကျဲယွိက သူနှင့် စူးချင်းသာ ကြားနိုင်လောက်သည့် အသံတိုးတိုးဖြင့် ပြောဆိုနေခဲ့ပြီး တစ္ဆေမယ်တော်ကြီး၏ စိတ်အနှောင့်အယှက်ဖြစ်စေသော အပြုံးနှင့် အမူအရာများ အပါအဝင် သူ တစ္ဆေမယ်တော်ကြီးနှင့်တွေ့ဆုံပြီး ပြောခဲ့သမျှကို ပြန်ပြောပြလိုက်သည်။
ထိုစကားများကို ကြားလိုက်ရချိန်တွင် စူးချင်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ထိုမျက်ဝန်းများထဲမှ အေးစက်မှုက နက်ရှိုင်းလာလေသည်။
“သူတို့က နတ်ဘုရားလား သရဲတစ္ဆေလားဆိုတာ မကြာခင် သိလာတော့မှာပါ”
ညက တိတ်ဆိတ်စွာ ကုန်ဆုံးသွားပြီး နောက်တစ်နေ့နံနက်စောစောတွင် စူးချင်းနှင့် ရှောင်းကျဲယွိတို့က ယွင်ချန်သို့ ခရီးဆက်ရန် အသင့်ပြင်ထားပြီး ဖြစ်သည်။
ရှောင်းကျဲယွိက ဘေးခန်းမှ ချင်ထျဲကို သွားခေါ်လိုက်ပြီး သူ တံခါး ခေါက်လိုက်သည်နှင့် တံခါးက ချက်ချင်း ပွင့်လာခဲ့သည်။ ချင်ထျဲက ထုတ်ပိုးထားပြီး ဖြစ်ကာ သူ့ကို စောင့်မျှော်နေပုံရသည်။ ရှောင်းကျဲယွိကို တွေ့လိုက်သည်နှင့် သူက မြန်မြန်ထွက်ခွာရန် အလျင်စလို တိုက်တွန်းလိုက်သည်။