အခန်း (၄၁၈-၄၂၀)
Vol. 28 Ch. 418-420
အခန်း(၄၁၈) မရဏကမ္ဘာဘုရင် ငါ မင်းဆီက လူတစ်ယောက်တောင်းဖို့ ဒီမှာ စောင့်နေမယ်
လူဆိတ်ညံသော ရင်ပြင်ပေါ်၌ ရပ်ကာ တစ်ချိန်က ခမ်းနားထည်ဝါသော အဆောက်အအုံများ အပျက်အဆီးများဖြစ်သွားသည်ကိုကြည့်နေသည်။
အမှောင်ကောင်စီမှ လူတိုင်း အံ့ဩသွားကြသည်။
အချိန်အတော်ကြာပြီးနောက် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ခါရာဆက်သည် အားပျော့သောအသံဖြင့် ညည်းညူလိုက်၏။
“ဒီကောင်ကို သဘောကျတယ် မဟုတ်ဘူး၊ ငါ သူ့ကို တကယ်ချစ်သွားပြီ။ သူက ငါ့ဘဝတစ်လျှောက်လုံး လုပ်ချင်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့တဲ့အရာကို လုပ်နိုင်ခဲ့တာပဲ”
ကြည့်နေသော လူအုပ်ကြီးသာ ကြောက်လန့်တကြား တုန်လှုပ်သွားကြသည်။ အထူးသဖြင့် ရွှယ်အန်းအကြောင်း မကောင်းပြောခဲ့သူများက အလွန်ကြောက်လန့်ခြောက်ခြားနေကြ၏။ သို့သော် ရွှယ်အန်းက ဤလူများကို ဂရုမစိုက်ဘဲ အားလုံးပြီးသွားသည်နှင့်ချက်ချင်းလှည့်၍ ဖန်းမင်ရွှယ်ဆီသို့ လျှောက်သွားသည်။ ထိုအချိန်တွင် ဖန်းမင်ရွှယ်၏ မျက်နှာက ရှုပ်ထွေးမှုများနှင့်ပြည့်နေကာ တားမြစ်ကျိန်စာကို တွန်းလှန်၍ သူမ၏ ခန္ဓာကိုယ်ကို အလွန်အကျွံသုံးပစ်ခဲ့ခြင်းကြောင့် မျက်နှာတစ်ခုလုံးက ဖျော့တော့နေသည်။
ရွှယ်အန်း၏ မျက်လုံးများတွင် နာကျင်သောအကြည့်တစ်ခု ပေါ်လာသည်။
သူမ လုပ်ခဲ့သောအရာက လုံးဝ အဓိပ္ပါယ်မဲ့သည့်အပြင် သူမကိုယ်တိုင်ကိုပင် အန္တရာယ်ထဲသို့ ရောက်စေခဲ့သည်။
သို့သော် အကုန်လုံးကို လုပ်ခဲ့ခြင်းမှာ.. သူ့အတွက်ကြောင့်သာဖြစ်သည်။
“ဘယ်လောက်တောင် ရူးတဲ့ကောင်မလေးလဲကွာ” ရွှယ်အန်းက ဖန်းမင်ရွှယ်၏ ဆံနွယ်များကို နူးညံ့စွာ သပ်ပေးလျက် ပြောလိုက်သည်။
ဖန်းမင်ရွှယ်ကမူ ကြောင်လေးတစ်ကောင်ကဲ့သို့ ခေါင်းကို ငုံ့ထား၏။ သူမ၏ ဝဲကျနေသည့် ဆံနွယ်များတွင် နောက်၌ ဖုံးကွယ်ထားသည်မှာ မျက်ရည်များစိုရွှဲနေသည့် မျက်ဝန်းတစ်စုံသာဖြစ်သည်။
အန်းယန်သည်လည်း လျှောက်လာကာ ဤမြင်ကွင်းကိုကြည့်၍ အနည်းငယ်ပြုံးလိုက်ပြီးနောက် ဖန်းမင်ရွှယ်၏ လက်ကို ကိုင်လိုက်သည်။
“ရှင် သူများ ဆံပင်တွေလျှောက်ဖွတဲ့အကျင့်ကို ဘယ်တော့ပြင်မှာလဲ”
ရွှယ်အန်းက ရှက်ရွံ့သောအပြုံးပြုံးကာ သူ့နှာခေါင်းသူကိုင်လိုက်သည်။
“သူများဆံပင်ကို ကိုင်တာ အကျင့်ဆိုးလား”
အန်းယန်က ခေါင်းညိတ်လိုက်၏။
“ဒါပေါ့။ မိန်းကလေးတွေက သူတို့ ပြီးပြည့်စုံတဲ့ ဆံပင်ပုံစံရဖို့ ဘယ်လောက်တောင် အားထုတ်ထားလဲဆိုတာ မသိဘူးလား”
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
“မသိဘူးလေ”
“လာပါ ဟိုနားသွားရအောင်” အန်းယန်က ဖန်းမင်ရွှယ်ကို ဆွဲ၍ ပြောသည်။
၎င်းတို့ထွက်သွားသောအခါမှ သူ့အကြည့်ကို အန်နာစတေးရှားတို့ဘက်သို့လှည့်လိုက်၏။
“သူ့ကို အမှောင်လမ်းကြောင်းရောက်အောင် ဘယ်သူလုပ်တာလဲ” ရွှယ်အန်းက အေးစက်နေသော အသံဖြင့် မေး၏။
ဤစကားကို ကြားသောအခါ အန်နာစတေးရှားက ခါးသက်စွာပြုံးလိုက်သည်။
“မစ္စတာရွှယ် ဘယ်သူမှ သူ့ကို ဖိအားမပေးပါဘူးရှင် သူ စိတ်လိုလက်ရလုပ်တာပါ”
“စိတ်လိုလက်ရဟုတ်လား။ သူ့အမှောင်ပါရမီကို မင်းမျက်စိကျတာမဟုတ်ဘူးလား” ရွှယ်အန်းက ဘာသိဘာသာ မှတ်ချက်ချလိုက်၏။
သူ့စကားတွင် အငြှိုးအတေးမရှိသော်လည်း မကြာသေးမီက နတ်ဆိုးသတ်ဖြတ်ခြင်းကြောင့် အန်နာစတေးရှားက တုန်လှုပ်သွားသည်။
သူမ ခေါင်းညိတ်လိုက်သောအခါ ရွှယ်အန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။
မင်ယန်က အန်နာစတေးရှား၏ရှေ့သို့ အလျင်အမြန် လျှောက်လာကာ
"မစ္စတာ ရွှယ်၊ ကျွန်မတို့ အန္တရာယ်မပေးချင်ပါဘူး။…ရှင် …"
"ဘေးဖယ်နေ” ရွှယ်အန်းက စိတ်မရှည်စွာ အမိန့်ပေးလိုက်သည်။
သူ၏ ပျော့ပျောင်းသော အမိန့်ပေးချက်အရ ကြီးမားသော မင်ယန်၏ ခန္ဓာကိုယ်က ဘေးသို့ တိုက်ရိုက် လွင့်သွားသည်။ အန်နာစတေးရှား၏ မျက်နှာက ဖြူဖျော့လျက် ခန္ဓာကိုယ်သည်လည်း အနည်းငယ်တုန်ယင်နေသည်။ သို့သော် ရွှယ်အန်းက သူမဘေးမှ ဖြတ်လျှောက်လျက် ပေါ့ပါးစွာပြောလိုက်သည်။
‘မင်းတို့အားလုံးက ကိုယ့်အသက်ကိုယ်ထည့်မတွက်ဘဲ သူ့ကို ကယ်ဖို့ လာခဲ့ကြတာဆိုတော့ ငါ ဒီကိစ္စကို ဒီတိုင်းထားလိုက်မယ်”
ဤစကားကိုကြားသောအခါမှသာ အမှောင်ကောင်စီမှ လူတိုင်းက လေးလံစွာဖြင့် သက်ပြင်းချလိုက်နိုင်ကြတော့သည်။
ရွှယ်အန်းသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ခါရာဆက်ထံသို့ ချဉ်းကပ်သွား၍ သူ့နှုတ်ခမ်းပေါ်တွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။
"မှော်နတ်ဆရာ"
ခါရာဆက်က ရယ်မောလိုက်သည်။
"မှန်ပါတယ်။ ရိုးရိုးသားသားပြောရရင် မင်းလုပ်လိုက်တဲ့အရာက အရမ်းမိုက်တယ်။ ငါ ခါရာဆက်က လူတွေကို အထင်ကြီးတာ ရှားပါတယ်၊ ဒါပေမယ့် မင်းကတော့ ခြွင်းချက်ပါပဲ"
ရွှယ်အန်းက ပြုံး၍ ထိုင်ချလိုက်ပြီးနောက် အားပျော့နေသော ခါရာဆက်ကိုကြည့်လိုက်သည်။
"ခင်ဗျား လွန်ခဲ့တဲ့ အနှစ်တစ်ထောင်က မရဏကမ္ဘာဘုရင်ရဲ့ ရင်ခွင်ကို ပြန်သွားသင့်ပုံရတယ်။ ခင်ဗျား စိတ်ဝိညာဥ်ကို အဆုံးမဲ့ညှင်းဆဲခံပြီး ဒီလိုနေရတာ တန်ရဲ့လား”
ရွှယ်အန်း၏စကားကိုကြားသောအခါ ခါရာဆက်အံ့ဩသွားသည်။
ရွှယ်အန်းက သူ့ကို တိတ်တဆိတ် ကြည့်နေသည်။ ခဏအကြာတွင် ခါရာဆက်က မည်သည့်နေရာကမှန်းမသိ ဆေးပြင်းလိပ်တစ်လိပ်ကို ဆွဲထုတ်ကာ “မင်းဘယ်လိုသိတာလဲ”ဟု မချိမဆန့်ပြောလိုက်သည်။
ရွှယ်အန်းက ပခုံးတွန့်လိုက်၏။
“ဒီကမ္ဘာမှာ ကျုပ်မသိတဲ့ကိစ္စ နည်းနည်းပဲရှိတယ်”
"မှန်ပါတယ်၊ ငါသေတာကြာပြီ" ခါရာဆက်က ဘာသိဘာသာပြော၏။
ဤသည်ကိုကြားသောအခါ အန်နာစတေးရှား၊ မင်ယန်နှင့် အခြားသူများအားလုံး အံ့သြကုန်ကြသည်။ ခဏအကြာတွင် အန်နာစတေးရှားက အတင်းအကြပ်ပြုံး၍ ပြော၏။
“ဒါပေါ့ ရှင်သေပြီးပြီလေ။ သက်ရှိသေးတဲ့ မှော်နတ်ဆရာတွေရှိသေးလား”
သို့သော် ခါရာဆက်က ခေါင်းခါလိုက်ပြီးနောက် အန်နာစတေးရှားကို လှည့်ကြည့်လိုက်သည်။
“ငါဆိုလိုတာက လုံးဝပျောက်ကွယ်သွားပြီ။ တကယ်ပဲ အလယ်ခေတ်တုန်းက ငါ့ကို အယူမှားတွေကိုအရေးယူတဲ့ ခုံရုံးက ဖမ်းတာခံလိုက်ရတာ”
“အင်း ဒါပေမယ့် ရှင့်ဆရာက ကယ်ခဲ့တယ်လို့ မပြောခဲ့ဘူးလား။ ရှင့်ဆရာက အဲ့တာကြောင့် သေသွားတယ်လို့ ပြောခဲ့တာလေ” အန်နာစတေးရှားက ပြောသည်။
ခါရာဆက်က ခြောက်ကပ်စွာ ရယ်လိုက်၏။
“ငါ့ဂိုဏ်း…. ငါ့ဂိုဏ်းက အဲ့တုန်းက ယဇ်ပူဇော်ခံလိုက်ရပြီးပြီ။ ဂိုဏ်းဆိုတဲ့အရာမရှိတော့ဘူး”
“ဒါဆို ဘယ်လို…”
ခါရာဆက်က သူ၏ ဆေးပြင်းလိပ်ကြီးကို တစ်ချက်ရှိုက်လိုက်ရာ အရိုးစုထဲမှ အခိုးအငွေ့များ ထွက်လာ၏။
“အဲ့တုန်းက ငါက သေတဲ့အထိ ညှဥ်းပန်းနှိပ်စက်ခံခဲ့ရပြီးပေမယ့် မသေခင်မှာ ငါကိုးကွယ်ခဲ့တဲ့ အဓိကနတ်ဘုရားနဲ့ အပေးအယူတစ်ခုလုပ်ခဲ့တယ်”
"အပေးအယူတစ်ခု၊ ဘယ်လိုမျိုးဟာလဲ”
"ငါ့ကို အသက်ပြန်သွင်းပေးဖို့”
"အဲဒါ မကောင်းဘူးလား" မင်ယန်က မှတ်ချက်ချသည်။
“မသေနိုင်တဲ့ နတ်ဘုရားက အလင်းဘုရားသခင်ထက် စွမ်းအားမနည်းဘူး။ သူ့မှာ တကယ်ပဲ သူ့ကို ပြန်လည်ရှင်သန်စေပြီး ထာဝရအသက်ကို ပေးနိုင်တဲ့ စွမ်းအားရှိပေမယ့် အဲ့နတ်ဘုရားတွေက အမြဲတိကျတယ်။ တစ်ခုခုရဖို့ဆို တူညီတဲ့ ဒါမှမဟုတ် ပိုကြီးတဲ့ တန်ကြေးကို ပေးရလိမ့်မယ်။ မှန်လား” ရွှယ်အန်းက ပြတ်သားစွာပြောလိုက်သည်။
ခါရာဆက်သည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ခေါင်းညိတ်လိုက်သည်။ အန်နာစတေးရှားက တုန်လှုပ်သွားကာ အသားအရည်သည်လည်း ပို၍ ပို၍ ဖျော့တော့လာသ်ည။
“ဒါဆို ရှင်ပေးရတဲ့ တန်ကြေးက ဘာလဲ”
“ဝိညာဥ်ကို ထာဝရနှိပ်စက်ခြင်း” ခါရာဆက်က ပြောပြီးနောက် ပို၍ သက်တောင့်သက်သာဖြစ်သော အသံဖြင့် ဆက်ပြောသည်။
“တကယ်တော့ ငါ အဲ့တာကို အသားကျနေပါပြီ”
အန်နာစတေးရှား၏ ပါးပြင်ထက်၌ မျက်ရည်များစီးကျနေ၏။
ဝိဉာဥ်ကို ထာဝရနှိပ်စက်ခြင်း။၊ သာမန်လူများနားမလည်နိုင်သော နာကျင်မှုဟူသည့်စကားလုံးများ၏နောက်ကွယ်တွင် မည်မျှမထင်မှတ်နိုင်သောနာကျင်မှုများရှိနေသည်။ သို့သော် မှော်နက်ပညာကျွမ်းကျင်သူတစ်ဦးဖြစ်သည့် သူမသည် ထိုသို့ ဝိဉာဥ်ကို ရည်ရွယ်သည့် ပြစ်ဒဏ်များက အရက်စက်ဆုံးဖြစ်ကြောင်း ကောင်းစွာနားလည်ထား၏။
ထို့အပြင် ဤသည်က ပင်မ နတ်ဘုရားဆီမှလာသည့် အပြစ်ဒဏ်ပင်ဖြစ်သည်။
“ရှင်ဘာလို့ မိုက်မဲရတာလဲ...ဘာလို့မပြောတာလဲ" ခါရာဆက်၏ ဦးခေါင်းခွံကို ညင်သာစွာ ရိုက်ခတ်ကာ အန်နာစတေးရှားက ရှိုက်ကြီးတငင်ငို၍ ပြောလိုက်သည်။
ခါရာဆက်၏ မျက်လုံးများမှ အလင်းရောင်က တဖြည်းဖြည်း မှိန်ဖျော့လာ၏။
"ငါ...အရမ်းပင်ပန်းနေပြီ" ခါရာဆက်က ဖြည်းညှင်းစွာပြောလိုက်ရာ သူ့အသံထဲတွင် စိတ်သက်သာရာရမှုများပြည့်နေသည်။
အန်နာစတေးရှား၏ မျက်လုံးမှ မျက်ရည်များက မိုးရေကဲ့သို့ စီးကျလာသည်။
“ထွက်မသွားပါနဲ့ ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့ ကျွန်မ ရှင့်ကို ချစ်တယ်။ ကျွန်မကို မထားခဲ့ပါနဲ့”
အန်နာစတေးရှားသည် ထောင်စုနှစ်တစ်ခုအတွင်း ခါရာဆက်နှင့်အတူနေထိုင်ရခြင်းကို ကျင့်သားရလာခဲ့၍ သူ့ကို ချစ်မိနေသည်မှာ အချိန်တစ်ခုကြာခဲ့ပြီဖြစ်သည်။ သူမ၏ မွေးရာပါ မာနကသာ ယင်းကို မပြသရန် ယခုအချိန်ထိ တားဆီးထားခြင်းဖြစ်သည်။
ယခုမူ သူမက နောင်တတရားများနှင့် ပြည့်နေ၏။
ခါရာဆက်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု တောက်ပလာ၏။
"တက်စီယာ၊ ငါလည်း မင်းကို ချစ်တယ်၊ ဒါပေမယ့် အခု ပြန်လှည့်လို့မရတော့ဘူး”
အလင်းသားတော်၏ ထိုးနှက်ချက်ကြောင့် သူ၏ စိတ်ဝိညာဥ်စာချုပ်က ပြိုပျက်ခဲ့ရကာ သူသည် ဤကမ္ဘာတွင် ဆက်လက်၍ နေနိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် မရဏကမ္ဘာသို့ပြန်၍ အဆုံးမဲ့နှိပ်စက်ခြင်းကို ခံယူရမည်ဖြစ်သည်။
ရွှယ်အန်းက ဤမြင်ကွင်းကို ဘေးတွင် တိတ်ဆိတ်စွာ ရပ်ကြည့်နေပြီးနောက် သက်ပြင်းတစ်ချက်ချကာ ကြမ်းပြင်သို့ ခြေဆောင့်လိုက်သည်။
တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ရွှယ်အန်း၏ စကားသံက ပဲ့တင်ထပ်လာသည်။
“မရဏကမ္ဘာဘုရင် ငါ မင်းဆီက လူတစ်ယောက်တောင်းဖို့ ဒီမှာစောင့်နေမယ်”
အခန်း(၄၁၉) အပေးအယူလုပ်မလား မလုပ်ဘူးလား
အလွန်ကျယ်လောင်သော လှုပ်ခါမှုကြီးဖြစ်သွားပြီးနောက် ဧရာမကြီးမားလှသော သေခြင်းတရားရောင်ဝါက တဖြည်းဖြည်း မြင့်တက်လာသည်။
‘မရဏကမ္ဘာရဲ့ သခင် ဆော့အန်”
မြေအောက်ကမ္ဘာဒါဇင်ကျော်ခန့်ကို အုပ်ချုပ်နေသည့် အဆင့်မြင့်နတ်ဝိညာဥ်
မှန်သည်။ ဤသည်က သူ၏ စစ်မှန်သော ပုံစံမဟုတ်ပေ။ ကိုယ်စားပုံရိပ်တစ်ခုမျှသာဖြစ်သည်။
သူ မည်သည့်အတွက်ကြောင့် လျင်မြန်စွာရောက်လာသနည်းဟူသည်နှင့် ပတ်သက်၍မူ…
ဆော့အန်သည် စိတ်ဝိဉာဥ်စာချုပ်၌ တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားသိရှိကာ ခါရာဆက်၏ ဝိညာဥ်ကို နှုတ်ယူရန် ဆင်းသက်လာခြင်းကြောင့်ပင်ဖြစ်သည်။ ရွှယ်အန်းက သူ၏ ရောင်ဝါကို သတိပြုမိသောကြောင့် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့ကို လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။
"မင်းကဘယ်သူလဲ၊ ငါ့ကိုဘာလို့ခေါ်တာလဲ" ဆော့အန်၏ကိုယ်ပွားက အလွန်ဂုဏ်သိက္ခာကြီးမားသောအမူအရာဖြင့် ပြောလိုက်သည်။
ထိုနတ်ရောင်ဝါက လူအများ၏ မျက်နှာကို ဖြူဖျော့သွားစေနိုင်သည်ဖြစ်ရာ အထူးသဖြင့် အမှောင်မှော်ပညာကို လေ့ကျင့်သော အန်နာစတေးရှားသည် ဤမြင့်မြတ်သောအဆင့်မြင့် ဝိညာဥ်ကို သဘာဝအတိုင်း လေးနက် ကြည်ညိုနေမိသည်။ သို့ထိတိုင် ရွှယ်အန်းက ြမ်းပြင်ပေါ်တွင်လဲနေသော ခါရာဆက်ကို လက်ညှိုးထိုးပြကာ ဘာသိဘာသာ ပြောလိုက်သည်။
“ဒါ မင်း တပည့်လား”
“သူက ငါ့တပည့်”
“ကောင်းတယ်။ ငါ အခု သူ့ကို ကာကွယ်ပေးလိုက်ပြီ။ ဝိဉာဥ်စာချုပ်ကို လွှဲပေးပြီးရင် သူ့ ဝိဉာဥ်ညှင်းဆဲမှုတွေအကုန် ဖယ်လိုက်” ရွှယ်အန်းက ဘာသိဘာသာပြော၏။
ဆော့အန်က ခတ္တတုံ့ဆိုင်းသွားပြီးနောက် မျက်နှာထက်၌ လှောင်ရိပ်နှင့် အထင်သေးမှုတို့ ပေါ်လာသည်။
“သေမျိုး မင်း အခု ဘယ်သူနဲ့ စကားပြောနေလဲဆိုတာရော သိရဲ့လား။ မင်း ဘာလို့ ဒီလောက် စိတ်ကြီးဝင်ပြီး မယဥ်မကျေးနေရဲတာလဲ”
ဤသို့ပြောလျက် အဆုံးမဲ့သော နတ်ရောင်ဝါများ ရှေ့သို့ ထွက်ပေါ်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေက အရောင်ပြောင်းလုပြောင်းခင်ဖြစ်လာသည်။
ခါရာဆက်က သူ၏ အရိုးစုများက ပြိုကွဲသွားတော့မည့်အလား ထိန်းချုပ်မရနိုင်လောက်အောင် တုန်ယင်လျက်ရှိသည်။
အထူးသဖြင့် အန်နာစတေးရှား၊ မင်ယန်နှင့် အခြားသူများက ရှေ့သို့တိုး၍ သူ့ခန္ဓာကိုယ်ကို ၎င်းတို့၏ ကိုယ်များဖြင့် ကာကွယ်ပေးလိုက်ကြသည်။
“မင်းတို့အားလုံး…” ခါရာဆက်က နူးညံ့စွာပြော၏။
မင်ယန်က နောက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။
“နင်တို့နှစ်ယောက်အခုမှ အတူတူဝန်ခံလိုက်ကြတာ ဘယ်လိုလုပ် ဒါကို အမြန်အဆုံးသတ်ခိုင်းရမှာလဲ”
သို့သော် ရွှယ်အန်းက စိတ်မရှည်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
“ဆိုတော့ မင်းက ငြင်းတယ်လို့ ပြောနေတာပေါ့”
“ဒါပေါ့… ငါ မလွှဲပြောင်း…”
သူ၏ စကားအဆုံးမသတ်ခင်၌ ရွှယ်အန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဆော့အန်ဆီသို့ ချီတက်သွားးသည်။
ဆော့အန်၏ ကိုယ်ပွားက မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် အရပ်မြင့်သောကြောင့် ရွှယ်အန်းက သူ့ရှေ့၌ ရပ်လိုက်သောအခါ သူသည် ခြေကျင်းဝတ်အထက်မျှသာရှိ၏။
ဆော့အန်က ဤကိုယ်ကျိုးကို အလေးထားသော ပုရွက်ဆိတ်က မည်သို့လုပ်မည်ကို ရည်ရွယ်ထားကြောင်း သိချင်စိတ်ဖြင့် အထင်သေးစွာကြည့်၍ ပြောလိုက်သည်။ သို့သော် ထိုအချိန်တွင် ရွှယ်အန်း၏ သူ၏ ခြေကျင်းဝတ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်၍ လွှဲယမ်းလိုက်သည်။
ဘမ်း ဘမ်း ဘမ်း
ရွှယ်အန်းက ဆော့အန်ကို မီးငြှိမ်းသက်သော အဝတ်တစ်ခုကဲ့သို့ ကိုင်ပေါက်ရာ ရင်ပြင်တစ်ခုလုံးကွဲကြေသောအခါတွင်မှသာ ရပ်တန့်လိုက်သည်။
“ငါမင်းနဲ့ စကားပြောဖို့ အချိန်မရှိဘူး။ အခု ပြော မင်းငါ့ကို လွှဲပေးမလား မလွှဲပေးဘူးလား”
ဆော့အန်သည် ရိုက်နှက်မှုကြောင့် အလွန်အမင်း အံ့သြခဲ့ရသည်။ သူသည် အမြင့်မြတ်ဆုံး မရဏကမ္ဘာဘုရင်ဖြစ်သည်။
ဤသေမျိုးက ခြေကျင်းဝတ်ကို ကိုင်၍ ပေါ့ပါးစွာ ရိုက်နှက်နေသည်ဖြစ်ရာ အပြောင်းအလဲက ကြီးမားလွန်းလှသဖြင့် သူ လက်ခံနိုင်ရန် အလွန်ကြီးမားလွန်းလှသည်။ ထို့ကြောင့် သူ စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ပေ။
ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
“အတော်လေး ခေါင်းမာတာပဲ။ ဒါဆို ဆက်ကြရအောင်”
ဤသို့ပြော၍ ရွှယ်အန်းက ဆော့အန်၏ ခြေကျင်းဝတ်ကိုဆွဲကိုင်ကာ အခြားပျက်ဆီးနေသော အဆောက်အဦးသို့ ရိုက်ချလိုက်သည်။
"အခု လွှဲပေးမှာလား မပေးဘူးလား"
“…”
"အာ့၊ မင်းမှာ တော်တော် အရိုးမာတာပဲ။ ငါတို့ ဆက်ကြမယ်”
ရွှယ်အန်းသည် မညီမညာဖြစ်နေသော အရာမှန်သမျှကို ညှိပေးသည့် ဧရာမသံတူကြီးကဲ့သို့ ဆော့အန်ကို အသုံးပြုကာ ရိုက်ချလိုက်သည်။
ထိုအချိန်တွင် အန်နာစတေးရှား၏တုန်လှုပ်နေသောအသံထွက်ပေါ်လာသည်။
"သခင်၊ နောက်ထပ်မရိုက်ပါနဲ့တော့ အရှင် ဒီတိုင်းဆက်ရိုက်နေရင် သူတကယ်ပဲ အရိုက်ခံရပြီး သေလိမ့်မယ်”
ရွှယ်အန်းက နောက်ဆုံးတွင် သူ့လက်ကို အားလျှော့လိုက်ရာ အဆင့်မြင့်နတ်ဝိညာဥ်က အမှန်ပင် သတိလစ်မြောသွားသည်ကို သိလိုက်ရသည်။
“မေးခွန်းတွေမေးနေတာကို ပြန်မဖြေတာ အံ့သြစရာတော့မဟုတ်ဘူးပဲ” ရွှယ်အန်းက လွှတ်၍ ဆော့အန်ထံသို့ ချဥ်းကပ်သွားသည်။
“မင်းကို အသက်သုံးကြိမ်ရှုဖို့ အချိန်ပေးမယ်။ တကယ်လို့ မင်း အဲ့ကျမှ မနိုးဘူးဆိုရင် ငါမင်းကို သန့်စင်လိုက်မယ်” ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
သူ့စကားမဆုံးခင် ဆော့အန်က ကြောက်လန့်တကြားအော်လိုက်၏။
“သခင်… မလုပ်ပါနဲ့”
“ဒါဆို မင်းက လွှဲပေးမှာလား”
ဆော့အန်၏ မျက်နှာထက်၌ ခပ်ပါးပါး အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“သခင် ကျွန်တော်မျိုးအခုချက်ချင်း လွှဲပေးပါမယ်”
ဤသို့ပြောလျက် ဝိဉာဥ်စာချုပ်က လေထုထဲသို့ ပျံသန်းသွားကာ ခါရာဆက်၏ နှဖူးထဲသို့ တိုးဝင်သွားသည်။
ခါရာဆက်သည် သူအမြဲတစေ ခံစားနေရသည့် နှိပ်စက်ညှင်းပန်းမှု ပျောက်ကွယ်သွားသောကြောင့် မကြုံစဖူးသော သက်သာရာရမှုကို ခံစားခဲ့ရသည်။ ကြီးမားသော ပျော်ရွှင်မှု ခံစားမှုက သူ့ကို ချက်ခြင်း မူးမေ့လဲသွားစေသည်။
ထို့နောက် ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“စောစောက လုပ်လိုက်ရင် မင်း အရိုက်မခံရတော့ဘူးမလား”
“ဟုတ်ပါတယ် ဟုတ်ပါတယ် အရှင်မှန်ပါတယ်” ဆော့အန်က အလျင်စလို တုံ့ပြန်၍ ဦးညွတ်လိုက်သည်။ အမှောင်ကောင်စီမှလူတိုင်းက ဤမြင်ကွင်းကို အံ့အားသင့်စွာဖြင့် တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
အထူးသဖြင့် မရဏကမ္ဘာသခင်၏ တပည့်တစ်ယောက်အနေဖြင့် မရဏကမ္ဘာဘုရားသခင် ဆော့အန်သည် အမြဲတစေ အနန္တတန်ခိုးရှင်တစ်ဦးဖြစ်သည်။ သို့သော် ရွှယ်အန်းရှေ့တွင်မူ အပြုံးအပြည့်ဖြင့် ဦးညွတ်ကာ ခေါင်းညိတ်နေရ၏။
"သခင်လေး ကျွန်တော် အခုပြန်လို့ရပြီလား” ဆော့အန်က အရိပ်အခြေကြည့်၍ မေးလိုက်သည်။
ထိုအချိန်တွင် သူ၏ နှလုံးသားက နောင်တနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။ ရိုက်နှက်သည့် တုတ်တစ်ချောင်းအဖြစ်မှတပါး မည်သည့်အရာအဖြစ်မှ အသုံးပြုမခံခဲ့ရစဥ်က တွန်းလှန်ရန် ကြိုးစားခဲ့သော်လည်း သူ၏ မည်သည့် စွမ်းအင်ကမျှ ရွှယ်အန်းအပေါ် သက်ရောက်မှုမရှိခဲ့ပေ။
‘ဒီလူက သာမန်မဟုတ်တာတော့ သေချာတယ်’
ထို့ကြောင့် သူက အလွန်လျင်မြန်စွာ မျက်နှာချိုသွေးလိုက်ခြင်းဖြစ်သည်။
“မင်းထွက်သွားနိုင်ပေမယ့် နောက်ကိစ္စတစ်ခုရှိသေးတယ်” ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်၏။
ဆော့အန်၏ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
“ဒီမှာ ငါ့ မိတ်ဆွေ ဘယ်လောက် အားနည်းနေလဲဆိုတာ မင်းမြင်သားပဲ။ သူက သူ့အသွေးအသား အကုန်လုံးကို မင်းကို ပေးခဲ့ပြီးပြီ။ မင်း ဒီကိစ္စကို တာဝန်ယူသင့်တယ်။ သူက မင်းတပည့်ပဲလေ။ တကယ်သို့ သူ ဒီတိုင်း ထွက်သွားရင် မင်းကို အထင်သေးကြမှာမဟုတ်ဘူးလား”
“ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော် တာဝန်ယူပါ့မယ်” ဆော့အန်က အလျင်စလိုပြောပြီးနောက် ခေတ္တရပ်လိုက်သည်။
“သခင် ကျွန်တော် ဘာလုပ်ပေးရမလဲ”
"ငါ မင်းကို ခက်ခဲအောင် မလုပ်ပါဘူး။ မင်းက နောက်ဆုံးတော့လည်း ကိုယ်ပွားတစ်ခုပဲလေ။ ဘယ်လိုလဲ။ မင်းရဲ့ မှော်နက်စွမ်းအားတစ်ဝက်ကို သူနဲ့အတူ ထားခဲ့လိုက်။ ပြီးရင် ငါမင်းကို လွှတ်ပေးမယ်လေ”
“တစ်ဝက် … ကျွန်တော့် မှော်နက်စွမ်းအားတစ်ဝက်ဟုတ်လား”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“အင်းး”
“သခင်… ဒါက…”
“ဘာလဲ အရမ်းနည်းနေလို့လား။ ဒါဆိုသုံးပုံပုံရင်ရော။ မင်းတစ်ပုံ သူနှစ်ပုံ”
ဆော့အန်က တစ်စုံတစ်ခုကို ပြောချင်နေသေးသည်။
ရွှယ်အန်းက မျက်ခုံးပင့်၍ အေးစက်စွာ ပြောလိုက်သည်။
“နောက်တစ်မျိုးပြောရရင် ငါ မင်းကို အခုချက်ချင်း သန့်စင်ပြီး မင်းရဲ့ မှော်နက်စွမ်းအင်တွေအကုန်လုံးကို သူ့ကို ပေးလိုက်မယ်”
ဆော့အန်၏ တစ်ကိုယ်လုံးက တုန်ယင်နေလျက် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ ကောင်းပါပြီ။ ကျွန်တော် အခု ပေးလိုက်ပါ့မယ်”
ဤသို့ပြောနေစဥ် သူက သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်ကို သုံးပုံပုံလျက် နာကျင်စွာ ခွဲထုတ်လိုက်ကာ ခါရာဆက်၏ အရိုးစုထဲသို့ တိုးဝင်သွားစေသည်။
ဘမ်း
ခါရာဆက်က မိမိ ဝိဉာဥ်ထဲသို့ အလွန် ပြင်းထန်သော စွမ်းအားများ တိုးဝင်လာသည်ကို ခံစားလိုက်ရပြီးနောက် သူ၏ ငြိမ်းလုနီးပါးဖြစ်နေသော ဝိညာဥ်မီးက စူးရှတောက်ပသော အလင်းအဖြစ်ပြောင်းလဲသွားသည်။ တစ်ချိန်တည်း၌ပင် သူ့ခန္ဓာကိုယ်ပေါ်မှ အသားများ လျင်မြန်စွာကြီးထွားလာသည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် သူသည် အသက်သုံးဆယ်ကျော် ပုံမှန်ကျသော မျက်နှာဖြင့် အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။
အခန်း(၄၂၀) အတိတ်က လက်ကျန်စွမ်းအား
ခါရာဆက်က မျက်လုံးများကို ဦးစွာ မှိတ်လိုက်ပြီးနောက် သူ၏ လက်မောင်းကို ငုံ့ကြည့်ကာ အံ့သြတကြီး ခေါင်းမော့လိုက်သည်။ သူ့ဘေးနားတွင် အန်နာစတေးရှားက နူးညံ့စွာကြည့်နေသည်။ ထို့နောက် နှစ်ယောက်သား စိတ်လှုပ်ရှားစွာဖြင့် ပွေ့ဖက်လိုက်ကြသည်။
ဤမြင်ကွင်းကိုမြင်သောအခါ အမှောင်ကောင်စီဝင်များ၏ မျက်နှာထက်၌ ကျေနပ်နေသော အဒေါ်များ၏ အပြုံးများကဲ့သို့ အပြုံးများ ထွက်ပေါ်လာ၏။
ရွှယ်အန်းကလည်း ခေါင်းညိတ်လိုက်သည်။
ခါရာဆက်၏ သဘောထားက သဘာဝအလျောက် ကောင်းမွန်နေသောကြောင့် သူ့ကို ကူညီပေးခဲ့ခြင်းပင်ဖြစ်သည်။ ထို့နောက် အင်အားနည်းသွားသော ဆော့အန်ကို ငုံ့ကြည့်လိုက်သည်။
“ကောင်းပြီ ဒီက ထွက်သွားတော့ မင်းကိုယ်ရဲ့ ပုံရိပ်ထုတ်ပြီး အနာဂတ်မှာ ဘာအကြောင်းမှမရှိဘဲ ဆင်းမလာနဲ့ နားလည်လား”
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ဆရာ ရှင်းပါတယ်… ဒါပေမယ့်…” ဆော့အန်က တုံ့ဆိုင်းနေသော အရိပ်အမြွက်မျိုးပြသည်။
ထိုအချိန်တွင် သူ၏ ပုံရိပ်က တဖြည်းဖြည်း သေးကွေးလာရာ နောက်ဆုံးတွင် သာမန်လူတစ်ယောက်၏ အရွယ်အစားသို့ ရောက်ရှိသွားသည်။
“အမ် ဒါပေမယ့် ဘာလဲ” ရွှယ်အန်း၏ မျက်ခုံးများက တဖြည်းဖြည်း မြင့်တက်လာသည်။
“သခင် ကျေးဇဓးပြုပြီး ကျွန်တော့် ပြန်ဆက်သွယ်လို့ရအောင် နာမည်လေးပြောပေးလို့ရမလား” ဆော့အန်က ယခု ငိုချပစ်ချင်နေသည့်အလား ဖြစ်နေသည်။
၎င်းက ပုံရိပ်ယောင်သာဖြစ်သော်လည်း ၎င်းတို့၏ ကိုယ်ပိုင်အသိဉာဏ်က အပြည့်အဝ ဖွံ့ဖြိုးနေပြီဖြစ်သည်။
၎င်းတို့သည် ကျင့်ကြံနိုင်စွမ်းပင်ရှိကြသည်။
ထို့ကြောင့် မှော်နက်စွမ်းအားလုံးကို သူကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုဖြင့် စုဆောင်းထားခြင်းဖြစ်သည်။
သူသာ ဤအတိုင်းပြန်သွားမည်ဆိုပါက ဒေါသကြီးသော အဓိကကိုယ်ထည်က သူ့ကို တိုက်ရိုက်ဖျက်ဆီးပစ်နိုင်ခြေများသည်။
ရွှယ်အန်းသည် ဤအရာများကို သဘာဝကျစွာသိသောကြောင့် ပြုံးသာပြုံးလိုက်သည်။
သူ့မျက်လုံးထဲမှ ရှေးကျ၍ သီးခြားဖြစ်သော်လည်း အလွန်ပြင်းထန်သည့် ရောင်ဝါတစ်ခု လင်းလာသည်။ ဤသည်ကို မြင်လိုက်ရသောအခါ ဆော့အန်၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ မျက်နှာသည်လည်း ချက်ချင်းဆိုသကဲ့သို့ပင် ဖြူဖျော့၍ ကြောက်လန့်တကြား ငိုယိုလိုက်သည်။
ရွှယ်အန်းက ခေါင်းကို အနည်းငယ်ခါ၍ တိတ်တိတ်ဆိတ်ဆိတ်နေရန် အချက်ပေးလိုက်၏။
ဆော့အန်က ပါးစပ်ကို အလျင်အမြန် ဖုံးကာ ရိုသေလေးစားစွာဖြင့် ဒူးထောက်ထိုင်လိုက်သည်။
"ဆရာ၊ အရှင့်ကို နှောက်ယှက်မိတာ ကြီးလေးတဲ့ ပြစ်မှုပါပဲ”
“လုံလောက်ပြီ ပြန်သွားတော့။ မင်းရဲ့ ပင်မခန္ဓာကိုယ်ကို ပြောလိုက်ပါ ငါ ဒီနေရာကို အခု ကာကွယ်ထားတယ်။ ဘာအကြံမှမထုတ်နဲ့။ မဟုတ်ရင်… ငါ မင်းကို သက်ညှာပေးမှာမဟုတ်ဘူး”
ဆော့အန်က အလွန် ကြောက်လွန်းလှသဖြင့် ဘောင်းဘီထဲဆီးသွားမိလုနီးပါးဖြစ်နေသည်။ တစ်ချိန်က စကြဝဠာကြီးကို တုန်လှုပ်ခြောက်ခြားစေခဲ့သော ဤနတ်သုတ်သင်သူသည် မည်သည့်အခါမျှ ပုံကြီးချဲ့ခြင်းမရှိကြောင်း သူကောင်းကောင်းသိသည်။
ထိုသူနှင့်နှိုင်းယှဥ်လျှင် မိမိကဲ့သို့ မရဏကမ္ဘာ၏ ဖြစ်တည်မှုလေးတစ်ခုသည် ထိုသူ့ထံမှ အကြည့်တစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
“ဟုတ်ကဲ့” ဆော့အန်က ရိုသေစွာပြောလိုက်သည်။
“ထွက်သွား” ရွှယ်အန်းက လက်ကိုဝှေ့ယမ်းလိုက်၏။
ဆော့အန်သည် ထပ်မံ၍လေးစားစွာဖြင့် ဦးညွတ်ပြီးနောက် နေရာမှပင် ချက်ချင်းပျောက်ကွယ်သွားသည်။ ထို့နောက် ရွှယ်အန်းက လူအုပ်ဘက်သို့ လှည့်၍ ပြုံးပြလိုက်၏။
“ကောင်းပြီ ကိစ္စပြီးပြီ”
ဤသည်မှာ အသက်မရှိသော နယ်မြေပင်ဖြစ်သည်။ နေရာတိုင်းတွင် အရိုးစုစစ်သည်များရှိနေ၍ အထက်ကောင်းကင်တွင် အရိုးနွးများက ထိပ်တိုက်တွေ့ကာ အချင်းချင်း စုတ်ဖြဲပစ်နေကြသည်။
ဤမြေပေါ်၌ မည်သည့်လူသားမျှ မရှိသောကြောင့် ဤမြေပေါ်တွင် လူမရှိပေ။ ရှိသမျှ အရာအားလုံးသည် အဆုံးမသတ်နိုင်သည့် အရိုးဖြူပင်လယ်ကြီးသာရှိသည်။ ဤနယ်မြေ၏ အလယ်တွင် အရိုးများဖြင့် စုပုံထားသည့် တောင်ကြီးတစ်လုံးရှိသည်။ ထိုတောင်က ပေတစ်သောင်းမြင့်ကာ ဤနယ်မြေ၏ အထွတ်အထိပ်ပင်ဖြစ်သည်။
အရိုးဖြူတောင်တန်းသည် မရေမတွက်နိုင်သော အရိုးများဖြင့် တည်ဆောက်ထားသော ပလ္လင်တစ်ခုဖြစ်သည်။
ဤအချိန်၌ ကမ္ဘာအရပ်ရပ်သို့ ပို့လွှတ်လိုက်သည့် ကိုယ်ပွားများအားလုံးအနက် သေမျိုးလောကသို့ပို့လိုက်သော တစ်ယောက်မှလွဲ၍ အားလုံးပြန်လာကြသည်။
ဆော့အန်၏ ပင်မကိုယ်ထည်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
မှော်နက်နယ်မြေအတွင်းတွင် သူသည်
ကမ္ဘာအရပ်ရပ်သို့ ပို့လွှတ်သော ရုပ်ပွားတော်များ အားလုံးသည် သက်ရှိလောကသို့ စေလွှတ်လိုက်သော တစ်ပါးမှ လွဲ၍ ပြန်လာကြသည်။
ဆော့အန်၏ အဓိကကိုယ်ထည်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
ဤမှော်နက်နယ်မြေတွင် သူက အချုပ်အခြာအာဏာပိုင်ဖြစ်သောကြောင့် သူ၏ မျက်မှောင်ကြုတ်ခြင်းက နတ်စွမ်းအင်များကို ဖြာထွက်လာစေကာ မရေမတွက်နိုင်လောက်အောင်များပြားလှသည့် အရိုးစုများကို ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
ထိုအချိန်တွင် အာကာသက ရွေ့လျားလာကာ ဆော့အန်၏ ကိုယ်ပွားက အလွန် အင်အားနည်းနေသော ရောင်ဝါဖြင့် ဆင်းသက်လာသည်။
“ဘာဖြစ်တာလဲ” ကြီးကျယ်ခမ်းနားသော မြင့်မြတ်သည့်အသံက ထွက်ပေါ်လာ၏။ ဆော့အန်က ဒူးထောက်ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် တွားသွားခဲ့သည်။ ကိုယ်ပွားနှင့် အဓိက ခန္ဓာကိုယ်က သဘာဝအတိုင်းပင် ဆက်စပ်မှုရှိသောကြောင့် ဆော့အန်က သက်ရှိ လောကတွင် သူမြင်ခဲ့ရသမျှကို ပြန်လည် ဖော်ပြလိုက်သည်။
အရိုးဖြူပုလ္လင်ထက်၌ အမြဲတစေ သီးသန့်နေခဲ့သော မရဏလောကဘုရင်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ ဤတုံ့ပြန်မှုကြောင့် မှော်နက်နယ်မြေတစ်ခုလုံး တုန်လှုပ်သွားသည်။ မြေပြင်သည် မရေမတွက်နိုင်လောက်အောင်များပြားသော အကွဲအပြဲများဖြင့် ကွဲအက်ကာ အဆုံးမဲ့သော အရိုးနဂါးများနှင့် အရိုးစုများက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။
လွတ်မြောက်လာသူများအားလုံးက ဒူးများတုန်ယင်လျက် အရိုးဖြူတောင်တန်းဆီသို့ အဆက်မပြတ် ဦးညွတ်နေကြ၏။
၎င်းတို့၏ နတ်ဘုရားကို မည်သည့် ဤမျှ တုန်လှုပ်စေခဲ့သည်ကို ၎င်းတို့ မသိခဲ့ကြပေ။ အချိန်အတန်ကြာပြီးနောက်တွင် အရာအားလုံး ငြိမ်သက်သွားသည်။ မရဏကမ္ဘာသခင်ကိုယ်တိုင်၏ အမူအရာက အလွန်လေးနက်နေသည်။
“အကုန်လုံးက အမှန်ပဲလား”
တကယ်တမ်းတွင် ဤမေးခွန်းကို လုံးလုံးလျာလျားမလိုအပ်ပေ။
ဤဆော့အန်သည် သူ၏ ကိုယ်ပွားများထဲမှ တစ်ယောက်ဖြစ်သဖြင့် သူ မည်သို့ လိမ်ပြောနိုင်မည်နည်း။ သို့သော် ဤသည်က မရဏကမ္ဘာသခင်ကိုယ်တိုင် မည်မျှထိ ထိတ်လန့်တုန်လှုပ်သွားသည်ကိုလည်းပြသခဲ့သည်။
“ဟုတ်ကဲ့ အကုန်လုံးက မှန်ပါတယ်”
နတ်အလင်းက မူလ ဆော့အန်၏ မျက်လုံးများ၌ လင်းလက်လာပြီးနောက် သူ့မျက်နှာပေါ်တွင် အကြောက်တရားများ တဖြည်းဖြည်းပေါ်လာသည်။
အကယ်၍ အရာအားလုံးကသာ အမှန်ဖြစ်နေခဲ့လျှင်…
ဤသတင်းထွက်လာပြီးသည်နှင့် အနန္တစကြဝဌာနယ်မြေကို တုန်လှုပ်သွားစေပေလိမ့်မည်.
သို့သော် ထို မြင့်မြတ်သော ပုဂ္ဂိုလ်က သူ၏ ခွန်အားကို အပြည့်အဝ မရရှိနိုင်သေးသဖြင့် အာရုံစိုက်မခံချင်ပုံပေါ်နေသည်။
ဤအတွေးဖြင့် သူက အေးစက်စွာပြောလိုက်သည်။
“ကောင်းပြီ”
ဤသို့ပြောနေစဥ်တွင် အလင်းတန်းတစ်ခုက ဤကိုယ်ပွား၏ နှဖူးဆီသို့ပျံတက်သွားသည်။ မူလအားနည်းနေသူ၏ ရောင်ဝါက ရုတ်တရက် တိုးမြင့်လာကာ ပတ်ဝန်းကျင်ရှိ ကိုယ်ပွားများအားလုံးက မနာလိုစိတ်ဖြင့် ကြည့်နေကြသည်။
“ဒီကိစ္စက တစ်ခွန်းတစ်လေမှ ပေါက်ကြားလို့မရဘူး” မူလ ဆော့အန်က ပြင်းပြင်းထန်ထန်သတိပေးလိုက်သည်။
“ဟုတ်ကဲ့ပါ” အားလုံးက တညီတညွတ်တည်း ဦးညွတ် တုံ့ပြန်ကြသည်။
သူ၏ အရိပ်ကိုယ်ပွားများအားလုံး ထွက်သွားသောအခါမှသာ သူက လေးနက်သော အမူအရာဖြင့် ခေါင်းကို ငုံ့ထား၍ ရာဇပုလင်အောက်၌ ဝှက်ထားသည့် သူ့လက်များက အနည်းငယ်တုန်ရီနေသည်။
ထိုသူသည် ခွန်အားအပြည့်ပြန်ရရန် အချိန်တစ်ခုလိုသေးသော်လည်း မူလ ဆော့အန်က အနန္တစကြဝဌာနယ်မြေတွင် ရှင်သန်ရန် ရိုသေတတ်ရမည်ဖြစ်ကြောင်းကို သိသည်။
‘နောက်ပြီး အဲ့လူ..’
ထိုသူသည် နတ်ဘုရားများ၊ နတ်ဆိုးများ နှင့် အနန္တစကြဝဌာ၏ ကျွမ်းကျင်သူများအားလုံးက အကြည်ညိုဆုံးသူဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူစိတ်ဆိုးသွားပုံမပေါ်ပေ။ မဟုတ်လျှင် သူအသက်ရှင်ရန်ပင် အခွင့်အလမ်းရှိခဲ့မည်မဟုတ်ပေ။
မရဏကမ္ဘာဘုရားသခင်သည် သူ၏ကံကြမ္မာကို တိတ်တဆိတ်ဂုဏ်ပြုကာ ယခုအချိန်မှစ၍ လူ့ကမ္ဘာကို နောက်ထပ် တစ်ဖန် မဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။
ဤသည်မှာ နောက်ထပ် ကြီးမား၍ စွမ်းအားပြင်းသော နယ်မြေဖြစ်သည်။ ဤနယ်မြေရှိ လေထုကိုပင် စွမ်းအားကြီးသည့် သန့်ရှင်းသော အလင်းရောင်က ဖုံးကွယ်ထားသည်။ ဤနေရာ၌ နေထိုင်သူ အားလုံးသည် အင်အားကြီးသည့် သန့်ရှင်းသော အလင်းတမန်တော်များဖြစ်ကြသည်။
အလယ်ပိုင်းဒေသတွင် အလင်းတောင်တန်းရှိကာ တောင်ထိပ်ရှိ နတ်ကုန်းမြေတွင် အလင်းဘုရားသခင်က မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လျက် အံ့သြနေသည်။
ရွှယ်အန်းက သူ့ကိုယ်ပွားကို သတ်လိုက်ခြင်းက သူ၏ ခွန်အားကို သိသိသာသာ သက်ရောက်မှုမရှိခဲ့သော်လည်း ယင်းကြောင့် အကြီးအကျယ် ထိတ်လန့်ခဲ့ရသည်။ သူ၏ မြင့်မြတ်သော စွမ်းအားဖြင့် ကမ္ဘာမြေသို့ ဆင်းသက်လိုလျှင်ပင် အလွန်နိမ့်ပါးသောအဆင့်အထိ ချုံ့ပစ်ရမည်ဆိုသည့်တိုင် သူက နတ်ဘုရားဖြစ်နေဆဲပင်ဖြစ်သည်။ ထို့အပြင် သူ၏ နတ်သားတော်တစ်ပါးသည်လည်း ဆင်းသက်သွားခဲ့သည်။
သို့သော် ရွှယ်အန်းက နှစ်ယောက်လုံးကို ချေမှုန်းပစ်လိုက်၏။
‘ဒီရွှယ်အန်းက ဘယ်သူလဲ’
ဤကဲ့သို့သော အဆင့်နိမ့်နယ်မြေတွင် ဤမျှလောက် ကြောက်မက်ဖွယ် ခွန်အားကို သူမည်ကဲ့သို့ ကျင့်ကြံနိုင်မည်နည်း။ ထို့အပြင် ကံကြမ္မာစက်ဝန်းက အဘယ်ကြောင့် သူ့ကို ကျိန်းသေသတ်ပစ်ရမည်ဟု ညွှန်ပြနေသနည်း။
သူစဉ်းစားနေချိန်၊
အက်ကွဲသံတစ်ခု ကြားလိုက်ရသည်။
အလင်း၏ဘုရားသခင်က မော့ကြည့်ပြီးနောက် တုန်လှုပ်ချောက်ချားသွားသည်။ နတ်ကုန်းမြေတွင် ထာဝရလည်ပတ်နေသော ကံကြမ္မာဘီးပေါ်တွင် နက်နဲသောအက်ကွဲကြောင်းတစ်ခုဖြစ်လာသည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ” အလင်းဘုရားသခင်က လုံးလုံးလျားလျား အံ့သြခဲ့ရသည်။
ဤကံကြမ္မာစက်ဝန်းသည် အလင်း၏ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင်ရှိသော နယ်ပယ်ရှိ သတ္တဝါအားလုံး၏ကံကြမ္မာကို ထိန်းချုပ်ထားရာ ၎င်းကို ဖျက်ဆီး၍မရသော အမြင့်မြတ်ဆုံးအရာတစ်ခုအဖြစ် အသိများကြသည်။
‘ဘာလို့ ရုတ်တရက် အက်ကွဲသွားတာလဲ’
သူ၏ အမေးကို ဖြေသည့်အလား ထို အက်ကွဲကြောင်းက ရုတ်ချည်း ကြီးမားလာကာ ကံကြမ္မာစက်ဝန်းတစ်ခုလုံးက ကျယ်လောင်သော အသံနှင့်အတူ အပိုင်းပိုင်း ကွဲထွက်သွားသည်။
အဆုံးမရှိသော ကံကြမ္မာ၏စွမ်းအားနှင့် မြင့်မြတ်သောအလင်းရောင်တို့ ပျံ့နှံ့သွားကာ အလင်းနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ အလင်းဘုရားသခင်က ရာဇပလ္လင်တော်ပေါ်တွင် အံ့အားသင့်လျက် ထိုင်နေကာ သူ၏မျက်နှာက တဖြည်းဖြည်း…. ရိုသေမှုအသွင်ကို ပြသနေသည်။