အခန်း (၄၃၆-၄၃၈)
Vol. 30 Ch. 436-438
အခန်း(၄၃၆) အင်းဆက်မျိုးနွယ်စုလာနေပြီ
ပင့်ကူ အလောင်းက မြေပြင်ထက်သို့ ပြုတ်ကျလာသည်။ လုရှားသည်လည်း မြေမှုန်များပေါ်သို့ လဲကျသွား၏။ ဤအခိုက်အတန့်တွင် သူသေသွားသင့်ပြီဖြစ်သော်လည်း သူ၏ နောက်ဆုံးသော ရှင်သန်မှုအဆိပ်ကြောင့်သာ အသက်ငဲ့ငဲ့ကျန်နေခြင်းဖြစ်သည်။
ဤအခိုက်အတန့်၌ လှိုဏ်ဂူဝမှ ခြေသံများစွာထွက်ပေါ်လာသည်။ မြောင်အင်မော်တယ်တောင်ကြားမှလူများကို ဦးဆောင်လျက် အားဖေးက ဝင်လာ၏။ ၎င်းတို့က ဤမျှ ဆိုးရွားသော မြင်ကွင်းကို မြင်သောအခါ အားဖေး၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားသည်။ မည်သည့်အခါကမျှ မယုံကြည်ခဲ့သော သူက ယခုအခါတွင် တိတ်တဆိတ်ဆုတောင်းနေမိသည်။
‘နတ်ဘုရားနဲ့ ဗုဒ္ဓဘုရားကို ကျွန်တော့်သခင်ကို ကယ်တင်ပေးဖို့ ဆုတောင်းပါတယ်’
သို့သော် မြေပြင်ပေါ်တွင် ဒဏ်ရာဗလပွနှင့်လဲကျနေသော လုရှားကို မြင်လိုက်ရသောအခါ အားဖေးက မြေပြင်ပေါ်တွင် ဒူးထောက်ချကာ အနားသို့ သွားလိုက်သည်။
“သခင်” အားဖေးက တုန်ယင်နေသော လက်များဖြင့် လုရှား၏ လက်ကို ကိုင်ကာ လုရှား၏ နှာဖူးပေါ်သို့ မျက်ရည်ပေါက်ကြီးငယ် ကျလာသည်။
လုရှားက သူ၏ နောက်ဆုံးသော ခွန်အားကို သုံး၍ မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
“ဆရာ… သခင်… ဆရာသက်သာအောင် အခုချက်ချင်း ကျွန်တော် ကုသဖို့ ခေါ်သွားပေးပါ့မယ်”
လုရှားက မျက်တောင်ကို ခပ်ပါးပါးခတ်လိုက်သည်။ ဤသည်က သူနောက်ဆုံးလုပ်နိုင်သည့် အပြုအမူပင်ဖြစ်ကာ တစ်စုံတစ်ခုကို ပြောချင်ဟန်ဖြင့် နှုတ်ခမ်းများကို ဖြည်းညှင်းစွာဟလိုက်၏။
အားဖေးက ချက်ချင်း သူ၏ နားဖြင့် ကပ်လိုက်သည်။
ထို့နောက် လုရှား၏ အင်အားလျော့နည်းနေလှသော အသံက တိုးညှင်းစွာထွက်ပေါ်လာ၏။
“စည်းချိပ်က ပျက်သွားပြီ။ စစ်တပ်ကို အကြောင်းကြားပါ”
အားဖေးက ခန္ဓာကိုယ်တစ်လျှောက် အေးဆိမ့်မှုကို ခံစားလိုက်ရပြီးနောက် မျက်ရည်များက ပိုမိုသည်းထန်စွာကျဆင်းလာသည်။
“ဟုတ်”
ဤအခိုက်အတန့်တွင် လုရှား၏ အသားအရောင်က တကယ်ပင် တိုးတက်လာပုံပေါ်ကာ သူ၏ မျက်နှာကို စိတ်မကောင်းဖြစ်နေသော အကြီးအကဲဘက်သို့လှည့်၍ ပြောလိုက်သည်။
“ကျွန်တော်သေပြီးရင် အားဖေးက အဆိပ်သခင်ဖြစ်လာပါလိမ့်မယ်”
အကြီးအကဲများစွာနှင့် ဂိုဏ်းသားများက ဤစကားလုံးများကိုကြားလိုက်ရသောအခါ စိတ်မကောင်းဖြစ်လျက် ခေါင်းညိတ်လိုက်ကြသည်။
“ဟုတ်ကဲ့ပါ သခင်”
လုရှား၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လာကာ သူ့မျက်လုံးထဲမှ အလင်းက သိသာထင်ရှားစွာဖြင့်မှေးမှိန်လာသည်။
ထို့နောက် နူးညံ့စွာ ရေရွတ်လိုက်၏။
“ဘိုးဘေးတို့ … ကျွန်တော် အဆိပ်သခင်တွေရဲ့ ဂုဏ်သိက္ခာကို မပျက်စေခဲ့ပါဘူး”
ဤသို့ပြော၍ လုရှား၏ မျက်လုံးထဲမှ အလင်းကပျောက်ကွယ်သွားကာ မျော့မျော့ကျန်ရှိနေသော အသက်စွမ်းအင်များ လုံးဝပျောက်ကွယ်သွားသည်။ အားဖေးက ကမ္ဘာလောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
သူက တဖြည်းဖြည်းတောင့်တင်းလာသည့် သခင်ဖြစ်သူကို ကိုင်လျက် အတိတ်မှပုံရိပ်များကို ပြန်လည်မြင်ယောင်နေသည်။ ရှန်းကျန်း၏ သူ့အပေါ် စိတ်ပျက်မှု၊ အဆိပ်ဘုရင်ဥလက်ဆောင်နှင့် မြောင်အင်မော်တယ်တောင်ကြားသို့ ပြန်လာပြီးနောက် ရခဲ့သော ပြင်းထန်သည့် သင်ပြချက်များ။
ဤအမှတ်တရများအားလုံးက အားဖေးကို အပြင်းအထန် ငိုကြွေးသွားစေသည်။ ကမ္ဘာပေါ်၌
သူ့အပေါ် အကောင်းဆုံးသော ဆရာသခင်ဖြစ်သူက ယခုအချိန်တွင် လုံးဝပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူသိသည်။
အကြီးအကဲများက တစ်ဦးပြီးတစ်ဦး ငိုကြွေးကြရာ မကြာခင်၌ အကြီးအကဲတစ်ဦးက ရှေ့သို့ လှမ်းလာ၍ ပြောလိုက်သည်။
“သခင်အားဖေး အခုက မျက်ရည်ကျနေရမယ့်အချိန်မဟုတ်ပါဘူး။ အဆိပ်သခင်က သခင့်ကို ဘာပြောလိုက်ပါသလဲ။ အဆိပ်ပိုးကောင်တွေကို ဘယ်လိုဖြေရှင်းကြမလဲ”
ယခုအချိန်တွင် အကြီးအကဲများက ကြမ်းပြင်ပေါ်မှ အင်းဆင်မျိုးနွယ်စုဝင်များ၏ အလောင်းများကို သတိထားမိကာ အသိဝင်လာကြသည်။
အားဖေးက တဖြည်းဖြည်းခြင်း သူ၏ ငိုကြွေးခြင်းကို ရပ်တန့်လျက် အသက်မဲ့စွာ ပြောလိုက်သည်။
“သခင်က စည်းချိပ်ပျက်သွားပြီး ဒီ အဆိပ်အင်းဆက်တွေက ထွက်လာပြီလို့ ပြောတယ်”
‘စည်းချိပ်လား’
လူများစွာက သူ၏ စကားလုံးများကို နားမလည်သောကြောင့် တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာကြည့်လိုက်ကြသည်။ အချို့သော အကြီးအကဲများကလည်း ချက်ချင်း ဖြူလျော့ဖျော့တော့သွားကြ၏။
“ဒဏ္ဍာရီက တကယ်ဖြစ်လာပြီ” အကြီးအကဲတစ်ယောက်က ကြောက်လန့်တကြားပြောသည်။
“ကျုပ်တို့အခု ဘာလုပ်ကြမလဲ” အခြားတစ်ယောက်ကမေး၏။
“ဒီကနေမြန်မြန်ထွက်သွားကြရင်ရောဘယ်လိုလဲ။ ဒဏ္ဍာရီက တကယ်ဖြစ်လာပြီ။ ကောင်းကင်နဲ့ မြေပြင်မှာ ကပ်ဘေးဖြစ်လာလိမ့်မယ်။ ကျုပ်တို့ မခံနိုင်လောက်ဘူး” အကြီးအကဲတစ်ဦးက အကြံပေးသည်။
ထို့နောက် အကြီးဆုံးအကြီးအကဲက သက်ပြင်းချ၍ အင်းဆက်အင်မော်တယ်လှိုဏ်ဂူကို ကြောက်လန့်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“မြောင်အင်မော်တယ်တောင်ကြားက အင်းဆက်အင်မော်တယ်လှိုဏ်ဂူထဲမှာ
ရှေးခေတ်က စည်းချိပ်တစ်ခုထားထားတယ်ဆိုပြီး ကျုပ်တို့ဘိုးဘေးတွေဆီက ဒဏ္ဍာရီတစ်ခုရှိတယ်။ အဲ့စည်းချိပ်ပြေလျော့သွားရင် ဒီကမ္ဘာပေါ်မှာ အင်းဆက်ပိုးကောင်တွေပေါ်လာလိမ့်မယ်။ အဆိုပါ တံဆိပ်ကို ဒဏ္ဍာရီတစ်ခုလုံးက အရမ်းရှေးကျပြီး ဘယ်သူမှ မမြင်ခဲ့ဖူးတာကြောင့် အများစုက အစစ်လို့ မယုံကြဘူး"
“ဒါတောင် မမျှော်လင့်ဘဲ ဒီနေ့က တကယ်ရောက်လာသေးတယ်။ နောက်ပြီး ဒီ အမြန်ရောက်လာတဲ့ မွန်းစတား အင်းဆက်တွေက နေရာချဖို့ရောက်လာတာပဲရှိသေးတာ။ နောက်ကျ အင်းဆက်တွေ လှိုင်းလိုမျိုး အဆက်မပြတ်ပေါ်လာလိမ့်မယ်”
အကြီးအကဲကြီး၏ စကားလုံးများက လူတိုင်း၏ မျက်နှာများကို ဖြူဖျော့သွားစေသည်။
အချို့သော နူးညံ့သူများက အမြန်ပြောလာကြသည်။
“တတိယအကြီးအကဲပြောတာ မှန်တယ်လို့ ကျုပ်ထင်တယ်။ ကျုပ်တို့ ဒီကနေ မြန်မြန်ထွက်သွားသင့်တယ်။ တကယ်လို့ သမိုင်းဝင်အင်းဆက်တွေမပေါ်လာရင် ကောင်းပေမယ့် ပေါ်လာရင်တော့ ကျုပ်တို့ ဆုံးရှုံးမှုတွေအရမ်းများလိမ့်မယ်”
“တကယ်ပဲ”
၎င်းတို့အားလုံးက သတ္တိများပျောက်ဆုံးသွားကြသည်။ နောက်ဆုံးတွင် ၎င်းတို့မဆိုနှင့် အဆိပ်သခင်ကပင် ဤသမိုင်းဝင်အင်းဆက်များကို ယှဥ်နိုင်မည်မဟုတ်ပေ။
ထိုစဥ် အားဖေးက သူ့ဆရာ၏ ခန္ဓာကိုယ်ကို ကိုင်ထားလျက် မတ်တပ်ထရပ်ကာ အလွန် လေးနက်မုန်းတီးသောမျက်နှာဖြင့် ကြည့်လိုက်သည်။
“ခင်ဗျားတို့ ထွက်သွားချင်ရင် ထွက်သွား။ ကျုပ်တော့မသွားဘူး” အားဖေးက ဘာသိဘာသာပြောလိုက်သည်။
အကြီးအကဲက သက်ပြင်းတစ်ချက်ချ၏။
“အားဖေး မင်း စိတ်ညစ်နေတာ ငါသိပါတယ်။ ဒါပေမယ့် ဒီကိစ္စက သစ္စာရှိဖို့တင်မဟုတ်ဘူး။ ငါတို့ ခဏထွက်သွားပြီးမှ နားဆွင့်ကြည့်ရင်ရော ဘယ်လိုလဲ”
အားဖေးက ခေါင်းလှည့်ကြည့်ကာ ပေါ့ပါးစွာပြောလိုက်သည်။
“သခင်က စစ်တပ်ကို အကြောင်းကြားဖို့ ပြောလိုက်တယ်”
‘စစ်တပ်ကို အကြောင်းကြားရမယ်ဟုတ်လား’
လူအုပ်က တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြ၏။
နောက်ဆုံးတွင် အကြီးအကဲကြီးက ခေါင်းညိတ်လိုက်သည်။
“ဒါက ကျုပ်တို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာပဲလို့ ကျုပ်ထင်တယ်။ တစ်ယောက်ယောက်က အင်းဆက်အင်မော်တယ် လှိုဏ်ဂူကိုကျောက်တုံးတွေနဲ့ပိတ်ထားလိုက်ပါ”
“ဟုတ်”
သို့သော် ဤအခိုက်အတန့်တွင် အားဖေးက လုရှား၏ ခန္ဓာကိုယ်ကို သယ်ယူ၍ ထွက်ခွာသွားသည်။ ဘေးမှကြည့်နေသူတိုင်းက သူ့နောက်ကျောကိုကြည့်ကာ ခေါင်းများကို တိတ်တဆိတ်ခါလိုက်ကြ၏။ အားဖေးက လျင်မြန်စွာတိုးတက်လာနိုင်ခဲ့သော်လည်း သူ၏ ခွန်အားသည် မြောင်အင်မော်တယ်တောင်ကြားတွင် အသန်မာဆုံးဖြစ်နိုင်ရန် များစွာ လိုသေးသည်။ လူတိုင်းက အဘယ်ကြောင့် အဆိပ်သခင်က သူ့အားဤနေရာလွှဲပြောင်းပေးခဲ့သည်ကို သိချင်နေကြ၏။
မကြာမီ၌ပင် အဆိပ်အင်မော်တယ်လှိုင်ဂူ၏ စည်းချိပ်ကို အလွန်ကြီးမားသော ကျောက်ဆောင်ကြီးများဖြင့် ပိတ်လိုက်ကြသည်။ ဤကျောက်ဆောင်များသည် အလွန် သန်မာကာ လုံခြုံသည့်ခံစားချက်မျိုး ပေးစွမ်းနိုင်ကာ ဒဏ္ဍာရီများအစစ်အမှန်မဖြစ်နိုင်သကဲ့သို့ ထင်ရ၏။
သို့သော် အကြီးအကဲကြီးက သူ၏ အဆက်အသွယ်များကို အသုံးချကာ စစ်တပ်သို့ စာပို့ခဲ့သည်။
ယနေ့ စစ်သေနာပတိဟူက စိတ်ကောင်းဝင်နေသည်။
သူ၏ အပြင်းအထန်လေ့ကျင့်ထားသော သွေးချီလင်အထူးတပ်ဖွဲ့များက ပြိုင်ပွဲတွင် ပထမအဆင့်ဖြင့် အနိုင်ရခဲ့သည်။ ဤသည်က စစ်သေနာပတိဟူကို သူ၏ ကြိုးစားအားထုတ်မှုများ အချည်းအနှီးမဖြစ်ဟု ခံစားရစေသည်။
“ဟားဟား ငါ့ကို ပြောစမ်းပါ။ ငါတို့ သွေးချီလင်က မီးဖီးနစ်အဖွဲ့နဲ့ ယှဥ်ရင်ဘယ်လိုနေလဲ” စစ်သေနာပတိဟူက သူ၏ လက်ထောက်ကို ပြုံး၍ မေးလိုက်သည်။
“ဒါပေါ့ ကျွန်တော်တို့ သွေးချီလင်က ပိုပြီး သန်မာပါတယ်။ အဲ့ မီးဖီးနစ်အဖွဲ့က သူတို့ရဲ့ ဂုဏ်ပုဒ်ပေါ်ကိုပဲ မှီခိုနေတာ။ တကယ်တော့ ဟောင်ပဲဟောင်တတ်ပြီး မကိုက်တတ်တဲ့ ခွေးတွေပဲ”
“အရေးမပါတာတွေ” စစ်သေနာပတိဟူ၏ မျက်နှာအမူအရာက မှောင်မိုက်သွားကာ ချက်ချင်းကျိန်ဆဲလိုက်သည်။
လက်ထောက်က အလျင်အမြန် ဦးညွတ်လိုက်၏။
“ငါက ငါတို့ သွေးချီလင်အဖွဲ့က အသန်မာဆုံးလို့ ယုံပေမယ့် သွေးဖီးနစ်အဖွဲ့ကို ပေါ့ပေါ့လေးတွက်လို့မရဘူး။ ရန်သူကို ဗျူဟာမြောက် မထီမဲ့မြင်ပြုခြင်းရဲ့ နိယာမကိုတောင် နားမလည်ဘဲ နည်းဗျူဟာကျကျ အလေးအနက်ထား ဆောင်ရွက်နေတယ်ဟုတ်လား"
လက်ထောက်၏ မျက်နှာက ချွေးစေးများဖြင့် ဖုံးလွှမ်းလာကာ ဆူပူကြိမ်းမောင်းခံရမှုကြောင့် ခေါင်းပင်မထောင်နိုင်တော့ပေ။ ထိုအချိန်တွင် စစ်သေနာပတိဟူက သက်ပြင်းတစ်ချက်ချ၍ ဝမ်းနည်းမှုအငွေ့အသက်များဖြင့် ပြောလိုက်သည်။
“ဗိုလ်ချုပ် လင်း… အိုး ဗိုလ်ချုပ်လင်းရာ မင်း စောစောစီးစီးသေသွားတာ နှမျောစရာပဲ။ မဟုတ်ရင် ငါမင်းရဲ့ မီးဖီးနစ်အဖွဲ့ကို မင်းရှေ့မှာတင် အနိုင်ယူလို့ရတယ်။ ငါမင်းကို နံပါတ်တစ်ထိပ်တန်းအထူးတပ်ဖွဲ့ဆိုတာ ဘာလဲဆိုတာ သိစေချင်တယ်”
စစ်သေနာပတိဟူ၏ တပ်ဖွဲ့က ရွှယ်အန်းမှ ခုနှစ်ရက် လေ့ကျင့်ပေးထားသော မီးဖီးနစ်အဖွဲ့တွင် ရှုံးသွားခဲ့စဥ်ကတည်းက သူက အလေးအနက်ထား၍ လေ့ကျင့်ပေးခဲ့သည်။ ယခု နောက်ဆုံးတွင် လက်စားချေရန် မျှော်လင့်ချက် မြင်ရပြီဖြစ်သော်လည်း ဗိုလ်ချုပ်လင်းက ဤကမ္ဘာကြီးတွင် မရှိတော့ပေ။
သူသတိရနေချိ၌ ဝန်ထမ်းအရာရှိတစ်ဦးသည် စစ်သေနာပတိဟူနားသို့ပြေးလာကာ ခပ်တိုးတိုးပြောလိုက်သည်။
"သေနာပတိ မြောင်အင်မော်တယ်တောင်ကြားရဲ့ အကြီးအကဲကြီးကနေ သံသယဖြစ်ဖို့ကောင်းတဲ့ ဒဏ္ဍာရီလာ အင်းဆက်ပိုးကောင်တွေ တွေ့ရတယ်လို့ သတင်းပို့ထားပါတယ်”
စစ်သေနာပတိဟူ၏ မျက်လုံးများ အရောင်တောက်လာ၏။
အခန်း(၄၃၇) ဆေးလိပ်မသောသူက သူ့အချိန်ကို ကမ္ဘာပေါ်မှာ ဖြုန်းတယ်
မြောင်အင်မော်တယ်တောင်ကြားသည် စစ်သေနာပတိဟူ၏ လက်အောက်ခံတပ်များအတွင်းတွင် ရှိသည်။ ဤများစွာသော အမွေအနှစ်များရှိသည့် ရှေးဟောင်းဂိုဏ်းအတွက် စစ်သေနာပတိဟူသည် မှန်ကန်သော
လေးစားမှုကို အမြဲထိန်းသိမ်းခဲ့သည်။
ထို့အပြင် ၎င်းတို့ကြားတွင် မကြာခဏ ထိတွေ့ဆက်ဆံမှုများ ရှိခဲ့သည်။ မမျှော်လင့်ထားဘဲ ယခုတွင် မြောင်အင်မော်တယ်တောင်ကြား၏ အကြီးအကဲကြီးက အကူအညီပေးရန် တောင်းဆိုခဲ့သည်။ ဤသည်က နတ်ဆိုးအင်းဆက်အချို့ ထွက်ပေါ်လာသည့်အကြောင်းပင်ဖြစ်သည်။
‘တော်တော် စိတ်ဝင်စားစရာပဲ’
‘မြောင်အင်မော်တယ် တောင်ကြားက အင်းဆက်တွေကို ထိန်းချုပ်ရာမှာ အတော်ဆုံးမဟုတ်ဘူးလား’
ခဏမျှ စဥ်းစားပြီးနောက် စစ်သေနာပတိဟူက ခေါင်းညိတ်လိုက်သည်။
“သွား … ကျန်းချူကို ခေါ်လိုက်”
“ဟုတ်ကဲ့”
မကြာခင်၌ပင် သွေးချီလင်အထူးတပ်မှုးနှင့် စစ်သေနာပတိဟူ၏ လက်အောက်ခံ အငယ်ဆုံးဗိုလ်မှူးကြီး ကျန်းချူတို့ ရောက်ရှိလာကြသည်။
“တပ်မှူး” ကျန်းချုက စံပြစစ်တပ်အလေးပြုသည်ဟန်လုပ်လိုက်သည်။
စစ်သေနာပတိဟူက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူ့လက်အောက်ငယ်သားများအနေဖြင့် စစ်သေနာပတိဟူသည် သူ့တမျှ ကောင်းသောလူကို မရနိုင်ပေ။ ထိုစံပြ ကိုယ်နေဟန်ထား၊ ရှည်မျောသော အရပ်၊ ပြတ်သားသော မျက်နှာ၊ စိတ်ဓာတ်ပြတ်သားသော ဟန်ပန်အမူအရာတို့ကို စစ်သေနာပတိဟူက အလွန် သဘောကျခဲ့သည်။
ထို့ကြောင့် သူက ရှေ့သို့ လှမ်းလာ၍ ကျန်းချူ၏ ပခုံးကို ပုတ်လိုက်သည်။
“ကောင်းပြီ။ မင်း အခုမှ ပြိုင်ပွဲပြီးထားတာဆိုတော့ ဒီလောက် တင်းကြပ်နေဖို့ မလိုပါဘူး။ ပေါ့ပေါ့ပါးပါးနေပါ”
“ဟုတ်ကဲ့” ကျန်းချူက ပြန်ပြောသော်လည်း သူ့အပြောအဆိုနှင့် အပြုအမူများက စစ်တပ်ပုံစံအပြည့်ရှိနေဆဲပင်ဖြစ်သည်။
“ဘယ်လိုလဲ။ ပင်ပန်းလား”
“တပ်မှူးကို ပြန် တင်ပြပါတယ်။ မပင်ပန်းပါဘူး” ကျန်းချူက မကျယ်လွန်း မတိုးလွန်းသော အသံဖြင့် ပြန်ပြောသည်။
စစ်သေနာပတိဟူက ရယ်မော၍ သူ့လက်အောက်ငယ်သားများ၏ စိတ်နေသဘောထားကို ကောင်းစွာသိသောကြောင့် ရယ်ရုံရယ်၍ ထပ်မပြောတော့ပေ။
“အခုလေးတင် မြောင်အင်မော်တယ်တောင်ကြားရဲ့ အကြီးအကဲက ဟိုမှာ နတ်ဆိုးအင်းဆက်တွေ ရှိနေတယ်လို့ စာပို့ထားတယ်။ လူတချို့ခေါ်သွားပြီး အဲ့မှာ တစ်ချက် လေ့လာကြည့်ပါ။ တကယ်လို့ မင်းတစ်ခုခုရှာတွေ့ရင် မင်းရဲ့ တပ်ခွဲအတွက် လေ့ကျင့်ခန်းကောင်းတစ်ခုဖြစ်လိမ့်မယ်”
“ဟုတ်ကဲ့ပါ တပ်မှူး မစ်ရှင်ပြီးမြောက်မယ်လို့ အာမခံပါတယ်” ကျန်းချူက လေးနက်စွာ အလေးပြုပြီးနောက် လှည့်ထွက်သွားသည်။
စစ်သေနာပတိဟူက ဤကိစ္စကို အလေးအနက်ထား၏။
မီးဖီးနစ်အထူးတပ်ဖွဲ့များက ပြည်တွင်းနှင့် နိုင်ငံတကာ စစ်ရေးပြိုင်ပွဲတွင် ပထမနေရာကို လက်ဝါးကြီးအုပ်လုနီးပါးဖြစ်နေရုံမျှမက လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ၎င်းတို့နာမည်ကိုလည်း အရယူနိုင်ခဲ့သည်။ အရေးကြီးသည်က ဤတပ်ဖွဲ့သည် ပုံမှန်မဟုတ်သော အဖြစ်အပျက်များစွာကို ရင်ဆိုင်ခဲ့ရသည်။ ဤအထူးသဘောသဘာဝကြောင့် ပြင်ပကမ္ဘာသည် ၎င်းတို့အကြောင်း သိရှိရန် ခက်ခဲခဲ့သည်။
မှန်သည်။ စစ်သေနာပတိဟူက ဗီဒီယိုများကို မျက်လုံးများဖြင့် တွေ့ထားပြီးဖြစ်၍ ဤအရာများအကြောင်း သိသည်။ သို့သော် မီးဖီးနစ်အဖွဲ့ပေါ်လာသည့်အခါတိုင်း ရန်သူက မည်မျှပင် စွမ်းအားကြီးစေကာမူ ၎င်းတို့က လွယ်လင့်တကူ ရှင်းလင်းသုတ်သင်ပစ်လိုက်သည်။ စစ်သေနာပတိဟူသည် ပြိုင်ဆိုင်မှု ပြင်းထန်သော စိတ်ဓာတ်ရှိသူဖြစ်သည်။ ထို့ကြောင့်လည်း သွေးချီလင်တပ်များက နတ်ဆိုးအင်းဆက်များ ကိုင်တွယ်ဖြေရှင်းသွားသည်ကို ဆန္ဒရှိနေခြင်းဖြစ်သည်။
ပြိုင်ပွဲကွင်းတွင် ပုံမှန်တပ်များနှင့် အနိုင်ရရုံဖြင့် မလုံလောက်ပေ။ အဆိုပါ များပြားလာသော ပုံမှန်မဟုတ်သည့် အဖြစ်အပျက်များကို ကိုင်တွယ်ဖြေရှင်းခြင်းဖြင့်သာ မီးဖီးနစ်အဖွဲ့နှင့် ယှဥ်ပြိုင်ရန် အရည်အချင်းပြည့်မှီသော အင်အားကြီး အထူးတပ်ဖွဲ့တစ်ခုအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
ကျန်းချူက ဤအခြေခံမူများကို နားလည်သည်။ သူသည် စစ်သေနာပတိဟူက ကိုယ်တိုင် ပြုစုပျိုးထောင်ပေးထားသော အရာရှိတစ်ဦးဖြစ်သည်။ ကျန်းချူက အောင်ပွဲအတွက် စွဲလမ်းလုနီးပါး စိတ်အားထက်သန်မှုရှိသည်။ သူက မည်သူ့ကိုမျှ အရှုံးမပေးလိုသည်ဖြစ်ရာ အထူးသဖြင့် မီးဖီးနစ်အဖွဲ့ကိုပင်ဖြစ်သည်။
သူ့တွင် အခြားအထောက်အထားရှိနေသေး၏။
ကွမ်ကျိုးရှိ နဂါးကျားတောင်မှ ကောင်းကင်သခင်အိမ်ရာ၏ နောက်ဆုံးအမွေခံ။
တာအိုကျင့်သူတို့၏ နှစ်ပေါင်းများစွာသော အစဥ်အလာအားလုံးကို သူ့တစ်ယောက်တည်းအတွက် အပ်နှင်းထားသည်။
ထို့ကြောင့် သူ ရှုံးနိမ့်၍ မရပေ။
ကျန်းချူက သူ၏ အခြေစိုက်စခန်းဆီသို့ ပြန်ရောက်သောအခါတွင် လက်အောက်ငယ်သားများကို စုရုံးကာ အခြေအနေကို အကျဥ်းချုပ်ရှင်းပြလိုက်သည်။ သွေးချီလင်အဖွဲ့သားအများစုကို ရုပ်ပိုင်းဆိုင်ရာခံနိုင်ရည်နှင့် တိုက်ခိုက်ရေးတွင်သာမက ကျန်းချူမှ ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်သင်ကြားပေးခဲ့သည်။ ကျန်းချုူသည် ၎င်းတို့ကို အံ့ဖွယ်နည်းများဖြင့် တာအိုကျင့်ကြံရေးကို သင်ကြားပေးခဲ့သည်။
ထို့ကြောင့် နတ်စွမ်းအင်များရှိသည့် ၎င်းတို့၏ ခေါင်းဆောင်နှင့်ပတ်သက်၍ အဖွဲ့သားများက အမိန့်ကို သဘာဝအတိုင်း လိုက်နာကြသည်။
“ဗိုလ်ကြီး နောက်ထပ် အမိန့်ပေးလိုက်ပါ။ နတ်ဆိုးပိုးကောင်တွေဖြစ်ဖြစ် တစ္ဆေကောင်တွေဖြစ်ဖြစ် ငါတို့ သွေးချီလင်တွေကို မသတ်နိုင်ပါဘူး။ ဒါက ကလေးကစားသလိုပဲဖြစ်မှာပဲ”
“ဟုတ်ကဲ့ပါ ဗိုလ်ကြီး။ လှုပ်ရှားကြရအောင်”
လူတိုင်း၏ မျက်နှာက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေကာ ပြင်းထန်သော တိုက်ပွဲဝင်စိတ်ဓာတ်များ ကိန်းအောင်းနေသည်။ ကျန်းချူက ကျေနပ်အားရစွာ ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ။ ဒါဆို ဒီတစ်ကြိမ်တော့ ဒီဟာကို အဓိက လေ့ကျင့်မှုအနေနဲ့ အဖွဲ့တစ်ခုလုံးကို လွှတ်လိုက်မယ်”
“ဟုတ်ကဲ့”
သွေးချီလင် အဖွဲ့တစ်ခုလုံးကို စုစည်းပြီးနောက် မြောင်အင်မော်တယ်တောင်ကြားသို့ ဦးတည်သွားခဲ့သည်။
ထိုအချိန်တွင် အမေရိကနိုင်ငံရှိ ကမ္ဘာ့နာမည်ကျော် လောင်းကစားမြို့ဖြစ်သော လက်စ်ဗီးဂတ်စ်မြို့၌
ရွှယ်အန်းက သူ့မိသားစုနှင့်အတူ ထိုနေရာသို့ အလည်လာခဲ့သည်။
ယူနာနှင့် အစ္စဘယ်လာတို့က နတ်သူငယ်နယ်မြေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ ဤသည်မှာ ရွှယ်အန်းနှင့် အန်းယန်တို့၏ ဟန်းနီးမွန်းခရီးစဥမှ ဆယ်ခုမြောက်နားရပ်ဖြစ်ကာ အမေရိကနိုင်ငံသို့ရောက်ရှိပြီးနောက် ၎င်းတို့ အခြေချနေထိုင်သည့် ပထမဆုံးနေရာလည်းဖြစ်သည်။
ဒုစရိုက်မြို့တော်နှင့် မက်ဆီကိုတွင်လည်း ရွှယ်အန်းက စိတ်မဝင်စားသဖြင့် နောက်ဆုံးအကြိမ်လည်ပတ်ပြီးစဥ်ကတည်းက ယင်းကိုကျော်ကာ လက်စ်ဗီးဂတ်စ်သို့ ရောက်လာခဲ့သည်။
အန်းယန်သည်လည်း သဘာဝအတိုင်းပင် ဤကိစ္စကို ကန့်ကွက်ခြင်းမရှိပေ။ သို့သော် ဤအချိန်က ယခင်နှင့်မတူပေ။ ထို့ကြောင့် အမေရိကသို့သွားသည့် လေယာဥ်ပေါ်တွင် ရွှယ်အန်းက ပြည်တွင်းခရီးသွားအဖွဲ့တစ်ခုနှင့် ကြုံခဲ့သည်။ ဤခရီးသွားအဖွဲ့တွင် ဟန်းနီးမွန်းထွက်လိုသည့်
ကြင်စဦးဇနီးမောင်နှံများလည်း ပါသည်။ အန်းယန်က အဖွဲ့မှ မိန်းကလေးအချို့နှင့် စကားစမြည်ပြောပြီးနောက် ရွှယ်အန်းသည်လည်း ခရီးသွားအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။
“မိတ်ဆွေ တစ်ခုလိုချင်လား” မျက်မှန်တပ်ထားသည့် နူးညံ့သော ပုံစံရှိသူတစ်ဦးက ပြောသည်။
ရွှယ်အန်းက အနည်းငယ်ပြုံး၍ ခေါင်းယမ်းလိုက်သည်။
“မလိုပါဘူး ကျေးဇူးပါ။ ကျုပ် ဆေးလိပ်မသောက်ဘူး”
မျက်မှန်တပ်ထားသော အမျိုးသားက ရယ်ရုံသာ ရယ်၍ အတည်မပြုခဲ့ပေ။ သူက စီးကရက်ကို မီးညှိ၍ အနည်းငယ် ရှိုက်လိုက်ပြီးနောက် သက်တောင့်သက်သာဖြစ်စွာပြောလိုက်သည်။
“ယောက်ျားတစ်ယောက်ဖြစ်ပြီး ဆေးလိပ်မသောက်တာက အသက်ရှင်နေတာလုံးဝမဟုတ်ဘူး။ မိတ်ဆွေ ကျုပ်ကတော့ လက်ထပ်ထားတဲ့ ယောက်ျားတွေက သေချာပေါက် ကိုယ့်ဝါသနာကိုယ်ရှိသင့်တယ်လို့ ထင်တယ်”
“အိုး ဘာလို့လဲ”
“တွေးကြည့် အိမ်ထောင်ရေးဆိုတာ အချစ်သင်္ချိုင်းကြီးပဲ။ ငါတို့က သင်္ချိုင်းထဲကို ခြေတစ်လှမ်းလှမ်းပြီးသွားပြီ။ ကိုယ့်ဝါသနာကိုယ်မလုပ်ရရင် သေရတာနဲ့ အတူတူပဲမဟုတ်လား” မျက်မှန်တပ်ထားသော ယောက်ျားက ယုံကြည်ချက်အပြည့်ဖြင့် ငြင်းဆိုသည်။
"မင်း...ဒီလိုထင်လား"
"ဒါပေါ့ကွ ငါက မင်းလိုမဟုတ်ဘူး။ မင်းမိန်းမက လှလည်းလှပြီး နူးလည်းနူးညံ့တယ်။ ငါ့မိန်းမနဲ့မတူဘူး သူက သေးသေးလေးနဲ့ ချစ်စရာကောင်းပေမယ့် တကယ်က ကျားမတစ်ကောင်…”
မျက်မှန်တပ်ထားသည့်အမျိုးသားက ငြီးတွားနေချိန်တွင် ရုတ်တရက် တစ်စုံတစ်ယောက်က လည်ပင်းကို ဖမ်းဆုပ်လိုက်သည်ကို ခံစားလိုက်ရ၍ ရေခဲကဲ့သို့ အေးစက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ကော်ရှောင်းလျန် ဒါဆို ရှင့်မျက်လုံးထဲမှာ ကျွန်မက ကျားတစ်ကောင်ပေါ့…”
ဤအသံကိုကြားသောအခါ ကော်ရှောင်းလျန်က လုံးဝ တောင့်တင်းသွားကာ ဖြည်းညှင်းစွာလှည့်၍ ငိုသည်ထက် ပိုမိုအရုပ်ဆိုးသော အမူအရာမျိုးဖြင့် ဇနီးဖြစ်သူကို ဖြည်းညှင်းစွာလှည့်ကြည့်လိုက်သည်။
“လေ့လန်၊ ငါ…”
“သွားသေလိုက်” ချိုင်လေ့လန်က ကော်ရှောင်းလျန်၏ လည်ပင်းကို ဆုတ်ကိုင်ထားကာ ဂျူဒိုသမားတစ်ယောက်ကဲ့သို့ ကျွမ်းကျင်စွာဖြင့် ကိုင်ပေါက်လိုက်သည်။ ကော်ရှောင်းလျန်က မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ထိမှန်ကာ နာကျင်မှုကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
ချိုင်လေ့လန်က လက်များကို ဖုန်ခါလျက် ဒေါသတကြီး ထွက်သွားသည်။
ရွှယ်အန်းသည် ရွှင်မြူးစွာဖြင့် ရှေ့သို့ လှမ်းတက်ကာ ကော်ရှောင်းလျန်အား လက်တစ်ကမ်း ပေးကာ သူ့ကို မြေပြင်မှ ဆွဲထူလိုက်သည်။ ကော်ရှောင်းလျန်က နာကျင်မှုကြောင့် ပြင်းထန်စွာ အသက်ရှူလိုက်၏။
“မိတ်ဆွေ ငါ့မိန်းမဘယ်တုန်းကရောက်လာတာလဲ။ မင်းဘာလို့ သတိမပေးတာလဲ”
ကော်ရှောင်းလျန်က နာကျင်စွာဖြင့် ပြင်းပြင်းထန်ထန်အသက်ရှုလိုက်သည်။
ရွှယ်အန်းက သက်ပြင်းချလိုက်သည်။
“ကျုပ်ခင်ဗျားကို တစ်ချိန်လုံး မျက်နှာရိပ်မျက်နှာကဲပြနေသားပဲ။ ဘာလို့ သတိမထားမိတာလဲ”
ကော်ရှောင်းလျန်က မျက်ရည်ဝဲလုနီးပါးဖြစ်နေသည်။
“သေစမ်း ငါက ငတုံးတစ်ကောင်ပဲ။ မင်းက သဘောတူနေတယ်လို့ ထင်ခဲ့တာ”
ရွှယ်အန်းက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
“မင်းမိန်းမက… အထင်ကြီးစရာ သိုင်းကွက်တွေရှိတာပဲ”
ကော်ရှောင်းလျန်က ငိုချင်လာသကဲ့သို့ ခံစားလိုက်ရသည်။
“အစ်ကို ပြောရုံနဲ့တင် ငိုချင်စိတ်ပေါက်သွားတယ်။ ကျုပ်တို့ စစချင်း ချိန်းတွေ့တုန်းက သူက အရမ်းနူးညံ့သလို ဟန်ဆောင်ပြီး တကယ့် ကျောက်စိမ်းမလေးတစ်ယောက်လိုပဲ။ တစ်ခါက ကြွက်တစ်ကောင်ကိုမြင်တာ ကျုပ်ကို အတင်း တွယ်ထားပြီးတော့ လက်မလွှတ်ပေးဘူး။ ဒါ့ကြောင့် ကျုပ်အဲ့တုန်းက သူက ကျုပ်အတွက်ပဲ၊ ကျုပ်ဘဝအတွက်ပဲလို့ တွေးလိုက်တာ”
အတိတ်အကြောင်းပြောနေစဥ်တွင် ကော်ရှောင်းလျန်၏ မျက်နှာက လွမ်းဆွတ်သတိရမှုများနှင့် ပြည့်သွားသည်။
“နောက်ပြီးတော့ရော…” ရွှယ်အန်းက မျက်တောင်ခတ်လိုက်၏။
အခန်း(၄၃၈) အန်းယန်၏ နူးညံ့သိမ်မွေ့သော ထိုးစစ်
“ပြီးတော့… လက်ထပ်ပြီးပြီးချင်းသိပ်မကြာခင်မှာပဲ ကျုပ်မိန်းမမိသားစုက သိုင်းပညာလေ့ကျင့်ပြီး သိုင်းပညာလောကမှာ ကျော်ကြားတဲ့မိသားစုလို့လူသိများတယ်ဆိုတာ သိလိုက်ရတယ်။ ပြီးတော့ ကြွက်တောင်ကြောက်တဲ့ ကျုပ်ရဲ့မိန်းမက အသက် ဆယ့်ရှစ်နှစ်မှာ အမျိုးသားတိုက်ခိုက်ရေးချန်ပီယံဆုကို ရခဲ့တယ်”
“ဆိုတော့ ကြွက်တွေမပြောနဲ့ ဒိုင်နိုဆောတွေတောင် သူ့ရှေ့မှာ ငြိမ်ကုပ်နေရလိမ့်မယ်။ သူ့မိသားစုနေတဲ့ မြို့ကို ကျုပ်လိုက်သွားတော့ အဲ့က ဒေသခံတွေက သူ့ကိုမြင်တာနဲ့ တောင်တွေပေါ်ပြေးကြရောဗျာ”
ရွှယ်အန်းက ကော်ရှောင်းလျန်၏ ပခုံးကို လေးနက်သောအမူအရာဖြင့် ပုတ်ပေးလိုက်သည်။
“ညီကို ကိုယ့်ကိုယ်ကို ဂရုစိုက်”
ကော်ရှောင်းလျန်က အနည်းငယ် ကြောင်အသွားသည်။
“ညီကို ဘာကို ပြောချင်တာလဲ”
ရွှယ်အန်းက ခေါင်းခါ၍ အဝေးသို့ လျှောက်သွားသည်။
ထိုအခိုက်အတန့်၌ ကော်ရှောင်းလျန်က တစ်စုံတစ်ခု လွဲနေကြောင်း သတိထားမိ၍ တုန်ခါသွားကာ ပတ်ဝန်းကျင်သို့ လှည့်ကြည့်လိုက်ရာ သူ့ကို ပြုံးပြနေသော မိန်းမဖြစ်သူ ချိုင်လေ့လန်ကို မြင်လိုက်ရသည်။
“ယောက်ျား ကျွန်မကရှင့်မျက်လုံးထဲမှာ အဲ့လောက်ကြောက်ဖို့ ကောင်းနေလား”
“မကောင်း… မကောင်းပါဘူး…. အားးး ညီကို ကယ်ပါဦး”
သူ့နောက်မှ အော်သံများကိုကြားသော်လည်း ရွှယ်အန်းက ပြုံး၍ အဝေးသို့လျှောက်သွားလိုက်သည်။
အဝေးမှကြည့်နေသော အန်းယန်က ချိုင်လေ့လန်က ကော်ရှောင်းလျန်ကို နှိပ်စက်နေကြောင်း မြင်သောအခါ ကူကယ်ရာမဲ့စွာကြည့်လိုက်သည်။
“ဒီအတွဲ… သူတို့က တကယ့် နေနဲ့လပဲ”
အနီးအနားမှ စုံတွဲများအားလုံးက သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် ရွှယ်အန်းက အန်းယန်ဆီသို့ လျှောက်သွားကာ ခပ်ပါးပါးပြုံးလိုက်သည်။
“ဗိုက်ဆာပြီလား”
“မဆာသေးဘူး။ ဒီအသေးလေးနှစ်ယောက်က လျှောက်ဆော့နေတာ”
ရွှယ်အန်းက ဒူးထောက်လျက် ကလေးမလေးနှစ်ယောက်ကို ချီလိုက်သည်။
“ပင်ပန်းနေပြီလား”
ရှန်းရှန်းနှင့် နျန်နျန်တို့က ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။
အထူးသဖြင့် မျက်လုံးဝိုင်းကြီးများနှင့် နျန်နျန်က ပြုံး၍ ပြောလိုက်၏။
“မေမေ့နောက်ကို သမီးတို့လိုက်တာကြာနေပြီ… အရမ်းပျင်းဖို့ကောင်းတယ်”
ကလေးမလေးနှစ်ယောက်က လူကြီးများနှင့် စျေးဝယ်ထွက်ရခြင်းကို မကြိုက်ပေ။
၎င်းတို့၏ မျက်လုံးထဲတွင် ဖြတ်သွားသောလမ်းသွားလမ်းလာများ၏ တင်ပါးများကိုသာ မြင်နေရသည်။
မည်သူက ထိုခံစားချက်ကို နှစ်သက်လိမ့်မည်နည်း။
ရွှယ်ရှန်းကလည်း ဤအချိန်တွင်ပြောလိုက်သည်။
“ဟုတ်တယ် မေမေနဲ့ စျေးဝယ်ရတာ လုံးဝ ပင်ပန်းတယ်”
ဤစကားကိုကြားသောအခါ အန်းယန်က ရယ်ရခက် ငိုရခက်ဖြစ်သွား၏။
ထိုအချိန်၌ သူမဘေးမှ မိန်းကလေးမျာစွာက မျက်နှာကို လက်ဖြင့် အုပ်လျက် ရယ်နေကြကာ မနာလိုစွာဖြင့် ပြောလိုက်၏။
“အန်းယန် နင့်သမီးလေးတွေက အရမ်းချစ်ဖို့ကောင်းတာပဲ”
“တကယ်ပဲ အားကျဖို့ကောင်းတဲ့မိသားစုပဲ”
“ဟုတ်တယ် ချောမောတည်ကြည်တဲ့ယောက်ျားကလည်းရှိသေးတယ်။ သူက အရမ်းစဥ်းစားပေးတတ်တာကလည်း အရမ်းမနာလိုချင်စရာပဲ”
ဤစကားများကိုကြားသောအခါ အန်းယန်က အနည်းငယ်ရှက်လျက် ဂုဏ်ယူစွာဖြင့် ရယ်လိုက်သည်။ ရွှယ်အန်းကမူ သမီးနှစ်ယောက်ကို ခပ်တိုးတိုး ပြောနေ၏။
ခဏအကြာတွင် ကလေးမလေးနှစ်ယောက်က ရယ်မောလျက် ရွှယ်အန်း၏ လက်မောင်းပေါ်မှ ခုန်ဆင်းကာ ဆော့ကစားရန် ထွက်သွားကြသည်။
“ရှင် သူတို့နဲ့ ဘာကတိပေးလိုက်ပြန်ပြီလဲ” အန်းယန်က ကိုယ်ကိုကိုင်း၍ မေး၏။
ရွှယ်အန်းက ပခုံးတွန့်ပြလိုက်သည်။
“ကိုဘာမှမပြောလိုက်ဘူး”
“ရှင် သူတို့ကို ရေခဲမုန့်ဝယ်ကျွေးမယ်လို့ ကတိပေးလိုက်ပြန်ပြီလား”
ရွှယ်အန်းက ကိုယ့်နှာခေါင်းကိုယ် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ထိလိုက်သည်။
“ဟွန့် ကျွန်မသိသားပဲ”
“ဟဲဟဲ စိတ်မပူပါနဲ့။ ကိုတို့သမီးတွေက ရေခဲမုန့်လောက်နဲ့ ဘာမှမဖြစ်ပါဘူးကွာ”
“သူတို့ဘာမှမဖြစ်တာ ဖြစ်တာကို ပြောနေတာမဟုတ်ဘူး။ ဒါပေမယ့် အကန့်အသတ်တော့ရှိရမယ်လေ။ မဟုတ်ဘူးလား။ နောက်ဆုံးတစ်ခေါက်က ရှင် ရေခဲမုန့်ဆိုင်ကြီးတစ်ဆိုင်လုံးဝယ်ချလာတာ ဟိုအငတ်လေးနှစ်ကောင်ကလည်း အကုန်စားလိုက်တယ်လေ။ ကျွန်မသာ ရှင့်ကို အဲ့ကနေ အမြန်ဆွဲထုတ်မလာရင် သူတို့ ရှင်တို့သားအဖအကြောင်း သတင်းရေးနေလောက်ပြီ။ ရှက်စရာကြီးဖြစ်မှာ အဲ့ကျရင်”
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရွှယ်အန်းက ရှန်းရှန်းနှင့် နျန်နျန်တို့ကို ကစားရန် တိတ်တဆိတ်ခိုးထုတ်ကာ ၎င်းတို့၏ ချိုမြိန်သော အကြပ်ကိုင်မှုအောက်၌ ရေခဲမုန့်ဆိုင်ထဲမှ ရေခဲမုန့်အားလုံးကို ဝယ်ပေးခဲ့ရသည်။ ဤသုံးယောက်က အလွန် ငတ်ကြီးကျကြကာ အရာအားလုံးကို စားပစ်နိုင်ခဲ့သည်။
ပိုင်ရှင်က မြို့တော်မီဒီယာကို တိတ်တဆိတ်ဖုန်းဆက်ခဲ့သည်။ အမေရိကနိုင်ငံ၏ မီဒီယာများအတွက် ဤသည်က စိတ်ဝင်စားရင်ခုန်ဖွယ်သတင်းတစ်ပုဒ်ပင်ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အင်တာဗျူးမည့် ဗင်ကားတစ်စီးက အမှန်ပင် ရောက်ရှိလာခဲ့သည်။ အကယ်၍ အန်းယန်သာ အချိန်မီရောက်မလာဘဲ ဤ အဖေနှင့် သမီးများကို ဟိုတယ်ဆီသို့ ပြန်မခေါ်သွားလျှင် မည်သို့ဖြစ်လာမည်ကို မည်သူ သိနိုင်မည်နည်း။
သူမက အဖြစ်အပျက်ကို ပြန်ပြောသောအခါ ရွှယ်အန်းက အနည်းငယ် ကူကယ်ရာမဲ့ဖြစ်သွားရသည်။
“ကိုပြောချင်တာက.. ကလေးတွေက ကလေးတွေပဲလေ ဟုတ်တယ်မလား။ တကယ်လို့ သူတို့စားချင်ရင် ကိုတို့က ပိုတောင်စားခိုင်းရဦးမှာ၊ ဘယ်လိုပဲဖြစ်ဖြစ်…”
“ဒါပေမယ့် သူတို့က မိန်းကလေးတွေရှင့်” အန်းယန်က ခွန်းတုံ့ပြန်သည်။
“သူတို့ဝလာရင် ဘယ်လိုလုပ်မလဲ”
“ကို…”
“ကို ဘာလုပ်မှာလဲ။ ရှင် သူတို့ကို ဝိတ်ကျေအာင်ကူပေးမလို့လား။ အဲ့တာက အလုပ်ဖြစ်တယ်ဆိုရင်တောင် သူတို့ပါးစပ် သူတို့မထိန်းနိုင်ရင် ဘာမှမထူးဘူး”
အန်းယန်၏ နူးညံ့သော ရန်စကားများက ရွှယ်အန်းကို ဆွံ့အသွားစေသည်။ တစ်ချိန်က စကြဝဌာကို အနိုင်ယူခဲ့ဖူးသည့် နတ်ဘုရားတစ်ပါးအနေဖြင့် အန်းယန်၏ ရှေ့တွင် ကလေးတစ်ဦးသာသာမျှသာဖြစ်သည်။
နတ်ဘုရားသည်ပင်လျှင် မိန်းမဖြစ်သူ၏ရှေ့၌ ဦးကို လေးစားစွာညွတ်ထားရသည်မှာ သိသာသည်။ ရွှယ်အန်းက သူ့နှာခေါင်းသူ ကိုင်နေသည်ကိုကြည့်၍ အန်းယန်က တင်းမာသောမျက်နှာကို ထိန်းမထားတော့ဘဲ ပထမဆုံး ရယ်လိုက်သည်။
“ရှင် ကျွန်မပြောတာမှတ်မိလား”
“ကို မှတ်မိပါတယ်” ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ချစ်ဇနီးလေး”
အန်းယန်က ရယ်ရခက်ငိုရခက်ဖြစ်သွားပြီးနောက် ရွှယ်အန်း၏ ပခုံးကို ညင်သာစွာပုတ်လိုက်သည်။
“ကျွန်မ အဲ့လိုလူတွေလို ကျားဖြစ်လာသလိုမျိုး မဖြစ်ချင်ဘူး။ ဒါပေမယ့် ကျွန်မအထင်တော့ အထူးသဖြင့် ကလေးနှစ်ယောက်နဲ့ ပတ်သက်ပြီး သူတို့ကို ကောင်းကောင်း စည်းကမ်းကြပ်မတ်ရမယ်။ သူတို့ကို အရမ်းဆိုးလာအောင်လုပ်ထားလို့မရဘူး။ မဟုတ်ရင် ငဆိုးလေးတွေဖြစ်သွားလိမ့်မယ်။ ရှင် မထင်ဘူးလား”
ရွှယ်အန်းက လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“အင်း”
အန်းယန်၏ ပြောစကားက အတော်အတန် အဓိပ္ပါယ်ရှိသည်။
သူ၏ အတိတ်ဘဝ ကျင့်ကြံရေးလမ်းကြောင်းတစ်လျှောက် မိသားစုကြီးများမှ ပျက်ဆီးနေသောကလေးများစွာကို တွေ့ခဲ့ရသည်။ ဤကလေးများ၏ မိဘများသည် အနည်းဆုံးအနေဖြင့်
ဤကလေးများ၏ မိဘများသည် အနည်းဆုံး အင်မော်တယ်သခင်အဆင့် သို့မဟုတ် အင်မော်တယ်ဘုရင်အဆင့်တွင်ပင်ရှိကြသည်။ အချို့သည် ရွှေအင်မော်တယ် ကျင့်ကြံရေးအဆင့်ဖြင့် မွေးဖွားလာကြကာ အလွန်ထူးချွန်သော အရည်အချင်းများ ပိုင်ဆိုင်ထားကြသည်။ ငယ်စဥ်ကတည်းက ဤကလေးများ၏ ဘဝကို စိတ်ကူးကြည့်၍ ရနိုင်သည်။
ပိုးနှင့် ထုပ်ပိုး၍ ရွှေဇွန်းကိုက်၍ မွေးဖွားလာသည်ဟူသော စကားပုံမျိုးသည် ၎င်းတို့နှင့်ယှဥ်လျှင် အလွန် နိမ့်ကျသောအတွေးများဖြစ်ပေလိမ့်မည်။ နောက်ဆုံးတွင်မူ ၎င်းတို့သည် ကြယ်စင်စနစ်တစ်ခုလုံး၏ အမွေဆက်ခံသူများဖြစ်ကြသည်။
ဤကဲ့သို့ သာယာသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာရသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များသည် မကြာခဏ လွန်ကဲသော မောက်မာမှုမျိုးဖြင့် နေထိုင်ကြရာ ရွှယ်အန်းသည် တစ်ချိန်က ထိုကဲ့သို့ စိတ်ဓာတ်ဆိုးဝါးသည့်လူများစွာကို သတ်ခဲ့ဖူးသည်။
ဤသည်ကိုတွေး၍ ရွှယ်အန်းက အန်းယန်၏ ပြောစကားမှာ လုံးဝမှန်ကန်သည်ဟုပင် ပို၍ ခံစားလာရသည်။ အဆင့်အတန်းအကြောင်း ပြောသောအခါတွင် ဤမိန်းကလေးနှစ်ယောက်သည် တစ်နေ့တွင် စကြဝဌာတစ်ခုလုံး၏ အမြင့်မြတ်ဆုံးဖြစ်တည်မှုများဖြစ်လာနိုင်သည်။
သို့သော် ၎င်းတို့ကို တစ်ချိန်လုံး အလိုလိုက်ထားပါက မလွဲမသွေ ဆိုးသွမ်းလာပေလိမ့်မည်။ ထို့ကြောင့် ရွှယ်အန်းက စိတ်ရင်းမှန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ယောက်ျား ဒီကိစ္စအပြင် ရှင် ကျွန်မစကားကို နားထောင်။ ကျွန်မလည်း အနာဂတ်မှာ ရှင်ပြောသမျှကို နားထောင်မယ်”
အန်းယန်က ရွှယ်အန်းက ဤကိစ္စများနှင့်ပတ်သက်၍ အနည်းငယ် စိတ်ထဲမတင်မကျဖြစ်မည်ကို စိုးရိမ်သည်။ နောက်ဆုံးတွင်မူ သူမ၏ ယောက်ျားသည် နတ်ဘုရားတစ်ပါးပင်ဖြစ်သဖြင့် နူးညံ့ချိုသာသောအသံဖြင့် တောင်းပန်လိုက်သည်။
ရွှယ်အန်းက အန်းယန်၏ အတွေးကို နားလည်သဖြင့် သူမ၏ နှာခေါင်းထိပ်ကလေးကို ဆွဲညှစ်လိုက်သည်။
“အရူးမလေး မင်းက ကို့မိန်းမပဲလေ။ ကို့မိန်းမစကားကိုယ်နားထောင်တာ စိတ်ထဲထားနေမလား”
ဤစကားကိုကြားသောအခါ အန်းယန်က အလွန်ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
သို့သော် ရွှယ်အန်းက ခါးကိုင်း၍ အန်းယန်၏ နားထဲသို့ ခပ်တိုးတိုးပြောလိုက်သည်။
အန်းယန်၏ မျက်နှာက နီမြန်းလာပြီးနောက် ရွှယ်အန်းကို ရှက်ရွံ့စွာဖြင့် ကြည့်ကာ နှုတ်ခမ်းကို ကိုက်လျက် ခေါင်းညိတ်လိုက်သည်။
ဤကဲ့သို့ ၎င်းတို့နှစ်ဦးကြားမှ ချစ်စဖွယ်ချိုမြိန်သောအမူအရာများက အနီးအနားရှိ လူငယ်စုံတွဲများအားလုံးကို သည်းမခံနိုင်စဖွယ်ဖြစ်စေကာ ဤသည်က ရိုးရှင်းစွာပင် ကြွားဝါနေခြင်းဖြစ်သည်ဟု တညီတညွတ်တည်း သဘောတူလိုက်ကြသည်။
ကော်ရှောင်းလျန်ကမူ ပွန်းပဲ့နေသော နှာခေါင်း၊ ဖောရောင်နေသော မျက်နှာနှင့် ထိုနေရာတွင်ထိုင်ကာ မနာလိုစိတ်ဖြင့် ကြည့်နေသည်။
သူငယ်ချင်း၊ မင်းကတကယ်တစ်ခုခုပဲ။
သြော်… သူ့ရဲ့ သနားညှာတာတတ်ပြီး နူးညံ့တဲ့မိန်းမကို ကြည့်… ငါ့မိန်းမကို….
ကော်ရှောင်းလျန်သည် တင်ပါးပေါ်တွင် လက်နှစ်ဖက်ထောက်လျက် ရပ်နေသော ချိုင်လေ့လန်ကို လျှို့ဝှက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် တုန်လှုပ်ခြောက်ခြားသွားသည်။ ထို့နောက် သူက စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်သည်။