အခန်း (၄၄၂-၄၄၄)
Vol. 30 Ch. 442-444
အခန်း(၄၄၂) မဆင်မခြင်လောင်းကြေး
ဝူယွီက စိတ်ပျက်လက်ပျက်ဖြင့် ခြေဆောင့်လိုက်သည်။ သူမက ရွှယ်အန်းကို လုံးဝမထိန်းနိုင်သဖြင့် ဒေါသတကြီးတွေးလိုက်သည်။
“ရှင်လုပ်ချင်တာသာ လုပ်တော့ ဒါပေမယ့် ရှင်ရှုံးသွားရင် ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ ရှင်မြင်လိမ့်မယ်”
ယခုအခိုက်တွင် စုဖေးယာက ရွှယ်အန်းဆီသို့ လျှောက်သွားသည်။
"လေးစားရပါသော ဆရာ၊ မိုက်ခ်နှင့် သူ့လူတွေက အရမ်းရိုင်းလွန်းပါတယ်။ ဖြစ်ခဲ့သမျှအတွက် ကျွန်မ တောင်းပန်ပါတယ်”
ယောက်ျားများစွာက အံ့သြစွာဖြင့် ငေးကြည့်နေကြသည်။ စုဖေးယာ၏ အပြုအမူများ၊ အပြောအဆိုများနှင့် ကျက်သရေရှိသော ကိုယ်နေဟန်ထားကြောင့် ထူးခြားလှပသော မိန်းကလေးဟု ယူဆနိုင်သည်။
သို့သော် ရွှယ်အန်းက ခံစားချက်ကင်းမဲ့စွာဖြင့် ပုံမှန်ကျစွာ စကားပြောလိုက်သည်။
“မင်းရဲ့ ပိရမစ်က လောင်းကြေးကို လက်ခံလိုက်ပြီဆိုတော့ ဘယ်အချိန် ဂိမ်းစကြမလဲ”
သူ့စကားများက စုဖေးယာကို လုံးလုံးလျားလျား ဂရုစိုက်ခြင်းမရှိကြောင်း သိသာနေသည်။ စုဖေးယာက အနည်းငယ်ထိတ်လန့်သွားပြီးနောက် စိတ်ထဲတွင် အတန်ငယ် အံ့သြသွားသည်။ သူမ၏ အလှတရားသည် ဘယ်သောအခါမှ မရှုံးနိမ့်ခဲ့သော လက်နက်တစ်ခုဖြစ်သည်။ သို့ထိတိုင် ဤလူငယ်က အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိပေ။ သို့သော် သူမက လေးနက်သွားကာ မည်သည့် အံ့သြမှုမျှမပြဘဲ ခပ်ပါးပါးပြုံးလိုက်သည်။
“လောင်းကြေးက များတဲ့အတွက် ကျွန်မတို့ ရှင့်ကို VIP ဟောခန်းဆီ ဖိတ်ချင်ပါတယ်” သူမက ပြောသည်။
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
“မလိုပါဘူး။ ကျုပ်ကတော့ ဒီနေရာကကောင်းတယ်လို့ထင်တယ်”
စုဖေးယာက သူမ၏ စိတ်ထဲတွင် မကျေမနပ်ဖြစ်လျက်ဖြင့်ပင် ခဏ ရပ်လိုက်သည်။ သို့သော် သူမက ထို ဘီလျံများစွာတန်သော လောင်းကြေးကို မစွန့်လွှတ်ချင်သဖြင့် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“တကယ်လို့ ဆရာက ဒီလိုလုပ်ချင်တယ်ဆိုရင်တော့ ဒီမှာပဲ လုပ်ကြရအောင်။ ဘာနဲ့လောင်းချင်လဲ ကျွန်မ မေးလို့ရမလား”
“အကုန်လုံးက အဆင်ပြေပါတယ်။ ပြဿနာသာ သိပ်မများစေနဲ့”
“ဒါဆို ရှင်က ဟွာရှားက ဖြစ်ပြီး ရိုးရိုးလေး စဥ်းစားထားတာကြောင့် အန်စာတုံး တစ်ချက်လောင်းကြမလား” စုဖေးယာက အကြံပြုသည်။
"ရပါတယ်"
အရှေ့အာရှ လောင်းကစားကျွမ်းကျင်မှု၏ ကိုယ်စားပြုအနေဖြင့် အန်စာတုံးများသည် အလွယ်တကူ
ကျွမ်းကျင်မှုဖြင့် ကစားနိုင်သောအရာများဖြစ်သည်။
‘ဒီလူက ငါနဲ့ အန်စာတုံးတွေကစားရဲတယ်ပေါ့’
‘သူက တကယ့်ကို စိတ်ကြီးဝင်နေတဲ့ပုံပဲ’
စုဖေးယာက တိတ်တဆိတ်ဝမ်းသာသွားပြီးနောက် လက်အောက်ငယ်သားများကို ပြင်ဆင်ခိုင်းလိုက်သည်။
မကြာမီတွင်ကြီးမားသော လောင်းကစားစားပွဲကို ခင်းကျင်း၍ လောင်းကစားဆက်စပ်ပစ္စည်းများကိုလည်း အသင့်ပြင်ပြီးဖြစ်သည်။
“ဆရာ ကျေးဇူးပြုပြီး အန်စာတုံးရွေးပါ”
ဆုဖေးယာက စားပွဲပေါ်မှ အသစ်ဆက်ဆက် အန်စာတုံးများကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
ရွှယ်အန်းက ဝူယွီကို ခပ်ပါးပါးပြုံးပြ၍ ပြော၏။
“မိန်းကလေးဝူ ကျွန်တော့်ကို ရွေးပေးပါ”
ဝူယွီက အနည်းငယ် အံ့သြသွားသည်။
“ကျွန်မလား”
ရွှယ်အန်းက ခေါင်းညိတ်သည်။
“မင်း ဒီမှာ အလုပ်လုပ်ဖူးတယ်လို့ ပြောတယ်မလား။ မင်း ကောင်းကောင်းသိမှာပေါ့”
ဝူယွီက ရှေ့သို့ မဝံ့မရဲတိုးကာ အန်စာတုံးကို ရွေးလိုက်သည်။
ဤသည်ကိုမြင်သောအခါ စုဖေးယာက မိုက်ခ်ကို မျက်လုံးနှင့် အချက်ပြလိုက်၏။ မိုက်ခ်က အရိပ်အမြွက်ပြလာသည်ကို နားလည်ကာ ရှေ့သို့ အမြန်တိုး၍ ခပ်တိုးတိုးပြောလိုက်သည်။
“ဒီဝူယွီက ကျွန်တော်ဆို့ဆီမှာ အလုပ်လုပ်ဖူးပါတယ်”
စုဖေးယာက မသိမသာ ခေါင်းညိတ်ပြီးနောက် ဝူယွီကို အဓိပ္ပါယ်ရှိစွာဖြင့် ကြည့်လိုက်သည်။ ထိုအချိန်တွင် ဝူယွီက အန်စာတုံးကို ရွေး၍ စားပွဲဆီသို့ လမ်းပြန်လျှောက်လာပြီဖြစ်သည်။
စုဖေးယာက ပြုံး၍ မေးသည်။
“ဆရာ ကျွန်မတို့ အရွယ်အစား ဒါမှမဟုတ် အခြားတစ်ခုခုကို လောင်းမလား”
ရွှယ်အန်းက ပေါ့ပါးစွာဖြင့် ထိုင်ခုံတွင်ထိုင်လျက် ပြောသည်။
“ဘာပဲဖြစ်ဖြစ် ရိုးရှင်းနေသရွေ့တော့ အဆင်ပြေပါတယ်”
“ကောင်းပြီ ဒါဆို အရွယ်အစားကို လောင်းကြရအောင်”
အရွယ်အစားအပေါ် လောင်းကြေးဟုဆိုသည်မှာ အန်စာတုံးမှလှိမ့်၍ရသော အမှတ်များကို နှိုင်းယှဥ်ခြင်းဖြစ်ကာ အမှတ်များလျှင်နိုင်၍ အမှတ်တူလျှင် သရေကျသည်။ ဤသည်က အခြေခံအကျဆုံး ကစားပုံပင်ဖြစ်သော်လည်း ၎င်း၏ရိုးရှင်းမှုကြောင့် ပို၍စိတ်လှုပ်ရှားဖွယ်ကောင်းသည်ဟု အတိအကျဆိုနိုင်သည်။
“ဆရာ ရှင်က ကျွန်မတို့ ပိရမစ်နဲ့ လောင်းကစားလုပ်ချင်တာဆိုတော့ ရှင်အရင်ဆုံး လှိမ့်လို့ရပါတယ်” စုဖေးယာက စိတ်ချယုံကြည်စွာပြောလိုက်သည်။
သူမ၏ အမြင်တွင် သူအရင်အန်စာတုံးခေါက်လိုက်လျှင်ပင် အရေးမကြီးပေ။
သူက အမှန်ပင် နံပါတ် ၆ကို သုံးလုံးလုံး ခေါက်နိုင်လျှင်ပင် သူမက အလွယ်တကူ သရေကျအောင်လုပ်နိုင်မည်ဖြစ်၏။
ရွှယ်အန်းက ပြုံး၍ အန်စာခွက်ဆီသို့ မသွားဘဲ ဝူယွီကို ပြုံးပြလိုက်သည်။
“မိန်းကလေးဝူ ကျွန်တော်က ဒီကိစ္စမျိုးတွေ စိတ်မဝင်စားလို့ ကျွန်တော့်အတွက် ခေါက်ပေးမလား”
ထိုစကားက ဗုံးခွံတစ်ခုနှင့်တူသည်။ ၎င်းက ဝူယွီကို အံ့သြသွားစေရုံသာမက ကြားရသူတိုင်းကိုလည်း နားကြားမှားသည်ဟု ထင်သွားစေသည်။ ဤရင်သပ်ရှု့မောဖွယ်လောင်းကြေးသည် မရေမတွက်နိုင်သော လူများစွာကို သဘာဝအတိုင်းဆွဲဆောင်နိုင်ခဲ့သော်လည်း ၎င်းတို့အားလုံးကို ကာစီနိုလုံခြုံရေးက အကွာအဝေးတစ်ခုအလွန်တွင်ထားထားသည်။ ယခုမူ ဤအကြည့်များက ရွှယ်အန်း ရူးသွားပြီဟုထင်ကြကာ တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။
ဤသည်ကို ကြားသောအခါ ကော်ရှောင်းလျန်၏ အမူအရာက ပြင်းထန်လာကာ ချိုင်လေ့လန်၏ နားထဲသို့ ခပ်တိုးတိုးပြောလိုက်သည်။
"မိန်းမရယ်၊ ငါ့သူငယ်ချင်း ရှုံးသွားရင် ငါတို့ဘာလုပ်မလဲ"
ချိုင်လေ့လန်၏အမူအရာက ရေကဲသို့ တည်ငြိမ်နေကာ အံများကို တင်းတင်းကြိတ်ထားသည်။
“ချိုင်မိသားစုက ဘယ်သူ့ကိုမှ အကြွေးတင်မခံဘူး။ သူရှုံးသွားရင် ကျွန်မ ဘာရောင်းရရောင်းရ ပြန်ဆပ်ရမှာပေါ့”
ကော်ရှောင်းလျန်က ခေါင်းညိတ်လိုက်သည်။
“ကောင်းတယ်။ မင်းပြောတာက ကိုစဥ်းစားနေတာနဲ့အတူတူပဲ။ သေစမ်း ဒီလို blackjack ဖော်မြူလာတစ်ခု ပေါ်လာဖို့က မလွယ်ဘူး၊ အခု ဒီလူမိုက်တွေက ကို့ကို လိမ်တယ်ဆိုပြီး စွပ်စွဲနေတာ။ ကိုက လိမ်စရာလိုလို့လား”
ထိုအချိန်တွင်၊ ကော်ရှောင်းလျန်၏ မျက်နှာသည် ဖြောင့်မတ်သော ဒေါသများဖြင့် ပြည့်နေ၏။
သူသည် တင်းဟွာတက္ကသိုလ်မှ သင်္ချာပညာရှင်တစ်ယောက်ဖြစ်ကာ များစွာကြိုးစားပြီးနောက်တွင် ဤလူများဆီမှ လိမ်လည်လှည့်ဖြားသည်ဟု စွပ်စွဲခံရရုံမျှမက သေချာသောအနိုင်ရပုံသေနည်းကို တီထွင်နိုင်ခဲ့သည်။
ထိုအချိန်တွင် ဝူယွီက တုန်လှုပ်နေရာမှ သတိပြန်ဝင်လာကာ လက်များကို အမြန် ဝှေ့ယမ်းလိုက်သည်။
“မလုပ်ဘူး မလုပ်ဘူး မလုပ်ဘူး”
“ဘာလို့မလုပ်ရမှာလဲ”
“ဒါက ဘီလျံကြေးလောင်းထားတာ.. ကျွန်မ…”
ရွှယ်အန်းက ပြုံးလိုက်သည်။
“မင်းရှုံးရင် မင်းပေးစရာမှမလိုတာ ဘာလို့ ကြောက်နေတာလဲ။ မင်းနိုင်ရင် မင်းရဲ့ ကျောင်းဆယ်နှစ်စာလခကို ပေးနိုင်တဲ့အထိ ငါ ဆုကြေးအကြီးကြီးပေးမယ်။
ဝူယွီက ထိတ်လန့်သွားသည်။
‘ငါ ကျောင်းတက်နေတာ သူဘယ်လိုသိတာလဲ’
စုဖေးယာက ထိုမြင်ကွင်းကို ပြုံးလျက် ကြည့်၍ သူမစိတ်ထဲတွင် ပို၍ ပို၍ သေချာလာသည်။
နောက်ဆုံးတွင် ဝူယွီက အံကြိတ်လိုက်သည်။
“ဒါဆို ကောင်းပြီ”
ဤသို့ပြောလျက် သူမက အန်စာခွက်ကို တုန်ယင်နေသောလက်များဖြင့် ကိုင်ကာ စတင်၍ ခေါက်လိုက်သည်။
သူမက ဖြည်းညှင်းစွာဖြင့် အချိန်အတန်ကြာသည်အထိ လှုပ်ယမ်းနေလိုက်သည်။ ဝူယွီက အကောင်းဆုံးကြိုးစား၍ နံပါတ်ကောင်းတစ်ခုရရန်လုပ်နေကြောင်း သိသာထင်ရှားလှသည်။
နောက်ဆုံးတွင် ခွက်ကို ချလိုက်သောအခါ ဝူယွီက မေ့လဲသွားတော့မည်ဟုပင် ခံစားရလျက် ရွှယ်အန်းကို ကြည့်လိုက်သည်။ ရွှယ်အန်းက ခပ်ပါးပါးပြုံးကာ ယင်းကို ဖွင့်ကြည့်ရန် မျက်ရိပ်မျက်ခြေပြလိုက်၏။ ဝူယွီက မျက်လုံးကို မှိတ်လျက် အဖုံးကို ဖွင့်လိုက်သည်။
ပွဲကြည့်သူများက လည်ပင်းရိုးများချိုးကာ ကြည့်ချင်စိတ်ဖြင့် အုတ်အော်သောင်းတင်းဖြစ်နေသည်။
အံစာသုံးတုံးက ပြနေသည့် နံပါတ်များသည်ကား ၅၊ ၅၊ ၆ ပင်ဖြစ်သည်။
ဝူယွီက ရှုံးတော့မည်ဖြစ်ကြောင်း သေချာနေသဖြင့် ခြေထောက်များ အားနည်းသွားသည်။
စုဖေးယာကဲ့သို့ ထိပ်တန်း လူလိမ်တစ်ယောက်အတွက် မည်သည့် အမှတ်အများဆုံးမဟုတ်သော အန်စာတုံးတိုင်းသည် ရှုံးနိမ့်ရန်သေချာသည်။
သူမတစ်ကိုယ်လုံး တုန်လှုပ်သွားပြီးနောက် ရွှယ်အန်းကို အပြစ်ကြီးစွာဖြင့် ကြည့်လိုက်မိသည်။
သို့သော် မမျှော်လင့်ဘဲ ရွှယ်အန်းသည် မစိုးရိမ်ဟန်ဖြင့် ခပ်ပါးပါးပြုံးကာ စုဖေးယာဆီသို့ လက်ကမ်းပေးလိုက်သည်။
“ကျေးဇူးပြုပြီး”
စုဖေးယာက အသံထွက်လုနီးပါး ရယ်သည်။ မျက်လုံးမှိတ်ထားလျှင်ပင် ယင်းထက်ပိုသော အမှတ်များရနိုင်သည်။ ထို့ကြောင့် သူမက မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြကာ အန်စာတုံးခွက်ကို ယူ၍ အကြိမ်အနည်းငယ်ခါလျက် အန်စာခွက်ကို ချလိုက်သည်။
"တောင်းပန်ပါတယ် ဆရာ ဒါပေမယ့် ရှင်ရှုံးမယ်ထင်တယ်"
"အိုး..ဘာလို့ဒီလိုပြောရတာလဲ" ရွှယ်အန်းက ဘာမှ မသိဟန်ဖြင့် ပြောလိုက်သည်။
"ကျွန်မရဲ့ ပင်ကိုယ်သိစိတ်က ပြောတာ။ ရှင်သိလား… မိန်းမတစ်ယောက်ရဲ့ ပင်ကိုယ်သိစိတ်က အရမ်းတိကျတယ်”
ထိုသို့ဖြင့် စုဖေးယာက အန်စာတုံးခွက်ကို ယုံကြည်မှုနှင့်မာနအပြည့်နှင့် ဖွင့်လိုက်သည်။
သို့သော် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
စုဖေးယာအနည်းငယ် ထိတ်လန့်သွားသည်။
ဘာတွေဖြစ်နေတာလဲ
သူမက အောက်ကို အမြန်ငုံ့ကြည့်ပြီးနောက် အေးခဲသွားသည်။ ယင်း၌ နံပါတ်ကြီးများက အန်စာခွက်ထဲတွင် မှောက်ယက်ဖြစ်နေသည်ကို မြင်လိုက်ရသည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
“ကြည့်ရတာ မိန်းမတစ်ယောက်ရဲ့.. ပင်ကိုယ်သိစိတ်က အမြဲမမှန်ဘူးနဲ့တူတယ်။ မဟုတ်လား”
အခန်း(၄၄၃) သန်းလေးရာ အလောင်းအစား
စုဖေးယာသည် သူမ၏ ဦးနှောက် လွတ်သွားသည့်အလား ခံစားလိုက်ရသည်၊ သူမ၏ ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့ တုန်တုန်ယင်ယင် ဖြစ်နေလျက် မျက်နှာက သေတော့မည့်အလား ဖြူဖျော့နေသည်။
ဤသည်က အမေရိကန်ဒေါ်လာ တစ်ဘီလီယံပင်ဖြစ်သည်။ စုဖေးယာက ကာစီနိုကို နှစ်ပေါင်းများစွာ စိုးမိုးခဲ့၍ အလွန်ကြွယ်ဝချမ်းသာသော်လည်း ဒေါ်လာတစ်ဘီလီယံသည် ခန့်မှန်း၍မရနိုင်သော ပမာဏတစ်ခုအဖြစ်ရှိနေဆဲဖြစ်သည်။
ထို့အပြင် စုဖေးယာက အလွန်သေချာသည်။ သူ့သူဌေးက ဤအကြောင်းကို သိလိုက်သည်နှင့် အကြွေးဆပ်ရန် လျော်ကြေးရရန်အတွက် သူမ၏ခန္ဓာကိုယ်ကို အသုံးပြုကာ အများပိုင်ကျွန်တစ်ယောက်ဖြစ်လာရန် အာဖရိကရှိ နိုင်ငံငယ်လေးသို့ စေလွှတ်မည်မှာ သေချာသည်။
ထိုကြောက်စရာကောင်းသော မြင်ကွင်းတွေးလျက် စုဖေးယာ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
မဟုတ်ဘူး
သူမရှုံးရဘူး
ထိုအချိန်တွင် ကြည့်ရှုသူပရိသတ်များသည် ၎င်းတို့၏ ကနဦး တုန်လှုပ်ချောက်ချားမှုမှ ပြန်လည်ကောင်းမွန်လာကာ ရွှင်လန်းစပြုလာသည်။ ချိုင်လေ့လန်နှင့် ကော်ရှောင်းလျန်တို့သည် အကြည့်ချင်းဖလှယ်ကြ၍ နှစ်ယောက်လုံး စိတ်သက်သာရာရသွားကြသည်။
သို့သော် ဝူယွီသည် မြင်ကွင်းကို အံသြစွာ စိုက်ကြည့်နေသည်။
‘ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’
ဝူယွီက စုဖေးယာအကြောင်းကို ကောင်းစွာသိသည်။
‘ဒီလိုမျိုး လူသစ်တစ်ယောက်ပဲလုပ်မယ့်အမှားမျိုးကို သူဘယ်လိုလုပ်လုပ်မှာလဲ’
‘ဘာတွေဖြစ်နေတာလဲ’
‘ဒါပေမယ့် ဘာပဲဖြစ်ဖြစ်၊ နိုင်တာက ကောင်းတဲ့အရာပဲ’
ဝူယွီက သက်ပြင်းတစ်ချက်ချကာ ကောင်းကင်ဘုံရှိ ဘုရားများနှင့် ဗုဒ္ဓအားလုံးကို တိတ်တဆိတ် ကျေးဇူးတင်စကားဆိုလိုက်သည်။ ထိုအချိန်တွင် စုဖေးယာက ရုတ်တရက် ထရပ်ကာ ရွှယ်အန်းကို စူးစိုက်ကြည့်နေသည်။
“ရှင် လာလိမ်နေတာလား”
ရွှယ်အန်းက စကားမပြောမီ ချိုင်လေ့လန်က ထထွက်လာကာ အော်လိုက်သည်။
“လူတိုင်းမြင်လိုက်တယ်။ လူကြီးမင်းရွှယ်က အန်စာတုံးခွက်ကိုလုံးဝမကိုင်လိုက်ဘူး။ သူဘယ်လိုလုပ် လိမ်လို့ရမှာလဲ။ စိတ်စွမ်းအင်နဲ့လား”
“ဟုတ်တယ် မင်းရှုံးမဲမဲပြီး ဆင်ခြေပေးဖို့ ကြိုးစားနေတာလား” ကော်ရှောင်းလျန်က ရယ်မောကာ ပြောလိုက်သည်။
ကြည့်ရှုသူများ အချင်းချင်း စတင်ဆွေးနွေးခဲ့ကြသော်လည်း ရွှယ်အန်းက ဂိမ်းကို လှည့်စားနိုင်လိမ့်မည်ဟုမထင်ကြပေ။
နောက်ဆုံးတွင်မူ သူက ဤတစ်ချိန်လုံး အဝေးတွင် ထိုင်နေခဲ့ခြင်းသာဖြစ်သည်။ စုဖေးယာက ဆွေးနွေးမှုများကို လျစ်လျူရှု့၍ ရွှယ်အန်းကို စူးစိုက်ကြည့်နေသည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ထင်ယောင်ထင်မှားများဖြစ်နေခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် သူမနားလည်သဘောပေါက်ခဲ့သည်။ ဤလူသည် တရုတ်နိုင်ငံမှ ထိပ်တန်းအဆင့်ကျွမ်းကျင်သူတစ်ဦးဖြစ်သည်ကို သူမနားလည်ခဲ့သည်။
‘အသစ်စက်စက်လေးကို ဖမ်းမိပြီဟု သူမထင်ခဲ့ခြင်းက အလွန် ရယ်စဖွယ်ကောင်းလှသည်။
ရွှယ်အန်းက အဆိုပါစွပ်စွဲချက်ကိုကြား၍ အတည်ပြုခြင်း၊ ငြင်းဆိုခြင်းမရှိသော်လည်း စပျစ်သီးတစ်လုံးကို အေးအေးဆေးဆေး အခွံခွာကာ ပါးစပ်ထဲသို့ ပစ်ထည့်လျက် ဖြည်းညှင်းစွာဝါးလိုက်သည်။
ထို့နောက် ရွှယ်အန်းရယ်မောလိုက်သည်။
"အရှုံးကိုလက်မခံနိုင်ဘူးလား"
စုဖေးယာက အံကြိတ်လျက် မည်သည့် စကားမျှမပြောနိုင်တော့ပေ။
“ဟားဟား” ရွှယ်အန်းက သူမကို လျစ်လျူရှု့ကာ ဝူယွီဘက်သို့လှည့်၍ ပြောလိုက်သည်။
“မင်းနိုင်သွားတာလား”
ဝူယွီက ခေါင်းညိတ်လိုက်သည်။
“နိုင်ပြီ တစ်ဘီလီယံ”
ဝူယွီသည် ယခုအခါ ရွှယ်အန်းကို အလွန်လေးစားနေပြီဖြစ်ကာ သူ့အတွက် အကူအညီဖြစ်ခဲ့သောကြောင့် အလွန်ပျော်နေသည်။
‘ဒီလူက သာမန်လူမဟုတ်တာသေချာတယ်’
ဤသည်ကိုကြားသောအခါ ရွှယ်အန်းက ရယ်မောလိုက်သည်။
“တစ်ဘီလီယံ.. အာ ဒါဆို အခု ငါ့မှာ ဘီလီယံနှစ်ဆယ်ရှိပြီပေါ့”
ဝူယွီက အနည်းငယ် အံ့သြသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ဟုတ် မှန်တယ်”
“ဒါဆိုကောင်းပြီ” ရွှယ်အန်းက စုဖေးယာဘက်သို့ လှည့်ကြည့်လိုက်သည်။
“နောက်တစ်ကြိမ်ဆော့ချင်သေးလား။ အခု လောင်းကြေးက နှစ်ဆယ်ဘီလီယံပဲ”
ခန်းမထဲမှ လူများအားလုံး တိတ်ဆိတ်သွားကြသည်။ ဝူယွီက အလွန်ဒေါသထွက်လွန်းသောကြောင့် ပေါက်ကွဲလုမတက်ဖြစ်နေသည်။
‘ဒီလူ ဘယ်လောက်တောင် လောဘကြီးတာလဲ’
‘တစ်ဘီလီယံနိုင်တာ သူ့အတွက် မလုံလောက်ဘူးလား’
‘သူက တကယ်ဆက်ပြီး လောင်းချင်နေသေးတယ်ပေါ့’
သို့သော် စုဖေးယာအတွက်မူ အသက်သွေးကြောကို ဖမ်းဆုပ်ထားသည့်အလား သူမက ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ ကျွန်မ လောင်းမယ်”
ဤသည်ကား သူမအတွက် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ တကယ်တမ်းတွင် နှစ်ဆယ်ဘီလီယံမဆိုနှင့် ဆယ်ဘီလီယံအထိပင် လိုက်နိုင်မည်မှာမသေချာပေ။ သို့သော် အခြေအနေများကို ကျော်လွှားရန် အခွင့်အရေးရရန်အတွက် စုဖေးယာက အားလုံးလောင်းရန်ဆုံးဖြတ်လိုက်သည်။
ဒီတစ်ကြိမ်တွင် စုဖေးယာက အန်စာတုံးကို အရင်လှိမ့်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် ဤကဲ့သို့ တစ်ကြိမ်တစ်ခါမျှ လေးနက်စွာဖြင့် အန်စာတုံးကိုမခေါက်ခဲ့ဖူးပေ။
အချိန်အတော်ကြာပြီးနောက်ဆုံးတွင် အန်စာတုံးခွက်ကိုချ၍ အသက်ပြင်းပြင်းရှူကာ အဖုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ စုဖေးယာက သူမ လောင်းကြေးထပ်ခဲ့စဥ်ကတည်းက ခွက်အတွင်းရှိ အန်စာတုံးများက သုံးခုလုံး ခြောက်တွင်ရှိနေကြောင်း သေချာသည်။ သို့သော် အဖုံးကို ဖွင့်လိုက်ပြီးနောက် သူမ ချက်ချင်းအံ့အားသင့်သွားသည်။
တစ်ဖန် သိသာကြီးမားသော အနီရောင်အစက်သုံးစက်ပေါ်လာပြန်သည်။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက အော်ဟစ်အားပေးကြသည်။
စုဖေးယာသည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသည့်အလား ခံစားလိုက်ရကာ သူမ၏ အမြင်အာရုံများ မှောင်မိုက်လျက် မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်နေသည်။
မိုက်ခ်ကရှေ့သို့ အမြန်ပြေးလာ၏။
“မိန်းကလေး”
"မြန်မြန် သူဌေးကို အကြောင်းကြားပါ"
စုဖေးယာသည် ဤကိစ္စကို ဖုံးကွယ်၍မရနိုင်မှန်း သေချာပေါက်သိသည်၊ ၎င်းမှာ သူမထိန်းချုပ်နိုင်သည့်အရာမဟုတ်တော့ပေ။ မကြာခင်တွင် သူဌေးရောက်လာလိမ့်မည်ဟု သူမမျှော်လင့်ထားသည်။
“ဟုတ်” လျို့ဝူက ပြောလိုက်သည်။
"သူနဲ့အတူ ပါလာတဲ့သူတွေ အပါအဝင် ဒီလူကို အနီးကပ် စောင့်ကြည့်နေပါ။ တစ်ယောက်မှ မလွတ်စေနဲ့"
"နားလည်ပြီ" လျို့ဝူချက်ချင်း ခေါင်းညိတ် သဘောတူလိုက်သည်။
မိုက်ခ်က သူဌေးကို သွားခေါ်နေစဥ် ဝူယွီက အန်စာတုံးများကို ခေါက်လျက် ခွက်ကို ဖယ်ကြည့်လိုက်သည်။
‘ခြောက်သုံးလုံး’
ဤရလဒ်သည် စုဖေးယာ၏နှလုံးသားအတွင်းမှ နောက်ဆုံးမျှော်လင့်ချက်မီးတောက်ကို ငြိမ်းစေကာ စားပွဲပေါ်သို့ လဲကျသွားတော့သည်။ ဝူယွီက သက်ပြင်းတစ်ချက်ချ၍ လေးနက်သောအမူအရာနှင့် ရွှယ်အန်း၏ အနားသို့လျှောက်သွား၏။
“လူကြီးမင်းရွှယ် မစ်ရှင်ပြီးပါပြီ”
ရွှယ်အန်းက ပြုံးလိုက်သည်။
“ကျေးဇူးပါ”
ဝူယွီက ရွှယ်အန်းကို ဒေါသတကြီးကြည့်နေသည့် လုံခြုံရေးဝန်ထမ်းများဘက်သို့ လှည့်ကြည့်လိုက်သည်။
“လူကြီးမင်းရွှယ် ဒီအခြေအနေက လွတ်သွားပေမယ့် လူတော်တော်များများက စောင့်ကြည့်နေတာမို့လို့ ပိရမစ်မှာ သူတို့အခု နောက်ဆုတ်ရဲတော့မှာမဟုတ်ဘူး။ မဟုတ်ရင် ကာစီနိုတွေပိတ်သွားရလိမ့်မယ်’
‘ဒါပေမယ့် ကျွန်မတို့ ပိုက်ဆံရပြီဆိုတာနဲ့ ဒီလူတွေ တစ်ခုခုကြံစည်မှာစိုးတယ်။ ဒါ့ကြောင့် ကျွန်မတို့ ပိုက်ဆံကို လူတိုင်းရှေ့မှာယူပြီး ထွက်သွားသင့်တယ်။ မဟုတ်ရင် ကျွန်မတို့ ဒီလမ်းပေါ်က ထွက်သွားနိုင်တော့မှာမဟုတ်ဘူး”
ရွှယ်အန်းက ဝူယွီကို သဘောကျသောအရိပ်အမြွက်ဖြင့် ကြည့်လိုက်သည်။
‘ဒီကောင်မလေး စိတ်တွေ တော်တော် ကြည်လင်နေတာပဲ’
ထို့နောက် သူက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ ငါသိပြီ”
ဝူယွီက တစ်စုံတစ်ခု ထပ်ပြောချင်နေသည့်အလား နှုတ်ခမ်းကို ကိုက်လိုက်၏။
ထိုအချိန်တွင် သက်တော်စောင့်အဖွဲ့အများအပြားရောက်ရှိလာသည်။ မိုက်ခ်က ဆေးပြင်းလိပ်သောက်နေသော လူဖြူအဖိုးကြီးတစ်ဦး၏ ရှေ့မှ လမ်းကိ ဂရုတစိုက်ဖယ်လျက် နောက်မှလိုက်လာသည်။
“ဒါ မစ္စတာကာနေ့ခ်ပဲ”
အော်ဟစ်သံများက လူအုပ်ကြားထဲ ပျံ့နှံ့သွားသည်။ ကာနေ့ခ်က စားပွဲဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။
စုဖေးယာက ယခု ရှက်ရွံ့စွာဖြင့် ရှေ့သို့ ထွက်လာသည်။
“သူဌေး”
ကာနေ့ခ်က သူ့လက်ကို ဝှေ့ယမ်းကာ တိတ်ဆိတ်နေရန် အချက်ပြလိုက်ပြီးနောက် စားပွဲအနားတွင် သူ့လက်ကို ထောက်ကာ ရွှယ်အန်းကို သိမ်းငှက်ကဲ့သို့ မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ခန်းမက တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
ဗရုတ်သုတ်ခ လူအုပ်ကြီးသည်လည်း ဆောင်းရာသီ၏ ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်သွားသည်။
နောက်ဆုံးတွင်မူ လက်စ်ဗီးဂတ်စ်မြို့တွင် ကာနေ့ခ်က ဧကရာဇ်နှင့်တူသည်။ ဝူယွီက ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားကာ မျက်နှာတစ်ခုလုံး ဖြူဖျော့လျက် နှလုံးခုန်သံများ မြန်ဆန်လွန်းလှသဖြင့် လည်ချောင်းမှ ခုန်ထွက်လာတော့မည်ထင်ရသည်။ သို့သော် ရွှယ်အန်းက ငြိမ်သက်စွာထိုင်နေ၍ ခံစားချက်ကင်းသောအမူအရာဖြင့် ကာနေ့ခ်၏ အကြည့်ကို လုံးလုံးလျားလျား လုံးလုံးလျားလျား လျစ်လျူရှုထားသည်။
ခဏအကြာတွင် ကာနေ့ခ်က အနည်းငယ် ပြုံးလိုက်သည်။
"ဒီနေ့ တရုတ်က ဆရာတစ်ယောက်နဲ့ တွေ့ဖို့ မမျှော်လင့်ထားပါဘူး၊ ငါ့ဘဝ သုံးခုမှာ တကယ်ကို ကံကောင်းခြင်းပဲ"
သူက တရုတ်ဘာသာစကားဖြင့် ပြောသည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
“ခင်ဗျားတရုတ်လိုပြောတာ တော်တော်ကောင်းတာပဲ”
“ကျေးဇူးတင်ပါတယ် ဒါပေမယ့် လူကြီးလူကောင်းရဲ့ နာမည်ကို မေးလို့ရမလား"
ရွှယ်အန်းက သူ့ခေါင်းကို ညင်သာစွာ ခါလိုက်သည်။
"ငါ့နာမည်က အရေးမကြီးဘူး။ အရေးကြီးတာက... လက်ရှိဂိမ်းပဲ"
ဤသို့ပြော၍ ရွှယ်အန်းက စားပွဲကို ညင်သာစွာပုတ်လျက် ကာနေ့ခ်ကို သက်တောင့်သက်သာရှိစွာ ကြည့်လိုက်သည်။ စုဖေးယာက ဖြူဖျော့လျက် ခန္ဓာကိုယ်တစ်ခုလုံး ပြိုလဲသွားသကဲ့သို့ တုန်ခါနေသည်။
သို့သော် ကာနေ့ခ်က သူ၏ ဆေးပြင်းလိပ်ဗူးထဲမှ တစ်လိပ်ကိုယူ၍ ရှိုက်လိုက်ရာ ဝေ့ဝဲနေသော မီးခိုးငွေ့များကြားတွင် သူ့မျက်လုံးများအနည်းငယ် ကျဥ်းမြောင်းသွားသည်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ချနိုင်ပါတယ်၊ ပိရမစ်ဟာ ဘယ်တော့မှ အကြွေးတင်မခံပါဘူး”
ဤသို့ပြော၍ ကာနေ့ခ်၏နောက်မှ ဝန်ထမ်းတစ်ယောက်က ရှေ့သို့တိုးလာ၍ စားပွဲပေါ်တွင် ကဒ်သုံးကဒ်တင်လိုက်သည်။
"ဒါတွေက ဆွဇ်ဘဏ်က ထုတ်ပေးတဲ့ အမြင့်ဆုံးကတ်တွေဖြစ်ပြီး တစ်ခုချင်းစီကို ဒေါ်လာ ဘီလီယံနဲ့ချီပြီး ထုတ်ပေးပါတယ်။ မင်း အချိန်မရွေး စစ်ဆေးနိုင်ပါတယ်" ကာနေ့ခ်က ဘာသိဘာသာပြောသည်။
ရွှယ်အန်းက ပြုံးပြုံးရွှင်ရွှင်နှင့်ပြော၏။
“ဝူယွီ၊ အဆင်ပြေရင်… ”
ဝူယွီက နာခံစွာဖြင့် ရှေ့သို့ တိုး၍ ဘဏ်ကဒ်များကို ယူကာ နောက်ဆုံးတွင် တည်ငြိမ်မှုအချို့ကို ခံစားလိုက်ရသည်။ သို့သော် ရွှယ်အန်း၏ နောက်ထပ်စကားတစ်ခွန်းက သူမကို အံ့အားသင့်ကာ ရပ်တန့်သွားစေသည်။
“အခု ငါ့မှာ စုစုပေါင်း ဒေါ်လာ ဘီလီယံလေးဆယ်ရှိနေပြီ။ မင်း … နောက်တစ်ခေါက် လောင်းဖို့ စိတ်ဝင်စားလား”
(၄၄၄) အရာအားလုံးကို လွှမ်းမိုးထားခြင်း
ဘမ်း
ခန်းမတစ်ခုလုံးအတွင်းသို့ ကြီးမားသော ဗုံးတစ်လုံး ပစ်လွှတ်လိုက်သည့်အလား ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။
အားလုံးက ရွှယ်အန်းကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
‘ဒီလူက ကမ္ဘာပေါ်မှာ ဘာလုပ်ချင်တာလဲ။
ပိုက်ဆံအများကြီးရပြီးမှတောင် မကျေနပ်သေးတာ ဖြစ်နိုင်ပါ့မလား’
ကာနေ့ခ်၏ အမူအရာက မှောင်မိုက်သွားကာ မျက်လုံးများထဲ၌ ဒေါသအငွေ့အသက်များ မသိမသာ ထွက်ပေါ်လာသည်။
“လူသားတွေက လောဘကြီးသင့်တာမှန်ပေမယ့် သူတို့ရဲ့ စွမ်းရည်က လောဘနဲ့မကိုက်ညီရင် အဲ့လိုမျိုး စုံလုံးကန်းနေတာက အဆုံးမဲ့ ရှုံးနိမ့်မှုတွေကိုသာ ပေးနိုင်လိမ့်မယ်”
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“ပြောတာ အဓိပ္ပါယ်ရှိသလိုပဲ။ ဒါပေမယ့် ဒါက ငါ့အတွက် အဓိပ္ပါယ်မရှိဘူး။ ငါမင်းကိုမေးနေတယ်… ဒီလောင်ကြေးကို လက်ခံရဲလား”
‘ဒီလူက တကယ်ပဲ လောဘကြီးလွန်းလို့ ရူးသွားပြီထင်တယ်”
‘သူဌေးကို တကယ်ရန်စရဲတယ်ပေါ့’
‘ဒီမြေမှာ သူဌေးကမှ တကယ့်အုပ်စိုးရှင်ဆိုတာ သူမသိဘူးလား’
သို့သော် သူက ဤသို့ ဆက်ဆံလေလေ သူမအတွက် ပိုမို အကျိုးရှိလေလေဖြစ်ကာ စိတ်ထဲတွင်ကြံစည်နေသော စုဖေးယာ၏ မျက်နှာ၌ အပြုံးတစ်ခု မသိမသာထွက်ပေါ်လာသည်။ ကာနေ့ခ်က မှုန်ကုပ်ကုပ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဒါပေါ့ ငါ လက်ခံရဲတယ်။ ပိရမစ်က လက်မခံရဲတဲ့ လောင်းကစားဆိုတာ ဒီကမ္ဘာမှာမရှိဘူးကွ”
“ဒါပေမယ့် ပြဿနာက မင်းအခု ငါနဲ့ ဘာလောင်းမလဲဆိုတာပြ။ မင်းရဲ့ လောင်းကစားရုံက ကြီးရင်တောင် အလုပ်အရင်းအနှီးက ဆယ်ဘီလီယံပဲရှိတယ်။ အခု အဲ့တာက ငါ့လက်ထဲမှာ။ ဒီအကြိမ်အတွက် မင်းတို့ ဘာလောင်းမယ်လို စီစဥ်ထားလဲ”
ရွှယ်အန်း၏ သွယ်လျသော လက်ချောင်းများက စားပွဲပေါ်တွင် ညင်သာစွာ ခေါက်နေလျက် ကာနေ့ခ်ကို ပြုံး၍ကြည့်နေသည်။ ကာနေ့ခ်၏ မျက်နှာက အလွန် အရုပ်ဆိုးသွားသည်။
မိုက်ခ်နှင့်အခြားသူများက ဝင်ပါရန် ခက်ခက်ခဲခဲ ထိန်းထားရသော်လည်း ကာနေ့ခ်၏ အကြည့်ကြောင့် ၎င်းတို့ ရပ်တန်သွားကြသည်။ သူ့အတွက်၊ ဤတရုတ်အမျိုးသားကို ကိုင်တွယ်ရန် လိုအပ်သော်လည်း ကာစီနို၏ ဂုဏ်သိက္ခာကိုကျဆင်းစေလိမ့်မည်ကို စိုးရိမ်သောကြောင့် လူမြင်ကွင်းတွင်တာဝန်ယူ၍ မရပေ။
‘မင်းကို ခဏလောက်သောင်းကျန်းခွင့်ပြုထားလိုက်မယ်။ ဒီကိစ္စကို နောက်မှ ဖြေရှင်းကြမယ်’ ကာနေ့ခ်က ခါးသက်စွာတွေးလိုက်သည်။
"မင်းပြောတာ မှန်ပါတယ်၊ ငါတို့မှာ အခုလောက် ပိုက်ဆံအများကြီးမရှိဘူး၊ ဒါပေမယ့် ဒီကာစီနိုတစ်ခုလုံးကို မင်းနဲ့ငါ လောင်းနိုင်တယ်" ကာနေ့ခ်က လေးနက်စွာ ကြေငြာခဲ့သည်။
ထိုအချိန်တွင် ဝူယွီက ခယသော လေသံဖြင့် တောင်းပန်လုနီးပါးပြောလိုက်သည်။
“နောက်ထပ် ရှေ့ဆက်မတိုးပါနဲ့တော့။ သူနဲ့ မလောင်းပါနဲ့. ကျွန်မတို့ထဲက တစ်ယောက်မှ ထွက်သွားနိုင်မှာမဟုတ်တော့ဘူး”
ဝူယွီက ကာနေ့ခ်၏ လောင်းကစားရုံတစ်ခုလုံးကို လောင်းမည်ဟူသော စကားက နေရာတစ်ခုမျှကိုသာဆိုလိုခြင်းဖြစ်ကြောင်းရှင်းလင်းစွာသိသည်။
ရွှယ်အန်း အနိုင်ရခဲ့လျှင်ပင် ဝန်ထမ်းအားလုံးက ကာနေ့ခ်၏ လူများဖြစ်ကြသောကြောင့် ခန်းမထောင့်တစ်ခုစီ၌ မရင်းနှီးသောမျက်နှာများ ပေါ်လာသည်ကို သူမ သတိပြုမိသည်။ ရှင်းလင်းနေသည်မှာ ၎င်းတို့က အသစ်ချထားသော လုံခြုံရေးအစောင့်များပင်ဖြစ်၏။ ဝူယွီက ယခု လွတ်မြောက်ရန် လမ်းကြောင်း ရှာမတွေ့ပါက ၎င်းတို့အတွက် သင်္ချိုင်းနေရာမရှိတော့ကြောင်း သေချာသည်။
“မိန်းကလေးဝူ သိပ်စိတ်ပူစရာမလိုပါဘူး။ မစ္စတာကာနေ့ခ်က ရိုးသားတဲ့လူတစ်ယောက်လို့ ကျွန်တော် ယုံပါတယ်။ သူက ကာစီနိုတစ်ခုလုံးကို ကျွန်တော်နဲ့ နောက်တစ်ကြိမ် လောင်းကစားဖို့ ဆန္ဒရှိနေတယ်လို့ ပြောတဲ့အတွက် ကျွန်တော် သူ့ကို အဖော်ပြုပေးလိုက်ပါမယ်”
လူအုပ်ကြီးက တုန်လှုပ်သွားသည်။ ကော်ရှောင်းလျန်နှင့် ချိုင်လေ့လန်၏ ပါးစပ်များ ဟနေ၍ တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်တကြားကြည့်နေကြသည်။ ရွှယ်အန်း၏ လုပ်ရပ်များကို ၎င်းတို့ ဆက်လက်၍ မဆင်မခြင်ဟူသော စကားလုံးဖြင့် မဖော်ပြနိုင်တော့ပေ။ ဤသည်ကား ကိုယ့်သေတွင်းကိုယ် တူးနေခြင်းဖြစ်သည်။ သို့သော် ချိုင်လေ့လန်က တစ်စုံတစ်ရာဖြစ်ခဲ့ပါက ဦးစွာလှုပ်ရှားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
“ဘာကစားကြမလဲ” ကာနေ့ခ်က မေးသည်။
“ဘာပဲဖြစ်ဖြစ်”
ထိုအချိန်တွင် စုဖေးယာက ကာနေ့ခ်၏ နားထဲသို့ တစ်စုံတစ်ခုကို ခပ်တိုးတိုးပြောလိုက်သည်။
"ဒါဆို ဖဲကစားရအောင်။ အရိုးရှင်းဆုံး အမျိုးအစား"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ဝမ်းသာပါတယ် ”
အသစ်စက်စက်ဖဲချပ်များ ယူလာပို့သည်။ ဤတစ်ကြိမ်၌ ကာနေ့ခ်ကိုယ်တိုင်က စင်ပေါ်သို့ တက်လာ၏။ အတွေ့အကြုံအရှိဆုံး သက်တမ်းရင့် ဖဲဝေသူတစ်ဦးနှင့်အတူ ဤတစ်ကြိမ်တွင် ကာနေ့ခ်ကိုယ်တိုင် ဖဲများကို ချိုးလိုက်သည်။
“မိန်းကလေးဝူ မင်းကို လုပ်ခိုင်းမယ်” ရွှယ်အန်းက ပြုံး၍ပြော၏။
ဝူယွီ၏လက်များ တုန်ခါသွားသည်။ ဤအရာတွင် အံ့အားသင့်ဖွယ် လောင်းကြေးတစ်ခုအဖြစ် အမေရိကန် ဒေါ်လာဆယ်ဘီလီယံပါသည်။ အနိုင်ရသူကို တစ်ချီတည်းဖြင့် ဆုံးဖြတ်ပေးမည်ဖြစ်သောကြောင့် အပိုဖဲများ သို့မဟုတ် အစမ်းကစားခြင်းမျိုးမရှိပေ။ နှစ်ဖက်စလုံးက ၎င်းတို့၏ ဖဲများကို အပြတ်အသတ်ခွဲလိုက်ကြသည်။ ကစားသမားတစ်ဦးစီအတွက် ငါးကတ်ရမည်ဖြစ်ကာ ကတ်များရပြီးနောက် ကာနေ့ခ်က မည်သည့်လှုပ်ရှာမှုမျှ မပြပေ။ သူက မျက်နှာချင်းဆိုင်မှ ရွှယ်အန်းကို တစ်ချက်ကြည့်ကာ ဤတရုတ်အမျိုးသား၏ နုနယ်လွန်းသော မျက်နှာမှ အရိပ်အမြွက်ရနိုင်ရန် ကြိုးစားနေသည်။
သို့သော် ရွှယ်အန်း၏ မျက်နှာထက်မှ မည်သည့် ကြောက်လန့်မှုကိုမျှ မမြင်ရဘဲ တည်ငြိမ်သော အပြုံးကိုသာ မြင်လိုက်ရသောကြောင့် သူစိတ်ပျက်သွားသည်။
‘ဒီလူက တကယ်ပဲဘယ်သူလဲ’
ကာနေ့ခ်က စိတ်ထဲတွင် တွေးလိုက်သည်။ သူက ဤလူ၏ ထောက်အထားကို စုံစမ်းရန် တစ်စုံတစ်ဦးကို အစောပိုင်းကတည်းက ညွှန်ကြားနှင့်ပြီးဖြစ်ရာ မကြာမီတွင် ရလဒ်များ ထွက်လာသင့်သည်။
ကာနေ့ခ်က တွေးလျက် ဆေးပြင်းလိပ်တစ်လိပ်ကို နှုတ်ခမ်းတွင်ကိုက်ကာ ရှေ့မှ ကတ်များကို လက်ထဲသို့ ဖြည်းညှင်းစွာ ယူလိုက်သည်။ စုဖေးယာက ဘေးမှစိုးရိမ်တကြီး ကြည့်နေသည်။ ဤသည်က သူမ၏ ကံကြမ္မာနှင့် ဘဝတစ်ခုလုံးနှင့် သက်ဆိုင်သည်။
ပထမဆုံးထွက်လာသောဖဲသည်ကား ကင်းနှင့် စပိတ်ပင်ဖြစ်သည်။ စုဖေးယာက ဖဲဝေသူကိုကြည့်ကာ နှလုံးသားက ခုန်တက်သွားသည်။ ဆံပင်ဖြူအဖိုးကြီးက မသိမသာ ခေါင်းညိတ်ပြလိုက်သည်။
စုဖေးယာ၏နှလုံးသားက တည်ငြိမ်သွား၏။
ဤ သာမန်လူအိုကြီးဟုထင်ရသော အဖိုးကြီးသည် အမှန်တကယ်တမ်းတွင် ပိရမစ်ကာစီနို၌ အရည်အချင်းအရှိဆုံး လူလိမ်ပင်ဖြစ်ရာ စုဖေးယာပင်လျှင် သူ့ကို လေးစားပြရန်လိုသည်။
အထူးသဖြင့် ဤသူက ဖဲချပ်ကစားရာ၌ အလွန်ထူးချွန်၏။ ထို့ကြောင့် ဤအကြိမ်တွင် အနိုင်ရတော့မည်မှာ သေချာသလောက်ရှိသည်။ ကာနေ့ခ်၏ လက်ကလည်း အနည်းငယ်တုန်ယင်နေသည်။ သို့သော် ကဒ်ငါးကဒ်လုံးကို ကြည့်လိုက်ပြီးနောက် မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာသည်။
“9,10,J,Q,K… စပိတ် ကင်း ဆရာ မင်းသေချာပေါက် ရှုံးပါပြီ”
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ထိုသို့ရနိုင်ရန် အလွန်ခဲယဥ်းလှသည်။
ထိုအချိန်တွင် ကာစီနို၏လုံခြုံရေးဝန်ထမ်းများက ရွှယ်အန်းထွက်ပြေးမည်ကို စိုးရိမ်နေသကဲ့သို့ တိတ်တဆိတ် ဝိုင်းဖွဲ့နေကြသည်။ စိတ်အနှောက်အယှက်ကင်းစွာဖြင့် ရွှယ်အန်းက တုန်လှုပ်နေသော ဝူယွီကိုပြုံးပြလိုက်သည်။
“မိန်းကလေးဝူ ဘာလို့ ကတ်တွေ ထုတ်မပြတာလဲ”
ဝူယွီတွင် မျှော်လင့်ချက်မရှိတော့ပေ။ သူမက ဖဲဝေသူမှ တစ်ခုခု ကြံစည်ထားသည်ကို သိသည်။ ဤသို့မှမဟုတ်လျှင် ဤကဲ့သို့ တော်ဝင်ကဒ်များရနိုင်ရန်မဖြစ်နိုင်ပေ။ ထိုသို့ စိတ်ပိုင်းဖြတ်ထားသော နှလုံးသားဖြင့် သူမက ကတ်များကိုဆွဲယူကာ မျက်လုံးကိုမှိတ်လျက် စိတ်အားထက်သန်စွာလှန်ကြည့်လိုက်သည်။
အိုး
‘ဘာလို ဘာအသံမှထွက်မလာတာလဲ’
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝူယွီက အံ့အားသင့်စွာ မျက်လုံးဖွင့်လိုက်သည်။ ကာနေ့ခ်နှင့် အခြားသူများက သူမကို ပါးစပ်အဟောင်းသားနှင့်ကြည့်နေသည်ကို မြင်လိုက်ကြရသည်။
ကာနေ့ခ်က ဆေးပြင်းလိပ်က စားပွဲပေါ်သို့ ပြုတ်ကျသည်အထိ သတိလွတ်လုမတက်ဖြစ်သွားသည်။
“အင်း… ဒါက အမှတ်အများဆုံးပဲ” စုဖေးယာက တစ္ဆေမြင်လိုက်ရသည့်အလား ရေရွတ်လိုက်သည်။
ရွှယ်အန်း၏ လက်ထဲ၌ 10, J, Q, K, A of hearts ကို ကိုင်ထားသည်။
၎င်းက ဖဲဂိမ်းတစ်ခုလုံး၌ အမှတ်အများဆုံးဖြစ်ကာ အခြားအရာများအားလုံးကို ကျော်လွှားနိုင်သည်။
ဤတစ်ကြိမ်တွင် ကြည့်သူများက မပျော်ကြတော့ပေ။
၎င်းတို့အားလုံး တုန်လှုပ်ခြောက်ခြားသွားသောကြောင့်သာဖြစ်၏။
ဝူယွီက ရွှယ်အန်းကို တစ်စုံတစ်ခုနားလည်သွားသည့်အလား မျက်လုံးများဖြင့် ရိုသေစွာကြည့်နေသည်။ ကာနေ့ခ်က ရုတ်တရက် ထရပ်လျက် ရွှယ်အန်းကို စိုက်ကြည့်လိုက်သည်။
“ကောင်လေး မင်း ငါ့ကို ကစားနေတာလား”
ရွှယ်အန်းက သူ့လက်များကို မြှောက်ပြကာ ဘာသိဘာသာပြောလိုက်၏။
“လူတိုင်းမြင်လိုက်ပါတယ်။ ငါ တုပ်တုပ်တောင်မလှုပ်ဘဲ ဒီမှာထိုင်နေတာလေ။ ကတ်တွေကိုတောင် မထိဘူး။ ငါမင်းကို ဘယ်လို ကစားရမှာလဲ”
ကာနေ့ခ်က ဖဲဝေသူဘက်သို့ လှည့်သွားသည်။
ဖဲဝေသူအဘိုးကြီးက ချွေးများထွက်ကာ ခေါင်းခါလျက် တုန်ယင်နေ၍ သူနှင့် ဤကိစ္စမသက်ဆိုင်ကြောင်း ပြောနေသည်။
ထိုအချိန်တွင် ရွှယ်အန်းက ဘောပင်နှင့် စာရွက်တစ်ရွက်ကို အံ့ဖွယ်ကောင်းစွာထုတ်လိုက်သည်။
“မစ္စတာကာနေ့ခ် လောင်းကြေးက လောင်းကြေးပါပဲ။ အခု ဒီကာစီနိုက ကျုပ်အပိုင်ဖြစ်သွားပြီ။ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးကြရအောင်”