အခန်း (၄၅၁-၄၅၃)
Vol. 31 Ch. 451-453
အခန်း (၄၅၁) မီးဖီးနစ်ရောက်ရှိလာခြင်း
ကျန်းချူက ခေါင်းညိတ်လိုက်သည်။ တပ်မှူးက အမှန်အတိုင်းပြောနေခြင်းဖြစ်ကြောင်း သူသိသည်။ သျန်ကျိုးရှိ သန်းနှင့်ချီသော အရပ်သားများ၏ သေဆုံးခြင်းများနှင့် ရင်ဆိုင်ရာတွင် ပုဂ္ဂိုလ်ရေးအငြှိုးထားမှုအားလုံးကို ဘေးဖယ်ထားရပေလိမ့်မည်။
‘ဒါပေမယ့် မျိုသိပ်ရခက်နေတုန်းပဲလေ’
ထိုအချိန်တွင် မရေမတွက်နိုင်လောက်အောင်များပြားလှသော ဧရာမပျားကြီးများက အင်းဆက်အင်မော်တယ်လှိုဏ်ဂူထဲမှ ရုတ်တရက် ပျံထွက်လာကြသည်။ ၎င်းတို့က မဲမှောင်နေသော တိမ်တိုက်ကြီးကဲ့သို့ စုဝေးကာ လူအုပ်ဆီသို့ ပြေးသွားသည်။
“အင်းဆက်တိုက်ခိုက်မှုပဲ” ကျန်းချူက ကျယ်လောင်စွာအော်ကာ မြေပြင်ပေါ်တွင် အနားယူနေသည့် စစ်သားအများအပြားက ထခုန်၍ ၎င်းတို့၏ တိုက်ပွဲစခန်းများဆီသို့ ပြန်သွားကြသည်။
"ဗိုလ်ကြီး၊ ဒီနေရာက မြန်မြန်ထွက်သွားပါ၊ ဒီမှာ အန္တရာယ်များလွန်းတယ်" ကျန်းချူက စစ်သေနာပတိဟူကို စစ်ယာဥ်ပေါ်သို့ တွန်းတင်ကာ ပြောလိုက်သည်။
ယင်းက လုံလုံလောက်လောက် မလုံခြုံမည်ကို စိုးရိမ်သောကြောင့် လက်ခလယ်ကိုကိုက်၍ ထွက်လာသောသွေးများဖြင့် သံချပ်ကာယာဥ်တံခါးဝတွင် အကာအကွယ်မန္တန်ကို ရေးလိုက်သည်။
“ရွှေရောင်တောက်ပအလင်းတန်း… ဘယ်တစ္ဆေက ဖျက်ဆီးရဲမလဲ … အမိန့်တော်”
ရွှေရောင်အလင်းတန်းများက သံချပ်ကာယာဉ်တစ်ခုလုံးကို ရုတ်တရက် ဖုံးလွှမ်းသွားသည်။
ထို့နောက် ကျန်းချူလှည့်ထွက်သွားသည်။
ကားအတွင်းမှ တပ်မှူးက လှမ်းအော်လိုက်၏။
"ဘာပဲဖြစ်ဖြစ် အသက်ရှင်ဖို့ မမေ့နဲ့"
ကျန်းချူက ခေတ္တရပ်လိုက်ပြီးနောက်မှ လှည့်၍ ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် ပျားအုပ်က ၎င်းတို့ဆီသို့ ရောက်နေပြီဖြစ်ကာ အားဖေးက သူ၏ အသက်သွေးကြောအင်းဆက်ပိုးကောင်ကို ဆင့်ခေါ်ဥ ထိုပျားအုပ်ကို စတင်တိုက်ခိုက်တော့သည်။ သို့သော် သူ၏ အသက်သွေးကြောနှင့် မြွေစိမ်းနှင့် ချိတ်ဆက်ထားသည့် မြွေစိမ်းက ယခု သူ၏ မူလအရွယ်အစား၏ ထက်ဝက်ခန့်သာ ရှိတော့သောကြောင့် ၎င်း၏ သတ်ဖြတ်နိုင်စွမ်းက သိသိသာသာ လျော့ကျသွားသည်။
ထိုအချိန်တွင် ကျန်းချူက အော်လိုက်သည်။
“တာအိုစံအိမ်ရဲ့ စစ်သားတို့ နတ်ဆိုးဝိဉာဥ်တွေ ကွယ်ပျောက်စေ”
တာအိုစံအိမ်ကြီး၏ စစ်သည်များထံမှ အလင်းတန်းဖြူများ ဖြာထွက်လာကာ ပျားကောင်များကို ခုတ်ပိုင်းသည့် အဖြူရောင် ဓားအလင်းများအဖြစ်ပြောင်းလဲသွားသည်။
ဘမ်း ပျားကြီးများ၏ အလောင်းများက မိုးကဲ့သို့ ရွာကျလာသည်။ သို့သော် ဤဓားချက်က ဧရာမ ပျားများ၏ ထက်ဝက်ခန့်ကို သုတ်သင်ပစ်လိုက်သည်။ သို့သော် ပိုမို ကြောက်မက်ဖွယ်ကောင်းသည်မှာ ဤအစုအဝေးတွင် ဉာဏ်ရည်ဉာဏ်သွေးရှိသည့်အလားထင်ရသည်။ အသေအပျောက်များ ကြုံတွေ့နေရသော်လည်း အချို့ပျားကြီးများက အရှေ့ဘက်သို့ ကြောက်လန်ခြင်းမရှိ ဆက်လက်တိုးလာကာ အချို့မှာမူ နောက်သို့ တိတ်တဆိတ်လှည့်ပြန်၍ ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။
သွေးချီလင်အဖွဲ့ဝင်အချို့က သတိလက်လွတ်ဖြစ်ကာ ပျားကြီးများ၏ ခြောက်သွေ့သည်အထိ သွေးစုပ်ခြင်းကို ခံလိုက်ကြရသည်။ တာအိုစံအိမ်၏ နောက်ထပ်သော စစ်သည်တော် အများအပြား ပျောက်ဆုံး၍ အဖြူရောင်အလင်းတန်းများက မှေးမှိန်သွားသည်။ ကျန်းချူက တုန်လှုပ်ခြောက်ခြားစွာဖြင့် ဒေါသတကြီးဖြင့် အပြေးအလွှားသွားကာ ထိုပျားကြီးများကို ကိုင်တွယ်ဖြေရှင်းရန် အသင့်ဖြစ်နေပြီဖြစ်သည်။
သို့သော် ကံမကောင်းစွာဖြင့် ပိုကြီးမားသော ပျားအနည်းငယ်က သူ့ကို ဖမ်းချုပ်ထားသည်။ မြောင်အင်မော်တယ်တောင်ကြားမှ ကျန်ရှိသည့် အကြီးအကဲတစ်ဦးက ယင်းကို မြင်သည်နှင့် ခေါင်းပေါ်တွင် ရွှေရောင်ကင်းခြေများကို သယ်ဆောင်လျက် ပြေးလာကာ မိမိကိုယ်မိမိ ပြတ်သားစွာ ဖောက်ခွဲပစ်လိုက်သည်။
ဘမ်း
အသက်သွေးကြောဆက်ထားသည့် အင်းဆက်၏ ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးခြင်းက ဧရာမပျားအချို့ကို သုတ်သင်ပစ်လိုက်သည်။
မြောင်အင်မော်တယ်တောင်ကြားမှလူများအပါအဝင် ကျန်းချူကပါ ထိတ်လန့်တကြားထအော်လိုက်မိကြသည်။ ၎င်းတို့သည် မတူညီသော စရိုက်လက္ခဏာများကို ကိုင်စွဲထားသော်လည်း သုံးရက်ကြာ တိုက်ပွဲများအတွင်း ခိုင်မာသောမဟာမိတ်စိတ်ကို ရရှိထားကြပြီဖြစ်သည်။
“ဒီခွေးမသားတွေ” ကျန်းချူ၏ မျက်လုံးများက ပေါက်ကွဲတော့မည့်အလား ဒေါသထွက်လျက်ရှိနေသော်လည်း ဤအချိန်တွင် မည်သည့်ကိစ္စကိုမဆို အလျင်စလို လုပ်ဆောင်၍ မရနိုင်ပေ။
ထိုအချိန်တွင်ပင် ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသော သံချပ်ကာယာဉ်တစ်စီးသည် ရှေ့သို့ ရုတ်တရက် လွင့်ပျံသွားကာ ပျားကြီးများစွာကို ချေမှုန်းလျက် တစ်ချိန်တည်းတွင် ကားပေါ်မှ သေနတ်စည်များစွာ ထွက်လာ၍ ထိုပျားကြီးများကို ပစ်ခတ်လိုက်လေသည်။
နားကန်းလုသည့် ပစ်ခတ်သံများကြားတွင် သန်မာသော ပျားကြီးများ၏ အလောင်းများသည် ပျားအုံ၏ အသိုက်အဖြစ်သို့ ပြောင်းလဲသွားသည်။
ကျန်းချူအံ့ဩသွားသည်။
နောက်ဘက်မှ ခိုးဝင်လာနေသော ပျားကြီးများကို ဖျက်ဆီးပြီးသည့်နောက် တပ်မှူး၏အသံက ယာဥ်၏ စပီကာဆီမှ ကျယ်လောင်စွာထွက်ပေါ်လာသည်။
“ဟား ပစ်တာမဆိုးဘူးပဲ…အ”
ကျန်းချူ၏ မျက်လုံးမှ မျက်ရည်များ စီးကျလာသည်။ သို့သော် ထိုအခိုက်အတန့်တွင် အလွန်များပြားလှသည့် ပျားအသေကောင်များ၏ နောက်မှ ပျားကြီးတစ်ကောင်က ရှေ့သို့ ရဲဝံ့စွာပြေးလာ၏။ ဤပျားကြီးက နှစ်ထပ်တိုက်တစ်ခုအရွယ်မြင့်မားကာ ၎င်း၏ ချွန်ထက်၍ ဓားနှင့်တူသော ပျားဆူးများက ထူးဆန်းစွာဖြင့် အလင်းရောင်များ တောက်ပနေသည်။
“အဲ့တာ ပျားဘုရင်ပဲ” အားဖေးက အော်လျက် ထိုဧရာမပျားကြီး၏ ရှေ့သို့ ပြေးသွားသည်။ အဝါရောင်လင်းစည်းချိပ်က အားဖေးကို လွင့်စင်သွားစေကာ သူ့နောက်မှ မြွေစိမ်းတစ်ကောင်၏ အသွင်အပြင်က လုံးလုံးလျားလျားကွဲအက်၍ မြေပေါ်သို့ လဲကျလျက် သေသည်ရှင်သည်ကို မသိနိုင်တော့ပေ။ ကျန်းချူ၏ မျက်လုံးများက သွေးနီရောင်ပြောင်းလဲကာ လောင်ကျွင်း၏ဓားကို ဆွဲထုတ်လျက် အံကြိတ်၍ နောက်တစ်ချက်ခုတ်ရန် ပြင်နေသည်။ သူက ဓားကို တစ်လတွင် တစ်ကြိမ်သာ သုံးသင့်သည်ဖြစ်သော်လည်း သုံးရက်အတွင်းတွင် တစ်ကြိမ်ထက်မက သုံးခဲ့ပြီးဖြစ်သည်။
‘တကယ်လို့ တာအိုကျင့်ကြံရေးအခြေခံအုတ်မြစ်ဖျက်ဆီးခံရရင်လည်း ဖျက်ဆီးခံရပါစေ’
‘မဟုတ်ရင် ဒီက လူတွေအားလုံး သေရလိမ့်မယ်’
ကျန်းချူက လှုပ်ရှားတော့မည့်အခိုက်တွင် ရုတ်တရက် ဧရာမပျားကြီး၏ နောက်၌ အလွန်ပြင်းထန်သော သတ်ဖြတ်ရောင်ဝါများရှိသည့် ဓားတစ်စင်းက ထွက်ပေါ်လာသည်။
ဧရာမပျားကြီး၏ ပါးစပ်နှင့် ခြေသည်းများက ယင်းကြောင့် ပြတ်တောက်ကုန်သည်။ ထို့နောက် ၎င်းက နာကျင်စွာဖြင့် အော်လိုက်သော်လည်း ၎င်း၏ အရှိန်အဟုန်က အဆက်မပြတ် မြင့်တက်လာနေသေးသည်။
“သတိထား” ကျန်းချူက ကျယ်လောင်စွာ အော်လိုက်သည်။
မည်သူက လုပ်နေသည်ကို မသိသော်လည်း ထိုသူမှာ သူ့ဘက်မှသူဖြစ်ကြောင်း ကောင်းစွာသိသည်။ သူ့အသံမဆုံးခင်တွင် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသည့် ဧရာမပုံရိပ်ကြီးက ကောင်းကင်ကို ဖြတ်ပျံသွားပြီးနောက် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ဘမ်း
ဧရာမပျားကြီးက နဂါးကြီးတစ်ကောင်ဖြင့် ထိမှန်သွားသည့်အလား နောက်သို့ လွင့်ထွက်ကာ လေထုအလယ်တွင် အပိုင်းပိုင်းဖြစ်သွားသည်။
ကျန်းချူက ဤမြင်ကွင်းကို ကြောင်အစွာဖြင့် ငေးကြည့်နေသည်။
ထိုအခိုက်အတန့်တွင် ဧရာမပုံရိပ်က မြေပြင်ပေါ်သို့ သက်ဆင်းကာ အလွန်ကြီးမားသော တွင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအခါ လူထွားကြီးတစ်ယောက်က မတ်တပ်ရပ်လျက် ပြောင်လဲ့တောက်ပနေသော ကတုံးပြောင်ပြောင်ကို ပွတ်ကာ ရူးနှမ်းနေသည်ထင်ရသည့် အပြုံးဖြင့် ပြုံးပြလိုက်သည်။
ကျိုးသာ့နျို
မီးဖီးနစ်အထူးတပ်ဖွဲ့၏ ထိပ်တန်း တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ လူသားတင့်ကားဟုလည်း ခေါ်ကြာသည်။ ကျန်းချူက သူ့ကို မှတ်မိနေသည်မှာ သဘာဝကျသည်။ တကယ်တမ်းတွင် သူက သူ့အဖွဲ့ထက် မီးဖီးနစ်အဖွဲ့ဝင်များနှင့် ပိုရင်းနှီးသည်။ လူတစ်ဦးချင်းစီ၏ အရည်အချင်းများ၊ စွမ်းရည်များအကြောင်း သူအသေးစိတ်သိသည်။
ဓားမြှောင်တစ်လတ်နှင့် အပျက်အစီးများထဲမှ ထွက်လာသော သူကဲ့သို့ပင်၊
ယင်းသည်ကား လေဟာနယ်လမ်းလျှောက်သူ စွန်းလင်ပင်ဖြစ်သည်။
ထို့နောက် ခေါင်းဆောင် ချန်ဟောက်၊ ကျိုးယိ
မီးဖီးနစ်အဖွဲ့ဝင်များအားလုံး အခင်းဖြစ်နေရာတွင် ပေါ်လာခဲ့သည်။
တစ်ချိန်တည်း၌ပင် တပ်မတော်မှ လမ်းကြမ်းယာဉ်တစ်စီးသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာ၍ တည်ငြိမ်စွာ ရပ်တန့်ကာ ထူးထူးခြားခြား လှပသော မိန်းကလေးတစ်ဦး ထွက်လာသည်။
ကျန်းချူ၏ နှလုံးသားက တုန်လှုပ်သွားသည်။
မီးဖီးနစ်၏ အဓိကပုဂ္ဂိုလ်များထဲမှ တစ်ယောက်
အန်းချင်
အန်းချင်က ကြောက်မက်ဖွယ်ကောင်းနေသည့် စစ်မြေပြင်ကို ပထမဦးစွာ ငုံ့ကြည့်ကာ ရှေ့သို့လှမ်း၍ လက်ဆန့်လျက် စိတ်မကောင်းဖြစ်စွာဖြင့် နှုတ်ခမ်းကို အနည်းငယ်ကိုက်လိုက်သည်။
“ဟယ်လို အားလုံးပဲ မင်္ဂလာပါ။ ကျွန်မတို့ ကမီးဖီးနစ် အထူးတပ်ဖွဲ့ကပါ ဒီကို ကူညီပေးဖို့ လာခဲ့တာပါ”
ကျန်းချူက သွယ်လျသော ကျောက်စိမ်းရောင်သမ်းနေသည့် လက်ကို ကိုင်ရန် မရဲသဖြင့် သတိထားလျက် အလေးပြုလိုက်သည်။
"သွေးချီလင်အထူးတပ်ဖွဲ့မှူးကျန်းချူ"
အန်းချင်က အနည်းငယ်ပြုံး၍ မတုန်လှုပ်စွာဖြင့် သူမ၏ လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
ကျိုးယိက ကျိုးသာ့နျိုကို ပြောလိုက်သည်။
“ဒါကိုတွေ့လား။ ကလေးက ငါတို့ ခေါင်းဆောင်ကိုမြင်တော့ ရှက်သွားပြီ၊ မနှစ်မြို့စရာအတွေးတွေတောင် ရှိကောင်းရှိနိုင်လောက်တယ်”
ကျိုးသာ့နျိုက ပြဒံးရုံသာ ပြုံး၍ မည်သည့်စကားမျှ မပြောပေ။
စစ်သေနာပတိဟူက ယာဥ်ပေါ်မှဆင်းလာ၍ အသစ်ဝင်လာသူများကိုနွေးထွေးစွာ ကြိုဆိုလိုက်သည်။
“ဗိုလ်ချုပ်အန်း ကျုပ်တို့ကို အားဖြည့်ပေးဖို့ ဒီလောက်အဝေးကြီးထိလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
အန်းချင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
“တပ်မှူးဟူက အရမ်းယဥ်ကျေးလွန်းနေပါပြီ။ စစ်ထဲမှ တာဝန်ထမ်းဆောင်ရမှာ ကျွန်မတို့အလုပ်ပါပဲ”
သူမ၏ ပြင်းထန်သော စိတ်ဓာတ်ကြောင့် ကျန်းချူ၏ မျက်နှာက ပို၍ နီရဲလာသည်။
ကျိုးယိက နှုတ်ခမ်းထောင့်များကွေးတက်သွားကာ ပြောလိုက်သည်။
“ကြည့်စမ်း သူ့မျက်နှာက ပိုတောင်နီလာပြီ။ ဒီကလေး အပြင်ထွက်လို့ မကောင်းတော့ဘူး”
“မျက်နှာနီလာတာနဲ့ပဲ ကောင်းတဲ့အတွေးမရှိဘူးလို့ ဆိုလိုလို့ရလို့လား” ကျိုးသာ့နျိုက နုံအသော အသံဖြင့် မေးလိုက်သည်။
“ဒါပေါ့ သူ့နှလုံးသားက သန့်ရှင်းရင် ဘာလို့ မျက်နှာကြီး နီလာရမှာလဲ”
ချန်ဟောက်က မျက်မှောင်ကြုတ်၍ ကျိုးယိကို လှည့်ကြည့်လိုက်သည်။
“အပိုစကားတွေ မပြောနေနဲ့တော့”
ကျိုးယိက လျှာကို ကိုက်ကာ နောက်ထပ် အသံမထွက်ရဲတော့ပေ။
စစ်မြေပြင်က အလွန်ဆိုးဝါးနေသော်လည်း မီးဖီးနစ်ကဲ့သို့ စစ်မြေပြင်ကြီးများတွင် အသားကျနေသူများအတွက် အထူးအဆန်းမဟုတ်ပေ။
၎င်းတို့က စကားစမြည်ပြောကာ ရယ်မောလိုက်ကြသည်။ သို့သော် ၎င်းတို့ မသိသည်မှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲတစ်ခုက ၎င်းတို့ရှေ့တွင် စောင့်ကြိုနေသည်ဆိုသည်ကိုသာဖြစ်သည်။
အခန်း(၄၅၂) လကို သိမ်းပိုက်ရန် ကောင်းကင်ကိုခုခံခြင်း
ဝှစ်
မြှားတစ်စင်းက ကောင်းကင်ကို ဖြတ်ပျံကာ ၎င်း၏ ခုခံအားပြင်းသော ကာဗွန်ဖိုက်ဘာ ထိပ်ဖျားများက ကြီးမားလှသည့် ဧရာမပိုးကောင်ကြီး၏ ကိုယ်ထဲသို့ တိုက်ရိုက် ထိုးဖောက်ကာ ကျယ်လောင်သော အသံဖြင့် ပေါက်ကွဲလျက် အပိုင်းပိုင်းဖြစ်သွားသည်။
ကျန်းချူက ထိတ်လန့်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။
အန်းချင်သည် အဝေးရှိ SUV ကား၏ အမိုးပေါ်၌ နည်းပညာမြင့် လေးတစ်စင်းကိုင်ထားသည်ကို သူမြင်လိုက်ရသည်။ သူ့အကြည့်ကို တွေ့လိုက်သောအခါ သူမ အနည်းငယ် ခေါင်းညိတ်ပြသည်။ သို့သော်
သူ့အာရုံပျံ့လွင့်နေသည့်အခိုက်အတန့်တွင် ကင်းခြေများကြီးတစ်ကောင်က မြေပြင်မှ ရုတ်တရက်ပေါက်ထွက်လာကာ ကျန်းချူ၏ကျောကို တည့်တည့် ခုန်အုပ်လိုက်သည်။
ကျန်းချူက မတုံ့ပြန်ခင်တွင် ချန်ဟောက်က အဝေးမှ ပြေးသွားကာ ကင်းခြေများ၏ အပေါ်ပိုင်းကို လက်သီးဖြင့် ထိုးလိုက်သည်။
“မင်းပင်ပန်းနေရင် သွား အနားယူတော့”
မျက်နှာနီနေသော်လည်း ချန်ဟောက်၏ ကယ်တင်ခြင်းမခံရပါက သူ သေသွားနိုင်သည်ကို သိသည့်အတွက် ကျန်းချူက ကျေးဇူးတင်စွာ ရေရွတ်လိုက်သည်။
“ကျေးဇူးပါ”
ချန်ဟောက်က သူ့အား မတုံ့ပြန်သော်လည်း ရိုးရိုးရှင်းရှင်း သူ့လက်ကို မြှောက်ကာ အမိန့်ပေးလိုက်သည်။
“သူတို့ကို သတ်”
သူ့အမိန့်အရ မီးဖီးနစ်အဖွဲ့တစ်ဖွဲ့လုံးသည် ချက်ချင်းပင်ကြိုးဝိုင်းတစ်ခုအဖြစ် ဝန်းရံကာ အတွင်းမှ အင်းဆက်မျိုးနွယ်စုကို စနစ်တကျ ချေမှုန်းရန်ပြင်လိုက်သည်။ ဤအရှိန်အဟုန်က အလွန်လျင်မြန်လွန်းလှသဖြင့် ကျန်းချူက အနည်းငယ်အံ့သြသွားသည်။
ခဏအကြာတွင် အင်းဆက်မျိုးနွယ်စု၏ လှိုင်းလုံးကြီးများ ပျောက်ကွယ်သွားခဲ့ပြန်သည်။ ချက်ချင်းဆိုသကဲ့သို့ပင် လူများက စစ်မြေပြင်ကို ရှင်းရန်ထွက်လာ၍ မီးဖီးနစ်အဖွဲ့ဝင်များက ဘေးသို့ရွှေ့ကာ စာရန်လူအပ်သူများက စား၍ သောက်ရန် လိုအပ်နေသူများက သွားသောက်ကြသည်။
ကျန်းချူက စိတ်ခံစားချက်များ ရောထွေးစွာဖြင့် ကြည့်နေသည်။
မီးဖီးနစ်အဖွဲ့ရောက်လာခဲ့သည်မှာ တစ်ရက်မျှသာ ကြာခဲ့သေးသော်လည်း ယနေ့ အပြန်အလှန် ဆက်သွယ်မှုများက ကျန်းချူနှင့် အခြားသူများ၏ နားလည်နိုင်စွမ်းကို များစွာကျယ်ပြောလာစေသည်။
တစ်ဦးချင်း စွမ်းဆောင်နိုင်မှု သို့မဟုတ် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုဖြစ်စေ မီးဖီးနစ်သည် ပြီးပြည့်စုံလုနီးပါး အောင်မြင်စွာဆောင်ရွက်နိုင်သည်။
ယင်းက မီးဖီးနစ်ကို ကျော်တက်မည်ဟု တစ်ချိန်က ကြွားဝါခဲ့ဖူးသော ကျန်းချူကို အလွန်ရှက်ရွံ့သွားစေ၏။ အကြောင်းမှာ ဤနှိုင်းယှဉ်မှုအပြီးတွင် ကျန်းချူက သူ၏ သွေးချီလင်နှင့် မီးဖီးနစ်အကြားမှ ကြီးမားသည့် ကွာဟချက်ကို အမှန်တကယ် သဘောပေါက်သွားစေသည်။
“ဗိုလ်ကြီး ဒီပိုးကောင်တွေက ကိုင်တွယ်ရအရမ်းခက်တယ်” ကျိုးယိက စောဒကတက်သည်။
ချန်ဟောက်၏ အမူအရာက လေးနက်နေသည်။ တိုက်ပွဲအပြီး တစ်ရက်အကြာတွင် စစ်သေနာပတိဟူက အဘယ်ကြောင့် မာနကို ကျော်၍ စစ်ကူရှာခဲ့သည်ကို နောက်ဆုံးတွင် နားလည်သဘောပေါက်သွားသည်။
အင်းဆက်မျိုးနွယ်စု၏ တိုက်ခိုက်မှုများသည် လှိုင်းတစ်ခုစီနှင့်အတူ ပိုမိုပြင်းထန်လာကာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။
မီးဖီးနစ်ကဲ့သို့သော လက်ရွေးစင်များကြားမှ လက်ရွေးစင်များကသာ ထိုကဲ့သို့ ဝိုင်းရံခြင်းခံရသည်ကို ခံနိုင်ရည်ရှိကြပေလိမ့်မည်။
ထိုအချိန်တွင် အရှေ့ဘက်မှ လက တက်လာသည်နှင့် နေက အနောက်ဘက်သို့ ဝင်သွားသည်။ ပြည့်နေသော လမင်းကြီးကို ငေးကြည့်ကာ ချန်ဟောက်က ရုတ်တရက် အတွေးတစ်ခုဝင်လာသည်။
"ဒီနေ့ဘယ်နေ့လဲ"
"လလယ်" ကျိုးယိက ပြောသည်။
ချန်ဟောက်၏ အမူအရာက ပို၍ လေးနက်လာသည်။ ရွှယ်အန်းက ပေးအပ်ခဲ့သော ကျင့်စဥ်ကို ဝီရိယဖြင့် လေ့ကျင့်ပြီးနောက် တစ်နှစ်ကျော်အကြာတွင် သူက ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိခဲ့သည်။
ထို့ကြောင့် သူ့ပတ်ဝန်းကျင်မှ ရောင်ဝါများနှင့်ပတ်သက်၍ အထူးသတိထားမိသည်။
သူ့တွင် ခံစားချက်တစ်ခုရှိနေသည်…
‘ဒီညလပြည့်နဲ့ပတ်သက်ပြီး တစ်ခုခုများ ဖြစ်နေပြီလား’
သူသာမက ကျန်းချူသည်လည်း သဘာဝမကျသော ကြီးမားသောလပြည့်ညကို မော့ကြည့်လျက် အမူအရာက တဖြည်းဖြည်း လေးနက်လာသည်။
"အားလုံး အဆင်သင့်ပြင်ထားကြ၊ ဒီညက ကြမ်းတမ်းလိမ့်မယ်” ချန်ဟောက်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။
မီးဖီးနစ်အဖွဲ့ဝင်များအားလုံး တုန်လှုပ်သွားကြသည်။
ကျိုးယိက မျက်မှောင်ကြုတ်လိုက်သည်။
"ခေါင်းဆောင် ငါ့ကို မခြောက်နဲ့”
ချန်ဟောက်က သူ့ကိုကြည့်လိုက်သည်။
“ငါမင်းကို ခြောက်ဖူးလို့လား။ အသင့်ပြင်ထား”
“ဟုတ်”
ချန်ဟောက်ခဏတုံ့ဆိုင်းသွားပြီး SUV ကားရှိရာသို့ လျှောက်သွားကာပြောလိုက်သည်။
“အန်းချင် စစ်မြေပြင်က ညဘက်ဆို ပိုတောင် အန္တရာယ်များလိမ့်မယ်။ နောက်တန်းက ကွပ်ကဲရေးစခန်းကို သွားရင်ရောဘယ်လိုလဲ။ အဲ့မှာ လုံခြုံတယ်"
အန်းချင်က SUV ကား၏ အမိုးအကာပေါ်တွင် ထိုင်လျက် သူမ၏ ခြေတံရှည်များကို လွှဲယမ်းကာ ပေါ့ပါးစွာရယ်မောနေသည်။
“အန္တရယ်များတယ်ဟုတ်လား။ ငါ့လက်ထဲက လေးက အလှပြဖို့မဟုတ်ဘူး”
အန်းချင်က သူမ၏ အင်အားနည်းသော ခွန်အားကို သတိပြုမိသဖြင့် လေးမြှားကို လေ့ကျင့်ရာမှစတင်၍ အံ့မခန်းစွမ်းရည်ရှိနေကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် အချိန်တိုအတွင်းတွင် သူမက မြှားပစ်ပညာကို ကျွမ်းကျင်ခဲ့သည်။
ထို့နောက် သူမက စိတ်ကြိုက်ပြုလုပ်ထားသော ဒူးလေးဖြင့် တိုက်ခိုက်ခဲ့သည်။
ဤဒူးလေးသည် အလိုအလျောက် မြှားအမြောက်အမြားကို ဆက်တိုက်ပစ်ခတ်နိုင်သည်။ ပုံမှန်စနိုက်ပါသေနတ်များထက် ပိုမိုအားကောင်း၍ ပြင်းထန်သော အင်အားကြောင့် ၎င်းသည် အမှန်ပင် ဖျက်ဆီးရေးလက်နက်တစ်လက်ဖြစ်၏။ ဤတစ်ကြိမ်တွင် ဤတာဝန်၏ အန္တရာယ်ကို သိသောကြောင်း အန်းချင် မြှားခေါင်းများတွင် ဖိအားသတိပြု ဖောက်ခွဲရေးပစ္စည်းများကို တပ်ဆင်ထားခဲ့သည်။ ထို့ကြောင့် တစ်နေ့တာလုံးတွင် အန်းချင်၏ မြှားအောက်၌ သေဆုံးခဲ့သည့် နတ်ဆိုးပိုးကောင်အရေအတွက်မှာ အခြားသူများထက် မနည်းလှပေ။
သူမ၏ ကြည်လင်သော မျက်လုံးများနှင့် ဖြူဖွေးသော သွားများက လရောင်အောက်တွင် တောက်ပနေသည်ကို ချန်ဟောက်က ကြည့်လျက် နှလုံးခုန်သံများမြန်ဆန်လာသဖြင့် ခေါင်းကိုအမြန်ငုံ့လိုက်သည်။
“ကောင်းပါပြီ ဒါပေမယ့် အန်း မှတ်ထားပါ၊ အရမ်းအနီးမကပ်နဲ့”
“နားလည်ပြီ အခုသွားတော့” အန်းချင်က ရွှင်မြူးစွာပြောသည်။
ချန်ဟောက်လှည့်ကြည့်လိုက်သောအခါ ခြေဖဝါးအောက်မှ ပြင်းထန်သော လှုပ်ခါမှုကို ခံစားလိုက်ရသည်။
ငလျင်
ဤသည်က ချန်ဟောက်၏ စိတ်ကို ဖြတ်ကျော်သွားသော ပထမဆုံးအတွေးပင်ဖြစ်သည်။ ထို့နောက် သူ့နှလုံးသားထဲတွင် အလွန်ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။ အမှန်တကယ်ပင် ပြင်းထန်သော တုန်လှုပ်မှုကြောင့် အင်းဆက်အင်မော်တယ်လှိုဏ်ဂူ၏ အပေါက်တစ်ခု အက်ကွဲသွားသည်။
အမှောင်စွမ်းအင်များက အရပ်ရပ်သို့ ပြန့်ကျဲနေကာ အင်းဆက်မျိုးနွယ်စုလှိုင်းလုံးကြီးက ပုံမှန်ထက် ဆယ်ဆပိုကြီးလာသည်။ ဤမြင်ကွင်းကြောင့် လူများစွာက ထိတ်လန့်လျက် လက်တွေ့ကျစွာဖြင့် တုန်လှုပ်ကုန်ကြသည်။
ချန်ဟောက်၏ အတွေးများ လွင့်စင်သွားကာ သူ၏ အဆုတ်ကိုညှစ်လျက် ကျယ်လောင်စွာ အော်လိုက်၏။
“စစ်ကူခေါ် သူတို့ကို မီးနဲ့ ကာပစ်ပေးဖို့ပြော”
ယခု ဤနတ်ဆိုးအင်းဆက်ပိုးမွှားများက မချီတက်လာသေးသည့်အတွက် ကြားဖြတ်တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ကာလပင်ဖြစ်သည်။ အမိန့်ပေးသောအခါတွင်
တစ်စုံတစ်ယောက်က နောက်ဘက်ရှိ ကွပ်ကဲမှုစင်တာကို ချက်ချင်းအကြောင်းကြားခဲ့သည်။
စစ်သေနာပတိဟူသည် ဒရုန်းဖြင့် မြေပြင်အခြေအနေကိုကြည့်ပြီးနောက် ပြာမှုန်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
“ဒီကောင်တွေ… ဒီနေရာကို ပြားသွားအောင်လုပ်ပစ်လိုက်စမ်း”
"ဟုတ်ကဲ့ပါဆရာ"
ဒါဇင်ပေါင်းများစွာသော ဒုံးကျည်များ ပျံတက်လာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့သည် နတ်ဆိုးပိုးမွှားကောင်များကြားသို့ ရောက်ရှိ၍ ပေါက်ကွဲကုန်ကြသည်။ ကျယ်လောင်သော ပေါက်ကွဲသံများအောက်၌ ထို လှိုင်းလုံးကြီးက မြေပြင်ပေါ်ရှိ လူများကို မီတာများစွာအဝေးသို့ လွင့်ထွက်သွားစေသည်။
သို့သော် မီးခိုးများကင်းစင်သွားသောအခိုက်တွင် လူတိုင်း၏နှလုံးသားကို ထိတ်လန့်သွားစေသော မြင်ကွင်းတစ်ခုကို မြင်လိုက်ကြရသည်။ အင်းဆက်မျိုးနွယ်၏အထက်တွင် အနက်ရောင်မြူအလွှာများ ပေါ်လာကာ ပြင်ပမှ ဒုံးကျည်များကို မယုံနိုင်ဖွယ်ကောင်းလောက်စွာဖြင့် တားဆီးထားလိုက်သည်။
ဤနှောင့်နှေးမှုနှင့်အတူ အင်းဆက်မျိုးနွယ်စုက ရှေ့သို့ တိုးလာနေပြီဖြစ်သည်။
ချန်ဟောက်က မီးတိုက်ပစ်ရန် အခွင့်အရေးကို ဆုံးရှုံးသွားသဖြင့် ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။
သူက လေးနက်သောအသံဖြင့် အော်လိုက်၏။
"အဖွဲ့သုံး… တိုက်ခိုက်ကြ"
"ဟုတ်ကဲ့ပါဆရာ"
မီးဖီးနစ်မှလူများသည် လျင်မြန်စွာ အုပ်စုသုံးစုဖွဲ့၍ အင်းဆက်မျိုးနွယ်စုကို ဝိုင်းအုံကာ ချေမှုန်းပစ်ကြသည်။ သို့သော် ထိပ်တိုက်တွေ့သောအခိုက်၌ ချန်ဟောက်က သူ၏ ကိုယ်ပိုင်ခွန်အားနှင့်ပင် ဤအင်းဆက်များကို လက်သီးတစ်ချက်ဖြင့် မသတ်နိုင်တော့ကြောင်း သိလိုက်ရသဖြင့် ထိတ်လန့်သွားသည်။ ယခုအချိန်တွင် ကျန်းချူကမူ တစ်ကြိမ်တည်းဖြင့် သူ၏ သွေးချီလင်အဖွဲ့မှ လူ ခုနှစ်ဦး ရှစ်ဦးခန့်ကို ဆုံးရှုံးသွားရသဖြင့် မျက်လုံးများနီရဲနေသည်။
သူ ဝီရိယစိုက်ထုတ်ထားသည့် အင်အားစုက လုံးလုံးချေမှုန်းခံနေရကြောင်း မြင်လိုက်ရသောအခါ ကျန်းချူ၏ နှလုံးသားများ တုန်လှုပ်သွားသည်။
"ဘာဖြစ်နေတာလဲ၊ ဒီပိုးမွှားတွေက ဘာလို့ ရုတ်တရက် ဒီလောက်အစွမ်းထက်လာရတာလဲ" ကျန်းချူက ဒေါသတကြီးအော်လိုက်သည်။
အားဖေးက ပိုးကောင်အကြီးကြီးကို တစ်ချက်ထိုးလိုက်ပြီးနောက် “ကောင်းကင်ကိုကြည့်စမ်း” ဟု အေးစက်စွာပြောလိုက်သည်။
ကျန်းချူလှမ်းကြည့်လိုက်သောအခါ တစ်ချိန်က တောက်ပနေသည့် လရောင်က နီရဲလျက် အရာအားလုံးအပေါ် ကြက်သွေးရောင်သန်းနေသည်ကို တွေ့လိုက်ရသည်။
ကျန်းချူ၏မျက်စိထဲတွင် ဤအရာသည် လက်တွေ့အားဖြင့် နတ်ဆိုးစွမ်းအင်များ တဟုန်ထိုးတက်လာခြင်းပင်ဖြစ်သည်။
"နတ်ဆိုးမျိုးနွယ်က လကို သိမ်းပိုက်ဖို့ ကောင်းကင်ဘုံကို ပြောင်းပြန်လှန်နေတယ်”
ကျန်းချူက စိတ်ပျက်အားငယ်စွာ အော်လိုက်သည်။
ကောင်းကင်ကိုပြောင်းပြန်၊ လကိုသိမ်းပိုက်။
ရှေးစာပေများတွင်သာ ထင်ရှားခဲ့သော ဝေါဟာရတစ်ခုဖြစ်သည်။
ရှေးခေတ်ကနတ်ဆိုးမျိုးနွယ်စုများကြားမှ အင်အားကြီးသူများသည် လရောင်ကို နတ်ဆိုးစွမ်းအင်အဖြစ် ပြောင်းလဲရန် လပြည့်ညတွင် စွမ်းအားကြီးသော လျှို့ဝှက်နည်းပညာကို အသုံးပြု၍ ယာယီ နတ်ဆိုးနယ်မြေကို ဖန်တီးလေ့ရှိကြသည်။ ၎င်းက နတ်ဆိုးမျိုးနွယ်စုကို စွမ်းအင်များထည့်သွင်းပေးခြင်းနှင့် ညီမျှသည်။
‘ဒါပေမယ့် ဒီလျှို့ဝှက်နည်းက ပျောက်နေတာကြာပြီမဟုတ်လား’
‘ဒီနေ့ ရုတ်တရက် ဘယ်လိုပေါ်လာတာလဲး’
ထိုအချိန်တွင်ပင် လပြည့်အောက်၌ ဧရာမလိပ်ပြာတစ်ကောင် ၎င်း၏အတောင်ပံများကို ဖြည်းညှင်းစွာ ဖြန့်ကြက်လိုက်သည်။
အခန်း(၄၅၃) မရဏကမ္ဘာက မျက်လုံးဖွင့်ခြင်း
ဤသည်မှာ လရောင်ကိုပင် ဖုံးကွယ်သွားနိုင်လုသည်အထိ တောင်ပံများကို ဖြန့်ကျက်ထားသော ဧရာမ လိပ်ပြာကြီးဖြစ်သည်။ ထို့အပြင် လိပ်ပြာ၏ တောင်ပံများပေါ်တွင် အံ့သြဖွယ်ဧရာမလိပ်ပြာတစ်ကောင်ပေါ်လာသည်။
ထိုအချိန်တွင် မျက်လုံးတစ်စုံက ဖြည်းညှင်းစွာပွင့်လာ၏။
အားဖေးသည် လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သော တစ်ခုခုကို တွေးမိသောကြောင့် ရင်တစ်ခုလုံး တုန်တုန်ယင်ယင် ဖြစ်နေသည်။ ထိုအချိန်တွင် သခင်သေဆုံးသွားပြီးနောက် အားဖေးက နတ်ဆိုးအင်းဆက်များနှင့်ပတ်သက်သည့် မည်သည့်အရာကိုမဆို အရူးအမူးရှာဖွေခဲ့သည်။ ထို့အပြင် မြောင်အင်မော်တယ်တောင်ကြားတွင် ထားရှိသော ရှေးကျသည့် အုတ်ဂူတစ်ခုအတွင်းတွင် စာတစ်ကြောင်းတွေ့လိုက်ရသည်။
“မရဏကမ္ဘာနိုးထလာရင် သက်ရှိသတ္တဝါအားလုံး ကျရှုံးရလိမ့်မယ်”
ယင်းနှင့် တွဲဖက်ထားသည့် သရုပ်ပုံမှာ လိပ်ပြာတစ်ကောင်၏ ပုံပင်ဖြစ်သည်။ ထိုအချိန်က အားဖေးက အလေးအနက်မထားခဲ့သော်လည်း ယခုမူ ထိုကိစ္စကို ရုတ်တရက် သတိရမိသွားသည်။
"မျက်လုံးမဖွင့်စေနဲ့” အားဖေးက အော်လိုက်သည်။
သူ့စကားမဆုံးခင်တွင် ကျိုးသာ့နျိုက ဒေါသတကြီးနှာခေါင်းရှုတ်ကာ ကောင်းကင်ယံထက်သို့ ပျံတက်သွားသည်။ သူက လိပ်ပြာတွင် မည်သည့်ရည်ရွယ်ချက်ရှိနေကြောင်းမသိသော်လည်း ပုံသဏ္ဍာန်အရ မည်သို့မျှ ကောင်းမွန်ခြင်းမရှိနိုင်သည်ကို ကောင်းစွာသိနိုင်သည်။
ကောင်းသောအရာမဟုတ်သောကြောင့် ချက်ချင်းဖျက်ဆီးလိုက်ခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ဤသည်က ကျိုးသာ့နျို၏ ပင်တိုင်သဘောထားပင်ဖြစ်၏။ တစ်ခဏချင်း၌ပင် ရွှေရောင်အလင်းဖျော့ဖျော့ တောက်ပနေသော ကျိုးသာ့နျိုက လိပ်ပြာဆီသို့ ချီတက်၍ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။
ဘမ်း
ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာပြီးနောက် လိပ်ပြာသည် နောက်ပြန်ဆုတ်သွားခဲ့သည်။ ကျိုးသာ့နျိုသည်လည်း မြေပြင်သို့ပစ်ချခံရ၍ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ တဖျပ်ဖျပ်လတ်လာကာ အလင်းများက အပိုင်းပိုင်းပြိုကွဲသွားသည်။
ထို့နောက် ကျိုးသာ့နျိုက ပါးစပ်ဖွင့်၍ သွေးတစ်၌ါက်အန်ထုတ်လိုက်သည်။
ချန်ဟောက်နှင့် အခြားသူများအားလုံး ထိတ်လန့်တကြားဖြစ်ကုန်ကြသည်။
မီးဖီးနစ်အတွင်းရှိ ထိပ်တန်း တိုက်ခိုက်ရေး တပ်ဖွဲ့များထဲမှ တစ်ဦး အနေဖြင့် ကျိုးသာ့နျို၏ အစွမ်းသတ္တိကို အားလုံးက သိသည်။ သို့သော် မမျှော်လင့်ဘဲ လက်သီးတစ်ချက်တည်းဖြင့် ကျိုးသာ့နျို၏ရွှေကိုယ်ထည်က ပျက်ဆီးသွားခဲ့သည်။ ထိုအချိန်တွင် လိပ်ပြာ၏ မျက်လုံးများက အလွန်အေးစက်တောက်ပသော အလင်းရောင်များ ဖြာထွက်လျက် ပွင့်လာရာ ပြီးနောက် အတောင်ပံများကို ခတ်လိုက်သည်။
နတ်ဆိုးလေပြင်းများတိုက်လာသည်။
မြေပြင်ပေါ်ရှိ နတ်ဆိုးပိုးမွှားများက ရုတ်တရက်ကြီး ကြီးထွားလာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဤနတ်ဆိုးအင်းဆက်များအားလုံးသည် အရွယ်အစား နှစ်ဆကျော် ကြီးထွားလာ၍ ၎င်းတို့၏ တိုက်ခိုက်မှုများကလည်း ပိုမို ပြင်းထန်လာကြသည်။ မီးဖီးနစ်အဖွဲ့ဝင်များပေါ်မှ ဖိအားများ သိသိသာသာ မြင့်တက်လာသည်။
ခဏအကြာတွင်
လေဟာနယ်ထဲမှ ထွက်လာသော စွန်းလင်က ကင်းမြီးကောက်သားရဲကြီး၏ အမြှီးဖြင့် ထိမှန်ကာ တိုက်ရိုက်လွင့်ထွက်သွားသည်။ ချန်ဟောက်က ခုန်၍ စွန်းလင်ကို မဖမ်းနိုင်ခဲ့ပါက ဤထိုးနှက်မှုက သူ့ကို
ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။ လိပ်ပြာပေါ်လာပြီးစဥ်မှစ၍ လက်ဖက်ရည်တစ်ခွက်သောက်စာအချိန်တွင် တစ်နေကုန် ဒဏ်ရာမရရှိဘဲ တိုက်ခိုက်နိုင်ခဲ့သည့် မီးဖီးနစ်အဖွဲ့က ယခုအခါတွင် ဒဏ်ရာရအဖွဲ့ဝင်နှစ်ဦးရှိနေပြီဖြစ်သည်။
ပိုမို ကြောက်မက်ဖွယ်ကောင်းသည်မှာ ၎င်းတို့က ဤနတ်ဆိုးအင်းဆက်များကို ခက်ခက်ခဲခဲအနိုင်ယူနိုင်သော်လည်း ၎င်းတို့ကို ဖုန်မှုန့်အဖြစ်သို့ သေချာမသုတ်သင်နိုင်သရွေ့ ဤနတ်ဆိုးအင်းဆက်များက လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။
၎င်းတို့သည် မသေမျိုးများအလား သင်အဆုံးသတ်သည်အထိ သင်နှင့် ချည်နှောင်ထားသကဲ့သို့ပင်ဖြစ်သည်။
“အဲ့လိပ်ပြာကို ငါတို့ ရှင်းပစ်မှရမယ်။ မဟုတ်ရင် ဒီနတ်ဆိုးအင်းဆက်တွေက ပိုသန်မာလာလိမ့်မယ်”
ချန်ဟောက်သည်လည်း ဤသဘောတရားကို နားလည်သွားသောကြောင့် မျက်လုံးထဲတွင် ပြတ်သားသော အကြည့်များဖြင့် တောက်ပလာကာ လေထုထဲသို့ ခုန်တက်သွားသည်။ မီးဖီးနစ်အဖွဲ့ထဲတွင် သူလေ့ကျင့်ခဲ့သည့် ကြယ်ကိုးပွင့်ဧကရာဇ်ပညာသည် စွမ်းအားအကြီးဆုံးဖြစ်၍ သဘာဝအလျောက်ပင် သူ၏ ကျင့်ကြံမှုအဆင့်က အမြင့်ဆုံးဖြစ်သည်။
ချန်ဟောက်က ဤအခိုက်အတန့်တွင် တိုက်ပွဲ၏ ရလဒ်ကို သိသောကြောင့် သူ၏ ကျင့်ကြံမှုအဆင့်အားလုံးကို စုစည်းလျက် ကျယ်လောင်စွာအော်လိုက်သည်။
“ကြယ်ကိုးပွင့်စည်းချိပ်”
ထို့နောက် ညကောင်းကင်ယံ၌ ကြယ်ကိုးပွင့် ရုတ်တရက် ပေါ်လာကာ စိန်ကိုးပွင့်အလား တောက်ပလာသည်။
ဤကြယ်ကိုးလုံးမှ ကြယ်အလင်းကိုးရောင်ထွက်ပေါ်လာလျက် စည်းချိပ်အဖြစ်ပြောင်းလဲ၍ လိပ်ပြာကို တိုက်ရိုက်လွှမ်းခြုံသွားသည်။
ဤထူးဆန်းသော လိပ်ပြာသည် ဤတိုက်ခိုက်မှု၏ ပြင်းထန်မှုကို သိရှိသွားပုံရကာ ၎င်း၏ အတောင်ပံများကလည်း ယင်းကို ရှောင်တိမ်းရန်ကြိုးစားလျက် အနည်းငယ် လှုပ်ရှားနေသည်။ သို့သော် ကြယ်ကိုးပွင့်စည်းချိပ်ဖြင့် ပိတ်လိုက်သောအခါ လိပ်ပြာ၏ ပတ်လည်ရှိနေရာလွတ်ကို လွှမ်းခြုံသွားသောကြောင့် လွတ်မြောက်ရန် နေရာမရှိတော့ပေ။
ဘမ်း
ကြယ်ကိုးပွင့်စည်းချိပ်က လိပ်ပြာကို ထိမှန်သွားသည်။
ထိုးနှက်မှု၏ စွမ်းအားက အလွန်ကြီးမားလွန်းလှသဖြင့် လိပ်ပြာ၏အတောင်ပံတစ်ဖက်ကို အမှုန့်ဖြစ်သည်အထိ ဖိကြိတ်လိုက်သည်။
ထို့ကြောင့် မျက်လုံးတစ်လုံးသာ ကျန်တော့၏။
ကွင်းလယ်ရှိနတ်ဆိုးအင်းဆက်များက ချက်ချင်းပင် အရွယ်အစားသေးသွားကြသည်။ ချန်ဟောက်၏ စိတ်စွမ်းအင်များ မြင့်တက်လာကာ သူ့လက်ကို လှန်၍ နောက်ထပ် ကြယ်ကိုးပွင့်စည်းချိပ်ကို ဆင့်ခေါ်ရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် လိပ်ပြာထံမှ အလွန်စူးရှသည့် ဆိုးဝါးဝါးအော်သံထွက်ပေါ်လာသည်။
ဤအသံက လူများစွာ၏ နားများကို ဖုံးလွှမ်းသွားကာလူအများ၏ မျက်နှာက နာကျင်မှုအရိပ်အယောင်များကိုပြနေသည်။ တိုက်ခိုက်မှု၏ အဓိကအချက်အနေဖြင့် ချန်ဟောက်က အသံကြောင့် ဖြူဖျော့သွားကာ သူ၏ လက်လှုပ်ရှားမှုများပင် သိသိသာသာ နှေးကွေးသွားသည်။
ထိုအခိုက်၌ လိပ်ပြာက ချီစွမ်းအင်စည်းချိပ်မှလွတ်မြောက်ကာ အလင်းတန်းတစ်ခု၏ အလျင်ဖြင့် ချန်ဟောက်ဆီသို့ ပြေးသွားသည်။ ထိုအချိန်တွင် ချန်ဟောက်၏ တစ်ကိုယ်လုံးက တောင့်တင်းနေသဖြင့် ပြန်လည်တိုက်ခိုက်ရန် အစွမ်းမရှိတော့ပေ။
ကျိုးယိနှင့် အခြားသူများက ထိတ်လန့်တုန်လှုပ်ခြင်းကြီးစွာဖြင့် သူ့ကို ကယ်တင်ရန် ကြိုးစားခဲ့ကြသော်လည်း ကယ်တင်ရန် အချိန်နှောင်းသွားခဲ့သည်။ ထိုအချိန်တွင် ဧရာမမြှားတစ်စင်းက လျှပ်စီးကြောင်းကဲ့သို့ ထွက်ပေါ်လာကာ လိပ်ပြာကို တိုက်ရိုက်ထိမှန်သွားသည်။
မြှား၏ စွမ်းအားက အလွန်ကြီးမားလှသဖြင့် လိပ်ပြာကိုပင်လွင့်ထွက်သွားစေသည်။
ဘမ်း
လိပ်ပြာ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသော မြှားခေါင်းက ယခုအခါ ပေါက်ကွဲလျက် လိပ်ပြာကို နောက်ထပ်ဒဏ်ရာရသွားစေသည်။
ယင်းသည်ကား အန်းချင်ပင်ဖြစ်သည်။
လူအုပ်ကြီးက ခေါင်းကိုလှည့်ကြည့်လိုက်သောအခါ အန်းချင်က ဧရာမဒူးလေးကို ကိုင်ထားကြောင်း တွေ့လိုက်ရ၍ သူမ၏ မျက်နှာသည်လည်း လေးနက်မှုများဖြင့် ပြည့်နေသည်။ သူမ၏ မြှားတွင်း သိုလှောင်ထားသည့် စွမ်းအင်အားလုံးကို အသုံးပြုလိုက်သော်လည်း လိပ်ပြာကို မသတ်နိုင်ခဲ့ပေ။
လိပ်ပြာ၏ စူးရဲရဲမျက်လုံးများက ဒေါသစိတ်ဖြင့် အန်းချင်ကို ကြည့်လျက် ချန်ဟောက်ကို ထားခဲ့ကာ အန်းချင်ဆီသို့ တည့်တည့်ချီတက်သွားသည်။
“မဖြစ်ဘူး”
ချန်ဟောက်၏ မျက်နှာက ထိတ်လန့်တုန်လှုပ်မှုအပြည့်ဖြင့် ခန္ဓာကိုယ်က ထုံကျင်နေသော်လည်း လိပ်ပြာကို ရပ်တန့်နိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့သည်။ သို့သော် သူ၏ ခြေလှမ်းက အလွန်နှေးကွေးလွန်းလှနေသေးသည်။ လိပ်ပြာက မျက်စိတစ်မှိတ်အတွင်း၌ပင် အံ့သြထိတ်လန့်နေသည့် အန်းချင်ဆီသို့ အမြန်ရောက်ရှိသွားခဲ့သည်။
ထိုအချိန်၌ပင် ကျန်းချူက ရုတ်တရက် ပေါ်လာကာ အော်လိုက်သည်။
“နတ်ဆိုးသားရဲကောင် သေပေတော့”
ထို့နောက် စူးရှသော ဓားအလင်းတန်းတစ်ခုက လင်းလက်လာသည်။ ယင်းက လိပ်ပြာ၏ နောက်ထပ်အတောင်ပံတစ်ချက်ကို ခုတ်ပိုင်းကာ မျက်လုံးကို ထက်ဝက်ခန့် ပိုင်းဖြတ်လိုက်သဖြင့် မျက်လုံးအိမ်တစ်ဝက်သာ ကျန်တော့ကာ ယင်းကို ပို၍ ကြောက်မက်ဖွယ်ကောင်းသွားစေသည်။
လိပ်ပြာက နာကျင်စွာ အော်ဟစ်လျက် နက်မှောင်သောအလင်းတန်းတစ်ခု ပေါ်ထွက်လာကာ လောင်ကျွင်း၏ ဓားကို အသုံးပြုခဲ့သော သတိမေ့လုနိးပါးကျန်းချူဆီသို့ ပေါက်ကွဲလျက် ထွက်ပြေးသွားသည်။
ထို့နောက ရပ်တန့်ခြင်းမရှိဘဲ အန်းချင်ဆီသို့ ချီတက်ကာ နောက်ထပ် မှောင်မိုက်သောအလင်းရောင်က ထွက်ပေါ်လာသည်။
“မဖြစ်ဘူး”
မီးဖီးနစ်အဖွဲ့မှလူများက အလွန်ဒေါသထွက်လျက် ထအော်လိုက်ကြသည်။ သို့သော် ထိုအချိန်တွင်ပင် မှောင်ရိပ်လွှမ်းနေသည့် အန်းချင်၏ ကိုယ်ပေါ်မှ စူးရှတောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ အနိုင်ရမည်ဟုယုံကြည်နေခဲ့သော လိပ်ပြာက ဤအဖြူရောင်လင်းတန်းပေါ်လာမှုကြောင့် ပြင်းထန်စွာတုန်လှုပ်လျက် ထွက်ပြေးသွားသည်။
သို့သော် မူလက ပန်းကန်လုံးတစ်လုံးထက်မထူသော အလင်းရောင်က ရုတ်တရက် ပြန့်ကျဲကာ လိပ်ပြာကို နောက်မှချုပ်နှောင်သွားသည်။ အဖြူတောင်အလင်းရောင်နှင့် ထိမှန်သွားသောအခါ လိပ်ပြာထံမှ နားစည်ကွဲလုနီးသော အော်သံထွက်ပေါ်လာသည်။
အော်သံက ကြောက်ရွံ့မှုအပြည့်ဖြစ်နေ၏။
ထို့နောက် အဖြူရောင်အလင်းအောက်၌ လိပ်ပြာက ချက်ချင်းပင် ပြာဖြစ်သွားသည်။ တစ်ချိန်တည်း၌ပင် အဖြူရောင်အလင်းတန်းများက လုံးဝပျံ့နှံ့လျက် ထိုနေရာရှိ အင်းဆက်များအားလုံးကို လွင့်ထွက်သွားစေသည်။
မျက်စိတစ်မှိတ်အတွင်း ယခုတင် ကြောက်မက်ဖွယ်ကောင်းနေသော အင်းဆက်ပိုးကောင်များအားလုံးက ပြာဖြစ်ကုန်ကြသည်။ လူအုပ်ကြီးက ဤမြင်ကွင်းကို တိတ်တဆိတ်ကြည့်နေကြသည်။ နောက်ဆုံး၌ အဖြူရောင်အလင်းတန်းက မှိန်ဖျော့သွားသည်။
စစ်ကားပေါ်တွင်ရပ်နေသည့် အန်းချင်၏ ပုံရိပ်ကို မြင်လာရသည်။
အန်းချင်အဆင်ပြေနေသောကြောင့် မီးဖီးနစ်အဖွဲ့ဝင်များက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြသည်။
သို့သော် နောက်ထပ်တစ်စက္ကန့်တွင် အန်းချင်၏ မျက်နှာက ဖြူဖျော့လာကာ နောက်သို့ ဖြည်းညှင်းစွာ လဲကျသွားသည်။ ချန်ဟောက်က ချက်ချင်းပြေးလာ၍ အန်းချင်ကို ဖမ်းကာ မြေပြင်ပေါ်သို့ ငြင်သာစွာ လှဲချစေလိုက်သည်။ ထိုအချိန်တွင် အန်းချင်က မျက်လုံးများ တင်းကြပ်စွာမှိတ်ထားလျက် အသက်ရှူသံသည်လည်း အင်အားနည်းနေပြီဖြစ်၏။
လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားကြသည်။
အထူးသဖြင့် မီးဖီးနစ်အဖွဲ့ဝင်များ၏ မျက်လုံးများက သွေးနီရောင်သန်းလာ၏။