← Chapters

အခန်း (၄၇၂-၄၇၄)

Vol. 32 Ch. 472-474

အခန်း (၄၇၂-၄၇၄)

Vol. 32 Ch. 472-474

အခန်း(၄၇၂) လက်ချောင်းထိပ်များ အနည်းငယ်အေးလာခြင်း

လုရွှင်ရွှယ်သည် အချိန်အတန်ကြာ တိတ်ဆိတ်စွာ မတ်တပ်ရပ်နေပြီးနောက် သက်ပြင်းရှည်ကြီးတစ်ချက်ချ၍ လှည့်ထွက်သွားသည်။

ကျူးရှုယန်က တံခါးကို မှီ၍ အပြင်မှ ခြေသံများကို နားထောင်ကာ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လျှောချလျက် တိတ်တဆိတ် ငွေကြွေးလိုက်သည်။ ဤရက်များအတွင်း ဘက်ပေါင်းစုံက ဖိအားများက သူမကို ပြိုလဲလုနီးပါး ဖြစ်စေခဲ့သည်။

ကျူးလေ့၏ ယုတ်မာသော ရည်ရွယ်ချက်များ၊ မီးဘုရင်နန်းဆောင်နှင့် လေပြင်းမျှော်စင်၏ လောဘကြီးသော မျက်လုံးများနှင့် ပြင်ပကမ္ဘာမှ ကဲ့ရဲ့လှောင်ပြောင်မှုများသည် ကျူးရှုယန်ကို ကြီးစွာသော ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံရစေ၏။

ဤလူများ လိုချင်သောအရာကို သူမယခုမှသာ သိလိုက်ရသည်။

အားလုံးက ရွှယ်အန်းနှင့်ရင်ဆိုင်ရန် သူမကို အသုံးချချင်ကြသည်။

ထို့ကြောင့် သူမ လဲကျ၍ မရနိုင်ပေ။ သို့သော် တကယ်ပင် ပင်ပန်းလှ၏။

လုရွှင်ရွှယ်က သူမကို တစ်ချိန်က အပြည့်အဝထောက်ခံခဲ့ဖူးသည်။

ယခုမူ လုရွှင်ရွှယ်ပင် သူမကို “သစ္စာဖောက်” ခဲ့သည်။ သို့သော်လည်း ကျူးရှုယန်က သူမကို မမုန်းခဲ့ပေ။ ကောင်းကျိုးကိုရှာကာ ဒုက္ခကို ရှောင်ကြဉ်ခြင်းသည် လူ့သဘာဝပင် ဖြစ်သည်။ အစ်မတစ်ယောက်အဖြစ် ဆက်ဆံရေးက ဤနေရာတွင် လုံလောက်ပြီပင်ဖြစ်သည်။ ခဏတာ ငိုပြီးနောက် ကျူးရှုယန်က ဖြည်းညှင်းစွာထကာ မှန်တင်ခုံရှေ့တွင် ထိုင်လိုက်သည်။

ကြေးမှန်ထဲက အမျိုးသမီး၏ မျက်နှာထက်၌ မျက်ရည်အစက်အပြောက်များ ရှိနေသေးသော်လည်း ပန်းတစ်ပွင့်ကဲ့သို့ ချစ်စဖွယ်ကောင်းနေဆဲပင်ဖြစ်သည်။

သူမကိုယ်သူမ ကြည့်လျက် ကျူးရှုယန်ပြောလိုက်သည်။

"သခင်၊ ဘယ်တော့ပြန်လာမှာလဲ။ ရူယန် အရမ်းပင်ပန်းနေပြီ၊ ဆက်မထိန်းနိုင်တော့မှာကိုကြောက်တယ်"

သူမစကားပြောနေစဉ် ကျူးရှုယန်က တောက်ပစွာ ပြုံးပြသော်လည်း မျက်ရည်ကြီးများက ဆက်လက်ကျလာသည်။

အချိန်အတော်ကြာပြီးနောက် ကျူးရှုယန် သည် သူမ၏မျက်ရည်များကို သုတ်လိုက်ကာ မျက်လုံးထဲ၌ အေးစက်သော အလင်းတန်းတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။

လေးနက်သောညအမှောင်က အခန်းငယ်လေးကို ဖုံးလွှမ်းသွားသည်။

ကျူးရှုယန်က သူမ၏ နှုတ်ခမ်းရဲရဲကို အသာအယာကိုက်လျက် နောက်ဆုံးဆံညှပ်ကို ထိုးကာ မှန်ထဲမှ သူမကိုယ်သူမ ခဏတာမျှ စိုက်ကြည့်နေသည်။ ဤအခိုက်အတန့်တွင် ကျူးရှုယန်သည် ပေါ့ပေါ့ပါးပါး ဝတ်စားဆင်ယင်၍ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် အံ့မခန်းဖြစ်နေသည်။

အချိန်အတော်ကြာပြီးနောက် ကျူးရှုယန်က သူမ၏လက်ကို ဆန့်ထုတ်လိုက်ကာ မှန်ထဲမှ သူမ၏ ပုံရိပ်ကို ညင်သာစွာထိလိုက်သည်။ အေးစက်သော ကြေးဝါမှန်သည် သူမ၏ လက်ချောင်းထိပ်များကို အေးမြသွားစေပြီးနောင် မှန်က အပိုင်းပိုင်း ကွဲအက်သွားသည်။

တခြားတစ်ယောက်ရှိနေလျှင် တုန်လှုပ်ချောက်ခြားမိမည်မှာ သေချာသည်။

လွတ်မြောက်အင်မော်တယ် အထွတ်အထိပ်အဆင့်

တစ်ချိန်က ပျော့ညံ့သောအမျိုးသမီးသည် နှစ်တိုတိုအတွင်း လွတ်မြောက်အင်မော်တယ်အဆင့် အထွတ်အထိပ်အထိ ကြီးထွားလာခဲ့သည်။ ဤတိုးတက်မှုနှုန်းက ခွန်းလွန်တွင်ပင်

အံ့ဩဖွယ်ကောင်းလှသည်။

မှန်သည်။ ဤသည်ကလည်း ထိုစဉ်က ရွှယ်အန်းက အင်မော်တယ်နန်းဆော်သခင် ဖုဝူလျန်၏ အနှစ်သာရသွေးကို ပေးခဲ့ခြင်ရကြောင့်သာဖြစ်သည်။

သို့သော်ကျူးရှုယန် လေ့ကျင့်မှုနည်းပညာက လုံလုံလောက်လောက် နက်ရှိုင်းခြင်းမရှိပါက လွတ်မြောက်အင်မော်တယ်ဖြစ်လာရန် ဤမျှလွယ်ကူမည်မဟုတ်ပေ။ ဤသည်ကလည်း

ကျူးလေ့နှင့် တခြားသူများက သူမကို အလွန်အမင်းမနာလိုနေကြသည့် အကြောင်းရင်းလည်း ဖြစ်သည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျူးရှုယန်က မတ်တပ်ထရပ်ကာ တံခါးကိုတွန်းဖွင့်၍ ထွက်သွားသည်။

တံခါးဝတွင် လူအများအပြား စုဝေးကာ တိတ်တဆိတ် စကားစမြည်ပြောနေကြသည်။ အပြင်ထွက်ရန် အလွန်ခမ်းနားသော ဝတ်စားဆင်ယင်ထားသည့် ကျူးရှုယန်ကို တွေ့သောအခါ အားလုံး အံ့အားသင့်သွားကြသည်။

ကျူးရှုယန်က တည့်တည့်လျှောက်သွား၏။

“ ကျူးလေ့နဲ့ တွေ့ဖို့ ခေါ်သွားပေးပါ”

သူမ၏ အသံက ကြည်လင်အေးမြကာ ငြိမ့်ညောင်းလှသည်။

ဦးဆောင်သူက တုန်လှုပ်သွားပြီး နောက်ဆုံးတွင် သတိပြန်လည်လာ၏။

“ကောင်းပါပြီ ကျွန်တော် အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်”

ပြောပြီးသည်နှင့် လှည့်၍ စီစဉ်ခိုင်းကာ ခဏအကြာတွင် မြင်းလှည်းပေါ်ကို ခေါ်သွားသည်။

"မိန်းကလေး ရူယန် ကျေးဇူးပြုပြီး"

ကျူးရှုယန်သည် သူမ၏ စကတ်ကို သပ်ရပ်စွာ မတင်၍ ရထားပေါ်သို့ တက်သွားကာ တွန်းလှည်း၏ ကန့်လန့်ကာကို လျှော့ချပြီးနောက် ၎င်းသည် အဝေးသို့ ရွေ့သွားခဲ့သည်။

ထိုမှသာ ထိုလူများက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပါးနပ်သော အပြုံးများ ထွက်ပေါ်လာသည်။

"ဒါကို မင်းမြင်လား။ ဒီမိန်းမက အစတုန်းက ဘယ်လောက်မာနကြီးလဲ၊ သူက ဒီမနက်က ဆရာကြီးကျူးကိုတောင် ကျိန်ဆဲလိုက်သေးတာ အခု ဘာဖြစ်လဲ၊ နာခံနေရပြီမဟုတ်လား"

"ဟား ဒီမိန်းမက အရမ်းလှတာပဲ သခင်လေးကျူးက သူ့ကို မသတ်ချင်ခဲ့တာ အံ့သြစရာတော့ မဟုတ်ဘူး ငါသာဆိုရင် ငါလည်း သူ့နဲ့ အချိန်ကောင်းကောင်းလေး ကုန်ဆုံးချင်သေးရဲ့"

“အဟင် မင်းဒီလိုမိန်းမမျိုးနဲ့ ပျော်ဖို့ကံမရှိမှာစိုးပါ့။ သူ့လိုမိန်းမဆိုတာ ငါတို့ကိုရွေးမှာမဟုတ်ဘူး"

"ကျွတ် ကျွတ် အဲ့တာကို မစဉ်းစားမိကြသေးဘူးလား။ အချောဆုံး မိန်းမတွေတောင် သေမှာကို ကြောက်နေကြတယ် မဟုတ်လား"

ထို့နောက် ထိုလူများ၏ စကားဝိုင်းက အလွန်အောက်တန်းကျ၍ ရွံရှာဖွယ်အဖြစ်သို့ ပြောင်းလဲသွားကာ ရံဖန်ရံခါတွင် မိုက်မဲသော ရယ်မောသံများက ည၏ ငြိမ်သက်တိတ်ဆိတ်မှုဆီသို့ ဖျက်ဆီးပစ်လိုက်သည်။

ထိုအချိန်တွင် ရထားပေါ်မှ ကျူးရှုယန်က သူမကိုယ်သူမ တိတ်တဆိတ် ငုံ့ကြည့်ကာ လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

ရထားတွဲသည် လူစည်ကားသောနေရာသို့ မကြာမီရောက်ရှိလာသည်။

ခွန်းလွန်မြို့ ရှိ ကျော်ကြားသော လေပြင်းမျှော်စင်မှလွဲ၍ အခြားမဟုတ်ပေ။

"မိန်းကလေး ရူယန်၊ ကျုပ်တို့ရောက်ပြီ သခင်လေးကျူးက အခုအထဲမှာပဲ"

ကျူးရှုယန် က ခေါင်းညိတ်ပြကာ ရထားပေါ်မှ ဆင်းလာစဉ် ရထားလုံးမောင်းသူ ဦးဆောင်သည့်နေရာ အထဲသို့ ဝင်လာခဲ့သည်။

သူမ ဖြတ်သွားသောအခါ အားလုံး တိတ်ဆိတ်သွားကြသည်။

အပျော်အပါးရှာဖွေသူများက သူမ၏ထူးခြားသောအလှကြောင့် အံ့အားသင့်သွားကာ ဝိုင်သောက်ရန်ပင် မေ့သွားကြသည်။

သူမ ခပ်လှမ်းလှမ်းသို့ရောက်သောအခါမှသာ ဤလူများက ၎င်းတို့၏ ပုံမှန် ဟားတိုက်မှုများကို ပြစတင်၍ ဘဝင်ကျနေကြ၏။

"ဒီမိန်းမက ဘယ်သူလဲ၊ အရမ်းလှတာပဲ၊ သူက လေပြင်းမျှော်စင်ရဲ့ ထိပ်တန်း မင်းသမီးဖေးထက်တောင် ပိုလှတယ်လို့ ငါထင်တယ်။"

"ဟင့်အင်း၊ ငါ အဲ့မိန်းမကို မှတ်မိတယ်၊ ဒါ ကျူးရှုယန် မဟုတ်ဘူးလား။"

ကျူးရှုယန် ဟူသောအမည်သည် လူများစွာကို အကြည့်ချင်းဖလှယ်သွားစေပြီးနောက် ၎င်းတို့အားလုံး၏ မျက်နှာများတွင် သနားကြင်နာမှုအရိပ်အယောင်များပေါ်လာသည်။

"ရွှယ်အန်းက ဒီလိုကောင်မျိုးဖြစ်နေတာ နှမျောစရာပဲ။ နှစ်နှစ်တာကာလအတွင်းမှာ သူ့ဘေးနားက လူယုံကိုတောင် မကာကွယ်နိုင်ဘဲ လေထဲမှာ ဖုန်မှုန့်တွေလိုပျောက်သွားတယ်"

" လတွေအရမ်းကြာခဲ့ပြီ"

"ကျွတ် ကျွတ် အခုလာလည်တာက သူ့က လူတော်တော်များများရဲ့ ကစားစရာဖြစ်လာမှာစိုးတယ်"

ဤတိုးတိုးဆွေးနွေးမှုများက တမင်တကာတိုးတိုးတိတ်တိတ်ပြောနေကြသော်လည်း ကျူးရှုယန်၏နားထဲသို့ တိတ်တဆိတ်ရောက်ရှိသွားဆဲဖြစ်သည်။

ကျူးရှုယန်က ခေါင်းကို ညင်သာစွာ ငုံ့ထားကာ သူမ၏ အနက်ရောင်ဆံပင်များကို ရှေ့သို့ ကျစေလျက် သူမ၏အကြည့်ကို ဖုံးကွယ်ထားသည်။ မျှော်စင်သို့ရောက်သောအခါ သူမက လှည့်၍ သီးသန့်ခန်းတစ်ခု၏ အဝင်ဝသို့ ချဉ်းကပ်သွားသည်။

"မိန်းကလေးရူယန်၊ ဆရာကြီးကျူးက လေပြင်းမျှော်စင်က လန့်လုံနဲ့ အရက်သောက်နေပါတယ်။ မိန်းကလေးရောက်လာတာကို ကျုပ် အရင်ကြေညာသင့်လား"

ကျူးရှုယန်က ခေါင်းခါလျက် တံခါးကို တိုက်ရိုက်တွန်းဖွင့်လိုက်သည်။ ခမ်းနားထည်ဝါသော ဤအခန်းတွင်၊ ကျူးလေ့သည် ခေါင်းငုံ့၍ ထိုင်ကာ အသက်နှစ်ဆယ်ကျော် ချောမောသော အမျိုးသားကို စိတ်အားထက်သန်စွာ ဖျော်ဖြေနေသည်။ လှပသော အမျိုးသမီး အချို့လည်း ၎င်းတို့နှင့်အတူ ရှိနေသည်။

ကျူးရှုယန် ရောက်ရှိလာမှုက လူတိုင်း၏အာရုံကို ချက်ချင်းဆွဲဆောင်လိုက်သည်။

ကျူးလေ့က ခဏ လန့်သွားပြီးမှ ခေါ်လိုက်၏။

"ရူယန်လား"

ကျူးရှုယန်က စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းငုံ့ထားသော်လည်း သူမကို ခေါ်လာပေးသော ရထားထိန်းက ကျူးလေ့ကို မျက်ရိပ်မျက်ခြေပြလိုက်သည်။

ကျူးလေ့က ချက်ချင်းပင် သဘောပေါက်သွားကာ အပြုံးတစ်ခု ပေါ်လာပြီးနောက် သူက အံ့သြသွားသည့် မျက်နှာဖြင့် လန့်လုံဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"လန့်လုံ ဒီအမျိုးသမီးက ကျွန်တော့ရဲ့ အငယ်တန်းညီမ မိန်းကလေး ကျူးရှုယန်ပါ"

လန့်လုံ၏ အကြည့်က ရမက်အပြည့်ဖြင့် တဖျပ်ဖျပ်လက်သွားကာ ကျူးရှုယန်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံကြည့်၍ အနည်းငယ်ပြုံးလျက် အေးစက်မာနကြီးသော လေသံဖြင့် ပြောလိုက်သည်။

"ကျူးရှုယန်ဟုတ်လား သူ့အကြောင်း ငါသိတယ်၊ လာထိုင်ရအောင်"

ကျူးလေ့က ခေါင်းညိတ်၍ ဦးညွှတ်ကာ သူမကို တိုက်တွန်းလိုသည့်သလောဖြင့် လှည့်လိုက်သည်။ သို့သော်လည်း ကျူးရှုယန်က ဖြည်းညှင်းစွာ လျှောက်လာ၍ လန့်လုံနား၌ ထိုင်လိုက်သည်ကို တွေ့လိုက်ရသည်။ ကျူးလေ့က ပျော်ရွှင်မှု အရှိန်အဟုန်ကို ခံစားလိုက်ရသည်။

သူသည် လေပြင်းမျှော်စင်မှ လန့်လုံ၏ အရှိန်အဝါကြီး၍ လျင်မြန်သောဉာဏ်ကြောင့် ခွန်းလွန်မြို့တွင် ကြီးပွါးတိုးတက်နေခဲ့ခြင်းဖြစ်သည်။

လန့်လုံက ကျူးရှုယန် နှင့် သူမလေ့ကျင့်ခဲ့သော ကျင့်ကြံရေးပညာကို အမြဲစိတ်ဝင်စားခဲ့သည်။ ထို့ကြောင့် သူက ကျူးရှုယန်ကို ဆွဲဆောင်ရန် စိတ်ပြင်းပြနေခဲ့သည်။

သို့သော် သူ့ကြိုးစားမှုက အမြဲတစေ အချည်းနှီးဖြစ်ခဲ့သည်။

ထိုနေ့မနက်ကပင် သူသည် ရှက်စရာကောင်းသော ငြင်းဆန်မှုတစ်ခုနှင့်ပင် ဆုံတွေ့ခဲ့ရသည်။

မထင်မှတ်ထားစွာဖြင့် ညနေစောင်း၌ ကျူးရှုယန်က သူမသဘောနှင့် ကိုယ်တိုင် ရောက်လာသည်။ ဤသည်ကိုတွေးကာ ကျူးလဲ့၏ အပြုံးက ပိုမိုကြီးမားလာကာ ဂုဏ်ယူကျေနပ်မှုအပြည့်ရှိနေသည်။

သို့သော် ကျူးရှုယန်၏ မျက်လုံးများမှ အေးစက်မှုအရိပ်အမြွက်ကို သူ သတိမထားမိလိုက်ပေ။

အခန်း(၄၇၃) နတ်သမီး၏ ရယ်သံ

လန့်လုံက လက်ထဲတွင် ခွက်တစ်လုံးကို ကိုင်ထား၍ ကျူးရှုယန်ကို သဘောကျစွာကြည့်နေသည်။

“မိန်းကလေးရူယန်က တကယ့်ကို ဂုဏ်သတင်းနဲ့ကိုက်ညီပြီး စွဲမက်ချင်စရာ အလှလေးပဲ”

ကျူးရှုယန် သည် ခေတ္တတိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။

"ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ် သခင်ငယ်"

"လာ၊ ဒီခွက်ကို သောက်" လန့်လုံက သူမကို ဝိုင်တစ်ခွက်ပေးလိုက်သည်။

ကျူးရှုယန် သည် အနည်းငယ် တုန်လှုပ်သွားပြီးမှ သူမ၏ နူးညံ့သော လက်ကို ဆန့်ထုတ်ကာ ခွက်ကို ယူ၍

တစ်ကျိုက်တည်း သောက်လိုက်သည်။

“အား… အရက်သောက်တတ်တာပဲ” လန့်လုံက အထင်ကြီးစွာဖြင့် လက်ခုပ်တီးလိုက်သည်။

“မိန်းကလေးရူယန်က နာမည်ဆိုးရှိတဲ့နေရာကလာတယ်လို့ ကြားတေ့ မယုံခဲ့ဘူး။ ဒါပေမယ့် သူ့ရဲ့ ဝိုင်သောက်နိုင်စွမ်းကို မြင်တော့မှ ကောလဟာလတွေက အမှန်တွေပဲဆိုတာ သိလိုက်ရတယ်”

ထိုမှတ်ချက်က နားထဲသို့ တည့်တည့်တိုးဝင်လာသည့် မသိသာသော စော်ကားမှုတစ်ခုသာဖြစ်သည်။ ကျူးရူယန်၏ မျက်နှာက အတန်ငယ်ဖြူဖျော့သွားသော်လည်းသူမက နူးညံ့စွာသာပြောလိုက်သည်။

“သခင်လေးက နောက်နေပြန်ပါပြီ”

ကျူးလေ့က အရာအားလုံးကို ချောချောမွေ့မွေ့ဖြစ်စေလို၍ ဝင်ပြော၏။

"သခင်၊ ကျွန်တော့် ညီမလေးက သူ့မိသားစုရဲ့ ကံဆိုးမှုကြောင့်သာ အဲ့နေရာကိုရောက်ခဲ့ရတာပါ။ ဒါပေမယ့် အဲ့ မသန့်ပြန့်တဲ့ရွှံ့နွံတွေကြားက ထွက်လာပြီး သန့်သန့်ရှင်းရှင်းနေခဲ့ပါတယ်"

အကြီးတန်းအစ်ကိုက သူ၏ ညီမဖြစ်သူကို မည်သူမျှ မထိရသေးကြောင်း ပြောပြသည်။ ဤအခြေအနေက အလွန်အမင်း ရယ်စဖွယ်ကောင်းသည်။ သို့သော် ကျူးရှုယန်က အသံမထွက်ဘဲ ခေါင်းကို ညင်သာစွာ ငုံ့ထားသည်။

လန့်လုံသည် အကြောင်းတစ်ခုခုကြောင့် ရုတ်တရက် ဒေါသထွက်လာကာ အေးစက်စွာပြောလိုက်သည်။

“မသန့်ပြန့်တဲ့ရွှံကြားကနေ မြေကြီးမထိဘဲထွက်လာတယ်ပေါ့ဟုတ်လား။ ဟား ပြင်ပသွေးဆောင်မှုတွေအားလုံးကို တွန်းလှန်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်ဆိုတာ ငါ မယုံဘူး။ ဘာကို ဘယ်သူမှမထိရသေးတဲ့မိန်းကလေးလဲ။ သူက တစ်ခုခုပျက်ဆီးနေတဲ့ ပန်းတစ်ပွင့်ပဲဖြစ်ရမယ်လို့ ငါလောင်းရဲတယ်”

လန့်လုံက လက်ကိုဝှေ့ယမ်းလိုက်သည်။

“မင်းထွက်သွားလို့ရပြီ။ မင်းကို နောက်ထပ်မလိုတော့ဘူး”

ကျူးလေ့က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဦးညွတ်လိုက်သည်။

“အရှင့်ဆန္ဒအတိုင်းပါ”

သူထွက်သွားပြီးနောက် တံခါးကို ညင်သာစွာပိတ်လိုက်သည်။ ယခု အခန်းထဲတွင် လန့်လုံနှင့် ကျူးရူယန်တို့သာ ကျန်တော့သည်။

“ဝိုင်တစ်ခွက်ငှဲ့ပေး”

ကျူးရူယန်က ဝိုင်ပုလင်းကိုနာခံစွာ ကောက်ယူ၍ ခွက်ထဲသို့ ဖြည့်လိုက်သည်။ လန့်လုံက ယင်းကိုယူ၍တစ်ကျိုက်တည်းမော့ချလိုက်၏။

ဤသို့ဖြင့် အခန်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ကျူးရူယန်က ဝိုင်ငှဲ့ပေးကာ လန့်လုံကသောက်လိုက်သည်။ အချိန်များ မည်မျှကုန်သွားသည်ကို မည်သူမျှ မသိကြပေ။

မည်သို့ပင်ဆိုစေကာမူ လန့်လုံ၏ မျက်လုံးများ နီမြန်းလာ၍အခန်းတွင်းရှိ

ပျော့ပျောင်းသော ဆိုဖာပေါ်တွင်လှဲချလျက် ကျူးရှုယန်ကို လက်ဖြင့် ခေါ်လိုက်သည်။

"လာပါ"

ကျူးရှုယန်က တိတ်ဆိတ်စွာ မတ်တပ်ရပ်နေ၍ သူမ

လက်များက သဘာဝကျစွာ ရွေ့လျားကာ အင်္ကျီလက်ထဲတွင် ဝှက်ထားသည့် ဓားတိုဆီသို့ သွားလိုက်သည်။

ဤသည်ကအခွင့်အရေးကောင်းတစ်ခုပင်ဖြစ်သည်။ ဤလန့်လုံက ယခုအချိန်တွင် အရက်မူးနေပြီဖြစ်ကာ သူမက သူ့ထံသို့ ချဥ်းကပ်၍ ရုတ်တရက် လုပ်ကြံပါက သူ အင်မော်တယ်ဖြစ်မည်ဆိုလျှင်ပင် သူမ၏ ဓားသွားအောက်သို့ ကျရောက်ရလိမ့်မည်ဖြစ်သည်။

ဤလူကို သတ်နိုင်သရွေ့တော့ သူမကိုယ်သူမ သတ်မိလျှင်ပင် ထိုက်တန်ပေလိမ့်မည်။ သူမက တွက်ချက်မှုများပြုလုပ်နေစဥ် ကျူးရူယန်က ဆိုဖာပေါ်သို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ သို့သော်

သူမက အကွာအဝေးတစ်ခုသို့ရောက်သောအခိုက်၌ လန့်လုံ၏ အေးစက်သောအသံက ထွက်ပေါ်လာသည်။

“မင်း အရမ်းစိတ်တည်ငြိမ်တာ အံ့သြစရာပဲ”

ကျူးရူယန်က ထိတ်လန့်သွားသည်။

“ငါမှန်းကြည့်မယ်။ မင်းအင်္ကျီလက်ထဲမှာ ဓားတိုတစ်ချောင်းကို ဝှက်ထားတယ်မလား”

ကျူးရူယန်၏မျက်နှာက အနည်းငယ်ဖြူဖျော့သွားသော်လည်း သူမက ပြောလိုက်သည်။

“သခင်လေး နောက်တစ်ကြိမ် နောက်နေပြန်ပြီ”

သို့သော် ကျူးရူယန်က အောက်သို့ငုံ့လိုက်သောအခိုက်အတန့်၌ ရုတ်တရက် စတင်လှုပ်ရှားရာ

ဓားက အလင်းတန်းတစ်ခု အရှိန်ဖြင့် လန့်လုံကို တိုက်ရိုက်တိုက်ခိုက်လိက်သည်။

လွတ်မြောက်အင်မော်တယ် အဆင့် အထွတ်အထိပ်တွင်ရှိသော တိုက်ခိုက်မှု၏ စွမ်းအား အပြည့်ကို လျှော့တွက်၍မရနိုင်ပေ။ သို့သော် လန့်လုံက လှုပ်ရှားခြင်းမရှိဘဲ ဆိုဖာပေါ်တွင်ထိုင်လျက် လှောင်ပြုံး၍ကြည့်နေသည်။ ဓားက လန့်လုံ၏ မျက်နှာနားသို့ရောက်ရှိတော့မည့်အခိုက်၌ ကျူးရူယန်က မျက်စိရှေ့မှ အမှောင်ထုကို ခံစားလိုက်ရကာ သူမ၏ ကျင့်ကြံရေးအဆင့် စွမ်းအားက ဒီရေကဲ့သို့ သက်ဆင်းသွားသည်။ ကျယ်လောင်သော လဲကျသံနှင့်အတူ သူမက မြေပြင်ပေါ်သို့ လဲကျ၍ဓားတိုသည်လည်း သူမ၏ ဘေးနားသို့လွတ်ကျသွားသည်။

“ငါအရမ်းသိချင်တယ်။ မင်းလိုအားနည်းတဲ့မိန်းမတစ်ယောက်က ဘယ်လိုလုပ် လွတ်မြောက်အင်မော်တယ်အဆင့်ကိုရောက်အောင် လေ့ကျင့်နိုင်ခဲ့တာလဲ။ အင်မော်တယ်တစ်ယောက်ကို လုပ်ကြံဖို့ကြိုးစားနေတာလား”

ကျူးရူယန်က စကားပြောရန် အင်အားပင်မရှိတော့ဘဲ ခေါင်းကိုမော့ကာ လန့်လုံကို ဒေါသမျက်လံးဖြင့်စိုက်ကြည့်ရံသာ ကြည့်နိုင်တော့သည်။

“ဘာတွေဖြစ်နေတာလဲလို့ မင်းမေးချင်တာလား” လန့်လုံကပြောသည်။

ကျူးရူယန်က သူ့ကို ဒေါသတကြီးစိုက်ကြည့်နေသည်။

“မင်းသောက်လိုက်တဲ့ နတ်သမီးရယ်သံလို့ခေါ်တဲ့ ဝိုင်မှာ အဆိပ်မပါပေမယ့်အင်မော်တယ်အဆင့်အောက်က ကျင့်ကြံသူတွေကို နာရီပိုင်းလောက်စွမ်းအင်တွေ ကုန်သွားအောင်လုပ်နိုင်တယ်ကွ ဟားဟား”

ကျူးရှုယန်၏ နှလုံးသားက တဖြည်းဖြည်း နစ်မြုပ်သွားသည်။

“နှစ်နာရီလောက်ကြာလိမ့်မယ်” လန့်လုံက သက်ပြင်းတစ်ချက်ချလိုက်သည်။

“ဒါဖာခန်းထဲမှာ ယောက်ျားနဲ့ မိန်းမကြား ကိစ္စတွေအများကြီးဖြစ်ဖို့ လုံလောက်တဲ့အချိန်ပဲ”

လန့်လုံက မြေပြင်ပေါ်သို့ ကျနေသော ဓားတိုကို ကောက်ကိုင်၍ ကျူးရူယန်၏ မျက်နှာတစ်လျှောက်သို့ ဓားဖျားဖြင့် ပွတ်သပ်လိုက်သည်။

“မင်းက ကြည့်ကောင်းတုန်းပဲ”

ကျူးရူယန်၏ မျက်စံများ အနည်းငယ်ကျုံ့သွားသည်။ ထိုအချိန်၌ လန့်လုံက အရူးတစ်ယောက်ကဲ့သို့ အမူအရာမျိုးရှိနေသည့်အလားထင်ရသည်။

“အဲ့ဒီလို မျက်လုံးမျိုးနဲ့မကြည့်နဲ့။ ငါက အရူးမဟုတ်ဘူး။ ငါက …” လန့်လုံက ပြုံးကာ ပြော၍ ရုတ်တရက် ဓားက အတောက်ပဆုံးအခြေအနေထိ လင်းလက်လာသည်။

ဓားတိုက ကျူးရူယန်၏လက်ဖဝါးထဲသို့ ထိုးဖောက်ဝင်သွားကာ ကြမ်းပြင်ပေါ်တွင် သံမှိုဖြင့် ရိုက်ထားသကဲ့သို့ စိုက်ချလိုက်သည်။

သွေးများက ချက်ချင်းပင် မြေပြင်ကို နီရဲသွားစေကာ ကျူးရူယန်သည်လည်း ပြင်းထန်သော နာကျင်မှုကြောင့် တစ်ကိုယ်လုံး တသိမ့်သိမ့်တုန်နေသည်။

“ငါက… မင်းတို့လို လှတဲ့ခွေးမတွေကို ရွံတယ်ကွ”လန့်လုံက လက်ထဲမှ ဓားမြှောင်ကို ဖြည်းညှင်းစွာလှည့်၍ ရက်စက်စွာပြုံးလျက်ပြောလိုက်သည်။

ကျူးရှုယန်က အနည်းငယ် တုန်လှုပ်သွားသော်လည်း သူမ၏ မျက်နှာသည် မည်သည့်ခံစားချက်မျှ မပြသလုသည့်နီးပါးအခြေအနေဖြင့် လန့်လုံကို တည်ငြိမ်စွာကြည့်နေသည်။

“ဘာလို့… မင်းဘာလို့ငါ့ကို အဲ့လို မျက်လုံးတွေနဲ့ ကြည့်နေတာလဲ။ ခွေးမ… မင်း ငါ့ကို အသက်ရှင်ခွင့်ပေးဖို့ ‌မတောင်းပန်သင့်ဘူးလား”

ကျူးရှုယန်၏အကြည့်က လန့်လုံကို လုံးဝဒေါသထွက်သွားစေသည်။ သူက သူမ၏ ဆံပင်ကို ဆွဲ၍ ခေါင်းကို ကြမ်းပြင်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဘမ်း

ဘမ်း

ဘမ်း

အနည်းငယ် ထိုးနှက်ခံရပြီးနောက် ကျူးရှုယန်၏ နဖူးပေါ်သို့ သွေးများ စီးကျလာသည်။ သို့ထိတိုင် ကျူးရူယန်၏ မျက်နှာထက်တွင် နာကျင်မှုအငွေ့အသက်အနည်းငယ်သာရှိကာ သူမ၏ မျက်လုံးများတွင် သနားစိတ်အရိပ်အမြွက်များပင်ရှိနေသေး၏။

“ဒါက ဘာအကြည့်လဲ။ မင်းက ငါ့ကို သနားနေတာလား။ အရူးမ မင်းကို ငါအခုပဲ မင်းနဲ့ အုပ်စုလိုက်ပျော်ပါးဖို့ ယောက်ျားအယောက်နှစ်ဆယ်လောက် ခေါ်လိုက်လို့ရတာ မင်းယုံလား” လန့်လုံက အော်၍ မျက်နှာထက်တွင် ရက်စက်မှုအငွေ့အသက်များက သိသိသာသာပေါ်လွင်နေသည်။

ကျူးရူယန်၏ နှုတ်ခမ်းထောင့်များက အနည်းငယ်ကြွတက်လာကာ သူမတွင်ရှိသမျှသော အစွမ်းအစဖြင့် ပြောလိုက်သည်။

"သနားစရာကောင်းလိုက်တာ"

ထိုစကားများကို ကြားလိုက်ရသည်နှင့် လန့်လုံသည် ချက်ချင်းပင်ရူးသွပ်သွား၏။ ဓားတိုကို ပြန်လည်ဆွဲထုတ်လိုက်ပြီးနောက် ကျူးရူယန်၏ ဆံပင်ကို နောက်မှ ဆောင့်ဆွဲကာ ဓားဖြင့် လည်ချောင်းကို ချိန်ထားလိုက်သည်။ ဓားတို၏ ချွန်ထက်သော အစွန်းက ကျူးရူယန်၏ နူးညံ့သော အသားလေးကို အလွယ်တကူ ဖြတ်တောက်ပစ်လိုက်သည်။

“မင်းက ငါ့ကို သနားစရာကောင်းတယ်ဟုတ်လား။ ဟား ခွေးမ ငါမင်းကို ဖြည်းဖြည်းချင်းနှိပ်စက်မယ်။ မင်း ‌မတောင်းပန်ဘူးလို့ ငါမယုံဘူး”

သို့သော် ထိုအခိုက်အတန့်၌ လမ်းသို့ မျက်နှာမူနေသော ပြတင်းတံခါးက ရုတ်တရက် ကွဲထွက်သွားကာ မိန်းမတစ်ယောက်ဝင်လာ၍ သူမ၏ လက်ကောက်ဝတ်ကြားမှ မြောက်များစွာသော ငွေအပ်များကို ပစ်ထုတ်လိုက်သည်။ လန့်လုံက ခေါင်းလှည့်ကာ ငွေအပ်များကိုရှောင်တိမ်းလိုက်သည်။ ဝင်လာသောအမျိုးသမီးက ဤအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ကျူးရူယန်ကို မြေပြင်ပေါ်မှ ဆွဲမလျက် ထွက်ပြေးသွားသည်။

“လူတစ်ယောက်ကိုကယ်ဖို့ ကြိုးစားနေတာလား။ ဒါဆို မင်းလည်း ဒီမှာနေရမယ်”

ထိုသို့ဖြင့် လက်ဝါးကို ဆန့်ထုတ်ကာ ရိုက်လိုက်သည်။

လန့်လုံနှင့် မယှဥ်သာသော အမျိုးသမီးက လက်ဝါးချက်ကြောင့် သွေးတစ်ပွက် ပါးစပ်အပြည့်အန်ထွက်သွားသည်။ သို့ထိတိုင် သူမက လက်မလျှော့ဘဲ အလင်း၏အရှိန်ဖြင့် ရှေ့သို့ထွက်သွားသည်။

သို့သော် ၎င်းတို့က ပြတင်းပေါက်သို့ရောက်၍ ပြေးထွက်လုနီးပါးဖြစ်နေသောအခိုက်၌ အလင်းတန်းလေးတစ်ခုက ၎င်းတို့၏ လမ်းကို ပိတ်ထားလိုက်သည်။ အမျိုးသမီးက ထိုအလင်းတန်းအတားအဆီး၏ ပြန်လည်တွန်းလှန်ခြင်းခံရ၍ စိတ်ရှုပ်ထွေးနေသည့်အခိုက်တွင် လန့်လုံကထွက်လာသည်။ ထိုအမျိုးသမီးက လွင့်ထွက်သွား၍ မြေပြင်ပေါ်သို့ပြန်ကျလာသောအချိန်တွင် ချောင်းဆိုးကာ မတ်တပ်တွင်မရပ်နိုင်တော့ဘဲ သွေးများအန်ထွက်နေ၏။

ကျူးရူယန်က ထိုအမျိုးသမီးကိုကြည့်၍ အဆိပ်ကြောင့် ပြင်းပြင်းထန်ထန်နာကျင်နေသည့်ကြားမှ ရုန်းကန်ကာ ပေါက်ကွဲလုမတက် မျက်လုံးများကိုပြူး၍ အော်လိုက်သည်။

“စီနီယာအစ်မ”

အခန်း(၄၇၄) ဒါက ဒယ်ပြား

အမှန်ပင် ကျူးရူယန်ကိုကယ်တင်ရန် ပြေးဝင်လာသောအမျိုးသမီးမှာ လုရွှင်ရွှယ်မှတပါး အခြားသူမဟုတ်ပေ။ သူမက ခပ်လှမ်းလှမ်းတွင်ပုန်းနေကာ အိမ်ထဲရှိ အရာအားလုံးကို လျို့ဝှက်၍ စောင့်ကြည့်နေခဲ့သည်။

ကျူးရူယန်က လန့်လုံ၏ဓားအောက်၌ သေဆုံးသွားရတော့မည်ကို သူမမြင်လိုက်ရသောအခါ ချက်ချင်းပင် မအောင့်အည်းထာနိုင်တော့ဘဲ ကျူးရူယန်ကို လန့်လုံ၏လက်ထဲမှ ကယ်တင်ရန် ကြိုးစား၍ မဆင်မခြင်ချီတက်လာခဲ့ခြင်းဖြစ်သည်။

သို့သော် ခွန်အားကွာချမှုက ကံမကောင်းစွာဖြင့် အလွန်အမင်းကြီးလွန်းလှသည်။ စိတ်အားထက်သန်မှုသို့မဟုတ် အခြားသောအရာများက ယင်းကို အစားထိုး၍ မရနိုင်ပေ။

ထိုအချိန်၌သွေးအိုင်ထဲတွင် လဲကျနေသော လုရွှင်ရွှယ်က ကျူးရူယန်ကို ဝမ်းနည်းစွာပြုံးပြလိုက်သည်။

“အရူးမလေး ဒီည ငါမင်းကို လိုက်ရှာဖို့လာခဲ့တာ။ ဒါပေမယ့် မင်းထွက်သွားပြီဆိုတာ သိလိုက်ရတော့ ငါ မင်းတစ်ခုခုကြံနေပြီဆိုတာ သိလိုက်တယ်လေ”

ကျူးရူယန်၏မျက်နှာမှ မျက်ရည်များစီးကျလာကာ သူမက ပါးစပ်ကိုဖွင့်၍ ပြောရန်ကြိုးစားလိုက်သော်လည်း စကားတစ်ခွန်းမျှမပြောနိုင်ခဲ့ပေ။ သို့ရာတွင်လန့်လုံက လက်ခုပ်တီး၍ ပြောလိုက်၏။

“ကျွတ်..ကျွတ်… ညီအစ်မအရင်းလို ချစ်မေတ္တာတွေပါလား။ ငါတောင် မျက်ရည်ကျချင်သလိုလိုဖြစ်လာပြီ”

ထိုသို့ပြော၍ လန့်လုံက လက်ကိုမြှောက်ကာ လုရွှင်ရွှယ်၏ ပခုံးပေါ်သို့ ဓားမြှောင်ကို တိုက်ရိုက်ထိုးချလိုက်သည်။ လုရွှင်ရွှယ်က နာကျင်စွာအော်ဟစ်လိုက်၏။ ကျူးရူယန်သည် တစ်ကိုယ်လုံးတုန်ယင်စွာဖြင့် မြေပြင်ပေါ်တွင် တွားသွားကာ နာကျင်မှုကို ရူးသွပ်သွားတော့လုမတက်ဖြစ်နေသည်။ သို့သော် နတ်သမီးရယ်သံကြောင့် သူမက လှုပ်၍မရတော့ဘဲ အစ်မဖြစ်သူကိုကြည့်ကာ ငိုရုံမှတပါး အခြားမလုပ်နိုင်တော့ပေ။

လန့်လုံသည် လုရွှင်ရွှယ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာကာ ထိုင်၍ သူမကိုကြည့်လိုက်သည်။

“ငါတောာ်တော်စိတ်ရှုပ်သွားမိပြီ။ မင်းနဲ့ ကျူးရူယန်က သဘောထားခြင်းမတူဘူးမလား။ သူ့ကိုကယ်ဖို့ ဘာလို့ မင်းအသက်ကိုစွန့်ရတာလဲ”

“ဘာလို့လဲဆိုတော့… ငါက သူ့အစ်မမို့လို့ပဲ” လုရွှင်ရွှယ်၏မျက်နှာက ဖြူဖျော့နေသော်လည်း သူမက လန့်လုံကို ကြောက်လန့်ခြင်းမရှိကြည့်နေသည်။

ဤတုံ့ပြန်မှုက လန့်လုံကို ပို၍ ဒေါသထွက်လာစေကာ သူမျက်နှာသည်လည်း တဖြည်းဖြည်း နက်မှောင်လာသည်။

“အရမ်းကောင်းတယ်။ ဒီလိုဆိုမှတော့ ငါမင်းကို ကူညီပေးမယ်”

ထိုသို့ပြော၍ လန့်လုံက ဓားမြှောင်ကို ပြင်းထန်စွာဆွဲထုတ်ကာ နောက်တစ်ကြိမ် ထပ်ထိုးလိုက်သည်။

ဤတစ်ကြိမ်တွင် ယင်းက သူ၏ တံတောင်ဆစ်သို့ထိမှန်သွားသည်။ ဓားက အရိုးများကို ပိုင်းဖြတ်သွားသည့်အသံက စူးရှစွာပေါ်ထွက်လာပြီးနောက် သစ်သားဘုတ်ပြားသို့ရောက်သောအခါ၌ ရပ်တန့်သွားသည်။ ထိုသို့ လူတစ်ယောက်ကို ရူးသွပ်သွားစေနိုင်သည့် နာကျင်မှုက လုရွှင်ရွှယ်ထံမှ နာကျင်သော အော်ဟစ်သံများစွာကို ထွက်ပေါ်လာစေသည်။

“ဘာလို့.. ဘာလို့ မင်းတို့ ခွေးမတွေက ငါ့ကို ဒီလောက်ဒေါသထွက်ရအောင်လုပ်နေကြတာလဲ။ ငါမင်းတို့အရိုးတွေကို တစ်မြှောင်းချင်းချိုးပစ်မယ်”

လန့်လုံက ဒေါသတကြီးကြုံးဝါးကာ ဓားမြှောင်ကိုဆွဲထုတ်ရန် ကြိုးစားသော်လည်း အရိုးထဲတွင် နစ်ဝင်နေသောကြောင့် လုရွှင်ရွှယ်၏လက်ကို တင်းကြပ်စွာဖိထားပြီးမှ အသားများကို ဆုတ်ဖြဲကာ ဓားကို အားဖြင့်ဆွဲထုတ်လိုက်သည်။

ထို့နောက်သူက လုရွှင်ရွှယ်၏လက်မောင်းကို တစ်လွှာချင်းလှီးပစ်လိုက်သည်။ အသားကို လှီးဖြတ်နေသည့်အသံကိုကြားလိုက်ရသည်နှင့် လူတစ်ဦး၏ ဦးရေပြားကို ‌တောင့်တင်းသွားစေနိုင်သည်။

မြေပြင်ပေါ်တွင် လဲကျနေသော လုရွှင်ရွှယ်က အဝေးမှ တုန်ယင်နေသည့် ကျူးရူယန်ကို ညင်သာသောအသံဖြင့် ပြောလိုက်သည်။

"မျက်လုံးမှိတ်ထား၊ မကြည့်နဲ့"

ကျူးရှုယန်၏ မျက်လုံးများမှ သွေးမျက်ရည်များ စီးကျလာသည်။

အခန်းတွင်းမှ သွေးနံ့များ စိမ့်ထွက်လာ၏။ အပြင်တွင်ပုန်းနေသော ကျူးလေ့က ဖြူဖျော့လာသည်။ သူ အော်သံများအားလုံးကိုကြားခဲ့ရကာ အထဲသို့ အမှန်ဝင်သွားချင်ခဲ့သော်လည်း သူဝင်စွားပါက သခင်လန့်လုံက သူ့ကို သတ်ပစ်လိမ့်မည်ဟူသော အကြောင်းပြချက်ကြောင့် မဝင်သွားခဲ့ပေ။ လေပြင်းမျှောစင်တွင် သခင်လန့်လုံ၏ ရက်စက်ကြမ်းကြုတ်မှုကို အားလုံးက ကောင်းစွာသိကြသည်။

ထိုအကြောင်းပြချက်များကိုသာတွေး၍ သူ့အပြစ်သူ လျှော့ချလျက်ရှိသည်။

“နောက်ဆုံးမှာတော့ ကျူးရူယန်က သေရမှာပဲလေ။ သခင်လန့်လုံလက်ထဲမှာသေသွားပြီး ငါ့အတွက် ခြေနင်းကျောက်ဖြစ်လာပေးတာက ပိုပြီး ကောင်းပါတယ်”

သူတွေးနေစဥ်တွင် နူးညံ့သောအသံတစ်ခု ထွက်ပေါ်လာသည်။

“တစ်စိတ်လောက် မိန်းကလေး ကျူးရူယန် အထဲမှာရှိလားရှင့်”

ကျူးလေ့က မော့ကြည့်လိုက်သောအခါ ရင်သပ်ရှုမောဖွယ်ကောင်းလှသော အမျိုးသမီးတစ်ဦးသည် မဝေးလှသောအဝေးတွင် ရပ်နေကာ ချောမောလှပသော ကလေးမလေးနှစ်ယောက်ကို ဦးဆောင်လာသည်ကို ‌မြင်လိုက်ရသည်။

ဤအမျိုးသမီး၏ လှပမှုနှင့် အသွင်အပြင်က ကျူးလေ့၏ စိတ်ကူးနိုင်စွမ်းကိုပင် ကျော်လွန်သွားခဲ့သည်။

“မင်းက ဘယ်သူလဲ။ ရူယန်နဲ့ ဘာလုပ်ချင်လို့လဲ”

အမျိုးသမီးက ချိုသာစွာပြုံးလိုက်သည်။

“အိုး.. ကျွန်မက ကျွန်မခင်ပွန်းအစားဒီမှာ သူ့ကို လာရှာတာပါ”

‘ခင်ပွန်း’

‘မည်မျှ ထူးဆန်းသော အသုံးအနှုန်းနည်း’

သို့သော် ထိုအမျိုးသမီး၏ အလှက ကျူးလေ့၏စိတ်ထဲတွင် ဖောက်ပြန်သော အတွေးများစွာကို နှိုးဆွပေးလိုက်သည်။

သူမကိုသာ သခင်လန့်လုံဆီတွင် ကမ်းလှမ်းခဲ့မည်ဆိုပါက ပို၍ များပြားသော ကျေးဇူးကို ရရှိနိုင်မည်ဖြစ်သည်။ ထိုသို့ဖြင့် ကျူးလေ့က ပို၍ ယဥ်ကျေးစွာပြုံးပြရန် ကြိုးစားလိုက်သည်။

“မိန်းကလေးရူယန်က အထဲမှာရှိပါတယ်။ ဒါပေမယ့် သူက လူတစ်ယောက်နဲ့ ကိစ္စတစ်ခုအကြောင်းဆွေးနွေးနေတာပါ။ ဒီက မင်းရဲ့ဂုဏ်သိက္ခာရှိတဲ့ နာမည်ကို သိလို့ရမလား”

အန်းယန်က အနည်းငယ်ပြုံးလိုက်သည်။

“ကျွန်မနာမည်က အန်းယန်။ ကျွန်မခင်ပွန်းက ရွှယ်အန်း”

“အန်းယန်… အား ကောင်းတဲ့…”

ကျူး‌လေ့၏အပြုံးက အေးခဲသွားပြီးနောက် သူ၏မျက်ခွံများ ထိန်းမနိုင် သိမ်းမရတုန်ယင်လာသည်။

ရွှယ်အန်း

သူ အင်မော်တယ်ရွှယ်အန်းအကြောင်း ပြောနေတာလား

အင်မော်တယ် နန်းတော်ကို ချေမှုန်းခဲ့တဲ့ ရွှယ်အန်းကို ပြောနေတာလား။

ကျူးလေ့က စိတ်ထဲမှ အော်ဟစ်နေချိန် အခန်းတွင်းမှ အမျိုးသမီးတစ်ဦး အော်သံထွက်လာသည်။

အန်းယန်၏အပြုံးက အေးစက်သွားသည်။

“ရှင်ဆွေးနွေးနေတယ်လို့ ပြောတဲ့ ကိစ္စက ဒီလိုလား”

ကျူးလေ့က မည်သို့ပြန်ပြောရမည်ကို မတွေးနိုင်တော့ဘဲ အတင်းပြုံးပြလိုက်သည်။

ထို့နောက် အန်းယန်၏လက်ထဲ၌ ဒယ်ပြားတစ်လုံးပေါ်လာကာ နံရံသို့ တိုက်ရိုက်ရိုက်ချလိုက်သည်။

ဘမ်း

သစ်သားနံရံက ချက်ချင်းပင် အပိုင်းပိုင်းကွဲအက်သွားကာ အထဲမှ မြင်ကွင်းကိုမြင်လာရသည်။

မြေပြင်ရှိ‌ နေရာတိုင်းသို့ သွေးများပြန့်ကျဲသွားသည်။ အမျိုးသမီးနှစ်ဦးက ကြမ်းပြင်ပေါ်၌ လဲလျက် သေသည်ရှင်သည်ကို မသိနိုင်ပေ။ လူတစ်ယောက်က မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ တစ်စုံတစ်ခုကို ဓားဖြင့် လှီးဖြတ်နေသည်။ ဤသည်ကိုမြင်သောအခါ အန်းယန်၏ အမူအရာကမှောင်မိုက်သွားသည်။

“ရှန်းရှန်း နျန်နျန် မျက်လုံးမှိတ်ထားကြ”

ကလေးမလေးနှစ်ဦးက နာခံစွာဖြင့် အခန်းထောင့်သို့ပြေးကာ မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။

ထိုအခိုက်အတန့်၌ လန့်လုံက ဖြည်းညှင်းစွာမတ်တပ်ထရပ်ကာ နံရံကို ဖျက်ဆီးလိုက်သည်မှာ လှပသော အမျိုးသမီးဖြစ်နေကြောင်း သိလိုက်ရသောအခါ မျက်လုံးများ တောက်ပလာသည်။

ကျူးလေ့က သူ့ဘေးသို့ကပ်ကာ တုန်ယင်စွာအော်လိုက်သည်။

“သခင်လန့်လုံ ဒါ… ဒီ မိန်းမက ရွှယ်အန်းမိန်းမပါ”

ဤသည်ကိုကြားသောအခါ လန့်လုံက ခဏတာမျှ တုံ့ဆိုင်းသွားသည်။

မြေပြင်ပေါ်မှ ကျူးရူယန်နှင့် လုရွှင်ရွှယ်တို့က ၎င်းတို့၏ နောက်ဆုံးသော အသက်မျှင်လေးကို ဆွဲကိုင်ကာ တုန်ယင်နေကြသည်။

“ဟား ရွှယ်အန်းရဲ့မိန်းမ… စိတ်ဝင်စားစရာပဲ။ ကြည့်ရတာ ရွှယ်အန်းရဲ့ဘေးမှာ အလှလေးတွေ တော်တော်များများရှိတဲ့ပုံပဲ”

လန့်လုံက သူ့ဓားမြှောင်ကိုကိုင်၍ ဓားမြှောင်တွင်ပေနေသော သွေးများကို လျှာဖြင့်လျက်လိုက်ကာ ရမက်ပြည့်နေသော မျက်လုံးများဖြင့် ကြည့်၍ ပြုံးလိုက်သည်။

ကျူးရူယန်နဲ့ လုရွှင်ရွှယ်တို့၏ မြေပြင်ပေါ်မှ ဆိုးရွားသောအခြေအနေကို မြင်လိုက်ရသောအခါ အန်းယန်က ဒေါသတကြီးဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“လူယုတ်မာ သေပေတော့” အန်းယန်က ထိုသို့သော သူနှင့် စကားပြော၍ အချိန်ဖြုန်းရန် စိတ်မဝင်စားသောကြောင့် ဒယ်ပြားကို မြှောက်ကာ ရိုက်ချလိုက်သည်။

လန့်လုံက လုံးဝစိတ်မပူဘဲ ရှေ့သို့ပင်တိုး၍ အမျိုးသမီးကို တိုက်ရိုက်ဖမ်းရန် ကြံရွယ်လိုက်သည်။

သို့သော် သူ၏တွက်ဆမှု မှားယွင်းခဲ့သည်။ လေနှင့် မိုးခြိမ်းသံကို သယ်ဆောင်လာသည်ထင်ရသော ဒယ်ပြားက သူ့ပခုံးထက်သို့တိုက်ရိုက်ထိမှန်သွားသည်။

ဘမ်း

လန့်လုံ လွင့်ထွက်သွား၏။

ထို့အပြင် ဤသည်က အားလုံးမဟုတ်ပေ။

လျှပ်စီးတစ်ခု ထွက်ပေါ်လာကာ လန့်လုံ၏ခန္ဓာကိုယ်သို့ အလွန်ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ထိမှန်သွားသည်။

သူက မြေပြင်ပေါ်သို့ ရောက်လုနီးနီးအချိန်၌ အဝတ်အစားများအားလုံး စုတ်ပြဲကာ ဆံပင်များမှလည်း မီးခိုးများထွက်လာနေပြီဖြစ်သည်။

“ဒါဘာလဲ။ ဘာတွေဖြစ်နေတာလဲ” လန့်လုံက ထိတ်လန်လျက် ဒေါသထွက်နေသည်။

အန်းယန်က ဒယ်ပြားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အေးစက်စွာပြောလိုက်သည်။

“ဒါက ဒယ်ပြားလေ”

ဒယ်ပြားလား။

အဲ့တာဘာလဲ။

ဟင်းချက်ဖို့လား။

သူက ဟင်းချက်ဒယ်ပြားဖြင့် ရိုက်ခံလိုက်ရသည်ကိုတွေးကာ လန့်လုံက ဒေါသတကြီးဖြင့်ရူးသွပ်သွားလုနီးနီးဖြစ်နေသည်။

သူ့နောက်တွင် အလွန်ကြီးမားသော ငှက်အရိပ်တစ်ခုပေါ်လာသည်။

“ကောင်မ မင်းက ငါ့ကို ဒေါသထွက်အောင်လုပ်လိုက်နိုင်တာပဲ။ ငါမင်းကို ဖြည်းဖြည်းချင်းခံစာရအောင်လုပ်မယ်”

သူ့စကားအဆုံးမသတ်ခင်၌ နံရံက ပွင့်ထွက်သွားကာ လူတစ်ယောက် အခန်းထဲသို့ဝင်လာလျက် လန့်လုံ၏မျက်နှာတည့်တည့်သို့ လက်သီးတစ်ချက်ထိုးလိုက်သည်။

ထိုလက်သီးက အလွန်ပြင်းထန်လွန်းသောကြောင့် လန့်လုံ၏ နောက်ကျောဘက်မှ အရိပ်ကို ဖြိုခွဲပစ်လိုက်ရုံမျှမက သူ့ကိုလည်းလွင့်ထွက်သွားစေသည်။ ထို လန့်လုံ သက်ဆင်းသောအချိန်၌ သူ၏ဘယ်ဘက်မျက်နှာတစ်ဖက်က ပြားသွားကာ ကြောက်မက်ဖွယ်ပုံစံကြီးဖြစ်နေသည်။

ထိုသူက လက်သီးကို ပြန်ရုတ်သိမ်းလိုက်သည်။

“မင်းကများ ငါ့မိန်းမကို အနိုင်ကျင့်ရဲတယ်ပေါ့”

All Chapters