အခန်း (၄၇၈-၄၈၀)
Vol. 32 Ch. 478-480
အခန်း(၄၇၈) ကလဲ့စား
ဤစကားများကိုကြားသောအခါ ဖေးပိုင်၏ မျက်လုံးများ တောက်ပလာပြီးနောက် ချက်ချင်းမှေးမှိန်သွားကာ ခါးသက်သက်အပြုံးတစ်ခု ပေါ်လာသည်။
“မင်းပြောတာမှန်တယ်။ ဒါပေမယ့် ငါထပ်ပြီး ရှေ့မတိုးနိုင်တော့ဘူး။ ရွှယ်အန်း ငါမင်းကို အကူအညီတစ်ခုတောင်းချင်တယ်”
ဖေးပိုင်က ရပ်၍ အသက်အနည်းငယ်ရှုပြီးမှ ဆက်ပြောသည်။
“လေပြင်းမျှောစင်ကို မင်း ချေမှုန်းနိုင်ပြီး ငါတို့ ဓားထိန်းချုပ်ရေးဗီလာရဲ့ ရာနဲ့ချီတဲ့အသက်တွေအတွက် လက်စားချေပေးနိုင်ဖို့ ငါမျှော်လင့်ပါတယ်။ ထိုသို့ပြောပြီးနောက် ဖေးပိုင်က ရွှယ်အန်းကိုမျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။
မမျှော်လင့်ဘဲ ရွှယ်အန်းသည် ထိုစကားကိုကြားပြီးနောက် ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
ဖေးပိုင်၏ နှလုံးသားက တဖြည်းဖြည်း နစ်မြုပ်သွားသည်။
ထိုအချိန်တွင် ရွှယ်အန်းကပြောလိုက်၏။
“လေပြင်းမျှောစင်ကို ဖျက်ဆီးရမယ် ဒါပေမယ့် မင်းအတွက် လက်စားချေပေးဖို့ ငါက စွမ်းအားမရှိဘူး”
ဖေးပိုင်၏ အမူအရာက မှောင်ကျသွားသည်။
“မင်းတကယ် လက်စားချေချင်တယ်ဆိုရင် မင်းကိုယ်တိုင်က လုပ်ရမယ်လေ။ ဒါက မင်းဂိုဏ်းအတွက် ခမ်းနားတဲ့အရာတစ်ခုပဲ။ ငါက အပြင်လူတစ်ယောက်ပါပဲ”
ဤစကားလုံးများကို ကြားသောအခါ ဖေးပိုင်က ခါးသက်စွာပြောလိုက်သည်။
"ဒါပေမယ့် ငါ့ရဲ့ လက်ရှိအခြေအနေအရ ဒီည ငါအသက်မရှင်နိုင်တော့ဘူး၊ ဘယ်လိုလက်စားချေရမလဲ..."
သူက စကားမဆုံးခင်တွင်ရပ်သွားပြီးနောက် ကြောင်အနေသည်။ ရွှယ်အန်းက လက်ဖဝါးအတွင်းမှ စွမ်းအင်များပြည့်နေ၍ တောက်ပနေသော စွမ်းအင်စီးကြောင်းတစ်ခုကိုထုတ်ပြလိုက်သည်။
"ဒါက အနှစ်သာရသွေးလား။" ဖေးပိုင်က မယုံကြည်နိုင်စွာ တိုးတိုးပြောသည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်၊ ဒါက လေပြင်းမျှော်စင်က လန့်လုံရဲ့အနှစ်သာရသွေးပဲ”
လန့်လုံ
ဤနာမည်က ဖေးပိုင်၏ အကြည့်များကို အေးခဲသွားစေသည်။ သူ့စိတ်ထဲ၌ ထိုနေ့က မြင်ကွင်းများ အလိုအလျောက်ပေါ်လာသည်။ သူ၏ အငယ်တန်း သိုင်းညီမများက သူ့ရှေ့တွင်ပင် လန့်လုံ၏ အနိုင်ကျင့်နှိပ်စက်ခြင်းကို ခံခဲ့ရသည်။ ယခုပင်လျှင် သူ၏ အငယ်တန်းညီမများ၏အော်သံများနှင့် လန့်လုံ၏ ရယ်မောသံများက သူ့နားထဲ၌ ပဲ့တင်ထပ်နေဆဲပင်ဖြစ်သည်။
ယခုမူ သူ၏ အနှစ်သာရသွေးကိုရွှယ်အန်းက အလင်းစီးကြောင်းတစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်သည်။
မေးနေရင်ပင်မလိုအပ်တော့ပေ။
လန့်လုံက ရွှယ်အန်း၏ လက်ထဲ၌ သေဆုံးသွားခြင်းဖြစ်သည်မှာ သေချာသွားပြီဖြစ်သည်။
“မင်းရဲ့ ဓားထိန်းချုပ်ရေးဗီလာအပါအဝင် သနားဖို့ကောင်းတဲ့ ဝိဉာဥ်တွေအများကြီး ငါမြင်ခဲ့ရတယ်။ မင်း သူ့ကိုဘယ်လောက်မုန်းလဲဆိုတာ ငါသိပြီ။ ဒါ့ကြောင့် သူ့အနှစ်သာရသွေးကို မင်းဆီအပ်လိုက်ပြီ။ မင်း လေပြင်းမျှောစင်ရဲ့အနှစ်သာရသွေးကိုသုံးပြီး သူတို့ကို တိုက်ပါ။ ဒါကမှ လက်စားချေတယ်လို့ခေါ်တယ်” ရွှယ်အန်းက အထာကျစွာပြောလိုက်သည်။
ရွှယ်အန်း၏ စကားများက ဖေးပိုင်၏ တစ်ကိုယ်လုံးကို တုန်လှုပ်သွားစေသည်။ ထိုအချိန်၌ ရွှယ်အန်းက သူ၏ လက်ကိုမြှောက်လိုက်သည်။ အလင်းစီးကြောင်းက ဖေးပိုင်၏ ရင်ဘက်ထဲသို့ တိုက်ရိုက်ပျံသန်းသွားသည်။
အလင်းက ဖေးပိုင်ကို လွှမ်းခြုံထား၏။ ကွဲအက်ပျက်ဆီးနေသော မရီးဒျန်များက အလင်းရောင်အောက်တွင် ပြန်လည်ရှင်သန်လာကာ သူ၏ ဒဏ်ရာရနေသော အင်္ဂါများလည်း ပြန်လည်ကောင်းမွန်လာသည်။
ဖေးပိုင်၏ သန်မာသော ခြေထောက်သည်ပင်လျှင် အင်မော်တယ်အဆင့် အနှစ်သာရသွေး၏ စွမ်းအင်များကြောင့် ပြန်လည်ကောင်းမွန်လာသည်။
မှန်သည်။ ဤအရာများအားလုံးက အလွန်နာကျင်ရသည်။ သို့သော် ဖေးပိုင်၏ နှုတ်ခမ်းထောင့်၌ ကျေနပ်သောအပြုံးတစ်ခုပေါ်လာသည်။ နာကျင်မှုက သူ၏ လက်စားချေမှုကို အပြီးသတ်စေနိုင်လျှင် ပို၍ပြင်းပြင်းထန်ထန်နေကျင်ပါစေ။
ခဏအကြာ၌ အလင်းက ပြန့်ကျဲသွားသည်။
ယခု ဖေးပိုင်၏အငွေ့အသက်များက ဖြည်းညှင်းစွာ မြင့်တက်လာရာ သူ၏ ယခင်အဆင့်သို့ပင်ပြန်ရောက်၍ အနည်းငယ်တိုးတက်မှုရှိလာသည်။ ခိုင်ခံ့သော ဓားချီတစ်ခုက သူ၏ ခန္ဓာကိုယ်မှ ထွက်လာရာ ထူထဲသော တိမ်းများကို ဖြတ်၍ ဝင်ပေါက်တစ်ခုဖန်တီးလိုက်သည်။ အပေါက်မှ လရောင်က ဖြာကျလျက် ဧရိယာတစ်ဝိုက်တွင် နှင်းဖြူများ တောက်ပနေသည်။ ဖေးပိုင်၏ မျက်နှာက တင်းမာလျက်ဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေ၏။
“သခင်… ဖေးပိုင်က ဒီပြန်လည်မွေးဖွားခြင်းကို ထာဝရ အမှတ်ရနေမှာပါ”
ရွှယ်အန်းက ပြုံး၍ သူ၏ အရိုအသေပေးမှုကို လက်ခံလိုက်သည်။ ထို့နောက် ဖေးပိုင်က မတ်တပ်ထရပ်ကာ မကြာသေးမီက ထွက်ပေါ်လာသည့် စွမ်းအားကြီးသော ဓားချီကို ကိုင်တွယ်လျက် လေပြင်းမျှော်စင်ကိုမော့ကြည့်၍ အမူအရာက အေးစက်နေသည်။
“သခင် … ကျေးဇူးပြုပြီး ဒီရဲတိုက်ကို ဖြိုခွဲခွင့်ပြုပါ”
ရွှယ်အန်းက လက်ကို ထုတ်ကာ ခွင့်ပြုကြောင်း အမူအရာပြလိုက်သည်။ ဖေးပိုင်က သူ၏ ညာလက်ကို ခေါင်းပေါ်သို့ ဖြည်းညှင်းစွာမြှောက်လိုက်၏။ လေစီးကြောင်းများက သူ၏ လှုပ်ရှားမှုနောက်သို့လိုက်ပါလာသည့်အလား နှင်းပွင့်များပင်လျှင် ထို သေစေနိုင်သည့်လေနှင့်အတူ မျောလွင့်သွားသည်။
ဖေးပိုင်၏အရှေ့တွင် အတိတ်မှ မြင်ကွင်းများပေါ်လာသည်။
ငယ်စဥ်က စွန့်ပစ်ခံခဲ့ရပြီးနောက်ပိုင်းတွင် ဝူပုချန်၏ ပျိုးထောင်မှုဖြင့် ဓားပညာကို သင်ယူကာ သိုင်းလောကသို့ လှည့်လည်၍ ကြီးပြင်းလာခဲ့သည်။ ထိုအချိန်၌ သူ့ကို ဓားတာအိုဟုခေါ်ယူခဲ့ကြသည်။ ဖေးပိုင်က သူ့ကိုယ်သူ ဓားတာအိုပါရမီရှင်ဟု အမှန်တကယ် ယုံကြည်ချက်ရှိခဲ့သည့် အချိန်တစ်ခုရှိခဲ့သည်။
အစမ်းပြိုင်ပွဲတွင် ရွှယ်အန်းနှင့်တွေ့တွေ့ပြီးချင်း လောကအလယ်၌ မိမိထက်သာသော အခြားသူများ အမြဲရှိနေကြောင်း သူသဘောပေါက်နားလည်ခဲ့သည်။ သို့သော်ထိုစဥ်က သူများများစားစားမခံစားခဲ့ရပေ။ ဓားထိန်းချုပ်ခြင်းဗီလာကို ဖျက်ဆီးခံရ၍ ကျန်းဟူ၌ လှည့်လည်သွားခဲ့ရသောအခါမှသာ ဖေးပိုင်က အမှန်တရားများစွာကို နားလည်လာခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ ရွှယ်အန်းက သူ့ကို နောက်တစ်ကြိမ် အခွင့်အရေးပေးခဲ့သည်။
ထိုသို့သော အပြောင်းအလဲကြီးသည့် အတွေ့အကြုံသည် ဓားတာအိုဖေးပိုင်၏ နှလုံးသားကို မယုံနိုင်လောက်အောင် ကြည်လင်သန့်ရှင်းစေသည်။
သူ့နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခုပေါ်လာသည်။
ထို့နောက် သူက ဓားကိုလွှဲလိုက်ရာ သူ၏ ညာလက်အောက်သို့ရောက်သွားသည့်အခိုက်တွင် ဓားချီတစ်စင်းက ကောင်းကင်နှင့်မြေကြီးကို စုတ်ဖြဲပစ်လိုက်သည့်အလားထွက်ပေါ်လာသည်။
ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာပြီးနောက် လေပြင်းမျှော်စင်က ရှင်းလင်းပြတ်သားစွာဖြင့် နှစ်ပိုင်းကွဲထွက်သွားသည်။ တစ်ချိန်တည်း၌ပင် ဓားချီ၏ ကျန်ရှိသော စွမ်းအားအောက်၌ လေပြင်းမျှော်စင်၏ နောက်ရှိ အဆောက်အဦးတစ်ဒါဇင်ကျော်လည်း ပြိုပျက်သွားသည်။
ဤဓား၏စွမ်းအားက ဖေးပိုင်၏ အတိတ်ဓားတာအိုကို ဖြတ်ကျော်၍ လုံးလုံးလျားလျား နယ်ပယ်အသစ်သို့ရောက်ရှိသွားခဲ့သည်။ ရွှယ်အန်းက ကြည့်၍အနည်းငယ်ခေါင်းညိတ်လိုက်သည်။
သူပြန်လည်ရောက်ရှိလာချိန်မှ လက်ရှိအချိန်အထိဖေးပိုင်၏ဓားတာအိုသည် သူမြင်ဖူးသမျှထဲတွင်
အသန့်ရှင်းဆုံးဖြစ်သည်။ ယခု လေပြင်းမျှော်စင်၏ သစ်သားဖြင့်ဆောက်လုပ်ထားသောဖွဲ့စည်းပုံက နှစ်ဖက်လုံးသို့ တဖြည်းဖြည်း ပြိုကျလာသည်။ ထို့နောက် လေနှင့်နှင်းများအကြားတွင် လှိုင်းလုံးကြီး ပြိုကျသွားသည်။
“အဲ့တာဘယ်သူလဲ။ ဘယ်သူက ငါ့ လေပြင်းမျှော်စင်ကို ဖျက်ဆီးရဲတာလဲ” ဒေါသတကြီးအော်လျက် လူတစ်ဒါဇင်ကျော်ထွက်ပေါ်လာသည်။
ဤလူများ၏ ကျင့်ကြံရေးအဆင့်များက အများစုမှာ လွတ်မြောက်အင်မော်တယ်များဖြစ်ကြသည်။
ရွှယ်အန်းက စကားမပြောခင်ဖေးပိုင်ကအေးစက်စွာပြောလိုက်သည်။
"ဓားထိန်းချုပ်ရေးဗီလာရဲ့ ဖေးပိုင်က ဒီနေ့၊ မင်းရဲ့လေပြင်းမျှော်စင်တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်"
စကားပြောပြီးနောက် သူ့လက်များကို အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။
တောက်ပနေသော ဓားအလင်းတန်းများ တစ်ဒါဇင်ကျော် ဖြတ်သွားကာ ထိုလူများဆီ တည့်တည့်ဦးတည်သွားသည်။ ၎င်း၏အရှိန်က အလွန်လျင်မြန်လွန်းသောကြောင့် တုံ့ပြန်ရန် အချိန်မရှိပေ။ သို့သော် ထိုအချိန်၌ အမျိုးသမီးတစ်ဦး၏ သက်ပြင်းချသံကအဝေးမှပဲ့တင်ထပ်လာသည်။
ထိုသက်ပြင်းချသံနှင့်အတူ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ အနက်ရောင်အလင်းတန်းများကြောင့် ဓားအလင်းများ ချက်ချင်းပြိုကွဲသွားသည်။ ထို့နောက် အနီရောင်တောက်တောက်ဝတ်စုံကိုဝတ်ဆင်ထားသည့်အမျိုးသမီးတစ်ဦးက ထိုနေရာ၌ပေါ်လာသည်။
"မျှော်စင်သခင်မ"
လေပြင်းမျှော်စင်မှ လူများသည် ဤအမျိုးသမီးကိုမြင်သည်နှင့် ဦးညွှတ်အလေးပြုကြသည်။
“ကျွန်မ အချိန်တစ်ခုလောက် နောက်ကျသွားတာနဲ့ မျှော်စင်ကို သူများက ဖျက်ဆီးတာခံလိုက်ရသလား။ အရည်အချင်းမရှိတဲ့ကောင်တွေပဲရှင်တို့က”
လေပြင်းမျှော်စင်မှလူများအားလုံး တုန်လှုပ်သွားကြသည်။
ထိုအခါ အမျိုးသမီးက ဖေးပိုင်ဘက်သို့ လှည့်လာကာ အော်လိုက်သည်။
“ဒါဆို ဓားထိန်းချုပ်ရေးဗီလာကလူတွေ အကုန်လုံးကို မသုတ်သင်ရသေးဘူးပေါ့”
ဤသို့ဖြင့် ဖေးပိုင်ဆီသို့ အနက်ရောင်အလင်းတန်းများစွာ ထွက်ပေါ်လာသည်။ ဤအမျိုးသမီး ပေါ်လာပြီးကတည်းက ဖေးပိုင်ရဲ့ အကြည့်များက စူးရဲနေခဲ့သည်။ မြူခိုးများဖုံးလွှမ်းနေပုံရသော ဤအမျိုးသမီးသည် လေပြင်းမျှော်စင်၏ သခင်မဖြစ်သည်။ သူမက ဓားထိန်းချုပ်ခြင်းဗီလာပျက်ဆီးရသည့်နောက်ကွယ်မှ အဓိကတရားခံပင်ဖြစ်၏။
ထို့အပြင် သူမသည်ကား ဖေးပိုင်က အသတ်ပစ်ချင်ဆုံးသူပင်ဖြစ်သည်။
ထို့ကြောင့် အနက်ရောင်အစင်းကြောင်းများ ပေါ်လာသောအခါ၊ ဖေးပိုင်သည် နောက်ဆုတ်သွားမည့်အစား ရှေ့သို့တိုးလာသည်။ သူ့တစ်ကိုယ်လုံးက အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားကာ ထိုအမျိုးသမီးဆီသို့ တိုက်ရိုက်ချီတက်သွားသည်။
“သေချင်နေတာပဲ” အမျိုးသမီးက အေးစက်စွာပြောသည်။ အနက်ရောင်အစင်းကြောင်းများ ရုတ်တရက် ပေါင်းစည်းသွားကာ အနက်ရော်ဆူးချောင်းတစ်ခုအဖြစ်ပြောင်းလဲ၍ ဖေးပိုင်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဘမ်း
အသံတစ်ခု ထွက်ပေါ်လာပြီးနောက် အနက်ရောင်အလင်းတန်းများ ကွဲထွက်သွားသည်။
ဖေးပိုင်သည်လည်း အော်ဟစ်ငြီးတွားကာ မီတာများစွာလွ့င်ထွက်၍ ဓားချီက အက်ကွဲသွားသည်။
သို့သော် တစ်ချိန်တည်းမှာပင် မျှော်စင်သခင်မသည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်အလင်းတန်းက ယခင်ကထက် အဆများစွာ ပိုပြင်းထန်လာလျက် သူ့ဆီသို့ ပျံသန်းသွားကာ လေထဲ၌ နက်နဲသည့် အပ်တစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ဖေးပိုင်၏ မျက်နှာက ဖြူဖျော့နေလျက် တိုက်ခိုက်ခြင်းကို ရင်ဆိုင်ရန် သူ့တစ်ကိုယ်လုံးမှ ဓားချီကို စုစည်းလိုက်သည်။
သို့သော် လွှမ်းခြုံထားသော အနက်ရောင်အလင်းနှင့် နှိုင်းယှဉ်ပါက သူ၏ဓားစွမ်းအင်များက အင်အားနည်းနေသည်မှာသိသာလှသည်။ သို့သော် အနက်ရောင်အလင်းတန်းက ဖေးပိုင်ဆီသို့ ကျရောက်ခါနီးတွင် လေဟာနယ်ထဲမှ လက်တစ်ဖက်ထွက်ပေါ်လာကာ အနက်ရောင်အလင်းတန်းကို ဖမ်းယူလိုက်သည်။
အခန်း(၄၇၉) လျို့ဝှက်ဆန်းကြယ်ငှက်
ဖမ်းမိပြီးသည့်တိုင် အနက်ရောင်အမှုန်အမွှားများသည် သက်ရှိသတ္တဝါကဲ့သို့ တုန်ယင်နေသည်။
ရွှယ်အန်းက စွမ်းအားများပြည့်နေသော လက်ဝါးဖြင့် ညှစ်လိုက်ရာ အလင်းက တိမ်ညိုများအဖြစ်မှေးမှိန်ပျောက်ကွယ်သွားသည်။ လေပြင်းမျှောစင်သခင်က ဒေါသတကြီးအော်လိုက်ရာ သူမ၏ မျက်နှာသို့ ဖုံးလွှမ်းနေသည့် မြူမှုန်များပျောက်ကွယ်သွားပြီးနောက် စွဲမက်ဖွယ်ကောင်းသော မျက်နှာက ပေါ်လွင်လာသည်။
ယခုမူ သူမ၏ မျက်နှာသည် တုန်လှုပ်ခြောက်ခြားခြင်းနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။
“မင်းဘယ်သူလဲ”
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"မင်းငါ့ကို ရှာနေတာမဟုတ်ဘူးလား"
“ရှင်က ရွှယ်အန်းပဲ…” လေပြင်းမျှော်စင်သခင်မ၏ အမူအရာက နက်မှောင်လာသည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။ ရွှယ်အန်းပြန်ရောက်လာသည်ကို သူမသိထားသော်လည်း အချိန်တိုအတွင်း ခွန်းလွန်သို့ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
‘စေ့စေ့စပ်စပ်စုံစမ်းဖို့ ငါအမိန့်မပေးခဲ့ဘူးလား’
‘ဘယ်လိုလုပ် ဘာသတင်းမှမရတာလဲ’
‘ထောက်လှမ်းရေးအရူးတွေကို တာဝန်ပေးလိုက်မိတာလား’
လေပြင်းမျှော်စင်သခင်က အတွင်းသို့ကြည့်လိုက်သည်။
“လေပြင်းမျှော်စင်ဆိုတဲ့အမည်ကို ကြားလိုက်ရတုန်းက ငါ သံသယတွေရှိခဲ့ပေမယ့် မင်းကိုတွေ့တော့မှ ငါတစ်ခုခုကို အတည်ပြုနိုင်ခဲ့တယ်”
“ရှင်ဘာကို အတည်ပြုခဲ့လဲ” လေပြင်းမျှော်စင်သခင်၏ ရောင်ဝွက တဖြည်းဖြည်းချင်းမြင့်တက်လာကာ သူမ၏ ဆံနွယ်များက လေထုအလယ်၌ တဖျပ်ဖျပ်လတ်နေသည်။
“မင်းက လူမဟုတ်ဘူး နတ်ဆိုးပဲ”
ရွှယ်အန်း၏ မတည်ငြိမ်သော စကားလုံးများက မိုးခြိမ်းသံကဲ့သို့ကျယ်လောင်လှကာ ဖေးပိုင်ကို အံ့အားသင့်သွားစေသည်။
နတ်ဆိုးလား။
ဖေးပိုင်သည် ယခင်က နတ်ဆိုးများနှင့် ကြုံတွေ့ခဲ့ရသော်လည်း နတ်ဆိုးအငွေ့အသက် ကင်းမဲ့သော လေပြင်းမျှော်စင်သခင်ကဲ့သို့လူတစ်ဦးကို တစ်ခါမျှမတွေ့ခဲ့ဖူးပေ။ လေပြင်းမျှော်စင်သခင်၏ မျက်နှာက ရေကဲ့သို့တည်ငြိမ်နေသည်။
“နတ်ဆိုးဟုတ်လား။ ဟာသပဲ။ ငါက ဘယ်လိုလုပ် နတ်ဆိုးဖြစ်နိုင်မှာလဲ။ ငါက ဂုဏ်သိက္ခာရှိတဲ့ ကျင့်ကြံသူတစ်ယောက် ရွှေအင်မော်တယ်တစ်ယောက်ပဲ။ ရွှယ်အန်း မင်းရဲ့ကျင့်ကြံရေးအဆင့်က မဆိုးဘူးဆိုတာ ငါအသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ငါ့လေပြင်းမျှော်စင်ကို ဆန့်ကျင်တာက နင်လုပ်ဖူးသမျှထဲ အမိုက်မဲဆုံးအရာပဲဖြစ်လိမ့်မယ်။ ငါ….”
ရွှယ်အန်းက ပျင်းရိငြီးငွေ့လာကာ လေပြင်းမျှော်စင်သခင်၏ စကားကိုဖြတ်ပြောလိုက်သည်။
“ပြီးပြီလား”
လေပြင်းမျှော်စင်၏သခင်က ခေတ္တရပ်သွားသည်။
“မင်းက နတ်ဆိုးတင်မဟုတ်ဘဲ အရမ်းရူးတဲ့ကောင်မပဲ”
ထိုသို့ပြော၍ ရွှယ်အန်းက ထိုနေရာမှ ပျောက်ကွယ်သွားကာ သူ၏လက်သီးချက်က လေပြင်းမျှော်စင်သခင်၏ ခေါင်းပေါ်၌ ပေါ်လာသည်။
လေပြင်းမျှော်စင်၏ သခင်သည် ရွှယ်အန်း၏ အရှိန်ကို မမျှော်လင့်ထားသဖြင့် အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိဘဲ လက်သီးဖြင့် ထိကာ မြေပြင်သို့ ပြင်းပြင်းထန်ထန် ရိုက်ချခံလိုက်ရသည်။
ဘမ်း
မြေပြင်က တစ်လက်မနီးပါးအထူရှိကာ နှင်းများဖြင့် ဖုံးလွှမ်းနေရာမှ အဘက်ဘက်သို့ နှင်းများ လွင့်ပျံသွားသည်။
လေပြင်းမျှော်စင်သခင်ကကြုံးဝါးလိုက်၏။
“ရွှယ်အန်း ရှင်…”
ရွှယ်အန်းသည် အထက်သို့တဖန်ပျံဝဲလာကာ အော်လိုက်သည်။
“မင်းက ရူးရုံတင်မက…နားညီးရလွန်းတဲ့ နတ်ဆိုးတစ်ကောင်ပဲ”
ဤသို့ပြောလျက် ရွှယ်အန်းက နောက်ထက်လက်သီးနှစ်ချက်ပစ်သွင်းလိုက်သည်။ သူ၏ ပြင်းထန်လှသော ထိုးနှက်ချက်များက မြေပြင်ပေါ်တွင်ကြီးမားသော မီးဝောာင်ဝတစ်ခုကို ဖြစ်ပေါ်လာစေသည်။ လေပြင်းမျှော်စင်သခင်က ၎င်း၏အလယ်၌ မတ်တပ်ရပ်နေ၏။
ရွှယ်အန်းသည် ထိုနေရာ၌ ရပ်တန့်ရန် ရည်ရွယ်ချက်မရှိဘဲ သူ၏လက်သီးများက အနည်းငယ်မျှ ရပ်တန့်သွားခြင်းမရှိပေ။
“မင်းရဲ့ပုံစံအစစ်အမှန်ကို ပြဖို့ ငြင်းနေတုန်းလား ဒါဆို မင်း ငါ့ကို မပြမချင်း ငါမင်းကို ဆက်ထိုးနေမယ်” ရွှယ်အန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
အဆိုပါမြင်ကွင်းကြောင့် ဖေးပိုင်နှင့်အခြားသူများအားလုံး ဆွံ့အကုန်ကြသည်။ ဖေးပိုင်သည် ယခု ရွှယ်အန်းပိုင်ဆိုင်ထားသော ခွန်အားကိုကြည့်လျက် အံ့သြနေမိ၏။
နှစ်နှစ်သာရှိသေးသည်။ အင်မော်တယ်နန်းတော်၏ ရွှေအင်မော်တယ်ခေါင်းဆောင်နှင့် ရင်ဆိုင်ရာတွင် အပြည့်အဝ ကြိုးစားအားထုတ်ခဲ့ရသော ရွှယ်အန်းက ယခုအချိန်တွင် အားစိုက်ထုတ်ရန်ပင်မလိုဘဲ သက်တောင့်သက်သာရှိနေပုံရနေ၏။
ယင်းက သူ၏ စွမ်းအား မည်မျှ တိုးလာသည်ကို ဖော်ပြသည်။
ဖေးပိုင်သည် ဤတိုးတက်မှုနှုန်းကြောင့် အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။
‘ရွှယ်အန်းက ရွှေအင်မော်တယ်အဆင့်ကိုရောက်သွားတာလား’
ဖေးပိုင်က တိတ်တဆိတ်တွေးလိုက်သည်။ လေပြင်းမျှော်စင်မှလူများက ယင်းကို မယုံကြည်နိုင်ဖြစ်နေကြသည်။ လေပြင်းမျှော်စင်စတင်တည်ဆောက်ချိန်မှစ၍ တစ်နှစ်ကျော်ကြာသည်အထိ ၎င်းတို့၏ လေပြင်းမျှော်စင်သခင်မသည် မည်သူတစ်ဦးတစ်ယောက်ထံတွင်မှ ရှုံးနိမ့်ခြင်းမရှိခဲ့ပေ။ သို့သော်လည်း ယနေ့တွင် ရွှယ်အန်း၏ ထိုးနှက်ချက်အောက်၌ ပြန်လည်တိုက်ခိုက်ရန်ပင်ခွန်အားမရှိတော့ပေ။
"လုံလောက်ပြီ" နက်ရှိုင်းသောမြေကြီးတွင်းအောက်မှ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် အနက်ရောင်အလင်းတန်းများက တွင်းတစ်ခုလုံးကို ပြည့်သွားသည်။ ထို့နောက်တွင် တွင်းထဲမှ ငှက်နှင့်တူသော ဧရာမသားရဲတစ်ကောင်ပေါ်လာသည်ကိုတွေ့လိုက်ရသည်။ ရွှယ်အန်းက နောက်ကျောတွင် လက်နှစ်ဖက်ယှက်ကာ တွင်းအစွန်းတွင်ရပ်နေကာ မျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာသည်။
“တကယ့်ကို ရှားရှားပါးပါး နက်မှောင်နေတဲ့ ရွှမ်ငှက်တစ်ကောင်ပဲ”
ရွှမ်ငှက်။
ရှေးခေတ်က ဆန်းကြယ်သားရဲတစ်ကောင်ပင်ဖြစ်သည်။
မမျှော်လင့်ထားစွာဖြင့် ၎င်းသည် ယနေ့ခွန်းလွန်တွင်ပေါ်လာသည့်အပြင် မည်းမှောင်နေသောရွှမ်ငှက်လည်းဖြစ်နေသည်။
“ရွှယ်အန်း ငါ့ ပုံစံအမှန်ကို မြင်လိုက်ရတဲ့လူတွေအားလုံး သေရမှာပဲ။ ရွှယ်အန်း ရှင်က…အားးးး”
ရွှမ်ငှက်က ဆိုးရွားသောစကားများကို ထုတ်ပြောတော့မည့်အခိုက်၌ ကျယ်လောင်စွာ အော်လို်ကသည်။
အကြောင်းမှာ ရွှယ်အန်းက ရုတ်တရက် ၎င်းနောက်၌ ပေါ်လာကာ သူမ၏ အနက်ရောင်အလင်းများဖြင့် ပြုလုပ်ထားသော ငှက်တောင်များကို လက်တစ်ဖက်တည်းဖြင့် ဆုတ်ကိုင်လိုက်သောကြောင့်ပင်ဖြစ်သည်။
“ထလော့”
ဤသို့ဖြင့် ရွှယ်အန်းက ရွှမ်ငှက်ကို တွင်းဝမှ အတင်းဆွဲထုတ်လိုက်သည်။
ထိုအချိန်မှသာလျှင် ၎င်းသည် ဖီးနစ်ပုံသဏ္ဍာန်နှင့် အတန်ငယ်သေးငယ်သော အနက်ရောင်ငှက်ကြီးတစ်ကောင်ဖြစ်ကြောင်း လူများက ရှင်းရှင်းလင်းလင်းသိမြင်လာကြသည်။
ထိုအပြင် အနက်ရောင်အလင်းများက ၎င်း၏ တောင်ပံများပင်ဖြစ်သည်။ ထိုအချိန်၌ အနက်ရောင်အလင်းများက ကောင်းကင်ယံသို့ဖြတ်ကျော်ကာ ရွှယ်အန်းကို ဝိုင်းရံလျက် လျှပ်စစ်လျှော့တိုက်သည့်အလား ကြီးမားလာသည်။ ထို့နောက် ငှက်သည် မရေမတွက်နိုင်အောင်များပြားသော အနက်ရောင်အလင်းတန်းများကိုထုတ်လွှတ်လိုက်၏။
အနက်ရောင်အစင်းကြောင်းများသည် အနက်ရောင်မိုးသည်းထန်စွာရွာသွန်းသကဲ့သို့ ရွှယ်အန်းဆီသို့ ထွက်လာကြသည်။
ရွှယ်အန်းသည် ရှောင်တိမ်းခြင်း မပြုဘဲ လေထုထဲတွင် ငြိမ်သက်စွာ ရပ်နေ၍ ရွှမ်ငှက်၏ အတောင်များမှ အမွှေးအမြောက်အမြားကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။
အနက်ရောင်မိုးက ရွှယ်အန်းကို လွှမ်းခြုံထားဆဲဖြစ်၏။
“ဟီးဟီး ငါ့ငှက်မွှေးတွေကို လက်ဗလာနဲ့ကိုင်နေတာ သေခြင်းတရားဆိုတဲ့ စကားလုံးကို သူတကယ်မသိတဲ့ပုံပဲ”
ဤစကားလုံးများပျောက်သွားပြီးမကြာမီ၌ပင် အဖြူရောင်မီးလျံများက အနက်ရောင်မိုးကြား၌ ထွက်ပေါ်လာသည်။
တောက်လောင်နေသော မီးတောက်များကြားတွင် အနက်ရောင်မိုးသည် ပွက်ပွက်ဆူနေသောရေအောက်မှ နှင်းများကဲ့သို့ အရည်ပျော်၍ လျင်မြန်စွာပျောက်ကွယ်သွားသည်။ ရွှမ်ငှက်၏
အောင်ပွဲက အကုန်လုံးကို ထိတ်လန့်တကြားဖြစ်သွားသည်။
"ဒီလိုမီးလျံကို ရှင်ဘယ်လိုလုပ်နိုင်တာ…”
စကားမဆုံးခင်၌ ရွှယ်အန်းက လက်ကို ဝှေ့ယမ်းကာ အနီးနားက မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ချခဲ့သည်။
ဘမ်း
မြေကြီးက ကြီးမားသော တွင်းကြီးတစ်တွင်းအဖြစ် ချိုင့်ဝင်သွားသည်။ ရွှမ်ငှက်၏ ကိုယ်ပေါ်ရှိ အနက်ရောင်အလင်းတန်းသည် ကြီးမားစွာ ကွဲအက်သွားသည်။ သို့သော် သူမ အသက်မရှုနိုင်ခင်တွင် ရွှယ်အန်းက နောက်ထပ်တစ်ကြိမ် လှုပ်ရှားလိုက်သည်။
ဘမ်း ဘမ်း ဘမ်း
ရွှယ်အန်းသည် ကြာပွတ်ကိုကိုင်ဆောင်ထားသကဲ့သို့ မြေပြင်၏ နေရာတိုင်းတွင် တွင်းပေါက်များဖြစ်စေခဲ့ကာ ရွှမ်ငှက်၏ အရွယ်အစားက ထက်ဝက်ခန့်သေးသွားကာ ယခင်ကကဲ့သို့ေ မာက်မာခြင်းမရှိတော့ပေ။
"အလျှော့ပေးပါတယ်၊ အလျှော့ပေးပါတယ် သခင်၊ ကျေးဇူးပြုပြီး ရိုက်တာကို ရပ်လိုက်ပါ" ရွှမ်ငှက်က အော်သည်။
“ပြော မင်းကို ဘယ်သူလွှတ်လိုက်တာလဲ” ရွှယ်အန်းက လက်ကိုလွှတ်၍ ဖုန်များကိုခါလိုက်သည်။
ရွှမ်ငှက်က ရွှယ်အန်း၏ အကြမ်းဖက်မှုကြောင့်အလွန် ထိတ်လန့်သွားသည်။
“ရှင် ဘာကိုဆိုလိုလည်းဆိုတာ ကျွန်မနားမလည်ဘူး”
"ဟမ်" ရွှယ်အန်းက မျက်ခုံးပင့်တင်လိုက်သည်။
"မင်းရဲ့အမှတ်အသားအရ မင်းနတ်ဆိုးနယ်မြေက လာတာဖြစ်ပြီး စွမ်းအားကြီးတဲ့အရာတစ်ခုခုကို မင်းရဲ့စွမ်းအင်ကို မြှင့်တင်ပေးထားတဲ့ပုံပေါ်တယ်လေ။ နတ်ဆိုးနယ်မြေရဲ့ ဘယ်အပိုင်းကလဲဆိုတာ ခန့်မှန်းကြည့်ရအောင်။ မီးငှက်နယ်မြေကမဟုတ်ဘူးလား။ မဟုတ်သေးဘူး။ အဲ့ မောက်မာတဲ့သတ္တဝါတွေက မင်းလိုငှက်မျိုးနဲ့ အဆက်အဆံလုပ်မှာမဟုတ်ဘူး”
"ဖီးနစ်နယ်မြေလား။ အဲ့တာလည်းမဟုတ်သေးဘူး။ ဖီးနစ်နဲ့ ရွှမ်ငှက်တွေက အမြဲတမ်းသဘောထားကွဲလွဲနေတာ။ မင်း သူတို့ပြောစကားနားထောင်မှာမဟုတ်ဘူး”
“ဖြစ်နိုင်တာက…မင်းရဲ့ ငှက်နတ်ဘုရားဆီမှာ တာဝန်ပေးမခံခဲ့ရဘူလား”
ရွှယ်အန်းပြောခဲ့သည့်စကားတစ်ခွန်းစီကြောင့် ရွှမ်ငှက်က တုန်လှုပ်သွားကာ သူမ၏အကြည့်များက အဆုံးတွင် လေးစားမှုများဖြင့်ပြည့်လာသည်။
“ရှင်ကဘယ်သူလဲ။ နတ်ဆိုးနယ်မြေအကြောင်း ရှင်ဘယ်လိုသိနိုင်မှာလဲ”
"ငါလား’" ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးကာ ခပ်လှမ်းလှမ်းမှ အမှောင်ဆီသို့ ခေါင်းလှည့်လိုက်သည်။
"ဖုံးကွယ်ထားတာကြာပြီ၊ မင်းကိုယ်မင်းပြဖို့ အချိန်မကျသေးဘူးလား"
အခန်း(၄၈၀) ငါနဲ့သူငယ်ချင်းဖြစ်ဖို့ တန်တယ်ထင်လို့လား
လိုင်ရှို့က အမှောင်ထဲမှ ဖြည်းညှင်းစွာထွက်လာရာ သူ့နောက်တွင် လက်အောက်ငယ်သားအများအပြားက လိုက်ပါလာ၏။
“မီးနတ်ဘုရားခန်းမလား” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်၏။
လိုင်ရှို့က လှောင်ရယ်လိုက်သည်။
"ရွှယ်အန်း၊ ငါ မင်းကို လျှော့တွက်ခဲ့တယ်ဆိုတာ ငါဝန်ခံပါတယ် နှင်းတွေထူထပ်တဲ့ညမှာ ခွန်းလွန်မြို့ထဲကို ဝင်ရဲပြီး လေပြင်းမျှော်စင်ဆီတည့်တည့်သွားရဲတဲ့အထိ သတ္တိတွေရှိနေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး”
ထို့နောက် လိုင်ရှို့က ခေါင်းငုံ့၍ ရွှမ်နျောင်ကို ကြည့်ကာ လှောင်ပြောင်သောအမူအရာမျိုးဖြင့်ပြောလိုက်သည်။
“သခင်ရှန်နျောင် အခု ကျုပ်အကူအညီကို အရမ်းလိုနေတဲ့ပုံပဲ”
ရွှမ်နျောင်က ရှက်၍ ဒေါသထွက်ကာ အော်လိုက်သည်။
“လိုင်ရှို့ စကားအပိုတွေမပြောနေနဲ့။ ရှင် ဒီကောင့်ကို သတ်ပြီး ကျွန်မကို အခုထုတ်ပေး။ မဟုတ်ရင် သခင့်ကိစ္စတွေ နှောင့်နှေးအောင်လုပ်မိရင်းက ရှင်လည်း အသက်ရှင်မှာမဟုတ်ဘူး”
ဤသည်ကိုကြားသောအခါ ဖေးပိုင်က အဝေးမှ ရေရွတ်လိုက်သည်။
“မီးနတ်ဘုရားခန်းမနဲ့ လေပြင်းမျှော်စင်က တစ်ဘက်နဲ့တစ်ဘက် ဘယ်တုန်းကမှ မနှောင့်ယှက်ခဲ့ဘူး။ သူတို့က တစ်ကြိတ်တည်းတစ်ဉာဏ်တည်းတွေဖြစ်နေတာပဲ”
လိုင်ရှို့က ကြိမ်ဖန်များစွာလှောင်ရယ်၍ မောက်မာစွာခေါင်းမော့လိုက်သည်။
"ရွှယ်အန်း၊ ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘူး။ မင်းရဲ့လူတွေကို ခေါ်ပြီး ဒီလျို့ဝှက်နယ်မြေကနေ ထွက်သွားရင် ငါတို့ကြားမှာ ဘာကိစ္စမှမရှိခဲ့ဘူးလို့ ဟန်ဆောင်ပေးလို့ရတယ်”
ရွှယ်အန်းက သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။
“ဟင့်အင်း”
ရွှယ်အန်းက ငြင်းလိမ့်မည်ဟုမမျှော်လင့်ထားသဖြင့် လိုင်ရှို့ အံ့အားသင့်သွားသည်။
“မင်း…”
ရွှယ်အန်းသည် ဖြူဖွေးသောသွားများကိုပြ၍ အေးစက်စွာပြုံးလိုက်သည်။
“ခန့်မှန်းကြည့်ရအောင်။ မင်းဘာလို့ လျို့ဝှက်နယ်မြေကို ဆင်းလာပြီး ဒီမှာ ခြေကုပ်ချထားချင်တာလဲ။ ဘာလို့လဲဆိုတော့ အခွင့်အရေးရလာရင် သေမျိုးလောကဆီမှာ အခြေချချင်လို့လား”
ရွှယ်အန်း၏စကားကြောင့် လိုင်ရှို့၏မျက်နှာသည် ဖြူဖျော့သွားသည်။
"ရွှယ်အန်း၊ ငါတို့ မင်းကို ကြောက်မယ်မထင်နဲ့ ။ ရွှမ်နျောင်က ရွှေအင်မော်တယ်ထက်ဝက်အဆင့်ပဲရှိသေးတာ။ ဒါပေမယ့် ငါကတော့ ရွှေအင်မော်တယ်စစ်စစ်ပဲကွ။ မင်းအတွက် ဘာက အကောင်းလဲဆိုတာသိရင် ငါတို့ သူငယ်ချင်းကောင်းတွေဖြစ်လာနိုင်တယ်။
ရွှယ်အန်းက တိတ်တဆိတ်မျက်လုံးများကိုမှိတ်လိုက်သည်။ ဖေးပိုင်၏ နှလုံးသားက လည်ချောင်းအထိ မြင့်တက်လာသည်။
သူသာ ရွှယ်အန်းဖြစ်လျှင် ဤသို့သောအခြေအနေမျိုးတွင် မည်သို့လုပ်မည်ကိုတွေးကြည့်သည်။
အမှန်မှာ ဤအရာအားလုံးက ရွှယ်အန်းနှင့် သက်ဆိုင်ခြင်းမရှိပေ။ အကယ်၍ ရွှယ်အန်းကသာ နောက်ဆုတ်လျှင် လုံခြုံရမည်ဖြစ်သည့်အပြင် ရွှေအင်မော်တယ်တစ်ပါးနှင့် ဆက်ဆံရေးကောင်းတစ်ခုပင်တည်ဆောက်နိုင်မည်ဖြစ်သည်။
သို့သော် သူသာ ငြင်းဆန်နေမည်ဆိုပါက ပဋိပက္ခကို ရှောင်လွှဲ၍ မရနိုင်ပေ။
လူမိုက်များမှ လွဲ၍ မည်သူမဆို ရင်ကြားစေရန် ရွေးချယ်ကြပေလိမ့်မည်ဖြစ်သည်။
သို့သော် ဤကဲ့သိုသာ တကယ်တမ်း ဆက်သွားမည်ဆိုပါက သူကိုယ်တိုင်၏ လက်စားချေမှုက မျှော်လင့်ချက်မဲ့သွားပေလိမ့်မည်ဖြစ်သည်။
ဖေးပိုင်က အတွေးများဖြင့် ကြောင်အနေသည်။
ထိုအချိန်တွင် စွန်းလင်သည် တစ်ဖက်မှမတ်တပ်ရပ်ကာ သူ့စီးကရက်ကို တစ်ချက်ရှိုက်လိုက်သည်။
“ငါတို့ဆရာက အရှုံးပေးဖို့ မျှော်လင့်နေတာလား။ ဒါက တကယ်သေချင်နေတာပဲ”
ဖေးပိုင်က သူ့ကို အံ့သြတကြီးစိုက်ကြည့်နေသည်။
စွန်းလင်က သူ့အကြည့်ကို ခံစားမိသဖြင့် ခေါင်းလှည့်ကာပြုံးလိုက်သည်။
“ စိတ်မပူနဲ့ ငါ့စိတ်ကို ပြောရုံပဲ”
ထိုသို့ပြောပြီးနောက် သူက စီးကရက်ဖင်ကို လွှင့်ပစ်ကာ ချန်ဟောက်နှင့်အခြားသူများကို မျက်ရိပ်မျက်ခြေပြ၍ လေဟာနယ်ထဲသို့ခုန်ချပျောက်ကွယ်သွားသည်။ ချန်ဟောက်နှင့် အခြားသူများက ဤကြီးမားသော တိုက်ပွဲကို ရှောင်လွှဲ၍ မရနိုင်ကြောင်းသိကြသည်။ စွန်းလင်ပြောသည့်အတိုင်းပင် ရွှယ်အန်းသည် လိုင်ရှို့၏စကားကြောင့် ရွံရှာစက်ဆုပ်စွာရယ်မောလိုက်၏။၊
“သူငယ်ချင်းဟုတ်လား”
လိုင်ရှို့က မိမိကိုယ်မိမိ ဂုဏ်ယူစွာခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်။ မင်းအတွက် ခွန်းလွန်မြို့ထဲမှာ နယ်မြေတစ်ခုပေးဖို့တောင် စဥ်းစားပေးနိုင်တယ်”
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
“ဒါ ငါဆိုလိုတာမဟုတ်ဘူး။ ငါဆိုလိုတာက… မင်း ငါနဲ့သူငယ်ချင်းဖြစ်ဖို့ အရည်အချင်းပြည့်မှီလား”
ဤသည်ကိုကြားသောအခါ လိုင်ရှို့၏မျက်နှာကရုတ်တရက် ပြာမှုန်သွားသည်။
“ရွှယ်အန်း၊ မင်းရှုံးဖို့အတွက်နဲ့ အရက်တစ်ခွက်ကမ်းလှမ်းတာကို မငြင်းချင်နဲ့။ ငါသတိပေးလိုက်…”
ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"လုံလောက်ပါပြီ၊ မင်းအသက်ရှုဖို့ချန်ထားဦး။ ငါနည်းနည်း ပင်ပန်းနေပြီ၊ မင်းတို့နဲ့စာရင်းရှင်းပြီးရင် အိပ်လို့ရပြီ”
လိုင်ရှို့က ဒေါသတကြီးရယ်မောကာ ရွှမ်နျောင်ကို လက်ဟန်ပြလိုက်သည်။ အတူတကွ လူနှစ်နတ်ဆိုးတို့ တွဲဖက်၍ ရုတ်တရက် တိုက်ခိုက်ကာ ရွှယ်အန်းဆီသို့ ပြင်းထန်စွာချီတက်လာကြသည်။
လိုင်ရှို့၏လက်သီးက ပြင်းထန်စွာစုစည်းထားသော မီးလုံးတစ်လုံးဖြင့် ဖုံးလွှမ်းနေကာ အပူကြောင့် လေထုတစ်ခုလုံး ပွက်ပွက်ဆူလာသည်။
တစ်ချက်ထိရုံဖြင့် အသက်ဆုံးရှုံးမည်မှာ သေချာသည်။
အခြားတစ်ဖက်တွင်မူ ရွှမ်နျောင်က အနက်ရောင်အလင်းအားလုံးကို ဓားထက်ပင် ထက်မြက်သော ဓားတစ်စင်းအဖြစ် စုစည်းလိုက်သည်။
ထိုသို့သော ပြင်းထန်သည့် ပေါင်းစပ်တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ရွှယ်အန်းက နှစ်ခုသာ လုပ်ခဲ့သည်။ သူက လက်သီးကို မြှောက်ကာ ခပ်တိုးတိုးအော်လိုက်၏။
“ယင်နဲ့ယန် ရောနှော”
ယခုရက်များတွင် ရှါယ်အန်းက တိုက်ခိုက်သည့်အခါတိုင်း သူသုံးသော သိုင်းကွက်၏အမည်ကို တော်ရုံသာ ပြောလေ့ရှိသည်။ သူ၏လှုပ်ရှားမှုတိုင်းနှင့် ရွေ့လျားမှုတိုင်းက ကြီးမားသော စွ၎်းအားများဖြင့် လွှမ်းခြုံထားသည်။ သို့သော် ဤလက်သီးချက်က မတူပေ။ ၎င်းသည် နတ်ဘုရားသုတ်သင်ခြင်းနည်းလမ်းခြောက်သွယ်၏ ဒုတိယသိုင်းကွက်မှ အဆင့်မြင့် ပုံစံတစ်မျိုးလည်းဖြစ်သည်။
နောက်ဆုံး ‘ယန်’ ဟူသော စကားလုံးပြောပြီးသည့်အခိုက်၌ ညစ်ညမ်းသောအကြည့်ဖြင့် လိုင်ရို့က လက်ထဲမှ မီးတောက်များအလွန် အေးစက်သွားသည်ကို ရုတ်တရက် ထိတ်လန့်စွာ သိရှိလိုက်ရသည်။
နှစ်ရှည်လများကြာအောင် လျို့ဝှက်ဆန်းကြယ်သော ရေခဲတုံးကြီးဖြင့် လွှမ်းမိုးခြင်းခံလိုက်ရသကဲ့သို့ပင်ဖြစ်၏။ ထို့အတူ ရွှမ်ဖုန်းကလည်း ၎င်းက ဖြူသွားသည်ကို သတိထားမိသွားသည်။ ထို့အပြင် အဖြူရောင်ဖြစ်လာသည်နှင့်အမျှ ၎င်းတို့၏ ကျင့်ကြံရေးအဆင့်များအားလုံးကလည်း အရှိန်အဟုန်ဖြင့်ကျဆင်းသွားသည်။
၎င်းကို ကြောက်ရွံ့မှုဖြင့်ကျော်လွှားကာ အော်လိုက်ချင်သော်လည်း သူ၏ နှုတ်သီးမှထွက်လာသည်မှာ ငှက်အော်သံအနည်းငယ်မျှသာဖြစ်သည်။ ထိုအချိန်၌ပင် ဤလက်သီး၏ စွမ်းအားများက အပြည့်အဝထွက်ပေါ်လာသည်။
မီးခိုးရောင်မြူများက လိုင်ရှို့နှင့် ရွှမ်ဖုန်းတို့ကို ဖုံးလွှမ်းထားသည်။ ၎င်းတို့က လွတ်မြောက်ရန် မရုန်းကန်နိုင်ခင်၌ပင် ၎င်းတို့၏ အသားများက မီးခိုးရောင်မြူခိုးများကြောင့် ကြေမွသွားသည်။ ရွှမ်ဖုန်းက နတ်ဆိုးခန္ဓာကိုယ်ပြိုလဲသွားသဖြင့် ကျယ်လောင်စွာအော်လိုက်သည်။
ရွှမ်ဖုန်းနှင့် နှိုင်းယှဉ်ပါက လိုင်ရှို့၏ ကျင့်ကြံရေးအဆင့်က ပိုမိုနက်ရှိုင်းသည်။ သူ့ခန္ဓာကိုယ်က ပိတ်မိနေသော ဝိဉာဥ်ကမူ ရုတ်တရက် ပျံထွက်သွားရာ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ အရှေ့မြောက်အရပ်သို့ တိုက်ရိုက် ဦးတည်သွားသည်။
“ကျန်တဲ့လူတွေကို မသနားနဲ့တော့” ရွှယ်အန်းက အမိန့်ပေးပြီးနောက် လိုင်ရှို့နောက်သို့ချက်ချင်းလိုက်သွားသည်။
ချန်ဟောက်နှင့် အခြားသူများက လေပြင်းမျှော်စင်နှင့် မီးနတ်ဘုရားခန်းမမှလူများနောက်သို့ လိုက်ကာတိုက်ခိုက်ကြသည်။
အလွန်ပြင်းထန်သော အရူးအမူးတိုက်ပွဲက တဖြည်းဖြည်းပုံပေါ်လာသည်။ ဖေးပိုင်က တစ်ခဏမျှ
တုံ့ဆိုင်းနေပြီးနောက် ရွှယ်အန်းနောက်သို့ လိုက်သွားချင်သော်လည်း တိုက်ပွဲကို မြင်သောအခါ အံကြိတ်၍ လေပြင်းမျှော်စင်မှ အဖွဲ့ဝင်တစ်ဦးကို ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
ဤအခိုက်အတန့်တွင် လိုင်ရှို့၏ နှလုံးသားက ထိတ်လန့်မှုအပြည့်ရှိနေသည်။ ရွှယ်အန်း၏ မြေကြီးကို ဖြိုခွင်းလိုက်သော လက်သီးသည် ယခုပင် သူ့အသက်ကို သတ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သူက ခွေးလေခွေးလွင့်တစ်ကောင်ကဲ့သို့ အပြင်းအထန် ထွက်ပြေးနေ၏။
သို့သော် ရွှယ်အန်းက သူ့ကို အလွတ်ပေးရန် ရည်ရွယ်ချက်မရှိသကဲ့သို့ သူ့နောက်သို့ မဆုတ်မနစ်လိုက်လာသည်။ အသက်ရှုစာအနည်းငယ်မျှအပြီးတွင် ရွှယ်အန်းက သူ့ကို အမှီလိုက်နိုင်ခဲ့သည်။ လိုင်ရှို့က အလွန်ကြောက်လန့်တကြားဖြင့် အော်လိုက်၏။
“သခင် ကျွန်တော့်ကိုကယ်ပါ”
ဤစကားလုံးများထွက်ပေါ်လာပြီးနောက် သူ၏ အမြန်နှုန်းက ဆယ်ဆပိုမိုမြန်ဆန်သွားကာ အနားရှိ မီးနတ်ဘုရားခန်းမသို့ ချက်ချင်းဝင်သွားလုတော့မည့်နည်းပါးပင်ဖြစ်သည်။ မကြာမီတွင် ရှေးကျ၍ လေးနက်သော အလင်းရောင်တစ်ခုကာ ခန်းမ၏မျက်နှာကျက်ကို ကျူးကျော်ဝင်ရောက်ကာ နက်နဲသော အသံတစ်ခုထွက်ပေါ်လာသည်။
“ဘယ်သူလဲ… ဘယ်သူက မီးနတ်ဘုရားရဲ့လက်အောက်ခံတွေကို သတ်ရဲတာလဲ”
ရွှယ်အန်းသည် နောက်ကျောတွင် လက်နှစ်ဖက်ယှက်၍ ရပ်လျက် အေးစက်စွာပြုံးလိုက်သည်။
“နောက်ဆုံးတော့ မင်းကိုယ်မင်းကိုယ်ထင်ပြပြီပေါ့။ မီးဘုရင်နတ်ဆိုး”
မီးနတ်ဘုရားခန်းမက တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် အေးစက်သော ရယ်မောသံများပျံ့လွင့်လာသည်။
“တော်တော် အံ့သြစရာပဲ။ မင်းငါ့နာမည်ကို သိတယ်ပေါ့”
ဤသို့ပြော၍ မီးနတ်ဘုရားခန်းမသည် ကျစ်ကျစ်တောက် ပူနေသော နေရောင်အောက်တွင် ဖယောင်းတိုင်တစ်ခုကဲ့သို့ ပျော်ကျသွားသည်။ ခန်းမအလယ်တွင်ရပ်နေသော မီးနတ်ဘုရားရုပ်တုက
အသက်ဝင်လာ၍ ၎င်း၏အငွေ့အသက်သည်လည်း ကြောက်မက်ဖွယ်ကောင်းသောအတိုင်းအတာအထိ လျင်မြန်စွာမြင့်တက်လာသည်။
ရွှယ်အန်းက တိတ်တဆိတ်ကြည့်နေသည်။ ကြောက်ရွံ့မှုအနည်းငယ်မျှပင်မရှိသော သူ၏မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
အမှန်ပင် ယင်းက သားကောင်ကို လိုက်ရခြင်းမှရသော စိတ်လှုပ်ရှားမှုပင်ဖြစ်သည်။
တကယ်တမ်းတွင် ရွှယ်အန်းသည် ခွန်းလွန်မြို့သို့ ဝင်ရောက်ပြီးပြီးချင်း၌ ဤနတ်ဆိုးဘုရင်၏တည်ရှိမှုကို ခံစားခဲ့ရသည်။ သူ၏ရောင်ဝါကို အလွန်ကောင်းမွန်စွာဖုံးကွယ်ထားသောာကြောင့်သာ တည်နေရာအတိအကျကို သူမသိနိုင်ခဲ့ခြင်းဖြစ်သည်။
ဤနတ်ဆိုးဘုရင်က ရွှယ်အန်း၏အကြည့်မှ အေးစက်မှုကို ခံစားခဲ့ရကာ ဒေါသတကြီး ကြုံးဝါးလိုက်သည်။
“ကျင့်ကြံသူ မင်းက ငါ့လက်အောက်ငယ်သားတွေကို ဖျက်ဆီးပြီးပြီ။ ဒါကြောင့် ဒီနေ့ မင်းရဲ့ဝိညာဉ်ကို လျော်ကြေးအနေနဲ့ မင်းခန္ဓာကိုယ်ကနေ ထုတ်ယူလိုက်မယ်”
ဤသည်ကိုပြောပြီးသည်နှင့် မီးတောက်များ ပေါက်ကွဲထွက်လာကာ ရွှယ်အန်းကို တစ်လွှာချင်းဖုံးအုပ်သွားသည်။