ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ သခင်အသစ်...
Vol. 34 Ch. 514
" ငါတို့မိသားစုရဲ့ အကြီးအကဲက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက နဂါးငွေ့တန်းကြယ်သခင်ရဲ့ စွမ်းအားကို ကြည့်ပြီး သူက အလွှာတစ်ဆယ်ကို ဝင်ရောက်ပြီးရင် နှစ်တစ်ထောင်အတွင်း အဆင့်ဘီ၊ နှစ်ငါးထောင်အတွင်း အဆင့်အေကို ရောက်နိုင်တယ်လို့ ပြောခဲ့တယ်။ "
" ဘုရားရေ သူက အဲ့လောက်တောင် ကြောက်စရာကောင်းတာလား။ "
ဧည့်သည်အနည်းငယ်က အံ့ဩသွားကြသည်။ အလွှာတစ်ဆယ် အဆင့်ဘီက မည်မျှကြောက်စရာကောင်းသည်ကို သူတို့သိကြလေသည်။ အဆင့်အေဆို ပြောစရာပင်မလိုပေ။ အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူများက နှစ်ပေါင်း သောင်းချီ သိန်းချီ ကျင့်ကြံခဲ့ကြပြီး အဆင့်ဒီ သို့မဟုတ် အဆင့်စီတွင် ရှိနေကြဆဲ ဖြစ်သည်။
" ငါက သတ္တမအလွှာကို ဘယ်အချိန်မှ ရောက်မလဲမသိဘူး။ "
" ဟူး ငါတို့အားလုံးက လူသားတွေပါပဲ။ ဒါပေမယ့် နဂါးငွေ့တန်းကြယ်သခင်ရဲ့ အရည်အချင်းက ငါတို့ထက် အများကြီး ပိုသာနေတာလဲ။ နဂါးငွေတန်းကြယ်သခင်က သာမန်မိသားစုတစ်ခုက မွေးဖွားလာတယ်လို့ ပြောကြတယ်မဟုတ်လား။ "
အခြားဆင့်ကဲပြောင်းလဲသူများက ခါးသီးမှုကို ခံစားလိုက်ရသည်။ နဂါးငွေ့တန်းကြယ်သခင်နှင့် အသက်တူလျှင်တောင် သူတို့က ပထမနှင့် ဒုတိယအလွှာများတွင် ရုန်းကန်နေကြဆဲ ဖြစ်သည်။
မင်္ဂလာပွဲတွင် လင်းယွမ်က စကားပြောနေစဉ် သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ဦးတည်ချက်တစ်ခုသို့ ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ထိုက်ယန်မူလစိတ်ဝိညာဉ်က လျို့ဝှက်နယ်မြေ၏ အမြုတေကို လုံးဝ သန့်စင်ပြီးသွားသောကြောင့်ဖြစ်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်က ထိုင်နေပြီး လျို့ဝှက်နယ်မြေ၏ အမြုတေက သူ၏ နဖူးထဲသို့ ပေါင်းစည်းနေသည်။ ချက်ချင်း သူ၏ စိတ်ဝိညာဉ်က အလွန်မြင့်ထက်သွားပြီး ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတစ်ခုလုံးကို အသေးစိတ် မြင်လိုက်ရသည်။
လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ဖန်ဆင်းရှင်နတ်ဘုရားနှင့် တူသွားပြီး နယ်မြေအတွင်း ဖြစ်ပျက်သမျှ အရာအားလုံးက သူ၏ အာရုံအောက်တွင် ရှိနေလေသည်။ လျို့ဝှက်နယ်မြေအတွင်းမှ နဝမအလွှာများက မသိကြသော်လည်း ဒေသခံသက်ရှိများက အာရုံခံမိကြလေသည်။
" ဝူ...... ဝူ....."
" ဝေါင်း.... ဝေါင်း...."
နယ်မြေအတွင်းရှိ ဒေသခံ သက်ရှိအားလုံးက အလွန်ရိုကျိုးစွာဖြင့် မြေပြင်တွင် ဒူးထောက်နေကြသည်။
" ဒါက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို ထိန်းချုပ်နိုင်တဲ့ ခံစားချက်လား။ " လင်းယွမ်၏ စိတ်ဝိညာဉ်က လျို့ဝှက်နယ်မြေတစ်ခုလုံး ပျံသန်းနေသည်။
ဒေသခံသက်ရှိများ သို့မဟုတ် မျိုးနွယ်ခြားများ မည်သူကိုဖြစ်စေ အတွေးတစ်ချက်နှင့် လျို့ဝှက်နယ်မြေ၏ စွမ်းအားက သူတို့ကို သုတ်သင်နိုင်လေသည်။ နယ်မြေအတွင်း အလွှာတစ်ဆယ် သို့မဟုတ် အလွှာဆယ့်တစ်သက်ရှိများပင် လင်းယွမ်၏ သတ်ဖြတ်လိုစိတ်ကို မခုခံနိုင်ကြပေ။
" ငါ လိုချင်တဲ့အချိန်တိုင်း နယ်မြေက ထွက်သွားနိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ဝင်ပေါက်တစ်ခုသာရှိပြီး ထွက်ပေါက်မရှိပေ။ သတ်မှတ်ထားသော နှစ်တစ်ရာပြည့်ချိန်တွင် အပြင်ဘက်ဒေသတွင် စောင့်ဆိုင်းပြီး အလိုအလျောက် ထုတ်ပေးခြင်းကို ခံရလေသည်။ သို့သော် လျို့ဝှက်နယ်မြေ၏ အရှင်သခင်အနေဖြင့် လင်းယွမ်က ထိုစည်းမျဉ်းများဖြင့် ချည်နှောင်ခြင်းမခံရတော့ပေ။
" အခြားသူတွေနဲ့ အတူတူထွက်တာက ပိုကောင်းပါတယ်။ " လင်းယွမ်က အလျင်မလိုပေ။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင် ကြီးမြတ်သူများ စောင့်ဆိုင်နေနိုင်လေသည်။ သူထွက်သွားခဲ့လျှင် သူတို့နှင့် ရင်ဆိုင်ရပေလိမ့်မည်။
လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို လေ့လာနေစဉ် လက်ခြောက်ဖက်နှင့် ပုံရိပ်က သူ၏ ဘေးတွင် ပေါ်လာပြီး အနည်းငယ် ဦးညွှတ်လိုက်သည်။
" သခင် " သူက လျို့ဝှက်နယ်မြေ၏ စိတ်အသိဖြစ်ပြီး လင်းယွမ်က နယ်မြေကို သန့်စင်ခဲ့သောကြောင့် သူ၏ သခင်ဖြစ်လာခဲ့သည်။
လင်းယွမ်က လက်ခြောက်ဖက်နှင့် ပုံရိပ်ကို ဖျက်ဆီးပြီး လျို့ဝှက်နယ်မြေ၏ စိတ်အသိအသစ်တစ်ခုကို ပြန်လည်ဖန်တီးနိုင်လေသည်။
" သခင် ရွှမ်ဟွမ်မူလခန္ဓာကို လေ့ကျင့်တာက ရွှမ်ဟွမ်သလင်းကျောက် အများကြီး လိုအပ်ပါတယ်။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ပြောလိုက်သည်။
" နယ်မြေအတွင်းမှာ ရွှမ်ဟွမ်သားရဲတွေ အများကြီးရှိပါတယ်။ သူတို့က နယ်မြေရဲ့စွမ်းအားကနေ စုစည်းထားတာပါ။ သခင် ရွှမ်ဟွမ်သလင်းကျောက်တွေ လိုအပ်ရင် သူတို့ဆီက ယူနိုင်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်း အများကြီး မသတ်ဖို့တော့ လိုအပ်ပါတယ်။ "
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အနှစ်သာရကို ပြန်ဖြည့်ရန် ရွှမ်ဟွမ်သလင်းကျောက်များကို လိုအပ်လေသည်။ ထို့ကြောင့်လည်း နှစ်ပေါင်းများစွာ စုဆောင်းထားသော ရွှမ်ဟွမ်သလင်းကျောက်များက သေးငယ်သော တောင်ကုန်းအရွယ်အစားသာ ရှိနေခြင်းဖြစ်သည်။
" နားလည်ပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ရွှမ်ဟွမ်သားရဲများက လျို့ဝှက်နယ်မြေ၏ ဒေသခံသက်ရှိများ ဖြစ်ကြသည်။ သူက လက်ခြောက်ဖက်နှင့် ပုံရိပ်၏ စိုးရိမ်မှုကို နားလည်လေသည်။ နယ်မြေအပေါ် သူ၏ ထိန်းချုပ်မှုနှင့် ရွှမ်ဟွမ်သားရဲများကို သတ်ပြီး ရွှမ်ဟွမ်သလင်းကျောက်များကို ရယူခြင်းက လွယ်ကူလွန်းလှသည်။
သူက လျို့ဝှက်နယ်မြေအတွင်းရှိ ဒေသခံသက်ရှိအားလုံးကို သတ်လျှင်တောင် အချိန်သိပ်ယူရမည်မဟုတ်ပေ။ သို့သော် ထိုသို့လုပ်ခြင်းဖြင့် နှစ်ပေါင်းသန်းချီအတွင်း ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက အားနည်းသွားပြီး ပျက်ဆီးခြင်းသို့ ဦးတည်သွားပေလိမ့်မည်။
သို့သော် လင်းယွမ်က ထိုကဲ့သို့ လုပ်မည်မဟုတ်ပေ။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေရှိနေခြင်းက သူ့အတွက် များစွာ အသုံးဝင်လေသည်။ အရေးကြီးဆုံးမှာ ၎င်းက အနန္တကမ္ဘာများ၏ ဂိတ်တံခါးပြီးနောက် သူ၏ ဒုတိယအသက်ကယ် ဝှက်ဖဲတစ်ခု ဖြစ်လာပေလိမ့်မည်။
အနာဂတ်တွင် ကြီးမြတ်သူများက သူ့ကို လိုက်ဖမ်းလျှင်တောင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ပုန်းကွယ်နိုင်လေသည်။ နှစ်ပေါင်းများစွာတိုင်အောင် ကြီးမြတ်သူများက လျို့ဝှက်နယ်မြေ၏ တည်နေရာကို ရှာတွေ့နိုင်ခြင်းမရှိကြပေ။ နယ်မြေအတွင်း ပုန်းအောင်းနေခြင်းက ဘေးကင်းလေသည်။
အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ရုပ်ခန္ဓာဆင်းသက်ခြင်းက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများ လိုအပ်သော်လည်း လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ အတွေးတစ်ချက်နှင့် ဝင်ရောက်နိုင်လေသည်။
ထို့အပြင် အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ရုပ်ခန္ဓာဆင်းသက်ခြင်းက အလွန်အန္တရာယ်များပေလိမ့်မည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် အပြင်တွင်ရှိသူများက အတွင်းသို့ အာရုံမခံနိုင်သော်လည်း အတွင်းရှိသူများက အပြင်သို့ အာရုံခံနိုင်လေသည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေဖွင့်ချိန်တွင် ထျန်းယုမျိုးနွယ်မှ အသန်မာဆုံးနဝမအလွှာ ဟွမ်ယိက လင်းယွမ်၏ တည်ရောကို အာရုံခံပေးရန် မာဒိုခရီးသည်ကို တောင်းဆိုခဲ့လေသည်။
လင်းယွမ်က သူ၏ ကိုယ်ပွားတစ်ခု သို့မဟုတ် သွေးတစ်စက်ကို လျို့ဝှက်နယ်မြေအတွင်း ထားခဲ့လျှင် ကြီးမြတ်သူတစ်ယောက်ပင် လင်းယွမ်ကို လုံးဝ သတ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လင်းယွမ်၏ မျက်လုံးထဲတွင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ တန်ဖိုးက ရွှမ်ဟွမ်သလင်းကျောက်များထက် ပိုကြီးမားလေသည်။
" အခု ငါက အင်အားစုတစ်ခု ထူထောင်ချင်တယ်ဆိုရင်..." လင်းယွမ်က အနည်းငယ် စဉ်းစားလိုက်သည်။
ယခု သူ၏ လက်ထဲတွင် သွေးမျိုးဆက်ဆေးရည်များစွာ ရှိနေလေသည်။ ထို့အပြင် လျို့ဝှက်နယ်မြေပိတ်သည်နှင့် သူက အများအပြားကို ရရှိဦးမည်ဖြစ်သည်။ သူက အဆင့်ရှစ်နိုင်ငံသားဖြစ်ပြီးနောက် လူသား ဆင့်ကဲပြောင်းလဲခြင်းမိသားစုတစ်ခုကို ထူထောင်နိုင်လေသည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အကူအညီနှင့် သူက ကြောက်စရာကောင်းသော အင်အားစုတစ်ခုကို ထူထောင်နိုင်လေသည်။ တစ်ခုတည်းသော လိုအပ်ချက်မှာ သူ၏ အမိန့်အောက်တွင် ယုံကြည်စိတ်ချရသူများ မရှိခြင်းဖြစ်သည်။ လင်းယွမ်က ပင်မစကြာဝဠာတွင် နေထိုင်သည်မှ ခဏသာရှိသေးသည်။
" ဖြည်းဖြည်းပေါ့။ ငါ့ရဲ့ သက်တမ်းက အများကြီး ကျန်ပါသေးတယ်။ " လင်းယွမ်က တွေးလိုက်သည်။
သူက အင်အားစုတစ်ခုကို ထူထောင်ရန် စိတ်မဝင်စားလျှင်တောင် သူသန်မာလာသည်နှင့်အမျှ ၎င်းက မရှိမဖြစ် လိုအပ်လာပေလိမ့်မည်။ ဥပမာ လင်းယွမ်က နဂါးငွေ့တန်းကြယ်သခင်အနေဖြင့် နောက်လိုက်အနည်းငယ် ရှိလေသည်။ ၎င်းက အင်အားစုတစ်ခု၏ အခြေခံဟု ယူဆနိုင်လေသည်။
" သခင် နောက်ထပ်ခြေလှမ်းက အလွှာတစ်ဆယ်ကို တက်လှမ်းမှာလား။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က သိလိုစိတ်နှင့် ပြောလိုက်သည်။
ပုံမှန်အားဖြင့် လင်းယွမ်က နဝမအလွှာ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ ယခုအချိန်တွင် သူ၏ ခွန်အားကို တိုးမြှင့်ချင်လျှင် အလွှာတစ်ဆယ်သို့ ဝင်ရောက်ခြင်းသာ ရှိလေသည်။
" ဟုတ်တယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ကိစ္စ ပြီးဆုံးသွားပြီဖြစ်သောကြောင့် သူ့အတွက် ရှေ့ဆက်ရမည့် ခြေလှမ်းက အလွှာတစ်ဆယ်သို့ တက်လှမ်းခြင်းသာဖြစ်သည်။
" ကြီးမြတ်သူတစ်ယောက်ဖြစ်လာဖို့အတွက် အလွှာတစ်ဆယ်နဲ့ အလွှာဆယ့်တစ်မှာ နိယာမတွေကို များများပေါင်းစည်းဖို့ လိုတယ်လို့ အရှင်မင်းကြီး တစ်ခါ ပြောဖူးတယ်။ တကယ်လို့ တစ်ယောက်ယောက်က အလွှာဆယ့်နှစ်ကို မချိုးဖျက်ခင် ဖရိုဖရဲနိယာမတွေကို ဉာဏ်အလင်းရခဲ့ရင် အဲ့ဒါက ကြီးမြတ်သူတစ်ယောက်ဖြစ်လာဖို့ အများကြီး အထောက်အကူဖြစ်စေတယ်။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ပြောလိုက်သည်။
" ဖရိုဖရဲနိယာမတွေလား။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။
ဖရိုဖရဲနိယာမဆိုသည်မှာ နိယာမအားလုံးကို မူလရင်းမြစ်ဆီသို့ ပေါင်းစည်းပြီး ဖရိုဖရဲသို့ ပြန်ခြင်းဖြစ်သည်။
ဧကရာဇ်ရွှမ်ဟွမ်၏ ခေတ်တွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ဖြန့်ဝေခြင်းက မရှိသေးပေ။ ထို့ကြောင့် ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် လူတစ်ယောက်က မိမိကိုယ်ကို အားကိုးပြီး နည်းလမ်းတိုင်းကို အသုံးပြုရန် ဖြစ်သည်။
ပုံမှန်အားဖြင့် အချိန်နိယာမနှင့် လေဟာနယ်နိယာမကို ပေါင်းစည်းခြင်းက ကြီးမြတ်သူအဆင့်သို့ ဝင်ရောက်ရန် တံခါးပေါက်တစ်ခုဖြစ်သည်။ သို့သော် ၎င်းကပင် အလွန်ခက်ခဲနေပြီဖြစ်သည်။ မရေတွက်နိုင်သော အလွှာဆယ့်တစ်သက်ရှိများစွာကို ၎င်းက တားဆီးထားလေသည်။
နိယာမအားလုံးကို ပေါင်းစည်းပြီး ဖရိုဖရဲသို့ ပြန်ပြောင်းခြင်းက ဧကရာဇ်ရွှမ်ဟွမ်၏ ခေတ်မှာပင် ၎င်းက ဒဏ္ဍာရီ တစ်ခုဖြစ်သည်။
ဖရိုဖရဲနိယာမကို နားလည်ခြင်းဖြစ်စေ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ခြင်းဖြစ်စေ နှစ်ခုလုံးက ကြီးမြတ်သူအဆင့်ကို စိန်ခေါ်ရန်အတွက် ဖြစ်သည်။ သို့သော် ၎င်းတို့မရှိလည်း အဆင့်တက်လှမ်းနိုင်လေသည်။
" ကျေးဇူးပါ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
အခြားသူများက ၎င်းကို မအောင်မြင်နိုင်လျှင်တောင် လင်းယွမ်က မအောင်မြင်နိုင်ဘူးဟု မပြောနိုင်ပေ။ သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဖရိုဖရဲနိယာမကို ဉာဏ်အလင်းရရှိရန် မျှော်လင့်ချက်မဲ့နေခြင်းမဟုတ်ပေ။ ၎င်းက အန္တိမအသိအမြင်အတွက် နည်းလမ်းတစ်ခုသာဖြစ်သည်။