အနက်ရောင်မျှော်စင်၏ ပဉ္စမအထပ်....
Vol. 34 Ch. 519
" ရွှမ်ဟွမ်မူလခန္ဓာက အသေးစားအောင်မြင်မှုအဆင့်ကို ရောက်သွားပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။
တစ်ချိန်တည်းတွင် နယ်ပယ်တစ်ခုက သူ၏ ခန္ဓာကိုယ်မှ ပျံ့နှံ့သွား၏။ ၎င်းက ရွှမ်ဟွမ်ကာကွယ်မှုအလင်းဖြစ်သည်။ ရွှမ်ဟွမ်မူလခန္ဓာက အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ပြီးမှသာ ထိုစွမ်းရည်နှင့် တိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့နိုင်လေသည်။ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှု၊ စိတ်ဝိညာဉ် တိုက်ခိုက်မှု၊ နိယာမတိုက်ခိုက်မှု အားလုံးက ရွှမ်ဟွမ်ကာကွယ်မှုအလင်း၏ တားဆီးခြင်းကို ခံရပေလိမ့်မည်။ ရွှမ်ဟွမ်ကာကွယ်မှုအလင်းမကျိုးပြတ်သရွေ့ လင်းယွမ်ကို ထိခိုက်စေနိုင်မည်မဟုတ်ပေ။
" သုံးစွဲတဲ့ အရင်းအမြစ်ကလည်း..." လင်းယွမ်က ကုန်ဆုံးသွားသော ရွှမ်ဟွမ်သလင်းကျောက်များကို တွေးပြီး မျက်နှာရှုံ့မဲ့သွားသည်။
အနည်းဆုံး စကြာဝဠာသလင်းကျောက် သန်းတစ်ရာ တန်ဖိုးရှိသော ရွှမ်ဟွမ်သလင်းကျောက်များအပြင် မရေတွက်နိုင်သော လျို့ဝှက်ရတနာများကို ထိုလျို့ဝှက်နည်းစနစ်အတွက် အသုံးပြုခဲ့ရလေသည်။
" အခု ရွှမ်ဟွမ်ကာကွယ်မှုအလင်းနဲ့ဆို အထူးနဝမအလွှာတွေက ငါ့ရဲ့ ကာကွယ်မှုကို မချိုးဖျက်နိုင်ဘူး။ " လင်းယွမ်က ကျေနပ်သွားသည်။
" ပြီးတော့ ရွှမ်ဟွမ်တိုက်ကွက်..." လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်ပြီး အော်ရာကြိုးစားများက သူ၏ လက်ချောင်းများကို ရစ်ပတ်သွားသည်။
ရွှမ်ဟွမ်တိုက်ကွက်ကလည်း ဒုတိယအဆင့်သို့ ရောက်သွားခဲ့ပြီး သူ၏ လှုပ်ရှားမှုတိုင်းက ခွန်အားထက် သုံးဆ ပို၍ သာလွန်နေပေလိမ့်မည်။
" ဆက်လေ့ကျင့်ရမယ်။ " လင်းယွမ်က သူ၏ တိုးတက်မှုများကို လေ့လာပြီးနောက် လေ့ကျင့်မှုထဲတွင် တဖန်နစ်မြှုပ်သွားသည်။
သူ၏ ခွန်အားက နဝမအလွှာထက် များစွာ သာလွန်နေသော်လည်း ကြယ်စကြာဝဠာထဲတွင် ကြီးမြတ်သူ၏ ကာကွယ်မှုနှင့်ပင် လင်းယွမ်က ဘေးကင်းဟုသာ ခံစားရလေသည်။
လင်းယွမ်က အဆက်မပြတ် လေ့ကျင့်နေရင်း အချိန်က နှစ်ပေါင်းနှစ်ဆယ် ကုန်လွန်သွားခဲ့သည်။
နဂါးငွေ့တန်းပင်မကြယ်။
" နှစ်နှစ်ဆယ်ကြာသွားပြီ။ " လင်းယွမ်က မျက်လုံးများဖွင့်ပြီး အဆုံးမရှိသော ကြယ်စကြာဝဠာကို ကြည့်လိုက်သည်။
ကြယ်စကြာဝဠာတွင် သက်ရှိများ ခွန်အားကြီးမားလာသည်နှင့်အမျှ အချိန်ကုန်လွန်ခြင်းကို အာရုံခံစားမှု နည်းပါလာလေသည်။ သူတို့အတွက် နှစ်ပေါင်းရာချီ ထောင်ချီက ကျင့်ကြံရုံနှင့် ကုန်ဆုံးသွားလေသည်။
နှစ်ပေါင်းနှစ်ဆယ်က ခဏတာ အိပ်စက်ခြင်းဟုပင် ပြောနိုင်လေသည်။ သို့သော် ထိုကာလအတွင်း လင်းယွမ်အတွက် ပြောင်းလဲမှုများက သိသာထင်ရှားလေသည်။
ပထမဦးဆုံးအနေဖြင့် ရွှမ်ဟွမ်တိုက်ကွက်နှင့် ရွှမ်ဟွမ်မူလခန္ဓာတို့က တတိယဆင့်သို့ ရောက်သွားကြပြီဖြစ်သည်။ ရွှမ်ဟွမ်သလင်းကျောက်ကို အသုံးပြုလျှင် လင်းယွမ်က သူ၏ ကိုယ်ပိုင်ခွန်အားထက် လေးဆကျော်လွန်သော စွမ်းအားကို ထုတ်လွှတ်နိုင်ပေလိမ့်မည်။ ထိုစွမ်းအားက အလွန်ကြီးမားပြီး အလွှာတစ်ဆယ် အဆင့်ဒီနှင့်ပင် ရင်ဆိုင်နိုင်လောက်ပေသည်။
" အတွင်းကမ္ဘာ " လင်းယွမ်၏ စိတ်အသိက အတွင်းကမ္ဘာထဲသို့ ဆင်းသက်သွားသည်။
ဘူးသီးခြောက်အတွင်းမှ ခရမ်းအရည်ကို နှစ်နှစ်ဆယ်ကြာ အဆက်မပြတ် စုပ်ယူပြီးနောက် လင်းယွမ်၏ အတွင်းကမ္ဘာက နှစ်ဘီလီယံသို့ ကျော်လွန်သွားခဲ့သည်။
" အလွှာတစ်ဆယ်ကို ရောက်ပြီးမှ ခရမ်းရောင်အရည်ကို အပြည့်အဝ စုပ်ယူနိုင်မယ်ထင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
ခရမ်းရောင်အရည်ကို စုပ်ယူခြင်း၏ အခက်အခဲက သူမျှော်လင့်ထားသည်ထက်ပင် ပို၍ ကျော်လွန်လေသည်။ ယခု လင်းယွမ်က သူ၏ ပြောင်းလဲမှု ပြီးဆုံးရန်နှင့် အလွှာတစ်ဆယ်သို့ ဝင်ရောက်ရန်အတွက် နှစ်ငါးဆယ်လောက်သာ ဝေးတော့လေသည်။
" ခရမ်းရောင်အရည်ကို လုံးဝစုပ်ယူပြီးရင် ဘူးသီးခြောက်က ဘာပြောင်းလဲမှုတွေ ဖြစ်သွားမလဲမသိဘူး။ " လင်းယွမ်က သူ၏ ရှေ့မှ ဘူးသီးခြောက်ကို ကြည့်ပြီး တွေးလိုက်သည်။
" အချိန်လေဟာနယ်ခြေလှမ်း..." လင်းယွမ်က ဧကရာဇ်ရွှမ်ဟွမ်၏ လျို့ဝှက်နည်းစနစ်သုံးခုထဲမှ တစ်ခုကို တွေးလိုက်သည်။
ယခင် နည်းစနစ်နှစ်ခုနှင့် ယှဉ်လျှင် ထိုလျို့ဝှက်နည်းစနစ်၏ တိုးတက်မှုက သိသိသာသာ နှေးကွေးခဲ့လေသည်။ သူက ထိုနည်းစနစ်ကို ခြေတစ်လှမ်းနှင့် အလင်းနှစ်သန်းတစ်ဆယ်ထိ ဖြတ်ကျော်နိုင်သော်လည်း ခြေလှမ်းကိုးလှမ်းသာ လှမ်းနိုင်လေသည်။
ကိုးလှမ်းပြီးနောက် လင်းယွမ်က အလင်းနှစ်သန်းကိုးဆယ်ကို ဖြတ်ကျော်ပြီးနောက် သူ၏ စွမ်းအားများစွာ ဆုံးရှုံးသွားပေလိမ့်မည်။ သူ၏ အားဖြည့်ခြင်းစွမ်းရည်ကို အသုံးပြုခြင်းထက် ပိုများလေသည်။ ထို့ကြောင့် လင်းယွမ်က ပုံမှန်အားဖြင့် ခြေလှမ်းကိုးလှမ်းလုံးကို ဆက်တိုက်လှမ်းမည်မဟုတ်ပေ။
" အချိန်လေဟာနယ်ခြေလှမ်းက အချိန်နိယာမနဲ့ လေဟာနယ်နိယာမတို့ကို ပေါင်းစည်းထားတဲ့ နည်းစနစ်တစ်ခုပဲ။ ငါ အချိန်နိယာမကို လုံးဝနားလည်ပြီးမှသာ အချို့ကို ဖမ်းဆုပ်မိနိုင်မယ်ထင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
အလွှာဆယ့်တစ်တစ်ယောက်က အလွှာဆယ့်နှစ် ကြီးမြတ်သူအဆင့်ကို ဝင်ရောက်ရန်အတွက် လိုအပ်ချက်များထဲမှ တစ်ခုမှာ အချိန်နိယာမနှင့် လေဟာနယ်နိယာမကို ပေါင်းစည်းရန် လိုအပ်လေသည်။
ပုံမှန်အားဖြင့် အလွှာဆယ့်တစ်များက အချိန်နိယာမနှင့် လေဟာနယ်နိယာမတို့ကို ပေါင်းစည်းရန် မည်သို့စတင်ရမည်ကို သဲလွန်စမရှိကြပေ။ သို့သော် ထိုလျို့ဝှက်နည်းစနစ်တွင် လင်းယွမ်က ထိုပေါင်းစည်းမှု၏ သဲလွန်စများကို မြင့်တွေ့ခဲ့ရသည်။
" ဧကရာဇ်ရွှမ်ဟွမ်က အချိန်နဲ့ လေဟာနယ် ပေါင်းစည်းမှုရဲ့ အနှစ်သာရကို လျို့ဝှက်နည်းစနစ်တစ်ခု တကယ်ဖန်တီးနိုင်ခဲ့တာပဲ။ " လင်းယွမ်က အံ့ဩမိလေသည်။
အချိန်လေဟာနယ်ခြေလှမ်းက လွတ်မြောက်ခြင်းနည်းစနစ်တစ်ခုထက် အချိန်နှင့် လေဟာနယ်ပေါင်းစည်းမှု၏ လွယ်ကူသော နည်းလမ်းတစ်ခုကို ဖော်ပြထားသည်။
ကြီးမြတ်သူများက အချိန်နှင့် လေဟာနယ်ကို ပေါင်းစည်းထားကြသော်လည်း ၎င်းကို ရရှိခြင်းက တစ်ခြား၊ ရှင်းပြခြင်းက တစ်ခြားစီဖြစ်သည်။ ကြီးမြတ်သူများ၏ အချိန်နှင့် လေဟာနယ်ပေါင်းစည်းမှုခြင်းက သူတို့၏ ကိုယ်ပိုင်သာဖြစ်သည်။ သူတို့က အချိန်နှင့် လေဟာနယ်၏ အနှစ်သာရကို မြင့်မားစွာ နားမလည်ထားလျှင် အခြားသူများကို ရှင်းပြရန် မဖြစ်နိုင်ပေ။ သို့သော် ဧကရာဇ်ရွှမ်ဟွမ်က လုပ်နိုင်ခဲ့လေသည်။
" ဒီလိုအင်အားကြီးပုဂ္ဂိုလ်တစ်ယောက်က ဘယ်လိုလုပ် ပျောက်ကွယ်သွားတာလဲ။ သူက ဘယ်လိုလုပ် သေသွားခဲ့တာလဲ။ " လင်းယွမ်က နားလည်ရန် ခက်ခဲနေသည်။
အချိန်မြစ်မှ ထွက်ခွာသွားသော ကြီးမြတ်သူများက သတိထားနေသရွေ့ သေဆုံးရန် ခက်ခဲလေသည်။ ထို့အပြင် ဧကရာဇ်ရွှမ်ဟွမ်ကဲ့သို့ ကြီးမြတ်သူတစ်ယောက်အတွက် ပို၍ပင် ခက်ခဲလေသည်။
" နှစ်နှစ်ဆယ်အတွင်းမှာ ငါ အချိန်နိယာမပုံစံ ၂၁၇၃ခုမြောက်ထိ နားလည်ခဲ့တယ်။ " လင်းယွမ်က သူ၏ လက်ကို မြှောက်လိုက်ပြီး အချိန်စွမ်းအားများက ရစ်ပတ်လာသည်။
ယခုအချိန်ထိ လူသားမျိုးနွယ်၏ ပညာရှင်များက အချိန်နိယာမပုံစံ ၂၁၇၃ထိသာ အနှစ်ချုပ်နိုင်ခဲ့သည်။ လင်းယွမ်က အားလုံးကို နားလည်လုနီးပါးဖြစ်နေပြီး နောက်ဆုံး အချိန်နိယာမပုံစံကို အပြည့်အဝ နားလည်ရန် လိုအပ်နေဆဲဖြစ်သည်။
" ဒီနိယာမပုံစံမှာ အချိန်ကို ပြောင်းပြန်လှန်တာ၊ အချိန်ကို ရပ်တန့်တာ၊ အချိန်ကို အရှိန်မြှင့်တာတွေ ပါဝင်နေတာလား။ အချိန်ရဲ့ အခြေအနေတွေအားလုံးက တစ်ခုတည်းမှာ ပေါင်းစည်းသွားတာလား။ " လင်းယွမ်က စဉ်းစားလိုက်သည်။
" တကယ်လို့ ငါက နဝမအလွှာမှာ အချိန်နိယာမကို နားလည်ခဲ့ပြီး ငါ့ရဲ့ အတွင်းကမ္ဘာကို ပင်မစကြာဝဠာကနေ လွတ်လပ်စေခဲ့ရင် ဒသမအလွှာကို ဝင်ရောက်တာနဲ့ အသွင်ပြောင်းလဲမှုကို ကြုံတွေ့ရလိမ့်မယ်။ " လင်းယွမ်က ဖြစ်နိုင်ခြေအမျိုးမျိုးကို စဉ်းစားနေသည်။
လူသားမျိုးနွယ်၏ အဋ္ဌမအလွှာများက အတွင်းကမ္ဘာကို ဖန်တီးထားပြီး ၎င်းက လွတ်လပိနေခြင်းမဟုတ်ပေ။ သူတို့က နိယာမများ၏ ချည်နှောင်ခြင်းခံရပြီး ပင်မစကြာဝဠာ၏ အချိန်နိယာမကို မျှဝေထားကြသည်။ ထိုမျှဝေထားသော အခြေအနေမှ လွတ်မြောက်ရန် လူတစ်ယောက်က ကိုယ်ပိုင်အချိန်နိယာမကို အတွင်းကမ္ဘာထဲသို့ ပေါင်းစည်းရန် လိုအပ်လေသည်။ အချိနိယာမကို စောစီးစွာ နားလည်ခြင်းက အဆင့်တက်ရလျှင် များစွာအကျိုးထူးလေသည်။
အဆင့်တက်ချိန်တွင် အတွင်းကမဖဘာက အသွင်ပြောင်းလဲခြင်းကို ကြုံတွေ့ရမည်ဖြစ်သည်။ လုံးဝ လွတ်လပ်သော အတွင်းကမ္ဘာက ပင်မစကြာဝဠာကို မှီခိုနေသော အတွင်းကမ္ဘာများထက် ပိုမိုကြီးမားသော အသွင်ပြောင်းလဲမှုကို ကြုံတွေ့ရပေလိမ့်မည်။
" ငါတတ်နိုင်သမျှ အကောင်းဆုံးကြိုးစားရမယ်။ " လင်းယွမ်က ရေရွတ်လိုက်သည်။
လူသားမျိုးနွယ်၏ သမိုင်းတွင် အချိန်နိယာမကို နားလည်ပြီးနောက် အလွှာဆယ့်တစ်သို့ တက်လှမ်းခဲ့ပြီး သူတို့၏ အတွင်းကမ္ဘာအခြေခံအုတ်မြစ်ကိုမြှင့်တင်နိုင်သူများ ရှိခဲ့လေသည်။ သို့သော် နဝမအလွှာနှင့် အချိန်နိယာမကို နားလည်ခြင်းက မကြားဖူးခဲ့ပေ။
" နောက်ထပ်နည်းနည်းဆိုရင် ငါဒီအချိန်နိယာမပုံစံကို နားလည်နိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
" နတ်ဆိုးကျောက်စိမ်းမျှော်စင်က ပဉ္စမအထပ်ကို စိန်ခေါ်ရမယ်။ " လင်းယွမ်က နတ်ဆိုးကျောက်စိမ်းအမှတ်အသားမှတစ်ဆင့် နတ်ဆိုးကျောက်စိမ်းနေရာသို့ ဆင်းသက်သွားသည်။
အနက်ရောင်မျှော်စင်၏ ပဉ္စမအထပ်က အချိန်နိယာမကို စမ်းသပ်ခြင်းဖြစ်သည်။ ကျောက်ရုပ်တုရှန်းကျိ၏ စကားအရ အထျိန်နိယာမကို နားလည်နိုင်မှသာ ၎င်းကို ဖြတ်ကျော်နိုင်မည်ဖြစ်သည်။
လင်းယွမ်က အချိန်နိယာမကို အပြည့်အဝ ဖမ်းဆုပ်မိရန် လမ်းကြောင်းအချို့ ရှိနေသေည်လည်း ပဉ္စမအထပ်ကို ကြိုးစားသည်နှင့် အတွင်းမှ အချိန်ပြောင်းလဲမှုများက နောက်ဆုံး အချိန်နိယာမပုံစံကို နားလည်ရန် ကူညီပေးနိုင်လောက်ပေသည်။
ကြီးမြတ်သူရှချင်က လင်းယွမ်ကို မည်သည့်မေးခွန်းမဆို မေးမြန်းနိုင်သည်ဟု ပြောခဲ့သော်လည်း သူက အခက်အခဲနှင့် ရင်ဆိုင်မိတိုင်း ကြီးမြတ်သူရှချင်ကို အနှောက်အယှက် ပေး၍ မဖြစ်ပေ။
အနက်ရောင်မျှော်စင်၏ ရှေ့တွင် ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို ကြည့်လိုက်သည်။ " ပဉ္စမအထပ်ကို ကြိုးစားတော့မှာလား။ "
" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" သွားပါ။ " ကျောက်ရုပ်တုရှန်းကျိက ခဏစဉ်းစားပြီးနောက် လင်းယွမ်ကို ဝင်ရောက်ခွင့်ပေးလိုက်သည်။