နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဖွဲ့ဝင်အသစ်....
Vol. 34 Ch. 520
အနက်ရောင်မျှော်စင်၏ ပဉ္စမအထပ်တွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။
အချိန်အတက်အကျများက ရုတ်တရက် ထွက်ပေါ်လာပြီး ပြင်းထန်သော အချိန်စီးကြောင်းများက လင်းယွမ်ကို ဖုံးလွှမ်းသွားသည်။ အချိန်နိယာမပုံစံအားလုံးနီးပါးကို ဖမ်းဆုပ်ထားနိုင်သောကြောင့် လင်းယွမ်က ပဉ္စမအထပ်ကို ဖြတ်ကျော်နိုင်ရန် မျှော်လင့်ချက်မရှိသေးသော်လည်း အတိုင်းအတာတစ်ခုထိ ခံနိုင်ရည်ရှိပေလိမ့်မည်။ သူက ရှေ့ဆက်မတိုးလျှင် အကန့်အသတ်မရှိ ခံနိုင်လေသည်။
" အချိန်နိယာမအပေါ် ငါ့ရဲ့ နားလည်မှုက တကယ်တိုးတက်လာတာပဲ။ "
အနက်ရောင်မျှော်စင်၏ အပြင်ဘက်တွင် ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို လေ့လာနေသည်။ နှစ်နှစ်ဆယ် သုံးဆယ်အတွင်း လင်းယွမ်က အချိန်နိယာမအပေါ် မြင့်မားစွာ နားလည်ခဲ့သည်။ ၎င်းက အလွှာဆယ့်တစ်အများစု စိတ်ကူးယဉ်နေရသော အဆင့်ဖြစ်သည်။ လင်းယွမ်ကဲ့သို့ နဝမအလွှာဆိုလျှင် ပြောစရာပင်မလိုပေ။
လင်းယွမ်၏ အံ့အားသင့်စရာများ ဖန်တီးနေခြင်းကို ကျောက်ရုပ်တု ရှန်းကျိက ကျင့်သားရလုနီးပါးဖြစ်နေပြီဖြစ်သည်။ သူက ပဉ္စမအထပ်သို့ ကြည့်နေရင်း တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။ တစ်ချိန်တည်းတွင် သူက နတ်ဆိုးကျောက်စိမ်းနေရာ၏ ဦးတည်ချက်တစ်ခုသို့ ကြည့်လိုက်သည်။
မြူခိုးများကြားတွင် စိတ်အသိအပိုင်းအစတစ်ခု ဆင်းသက်လာသည်။
" ငါ " စိတ်အသိက သုံးမီတာကျော်မြင့်သော သန်မာသည့် လူတစ်ယောက်ဖြစ်ပြီး သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်။
" ဒါက နတ်ဆိုးကျောက်စိမ်းနေရာလား။ " သန်မာသော လူက ပတ်ဝန်းကျင်မှ မြူခိုးများကို ဂရုတစိုက် လေ့လာလိုက်သည်။
သူက လူသားမျိုးနွယ်၏ မြောက်ပိုင်းကြယ်ဒေသမှ ထင်ရှားသော ဆင့်ကဲပြောင်းလဲခြင်းမိသားစုတစ်ခုကနေ ဆင်းသက်လာသူဖြစ်ပြီး အနီးရှိ ကြယ်နယ်မြေဒါဇင်ကျော်တွင် အတုမရှိသော ပါရမီရှင်တစ်ယောက်ဖြစ်သည်။
လွန်ခဲ့သော နှစ်တစ်ရာလောက်က လူသားမျိုးနွယ်မှ ခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာရန် ခွင့်ပြုခဲ့ပြီး ထိုလူက ခန္ဓာကိုယ်အစိတ်အပိုင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ပြည့်စုံရန် ကြိုးစားခဲ့လေသည်။ နောက်ဆုံးတွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပြည့်စုံသွားခဲ့ပြီး သူ၏ စိတ်ဝိညာဉ်အတွင်း နတ်ဆိုးကျောက်စိမ်းအမှတ်အသား ပေါ်လာခဲ့သည်။
" ဉာဏ်ပညာနတ်ဘုရားပြောတာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ပြီးမြောက်အောင် လုပ်နိုင်ရင် ဆန်းကြယ်တဲ့နေရာတစ်ခုကို ဝင်ရောက်နိုင်ပြီး ကြီးမားတဲ့ အခွင့်အလမ်းတွေ ရရှိနိုင်လိမ့်မယ်။ "
သန်မာထွားကျိုင်းသော လူက စိတ်လှုပ်ရှားနေပြီး မကြာမီ သူက အနက်ရောင်မျှော်စင်ရှေ့သို့ ရောက်သွားသည်။
" နောက်တစ်ယောက် ရောက်လာတာလား။ " ကျောက်ရုပ်တုရှန်းကျိက ထွားကျိုင်းသောလူကို တစ်ချက်ကြည့်လိုက်ပြီး နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဖွဲ့ဝင်ဖြစ်လာသည့်နည်းလမ်းကို သိလိုက်သည်။
" နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ပြီးမြောက်အောင်လုပ်တာ သာမန်အကျဆုံးနည်းလမ်းပဲ။ " ကျောက်ရုပ်တုရှန်းကျိက ခေါင်းခါလိုက်သည်။
ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်ခဲ့သော လင်းယွမ်နှင့်ယှဉ်လျှင် ကွာခြားမှုက ကြီးမားလွန်းလှသည်။ ထို့အပြင် လင်းယွမ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်အဖွဲ့ဝင်တစ်ယောက်မဟုတ်တော့ပဲ ပင်မအဖွဲ့ဝင်တစ်ယောက်ဖြစ်နေပြီဖြစ်သည်။
" အကြီးအကဲ..." ထိုလူက ကျောက်ရုပ်တုရှန်းကျိကို သတိထားပြီး နှုတ်ဆက်လိုက်သည်။
" ဒီနေရာနဲ့ ပက်သက်တဲ့ အချက်အလက်တွေ။ " ကျောက်ရုပ်တုရှန်းကျိက ထွားကျိုင်းသော လူ၏ စိတ်ထဲသို့ အချက်အလက်များ ထည့်သွင်းပေးလိုက်သည်။
" အနက်ရောင်မျှော်စင်ရဲ့ အထပ်ကိုးထပ်..." ထိုလူက အနက်ရောင်မျှော်စင်ကို တုန်လှုပ်စွာကြည့်လိုက်သည်။
" ခဏစောင့်ဦး။ အခု အခြားတစ်ယောက်က မျှော်စင်ထဲမှာ ရှိနေတယ်။ " ကျောက်ရုပ်တုရှန်းကျိက သာမန်အတိုင်းပြောလိုက်သည်။
" အခြားတစ်ယောက်ရှိနေတာလား။ " ထွားကျိုင်းသောလူက အနည်းငယ် စိတ်ပျက်သွားသည်။
" သူက ပထမအထပ် ဒါမှမဟုတ် ဒုတိယအထပ်ကို စိန်ခေါ်နေတာလား။ " သူက ကျောက်ရုပ်တုရှန်းကျိထံမှ မျှော်စင်တစ်ထပ်စီ၏ အခက်အခဲများကို သိခဲ့ရသည်။
" ပဉ္စမအထပ် "
" ဟင် ပဉ္စမအထပ်လား။ " ထွားကျိုင်းသော လူက မျက်လုံးများပြူးကျယ်စွာဖြင့် မျှော်စင်၏ ပဉ္စမအထပ်သို့ မော့ကြည့်လိုက်သည်။
ပဉ္စမအထပ်ကို ဖြတ်ကျော်ရန် လိုအပ်ချက်က အချိန်နိယာမကို နားလည်ရမည်ဖြစ်သည်။ သူ၏ မျက်လုံးထဲတွင် ထိုအဆင့်က အလွှာဆယ့်တစ်အင်အားကြီးသူများသာ ရရှိနိုင်လေသည်။
" အလွှာဆယ့်တစ်အင်အားကြီးသူတစ်ယောက်ဖြစ်ရမယ်။ " ထွားကျိုင်းသောလူက ၎င်းကို တွေးမိပြီး ဦးရေပြားများ ထုံးကျဉ်သွားသည်။
ပဉ္စမအထပ်တွင် လင်းယွမ်က ရပ်နေပြီး အဆုံးမရှိသော အချိန်စွမ်းအားက သူ၏ ပတ်ပတ်လည်တွင် ထွက်ပေါ်နေသည်ကို ခံစားနေခဲ့သည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အချိန်အတက်အကျများကို အာရုံခံပြီး ၂၁၇၃ခုမြောက် အချိန်နိယာမပုံစံကို နားလည်သွားပါပြီ။ ]
လင်းယွမ်၏ ရှေ့တွင် အချိန်နိယာမပုံစံတစ်ခု ပေါင်းစပ်သွားပြီး အချိန်နိယာမ၏ ကွဲပြားသော အတက်အကျများ ပါဝင်နေသည်။
" ဒါက နောက်ဆုံး အချိန်နိယာမပုံစံလား။ " လင်းယွမ်က မျက်လုံးများကို မှိတ်လိုက်သည်။
သူက အရေးကြီးသော အချက်ကို ဖမ်းဆုပ်နိုင်ခဲ့သည့်အတွက် အချိန်နိယာမအပေါ် သူ၏ နားလည်မှုက သီးခြားအမြင်တစ်ခုသို့ ရောက်သွားခဲ့သည်။ သူက ရှေ့ဆက်တိုးရန် ကိုယ်ပိုင်လမ်းကြောင်းကို ဖန်တီးရမည်ဖြစ်သည်။
လေဟာနယ်နိယာမက ကျယ်ပြန့်ပြီး အဆုံးမရှိပေ။ လူတစ်ယောက်က လေဟာနယ်နိယာမကို အပြည့်အဝ နားလည်ထားခြင်းဆိုသည်မှာ ရှုထောင့်တစ်ခုကိုသာဖြစ်သည်။ အချိန်နိယာမလည်း အတူတူပင်ဖြစ်၏။
" ထွက်သွားဖို့အချိန်ကျပြီ။ " လင်းယွမ်က သူ၏ ရှေ့သို့ ကြည့်လိုက်သည်။ သူက အချိန်နိယာမကို အပြည့်အဝ နားလည်ထားခြင်းမရှိသေးသောကြောင့် ဖြတ်ကျော်ရန် မျှော်လင့်ချက်မရှိသေးပေ။
လင်းယွမ်၏ ပုံရိပ်က မျှော်စင်၏ အပြင်ဘက်တွင် ပေါ်လာသည်။
" ဟမ် ဒီမှာ အခြားတစ်ယောက်ရှိနေတာလား။ " လင်းယွမ်က ထွားကျိုင်းသောလူကို ချက်ချင်း သတိထားမိလိုက်သည်။ နတ်ဆိုးကျောက်စိမ်းနေရာသို့ ရောက်လာသည်မှာ စိတ်အသိသာဖြစ်သောကြောင့် အသွင်အပြင်ကို ဖုံးကွယ်ထားနိုင်လေသည်။
" စီ စီနီယာကို နှုတ်ဆက်ပါတယ်။ " ထွားကျိုင်းသော လူက ထိတ်လန့်နေပြီး လျင်မြန်စွာ နှုတ်ဆက်လိုက်သည်။ သူ၏ ရှေ့မှလူငယ်က အလွှာဆယ့်တစ် အင်အားကြီးသူတစ်ယောက်ဖြစ်လေသည်။
" အင်း " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ထိုလူက လူသားတစ်ယောက်ဖြစ်သောကြောင့် လုံလောက်ပေသည်။ အကယ်၍ ထိုနေရာတွင် မျိုးနွယ်ခြားတစ်ယောက်ဖြစ်လျှင် လင်းယွမ်က ပင်မအဖွဲ့ဝင်တစ်ယောက်၏ အာဏာဖြင့် သူ့ကို ခဏထုတ်ပယ်ထားမည်ဖြစ်သည်။
လူသားတစ်ယောက်က မျှော်စင်ထဲသို့ ဝင်ရောက်ခြင်းမှာ သူ့အတွက် ပြဿနာမရှိပေ။ အနက်ရောင်မျှော်စင်၏ အထပ်တိုင်းမှ ဆုလာဘ်များက အရည်အချင်းအပေါ်မူတည်လေသည်။ စိန်ခေါ်သူတိုင်း ရရှိသော ဆုလာဘ်များက အရမ်းတန်ဖိုးကြီးနေမည်မဟုတ်ပေ။
အချိန်အတော်ကြာသောအခါ ထွားကျိုင်းသောလူက မော့ကြည့်လိုက်ပြီး ကျောက်ရုပ်တုရှန်ကျိမှလွဲ၍ ဘယ်သူမှမရှိတော့သည်ကို တွေ့လိုက်ရသည်။
" စီနီယာက ထွက်သွားပြီလား။ " ထွားကျိုင်းသော လူက သက်ပြင်းချလိုက်သည်။ " စီနီယာကလည်း လူသားလား။ "
" ငါတို့လူသားမျိုးနွယ်က ဘယ်အလွှာဆယ့်တစ်ဆင့်ကဲပြောင်းလဲသူလဲမသိဘူး။ " ထွားကျိုင်းသော လူက တုန်လှုပ်နေဆဲ ဖြစ်သည်။
နဂါးငွေ့တန်းပင်မကြယ်။
လင်းယွမ်က အချိန်နိယာမပုံစံအားလုံးကို နားလည်ခဲ့သောကြောင့် စိတ်ခံစားချက် ကောင်းမွန်နေခဲ့သည်။
" ဟုတ်သားပဲ။ အချိန်နိယာမပုံစံတွေအားလုံးကို နားလည်ရင် ကြီးမြတ်သူရှချင်က သူ့ကိုလာတွေ့ဖို့ ပြောထားတာပဲ။ " လင်းယွမ်က သတိရသွားပြီး VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။
ဆင့်ကဲပြောင်းလခြင်းမျှော်စင်၏ ပလ္လင်ပေါ်တွင် ကြီးမြတ်သူရှချင်က ထိုင်နေပြီး သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" အဲ့ဒီကလေးက ငါ့ကို တွေ့ချင်တာလား။ ဖြစ်နိုင်တာက..." ကြီးမြတ်သူရှချင်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
ခဏကြာသောအခါ လင်းယွမ်၏ ပုံရိပ်ပေါ်လာသည်။
" ကြီးမြတ်သူ " လင်းယွမ်က နှုတ်ဆက်လိုက်သည်။
" မင်းက အချိန်နိယာမပုံစံတွေအားလုံးကို နားလည်သွားပြီလား။ " ကြီးမြတ်သူရှချင်က ၎င်းကို မျှော်လင့်ထားသော်လည်း ထုတ်မေးလိုက်သည်။
" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " အဲ့ဒါကြောင့် ကြီးမြတ်သူကို လာတွေ့တာပါ။ "
" ငါသိပြီ။ " ကြီးမြတ်သူ ရှချင်က တည်ငြိမ်နေပုံရသော်လည်း စိတ်ထဲတွင် တည်ငြိမ်နိုင်ခြင်းမရှိပေ။
" အချိန်နိယာမပုံစံတွေအားလုံးကို နားလည်တာက အချိန်နိယာမကို အပြည့်အဝ နားလည်တာနဲ့ အကွာအဝေးတစ်ခုလိုသေးတယ်။ မင်းက ဒီလမ်းကြောင်းရဲ့ ဘယ်နေရာမှာ ရှိလဲဆိုတာ ငါသိဖို့လိုတယ်။ " ကြီးမြတ်သူရှချင်က သူ့ကိုသူ ထိန်းချုပ်ပြီး ပြောလိုက်သည်။
" ကောင်းပါပြီ။ " လင်းယွမ်ကလည်း ခေါင်းညိမ့်လိုက်သည်။ သူလည်း အချိန်နိယာမနှင့် မည်မျှဝေကွာနေဆဲ ဖြစ်သည်ကို သိချင်လေသည်။
" ဒါဆို မင်းနဲ့ နာလန်တို့က အချိန်နိယာမအပေါ် နားလည်မှုကိုပဲ သုံးပြီး ယှဉ်ပြိုင်ရမယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။
လင်းယွမ်၏ နေရာကို သိနိုင်ရင် အရိုးရှင်းဆုံး နည်းလမ်းက ယှည်ပြိုင်ခြင်းပင်ဖြစ်သည်။ သို့သော် ကြီးမြတ်သူတစ်ယောက်ဖြစ်သော ရှချင်က လင်းယွမ်နှင့် ယှည်ပြိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဒုမျှော်စင်သခင် နာလန်ကို လင်းယွမ်အား စမ်းသပ်ရန် စီစဉ်လိုက်ခြင်းဖြစ်သည်။
မကြာမီ ဒုမျှော်စင်သခင် နာလန်ကလည်း လင်းယွမ်၏ ဘေးတွင် ပေါ်လာသည်။
" ကြီးမြတ်သူ " နာလန်က ကြီးမြတ်သူရှချင်ကို အရိုအသေပေးလိုက်သည်။
" နာလန် နဂါးငွေ့တန်းကြယ်သခင်နဲ့ ယှဉ်ပြိုင်ကြည့်စမ်း။ မှတ်ထား အချိန်နိယာမအပေါ် နားလည်မှုကိုပဲ အသုံးပြုရမယ်။ " ကြီးမြတ်သူရှချင်က တိုက်ရိုက် ညွှန်ကြားလိုက်သည်။
" နဂါးငွေ့တန်းကြယ်သခင်နဲ့ယှဉ်ပြိုင်ရမှာလား။ " ဒုမျှော်စင်သခင် နာလန်က တုန်လှုပ်သွား၏။ သူ့လို အလွှာတစ်ဆယ် အဆင့်အေ တစ်ယောက်က နဂါးငွေ့တန်းကြယ်သခင်လို နဝမအလွှာနဲ့ ယှဉ်ပြိုင်ရမှာလား။
၎င်းက အချိန်နိယာမကို သီးသန့်အသုံးပြုရမည်ဆိုလျှင်တောင် အနိုင်ကျင့်ခြင်းပင်ဖြစ်သည်။
" ကြီးမြတ်သူက ဘာသဘောနဲ့ပြောတာလဲ။ " နာလန်က စဉ်းစားနေသည်။ " နဂါးငွေ့တန်းကြယ်သခင်က သူ့ရဲ့ တိုးတက်မှုမှာ အရမ်းချောမွေ့နေလို့ ငါ့ကို သတိပေးစေချင်တာလား။ "