← Chapters

ရှေးဟောင်းနတ်ဘုရားထို့ပါ၏ တောင်းဆိုမှု....

Vol. 34 Ch. 525

ရှေးဟောင်းနတ်ဘုရားထို့ပါ၏ တောင်းဆိုမှု....

Vol. 34 Ch. 525

မကြာမီ ဝတုတ်သော ပုံရိပ်တစ်ခု ထပ်ပေါ်လာသည်။ မာဒိုခရီးသည်နှင့် ယှဉ်လျှင် လင်းယွမ်က ထိုပုံရိပ်ဆီမှ ဖိအားအချို့ ခံစားရလေသည်။

" ရှေးဟောင်းနတ်ဘုရားစစ်ကျုံး " လင်းယွမ်က ပြောလိုက်သည်။

" နဂါးငွေ့တန်းကြယ်သခင် " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက မောက်မာခြင်းမရှိဘဲ ပြုံး၍ ပြန်ပြောလိုက်သည်။ သူတို့က စကားခဏပြောပြီးနောက် အဓိကအကြောင်းအရာသို့ ရောက်လာခဲ့သည်။

" နဂါးငွေ့တန်းကြယ်သခင် ထို့ပါကို ဘာလို့တွေချင်တာလဲ။ ဘာအကြောင်းရှိလို့လဲ။ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက မေးလိုက်သည်။

" ကျုပ်မှာ ရှေးဟောင်းနတ်ဘုရားထို့ပါရဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံတဲ့ မိတ်ဆွေကောင်းတစ်ယောက်ရှိတယ်။ ဒါပေမယ့် မကြာသေးခင်က သူ့ရဲ့ စိတ်အသိ ပျောက်ကွယ်သွားခဲ့တယ်။ ကြောင်းကျိုးဆက်နွယ်မှုကို အာရုံခံလိုက်တော့ အဲ့ဒါက ရှေးဟောင်းနတ်ဘုရားထို့ပါရဲ့ နယ်မြေဖြစ်တာကို အတည်ပြုခဲ့တယ်။ " လင်းယွမ်က အသေးစိတ်ပြောပြလိုက်သည်။

" ငါသိပြီ။ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက နားလည်သွားသည်။ " အဲ့ဒီအဘိုးကြီးထို့ပါ သူ့ရဲ့ သက်တမ်းက သိပ်မကျန်တော့ဘူး။ ငါခန့်မှန်းရသလောက်ဆို နှစ်ပေါင်းတစ်ဘီလီယံအတွင်း ကြီးမြတ်သူဖြစ်ဖို့ အတင်းအကျပ် ကြိုးစားလိမ့်မယ်။ "

အလွှာဆယ့်တစ် အင်အားကြီးသူတစ်ယောက်က ကိုယ်ပိုင်အချိန်စီးဆင်းမှုကို နှေးကွေးပြီး အသက်ရှည်နိုင်သော်လည်း ၎င်းက ယာယီဖြေရှင်းချက်တစ်ခုသာ ဖြစ်သည်။ နောက်ဆုံးတွင် သက်တမ်းကုန်ဆုံးခြင်းသို့ ရောက်ရှိမည်ဖြစ်သည်။

" ကြီးမြတ်သူဖြစ်လာဖို့ အတင်းအကျပ် ကြိုးစားမှာလား။ " လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။

" ဒါပေမယ့် သူက ကျုပ်သူငယ်ချင်းရဲ့ စိတ်အသိကို ဘာလို့ယူသွားတာလဲ။ သူက ဆဋ္ဌမအလွှာပဲ ရှိသေးတယ်။ " လင်းယွမ်က စိတ်ရှုပ်ထွေးသွားသည်။

" ဟားဟား နဂါးငွေ့တန်းကြယ်သခင်က အဲ့ဒါကို မသိလို့ပါ။ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက ရယ်လိုက်သည်။ " ငါတို့ရှေးဟောင်းနတ်ဘုရားတွေက မွေးရာပါသန်မာပေမယ့် စိတ်အသိကတော့ အားနည်းတယ်။ "

" ထို့ပါက မင်းသူငယ်ချင်းရဲ့ စိတ်အသိထဲက မှတ်ဉာဏ်ထဲကို သူ့ကိုသူ ပေါင်းထည့်တာ ဖြစ်နိုင်တယ်။ ဒီလိုဆို သူ့ရဲ့ စိတ်အသိကို သန့်စင်ဖို့ အားနည်းပြီး အင်အားမရှိတဲ့ဘဝကို ကြုံတွေစေတာပဲ။ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက ရှင်းပြလိုက်သည်။

" အဲ့လိုကိုး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

အဆုံးစွန်သော တည်ရှိမှု သို့မဟုတ် ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် စိတ်အသိက အားနည်း၍မရပေ။ တစ်ခါတစ်ရံ အလွှာဆယ့်တစ်များက အားနည်းသူတစ်ယောက်ကို ရွေးချယ်ပြီး အားနည်းသော ကံကြမ္မာကို ကြုံတွေစေကာ စိတ်အသိကို မြှင့်တင်ခြင်းဖြစ်သည်။

" အဲ့ဒါက မခက်ခဲလောက်ပါဘူး။ ငါညှိနှိုင်းပေးရင် အဆင်ပြေလောက်ပါတယ်။ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် ရှေးဟောင်းနတ်ဘုရားစစ်ကျုံး။ " လင်းယွမ်က ရိုးသားစွာ ပြောလိုက်သည်။

" ကိစ္စမရှိဘူး။ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက ထိုစကားကို မျှော်လင့်နေသောကြောင့် ကျေနပ်သွား၏။

" ငါ ထို့ပါကို ဆက်သွယ်ကြည့်မယ်။ "

ခဏကြာသောအခါ ယာယီ VR ကမ္ဘာထဲတွင် ပိန်လှီသော ပုံရိပ်တစ်ခုပေါ်လာသည်။ ထိုပုံရိပ်က မဖော်ပြနိုင်သော အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။ သူ၏ မျက်နှာက မှုန်ဝါးနေပြီး ခွဲခြားသိမြင်နိုင်ခြင်းမရှိပေ။

" ထို့ပါ မင်းရောက်လာပြီ။ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက ရှေးဟောင်းနတ်ဘုရားထို့ပါကို ကြည့်ပြီး ချက်ချင်း မိတ်ဆက်ပေးလိုက်သည်။ " ဒါက နဂါးငွေ့တန်းကြယ်သခင်ပဲ။ "

" ငါပြောခဲ့သလိုပဲ မင်းယူသွားတဲ့ စိတ်အသိက နဂါးငွေ့တန်းကြယ်သခင်ရဲ့ စိတ်အသိပဲ။ ငါအမြင် ဒါက မင်းအတွက် မခက်ခဲဘူးမဟုတ်လား။ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက ပြောလိုက်သည်။

" နဂါးငွေ့တန်းကြယ်သခင် " ထို့ပါက လင်းယွမ်ကို သေချာကြည့်ပြီး ပြုံးလိုက်သည်။ " ငါ့လို အဘိုးကြီးတစ်ယောက်တောင် နဂါးငွေ့တန်းကြယ်သခင်ရဲ့ ဂုဏ်သတင်းကို ကြားဖူးတာ တကယ်ထူးခြားတာပဲ။ "

" အဲ့ဒါက ဂုဏ်သတင်းတစ်ခုပါပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ " ကြီးမြတ်သူတစ်ယောက် မဖြစ်လာခင် အချိန်မြစ်က မလွတ်မြောက်နိုင်ဘဲ အရည်အချင်းနဲ့ ပါရမီတွေက သိပ်အရေးမပါပါဘူး။ "

" မတူဘူး နဂါးငွေ့တန်းကြယ်သခင်။ မင်းမှာ လူသားမျိုးနွယ် ကျောက်ထောက်နောက်ခံရှိတဲ့အပြင် ကြီးမြတ်သူကိုးယောက်ကလည်း မင်းကို သဘောကျကြတယ်။ အနာဂတ်မှာ အန္တိမအသိအမြင်ကို ရဖို့ မင်းရဲ့ မျှော်လင့်ချက်က ငါတို့ အဘိုးကြီးတွေထက် အများကြီးသာတယ်။ "

ထို့ပါက ပြောလိုက်သည်။ " နဂါးငွေ့တန်းကြယ်သခင်ရဲ့ ပါရမီနဲ့ အရည်အချင်းအရဆို လူသားမျိုးနွယ်က မင်းကို အာရုံစိုက်ပြီး အရင်းအမြစ်တွေ မလွဲမသွေ ထောက်ပံ့မှာပဲ။ ငါတို့လို မျိုးနွယ်မရှိတဲ့သာတွေကတော့ မနာလိုဖြစ်ရုံပေါ့။ "

" အန္တိမအသိအမြင် ကျုပ်နဲ့ ဝေးကွာနေတုန်းပါပဲ။ " လင်းယွမ်က မျက်ခုံးများ တွန့်လိုက်သည်။

" ရှေးဟောင်းနတ်ဘုရားထို့ပါ ကျုပ်တည့်ပဲပြောတော့မယ်။ လင်းယွမ်က ခဏတွေးပြီး ပြောလိုက်သည်။ " ခင်ဗျားယူသွားတဲ့ စိတ်အသိက ကျုပ်သူငယ်ချင်းပဲ။ အဲ့ဒါကို ကျုပ်ဆီပြန်ပေးပါ။ ပြီးမှ ကျုပ်တို့ အခြေအနေတွေ ညှိနှိုင်းကြတာပေါ့။ "

လင်းယွမ်က ရှေးဟောင်းနတ်ဘုရားထို့ပါဆီမှ ဖန်ချင်း၏ စိတ်အသိကို မည်သည့်တန်ဖိုးမှ မပေးဘဲ ပြန်ရရန် မျှော်လင့်ထားခြင်းမရှိပေ။ သို့သော် ပေးရမည့် တန်ဖိုးက အများကြီးဖြစ်မည်မဟုတ်ပေ။

၎င်းက ဆဋ္ဌမအလွှာတစ်ယောက်၏ စိတ်ဝိညာဉ်သာဖြစ်ပြီး ရှေးဟောင်းနတ်ဘုရားစစ်ကျုံးကလည်း ကြားဝင်ဖြေရှင်းပေးနေသည်။ ထို့အပြင် လင်းယွမ်၏ နောက်တွင် လူသားမျိုးနွယ်ရှိနေလေသည်။

" အခြေအနေတွေ..." ထို့ပါက လင်းယွမ်ကို ကြည့်လိုက်သည်။ " ငါ့ရဲ့ သက်တမ်းက သိပ်မကျန်တော့ဘူးဆိုတာ စစ်ကျုံးပြောပြလို့ မင်းလည်းသိမှာပါ။ ဒါကြောင့် ငါက အန္တိမအသိအမြင်ကို ရဖို့ အတင်းအကျပ် ကြိုးစားရလိမ့်မယ်။ ဒါပေမယ့် ငါ့မှာယုံကြည်မှုသိပ်မရှိဘူး။ "

ရှေးဟောင်းနတ်ဘုရားထို့ပါက သူ၏ ခေါင်းကို ခါလိုက်သည်။ " ဒါကြောင့် ငါရဲ့ အခြေအနေက နဂါးငွေ့တန်းကြယ်သခင် ငါ့ရဲ့ အန္တိမအသိအမြင်အတွက် အခွင့်အရေးကို တိုးမြှင့်ပေးနိုင်မယ့် ပစ္စည်းတစ်ခု ပေးရင် အဲ့ဒီစိတ်အသိကို မင်းဆီပြန်ပေးမယ်။ "

" အန္တိမအသိအမြင်ကို အောင်မြင်နိုင်မယ့် အခွင့်အရေးကို တိုးမြှင့်ပေးနိုင်တဲ့ ပစ္စည်းတစ်ခု။ " လင်းယွမ်က အနည်းငယ် အံ့ဩသွားသည်။

ရှေးဟောင်းနတ်ဘုရားထို့ပါက ထိုသို့သော အရာမျိုးကို တောင်းဆိုရဲတာလား။

အန္တိမအသိအမြင်ဆိုသည်မှာ အလွှာဆယ့်တစ်မှ အလွှာဆယ့်နှစ်သို့ အမြင့်ဆုံးခုန်ပျံကျော်လွှားခြင်းပင်ဖြစ်သည်။ ၎င်းက ဆင့်ကဲပြောင်းလဲသူတိုင်း၏ ရည်မှန်းချက်ဖြစ်သည်။ အန္တိမအသိအမြင်၏ အောင်မြင်မှုကို တိုးမြှင့်ပေးနိုင်သော ပစ္စည်းတစ်ခုက တန်ဖိုးပင်မဖြတ်နိုင်ပေ။ တစ်နည်းအားဖြင့် ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် အခွင့်အရေးကို တိုးမြှင့်ပေးနိုင်သော ပစ္စည်းဖြစ်သည်။

" ထို့ပါ မင်းစိတ်လွတ်သွားပြီလား။ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက အံ့အားသင့်သွားသည်။ ရှေးဟောင်းနတ်ဘုရားထို့ပါက ထိုကဲ့သို့ တောင်းဆိုရဲလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။

" ဘာပဲဖြစ်ဖြစ် နဂါးငွေ့တန်းကြယ်သခင် မင်း အဲ့ဒါကို ပေးနိုင်ရင် ငါတို့ အပေးအယူလုပ်ကြတာပေါ့။ မင်းရဲ့ စွမ်းရည်နဲ့ ငါ့ကို ကျေနပ်အောင် လုပ်ပေးနိုင်မှာပါ။ " ရှေးဟောင်းနတ်ဘုရားထို့ပါက ပြုံးလိုက်သည်။

" ကျုပ်မှာ တစ်ခုမှ မရှိဘူး။ " လင်းယွမ်က ခေါင်းခါပြီး ပြောလိုက်သည်။

အမှန်တော့ လင်းယွမ်တွင် ကြီးမြတ်သူဖြစ်လာနိုင်ခြေကို တိုးမြှင့်ပေးနိုင်သော ပစ္စည်းတစ်ခုရှိလေသည်။ ၎င်းက အတွင်းကမ္ဘာ၏ ကန့်သတ်ချက်များကို ချိုးဖျက်ပေးနိုင်သော ဘူးသီးခြောက်ပင် ဖြစ်သည်။

ဘူးသီးခြောက်မှ အရည်ခုနှစ်မျိုးကို စုပ်ယူပြီးနောက် လူတစ်ယောက်၏ အတွင်းကမ္ဘာက အဆနှစ်ဆယ်ကျော် တိုးလာနိုင်ပေသည်။ အလွှာဆယ့်တစ်သို့ ရောက်လျှင် အတွင်းကမ္ဘာက အတွင်းစကြာဝဠာအဖြစ် ပြောင်းလဲသွားနိုင်လေသည်။ ထိုအချိန်တွင် အတွင်းကမ္ဘာ၏ အုတ်မြစ်က ပို၍ နက်ရှိုင်းသည်နှင့် အသွင်းကူးပြောင်းမှုက ပို၍ လွယ်ကူပေလိမ့်မည်။ အခြားနည်းဖြင့် ပြောလျှင် ၎င်းက ကြီးမြတ်သူဖြစ်လာရန် တိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။

သို့သော် လင်းယွမ်က ဆန်းကြယ်သော ဘူးသီးခြောက်ကို အပေးအယူမလုပ်နိုင်ပေ။ လူသားမျိုးနွယ်ကိုပင် ဖုံးကွယ်ထားပြီး ရှေးဟောင်းနတ်ဘုရားထို့ပါဆိုလျှင် ပြောစရာပင်မလိုပေ။ ၎င်းက ကြယ်ဆယ့်နှစ်လုံးရတနာများထက်ပင် ကျော်လွန်ပြီး ကြီးမြတ်သူများက ၎င်းအတွက် တိုက်ခိုက်ကြပေလိမ့်မည်။

" မင်းမှာမရှိဘူးဆိုတာ ငါသိပါတယ်။ " ရှေးဟောင်းနတ်ဘုရားထို့ပါက ပြောလိုက်သည်။ " ဒါပေမယ့် လူသားမျိုးနွယ်မှာ သေချာပေါက်ရှိပါတယ်။ "

" ငါ ယူသွားတဲ့ စိတ်အသိက မင်းရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပဲ။ သူ့ရဲ့ မှတ်ဉာဏ်ထဲမှာ နေထိုင်တာကို မင်းက လျစ်လျူရှုနိုင်ပါ့မလား။ " ရှေးဟောင်းနတ်ဘုရား ထို့ပါက ပြောလိုက်သည်။ ဖန်ချင်း၏ စိတ်အသိက သူတွေ့ကြုံပြီးသည်နှင့် ဖျက်ဆီးခံရပေလိမ့်မည်။

" ကျုပ်စဉ်းစားဦးမယ်။ " လင်းယွမ်က တိုက်ရိုက်ငြင်းဆိုခြင်းမရှိဘဲ နေရာမှ ပျောက်ကွယ်သွားသည်။

" ထို့ပါ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက ရှေးဟောင်းနတ်ဘုရားထို့ပါကို အထင်သေးစွာ ကြည့်လိုက်သည်။ သူက အဖွဲ့အစည်းအမျိုးမျိုးနှင့် အဆင်ပြေနေသော လူတစ်ယောက်ဖြစ်သောကြောင့် ယခုအချိန်တွင် တကယ်ဒေါသထွက်ရလေသည်။

" ဆဋ္ဌမအလွှာလေးတစ်ယောက်ရဲ့ စိတ်အသိက ကြီးမြတ်သူဖြစ်လာဖို့ အခွင့်အရေးကို မြှင့်တင်ပေးနိုင်တဲ့ ရတနာနဲ့ ထိုက်တန်တယ်လို့ မင်းထင်လား။ မင်းက လူသားမျိုးနွယ်ကို မကျေနပ်ရင်တောင် ငါကြားဝင်ပေးနေတာ ဒီလိုအလွန်အကျွံတော့ မတောင်းဆိုသင့်ပါဘူး။ " ရှေးဟောင်းနတ်ဘုရားစစ်ကျုံးက အေးစက်စွာ ပြောလိုက်သည်။

" ဆဋ္ဌမအလွှာလေးတစ်ယောက်လား။ " ရှေးဟောင်းနတ်ဘုရားထို့ပါက ပြုံးလိုက်သည်။ " ငါတို့အတွက်တော့ ဆဋ္ဌမအလွှာလေးတစ်ယောက်ပေါ့။ ဒါပေမယ့် ငါမေးခဲ့ပြီးပြီ။ အဲ့ဒီဖန်ချင်းက နဂါးငွေ့တန်းကြယ်သခင်နဲ့ ရင်းနှီးတဲ့ ပက်သက်မှုရှိတယ်။ "

" နဂါးငွေ့တန်းကြယ်သခင်က ငယ်သေးတော့ ကျေးဇူးတရာတွေက အရေးကြီးတယ်ထင်နေတယ်။ ဘာပဲဖြစ်ဖြစ် ငါက ဒီအတိုင်း ပြောလိုက်ရုံပါ။ အပေးအယူပျက်သွားလည်း အရေးမကြီးပါဘူး။ " ရှေးဟောင်းနတ်ဘုရားထို့ပါက စိုးရိမ်မှုမရှိဘဲ ပြောလိုက်သည်။

All Chapters