ယင်ယန်တံဆိပ် ... ။
Vol. 43 Ch. 506
“ ငါစုရီ ... ချူရှနဲ့ တွေ့ဖို့ရောက်လာပြီ။ ”
အဆိုပါအသံကြောင့် သွေးအတွင်း တင်ပျဉ်ခွေထိုင်နေသော ကလေးငယ်သည် မျက်လုံးများဖွင့်ကြည့်လာချေပြီ။
အသွင်အပြင်အရ နူးညံ့ပြီး သိမ်မွေ့သောကလေးငယ်သည် ထူးဆန်းကာ ကြောက်မက်ဖွယ်ကောင်းသော အနီရောင် မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထား၏။
“ သူတော်စင်သခင် စိတ်အေးအေးထားပါ၊ ဒီကောင်ကို အခုချက်ချင်း ဖြေရှင်းလိုက်ပါမယ်။ ”
တုပိုင်ကျန်းမှ ချက်ချင်း တောင်းပန်လေသည်။ ဆေးမီးဖိုထဲရှိ ကလေးက ထရပ်လာ၏။
သွေးများသည် ကလေးငယ်၏ ခန္ဓာကိုယ်တဝိုက် အဆက်မပြတ် ယှက်သန်းပြီး အဆုံးတွင် အနီရောင်တာအိုဝတ်လုံအဖြစ် ပြောင်းလဲသွားသည်။
ဆေးမီးဖိုထဲက လှမ်းထွက်လာချိန်၌ အငွေ့အသက်သည် တုပိုင်ကျန်းကို အသက်ရှူ မဝဖြစ်သွားစေ၏။
ကလေးက လက်ကိုဆန့်တန်းပြီး ဆေးမီးဖိုထဲမှ လေးပေရှိသော သွေးဓားကို ချက်ချင်းဆွဲထုတ်လိုက်သည်။
ဓားကိုယ်ထည်သည် အနီရောင် တောက်တောက်နှင့် မကောင်းဆိုးရွား ဝိညာဉ် နှင့် နတ်ဆိုးများ အော်ဟစ်ညည်းတွားနေ သကဲ့သို့ မြည်သံပြုနေ၏။
ထိုအသံကြောင့် ကလေးက အနည်းငယ် မကျေမနပ်ဖြစ်ဟန်ဖြင့် မျက်မှောင်ကြုတ်ကာ ကျန်လက်တစ်ဖက်နှင့် ပုတ်လိုက်သည်။
“ ထန် ... ။ ”
သွေးဓားခမျာ ပြင်းစွာတုန်ခါလျက် ရုတ်တရက် သုံးလက်မအရွယ်သို့ ပြောင်းသွား တော့သည်။
“ ငါ မင်းနဲ့ လိုက်ခဲ့မယ်။ ”
သုံးလက်မ ဓားမြှောင်လေးကို ဆုပ်ကိုင်လျက် ကလေးငယ်က ကျေနပ်သော အကြည့်ဖြင့် ပြောကြားလာသည်။
“ သူတော်စင်သခင် ... အကြီးအကဲချူက ရွှေခေတ်မရောက်ခင်မှာ မင်းကို သွေးသန့်စင်တဲ့ ယဇ်ပလ္လင်ကနေ မထွက်ခွာဖို့ မှာကြားထားပါတယ်။ ”
“ နောက်ထပ် စကားတစ်ခွန်း ထပ်ပြောရင် ငါမင်းကိုသတ်မယ်။ ”
ဤသို့ပြောပြီးနောက် သန့်ရှင်းသော ကလေးငယ်သည် လေဟာနယ်အတွင်း၌ ရုတ်ချည်း ပျောက်ကွယ်သွားလေသည်။
တုပိုင်ကျန်းခမျာ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများ အဆက်မပြတ် ဖြစ်ပေါ်လာ၏။ အဆုံးတွင် ချက်ချင်း ပြေးလိုက်သွားရတော့သည်။
တုပိုင်ကျန်းတစ်ယောက် ရောက်ရှိ သွားသောအချိန်တွင် ကောင်းကင်ဘုံ နတ်မိစ္ဆာ ခြံဝင်းရှိ ကျွမ်းကျင်သူများအားလုံး နေပြီဖြစ်၏။
သူ ပေါ်လာသည်နှင့် တပြိုင်နက် ဝိညာဉ်ထင်ရှားခြင်း အဆင့် အငွေ့အသက်သည် ကောင်းကင်နှင့်နေကို ဖုံးလွှမ်းသွားသည်။
အဝေးရှိ လီချန်လင်းနှင့် အဖွဲ့သည် သာမန်အဆင့် ကျင့်ကြံသူများသာ ဖြစ်၏။ ထို့ကြောင့် တုပိုင်ကျန်းအပေါ် ရင်ဆိုင်ရချိန်တွင် နဂါးတစ်ကောင်ကို မြင်နေရသည့် ပုရွက်ဆိတ်များနှင့် မခြားချေ။
စုရီသာလျှင် တစ်ယောက်တည်း ကျောက်စိမ်းရောင် ဝတ်ရုံစများ တုန်ခါလျက် မြေအောက်ကမ္ဘာဆီသို့ ဦးတည်သွားသော ဝင်ပေါက်၏တစ်ဖက်တွင် ရပ်နေ၏။
သူ့အကြည့်များသည် တုပိုက်ကျန်း ပခုံးပေါ်ရှိ ကလေးငယ်ထံ ရောက်နေသည်။ အရပ်တစ်ပေခန့်သာရှိသော လသားအရွယ် ကလေးငယ်တစ်ဦးဖြစ်၏။
ထိုကလေးသည် သွေးနီရောင် တာအိုဝတ်ရုံကို ၀တ်ဆင်ထားပြီး နီမြန်းသော မျက်ဝန်းတစ်စုံဖြင့် ထိုနေရာတွင် ရပ်နေလေသည်။
“ ကလေးမိစ္ဆာလား။ ”
စုရီကမျက်ခုံးပင့်လိုက်သည်။ ဤကလေးသည် နတ်ဆိုးအဖြစ် ရှင်သန်ရန် မွေးဖွားလာသော မွေးရာပါနတ်ဆိုးသွေးကို အမွေဆက်ခံထား၏။
နတ်ဆိုး အင်အားစုများတွင် အစွမ်းထက်သော ကလေးမိစ္ဆာတစ်ကောင်ကို မွေးမြူရန်အတွက် မွေးဖွားစကလေးများ၏ ဗီဇအသိစိတ် ဖျက်ပစ်ရန် လိုအပ်သည်။
တစ်ချိန်တည်းမှာပင် အသိစိတ်ပင်လယ်အတွင်း၌ နတ်ဆိုးဝိညာဉ် စွမ်းအားကို တံဆိပ်ခတ်ရမည်ဖြစ်၏။
နတ်ဆိုးတံဆိပ်၏ စွမ်းအားများ ပိုမိုအားကောင်းလေလေ ကလေးမိစ္ဆာ၏ အလားအလာမှာ ပိုမိုကြောက်စရာ ကောင်းလေဖြစ်သည်။
တစ်နည်းအားဖြင့် ကလေးမိစ္ဆာဟူသည် နတ်ဆိုးအိုကြီးများအတွက် ‘ကိုယ်ပွား’ ဖြစ်၏။ ကလေးမိစ္ဆာကို အသုံးချကာ အံ့သြဖွယ် အသွင် ကူးပြောင်းမှုကို ရယူပေမည်။
“ ဒီကလေးမိစ္ဆာလေးရဲ့ အသိစိတ်ပင်လယ်ထဲမှာ တံဆိပ်ခတ်ထားတဲ့ စွမ်းအားနယ်ပယ်က ဘယ်အဆင့်လဲလို့ ငါတွေးမိတယ်။”
စုရီက စိတ်ဝင်စားသွားလေသည်။ အဝေးတွင်တုပိုင်ကျန်းက လေထဲ၌ရပ်နေပြီး၊
“ စုရီ၊ မင်းအကြောင်း အကြီးအကဲ ချူပြောနေတာ ငါကြားဖူးတယ် ဒါပေမယ့် မင်းဒီလောက် မြန်မြန်သေဖို့လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ”
-ဟု တုန့်ပြန်ပြောကြားလာ၏။
“ ချူရှ ဘယ်မှာလဲ ... ။ ”
“ ဟား ဟား ဟား ... အကြီးအကဲချူဘယ်မှာရှိလဲ သိချင်ရင် မင်းဒူးပြီး မေးသင့်တယ်။ ”
အခြားသော ကောင်းကင်ဘုံနတ်မိစ္ဆာခြံဝင်း အဖွဲ့ဝင်တစ်ဦးမှ ပြန်ဖြေ၏။ စုရီက လျစ်လျူရှု လိုက်သည်။
“ မင်းအဲဒီကလေးမိစ္ဆာကို သတ်ရင် မင်းတို့ကို အသက်ရှင်ဖို့ အခွင့်အရေးပေးမယ် သူ့အသံက အဖိုးကြီးတစ်ယောက်လို ငါ့ကိုနားဝင်ဆိုးစေတယ်။”
စုရီမှ တုပိုင်ကျန်းထံ ဦးတည်ပြောလိုက်သည်။
“ ဟားဟားဟား ... မင်းရဲ့ ကျင့်ကြံမှုအဆင့်က အားနည်းပေမယ့် မာနက တကယ်မြင့်မားတာပဲ ... မြန်မြန်သတ်လိုက် ငါသူ့သွေးကို လိုချင်တယ်။ ”
ကလေးမိစ္ဆာက အမိန့်ပေးတော့သည်။ ထို့ကြောင့် တုပိုင်ကျန်းက လက်ဝှေ့ယမ်းပြပြီး၊
“ ဖွဲ့စည်းပုံ အသင့်ပြင် ... ။ ”
-ဟု ထပ်ဆင့် အမိန့်ပေးလိုက်၏၊
ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်း၏ ကျွမ်ကျင်များအားလုံး ချက်ချင်း ဆိုသလိုပင် ခန္ဓာကိုယ်မှ နတ်ဆိုးစွမ်းအင်များ တဟုန်ထိုး တက်လာပြီး ကောင်းကင်ပေါ် ပျံတက်လာကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အငွေ့အသက်များမှာ ကြောက်မက်ဖွယ် ပေါင်းစည်းသွား၏။
“ ကောင်းကင်ဘုံ နတ်မိစ္ဆာသတ်ဖြတ်ခြင်း အစီရင် ... ။ ”
ဤသည်မှာ ကောင်းဘုံနတ်မိစ္ဆာခြံဝင်း၏ အကောင်းဆုံးသော တိုက်ပွဲဝင်သတ်ဖြတ်ခြင်း ဖွဲ့စည်းပုံ ဝင်္ကပါဖြစ်၏။
၎င်းဝင်္ကပါကို ကြယ်စုစည်းခြင်း ဆယ့်ရှစ်ဦးဖြင့် ဖွဲ့စည်းထားပြီး မူလနန်းတော် သုံးဆယ့်ခြောက်ဦးမှ ဝိုင်းရံထားသည်။
အပြင်တွင် အတွင်းပိုင်းသန့်စင်ခြင်း ခုနစ်ဆယ့်နှစ်ဦးပါရှိ၏။ ကြယ်စုစည်းခြင်းရှိ လူတိုင်းသည် မူလနန်းတော်နှစ်ဦးနှင့် အတွင်းပိုင်း သန့်စင်ခြင်းအဆင့် လေးဦး၏ စွမ်းအားကို ထိန်းချုပ်ထားချေပြီး။
တစ်ဖွဲ့လုံးသည် (၁၈)ယောက်သော ကြယ်စုစည်းခြင်းအဆင့်ရောင်ဝါဖြင့် အချင်းချင်း သဟဇာတ ဖြစ်နေကြပေမည်။
တိုက်ပွဲဝင်ဖွဲ့စည်းမှု တစ်ခုလုံးသည် စုရီရပ်နေသည့်နေရာကို ဝန်းရံထားသည့် ကွင်းဆက်တစ်ခုသဖွယ် ဖြစ်နေ၏။
“ သတ် ... ။ ”
တုပိုင်ကျန်းမှ ကျယ်လောင်စွာ အော်လိုက်သည်။ မြေကြီးတုန်လှုပ်ဖွယ် နတ်ဆိုး ရောင်ဝါများ ကောင်းကင်ပေါ် တက်လာ၏။
လီချန်လင်းနှင့် အခြားသူများသည် တုန်လှုပ်မှုများနှင့်အတူ စိတ်ဓာတ်ကျခြင်းကို ခံစားလာရသဖြင့် ချက်ချင်း ဆုတ်ခွာ သွားခဲ့သည်။
ဤတိုက်ပွဲဝင်ဖွဲ့စည်းပုံ စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြင်းထန်နေ၏။
သူတို့၏ ကျင့်ကြံမှု အဆင့်ဖြင့် ပတ်သက်မိသော် ပြာအဖြစ် လျော့ကျသွား ပေလိမ့်မည်။ တုပိုင်ကျန်းက အေးစက်သော မျက်လုံးများဖြင့် စုရီထံကြည့်သည်။
ကျင့်ကြံခြင်းလောကတွင် သတ်ဖြတ်ခြင်း ဝင်္ကပါများသည် အစွမ်းထက်သော ပြိုင်ဘက်ကို သတ်ရန်ရည်ရွယ်၏။
ကောင်းကင်နတ်မိစ္ဆာ သတ်ဖြတ်ခြင်း ဝင်္ကပါသည် ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်း၏ အကောင်းဆုံး တိုက်ပွဲဝင်ပုံစံပေပင်။
၎င်းကို အသက်သွင်းပြီးသည်နှင့် ဝိညာဉ်ထင်ရှားခြင်းအဆင့် တည်ရှိမှုကိုပင် ဖိနှိပ်ရန်လုံလောက်သည်။
“ သတ် ... ။ ”
ကျယ်လောင်သော ဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးသည် အရောင်ပြောင်းသွားသည်။
အမျိုးမျိုးသော နည်းစနစ်များနှင့် ရတနာများကို အသုံးပြုကာ လူပေါင်း (၁၂၆)က အရပ်ရပ်မှ တစ်ဟုန်ထိုး ပြေးဝင်လိုက်ချေပြီ။
ထိုးနှက်ချက်တိုင်းတွင် ဝိညာဉ်ထင်ရှားခြင်းအဆင့် ရှိသူများကိုပင် ကြောက်ရွံ့ထိတ်လန့်နိုင်သည့် စွမ်းအားများ ရှိနေသည်။
“ ကြက်နဲ့ ခွေးတွေ ... ။ ”
သို့သော် စုရီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ ထို့နောက် သူ့အသွင်သည် လေထုအလယ် လှမ်းတက်လာပြီး တံဆိပ်တစ်ခု ဖန်တီးလိုက်၏။
သူ့ရှေ့တွင် ကြည်လင်သော အလင်းရောင်နှင့် မိုးရေများ စီးဆင်းနေပြီး ယင်နှင့်ယန် တာအိုတေးသွားများ တဝဲလည်လည် ဖြစ်လာသည်။
အဖြူအမည်း စက်ဝိုင်းပုံသဏ္ဍာန် ကြောက်မက်ဖွယ်ရာ အဆုံးမရှိသော ဖျက်ဆီးမှု အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။
နေ၏ အလွန်ပြင်းထန်သော လောက်မြိုက်ခြင်း ယန်စွမ်းအားနှင့် လမင်း၏ အလွန်ပျော့ပျောင်းသော အေးချမ်းခြင်း ယင်စွမ်းအားဖြစ်သည်။
၎င်းတို့နှစ်ခုသည် ရောထွေးလျက် တစ်ဟုန်ထိုးလှည့်ပတ်ပြီး ပျက်စီးခြင်းလှိုင်းများ ဖြစ်ပေါ်လာစေ၏။
“ ခရစ် ... ။ ”
ထိုတံဆိပ်ကို ဖွဲ့စည်းလိုက်သည်နှင့် ဆယ်ပေအကွာ အဝေးအတွင်း လေဟာနယ် ပြိုကျကာ ရေဝဲကြီးဖြစ်လာသည်။
ရေဝဲတစ်ဝက်သည် ယင်ဖြစ်ပြီး ကျန်တစ်ဝက်မှာ ယန်ဖြစ်သည်။ ထိုအချိန်တွင် ဝင်္ကပါ၏ စွမ်းအားများသည် ကျရောက်လာပြီ ဖြစ်၏။
“ ဝုန်း ... ။ ”
အဆုံးတွင် အလင်းရောင်သည် ရေတံခွန်ကဲ့သို့ ရွာချလာကာ စွမ်းအားသည် ဟာရီကိန်း မုန်တိုင်းအလား ပျံ့ကားသွားသည်။
ထိုမြင်ကွင်းမှာ တုပိုင်ကျန်းကို အံ့အားသင့်စေ၏။ ယင်းသည် ကြယ်စုစည်းခြင်း အဆင့်မှ တစ်စုံတစ်ယောက် ပင်လော။
(၁၂၆)ယောက်သော လူအများထံမှ တိုက်ခိုက်မှုဖြစ်စဉ်များကို ပျက်ပြယ်သွားစေ၏။ ယုံနိုင်စရာ မရှိချေ။
အဝေးတွင် လီချန့်လင်နှင့် အခြားသော စစ်သည်တော်များသည် ၎င်းတို့၏ မျက်လုံးများ ရှေ့တွင် ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲမှု အသံကြောင့် နားစည်များတုန်ခါသွားချေပြီ။
သူတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များ တုန်ယင်လျက် မြေပြင်ပေါ် လဲကျလုနီးပါး ဖြစ်လာကြ၏။
ပေါက်ကွဲမှုလှိုင်းများ ငြိမ်သက်သွားသောအခါတွင် မယုံနိုင်ဖွယ် မြင်ကွင်းတစ်ခု ပေါ်လာသည်။
ကျောက်စိမ်းရောင် ဝတ်လုံစများ လွင့်ဝဲလျက် စုရီမှအန္တရာယ်ကင်းစွာ ရပ်နေ သည်ကို မြင်လိုက်ရ၏။
သူ့ရှေ့တွင် လျှို့ဝှက်ဆန်းကြယ်သော ယင်ယန်တံဆိပ်လှည့်လည်၍ စွမ်းအင်များ အားလုံးကို ဆွဲယူနေသည်။
၎င်း၏ ဝါးမြိုမှုစွမ်းအားသည် ကြယ်ရောင်စုံကောင်းကင်ရှိ တွင်းနက်တစ်ခုလို ခံစားရစေသည်။
“ ဒါ ... ။ ”
ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်းမှ လူအများအားလုံး မယုံကြည်နိုင်စွာ ဆုတ်ခွာ သွားကြတော့သည်။
သူတို့၏တိုက်ခိုက်မှုများစွာသည် ထိခိုက်နာကျင်အောင် မလုပ်နိုင်ရုံသာမက ပယ်ဖျက်ခြင်း ခံလိုက်ရချေပြီ။
“ ဒါက ဘယ်လိုစွမ်းအားလဲ။ ”
တုပိုင်ကျန်းမျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားကာ ထိတ်လန့်သွားလေသည်။ သူ့ပခုံးပေါ်ရှိ ကလေးမိစ္ဆာခမျာ မျက်လုံးများ နီမြန်းလာပြီး၊
“ ဒါယင်ယန်တာအိုလေ ... လူမိုက် မင်းမသိဘူးလား ... ပတ်ဝန်းကျင်စွမ်းအင်တွေ စုပ်ယူပြီး သူ့အကျိုးအတွက် သုံးနိုင်တယ် ... ။ ”
-ဟု အော်ငေါက်လိုက်တော့၏။
***