ဘာလို့ ... ငါ့ကိုကြည့်နေရတာလဲ။
Vol. 43 Ch. 507
ထိုအချိန်တွင် စုရီက သူ့လက်များကို ထိုက်ကျိနှစ်ထပ်ဝင်ရိုးအတိုင်း လေထဲလှည့် လိုက်ကာ တံဆိပ်မှာ လည်ပတ်လာ၏။
ဤတစ်ကြိမ်တွင် ဒြပ်စင်ငါးပါးကို အခြေခံထားပြီး ရွှေ၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးများ ပေါင်းစပ်ထားသည်။
၎င်းသည် ပြီးပြည့်စုံပြီး အပြစ်ကင်းစင်သောနည်းလမ်းဖြင့် လည်ပတ် နေသည့် ယင်ယန်တံဆိပ်နှင့် ပေါင်းစပ်သွားလေသည်။
“ ဘုန်း ... ။ ”
ရုတ်တရက် ဆယ်ပေပတ်လည် အကွာအဝေးအတွင်း အလင်းရောင်ဝါ ငါးမျိုး ထွက်ပေါ်လာ၏။
ယင်းသည် ယင်ယန်စွမ်အားကို ငါးဆမြှောက်လိုက်ခြင်းနှင့်တူသည်။ အဝေးမှ ကြည့်ရုံနှင့် အသက်ရှုကြပ်ပြီး သေစေနိုင်သော ခြိမ်းချောက်မှုကို ခံစားရပေမည်။
“ သတ်ဖြတ်ခြင်း အသင့်ပြင် ... ။ ”
တုပိုင်ကျန်းက ကျယ်လောင်စွာ အော်လိုက်ပြီး တိုက်ပွဲဝင်ဝင်္ကပါ၏ အဟုန်ကို မြှင့်တင်စေလိုက်သည်။
နတ်ဆိုးရောင်ဝါများစွာသည် ကြောက်မက်ဖွယ် စွမ်းအားများ ထုတ်ပေးသည့် မြစ်ကြီးအဖြစ်သို့ ပြောင်းလဲသွား၏။ ယင်းသည် ငရဲကမ္ဘာရှိ မိစ္ဆာမြစ်တစ်စင်းသဖွယ် စုရီထံ ပြိုကျသွားလေသည်။
စုရီတစ်ယောက် မြစ်ပြင်အလယ် သောင်ထွန်းနေသော ကျောက်ဆောင်ကြီးကဲ့သို့ မတုန်မလှုပ်ချေ။
သူ့အပေါ် မြစ်ကြီး၏ တိုက်စားနိုင်စွမ်းများ မည်မျှပင် စီးဆင်းနေပါစေ စုပ်ယူခံလိုက်ရသလို ပျက်ပြယ်သွားနေသည်။
“ ဟမ့် ... ။ ”
တစ်ဖက်တွင် သူ့ရှေ့ရှိ ယင်ယန်တံဆိပ်သည်လည်း တဖြည်းဖြည်းနှင့် တောင်တန်းများအသွင် ဖန်တီးပေးလာ၏။
၎င်း၏နှေးကွေးသော လည်ပတ်နှုန်းနှင့် ဖြစ်ပေါ်လာသော ပျက်စီးခြင်း၏ ရောင်ဝါသည် တုပိုင်ကျန်းနှလုံးသားကို အေးခဲသွားစေသည်။
“ အရူးတွေ ... မင်းတို့ရဲ့ မှော်လက်နက်တွေကို သုံးပြီး ထပ်တိုက် ... ။ ”
ကလေးမိစ္ဆာက ထိုမြင်ကွင်းကို ကြည့်ကာအော်ဟစ်လိုက်၏။ လူတိုင်းသည် သူ ပြောသည့်အတိုင်း လုပ်ဆောင်ခဲ့ကြသည်။
ပုဆိန်များ၊ ချွန်းများ၊ ချိတ်များ၊ ခက်ရင်းများ၊ ဓားများ၊ လှံများ၊ ထီးများ၊ တာအို တံဆိပ်များနှင့် ရတနာပုလင်းများ ချက်ချင်း ပျံတက်လာ၏။
“ ဝုန်း ... ။ ”
ထိုအချိန်တွင် စုရီက ယင်ယန်တံဆိပ်ကို ပုတ်လိုက်သည်။ ဘောလုံးကဲ့သို့ လည်နေသည့် တံဆိပ်မှာ ရုတ်တရက် ပေါက်ကွဲသွား၏။
အဖျက်စွမ်းအားလှိုင်းများ အရပ်ရပ်သို့ ပျံ့ကားသွားလေသည်။ ယင်းကို ကောင်းကင်မှ ငုံ့ကြည့်သော် စုရီကိုဗဟိုပြု၍ လှိုင်းလုံးကြီး ပွင့်ထွက်လာပုံနှင့်ဆင်တူ၏။
၎င်းဖြတ်သွားတိုင်း လေနှင့် မိုးကြိုး၊ ယင်နှင့်ယန်တို့ စီးဆင်းသွားကာ ဒြပ်စင်ငါးပါး အလင်းမိုးများ ရွာပေမည်။
“ ဘန်း ... ဘန်း ... ဘန်း ... ။ ”
ပထမဦးစွာ လေထဲပျံဝဲလျက် နတ်ဆိုးမြစ်ကြီးနှင့်အတူ လိုက်ပါလာသော ရတနာများ စက္ကူကဲ့သို့ ကွဲကြေလျက် အပိုင်းပိုင်း ပေါက်ကွဲသွားသည်။
ယင်းသည် အဆုံး မဟုတ်သေးချေ။ ကြယ်စုစည်းခြင်းအဆင့် ဆယ့်ရှစ်ယောက်၊ မူလနန်းတော် သုံးဆယ့်ခြောက်ယောက်နှင့် အတွင်းပိုင်းသန့်စင်သူ ခုနစ်ဆယ့်နှစ်ယောက် တို့သည် သွေးမြူအဖြစ် ပြောင်းလဲကုန်၏။
“ ဒါ ... ။ ”
ပတ်ဝန်းကျင်တစ်ခုလုံး သွေးမိုးများ တဖွဲဖွဲရွာကျလာပြီး သွေးကမ္ဘာကြီးအဖြစ် ပြောင်းသွားစေသည်။
ကောင်းကင်နှင့်မြေကြီး တိတ်ဆိတ်သွားသည်။ သွေးမှုန်များသာ ပြန့်ကျဲ လှုပ်ရွနေ၏။ လူတိုင်း မှင်သပ်ကုန်သည်။
တစ်ချက်တည်းဖြင့် ကောင်းကင်ဘုံ နတ်မိစ္ဆာသတ်ဖြတ်ခြင်းအစီရင်ကို ချိုးဖျက်ပြီး (၁၂၆)ယောက်ကို သတ်ပစ်လိုက်၏။
ကြောက်စရာကောင်းသော စွမ်းအားမျိုးပေပင်။ ကြီးစိုးပြီး မှော်ဆန်လွန်း ချေ၏။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
တုပိုင်ကျန်းက မယုံကြည်နိုင်စွာဖြင့် ညည်းတွားလိုက်လေသည်။ ဤရလာဒ်သည် သူ့ကဲ့သို့ လူကိုပင် ထိတ်လန့်စေ၏။
အာကာသဆုံမှတ်ကို ဖြတ်ကျော် လာပြီးနောက် သူတို့၏ ကောင်းကင်ဘုံနတ်မိစ္ဆာ ခြံဝင်းသည် မည်သည့်အရပ်တွင်မှ မရပ်တန့်ခဲ့ချေ။ သွားလေရာ လမ်းဖြစ်ခဲ့၏။
သို့သော် ယနေ့တွင် သူတို့၏ ကွပ်ကဲမှုအောက်ရှိ သန်မာသောလူများအားလုံး ပျောက်ကွယ်သွားချေပြီ။ ဤဆုံးရှုံးမှုသည် အရမ်းကြီးမားသည်။
“ ဒီလိုစွမ်းအားမျိုးက ဝိညာဉ် ထင်ရှားခြင်းအဆင့်ရဲ့ ကျွမ်းကျင်သူတိုင်းကို ဖယ်ရှားပစ်ဖို့ လုံလောက်ပါပေတယ် ... ။ ”
ကလေးမိစ္ဆာ၏ အပြစ်ကင်းစင်သော မျက်နှာတွင် လေးနက်သော အမူအရာတစ်ခု ပေါ်လာသည်။
နီမြန်းသောမျက်လုံးများက ပြန်လည်သတိဝင်လာကာ စုရီထံ လှမ်းကြည့် နေသည်။
“ သူတော်စင်သခင်၊ ငါတို့ ဘာလုပ်သင့်လဲ။ ”
တုပိုင်ကျန်က မေးမြန်းလိုက်၏။ ကလေးမိစ္ဆာမှ အနည်းငယ်မျက်မှောင်ကြုတ်ပြီး အဆုံးတွင် ပြုံးလိုက်ကာ၊
“ ငါက ကလေးတစ်ယောက်ပဲ ရှိပါသေးတယ် ဒါကိုဘာလုပ်သင့်လဲလို့ မင်းက ဘယ်လိုများ မေးဝံ့တာလဲ။ ”
ထို့နောက် လေဟာနယ်အတွင်း ပြောင်းရွေ့သွားကာ၊
“ သွားပြီး သူ့ကိုဖြေရှင်းပါ ... ငါရောက်နေပြီမို့ မကြောက်နဲ့ ... ။ ”
-ဟု အမိန့်ပေးလိုက်တော့၏။
“ ဟုတ်ကဲ့ ... ။ ”
တုပိုင်ကျန်းက အသက်ပြင်းပြင်း ရှူလိုက်ကာခေါင်းညိတ်လေသည်။ ထိုနောက် သွေးနီရောင်လှံကို ဆင့်ခေါ်လိုက်၏။
“ အသက်ဝင် ... ။ ”
တစ်ဆက်တည်းမှာပင် ဝိညာဉ် ထင်ရှားခြင်းအဆင့် နှောင်းပိုင်းရောင်ဝါများ အထွတ်အထိပ်ထံ ထုတ်ဖော်လိုက်သည်။
“ သတ် ... ။ ”
ထို့နောက် သွေးလှံကို စုရီထံဦးတည် ဆန့်တန်းလျက် ပျံသန်းဝင်ရောက်လိုက်၏။ ကြီးများလှသော လှံအရိပ်ကြီးနှင့် သွေးမြူများ လိုက်ပါလာချေပြီ။
ဤတိုက်ခိုက်မှုသည် အထိန်းအကွပ်မဲ့ပြီး ပြင်းထန်၏။ သို့သော် စုရီက မျက်နှာချင်းဆိုင် ဖြေရှင်းရန် လက်ဆန့်တန်းလိုက်သည်။
“ ဟမ့် ... ။ ”
“ ခရစ် ... ။ ”
“ ဝုန်း ... ။ ”
စုရီနှင့်သုံးပေ အကွာတွင် ကောင်းကင်မှပေါင်တူကြီး ပြုတ်ကျလာပြီး သွေးလှံကို ချိုးပစ်လိုက်တော့၏။
“ မကောင်းတော့ဘူး ... ။ ”
ဤမြင်ကွင်းသည် ဝိညာဉ် ထင်ရှားခြင်းအဆင့် နှောင်းပိုင်းကျင့်ကြံသူကိုပင် သွေးပျက်လာစေသည်။ မဆိုင်းမတွ ချက်ခြင်း ဆုတ်ခွာလိုက်တော့၏။
“ သူတော်စင်သခင် ငါ့ကိုကယ် ... ။ ”
“ ရွှပ် ... ။ ”
သူစကားမဆုံးခင် ဓားအလင်းတစ်လက် ပေါ်လာပြီး ဦးခေါင်းကို ဖြတ်ချသွားလေသည်။ တုပိုင်ကျန်းတစ်ယောက် ကလေးမိစ္ဆာထံ စိုက်ကြည့်ကာ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားခဲ့၏။
“ ဘုန်း ... ။ ”
လေဟာနယ်အတွင်း ပျံဝဲနေသော ကလေးမိစ္ဆာက မြေပြင်တွင် လိမ့်ဆင်းနေသော တုပိုင်ကျန်း၏ ဦးခေါင်းပြတ်ကြီးထံငုံ့ကြည့်ကာ သက်ပြင်းချလိုက်သည်။
“ ငါ့ကိုဘာအတွက် ကြည့်နေရတာလဲ မင်းဒီလောက်တောင် အားနည်းနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ ... နောက်ပြီး မင်းကို သွားဖို့ပဲ ငါပြောခဲ့တာ မင်းမသေဘူးလို့ ငါအာမမခံခဲ့ပါဘူး။ ”
သူ့စကားနှင့် အမူအရာတွင် သနားကြင်နာခြင်းများ ပြည့်နှက်နေခဲ့ချေပြီ။ စုရီက အဝေးရှိကလေးမိစ္ဆာထံ လှမ်းကြည့်ပြီး၊
“ မင်း ... လုံးဝ ကြောက်ပုံ မပေါ်ဘူးလား။ ”
-ဟု ပြောကြားလိုက်သည်။
ကလေးမိစ္ဆာက လေထုအလယ် ရပ်တန့်နေလျက်ဖြင့် သူ့အဝတ်အစားများကို သပ်ရပ်အောင်ပြင်ယူကာ ဒူးထောက် ထိုင်ချလိုက်သည်။
ထို့နောက် အပြစ်ကင်းစင်သော အသွင်ဖြင့်၊
“ သခင်လေး ငါဟာ ကမ္ဘာကြီးနဲ့ မရင်းနှီးသေးတဲ့ ကလေးတစ်ယောက်ပါ မင်း ကရုဏာပြပြီး ခွင့်လွှတ်နိုင်မလား။ ”
-ဟု တောင်းပန်၏။ ဤတစ်ကြိမ်၌ အိုမင်းနေသော အသံသည် ကလေးဆန်ချေပြီ။ နီမြန်းသော မျက်လုံးများသည်လည်း ဖြူစင်ပြီး အားနည်းသော အသွင်ဖြစ်လာ၏။
“ ကလေးတစ်ယောက်လေး ... ။ ”
စုရီမှ ပြုံးသည်။ ကလေးမိစ္ဆာက မျက်လုံးများမှေးစင်းလျက်၊
“ သခင်လေး ငါ့ကိုမွေးလာတာ သုံးလပဲရှိသေးတာကို မင်းလည်းမြင်ပါတယ် ငါနိုးလာတာနဲ့ ယုတ်မာရိုင်းစိုင်းတဲ့ နတ်ဆိုးကောင်က ...
... ငါ့ကိုထိန်းချုပ်လိုက်တာပါ ငါ့မိဘတွေတောင် ဘယ်သူလဲဆိုတာ ငါ မသိနိုင်အောင် သနားစရာကောင်းပါတယ် မင်းစိတ်မဆိုးရင် မင်းကို ငါ့အဖေအဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိပါတယ်။ ”
“ ဟမ့် ... ။ ”
အဝေးမှ ရပ်ကြည့်နေသူတိုင်း အံသြသွားကြသည်။ ဤကလေးမိစ္ဆာသည် လုံးဝ ခြားနားသော တစ်စုံတစ်ယောက်ဖြစ်လာချေ၏။
“ ကောင်းပြီ ... ငါမင်းကို အခွင့်အရေး ပေးမယ် မင်းရဲ့ခန္ဓာကိုယ်ထဲက နတ်ဆိုးသွေးကို ငါ့ပေးရင် မင်းအသက်ကို ငါကယ်မယ်။ ”
ကလေးမိစ္ဆာက လေထဲတွင် ဒူးထောက်နေလျက်ဖြင့် တုန်လှုပ်ခြောက်ခြား လာကာ၊
“ မင်းဒီလိုဆန္ဒရှိရင် ငါအသေခံမယ်။ ”
-ဟု တုန့်ပြန်လာသည်။
“ ဟမ့် ... မင်းကို ငါတကယ် မသတ်ဝံ့ဘူးထင်နေတာလား၊ ဟား ဟား ဟား ... ။ ”
စုရီက ရယ်မောလိုက်သည်။ ထို့နောက် အင်္ကျီလက်များ ဖျပ်ဖျပ်ခတ်ကာ ညာလက်နှင့် လက်ချောင်းများကို ဓားကဲ့သို့လေထဲ ခုတ်ချပစ်လိုက်တော့၏။
“ ရွှပ် ... ။ ”
ဓားအလင်းတစ်လက်သည် သက်တံတစ်စင်းကဲ့သို့ အလင်းများ ဖြာလျက် ကလေးမိစ္ဆာထံ ဝင်ရောက်သွားချေပြီ။
***