ဒါဆို မင်းဘာလို့ ထွက်သွားရတာလဲ။
Vol. 43 Ch. 508
“ ဟမ့် ... ။ ”
လေထဲပျံသန်းလာသော ဓားအလင်းကြောင့် ဒူးထောက်နေသည့် ကလေးမိစ္ဆာမှ ရုတ်တရက် အော်ဟစ်လိုက်ကာ လေထဲရှောင်တိမ်းလျက် ဆုတ်ခွာသွားသည်။
“ စုရီ ... မင်းငါနဲ့ ရန်သူဖြစ်ချင်တာ သေချာလား။ ”
ကလေးမိစ္ဆာအသံသည် ဒေါသကြောင့် ပွက်ပွက်ဆူနေပြီး မျက်ဝန်းများ၌သွေးရောင်များ တောက်ပကာ ဝတ်ရုံစများ တဖျပ်ဖျပ်ဖျပ် ခတ်နေတော့သည်။
အပြစ်ကင်းစင်သော မျက်နှာတွင် ယုတ်ညံ့ပြီး ရက်စက်ကြမ်းကြုတ်လွန်းသော အငွေ့အသက်များ ပြည့်နှက်လာ၏။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် အကန့်အသတ်မဲ့ ရောင်ဝါထွက်ပေါ်လာကာ လေဟာနယ် ဖရိုဖရဲ ဖြစ်သွား၏။
ဤအခိုက်အတန့်တွင် ကလေးမိစ္ဆာသည် ငရဲမှထွက်လာသော နတ်ဆိုးဘုရင်နှင့်တူနေပြီး ကြီးစိုးလွန်းသည်။
“ ဝှစ် ... ။ ”
ထိုစဉ် စုရီက လေထဲလှမ်းတက်ကာ ထပ်မံတိုက်ခိုက်လိုက်၏။ ကျင့်ကြံမှု၊ ဓားတာအို၊ ကျွမ်းကျင်မှုတို့ကို ပေါင်းစပ်ထားသည်။
ထိုသို့သောစွမ်းအားသည် ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူကို အလွယ်တကူ ဖျက်ဆီးပစ်ရန် လုံလောက်ချေ၏။
“ ဝှစ် ... ။ ”
တုပိုင်ကျန်းကို ဤနည်းဖြင့် အသတ်ခဲ့ခြင်းပေပင်။ သို့သော် ကလေးမိစ္ဆာက ဓားအလင်းများကို ရှောင်တိမ်းလျက်မှ ဒေါသထွက်လာသည်။
“ ထွက်လာခဲ့ ... ။ ”
သွေးဓားတစ်လက်ကို ဆင့်ခေါ်လျက် လေထဲလှည့်ပတ်ရာ ဓားရိပ်များ မရေမတွက် နိုင်အောင် ဖြစ်ပေါ်လာသည်။
ယင်းသည် သွေးနီအရိုးစုကြီးအဖြစ် ဖွဲ့စည်းလာပြီး အနက်ရောင် နတ်ဆိုးမီးလျှံများ တောက်လောင်လျက် ကောင်းကင်ကို လောင်မြိုက်တော့၏။
“ ခရစ် ... ။ ”
ဝိညာဉ်ထင်ရှားခြင်းအဆင့်ကို အလွယ်တကူ သတ်ပစ်နိုင်သော စုရီဓားသည် အားစိုက်ထုတ်မှု မရှိဘဲ သွေးနီဓားစွမ်းအင်ဖြင့် ပိုင်းဖြတ်ခြင်း ခံလိုက်ရလေသည်။
မရေမတွက်နိုင်သော သွေးနီအရိုးစုများ ပတ်ဝန်းကျင်အနှံ့ ပျံဝဲလာပြီး ကြောက်မက်ဖွယ် ကောင်းသောစွမ်းအားများသည် ကောင်းကင်ကို လွှမ်းခြုံလာသလို ခံစားလိုက်ရ၏။
“ ဒါက ဒီကလေးမိစ္ဆာရဲ့ အသိစိတ် ပင်လယ်ထဲမှာ ချိတ်ပိတ်ထားတဲ့ စိတ်စွမ်းအား တစ်စိတ်တစ်ပိုင်းကို အသုံးပြုနေတာပဲ ... ဒီစွမ်းအားကိုကြည့်ရင် ဧကရာဇ်အဆင့် နတ်ဆိုးတစ်ပါးဖြစ်ရမယ်။ ”
စုရီက မှတ်ချက်ပေးပြီးနောက် အမှောင်နတ်ဓားကို ဆင့်ခေါ်ကာ သွေးနီရောင် အရိုးစုထံ ခုတ်ချပစ်လိုက်သည်။
“ ဝုန်း ... ။ ”
ပေါက်ကွဲမှုများအတွင်း စုရီက ရှေ့တစ်လှမ်းတိုးကာ ကလေးမိစ္ဆာရှေ့ရောက်ရှိ သွားတော့၏။ တစ်ဆက်တည်းမှာပင် ဓားဖြင့် ခုတ်ပိုင်းချလိုက်ပြန်သည်။ သူ့အရှိန်သည် လျှပ်စီးကဲ့သို့ မြန်ဆန်နေချေပြီ။
ကလေးမိစ္ဆာကို လျှော့မတွက်ထားကြောင်း မြင်သာ၏။ အဘယ့်ကြောင့်ဆိုသော် ဤကလေး ပိုင်ဆိုင်ထားသည့် တိုက်ပွဲဝင်စွမ်းအားသည် သာမန်လူများ လိုက်မမီချေ။
ဧကရာဇ်တစ်ပါး၏ စွမ်းအားဖြစ်၏။ ထို့ကြောင့် တိုက်ခိုက်သောအခါတွင် ခွန်အားကို အပြည့်အဝ ထုတ်ပေးရန်လိုချေမည်။
“ သွား ... ။ ”
လူသတ်လိုသော အကြည့်ဖြင့် ကလေးမိစ္ဆာ၏ အမူအရာများ ပြောင်းသွားကာ မျက်နှာချင်းဆိုင် ဖြေရှင်းရန် ကြိုးစားလာ၏။
ပြင်းထန်သော တိုက်ပွဲတစ်ခု ချက်ချင်း ဖြစ်ပွားလာသည်။ ယင်ယန်၊ လေနှင့်မိုးကြိုး၊ ဒြပ်စင်ငါးပါး စသည့် တာအိုသုံးပါးသည် စုရီဝန်းကျင်၌ ရစ်သိုင်းနေ၏။
သို့သော် ကလေးမိစ္ဆာသည် အမှန်တကယ်ပင် ထူးထူးခြားခြားပေပင်။ အရွယ်ငယ်သော်လည်း ရူးသွပ်ဖွယ်ရာ စွမ်းအားမျိုး ပိုင်ဆိုင်ထားသည်။
ဓားရည်ရွယ်ချက်သည် အထူးကြောက်စရာ ကောင်းလှကာ ဝိညာဉ်ထင်ရှားခြင်းအဆင့်ရှိ ဓားရည်ရွယ်ချက်ဖြင့်ပင် ယှဉ်နိုင်၏။
သူ၏ သွေးကြောများသည် နတ်ဆိုး သဘာဝဖြင့် မွေးဖွားလာသောကြောင့် စွမ်းအား အရာတွင် တုနှိုင်းမဲ့ချေသည်။ ဆိုလိုသည်မှာ ၎င်းအပေါ် ကျင့်ကြံမှုနှင့်တိုင်းတာ မရနိုင်။
သည့်ပြင် အသွင်ပြောင်းခြင်း၊ နတ်ဆိုးမီးတောက်များကို ထွေးထုတ်ခြင်း၊ လက်ဖဝါးအတွင်းမှ နတ်ဆိုးဒိုမိန်း ထွက်ပေါ် လာခြင်း စသည့် အစွမ်းထက်သော နတ်ဆိုး နည်းစနစ်များကို ကျွမ်းကျင်စွာ တတ်မြောက်ထားသေး၏။
ဤနည်းစနစ်တစ်ခုစီသည် ရင်သပ်ရှုမောဖွယ်ကောင်းသော စွမ်းအားမျိုး ပြသနိုင်သည်။ ပြိုင်ဘက်ကို ချက်ချင်း သေစေနိုင်၏။
စုရီ ကြုံတွေ့သမျှ ပြိုင်ဘက်များ အားလုံးထဲတွင် ဤကလေးမိစ္ဆာ၏ တိုက်ပွဲဝင် စွမ်းအားသည် အကောင်းဆုံးပေပင်။
“ ဝုန်း ... ။ ”
ကောင်းကင်နှင့်မြေကြီးကြား ဓားအလင်းတစ်လက် ပြေးထွက်ပေါက်ကွဲ သွားပြန်သည်။ ကြီးမားလှသော တောင်နှင့် မြစ်များ သိမ့်သိမ့်တုန်ကုန်၏။
ဤမြင်ကွင်းကို အဝေးမှ ကြည့်နေသည့် လီချန်လင်းတို့သည် ဝိညာဉ်များ တဆက်ဆက် တုန်ရင်လာကြသည်။ အင်မော်တယ်များကြား တိုက်ပွဲတစ်ခုဖြစ်၏။
( ဟမ့် ... ဒီလူဟာ ရှေးခေတ်ကနေ နိုးထလာတဲ့ နတ်ဆိုးမဟုတ်သလို ခန္ဓာကိုယ်ကို သိမ်းပိုက်ခံထားရသူလည်း မဟုတ်ဘူး ... ဒီလို ကြောက်စရာကောင်းတဲ့ စွမ်းအားကို ဘယ်လိုများ ပိုင်ဆိုင်နေရတာလဲ။ )
တိုက်ပွဲတစ်လျှောက် ကလေးမိစ္ဆာ၏ အမူအရာမှာ တင်းမာနေခဲ့ပြီး ၎င်း၏စိတ်သည် ကမောက်ကမ ဖြစ်နေခဲ့သည်။
တစ်ဖက်လူသည် မိုးပြာတိုက်ကြီးမှ ကျွမ်းကျင်သူများ လက်လှမ်းမမီနိုင်အောင် နက်နဲသော နောက်ခံရှိရပေမည်။
ရိုးသားစွာ ဝန်ခံရပါမူ သူ့ကဲ့သို့ ဧကရာဇ်အဆင့် တန်ခိုးရှင်ပင် လက်လှမ်းမမီ လုနီးပါးဖြစ်နေ၏။ ထို့ကြောင့် တိုက်ပွဲ ပြင်းထန် လာသည်နှင့်အမျှ ပို၍ကြောက်ရွံ့လာသည်။
နောက်ဆုံးတွင် သူ၏ အသိစိတ်သည် ဧကရာဇ်တစ်ပါးမှ ဆင်းသက်လာသောကြောင့် တစ်ဖက်လူ မည်မျှ ကြောက်စရာကောင်းမှန်း နက်ရှိုင်းစွာ နားလည်နေခဲ့သည်။
“ အွတ် ... ။ ”
ရုတ်တရက် ပြင်းထန်သော ဓားအလင်း ရိုက်ခတ်မှုကြောင့် သွေးအန်လုနီးပါး ဝေဒနာကို ခံစားလိုက်ရ၏။
“ မင်းက တံဆိပ်ရဲ့စွမ်းအားကို တကယ်မပေါင်းစပ်နိုင်သေးဘူး မတည်မငြိမ် ဖြစ်နေတုန်းပဲ ... ဒီအတိုင်းဆက်သွားရင် ဆယ်စက္ကန့်အတွင်း မင်းရှုံးလိမ့်မယ် ...
... မင်းရဲ့ဝှက်ဖဲကို အခုပဲသုံးဖို့ ငါအကြံပေးတယ် မဟုတ်ရင် ... မင်းအတွက် နောက်ထပ် အခွင့်အရေးရှိလာတော့မှာ မဟုတ်ဘူး။ ”
စုရီက အမှောင်နတ်ဓားကို လွှဲလျက် သတိပေးလိုက်လေသည်။ ကောင်းကင်တခွင်၌ ဓားရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေကာ တောင်နှင့်မြစ်များ လင်းလက်လာ၏။
“ ဒါဆို မင်းဆန္ဒအတိုင်းပဲ။ ”
ကလေးမိစ္ဆာက အသက်ပြင်းပြင်းရှူ လိုက်သည်။ သွေးနီဓားသည် လေထုထဲတွင် တဖြည်းဖြည်းနှင့် မှုန်ဝါးဝါးလာတော့၏။
ထို့နောက်တွင် ကြောက်မက်ဖွယ် ကောင်းသော အကန့်အသတ်မဲ့ ပျက်စီးခြင်း၏ အရိပ်အာဝါသ ပျံ့ကားလာသည်။
“ ထန် ... ထန် ... ။ ”
အမှောင်နတ်ဓားသည် တစ်လက်မမျှပင် မတိုးနိုင်သော အတားအဆီးတစ်ခုနှင့် ကြုံလာရ ချေပြီ။ စုရီတစ်ယောက် မျက်ဝန်းများ မှေးစင်းသွား၏။
ကောင်းကင်နှင့်မြေကြီး တုန်ခါသွားပြီး ကလေးမိစ္ဆာကို ဗဟိုပြုလျက် ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာကာ သူ့ဓားအပေါ် ဖြေရှင်းလေသည်။
“ ဝုန်း ... ။ ”
ယင်းသည် မုန်တိုင်းတိုက်ခတ်လာသော ပင်လယ်ရေမျက်နှာပြင်ကဲ့သို့ ကောင်းကင်ကြီး လှုပ်ခါသွားတော့၏။
လေဟာနယ်အတွင်း သဏ္ဍာန်မဲ့ စွမ်းအားတစ်ခုရှိနေချေပြီ။ ကောင်းကင်ကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေစေလျက် ယင်နှင့် ယန်ကို ပြန်ဆုတ်သွားစေ၏။
ထိုသဏ္ဍန်မဲ့ စွမ်းအားသွားရာ လမ်းတလျှောက် လေဟာနယ် ပြိုပျက်သွားပြီး အသက်ဓါတ်များ ခမ်းခြောက်လာနေသည်ကို အတိုင်းသားမြင်နေရသည်။ စုရီတစ်ယောက် မျက်ခုံးပင့်လိုက်တော့၏။
“ ဒါက ... တကယ်ပဲ အာကာသတံဆိပ်ပဲ။ ”
သဏ္ဍာန်မဲ့ဖိအားသည် စုရီအပေါ်သို့ ပြိုကျလာပြီး ဒီရေကဲ့သို့ တဟုန်ထိုးမြင့်တက် လာနေသည်။
ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး ပြိုကျပျက်စီးနေပြီး သွေ့ခြောက်သွားကြောင်း မည်သူမဆိုပြောနိုင်၏။
သို့သော် စုရီမျက်လုံးများတွင် ဤတံဆိပ်သည် အဆင့်နိမ့် အာကာသတံဆိပ် တစ်ခုသာဖြစ်နေသည်။ ချို့ယွင်းချက်များနှင့် ပြည့်နှက်နေ၏။
“ ဒြပ်စင်ငါးပါးဓားဒိုမိန်း ... ။ ”
ထို့ကြောင့် ဒြပ်စင်ငါးပါးရောင်ဝါဖြင့် ဓားဒိုမိန်းကို ဖန်တီးကာ ခုတ်ပိုင်းချလိုက်တော့ သည်။ လေထုအလယ် ဓားတောင်တန်းကြီး တစ်ခုပြီး တစ်ခုပေါ်လာ၏။
သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီးတို့သည် ကောင်းကင်နှင့် မြေကြီးကြား တောင်တန်းကြီး ငါးခုသဖွယ် လိုက်ပါသွားချေပြီ။
ဓားတောင်သည် ဒြပ်ငါးပါးရောင်ဝါဖြင့် ဖန်တီးထားသောကြောင့် ဖိနှိပ်ချုပ်ချယ်နိုင်စွမ်း အပြည့်ရှိနေ၏။
ဒြပ်စင်ငါးပါး ဓားတောင်တန်းကြီး ငါးခု၏ ဖိနှိမ်ခြင်းအောက်တွင် အကန့်အသတ်မရှိသော အာကာသတံဆိပ်သည် ရုတ်တရက် အေးခဲသွားသည်။
၎င်းသည် ကြီးမားလှသော ကျောက်တုံးကြီးများအောက်၌ ပိတ်မိနေသော စပါးကြီးမြွေတစ်ကောင်ကဲ့သို့ တုပ်တုပ်မျှပင် မလှုပ်နိုင်တော့ချေ။
လျင်မြန်စွာ ပြိုကျပျက်စီးနေသော လေဟာနယ်သည် ရုတ်ချည်း အေးခဲသွားခဲ့ လေသည်။ မြင်ကွင်းမှာ မြင်သာ၏။
“ ဒါက ဆိုးတယ် ... ။ ”
ကလေးမိစ္ဆာက အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် စုရီသည် သူ့ဓားကို ထပ်မံလွှဲချလာပြီဖြစ်၏။
“ ဝုန်း ... ဝုန်း ... ။ ”
ကြီးကျယ်ခမ်းနားသော ဒြပ်စင်ငါးပါး ဓားတောင်တန်းကြီးများသည် ၎င်းနှင့်အတူ လိုက်ပါလာတော့သည်။
မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာ၏။ ကလေးမိစ္ဆာခမျာ ပြိုကျလာသော အာကာသတံဆိပ်ကြောင့် ချက်ချင်း ရှောင်တိမ်းလိုက်ရသည်။
“ ဝှစ် ... ။ ”
တစ်ဆက်တည်းမှာပင် တုန့်ဆိုင်းခြင်းမရှိ လှည့်မကြည့်တမ်း သွေးနီရောင်အလင်းအဖြစ် ပြောင်းလဲထွက်ပြေးသွားတော့၏။
“ စုရီ ငါတို့ မပြီးသေးဘူး ... ။ ”
“ ဝှစ် ... ။ ”
နာကြည်းစွာ အော်ဟစ်သံက ပဲ့တင်ထပ်လာသည်။ စုရီက ပြုံးလျက် ဓားကို ထိုက်ကျိဝင်ရိုးအတိုင်း ဝှေ့ရမ်းလိုက်၏။
“ ဒါဆို ... မင်းဘာလို့ ထွက်သွားရတာလဲ။ ”
ဓားတောင်ကြီးငါးလုံးမှာ ရေဝဲအသွင် လည်ပတ်လာပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံး အပေါ် တဟုန်ထိုးစုပ်ယူ ဝါးမြိုတော့သည်။
***