← Chapters

နတ်ဆိုးကလေးငယ်နှင့် စုရီ ... ။

Vol. 43 Ch. 509

နတ်ဆိုးကလေးငယ်နှင့် စုရီ ... ။

Vol. 43 Ch. 509

ဓားတောင်ကြီးငါးလုံးသည် ရေဝဲအသွင်လည်ပတ်လာပြီး ပြင်းထန်သော ဆွဲငင်အားကို ထုတ်လွှတ်လာ၏။

ချက်ချင်းပင် သွေးနီရောင်အလင်းတန်း ကလေးမိစ္ဆာပုံစံသည် ဒြပ်ငါးပါးရေဝဲအတွင်း၌ ပိတ်မိသွားတော့၏။ မည်သို့ပင် ရှောင်တိမ်း စေကာမူ ကြောက်စရာကောင်းသော ဆွဲငင်အားသည် သူ့ကို ဖမ်းထားသည်။

“ ဒါက ဘယ်လို စွမ်းအားမျိုးလဲ။ ”

ကလေးမိစ္ဆာက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဧကရာဇ်နယ်ပယ် အသိစိတ်အဆင့်တွင်ပင် ဤဓားအပေါ် အံ့အားသင့်ခဲ့ရ၏။

ဓားတောင်ငါးလုံးသည် ကောင်းကင်မှ ဆင်းသက်၍ အန္တရာယ်အငွေ့အသက်များသည် ကလေးမိစ္ဆာ၏ မျက်နှာကို ပုံပျက်စေကာ ၎င်း၏ မျက်လုံးများ သွေးထွက်သံယို ဖြစ်လာခဲ့သည်။

“ ဝိညာဉ်လောင်မြိုက်ခြင်း ဓား။ ”

ဆင့်ခေါ်သံနှင့်အတူ ဦးခေါင်းထက်၌ ရုတ်တရက် မီးတောက်နေသော ဓားတစ်လက် ထွက်ပေါ်လာ၏။

ခုနစ်လက်မရှည်ကာ သွယ်လျပြီး ကြည်လင်တောက်ပလျက် နတ်ဆိုးမီးလျှံများ တောက်လောင်နေသည်။

ဓားသွား ထွက်ပေါ်လာချိန်တွင် ကောင်းကင်နှင့် မြေကြီးကြား ကြောက်မက်ဖွယ် အငွေ့အသက်များ တိုးလာခဲ့၏။

လီချန်လင်းကဲ့သို့သော လူများသည်ပင် အဝေးမှကြည့်ကာ မျက်နှာများ ဖြူဖျော့လျက် အသက်ရှူကြပ်ကုန်သည်။

ဤမျှအကွာအဝေးတွင် သူတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများအပေါ် လွှမ်းခြုံသွား၏။

“ ဝုန်း ... ။ ”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ခုနစ်လက်မဓားသည် ကောင်းကင်ပေါ် ပျံတက် သွားပြီး ဓားတောင်ငါးလုံးကို တို့ဟူးကဲ့သို့ ဖြတ်တောက်သွားသည်။

ဓားနတ်တောင်ကြီး ငါးလုံးသည် ချက်ချင်းပြိုကျသွားသော မြင်ကွင်းကြောင့် စုရီမှ မျက်ခုံးပင့်လိုက်၏။

“ မင်းရဲ့ အသိစိတ်ပင်လယ်ထဲက တံဆိပ်ကိုဖွင့်ဖို့ စီစဉ်နေတာလား။ ”

ဒြပ်စင်ငါးပါးဓားဒိုမိန်းကို ဖျက်ဆီးနိုင်သော်လည်း ကလေးမိစ္ဆာအသွင်မှာ အနည်းငယ် သနးစရာကောင်းနေသည်။

လောင်မြိုက်ခြင်းဓားသည် သူ့ စိတ်ဝိညာဉ်ကို အကြီးအကျယ်ဒဏ်ရာရစေမှန်း မြင်သာနေ၏။

ကလေးမိစ္ဆာမှ ဂရုမစိုက်ချေ။ စုရီထံ စူးစူးရဲရဲစိုက်ကြည့်နေသော ၎င်း၏မျက်နှာသည် ရက်စက်ကြမ်းကြုတ်သော အမူအရာများဖြင့် ပြည့်နှက်နေသည်။

“ စုရီ ... မင်း ငါ့အကြံအစည်ကို ဖျက်ဆီးလိုက်ပြီ ... ဒီနေ့ မင်းသေရမယ်။ ”

သူ့အသံသည် ဒေါသနှင့် မုန်းတီးမှုများ ပြည့်နှက်နေ၏။ ခုနစ်လက်မအရွယ် ဓားသည် လေထဲလွင့်ပျံလာပြီး စုရီထံ ဝင်လာသည်။

တစ်ဆက်တည်းမှာပင် ကောင်းကင်နှင့် မြေကြီးတုန်ခါလျက် ဧကရာဇ်အဆင့်ရောင်ဝါ ပွင့်ထွက်လာချေပြီ။

ပကတိမျက်စိဖြင့် မြင်သာသည်အထိ လေဟာနယ်ပြိုကျနေသည်ကို မြင်နိုင်ချေ၏။ ပြိုင်ဘက်ကင်းသော ထက်ရှမှုသည် သေမျိုး နိယာမများကို ဖြတ်တောက်နိုင်သည်။

ထိုသို့သော ဧကရာဇ်စွမ်းအားဖြင့် ဝိညာဉ်ထင်ရှားခြင်းအဆင့် မဆိုနှင့် ဝိညာဉ် ပေါင်းစည်းခြင်းအဆင့်မှ တစ်စုံတစ်ဦးကိုပင် သတ်နိုင်၏။

“ ရွှပ် ... ။ ”

အဆိုပါမြင်ကွင်းကြောင့် စုရီက ငရဲဘုံကိုးပါးဓားရောင်ဝါကို အမှောင်နတ်ဓား အတွင်း လောင်းထည့်ကာ ခုတ်ချလိုက်၏။

“ ထန် ... ထန် ... ။ ”

ဓားနှစ်လက် တိုက်မိသွားပြီးနောက် အဖျက်စွမ်းအားလှိုင်းများ အရပ်ရပ်သို့ ပြန့်ကား ထွက်ပေါ်လာချေပြီ။ လမ်းတလျှောက် လေဟာနယ် ဖရိုဖရဲ ဖြစ်ကုန်တော့၏။

ကောင်းကင်နှင့် မြေကြီးမှုန်ဝါးကာ မြင်ကွင်းသည် အလွန်ကြောက်စရာကောင်းပြီး သွေးနတ်ဆိုးတောင်တန်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။

မရေမတွက်နိုင်သော ကျောက်တုံးများနှင့် သစ်ပင်ကြီးငယ်များကြေမွှကာ မီးခိုးငွေ့များနှင့် ဖုန်မှုန့်များ လွင့်မျောလာ၏။

“ ခရစ် ... ။ ”

အဆုံးတွင် ကလေးမိစ္ဆာ၏ လောင်မြိုက်ခြင်းဓားမြှောင်သည် အက်ကွဲသွား တော့သည်။ ခပ်လှမ်းလှမ်းတွင် ကလေးမိစ္ဆာမှ လက်နှစ်ဘက်ဖြင့် သူ့ခေါင်းကို တင်းတင်း ဆုပ်ကိုင်ထားကာ ဝေဒနာခံစားနေရ၏။

“ မဖြစ်နိုင်ဘူး ... မင်းလို ကြယ်စုစည်းခြင်းအဆင့်က တစ်စုံတစ်ယောက် ဒီစွမ်းအားကို ဘယ်လို ခံနိုင်ရည်ရှိတာလဲ။ ”

“ ဝေါ့ ... ။ ”

ကလေးမိစ္ဆာသည် ပြင်းစွာသော နာကျင်မှုအပေါ် အံကြိတ်တွန်းလှန်နေလျက်ဖြင့် အော်ဟစ်လိုက်လေသည်။ အဆုံးတွင် ရွှေသွေး တစ်လုတ်ကို အန်ချလိုက်၏။

“ အနာဂါတ်မှာ ဒီတိုက်ကြီးကို ငါလာပြီး မင်းရဲ့အရွတ်တွေ၊ အရေခွံတွေကိုစုပ်ဖြဲ၊ အရိုးကို ပြာချပစ်မယ်။ ”

ကလေးမိစ္ဆာ၏ ကျိန်ဆဲသံများ ပဲ့တင်ထပ်နေစဉ် သတိလစ်ကာ မြေပြင်ပေါ် ပြုတ်ကျသွားချေပြီ။

“ ငါစောင့်နေတယ် ... ။ ”

စုရီကပြုံးပြီး မြေပြင်ပေါ် မရောက်မီ ကလေးမိစ္ဆာကို ဖမ်းဆွဲလိုက်၏။ သွေးနီရောင် ဝတ်ရုံသည် အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ်သွားသည်။

ကလေးမိစ္ဆာ၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ရာ ကလေး၏ အပြစ်ကင်းစင်သော မျက်နှာပေါ်တွင် နာကျင်မှု အရိပ်အမြွက် မြင်လိုက်ရ၏။

တစ်ခုခုလွဲမှားနေပြီမှန်း သတိထားမိကာ သူ့ရင်ခွင်ထဲ ညင်သာစွာပြောင်းယူ ပွေ့ဖက်ထား လိုက်လေသည်။

ကလေးမိစ္ဆာက ကျေနပ်မှု လက္ခဏာများပြသကာ သူ့ပွေ့ဖက်မှုအပေါ် ခန္ဓာကိုယ်ကွေးညွတ်လျက် သဘာဝကျသော တုန့်ပြန်မှုပေး၏။

နတ်အာရုံကို ဖြန့်ကျက်လျက် ကလေးငယ်အပေါ် ချက်ချင်းစစ်ဆေးလိုက် လေသည်။

ကလေးငယ်ကို ထိန်းချုပ်နေသော ဧကရာဇ်ဆန္ဒမှာ လုံးလုံးလျားလျားပျောက်ကွယ် သွားပြီဖြစ်၏။

သို့သော် ကလေးငယ်၏ မူလအသိစိတ်မှာ လုံးဝပျောက်ကွယ်မသွားချေ။ တောအုပ်အတွင်း ပေါင်းပင်တစ်ပင်ကဲ့သို့ ပြင်းပြသည့်ဆန္ဒတစ်ခု တွယ်ကပ်နေသည်။

“ ဒါ နတ်ဆိုးရွှေသွေးပဲ ... ကလေးမိစ္ဆာရဲ့ အသိစိတ်ကို ဧကရာဇ်ဆန္ဒက လုံးလုံးလျားလျား မသုတ်သင်နိုင်ခဲ့တာ အံ့သြစရာမရှိပါဘူး။ ”

နတ်ဆိုးမျိုးနွယ်မှ မွေးဖွားလာသော နတ်ဆိုးကလေးငယ်များသည် ထူးခြားသည့် မွေးရာပါ အရည်အချင်းများ ပိုင်ဆိုင် ထားလေ့ရှိသည်။

ထိုအရည်အချင်းများသည် ၎င်းတို့၏ အတွင်းအင်္ဂါ၊ သွေးနှင့်အရိုးများတွင် တည်ရှိ နေနိုင်၏။

နတ်ဆိုးရွှေသွေးသည် ပင်ကိုယ်စွမ်းရည်များတွင် အထွတ်အထိပ်အဖြစ် မှတ်ယူကြပြီး ထူးထူးခြားခြား ရှားပါးသည့် အရာတစ်ခုဖြစ်သည်။

ငယ်ရွယ်စဉ် ကတည်းကပင် ‘ဝိညာဉ်နှင့်သွေးသား ဝါးမြိုသန့်စင်ခြင်း’ဟူသော အရည်အချင်းမျိုး ပိုင်ဆိုင်ကြ၏။

ဤအရည်အချင်းသည် ရုပ်ပိုင်းဆိုင်ရာ သန့်စင်မှုအတွက် သဘာဝမှပေါက်ဖွားပေးသည့် ဗီဇဖြစ်သည်။

အကယ်၍ သူတို့သည် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုလမ်းကြောင်းကို လျှောက်လှမ်းသော် ဧကရာဇ်နယ်ပယ်သို့ လွယ်လွဘ်ရောက်နိုင်၏။

အရေးကြီးသည်မှာ နတ်ဆိုးရွှေသွေး ပါရှိသော နတ်ဆိုးကလေးငယ် အသိစိတ်သည် သွေးထဲတွင် တည်ရှိနေသည်။

၎င်းတို့၏သွေးများကို လုံး၀ ဖယ်ရှားနိုင်မှသာလျှင် အသိစိတ်ပျောက်ကွယ် သွားပေမည်။ ထို့ကြောင့်ပင် ဤကလေးမိစ္ဆာ ရှင်သန်နေရသည့် အကြောင်းရင်းဖြစ်၏။

ရုတ်တရက် ရှူးခနဲ မြည်သံနှင့်အတူ အဝတ်အစားများ စိုစွတ်ပြီး ပူလောင်လာသည်။ အောက်သို့ငုံ့ကြည့်လိုက်ရာ ရေစိုနေသော ဝတ်ရုံစကို မြင်လိုက်ရ၏။ ကလေးငယ်မှ ဆီးသွားခြင်းဖြစ်သည်။

ထိုကလေးသည် နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ပွင့်တင်ကာ နှစ်နှစ်ခြိုက်ခြိုက်ဖြင့် အိပ်မောကျနေ၏။

သက်တောင့်သက်သာနှင့် အပြစ်ကင်းစင်သော ကလေးငယ်တစ်ဦးနှင့် တူနေချေပြီ။

စုရွှမ်ကြွယ်ဘဝတွင် ကလေးမရှိခဲ့ချေ။ ဤအရာက စိတ်ဝိညာဉ်အတွင်း ထူးဆန်းသော ခံစားချက်များ ထွက်ပေါ်လာစေသည်။

အဆုံးတွင် သက်ပြင်းချကာ ကျောက်စိမ်းဆွဲသီးထဲမှ အဝတ်တစ်ထည်ကို ဆွဲထုတ်လျက် နတ်ဆိုးကလေးငယ်အပေါ် သိမ်းထုပ်ပေးလိုက်သည်။

အဝေးတွင် နေရောင်သည် ပုဇွန်ဆီရောင်ကဲ့သို့ တောက်ပလာကာ နေဝင် ဆည်းဆာအလှကို အပြည့်အဝ ပြသနေ၏။

လီချန်လင်းနှင့် အခြားသော ကျင့်ကြံသူများသည် အဝေးမှရပ်ကြည့်ကာ အံ့အားသင့်သွားကြသည်။

ယခင်တိုက်ပွဲ၏ ထိတ်လန့်မှုနှင့် အကျိုးသက်ရောက်မှုများသည် သံသယဖြစ်ဖွယ် မရှိဘဲ သူတို့ကို မှင်သပ်စေ၏။

ကောင်းကင်နှင့် မြေကြီးကြား ဖြတ်တိုက်နေသော လေပြေတွင် သွေးညှီ ရနံ့များ ပါရှိနေသည်။

မြေပြင်အနှံ့ ဒဏ်ရာနှင့် အလောင်းများ၊ အသားအပိုင်းအစများ ဖုံးလွှမ်းနေခဲ့ပြီး ရတနာ အကျိုးအပဲ့များ ပြန့်ကျဲနေခဲ့၏။

တစ်ချက်တည်းဖြင့် ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်း၏ ဝင်္ကပါပျက်စီးကာ အဖွဲ့ဝင် ပေါင်း (၁၂၆)ဦးလုံး သေဆုံးကုန်သည်။

ဝိညာဉ်ထင်ရှားခြင်း အဆင့်မှ ကျွမ်းကျင်သူများပင် သူ့လက်အောက်၌ မြက်ပင်တစ်ပင်ကဲ့သို့ အားနည်းနေ၏။

“ ဒါ မဟာကျိုးရဲ့ ဧကရာဇ်ဥသျှောင်ပဲ ... ။ ”

အဆုံးတွင် တစ်စုံတစ်ယောက်က ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်လေသည်။ ဤအရာသည် လူအများကို စိတ်အားတက်ကြွ လာစေခဲ့၏။

မဟာကျိုး၏ ဧကရာဇ်ဥသျှောင်ကို သူတို့ကဲ့သို့ အဆင့်နိမ့်သူများသည် ဤမတိုင်မီ အနီးကပ်မြင်ဖူးရန် အရည်အချင်းမရှိခဲ့ချေ။ လီချန်လင်းသည်ပင် အဝေးမှသာ မြင်ဖူးသည်။

“ ဒီလူက မဟာကျိုးမှာ လင်းထိန်နေတဲ့ မီးရှူးတိုင်လိုပါပဲ။ ”

လီချန်လင်းက ညည်းညူကာ သူ့နှုတ်ခမ်းများ စိတ်လှုပ်ရှားမှုများကြောင့် တုန်ရီနေခဲ့ချေပြီ။ ဤခံစားချက်သည် အမှောင် ထုအတွင်း အလင်းရောင်ဖျော့ဖျော့လေး မြင်လိုက်ရသလိုပေပင်။

“ ဝှစ် ... ။ ”

စုရီက ထိုအရာများကို ဂရုမစိုက်ဘဲ ခေါင်းယမ်းလိုက်ကာ မြေအောက်ကမ္ဘာဆီသို့ တစ်ချက်ကြည့်ပြီး လျှင်မြန်စွာ ပျောက်ကွယ် သွားလေသည်။

များမကြာခင် ကွမ်လင်မြို့အထက် လေထုအလယ် ပြန်ပေါ်လာစဉ် ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်းက နှုတ်ဆက်ရန် လှမ်းထွက်လာ တော့သည်။ သို့သော် စုရီက ရပ်နားခြင်း မရှိဘဲ၊

“ ယွမ်ဟမ် ... အခြားသူတွေခေါ်ပြီး ဝိညာဉ်ပင်လယ်ကို လိုက်ခဲ့ ... ။ ”

-ဟု မှာကြားလျက် ပြန်၍ ပျောက်ကွယ်သွားချေပြီ။

***

All Chapters