တံငါသည် ... ။
Vol. 43 Ch. 510
တိမ်ပင်လယ်အတွင်း ညနေဆည်းဆာအောက်တွင် စုရီတစ်ယောက် ပျံသန်းနေသည်။
ဤတစ်ကြိမ် မဟာကျိုးနိုင်ငံသို့ ပြန်လာခြင်းသည် သူ့ဝိညာဉ်ကိုတည်ငြိမ်အောင် လုပ်ယူရန်ဖြစ်၏။
မူလသို့ပြန်ခြင်းဖြင့် နှလုံးသားတွင် မူလပန်းတိုင်ကို ပြန်မြင်ပေမည်။ ဤနည်းဖြင့် များမကြာခင် ဝိညာဉ်ကပ်ဘေးခံယူရာ၌ အထောက်အကူဖြစ်စေနိုင်သည်။
ယခုမူ ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်း၏ နှောက်ယှက်မှုကြောင့် သူ့စည်းချက်များအပေါ် လုံးလုံးလျားလျား ပျက်ယွင်းရသည်။
များမကြာခင် မဟာကျိုးကို ထားခဲ့တော့မည်ဖြစ်သည်။ ထို့ကြောင့် ပြဿနာ များကို အမြစ်မှု ဖြေရှင်းရန်လိုချေ၏။
စုရီဘဝ ပြန်လည်မွေးဖွားခြင်းသည် တာအိုအတွက် မြှုပ်နှံထားမည်ဖြစ်သောကြောင့် တစ်နေရာတည်းတွင် အကြာကြီးမနေရန် ရည်မှန်းထားသည်။
သည့်ပြင် မိုးပြာတိုက်ကြီးသည် အနာဂတ်တွင် သူ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်တော့မည် မဟုတ်ချေ။ သဘာဝအတိုင်း စုရွှမ်ကြွယ်ဘဝ ရန်ငြိုးများ ဖြေရှင်းရန် အရိုင်းမြေသို့ ပြန်ရပေဦးမည်။
ဖရိုဖရဲ ဝိညာဉ်ပင်လယ်အတွင်းရှိ ကျွန်းငယ်တစ်ခုပေါ်တွင် ယာယီစခန်းတစ်ခု တည်ရှိနေ၏။
ကောင်းကင်သည် မှောင်မိုက်နေပြီး ပင်လယ်ရေများသည် တဟုန်ထိုး တက်လာကာ လှိုင်းလုံးများက ကျွန်းကို ရိုက်ခတ်နေသည်။
ချူရှက အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ကျွန်းပေါ်ရှိတောင်ကုန်းတွင် ရပ်ကာ အဝေးထံငေးနေသည်။
မကြာသေးမီက ဤတိုက်ကြီးရှိ ကောင်းကင်နှင့်မြေကြီးကြား ဝိညာဉ်စွမ်းအင် အချို့ ပြန်လည်ရှင်သန်လာပြီဖြစ်သည်။
ထို့ကြောင့် ထူးဆန်းသော ဖြစ်ရပ်များပေါ်လာပြီး နေရာများစွာတွင် ရှေးဟောင်းအမွေများ ပေါ်ထွက်လာခဲ့၏။
ဤပင်လယ်ကြမ်းပြင်အောက်၌ မြှုပ်နှံခံထားရသော ရတနာအချို့သည်ပင် ဝိညာဉ်စွမ်းအင်များ ဖြာလျက် ထွက်ပေါ်လာနေသည်။
ထိုအချင်းအရာအားလုံးသည် အင်အားကြီးသူများ၏ မနာလိုမှုကို ဆွဲဆောင် နေခဲ့ကာ ဝိညာဉ်ပင်လယ်တစ်ခုလုံး ဖရိုဖရဲနှင့် သွေးထွက်သံယို တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားတော့သည်။
သို့သော် အဆိုပါ အချင်းအရာများကို သူ ဂရုမစိုက်ချေ။ ဝိညာဉ်ပင်လယ်ကို လာရသည့် တစ်ခုတည်းသော ရည်ရွယ်ချက်သည် စုရီနှင့် သက်ဆိုင်သောလူများကို ဖမ်းရန်ဖြစ်၏။
တစ်ဖက်တွင် သူ့ရည်ရွယ်ချက်ကို ဟန့်တားနေသော အကြောင်းရင်း နှစ်ရပ်လည်း ရှိနေသေးသည်။
ဦးစွာ အင်မော်တယ်ဓားမျှော်စင်၏ အပျက်အစီးနယ်မြေ ဝင်ပေါက်ကို တားမြစ် ဝင်္ကပါဖြင့် ဖုံးအုပ်ထား၏။
ဒုတိယသည် ထိုပင်လယ်ဧရိယာတွင် ဝိညာဉ်ထင်ရှားခြင်းအဆင့် နဂါးနက်တစ်ကောင် ခိုအောင်းနေသည်။
လက်ရှိ လျှို့ဝှက်ဘဏ္ဍာများဖြင့် ထိုနဂါးနက်ကို နှိမ်နင်းရန် မခက်သော်လည်း ဝင်္ကပါချိုးဖြတ်ဖို့ ခက်နေသေးသည်။
ကံကောင်းထောက်မစွာဖြင့် ဝမ်လင်ရွယ် မိဘများကိုဖမ်းမိပြီး ဓားစာခံနှစ်ယောက်အဖြစ် အသုံးချနိုင်နေ၏။
“ အကြီးအကဲချူ တစ်နာရီအတွင်း ဝမ်ချောင်တုံနဲ့ သူ့ဇနီတို့ ... ဒီကိုရောက်ပါလိမ့်မယ်။ ”
ရုတ်တရက် အဝေးမှ သတင်းပို့သံ ကြားလိုက်ရသည်။ ချူရှမှ လှည့်မကြည့်ဘဲ ခေါင်းညိတ်ပြလိုက်၏။
“ ကောင်းပြီ ဓားစာခံနှစ်ယောက် ရောက်တာနဲ့ ... အင်မော်တယ် ဓားမျှော်စင်ကို ဝင်မယ် အားလုံးအသင့်ပြင်ထားပါ။ ”
ဤကျွန်းပေါ်တွင် ကြယ်စုစည်းခြင်း အဆင့်တွင်ရှိသော ကာကွယ်သူ လေးယောက်၊ မူလနန်းတော်အဆင့် သင်းထောက် ဆယ့်ရှစ်ယောက်နှင့် အတွင်းပိုင်းသန့်စင်ခြင်း သုံးဆယ့်ကိုးယောက်ရှိသည်။
နဂါးနက်ကို နှိမ်နင်းပြီး ဝမ်ချောင်တုံနှင့် သူ့ဇနီးတို့အပေါ် အသုံးချနိုင်သရွေ့ ကျန်သူများ အလွယ်တကူ ဖမ်းဆီးနိုင်ပေမည်။
“ ရန်ဖြစ် ... သတ်လိုက်နဲ့ ဘဝက တကယ်ပင်ပန်းလွန်းပါတယ်။ ”
သို့သော် ထိုအခိုက်တွင် အဝေးမှ သက်ပြင်းချသံတစ်ချက် ရုတ်တရက် ထွက်ပေါ် လာလေသည်။
ချူရှတစ်ယောက် ခန္ဓာကိုယ် တောင့်တင်းသွားပြီး ရုတ်တရက် ခေါင်းကို ချက်ချင်းလှည့်ကြည့်လိုက်တော့၏။
ပင်လယ်ပြင်အတွင်း မနီးမဝေး သန္တာကျောက်တန်းပေါ်တွင် လူတစ်ယောက်ကို မြင်လိုက်ရ၏။
ထိုသူသည် အဖြူရောင်ဝတ်ရုံဖြင့် ချောက်ကမ်းပါးအစွန်းတွင် ပေါ့ပေါ့ပါးပါး ထိုင်ကာ ငါးမျှားနေချေပြီ။
အသွင်သည် သက်တောင့်သက်သာ ရှိသော်လည်း ချူရှအပေါ် ကျောရိုးတလျှောက် အေးစက်သွားစေ၏။
( ဒီကောင် ဘယ်သူလဲ ... ဘယ်တုန်းက ရောက်နေတာလဲ။ )
အဖြူရောင်ဝတ်ရုံဝတ် လူငယ်က အရာရာကိုလျစ်လျူရှုလျက် ငါးမျှားတံကို ကိုင်ထားပြီး အေးအေးဆေးဆေး ထိုင်နေခဲ့သည်။
“ မင်းဒီကို ငါးလာရှာတာလား။ ”
ချူရှမှ မေးမြန်းလိုက်၏။ အဖြူရောင် ဝတ်ရုံဝတ်လူငယ်က တစ်ချက်လှည့်ကြည့်ကာ ပင်လယ်ပြင်ပေါ် ပြန်၍မျက်နှာမူသွားသည်။
“ ဒီမှာ ... ငါးမမျှားရဘူးလို့ တားမြစ်ထားလား ငါးမျှားခြင်းရဲ့ ပျော်ရွှင်မှုဟာ မှန်းဆလို့ မရတဲ့အထဲမှာပါတယ် မင်းငါးဖမ်းနိုင်၊ မဖမ်းနိုင်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး ... ။ ”
လူငယ်၏ အဖြေကြောင့် ချူရှမှ မျက်ခုံးပင့်လိုက်၏။ ထို့နောက် သတိကြီးစွာနှင့်၊
“ မင်းနဲ့ စကားပြောဖို့ ... ငါမှာ အချိန်မရှိဘူး ငါအရင် အနားယူတော့မယ်။ ”
-ဟု ဆိုကာ လှည့်ထွက်လာခဲ့သည်။
ခြေလှမ်း ဆယ်လှမ်းလှမ်းပြီးသည့်တိုင် တုန့်ပြန်မှုမရှိသောကြောင့် ချက်ချင်းရပ်ကာ ခေါင်းပြန်ငဲ့ကြည့်လိုက်၏။
ဝတ်ရုံဖြူဝတ်ထားသည့် လူငယ်သည် ချောက်ကမ်းပါးစွန်းတွင် ငြိမ်သက်စွာထိုင်နေပြီး သူ ထွက်ခွာလာခြင်းကို လုံးဝစိတ်ဝင်စားခြင်း မရှိခဲ့ချေ။ ယင်းသည် တစ်ခုခု မှားယွင်းနေ၏။
သူ့ ကျင့်ကြံမှုသည် ဝိညာဉ်ထင်ရှားခြင်း အဆင့်တွင် ရှိနေသော်လည်း အဖြူရောင်ဝတ် လူငယ်ရောက်ရှိလာခြင်းအပေါ် သတိမထားမိခဲ့ချေ။
တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်မှာ ဝိညာဉ်ထင်ရှားခြင်းအဆင့်ထက် အားမနည်းဟု သက်သေပြနေသည်။
“ ရွှပ် ... ။ ”
ထိုစဉ် အဖြူရောင်ဝတ်ရုံဝတ် လူငယ်လေးသည် လက်ကောက်ဝတ်ကို ယမ်းလိုက်ကာ ငါးမျှားကြိုးဆွဲတင်၏။
“ ဗွမ်း ... ။ ”
လှိုင်းလုံးများ ရေမျက်နှာပြင်ပေါ် တက်လာပြီး ငါးတစ်ကောင်လေထဲလိုက်ပါကာ အဖြူရောင်ဝတ်ရုံဝတ် လူငယ်လေး၏ လက်ထဲသို့ ကျသွားသည်။
ဤသည်မှာ တစ်ပေခန့် ရှည်လျားပြီး ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေသော ရွှေပင်လယ် ငါးကြင်း ဖြစ်၏။
အဖြူရောင်ဝတ်ရုံဝတ် လူငယ်က ငါးကြင်းကိုအမြီးမှကိုင်ကာ ပြုံးလျက်ဖြင့်၊
“ မင်းမြင်ပြီလား ... ဒါက ငါးမျှားတာလို့ခေါ်တယ် လိုလိုလားလားနဲ့ သူ လိုက်ပါလာတာ။ ”
-ဟု ပြောကြားလာသည်။
ချူရှ မျက်ဝန်းများ မှေးစင်းသွားသည်။ ဤအခိုက်အတန့်တွင် အဖြူရောင်ဝတ်ရုံဝတ် လူငယ်သည် ရွှေပင်လယ်ငါးကြင်းဝမ်းဗိုက်ကို ကိုက်ချလိုက်ကာ အသားတစ်ပိုင်းကို ဝါးစားလိုက်တော့၏။
သွားနှင့် နှုတ်ခမ်းများပေါ်တွင် သွေးများစွန်းထင်းလာသည်။ အရှင်လတ်လတ် စားနေသည့် သွေးထွက်သံယို မြင်ကွင်းကြောင့် ချူရှတစ်ယောက် ပျို့အန်ချင်လာသည်။
အဖြူရောင်ဝတ်ရုံဝတ် လူငယ်က သူ့အနားတွင် မည်သူမျှမရှိသကဲ့သို့ ငါးကြင်းကို ကုန်အောင်ဆက်၍ စားနေခဲ့သည်။
ထို့နောက်တွင် နှုတ်ခမ်းထောင့်စွန်းမှ သွေးများကိုသုတ်လျက် မတ်တပ်ထရပ်ကာ သူ့ထံ လှည့်ကြည့်တော့၏။
“ ဒါက ... ကြောက်စရာ ကောင်းနေလား။ ”
“ မဟုတ်ဘူး ... ။ ”
ချူရှက ခေါင်းယမ်းလိုက်သည်။ ယခုအချိန်တွင် အဖြူဝတ် လူငယ်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီဖြစ်၏။
ချောမောလှပကာ အထူးသဖြင့် နက်နဲသောရေတွင်း နှစ်ခုသဖွယ် ဖြစ်နေသော သူ့မျက်လုံးများသည် နှလုံးခုန်သံကို ရပ်တန့်သွားစေသည်။
“ ဒီပင်လယ်ပြင်မှာ အန္တရာယ်ရှိတဲ့ အကျော်ကြားဆုံးနေရာက အင်မော်တယ် ဓားမျှော်စင် အပျက်အစီးမြေလို့ ငါကြားတယ် ဒါပေမဲ့ အဲဒီအပျက်အစီးမြေ ဘယ်မှာရှိလဲ ငါမသိဘူး ...
... ဒါကြောင့် မင်းငါ့ကို အင်မော်တယ်ဓားမျှော်စင်အပျက်အစီးမြေထဲ ခေါ်သွားချင်လား။ ”
လူငယ်၏ မေးခွန်းကြောင့် ချူရှက မျက်ခုံးပင့်လျက် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားချေပြီ။ အဖြူရောင်ဝတ်ရုံဝတ် လူငယ်မှ ပြုံးပြီး၊
“ ဘယ်လိုလဲ အဆင်ပြေတယ်လို့ မင်းထင်လား။ ”
-ဟု ထပ်မေးသည်။
ချူရှက အနည်းငယ် စဉ်းစားကာ၊
“ ခွင့်လွှတ်ပါ တာအိုမိတ်ဆွေ မင်းအဲဒီကို ဘာသွားလုပ်ချင်နေတာလဲ။ ”
-ဟု ပြန်လည် စစ်မေးလိုက်၏။
အဖြူရောင်ဝတ်ရုံဝတ် လူငယ်က သူ့ဦးခေါင်းကို ညွှန်ပြလာသည်။
“ အင်မော်တယ် ဓားမျှော်စင်ဆိုတဲ့ စကားလုံးကို ကြားလိုက်ချိန်မှာ ကောင်းကင်ဘုံ နတ်ဆိုးဧကရာဇ်အမည်က ရုတ်တရက် ဒီနေရာမှာ ပေါ်လာတယ် ... ဒါကြောင့် ငါကြည့်ချင်လာတယ်။ ”
ထိုအဖြေက ချူရှကို တွေဝေသွားစေ၏။ ယင်းသည် မည်သို့သော အကြောင်းပြချက်မည် သနည်း။
“ ရိုးသားစွာ ပြောရရင် ငါမင်းကို ခေါ်သွားလို့ရတယ် ... ဒါပေမယ့် အဲဒီနေရာကို တစ်ယောက်ယောက်က သိမ်းပိုက်ထားတာ ကြာနေပြီ ...
... ဒါကြောင့် ဝိညာဉ်ထင်ရှားခြင်းအဆင့် နဂါးနက်တစ်ကောင်က အပျက်အစီးနယ်မြေကို စောင့်ရှောက်ပေးနေတယ် ... ။ ”
ချူရှက တစ်ဖက်လူကို စမ်းသပ် လိုသည့်သဘောဖြင့် တုန်ပြန် ပြောကြားလိုက် လေသည်။ ထိုစကားပြောပြီးသည့်နောက် အဖြူဝတ်လူငယ်လေး၏ မျက်လုံးများသည် ငရဲတံခါး ပွင့်လာသကဲ့သို့ ထူးဆန်းကာ ကြောက်မက်ဖွယ်ကောင်းလာ၏။
“ ဝိညာဉ်ထင်ရှားခြင်း အဆင့် နဂါးနက်တစ်ကောင်ရဲ့ အသားက မယုံနိုင် လောက်အောင် အရသာရှိရမယ်။ ”
တစ်ဆက်တည်းမှာပင် ဗိုက်ကိုပွတ်ကာ နှုတ်ခမ်းသပ်ပြလျက် အလွန်ဆာလောင်နေပုံ ပြသလာပြီး၊
“ ဘယ်လိုလဲ မင်းသဘောတူလား။ ”
-ဟု ထပ်မံ မေးမြန်လာ၏။ ချူရှမှ ခဏမျှ စဉ်းစားကာ၊
“ မင်းကို လမ်းပြဖို့ မခက်ပါဘူး ... ဒါပေမယ့်အဲဒီကိုရောက်လို့ ပြဿနာတစ်ခုခု ကြုံလာရင် ငါ့အပေါ် အပြစ်မတင်နဲ့ ။ ”
“ ဝိုး ... မှန်တာပေါ့ ... ငါတို့အတူတူ အလုပ်လုပ်ပြီး ငါတို့နှစ်ယောက်လုံး လိုအပ်တာ ရယူရုံပါပဲ ... ဒါဟာ ပူးပေါင်းခြင်းရဲ့ အကောင်းဆုံး ရလာဒ်မဟုတ်လား။ ”
အဖြူရောင်ဝတ်ရုံဝတ် လူငယ်က အဓိပ္ပါယ်ရှိစွာ ပြုံးပြလာသည်။ ချူရှခမျာ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး၊
“ ဒါဆို မင်းငါ့ရည်ရွယ်ချက်ကို သိပြီးပြီလား။ ”
-ဟုမေးမြန်းလိုက်၏။
“ ဒီကျွန်းပေါ်မှာ ... လူတွေ အများကြီးရှိပါတယ် သူတို့စကားပြောတဲ့အခါ လေနဲ့အတူ ပျံ့လွင်ကုန်တာ မလွဲမသွေပါပဲ ... ငါအမှတ်တမဲ့ ကြားလိုက်တာပါ အဲဒါက တိုက်ဆိုင်မှုတစ်ခုပါ။ ”
ချူရှတစ်ယောက် ကျိန်ဆဲလိုက်သည်။ ခိုးယူနားထောင်ခြင်းသည် တိုက်ဆိုင်မှုတစ်ခုဟု မည်သူ့သတ်မှတ်ချက် ဖြစ်သနည်း။ သို့တိုင် အပြုံးမပျက်စေဘဲ၊
“ ကောင်းပြီ ... ဒါကို ကံကြမ္မာလို့ခေါ်တာ ဖြစ်နိုင်တယ် ဒါနဲ့ မင်းနာမည်ကိုမေးလို့ရမလား တာအိုမိတ်ဆွေ။ ”
-ဟု မေးမြန်းလိုက်တော့၏။
***