အသက်သုံးရှိုက်စာ အချိန်ပေးမယ်။
Vol. 43 Ch. 512
“ ဝှစ် ... ။ ”
လက်သီးများသည် လျှပ်စီးလက်သလို လျင်မြန်နေပြီး လူသတ်နိုင်သောရောင်ဝါများ ပြည့်နှက်နေခဲ့သည်။
လွှမ်းမိုးချုပ်ကိုင်လွန်းပြီး အားကောင်းလွန်းလှသော ခံစားချက်ကို ပေးစွမ်းချေပြီ။
ထိုမာနထောင်လွှားမှုနှင့် အနှိုင်းမဲ့ တန်ခိုးတော်သည် မြေပြင်ပေါ် ဆင်းသက်သော နတ်မိစ္ဆာတစ်ပါးနှင့် တူနေသည်။
သို့တိုင် ရင်ချုံးက လက်မလျှော့ချေ။ သူ့အရည်အချင်း အားလုံးကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။
များမကြာခင် လုံးဝ ဖိနှိပ်ခံခဲ့ရ၏။ အမြဲတမ်းဒဏ်ရာရကာ ဆုတ်ခွာနေရဆဲပေပင်။ ချင်လောမှ ပြုံးလေသည်။
“ သားရဲလေး ... မင်းမှာ သတ္တိရှိတယ်။ ”
အနည်းငယ် အံ့သြစရာကောင်း၏။ အစမှအဆုံးတိုင် ရင်ချုံးသည် အန္တရာယ်များပြီး သေခြင်းတရား၏အနားသပ်တွင် ရှိနေသည်။
အကယ်၍ ၎င်းသည် အခြားသော တစ်စုံတစ်ယောက်သာဆိုခဲ့သော် ထွက်ပြေးရန် နည်းလမ်းပေါင်းစုံ သုံးပေတော့မည်။
“ ဆရာစုက ယုံကြည်စွာနဲ့ ဒီနေရာကိုစောင့်ရှောက်ဖို့ ငါ့ကိုခိုင်းထားခဲ့တယ် သစ္စာစောင့်ထိန်းသူ တစ်ယောက်အနေနဲ့ ငါ့အပေါ် ယုံကြည်မှုအတိုင်း ငါနေမယ်။ ”
ရင်ချုံးမှ ပြန်လည်အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ဖုံးလွှမ်းနေပြီး ဆံပင်များ ကွဲအက်နေ၏။ တိုက်ပွဲမှာ ဆက်သွားနေဆဲပေပင်။
“ ဟမ့် ဆရာစု ... ဘယ်က ဆရာစုလဲ။ ”
တိုက်ခိုက်နေလျက်မှ ချင်လောက စိတ်ဝင်စားလာ၏။ ဝိညာဉ်ထင်ရှားခြင်းအဆင့် နဂါးတစ်ကောင်ကို အမိန့်ပေးနိုင်သောလူသည် ရိုးရှင်းမည် မဟုတ်ချေ။
“ မင်းလိုလူက ဆရာစုရဲ့ နာမည်ကို သိဖို့တောင် မထိုက်တန်ဘူး။ ”
“ ဟား ဟား ဟား ... ကောင်းပြီ၊ မင်းကို နောက်မှစားတဲ့အခါ မင်းခေါင်းမာနိုင်သေးလား ငါကြည့်မယ်။ ”
“ ဘုန်း ... ။ ”
ရင်ချုံးတစ်ယောက် အစွမ်းကုန် ခုခံရန်ကြိုးစားလိုက်သော်လည်း လွင့်ပါးကာ သွေးများစမ်းရေကဲ့သို့ စီးကျလာသည်။
ဒဏ်ရာပြင်းထန်ချေ၏။ မတ်တပ်ရပ် နိုင်သော်လည်း သေလုမျောပါး ဖြစ်နေချေပြီ။ မခံနိုင်တော့ကြောင်း မြင်သာ၏။ သို့တိုင် ထွက်ပြေးရန် ဆန္ဒမရှိချေ။
“ တွားသွားသတ္တဝါလေး မင်း မလုပ်နိုင်တော့ဘူးလို့ ငါထင်တယ်။ ”
ချင်လောက ပြုံးပြုံးရွှင်ရွှင်ဖြင့် ရှေ့သို့လျှောက်လှမ်းလာပြီး ဒဏ်ရာရနေသော ရင်ချုံးကို လက်နှစ်ဘက်ဖြင့် ဖမ်းဆုပ်လိုက်၏။
ရင်ချုံးတစ်ယောက် အတတ်နိုင်ဆုံး ရုန်းကန်လိုက်သော်လည်း မအောင်မြင်ချေ။ တစ်ဖက်လူ လက်တွင် ယက်ကန်ယက်ကန် ဖြစ်သွားလေသည်။
“ အရမ်းကြီးလွန်းတယ် ... မင်းကို အပိုင်းပိုင်းဖြတ်ပြီး စားတာပိုကောင်းမယ်။ ”
“ ဗြိ ... ။ ”
စကားဆုံးသည်နှင့် ရင်ချုံးခန္ဓာကိုယ်ကို နှစ်ပိုင်းခွဲပစ်လိုက်ကာ ရေတံခွန်ကဲ့သို့ သွေးများ စီးကျလာစေသည်။ ယင်းကို ပါးစပ်ဟကာ ယစ်မူးစွာ သောက်သုံးတော့၏။
“ ဂလု ... ဂလု ... ။ ”
အဖြူရောင်ဝတ်ရုံတစ်ခုလုံး သွေးချင်းချင်းရဲသည်အထိ ကြမ်းကြုတ်လှသော ထိုမြင်ကွင်းသည် ပတ်ဝန်းကျင်ကို ချက်ချင်း တိတ်ဆိတ်သွားစေတော့သည်။
ဝိညာဉ်ထင်ရှားခြင်းအဆင့်မှ နဂါးနက်ခမျာ အော်သံပင် တစ်ချက်မပြုနိုင်ချေ။ ကြောက်စရာ ကောင်းလွန်းပေသည်။
အဝေးမှကြည့်သော် ရင်ချုံး၏ ခန္ဓာကိုယ်နှစ်ခြမ်းကိုမြှောက်ကိုင်ကာ ခေါင်းမော့ သွေးသောက်နေသော ဘီလူးတစ်ကောင်နှင့် တူနေ၏။
ချူရှနှင့် အဖွဲ့သည် အလွန် ထိတ်လန့်သွားကာ ဦးရေပြားများ ထုံကျင်လျက် တုန်လှုပ်သွားကြသည်။
သူတို့အားလုံးသည် အကြောက်တရား ကင်းမဲ့ပြီး လူသတ်လမ်းကို လျှောက်ကြသော နတ်ဆိုးကျင့်ကြံသူများဖြစ်၏။
သို့သော် ယခုအချိန်တွင် တစ်ဖက်လူနှင့် ရင်ဆိုင်ရသောအခါ ကလေးဆိုးများကဲ့သို့သာ သူတို့ကိုယ်သူတို့ ခံစားလာရသည်။
အပျက်အစီးမြေအဝင်ဝရှိ နင်စစ်ဟွာနှင့်အဖွဲ့သည် မျက်နှာဖြူဖျော့နေပြီး အသံ မထွက်တော့ချေ။
မူလက သူမသည် ရင်ချုံးအသက်ကို ကယ်တင်ရန်အတွက် ဝင်္ကပါစွမ်းအား အသုံးပြု လိုသော်လည်း ဝမ်ချောင်တုံနှင့်သူ့ဇနီးအပေါ် မြင်သောအခါ တုံ့ဆိုင်းသွားသည်။
ထိုခဏသည် ရင်ချုံးအတွက် ဘဝဖြစ်သွား၏။ ဝမ်လင်ရွယ်မှ မျက်ရည်များ ရစ်ဝိုင်းလာကာ နောင်တရသွားသည်။
“ နန်းတော်သခင် ... ငါ့မိဘတွေကို လျစ်လျူရှုထားပြီး ဒီလူယုတ်မာကို သတ်ပါ ... နောင်မှာ အစ်ကိုစုက လက်စားချေ ပေးလိမ့်မယ်။ ”
သို့သော် ဤအခိုက်အတန့်တွင် အလွန်ဝေးကွာလှသော မိုးကုပ်စက်ဝိုင်းထံမှ အစက်လေးတစ်စက် ပေါ်လာ၏။
“ တာအိုစုလား ... ။ ”
နင်စစ်ဟွာက မျှော်လင့်ချက်များဖြင့် အံ့အားသင့်သွားလေသည်။ ဝမ်လင်ရွယ်နှင့် ချာကျင်သည်လည်း အနည်းငယ် မှင်သပ်သွား၏။
ချင်လောက လေထဲတွင်ရပ်နေကာ နှုတ်ခမ်းများကိုသပ်လျက် လက်ထဲတွင်ရှိသော ရင်ချုံးထံ ကြည့်လိုက်သည်။
ကျိုးပြတ်သွားသော ခန္ဓာကိုယ်အပိုင်း နှစ်ပိုင်းသည် အလွန်ကြီးမားသော နဂါးအသွင် ပြောင်းလဲနေပြီဖြစ်သည်။
နှစ်ပိုင်းကွဲသွားသော်လည်း တစ်ပိုင်းချင်းစီသည် ဆယ်ပေကျော်ရှည်လျားပြီး ကျောက်စာတိုင်ကဲ့သို့ အထူရှိ၏။
“ မေ့လိုက်ပါ၊ ငါအင်မော်တယ် ဓားမျှော်စင်အပျက်အစီးတွေထဲ အရင်သွားပြီး မင်းကိုစားဖို့ ပြန်လာခဲ့မယ်။ ”
သူ စကားပြောနေစဉ်တွင် နတ်ဆိုးစွမ်းအင်များက ခန္ဓာကိုယ်အနှံ့ ရစ်သိုင်း လာကာ ရှည်လျားသော ဆံပင်များ၊ ပါးများ၊ ကိုယ်ခန္ဓာနှင့် အဝတ်အစားများကို လျော်ဖွတ် လိုက်သကဲ့သို့ ဖြူစင်သွားစေ၏။
“ လူတိုင်း ... မင်းတို့ ဒီမှာ တားမြစ်ဝင်္ကပါကိုဖျက်သိမ်းမှာလား ဒါမှမဟုတ် ငါကိုယ်တိုင်လုပ်ရမလား။ ”
ချင်လောက နဂါးနက်ကို ပင်လယ်ထဲ ပစ်ချလျက် နင်စစ်ဟွာတို့ထံ မော့ကြည့်ကာ မေးမြန်းလိုက်သည်။
သို့သော် ရုတ်တရက် ကျောပြင်၌ မျှားတစ်ချောင်းစိုက်ဝင်လာသကဲ့သို့ ခံစားလာရ သောကြောင့် လှည့်ကြည့်လိုက်မိသည်။
“ ဝှစ် ... ။ ”
မိုးကုတ်စက်ဝိုင်းအောက်တွင် အသွင်အပြင်တစ်ခု လျင်မြန်စွာ ရွေ့လျားလာပြီး သူ့ရှေ့ လူတစ်ယောက် ထွက်ပေါ်လာခဲ့၏။
အစိမ်းရောင်ဝတ်လုံနှင့် ပန်းခြံထဲ ရောက်ရှိလာသကဲ့သို့ လေထုအလယ်တွင် ရပ်တန့်သွားချေပြီ။
“ တာအိုစု ... ။ ”
အင်မော်တယ် ဓားမျှော်စင်၏ အပျက်အစီးများအတွင်း မူလနာကြည်းမှုများ ပေါက်ဖွားနေသော နင်စစ်ဟွာခမျာ ချက်ချင်း ရွှင်မြူးသွားတော့သည်။ အမှန်ပင် စုရီဖြစ်နေ၏။
“ တာအိုမိတ်ဆွေ သူက စုရီပဲ။ ”
ချူရှက အံ့အားသင့်စွာဖြင့် ပြောကြားလိုက်သည်။ ချင်လောတစ်ယောက် စုရီထံမော့ကြည့်ပြီး မျက်ခုံးပင့်သွား၏။ ချူရှ သတ်ချင်နေသော စုရီသည် သူသိသည့် လူငယ်လေးဖြစ်နေသည်။
ဤမတိုင်မီ သူ့ကို လဝိညာဉ်ငါးကြင်း မျှားပေးခဲ့သော လူငယ်ဖြစ်၏။ ထိုစဉ်အချိန်က သူ့နှလုံးသားထဲတွင် သတ်ရန်ရည်ရွယ်ချက်များ ထွက်ပေါ်လာသည်ကို သတိရမိသေးသည်။
“ ငါ့ကို ခြိမ်းခြောက်မှု တစ်ခုအဖြစ် ... ခံစားစေခဲ့ရတာ အံ့သြစရာတော့ မဟုတ်ဘူး ဒါ မင်းပဲ ... ငါ့မိတ်ဆွေ။ ”
ချက်ခြင်းပင် ချင်လောက ပြုံးပြီး ပြောကြားလိုက်သည်။ စုရီမှ သူ့နှုတ်ဆက်မှုကို လျစ်လျူရှုကာ ချူရှထံကြည့်၏။ ဤလူသည် အမှန်ပင် ဒုက္ခပေးချေပြီ။
မဟာကျိုး ပြန်ရောက်ကတည်းက တစ်ရက်မျှပင် အနားမယူရသေးချေ။ ၎င်း၏ အရှုပ်များကို ရှင်းနေရချေပြီ။
တစ်ဆက်တည်းမှာပင် ဝမ်ချောင်တုံနှင့် သူ့ဇနီးထံကြည့်၏။ ထို့နောက် နဂါးနက်ရင်ချုံး အလောင်းထံတွင် အဆုံးသတ်သွားသည်။
ဤအခိုက် မျက်ဝန်းများမှေးစင်လျက် သူ့အမူအရာမှာ ပို၍ တည်ငြိမ်လာတော့သည်။ သတ္တမမြောက်တပည့် ရွှမ်နင်သာ ရှိနေပါက ထိုအမူအရာသည် မည်မျှ ဒေါသထွက်နေ သည်ကို ပြောနိုင်ပေလိမ့်မည်။
“ ဟမ့် ... ငါတို့ ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်းရဲ့ သူတော်စင်ကလေးငယ်က မင်းလက်ထဲ ဘယ်လို ရောက်နေရတာလဲ။ ”
ရုတ်တရက် ချူရှက အော်ဟစ်လိုက်ပြီး မျက်နှာဖြူဖျော့သွားသည်။ ထိုမှသာလျှင် စုရီ၏ ဘယ်ဘက်လက်တွင် အိပ်နေသောကလေးကို သတိထားမိကုန်သည်။
“ ဒါဆို မင်းသတ်ချင်တဲ့ ရန်သူက စုရီပေါ့... တိုက်ဆိုင်လိုက်တာ ငါဒီလိုရန်ပွဲမျိုး မပါဝင်ဘူး မင်းကိုယ်တိုင် ဖြေရှင်းပါ။ ”
ချင်လောက ပြုံးရွှင်စွာဖြင့် ချူရှကို ပြောကြားလိုက်သည်။
“ တာအိုမိတ်ဆွေ မင်းသတ်ခဲ့တဲ့ နဂါးနက်ဆိုတာ ဒီနေရာကို စောင့်ရှောက်ဖို့ စုရီ အမိန့်ပေးထားတာ ... မင်းဒီအရှုပ်အထွေးကနေ မထွက်နိုင်တော့မှာ ငါကြောက်မိတယ်။ ”
“ အိုး ... ဒါဆို နဂါးနက်ပြောနေတဲ့ ဆရာစုဆိုတာ စုရီလား ... ။ ”
ချင်လောသည် စုရီ၏ ရန်သူအဖြစ် သတ်မှတ်ခံရခြင်းအပေါ် လုံး၀ စိတ်ပူပုံမပေါ်ဘဲ အမူအရာမှာ အလွန်တည်ငြိမ်နေခဲ့၏။
“ ငါ့မိတ်ဆွေ ... မင်းစိတ်ဆိုးနေတာ ငါသိပါတယ် ဒါပေမယ့် ဒါက တွားသွားသတ္တဝါ တစ်ကောင်မဟုတ်လား မင်းငါ့ကိုခွင့်လွှတ်ရင် နောင်မှာ ပိုအစွမ်းထက်တဲ့ တွားသွားသတ္တဝါ တစ်ကောင်ကို ငါပေးနိုင်တယ် ...
... ဟုတ်ပါတယ် ငါ့အပေါ် ... မင်းအထင်မလွဲပါနဲ့ ငါကပျော့ညံ့လို့ မဟုတ်ဘူး ဒီလိုတွားသွားသတ္တဝါ တစ်ကောင်အတွက် ငါတို့ မတိုက်သင့်ဘူး မဟုတ်လား။ ”
စုရီမှ တုန့်ပြန်ခြင်း မပြုချေ။
“ စုရီ ... နတ်ဆိုးကလေးကို အရင်လွှဲပေး ... မဟုတ်ရင် ... ငါတို့ ”
ကောင်းကင်ဘုံ နတ်မိစ္ဆာခြံဝင်းမှ အနက်ရောင်ဝတ်လုံဝတ် အမျိုးသားတစ်ဦးက အော်ဟစ်ခြိမ်းခြောက်ရန် ပြင်လိုက်သည်။
“ ရွှပ် ... ။ ”
“ ဘောင်း ... ။ ”
သို့သော် စကားမဆုံးခင် ဓားအလင်း ထိမှန်ကာ ရုတ်တရက် ပေါက်ကွဲပြီး အသွေးနှင့် အသားများ နေရာအနှံ့ပျံ့လွင့်သွား၏။
ကြယ်စုစည်းခြင်းအဆင့်မှ တစ်စုံတစ်ယောက်သည် ဤမျှ လွယ်လွယ် အသတ်ခံရနိုင်သည်လော။
သူ့ဘေးတွင် ရပ်နေခဲ့သော ကြယ်စုစည်းခြင်းအဆင့် ကျွမ်းကျင်သူသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ချက်ချင်း ဆုတ်ခွာလိုက်လေသည်။
ချူရှတစ်ယောက် မျက်နှာမည်းမှောင်သွားပြီး၊
“ စုရီ၊ နောက်တစ်ခါ ထပ်လှုပ်ဝံ့ရင် ဒီလူနှစ်ယောက်ကို ငါသတ်ပစ်မယ်။ ”
“ ငါ မယုံဘူး ... ။ ”
“ ရွှပ် ... ။ ”
စုရီက ဓားအလင်းများဖြင့် ထပ်မံ ပစ်ခတ်လိုက်သည်။ ရုတ်တရက် သွေးမြူများ ပြန့်ကျဲသွားချေပြီ။ ကောင်းကင်ဘုံ နတ်မိစ္ဆာ ခြံဝင်း အဖွဲ့ဝင်(၁၀)ဦး ပျောက်ကွယ်သွား၏။
ပင်လယ်ရေမျက်နှာပြင်သည် အနီရောင် ပြောင်းသွားသည်။ ထိတ်လန့် တုန်လှုပ်သွားပြီး ဝေးရာသို့ ထပ်မံပြောင်းရွှေ့သွားကြ၏။
ဤစုရီသည် ဓားစာခံများ၏ ဘဝနှင့်သေခြင်းအပေါ် လျစ်လျူရှုထားနိုင် လိမ့်မည်ဟု သူတို့ မထင်ထားချေ။
ချူရှခမျာ လွန်စွာရုပ်ဆိုးသွားသည်။ ဝမ်ချောင်တုံနှင့် သူ့ဇနီးကို သတ်လိုသော်လည်း မလုပ်ဝံ့သေးချေ။ နတ်ဆိုးကလေးကို ဆုံးရှုံးမည့် အပေါ် စိုးရိမ်နေ၏။ စုရီက တည်ငြိမ်စွာဖြင့် သူ့ထံ လှမ်းကြည့်နေချေပြီ။
“ အသက် သုံးရှိုက်စာ အချိန်ပေးမယ် သူတို့ကို မလွှတ်ရင် ... ဒီနတ်ဆိုးကလေးကို ငါသတ်မယ်။ ”
***