ပန်းအိမ်နှင့်စကားပြောလည်သောကြက်တူရွေး!
Vol. 69 Ch. 1023
"မင်းဒီမှာဘာလုပ်နေတာလဲ?''
ပုံရိပ်က ချင်လင်ကိုတအံ့တဩကြည့်နေသည်။
"ခင်ဗျား?''
ချင်လင်ကလည်း သူ့ကိုတအံ့တဩပြန်ကြည့်သည်။
ဒါသူမတွေ့တာကြာတဲ့ လူပုလေးအာနီမလား?
အပြင်မှာလူပုလေးအာနီပုံစံက ဂိမ်းထဲကနဲ့မတူသော်လည်း သူမှတ်မိသေးသည်။
အာနီဘေးတွင် တခြားလူပုလေးများရှိသေးသည်။
လူပုလေးအားလုံးက ချင်လင်ကိုအံ့ဩပုံနှင့်ကြည့်နေကြသည်။ ရုတ်တရက်ခိုးဝင်လာတာဘယ်သူလဲ သူတို့သိချင်နေသည်။
"အာနီ... သူကဘယ်သူလဲ?''
"သူဘယ်လိုလုပ်ရောက်လာတာလဲ?''
"ငါတို့လူပုလေးတောင်ကြားကို ဘယ်သူမှမရောက်တာကြာပြီ''
အာနီကချက်ချင်းရှင်းပြသည်_
"သူကစိုက်ပျိုးမွေးမြူရေးခြံပိုင်ရှင်လေ... ရှောင်လုတို့ကိုခေါ်တဲ့တစ်ယောက်ပေါ့''
သူ့စကားကြောင့် တခြားလူပုလေးများက ချင်လင်ကိုကြည့်လိုက်ကြသည်။
"သူကိုး!''
"အာနီ... သူကငါတို့မိတ်ဆွေပဲ... ကောင်းကောင်းဧည့်ခံရမှာပေါ့!''
"အင်း... ငါတို့လူပုလေးတွေက ဧည့်ဝတ်ကျေတယ်''
လူပုလေးများက အာနီကိုနှုတ်ဆက်ပြီး တောင်ကြားမှထွက်သွားကြသည်။
သူတို့လုပ်စရာရှိသောကြောင့် ချင်လင်ကိုဧည့်ခံရန် အာနီကိုမှာခဲ့သည်။
အာနီက ချင်လင်ကိုစူးစမ်းမေးသည်_
"လူပုလေးတောင်ကြားကို မင်းဘယ်လိုရောက်လာတာလဲ?''
“လမ်းလျှောက်လာတာ''
ချင်လင်က အမှန်အတိုင်းဖြေလိုက်သည်။
"မဖြစ်နိုင်တာ''
အာနီက သံသယကြည့်နှင့်_
"တောင်ကြားကို လူတွေကိုဝင်လို့မရဘူး!''
သူကစကားကိုတဝက်တပျက်ရပ်ကာ ချင်လင်ကိုခဏကြည့်လိုက်ပြီးမှ ယဉ်ယဉ်ကျေးကျေးနှင့်_
"ရောက်လာပြီဆိုမှတော့ ကောင်းကောင်းဧည့်ခံရမှာပေါ့... လိုက်ခဲ့ပါ!''
အာနီကထိုသို့ပြောပြီး တောင်ကြားထဲလျှောက်သွားကာ ချင်လင်လိုက်လာရန်လမ်းပြသည်။
အာနီစကားကနည်းနည်းထူးဆန်းသည်ဟု ချင်လင်ထင်သော်လည်း မစပ်စုရဲ။ တောင်ကြားတလျှောက် နောက်ကသာလိုက်လာသည်။
တောင်ကြားထဲဝင်လိုက်သည်နှင့် အထဲတွင်ထူးထူးဆန်းဆန်းလှသောကြောင့် သူအံ့ဩမိသည်။
တောင်ကြားဝင်ပေါက်တဖက်တွင် အထူးသံဂိတ်ကြီးရှိသည်။ သံဂိတ်ကြီးကို ထူးဆန်းလှပသောပန်းတံတိုင်းများနှင့်ဖုံးထား၏။
နောက်ပြီး တောင်ကြားတစ်ခုလုံးမှာ အပြင်မှာမြင်ရခဲသောပန်းအမျိုးမျိုးပွင့်နေသည်။ ပန်းများအပေါ်တွင်အလင်းရောင်တောက်ပပြီး အိမ်မက်ဆန်ဆန်အလှမျိုးမြင်ရသည်။
ကြည့်ရတာ ပန်းမှာအထူးအလင်းဓာတ်ပါပုံရသည်။
တောင်ကြားဆိုတာထက် ထူးဆန်းသောဥယျာဉ်ကြီးနှင့်တူနေသည်။
ချင်လင်က အာနီနောက်လိုက်ပြီး လမ်းလေးအတိုင်းလျှောက်လာသည်။ လမ်းတဖက်တချက်တွင် ပန်းရောင်နှင်းဆီတံတိုင်းများက အရောင်အသွေးရှိသောရေတံခွန်အတိုင်းပင်။
မကြာမီ ချင်လင်နှင့်အာနီက အဆောက်အဦးတစ်ခုရှေ့ရောက်လာသည်။
"ဒါငါ့အိမ်ပဲ''
အာနီက ချင်လင်ကိုမိတ်ဆက်ပေးဖို့မမေ့။
တဖက်တွင် ချင်လင်က အာနီ၏အိမ်ကိုတအံ့တဩကြည့်နေသည်။
နွယ်ပင်များ၊အရွက်စိမ်းစိမ်းများ၊ပန်းများနှင့်လုပ်ထားသောအိမ်ဖြစ်နေသည်။
ပန်းက နွယ်ပန်းမျိုးဖြစ်မည်။
အနီးကပ်သောအခါ ထူးဆန်းသောအနံ့တစ်မျိုးတောင်ရသည်။
ဒီအတိုင်းကြည့်ရုံနှင့်တင် စိမ်းစိမ်းစိုစိုအိမ်က အမြင်တစ်မျိုးရစေသည်။ အလွန်လှပြီးမျက်စိကျစရာကောင်းသည်။
ဒါမျိုးကို တကယ့်ဘဝမှာစိတ်လှုပ်ရှားတတ်တဲ့အမျိုးသမီးတွေမြင်ရင် အံ့ဩပြီးထအော်ချင်အော်လောက်သည်။
အာနီအိမ်ထဲဝင်သွားသည်။
ချင်လင်လည်းလိုက်ဝင်၏။
အိမ်အတွင်းပိုင်းမှာ စတုရန်းမီတာသုံးလေးဆယ်သာရှိမည်။ သူ့အတွက်သေးနေသော်လည်း လူပုလေးအာနီအတွက်မသေး။
အထူးသဖြင့် သူဝင်လာပြီးနောက် လန်းဆန်းပြီးသက်သောင့်သက်သာရှိသလိုခံစားရသည်။ ထူးဆန်းသောခံစားချက်ပင်။
အထူးအရည်အသွေးတစ်မျိုးဖြစ်ကောင်းဖြစ်မည်။
အိမ်ထဲမှာလည်း အရွက်စိမ်းစိမ်းများ၊အလွန်လှသောနွယ်ပန်းများပြည့်နေသောကြောင့် ချင်လင်ပိုအံ့ဩမိသည်။ ကြမ်းကိုတောင် သစ်တစ်မျိုးနှင့်ခင်းထားပြီး ထိုအပေါ်တွင်ကော်ဇောလိုလိုမြက်ပင်များထူထူထဲထဲပေါက်နေ၏။
အတွင်းပရိဘောဂပစ္စည်းမှလွဲ၍ တစ်အိမ်လုံးအပင်များချည်းဖြစ်သည်။
ဆန်းကြယ်လိုက်ပုံများ။
"အာနီ... ခင်ဗျားအိမ်က အပင်လား?''
ချင်လင်မမေးဘဲမနေနိုင်တော့။
အာနီကခေါင်းညိမ့်ပြီး_
"ဟုတ်တယ်... ဒါအပြိုအပျက်တွေထဲကရှာတွေ့တဲ့မျိုးစေ့တစ်မျိုးကိုစိုက်ထားတာ... ပန်းအိမ်ပင်တဲ့... ပုံစံကထူးခြားတယ်... မျိုးစေ့ကိုစိုက်ပြီးတော့ ဒီလိုအိမ်စိမ်းစိမ်းဖြစ်သွားတာပဲ... ပင်စည်တစ်ခုလုံးက အဓိကအိမ်တိုင်ပေါ့... အပင်ကြီးလာပြီး အရမ်းခိုင်ခံ့လာတယ်''
"ဒီပန်းအိမ်ကိုကြိုက်လား? ပြန်ရင် မျိုးစေ့တစ်အိတ်ပေးလိုက်မယ်... ဒီပန်းအိမ်ကအကြီးမြန်ရုံတင်မကဘူး... အကြာကြီးနေလို့ရတယ်... ဆယ်စုနှစ်ချီပဲ''
ချင်လင်က မငြင်း။
ဒါပစ္စည်းကောင်းပင်။ လူတွေအတွက်သေးနေသော်လည်း အနားယူစရာမျှော်စင်ငယ်လေးအဖြစ်သုံးနိုင်သည်။
အပြင်မှာ ရှုခင်းအလှဆင်နိုင်သည်။
ပန်းအိမ်ကြီးလာတဲ့အခါ အထဲမှာခုံထည့်ထားရင် ခမ်းခမ်းနားနားအနားယူနိုင်သောနေရာဖြစ်လာမည်။
ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံမှာလုပ်နိုင်သည်။ ခုံတန်းရှည်များဖယ်ပြီး ပန်းအိမ်နှင့်အစားထိုးရမည်။
ဒါနောက်ထပ်စံလက္ခဏာတစ်ခုဖြစ်လာမည်။
ရုတ်တရက် နားကွဲလောက်သောအသံထွက်လာ၏_
"ငါပြန်လာပြီ ပြန်လာပြီ... စားဖို့ဘာရှိလဲ?''
"ဒီအစားပုပ်တော့!''
ထိုအသံကြောင့် အာနီမျက်နှာထားပြောင်းသွားသည်။
နောက်ခဏတွင် တောင်ပံတဖျတ်ဖျတ်ခတ်သံကြားရပြီး ကြက်တူရွေးတစ်ကောင်ပျံဝင်လာသည်။
ထိုအကောင်က အလွန်ထူးဆန်းသည်။ လည်တိုင်အမွေးများကရွှေရောင်ဖြစ်ပြီး ရွှေရောင်ပေါ်တွင်အနက်ပျောက်များရှိသည်။ လည်တိုင်တဖက်တချက်တွင် မျက်ခုံးမွေးလိုခရမ်းနုရောင်အမွေးများက စုစုစုစုလေးရှိနေသည်။ ထူးထူးခြားခြားလှပြီးချစ်စရာကောင်းသည်။
မျက်လုံးများကဖျတ်ဖျတ်လတ်လတ်နှင့် ဉာဏ်ကောင်းမှန်းသိသာသည်။
ကြက်တူရွေးက ချင်လင်ကိုကြည့်ပြီးပါးပါးနပ်နပ်နှင့်_
"ဧည့်သည်ရှိတာပဲ... မင်္ဂလာပါဧည့်သည်!''
ချင်လင်အံ့ဩသွားသည်။
ကြက်တူရွေးတွေက အလွန်ဉာဏ်ကောင်းသည်။ လူတွေလိုစကားပြောတတ်အောင်သင်ယူနိုင်သည်။ သို့သော် ဒီလိုစကားပြောသောကြက်တူရွေးများကို ရုပ်ရှင်၊TV တွေထဲမှာသာ သူတွေ့ဖူးသည်။
အာနီက ကြက်တူရွေးကိုစိတ်မရှည်သလိုကြည့်လိုက်သည်။ သူနည်းနည်းတောင်စိတ်ရှုပ်သွား၏။ သို့သော် သူကအဖုံးအဖိကောင်း၍ ချင်လင်သတိမထားမိ။ ချင်လင်ဘယ်လိုထင်သွားမလဲမသိ၍ တစ်ချက်တောင်ခိုးကြည့်လိုက်သေးသည်။