လက်ဖက်ပင်မျိုးပြောင်း!
Vol. 69 Ch. 1027
ချန်ရွှယ်က ဗီဒီယိုဖွင့်လိုက်သည်။
ဗီဒီယိုထဲတွင်လူတစ်ယောက်ထွက်လာပြီး သူ့ဘာသာရေရွတ်လိုက်သည်_
"ကျွန်တော့်နာမည် ချန်တချွေ့... ကျွန်တော်အခုခေါင်းစားနေတာ... ကျွန်တော့်ကောင်မလေးမွေးနေ့ရောက်တော့မယ်... ဘာပေးရမှန်းမသိဘူး...''
ထိုဗီဒီယိုကြောင့် ချန်ရွှယ်ကြောင်သွားသည်။ ဗီဒီယိုပုံစံက စံအိမ်ကဗီဒီယိုနှင့်လုံးဝမတူ။ ကြော်ငြာဗီဒီယိုကြီးနှင့်တူနေသည်။
ပုံမှန်အတိုင်းဆို တစ်ယောက်ယောက်ထွက်လာပြီး ဘာလက်ဆောင်ပေးဟုအကြံပေးမည်။ နောက်ပြီး ထိုလက်ဆောင်က ကြော်ငြာချင်သောထုတ်ကုန်အသစ်ဖြစ်မည်။
ဒီလိုထင်တာ ချန်ရွှယ်တစ်ယောက်တည်းမဟုတ်။ တခြားပရိသတ်များလည်း ဗီဒီယိုကြည့်ပြီး ဒီလိုထင်ကြသည်။
ဒီကြော်ငြာနည်းတွေကရိုးနေပြီ ဟုတ်ပြီလား...
ဒါပေမဲ့ ချင်းလင်စံအိမ်တရားဝင်အကောင့်ကလည်း ဒီလိုဖန်တစ်ရာတေနေတဲ့ကြော်ငြာနည်းမျိုးသုံးမည်ဟုမထင်မိပေ။
ခဏအကြာ အားလုံးအံ့ဩစရာဖြစ်လာသည်။ ကြက်တူရွေးတစ်ကောင်က တောင်ပံတဖျတ်ဖျတ်ခတ်ပြီးပျံလာ၏။
ကြက်တူရွေးလက်သည်းကြားတွင် ရေမွှေးတစ်ပုလင်းပါသည်။
ကြက်တူရွေးက ရေမွှေးပုလင်းကို ထိုလူရှေ့မှစားပွဲပေါ်ပစ်ချလိုက်သည်။
ဒီလိုဖြစ်မည်ဟု ဘယ်သူမှမထင်မိ။
တစ်ယောက်ယောက်က လက်ဆောင်အကြောင်းလာပြောမည်ထင်သော်လည်း ကြက်တူရွေးဖြစ်နေသည်။
ကြည့်ရတာ ချင်းလင်စံအိမ်ကိုအထင်မှားမိပြီ။ အကွက်ချင်းတူရင်တောင် ချင်းလင်စံအိမ်ကအကွက်လှသည်။
သို့ရာတွင် အံ့ဩစရာတစ်ခုဆက်ဖြစ်လာသောကြောင့် သူတို့ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ကြက်တူရွေးကရေမွှေးပုလင်းကိုပစ်ချပြီးနောက် ထိုလူကိုစဆူသည်_
"တစ်နေကုန် ပွစိပွစိနဲ့... နားအေးပါးအေးမနေရဘူး... ခင်ဗျားစိတ်ညစ်နေတာမလား? ကောင်မလေးကိုဘာပေးရမှန်းမသိဘူးလား? ဒီရေမွှေးက မိန်းကလေးတွေကြားမှာနာမည်ကြီးတယ်''
ကြက်တူရွေးကပြောရင်းဆိုရင်း သူနားငြီးကြောင်း၊ အေးအေးဆေးဆေးမနေရ၍ဒေါသထွက်ကြောင်း တောင်ပံခတ်ပြသေးသည်။
“???”
ချန်ရွှယ်ကကြည့်ရင်းအံ့ဩပြီး ပါးစပ်အဟောင်းသားဖြစ်နေသည်။
အင်တာနက်ပေါ်မှလူများလည်း မယုံနိုင်ပုံနှင့်ပြောကြသည်။
"ကြက်တူရွေးကဆဲတာလား?''
"သော*က်... တစ္ဆေမြင်ဖူးပြီ... ဒီကြက်တူရွေးကဆဲနေတယ်ဟ''
"ကြက်တူရွေးစကားပြောတာမြင်ဖူးပါတယ်... ဒါပေမဲ့ ဒီအကောင်လောက်စကားတတ်တာမတွေ့ဖူးဘူး''
"ဆယ်လီတွေတောင် ဒီစာသားတွေကို ဒီလေသံနဲ့ပြောနိုင်ပါ့မလား? တကယ် ကြက်တူရွေးကပြောတာလား?''
"အသံသွင်းထားတာထင်တယ်!''
“……”
ဒီတစ်ခါ ချန်ရွှယ်တော်တော်အံ့ဩသွားသည်။ ကြက်တူရွေးစကားပြောတဲ့ရုပ်ရှင်တွေရှိပေမဲ့ ရုပ်ရှင်ထဲကကြက်တူရွေးက ဒီလောက်မရဲဘူးမလား? သူများတွေကအတုလို့ထင်မလားမသိ။
ကြက်တူရွေးဘယ်လောက်စကားပြောကောင်းကောင်း လူနဲ့မတူ။
ဗီဒီယိုဆက်ပြသည်။
ရေမွှေးရပြီး အမျိုးသားကလည်းအလွန်အံ့ဩသွားကာ_
"တကယ်လား? မိန်းကလေးတွေအကုန် ဒီရေမွှေးကြိုက်လား?''
"သွားစမ်း!''
ကြက်တူရွေးကစိတ်မရှည်ဘဲ အမျိုးသားကိုတောင်ပံနှင့်ရိုက်သည်။
အမျိုးသားကတုံ့ဆိုင်းမနေရဲ။ သူ့မျက်နှာကိုလက်ဝါးနှင့်အုပ်ကာ ရေမွှေးကောက်ယူပြီးထွက်သွားသည်။
ကြက်တူရွေးကလှမ်းအော်သည်_
"အရူး... ခေါင်းမလျှော် ရေမချိုး အဝတ်အစားမလဲဘဲ သွားချိန်းတွေ့ဦးမလို့လား?''
ဒီတော့မှ အမျိုးသားက ရေမွှေးပုလင်းကိုစားပွဲပေါ်ပြန်ထားပြီး ရေချိုးခန်းထဲပြေးဝင်သွားသည်။
ထိုအချိန်တွင် ကင်မရာကိုရေမွှေးပုလင်းဆီချိန်လိုက်သည်။ ကြက်တူရွေးက ရေမွှေးပုလင်းနားပျံလာပြီး_
"ရှန်ဖေးရေမွှေး... မိန်းကလေးတွေကြိုက်တယ်''
ဗီဒီယိုက ထိုနေရာမှာပြီးသွားသည်။
ထိုစဉ် ဗီဒီယိုမှတ်ချက်နေရာမှာပလူပျံနေပြီ။ ကြည့်သူများက ကြက်တူရွေးကြောင့်အံ့ဩနေကြ၏။
"ကြက်တူရွေးကလေ...''
"တကယ် ဒါမျိုးလုပ်နိုင်တယ်?''
"ပြီးတော့ ဗီဒီယိုရိုက်တာနေတတ်လှချည်လား?''
"အထူးသဖြင့် စကားပြောနဲ့သရုပ်ဆောင်တာပဲ''
"၆၆၆ လို့ပဲပြောတော့မယ်... တချို့ဆယ်လီတွေ ဒီကြက်တူရွေးလောက်တောင်မရဘူး!''
"အပေါ်ကလူ @ မော့ခွန်း လို့သာရေးလိုက်''
"ဒီကြက်တူရွေးကိုကြော်ငြာရိုက်လို့ရအောင် ချင်းလင်စံအိမ်ကဘယ်လိုများလုပ်လဲ သိချင်လိုက်တာ''
"ဒီကြက်တူရွေးက နောက်ခံစကားပြောနဲ့လား ဒါမှမဟုတ် တကယ်ပြောတတ်တာလား?''
“……”
ခြွင်းချက်မရှိ၊ ကြက်တူရွေးရှောင်ဝူပေါက်သလို ရေမွှေးလည်းပေါက်သွားသည်။
နောက်တစ်နေ့တွင် ကြော်ငြာကရေပန်းစားစာရင်းထဲရောက်သွားတော့သည်။
ရေမွှေးပေါက်သည်က ကြုံကြိုက်၍ဖြစ်ပြီး တကယ်ပေါက်သည်က ကြက်တူရွေးရှောင်ဝူပင်။
ကြက်တူရွေးက စကားပြောအတုခိုးတတ်ပေမဲ့ ဘယ်ကြက်တူရွေးကဒီလောက်အံ့ဩစရာကောင်းလို့လဲ?
ကြက်တူရွေးလို့တောင်ပြောလို့မရ။ လူဝင်စားလို့ပြောရင် လွန်မည်မထင်။
စကားပြောနဲ့တင် ကြက်တူရွေးကလူနဲ့မခြားပေ။ တကယ်တော့ လူတချို့တောင် ကင်မရာရှေ့မှာဒီလိုမနေတတ်ကြ။
အားလုံးစိတ်ဝင်စားနေကြသည်က ဒီစကားတွေကိုကြက်တူရွေးတကယ်ပြောသလားဆိုတာပင်။
နောက်ခံစကားပြောဆိုရင် မထူးဆန်း။
မဟုတ်ရင် အံ့အားသင့်စရာဖြစ်နေသည်။
ထိုသံသယကို အတည်ပြုပေးမည့်သူများ မြန်မြန်ဆန်ဆန်ထွက်လာသည်။
အင်တာနက်ဆယ်လီခွေးဝမ်ချိုင်နှင့်ကြက်တူရွေးကိုမြင်လိုက်သောခရီးသည်များရှိသည်။ အတော်များများက ကြက်တူရွေးကိုဗီဒီယိုရိုက်ထားကြသည်။ အထူးသဖြင့် ကြက်တူရွေးကလူစကားပြောသောဗီဒီယိုများပင်။
ဒီလိုအခြေအနေမျိုးမှာ တချိန်လုံး ကြက်တူရွေးနောက်ခံစကားပြောလိုက်လုပ်ဖို့မဖြစ်နိုင်။ ဒီတော့ ကြက်တူရွေးက တကယ်လူစကားတတ်သည့်သဘောပင်။
ထို့ကြောင့် ကြက်တူရွေးရှောင်ဝူက လုံးဝနာမည်ကြီးလာသည်။ ချင်းလင်စံအိမ်မှာ ဝမ်ချိုင်၊ရှောင်ရွှယ်၊မွေးနီပြီးရင် စတုတ္ထမြောက်အင်တာနက်ဆယ်လီတိရစ္ဆာန်ဖြစ်လာသည်။
ထိုရက်များတွင် ကြက်တူရွေးရှောင်ဝူအပြင် ချင်းလင်စံအိမ်ခရီးသည်များကိုဆွဲဆောင်နိုင်သောတခြားအရာလည်းရှိသည်။
ချင်းလင်စံအိမ်နှင့်မွေးမြူရေးခြံမှလမ်းများ၊ အနားယူသောနေရာများမှခုံတန်းရှည်များကိုဖယ်ရှားထားသည်။
အစက ခရီးသည်များအနားယူရန်လုပ်ပေးထားသောခုံများဖြစ်၏။
ခရီးသည်များပင်ပန်းသောအခါ ထိုခုံများပေါ်တွင်ထိုင်ပြီးအနားယူနိုင်သည်။
အခု ချင်းလင်စံအိမ်က ထိုခုံတန်းရှည်များကိုလုံးဝဖျက်ပစ်လိုက်သောကြောင့် စိတ်မဝင်စားဘဲမနေနိုင်ကြ။