လက်ဖက်ပင်မျိုးပြောင်း! ၃
Vol. 69 Ch. 1029
အပန်းဖြေစံအိမ်မှာ ဂိမ်းထဲကလက်ဖက်ပင်သုံးပင်ထပ်စိုက်ထားမှတော့ မာလဲ့ဝမ်ကအတွေးများနေပြီပေါ့။
လက်ဖက်ပင်သုံးပင်ကိုစိုက်ပြီးနောက် ဂိမ်းလက္ခဏာမရှိတော့။ လက်ဖက်ညွန့်ခူးပြီးလျှင် ရွက်နုများထွက်ထွက်လာသည်။
လက်ဖက်ညွန့်ထွက်နေသည့်အတောအတွင်း လက်ဖက်ရွက်များကို ၃ ရက်မှ ၅ ရက်တစ်ကြိမ်ခူးနိုင်သည်။ ထိုနေ့မတိုင်ခင် ကောင်းယောင်ယောင်က စံအိမ်ဝန်ထမ်းများခေါ်ပြီး လက်ဖက်ရွက်ထွက်သည်နှင့်ခူးခိုင်းသည်။
သို့ရာတွင် ဒီနေ့တော့ မာလဲ့ဝမ်အခွင့်အရေးရသွားပြီ။ သူအားသည်နှင့်အပြေးရောက်လာ၏။
ခြင်းနှင့်ရှေ့ဖုံးခါးစည်းက ဧည့်ခန်းဗီရိုထဲမှာရှိသည်။ မာလဲ့ဝမ်ကပစ္စည်းများယူပြီး ဝတ်နေကျအတိုင်းဝတ်လိုက်သည်။
မာလဲ့ဝမ်ကိုယ်တိုင်လက်ဖက်ရွက်ခူး၍ ချင်လင်ကအဖော်ပြုပေးရသည်။ သူလည်းခြင်းယူပြီး လက်ဖက်ပင်တစ်ပင်မှခူးရန်လိုက်သွားသည်။
သို့ရာတွင် စခူးခူးချင်း ရုတ်တရက်မာလဲ့ဝမ်ကကြောင်သွားပြီး_
"ချင်လင်... ဒီလက်ဖက်ရွက်တွေဘာဖြစ်နေတာလဲ!''
သူကပြောရင်းဆိုရင်း လက်ဖက်ရွက်များကိုပွတ်ချေကြည့်သည်။ သူ့ပါးစပ်ထဲတောင်ထည့်ပြီး ခဏဝါးကြည့်သည်။ ထို့နောက် သူက_
"မဟုတ်သေးဘူး... အရင်တစ်ခါ ငါတို့ခူးတာနဲ့မတူဘူး! စားကြည့်တော့ ပိုခါးလာတယ်... လက်ဖက်နံ့နည်းနည်းလျော့သွားသလိုပဲ''
"လောင်မာ... ခင်ဗျားသိလား?''
ချင်လင်က မာလဲ့ဝမ်ကိုတအံ့တဩကြည့်လိုက်သည်။
အမှန်အတိုင်းပြောရရင် အရင်လက်ဖက်နဲ့ကွာကြောင်း သူသတိမထားမိ။ လောင်မာကခူးကြည့်ရုံနဲ့သိသည်။
မာလဲ့ဝမ်ကခေါင်းညိမ့်ပြီး_
"မတူဘူး... အသေးစိတ်တော့မပြောပြတတ်ဘူး... ဒါပေမဲ့ ငါလက်ဖက်ရည်ကြိုက်လို့ အများကြီးလေ့လာဖူးတယ်... စားကြည့်တော့ ခံစားလို့ရတယ်''
ထို့နောက် မာလဲ့ဝမ်ကတခြားလက်ဖက်ပင်နှစ်ပင်ဆီလျှောက်သွားပြီး လက်ဖက်ခူး၍အရသာခံကြည့်ကာ_
"ဒီလက်ဖက်ပင်နှစ်ပင်ကလည်း အရင်တစ်ခါနဲ့မတူဘူး''
"လောင်မာ.. ခဏ.. ကျွန်တော်ယူသွားပြီးလေ့လာကြည့်မယ်''
ချင်လင်ကတစ်ခုတွေးမိသည်။ သူကလက်ဖက်ပင်သုံးပင်မှလက်ဖက်များခူးပြီး သူ့ရုံးခန်းထဲပြန်သွားသည်။
အရင်တစ်ခါ လက်ဖက်ပင်သုံးပင်ရွှေ့စိုက်ရန် သူအထူးမြေကြီးသုံးခဲ့သည်။ လက်ဖက်ပင်တစ်ပင်တည်းက လက်ဖက်ရွက်ချင်းမတူတာမဖြစ်နိုင်။
လောင်မာပြောတာမှန်ရင် လက်ဖက်ပင်သုံးပင်က အထူးမြေကြီးကြောင့်မျိုးစိတ်ပြောင်းပြီး လက်ဖက်ချင်းမတူတာဖြစ်မည်။
အထူးမြေကြီးကိုက သီးနှံမျိုးစိတ်ပြောင်းတတ်တဲ့အရည်အသွေးရှိရမည်။
ဒီအရည်အသွေးကြောင့်လည်း သာမန်သီးနှံမျိုးစိတ်က မျိုးစိတ်ပြောင်းပြီး အရည်အသွေး ၁ ဖြစ်လာသည်။
ဒါပေမဲ့ လက်ဖက်ပင်သုံးပင်လုံးကတချိန်တည်းမျိုးစိတ်ပြောင်းရင်တော့ လုံးဝလန့်စရာ။
ချင်လင်ကရုံးခန်းထဲပြန်လာပြီး လက်ဖက်ပင်မှခူးလာသောလက်ဖက်ရွက်များနှင့် ဂိမ်းထဲဝင်လိုက်သည်။
ဂိမ်းထဲသူယူလာသောလက်ဖက်ရွက်များထဲမှတစ်မျိုး၏မှတ်ချက်ကို ချက်ချင်းကြည့်လိုက်သည်:
(ရှားပါး-သဘာဝအူလုံလက်ဖက်ခြောက်: အရည်အသွေး ၂)
(သဘာဝထယ့်ကွမ်းရင်အမျိုးအစားဖြစ်သည်။ အရည်အသွေးလုံးဝမြင့်သော်လည်း အလွန်ရှားပါးသည်။ လက်ဖက်ခြောက်လှော်နိုင်၊ လက်ဖက်ရည်နှပ်နိုင်သည်။ အာနိသင်များစွာရှိသည်။ အထူးမြေကြီးကြောင့်လည်း မျိုးစိတ်ပြောင်းထားသည်:
လက်ဖက်နံ့ +၁၊ လျှာပေါ်စွဲခြင်း +၁၊ စေးကပ်မှုဖယ်ရှားပေးခြင်း +၁၊ အစာကြေစေခြင်း +၂၊ လန်းဆန်းစေခြင်း +၂၊ ကင်ဆာကာကွယ်ခြင်း +၂၊ လက်ဖက်ထွက်သောရာသီ +၂!)
လက်ဖက်အရည်အသွေးပြောင်းသွားသည်။ အရည်အသွေးအတော်များများက ၂ မှ ၁ ပြောင်းသွား၏။ သို့သော် လက်ဖက်ထွက်သောရာသီ +၂ ထပ်တိုးလာသည်။
ချင်လင်က တခြားလက်ဖက်နှစ်မျိုး၏အရည်အသွေးများကိုကြည့်လိုက်သည်။ အရည်အသွေးများအားလုံးအတူတူဖြစ်ပြီး လက်ဖက်ထွက်သောရာသီ +၂ ထပ်တိုးသည်။
လက်ဖက်မျိုးများစွာရှိသော်လည်း နွေဦးလက်ဖက်၊ ဆောင်းဦးလက်ဖက်၊ ဆောင်းလက်ဖက်၊ ရာသီတစ်ရာသီသာထွက်ကြသည်။
အခု ဒီလက်ဖက်က လက်ဖက်ထွက်တဲ့ရာသီ +၂ ဆိုတော့ တစ်နှစ်သုံးရာသီထွက်မယ်ဆိုတဲ့သဘောလား?
ဒီအရည်အသွေးက အံ့ဩစရာကောင်းတာလား? မကောင်းဘူးလား?
အံ့ဩစရာပေါ့ ဟုတ်လား?
ဘာပဲဖြစ်ဖြစ် လက်ဖက်မှာ ကင်ဆာကာကွယ်ခြင်း +၂ ရှိတာပဲ။
ဒီအရည်အသွေးကပဲ အံ့ဩစရာကောင်းနေပြီ။ လက်ဖက်က တစ်နှစ်သုံးရာသီထွက်နိုင်တယ်ဆိုရင် ပိုအံ့ဩစရာကောင်းသေး။ ဒါကိုပျိုးထောင်နိုင်သရွေ့ ကင်ဆာကကြောက်စရာဟုတ်ပါဦးမလား?
ဒါနဲ့ယှဉ်ရင် လက်ဖက်အရသာနဲ့အနံ့အရည်အသွေးကျသွားတာ ဘာမှမဟုတ်။
သူလည်းဒီအခွင့်အရေးကိုအသုံးချပြီး အစ်ကိုလီကိုစစ်ဆေးခိုင်းကာ ဒီလက်ဖက်ထူးခြားကြောင်းသိစေနိုင်သည်။