← Chapters

ကင်ဆာကာကွယ်နိုင်သောလက်ဖက်! ၂

Vol. 69 Ch. 1031

ကင်ဆာကာကွယ်နိုင်သောလက်ဖက်! ၂

Vol. 69 Ch. 1031

မာလဲ့ဝမ်လည်း လီခိုင်ကိုလက်ဖက်နည်းနည်းပေးလိုက်သည်။ လီခိုင်ထွက်သွားပြီးနောက် ချင်လင်ကိုဆက်ခေါ်ထားပြီး လက်ဖက်ဆက်ခူးသည်။

လက်ဖက်ပြောင်းပြောင်းမပြောင်းပြောင်း သူလာတဲ့ရည်ရွယ်ချက်မပြောင်း။ လက်ဖက်ပြီးအောင်ခူးရမည်။

လက်ဖက်ပင်သုံးပင်က အနည်းဆုံးကတ်တီ ၇၀ ရသည်။ သူတို့နှစ်ယောက်အချိန်တိုအတွင်းခူးဖို့မဖြစ်နိုင်။ နောက်ဆုံး ကောင်းယောင်ယောင်ကလူခေါ်လာပြီးခူးခိုင်းရသည်။

လက်ဖက်များခူးပြီးနောက် လက်ဖက်ခြောက်လှော်သည့်အရှိန်ကပိုမြန်သည်။

မာလဲ့ဝမ်ကဒိုင်ခံရေဆေးသည်။ သူပြီးလျှင် ချင်လင်ကိုပေးပြီး အိုးထဲထည့်လှော်ခိုင်းသည်။

ဒီတစ်ခါ သူလှော်နေတုန်း မာလဲ့ဝမ်မျက်မှောင်နည်းနည်းကြုတ်လာသည်။

ချင်လင် ဒီသဘာဝအူလုံလက်ဖက်လှော်တာကို သူကြည့်တာပထမဆုံးမဟုတ်။ အရင်တစ်ခါ သူလှော်စဉ်ကလက်ဖက်ကိုမှတ်မိသေးသည်။ အခု လက်ဖက်နံ့ကကောင်းသော်လည်း အရင်လောက်မဟုတ်။

မကြာမီ ချင်လင်က လက်ဖက်ခြောက်လှော်ပြီးသွားသည်။ ဒီတစ်ခါလည်း ၁၅ ကတ်တီလောက်ရှိမည်။

ချင်လင်လက်ဖက်ခြောက်လှော်ပြီးနောက် မာလဲ့ဝမ်ကလက်ဖက်တချို့ယူကာ ဧည့်ခန်းလက်ဖက်ရည်စားပွဲဆီအပြေးသွားသည်။ ပြီးလျှင် လက်ဖက်ရည်စနှပ်၏။

ချင်လင်က လက်ဖက်ခြောက် ၁၅ ကတ်တီနှင့်ထွက်လာသောအခါ မာလဲ့ဝမ်ကလက်ဖက်ရည်နှပ်ပြီးနေပြီ။ သူကလက်ဖက်ရည်တစ်ခွက်ငှဲ့ပြီးအရသာခံကြည့်သည်။

နှစ်ငုံသုံးငုံသောက်ပြီးနောက် မာလဲ့ဝမ်ကမျက်မှောင်ကြုတ်ပြီး ချင်လင်အား_

"ချင်လင်... ဒီလက်ဖက်ကတစ်ခုခုတော့တစ်ခုခုပဲ... အနံ့ အရသာ လျှာပေါ်စွဲတာတွေက အရင်ထက်တစ်ဆင့်နိမ့်သွားတယ်... လာမြည်းကြည့်''

ချင်လင်ကအကြောင်းရင်းကိုသိသည်။ ဘာပဲဖြစ်ဖြစ် အရည်အသွေး ၂ က ၁ ဖြစ်သွား၍ ကွာခြားချက်များသည်။ မာလဲ့ဝမ်တစ်ခွက်ငှဲ့ပေးသောအခါ သူကဟန်​ဆောင်သောက်ပြီး_

"လက်ဖက်နံ့နဲ့အရသာက အများကြီးညံ့သွားတာပဲ''

"ဟေး.. ဘာလို့ဒီလိုဖြစ်ရတာလဲ?''

မာလဲ့ဝမ်ကသက်ပြင်းမှုတ်ထုတ်လိုက်သည်။ မာလဲ့ဝမ်လိုလက်ဖက်ရည်ကြိုက်သူအဖို့ ဒါလက်မခံနိုင်စရာပင်။

ထို့ကြောင့် နောက်ရက်များတွင် မာလဲ့ဝမ်စိတ်ဓာတ်ကျလာသည်။ သူကဝေခွဲမရဖြစ်ပြီး သူ့ဇနီးချူရှင်းကိုတောင်မေ့နေ၏။

ချူရှင်းဒေါသထွက်မှသာသတိထားမိပြီး ချင်လင်ဆီက ချင်းလင်ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းတောင်းကာ သူ့အခန်းထဲပြန်သွားသည်။

ဒေါသထွက်နေတဲ့မိန်းမကိုချော့ဖို့အကောင်းဆုံးနည်းက ***။

ချင်းလင်ဓာတ်ခွဲခန်း_

ညရောက်သည့်တိုင် လီခိုင်နှင့်သုတေသနသမားတချို့ကဆက်ထိုင်ပြီးသုတေသနလုပ်နေဆဲဖြစ်သည်။

အထူးမြေကြီးအကြောင်းသူသိ၍ အထူးမြေကြီးကြောင့်လက်ဖက်ပင်မျိုးပြောင်းသည်ဟုချင်လင်ကပြောသောအခါ လက်ဖက်ပင်၏ထူးခြားသည့်အခြေအနေကိုစမ်းသပ်ရန်သူလောနေသည်။

သုတေသနသမားများက တာဝန်ခံပါမောက္ခလီခိုင်ကိုအထင်ကြီးလေးစားကြသောကြောင့် လီခိုင်အချိန်ပိုလုပ်သောအခါ သူတို့အလုပ်နားဖို့မပြောဝံ့။ အင်တိုက်အားတိုက်ဆက်လုပ်ကြသည်။

မကြာမီ လက်ဖက်ပင်မှထုတ်ရသောဓာတ်ကြောင့် လီခိုင်နှင့်သုတေသနသမားများအံ့ဩသွားကြသည်။

"ပါမောက္ခလီခိုင်... အဲလိုပစ္စည်းမျိုးလား?''

"ကြည့်ရတာဆင်တယ်... ဒါပေမဲ့ နည်းနည်းတော့ကွဲတယ်''

"အဲလိုအာနိသင်မျိုးရှိရင်တော့ လုံးဝမယုံနိုင်စရာပဲ''

"……"

သုတေသနသမားများ အံ့ဩလည်းအံ့ဩချင်စရာ။ လီခိုင်တောင် အံ့ဩနေသည်။

အရင်တစ်ခါ တော်ဝင်ပညာရှင်လီက အစာအိမ်ကင်ဆာရှိသောကြောင့် ချင်းလင်အပန်းဖြေစံအိမ်မှာအနားယူခဲ့သည်။ နောက်ပိုင်း အပန်းဖြေစံအိမ်တွင် အထူးငါးနှင့်တော်ဝင်ဆေးစွပ်ပြုတ်ကြောင့် တော်ဝင်ပညာရှင်လီ၏အစာအိမ်ကင်ဆာဖြည်းဖြည်းချင်းပြန်ကောင်းလာသည်။

ထို့ကြောင့် တရုတ်သိပ္ပံအကယ်ဒမီက ငါးပုတ်သင်အဝါကြီးကိုသုတေသနသေချာလုပ်ခဲ့ရာ အသားထဲတွင်အစာအိမ်ကင်ဆာကုနိုင်သောအထူးဓာတ်ပါကြောင်းတွေ့ရသည်။

ထိုပစ္စည်းကိုရှာဖွေတွေ့ရှိသောကြောင့် တရုတ်သိပ္ပံအကယ်ဒမီက အလွန်စိတ်အားထက်သန်ခဲ့သည်။ အစာအိမ်ကင်ဆာကိုကုနိုင်တဲ့နည်းတွေ့ပြီဟုတောင်ထင်ခဲ့သည်။

ဖြစ်ချင်တော့ ထိုပစ္စည်းက ၈ နှစ်အရွယ်အဝါရောင်ငါးပုတ်သင်ကြီးမှာသာပါသည်။ ဓာတ်ခွဲခြင်း၊ပုံတူကူးယူနိုင်ခြင်းမရှိ။

သိပ္ပံပညာဘယ်လောက်အံ့ဩဖို့ကောင်းကောင်း အချိန်လိုသောထုတ်ကုန်များနှင့်ပတ်သက်လျှင် မတတ်နိုင်သည်ကရှိစမြဲ။

ထို့ကြောင့် တရုတ်သိပ္ပံအကယ်ဒမီက ထိုအထူးဓာတ်ကိုမှတ်တမ်းတင်ထားပြီး ဓာတ်ခွဲကြည့်ရန်အထူးသုတေသနအဖွဲ့ဖွဲ့ထားသည်။

ထိုပစ္စည်းကို တရုတ်သိပ္ပံအကယ်ဒမီရုံးချုပ်တွင်မှတ်တမ်းတင်ပြီးနောက် တရုတ်သိပ္ပံအကယ်ဒမီနှင့်ဆက်စပ်သောဓာတ်ခွဲခန်းတချို့ကလည်းကြည့်နိုင်သည်။

ဘာပဲဖြစ်ဖြစ် နည်းပညာမဟုတ်။ ရှာဖွေတွေ့ရှိထားသောပစ္စည်းတစ်မျိုးဖြစ်သောကြောင့်ပင်။

ထိုပူးပေါင်းသောဓာတ်ခွဲခန်းများက ပစ္စည်းအချက်အလက်ကိုကြည့်နိုင်ရုံသာမက လေ့လာချင်လည်းလေ့လာနိုင်သည်။

ဒီပစ္စည်းကိုဓာတ်ခွဲပြီး အစာအိမ်ကင်ဆာလုံးဝကုသနိုင်ရန် တရုတ်သိပ္ပံအကယ်ဒမီက ဓာတ်ခွဲခန်းများပိုမိုပါဝင်လာစေချင်သည်။

ချင်းလင်ဓာတ်ခွဲခန်းနှင့်တရုတ်သိပ္ပံအကယ်ဒမီက တွဲဖက်များဖြစ်၏။

နောက်ပြီး တော်ဝင်ပညာရှင်လီ၏အစာအိမ်ကင်ဆာကို ချင်းလင်အပန်းဖြေစံအိမ်ကကုသနိုင်ခဲ့သောကြောင့် သူတို့ပိုပြီးနီးစပ်လာသည်။ ဒီပစ္စည်းအကြောင်းသိ၍ ချင်းလင်အပန်းဖြေစံအိမ်မှငါးပုတ်သင်ဝါနှင့်လိပ်ကြီးယူပြီး သုတေသနလုပ်ခဲ့သည်။

ဒီအပိုင်းမှာ ချင်းလင်ဓာတ်ခွဲခန်းကအပြည့်စုံဆုံးဖြစ်ပြီး တရုတ်သိပ္ပံအကယ်ဒမီက ဒုတိယသာဖြစ်သည်။

အခု လက်ဖက်ဖွဲ့စည်းပုံကိုလေ့လာရာ သုတေသနသမားတစ်ဦးက မထင်မှတ်ဘဲ အလားတူပါဝင်ပစ္စည်းမျိုးတွေ့ခဲ့သည်။ သို့သော် နည်းနည်းကွဲသည်။

ထို့ကြောင့် သူတို့ကစိတ်ဝင်စားပြီး ကိုယ့်ဘာသာမှန်းဆကြည့်ကြသည်။

သူတို့ထင်ထားတဲ့အတိုင်းဖြစ်ရင် အုတ်အော်သောင်းတင်း​ဖြစ်လိုက်မည့်အရေး။

"ရပ်မနေနဲ့''

လီခိုင်ကအမြန်ပြောသည်_

"မြန်မြန် စမ်းကြည့်''

သုတေသနသမားကတုံ့ဆိုင်းမနေ။ ချက်ချင်းစလုပ်သည်။ အရင်ဆုံး ငါးပုတ်သင်နှင့်လိပ်မှအလားတူဓာတ်မျိုးထုတ်ယူသည်။

အစာအိမ်ကင်ဆာအပေါ်အာနိသင်ရှိကြောင်းအချက်အလက်ရှိထားပြီးဖြစ်၍ နှိုင်းယှဉ်ကြည့်ရင်သိရမည်။

မကြာမီ ပါဝင်ပစ္စည်းများထုတ်ပြီးနှိုင်းယှဉ်ကြည့်ရာ အားလုံးပါးစပ်အဟောင်းသားဖြစ်သွား၏။

ပါဝင်ပစ္စည်းချင်းက လုံးဝဆင်သည်။ နောက်ပြီး အာနိသင်ပိုထက်ပုံရသည်။

မယုံနိုင်စရာကောင်းချင်သေးတော့။

တစ်နည်းပြောရရင် ဒီလက်ဖက်က အစာအိမ်ကင်ဆာကုနိုင်စွမ်းရှိပြီး အာနိသင်ပိုထက်သည်။

ထိုညပိုင်း_

လီခိုင်က သုတေသနသမားများကိုညပိုင်းဆက်လုပ်ခိုင်းသည်။ အိပ်ချင်လွန်း၍မျက်လုံးများဖောင်းအစ်နေသော်လည်း သုတေသနသမားများမှာ မယုံနိုင်ခြင်းနှင့်စိတ်လှုပ်ရှားနေကြ၏။

နောက်ထပ်သုတေသနလုပ်ပြီးနောက် လက်ဖက်ရွက်တွင်ပါသောပါဝင်ပစ္စည်းက အစာအိမ်ကင်ဆာအတွက်ကောင်းရုံတင်မဟုတ်ပေ။

ထို့ကြောင့် စမ်းသပ်ချက်တစ်ခုပြီးတိုင်း အံ့ဩမဆုံးဖြစ်ကြသည်။

နောက်ပြီး ငါးပုတ်သင်ဝါကြီးနှင့်လိပ်က ဒီလိုပစ္စည်းထွက်လာဖို့အကြာကြီးအချိန်ယူရသည်။ ပုံတူကူးနိုင်ခြင်း၊ပျိုးထောင်နိုင်ခြင်းမရှိ။

လက်ဖက်ထွက်ချိန်ကမကြာ။ ပျိုးထောင်နိုင်ရင် သုံးနှစ်မှငါးနှစ်အတွင်း လက်ဖက်ခူးနိုင်သည်။

ဒီတော့ လေ့ကျင့်နိုင်သည်။

အထူးသဖြင့် လက်ဖက်ကောင်းသောနိုင်ငံတစ်နိုင်ငံရှိသည်။ လက်ဖက်ပင်ရွှေ့စိုက်ရာတွင်ကျွမ်းကျင်ပြီး လက်ဖက်အတွက်သင့်တော်သောမြေနှင့်ပတ်ဝန်းကျင်ရှိသည်။

ဒီလက်ဖက်ကိုတစ်နိုင်ငံလုံးအနှံ့စိုက်နိုင်ရင် လူတိုင်းသောက်နိုင်သည်။ ဒါဆိုရင် ကင်ဆာကမျှော်လင့်ချက်မရှိတဲ့ရောဂါမဟုတ်တော့။ အနည်းဆုံးတော့ သူတို့နိုင်ငံမှာမဟုတ်။

……

နောက်တစ်နေ့_

ချင်လင်ကစံအိမ်အတွင်းပိုင်းမှထွက်လာပြီး ရုံးခန်းထဲလျှောက်သွားသည်။ မာလဲ့ဝမ်နှင့်လမ်းမှာတွေ့ပြီး သူ့ကိုလက်ဖက်ပင်ဆီဆွဲခေါ်ခံရ၏။

မာလဲ့ဝမ်က လက်ဖက်ပင်သုံးပင်ကိုကြည့်ပြီး_

"ချင်လင်... မင်းက သီးနှံသုတေသနမှာပါမောက္ခမဟုတ်ဘူးလား? တရုတ်သိပ္ပံအကယ်ဒမီကတောင် လက်မှတ်ပေးထားတာလေ''

"ဘာဖြစ်လို့လဲ?''

ချင်လင်ကဇဝေဇဝါနှင့်မေးသည်။

"ဒီလက်ဖက်ပင်သုံးပင်ကိုမြန်မြန်လေ့လာကြည့်စမ်းပါ''

မာလဲ့ဝမ်ကလောလောနှင့်ပြောသည်_

"ဒီလက်ဖက်တွေက အရင်ဟာကိုမမီဘူး... ဘုရားပေးတဲ့ဆုက အလကားဖြစ်မသွားဘူးလား? အရင်အတိုင်းပြန်​ဖြစ်အောင်လုပ်လို့ရမရစမ်းကြည့်ပါလား?''

"ကျွတ် ကျွတ်''

တခဏတော့ ချင်လင်ဘာပြောရမှန်းမသိ။

လောင်မာက သီးနှံသုတေသနကိုအထင်လွဲနေတာလား?

ပြီးတော့ လက်ဖက်အနံ့နဲ့အရသာညံ့သွားတာကလွဲလို့ သုံးရာသီလုံးခူးနိုင်တာလည်းကောင်းသားပဲ။

ဘာပဲဖြစ်ဖြစ် ဒါကင်ဆာကာကွယ်နိုင်တဲ့လက်ဖက်လေ။

အရူးပဲ အရင်အတိုင်းပြန်လုပ်မှာ။

သူတို့စကားပြောနေစဉ် မျက်ကွင်းမဲမဲကြီးနှင့်လီခိုင်ရောက်လာသည်။ သုတေသနသမားများနှင့်အတူစမ်းသပ်ထားသောလက်ဖက်ရလဒ်ကြောင့် သူအံ့ဩနေပုံရသည်။

မာလဲ့ဝမ်က လီခိုင်ကိုမြင်ပြီး_

"ပါမောက္ခလီခိုင်... လက်ဖက်အနံ့နဲ့အရသာက အများကြီးညံ့သွားတာ... လက်ဖက်ပင်ကပြောင်းသွားတာဖြစ်မယ်... ဒါသဘာဝအရင်းအမြစ်ဆုံးရှုံးတာပဲ... လက်ဖက်ပင်ကို အရင်အတိုင်းပြန်ဖြစ်အောင်လုပ်လို့ရမယ့်နည်းမရှိဘူးလား?''

"နောက်နေတာလား?''

သူ့စကားကြောင့် လီခိုင်ချက်ချင်းစိတ်မြန်သွားသည်။

လာနောက်နေတာမလား?

All Chapters