← Chapters

 ချောင်းဖန့်

Vol. 10 Ch. 136

 ချောင်းဖန့်

Vol. 10 Ch. 136

အဲဒီအချိန်မှာ ချွေ့ကျွယ် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ရီပြီးတော့ ရှေ့တိုးလာတယ်။ ”ယွီလေးရာ... မင်း သူ့ကို အားကျမနေနဲ့ကွာ။ မင်းသာ ပုစဥ်းခွံကိုးလွှာဆိုတဲ့ ပညာကို အစွမ်းကုန် လေ့ကျင့်နိုင်ရင် ဒီလိုဖြစ်လာမှာပဲ။ နောက်ပြီး မင်းကလည်း အသက်ရှည်ပြီးသားပဲ။ အချိန်တွေ အများကြီး ရှိသေးတာပဲကွာ၊ ကြိုးစားလေ့ကျင့်ပါဦး”

ချွေ့ကျွယ်ပြောတာကို နားထောင်ရင်း ယွီဟွေးဖေးက ရင်ထဲမှာ တွေးမိတယ်။ 'ဟဲ့ကောင်၊ မင်းပြောတော့ လွယ်သလောက် မင်းဘယ်လောက်လုပ်နိုင်လဲဆိုတာ ပြကြည့်ပါလား' ပေါ့ဗျာ။ ဒါကို နွားကျောင်းသား နွားကျောင်းသားကလည်း ဝင်ပြီး အားဖြည့်ပေးတယ်။ 

”အေး... ဟုတ်တယ်။ မင်းသာ ကြိုးစားရင် ငါ့လို ချီလင်လက်မောင်း ဖြစ်လာမှာပဲ။ ဒါပေမဲ့ မင်းမှတ်ထား၊ မိန်းမဆိုတာ လုံးဝ မထိနဲ့။ ယောက်ျားတွေက လူပျိုစင်ဘဝကသာ အတောင့်တင်းဆုံး အမြင့်မြတ်ဆုံးကွ” ဆိုပြီး ကိန်းကြီးခန်းကြီးနဲ့ လေကျယ်ပြန်ရော။

ဒီစကားကိုကြားတော့ ယွီဟွေးဖေး တော်တော်ဒေါသထွက်သွားတယ်။ ‘ဟေ့ကောင်၊ ဒီကောင်ကြီးက ငါ့ကို တစ်သက်လုံး လူပျိုကြီးဖြစ်စေချင်နေတာပဲ’ လို့ ရင်ထဲမှာ မေတ္တာပို့လိုက်တယ်။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့လည်း ဟုတ်တော့ ဟုတ်နေသလိုပဲ။ အကယ်၍သာ သူ လူပျိုကြီးဘဝကို နှစ်ရှစ်ရာ၊ တစ်ထောင်လောက် ထိန်းထားနိုင်မယ်ဆိုရင် ချီလင်လက်မောင်း တွေ ဘာတွေ မပြောနဲ့၊ ပေါင်ကြားထဲကနေ စက်သေနတ်တောင် ထွက်လာမလားမသိဘူး။ ‘ဘယ်လောက်တောင် မှန်လိုက်တဲ့ နိယာမကြီးလဲဗျာ’

ဒီကောင်ကြီးနဲ့တော့ စကားများနေလို့ မထူးဘူးဆိုပြီး ယွီဟွေးဖေး ခေါင်းခါလိုက်တယ်။ 

”ရပြီ... ခင်ဗျားတို့ဘာသာ ဆက်ပြီး ကိန်းခန်းကြီးကြီးတွေ လုပ်ကြပေတော့။ ကျုပ်ဟာကျုပ် လျိုရှင်း ဘာဟင်းကောင်းတွေ ချက်နေလဲ သွားကြည့်လိုက်ဦးမယ်” ဆိုပြီး ပြောလိုက်တယ်။

အဲဒီစကားကို ကြားတာနဲ့ နွားကျောင်းသားက ချက်ချင်းခုန်ပေါက်လာပြီး စိတ်လှုပ်ရှားစွာနေတော့တာပဲ။

”သူ ဟင်းပြန်ချက်နေပြီလား”

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး ”အေး ဟုတ်တယ်လေ” လို့ ပြန်ဖြေလိုက်တယ်။

နွားကျောင်းသားက ဘာစကားမှ ထပ်မပြောတော့ဘဲ ခြေလှမ်းကျဲကြီးတွေနဲ့ တရကြမ်း ပြေးထွက်သွားရော။ တစ်ဖက်မှာလည်း ”ငါသွားပြီး ပညာခိုးတာ။ စိတ်သာချ၊ မင်းတို့ကို မီးပင်လယ်ထဲ နစ်နေတဲ့ဘဝကနေ ငါ ကယ်တင်ပေးမယ်” ဆိုပြီး အကျယ်ကြီးအော်သွားသေးတယ်။

ယွီဟွေးဖေးနဲ့ အဖွဲ့သားတွေလည်း ကြားလိုက်ရတော့ နဖူးပေါ်မှာ အမည်းရောင် မျဉ်းတန်းတွေ အစီအရီ ထွက်ပေါ်လာလေရဲ့။ 

”ဟဲ့ကောင်... မင်း အဲ့လိုအော်သွားတာကို ပညာခိုးတာ လို့ ခေါ်လို့ရသေးလား။ နောက်ပြီး ဘယ်သူက ရေနစ်နေလို့ လဲဟ”

ဒါနဲ့ ယွီဟွေးဖေးက နွားကျောင်းသားရဲ့အကြောင်းကို အားလုံးကို ပြောပြလိုက်တယ်။ 

”ဒီကောင်ကြီးက လျိုရှင်းရဲ့ ဟင်းချက်ပညာကို သဘောကျနေတာ။ ဘယ်လောက်တောင် ကြိုက်လဲဆို သူချက်တာကို မြည်းပြီး ပညာခိုးဖို့အထိ စဉ်းစားနေတာ”

အဲဒီမှာ သရဲနက်က ဝိညာဉ်ချုပ်ကြိုး ကို ကိုင်ပြီး ချက်ချင်းထရပ်ရော။ ”ဒီအဖိုးကြီးက ငါတို့ရဲ့ မီးဖိုချောင်မှူးလေး ကို ပညာခိုးဖို့ ကြံရဲတယ်ပေါ့။ ဘယ်သူမှ မတားနဲ့၊ ငါ သူ့ရဲ့ ပန်းကုံးအရိုးကို သွားဖောက်မလို့”

သရဲဖြူကလည်း ”ငါလည်း မသိအောင် ခေါင်းကိုရိုက်ပေးလိုက်ဦးမယ်” ဆိုလေရဲ့။

ယွီဟွေးဖေးက ချက်ချင်း တားလိုက်တယ်။ 

”လုံလောက်ပါပြီ... ခင်ဗျားတို့ ထပ်ပြီး ဒုက္ခ မရှာကြပါနဲ့တော့။ သူသာ တစ်ခုခုဖြစ်သွားရင် အရှင်မကြီးလည်း မျက်နှာပျက်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက သမက်တော် အဖြစ် အမည်ခံထားတဲ့သူလေ။ သူတို့က ကိုယ့်အချင်းချင်း အနိုင်ကျင့်ရင် ရတယ်၊ ခင်ဗျားတို့ အနိုင်ကျင့်ရင်တော့ အသက်နဲ့ရင်းရလိမ့်မယ်”

အားလုံးလည်း ဟုတ်တယ်လို့ သဘောတူလိုက်ကြတယ်လေ။ ဒါကြောင့် ဒေါသတကြီးနဲ့ လက်စားချေဖို့ စိတ်ကူးကို ဖျက်လိုက်ကြရတယ်။ ဒါပေမဲ့ နွားကျောင်းသားသာ လျိုရှင်းကို တကယ်ဒုက္ခပေးမယ်ဆိုရင်တော့ လက်စားချေဖို့ လက်မနှေးဘူးလို့တော့ အချင်းချင်း ကတိတွေပေးထားလိုက်တာပေါ့။ မသိအောင် အရက်တွေ တိုက်ပြီးမှ ဆော်ပစ်မယ်တဲ့။ ဘာပဲဖြစ်ဖြစ် သူက မူးနေတော့ ဘာမှသိမှာ မဟုတ်ဘူးလေ။

ယွီဟွေးဖေးလည်း ခေါင်းကိုက်ပြီး စိတ်ထဲကနေ တွေးလိုက်တယ်၊ ‘ဒီကောင်တွေ၊ အရက်မူးရင် ဘယ်သူ့ကို ဘယ်သူရိုက်မယ်ဆိုတာတောင် မပြောနိုင်ဘူး။’ 

ဒီလို စိတ်မချရတဲ့ လူတစ်စုကို ကြည့်ရင်း ယွီဟွေးဖေး ခေါင်းတွေ နောက်ထပ်ကိုက်လာပြန်ရော။ နွားကျောင်းသားကို စိတ်မချတာကြောင့် ယွီဟွေးဖေး ရှေ့ဘက်အိမ်ကို လိုက်သွားလိုက်တယ်။

မီးဖိုချောင်ရောက်တော့ လျိုရှင်း က မုန့်ညှပ်တံ နဲ့ ဆန်လုံးလေးတွေကို လှိမ့်ပြီး ချေနေတာကို တွေ့လိုက်ရတော့ ယွီဟွေးဖေးက စိတ်ဝင်တစားနဲ့ ”ဒါ ဘာလုပ်နေတာလဲ” လို့ မေးလိုက်တယ်။

လျိုရှင်းက ပြုံးရင်း ”နင်တို့အတွက် စားစရာလေးတစ်ခု လုပ်နေတာ။ ခဏနေရင် သိရမှာပါ” လို့ ပြန်ပြောလိုက်တာပေါ့။

ဒါကို ကြားလိုက်တာနဲ့ ယွီဟွေးဖေးလည်း စိတ်ဝင်စားသွားပြီး အနားမှာ မတ်တပ်ရပ်ကြည့်နေတော့တာပဲ။

ဒီအချိန်မှာပဲ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း လူတစ်ယောက်က ဘေးကပ်ပြီး တိုးဝင်လာရော။ ခြေလှမ်းတစ်လှမ်းချင်းစီနဲ့ ယွီဟွေးဖေးနဲ့ လျိုရှင်း ရဲ့ကြားထဲကို ကွက်တိ ဝင်ရပ်လိုက်တယ်။ နောက်တော့ တစ်ဖက်ကို ကိုယ်စောင်းပြီး တင်ပါးနဲ့ တွန်းလိုက်တယ်။ ဘတ်စကတ်ဘော ကစားရာမှာ အသားကျနေတဲ့ အောက်ကွင်းတားဆီးနည်းနဲ့ ကွက်တိပဲ။

ယွီဟွေးဖေးလည်း ဒီလို ရုတ်တရက် အတွန်းခံလိုက်ရတာကြောင့် ယိုင်သွားပြီး အနောက်ကို အနည်းငယ် ဆုတ်သွားရတယ်။ ဒီတော့မှ နွားကျောင်းသားက သူ့ကို နံရံတစ်ချပ်လို ကွယ်ထားတာကို သတိထားမိလိုက်တယ်။ ယွီဟွေးဖေးက သူ့နဲ့ လျိုရှင်းကြားက အကွာအဝေးကို ကြည့်လိုက်တော့ သုံးမီတာ ကွက်တိပဲ။

ယွီဟွေးဖေး မျက်ရည်ကျချင်လာပြီ။ ‘ဒီကောင်ကြီးက ငါ့ကို မိန်းမနဲ့ သုံးမီတာ အကွာမှာ အမြဲရှိနေစေချင်တာပဲ’ ဆိုပြီး စိတ်ထဲကနေ ငိုကြွေးလိုက်တယ်။ သူလည်း ဘောင်းဘီအိတ်ကပ်ထဲက တံဆိပ်ကို အလိုအလျောက် စမ်းမိသွားတယ်။ အဲဒါကို ထုတ်ပြီး ဒုက္ခပေးနေရင် အမှတ်လျော့ပေးမယ်၊ ထောင်ထဲမှာ တစ်သက်တစ်ကျွန်းနေရလိမ့်မယ် ဆိုပြီး ခြိမ်းခြောက်ချင်တာပေါ့။ ဒါပေမဲ့ သေချာစဉ်းစားကြည့်လိုက်တော့ ဒီကောင်ကြီးက မပြန်ရရင် ပိုတောင်ပျော်နေဦးမယ်။

ယွီဟွေးဖေးလည်း ဒေါသကို မြိုသိပ်လိုက်ပြီးတော့ လူမရှိတဲ့ တစ်နေရာမှာ နွားကျောင်းသားကို စာဖြည့်မှတ်စု ရေးပေးလိုက်တယ်။

“အရမ်းကိုကောင်းမွန်စွာ ပြုမူနေပါတယ်။

ဒီလောက် ရိုးသားပြီး စိတ်ထားကောင်းတဲ့ အကျဉ်းသားမျိုးကို ကျွန်တော်တစ်ခါမှ မမြင်ဖူးပါဘူး။

သူ့ရဲ့ စိတ်ဓာတ်ဟာ သူတော်စင် အဆင့်ကိုတောင် ရောက်နေပါပြီ။

ဒီလိုလူမျိုးကို ကျွန်တော် ဘာမှ သင်ပေးဖို့ မလိုပါဘူး။

သူ့ကို ပြစ်ဒဏ် လျှော့ပေးဖို့နဲ့ မနက်ဖြန်လောက် အမြန်ဆုံးပြန်ခေါ်သွားပေးဖို့ တောင်းဆိုပါတယ်။”

စာရေးပြီးတော့ ယွီဟွေးဖေးက နောက်ဆက်တွဲစာလေးလည်း ထပ်ထည့်လိုက်သေး။ 

”ကျွန်တော်ပြောတာ အမှန်တွေပါ၊ အရှင်မကြီး ကို မြှောက်ပြောတာ လုံးဝမဟုတ်ပါဘူးလို့ ကျွန်တော် ကျိန်ဆိုပါတယ်”

စာရေးပြီးတော့ ယွီဟွေးဖေးလည်း ဒီစာကိုဖတ်ပြီးရင် နွားကျောင်းသားကို ပြစ်ဒဏ်လျှော့ပေးပြီး မြန်မြန်ခေါ်သွားတော့မှာပဲလို့ တွေးလိုက်တာပေါ့။ အဲဒီအချိန်မှာပဲ တံဆိပ်က ချက်ချင်းပြောင်းလဲသွားပြီး စာကြောင်းအသစ်တွေ ပေါ်လာတယ်။

“မင်း ဖင်မပြောင်နဲ့... သူ အရှင်မကြီးကိုဆဲတာ ငါမြင်တယ်ကွ။ ထောင်ဒဏ် နှစ်ငါးရာ ထပ်တိုးလိုက်ပြီ”

ယွီဟွေးဖေးလည်း ဒီစာကို မြင်တာနဲ့ မျက်စိတွေနောက်သွားပြီး မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားတော့တယ်။ ”မင်းက ငါ့ကို နှစ်ငါးရာတောင် လူပျိုကြီးဖြစ်စေချင်တာလား” ဆိုပြီး စိတ်ထဲကနေ ဆဲလိုက်ရော။

ဒီအချိန်မှာပဲ စာအုပ်ပေါ်မှာ စာကြောင်းအသစ်တစ်ခု ထပ်ပေါ်လာပြန်တယ်။ 

”အေး... ဟုတ်တယ်၊ ငါ မင်းကို လူပျိုကြီးဖြစ်စေချင်တာ၊ မင်း ဘာတတ်နိုင်လဲ”

ယွီဟွေးဖေးလည်း အံ့သြသွားတယ်။ ‘ဟမ်၊ ဒီပစ္စည်းက စကားပြောလို့ရတာလား’ လို့ တွေးလိုက်ပြီး ရဲရဲတင်းတင်းနဲ့ စမ်းသပ်တဲ့အနေနဲ့ ”မင်းက လူယာမလား” ဆိုပြီး မေးလိုက်တယ်။

“အေးဟယ်... မင်းတော်တော်ဉာဏ်ကောင်းသားပဲ။ ငါ့ကို ဂုဏ်ပြုလိုက်ဦး။ ငါ ရာထူးတိုးသွားပြီကွ။ အခု မင်းရဲ့ တိုက်ရိုက်အထက်အရာရှိ ဖြစ်နေပြီလ။ အဓိကတာဝန်က မင်းဆီကို သတင်းတွေပို့ပေးဖို့ပဲ။ ကြိုးစားပါကွ... ငါ မင်းကို အများကြီးမျှော်လင့်ထားတာ”

“အများကြီးမျှော်လင့်ထားတာလား... မင်းရဲ့ ဖိုးကြီးလက်မကိုပဲ မျှော်လင်နေလိုက်ပါလား။ မင်း ငါ့ကို ငွေပြန်ပေး” ဆိုပြီး တံဆိပ်ကို အော်လိုက်တော့ လူယာက ခွီးကနဲ ရယ်ပါလေရော။ 

”ငါသာ ပိုက်ဆံရှိရင် ထွက်ပြေးရပါ့မလား။ နောက်ပြီး အဲဒါ မင်းအဘိုးက ချေးတဲ့ပိုက်ဆံ၊ ငါချေးတာမှ မဟုတ်တာ။ ငါနဲ့ ဘာဆိုင်လို့လဲ”

ယွီဟွေးဖေးလည်း ‘ဒီ ခွေးမသား အရှက်မရှိတဲ့ကောင်’လို့ ရင်ထဲကနေ ကြိမ်းဝါးလိုက်တယ်။ 

”မင်းက ငါ့အဘိုးရုပ် ဖန်ဆင်းပြီး ချေးတာလေ”

လူယာကလည်း ခပ်တည်တည်ပဲ ”ဟုတ်တယ်လေ... ဒါပေမဲ့ မင်းတို့ရွာက လူတွေကတော့ မင်းအဘိုး ချေးတာလို့ပဲ ထင်နေတာပဲလေ။ မင်းသာ သွားပြီး ရှင်းပြရင်တောင် သူတို့က မင်းဆီမှာ ပိုက်ဆံပြန်တောင်းမှာပဲ” 

ယွီဟွေးဖေးလည်း ဒေါသထွက်ပြီး သွေးအန်တော့မလို ဖြစ်သွားတဲ့အထိပဲ။ ‘ဒီ အဖိုးကြီး အရှက်မရှိတာတော့ အဆင့်တစ်ခုရောက်နေလောက်ပြီ’ လို့ တွေးလိုက်တယ်။

“အဖိုးကြီး...မင်း စောင့်နေလိုက်”

လူယာက ခွီးခွီးနဲ့ရယ်ရင်း ”ကောင်းပြီ... ငါစောင့်နေမယ်။ ကြိုးစားပါကွာ။ ငါ မင်းကို မျော်လင့်ထားတယ်လို့ ပြောပြီးပြီပဲ။ မင်းသာ ထပ်ပြီး ကြိုးစားရင် ရာထူးတိုးမယ်၊ လစာတိုးမယ်၊ ဘဝရဲ့ အထွတ်အထိပ်ကို ရောက်မယ်၊ အချမ်းသာဆုံး အလှဆုံး မိန်းမနဲ့ လက်ထပ်ရလိမ့်မယ်”

“ငရဲကို သွားစမ်း”

“ဟီးဟီး… ဒေါသမထွက်နဲ့လေ။ ငါ စလိုက်တာပါ။ နွားကျောင်းသားမင်းဆီကို ရောက်လာတာက အထက်ကလူတွေရဲ့ အမိန့်ကြောင့်ပဲ။ ဘယ်လိုပဲပြောပြော သူခဏတာ မင်းဆီမှာပဲ နေရလိမ့်မယ်။ စိတ်သာချ အကြာကြီးတော့ မဟုတ်ပါဘူး။ အချိန်ကြာလာရင် ရက်ကန်းမယ်က သိသွားမှာ။ အဲဒီအခါကျမှ အရှင်မကြီး နဲ့ သွားရန်ဖြစ်လိမ့်မယ်။ ဒါကြောင့် မင်း နှစ်ငါးရာ စောင့်စရာမလိုပါဘူး။ ငါ့အထင် တစ်နှစ်တောင် မကြာပါဘူး။ ရက်ကန်းမယ်က နွားကျောင်းသားကို မင်းဆီ အကျဉ်းချပြီး အလုပ်ကြမ်းခိုင်းထားတာကို သိသွားလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လာမယ့်နှစ် ဇူလိုင် ၇ ရက်နေ့ မှာ သူတို့ နှစ်ယောက် ပြန်ဆုံရဦးမှာလေ”

ဒီစကားကို ကြားလိုက်တော့ ယွီဟွေးဖေးလည်း စိတ်ထဲမှာ နည်းနည်းလေး သဘောကျသွားတယ်။ တစ်နှစ်လောက်တော့ သူ သည်းခံနိုင်သေးတယ်လေ။ 

”အဲဒါဆိုမှတော့ တော်သေးတာပေါ့” လို့ ပြောလိုက်ပြီး တံဆိပ်ကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်တယ်။

မီးဖိုချောင်ထဲ ပြန်ဝင်သွားတော့ လျိုရှင်းက ဒယ်အိုးအဖုံးကို ဖြုတ်ပြီး ဒယ်အိုးထဲမှာ ထည့်ထားတဲ့ ရေနွေးပူပေါ်မှာ မှောက်တင်ထားတာကို တွေ့လိုက်ရတယ်။ သတ္တုနဲ့လုပ်ထားတဲ့ အဖုံးက ပြောင်ချောနေပြီး လျိုရှင်းက ဆန်မှုန့်အရည်လိုမျိုး တစ်ခုကို အဲဒီအဖုံးပေါ် လောင်းချလိုက်တယ်။ ခဏနေတော့ အဲဒီအရည်က ပွင့်လင်းတဲ့ အဖတ်ပြားတစ်ခု ဖြစ်သွားရော။ အဲဒီအပေါ်မှာ ကြက်ဥဖောက်ထည့်လိုက်ပြီးတော့ ဝက်သားစင်းကောနဲ့ ကြက်သွန်မြိတ်တွေလို အရာတွေ ဖြူးထည့်ပြီး ဆက်ပြီးပေါင်းလိုက်တယ်။ ခဏကြာတော့ ကြက်ဥလည်း ကျက်၊ ဝက်သားလည်း ကျက်သွားတာကြောင့် လျိုရှင်းက အဲဒီအဖတ်ပြားတစ်ခုလုံးကို ယောက်မနဲ့လှန်ပြီး သစ်သားပျဉ်ပြားပေါ်မှာတင်ပြီး ဓားနဲ့ အတုံးလေးတွေလှီးလိုက်တော့ ကြည်လင်လင် အဖတ်ပြားလေးတွေ ဖြစ်သွားတယ်။ အဲဒီအဖတ်ပြားရဲ့ အပြင်ဘက်ကနေ ရွှေရောင် ကြက်ဥ၊ ပန်းရောင် ဝက်သားစင်းကောနဲ့ အစိမ်းရောင် ကြက်သွန်မြိတ်တွေကို မြင်နေရတော့ တော်တော်လေး စားချင်စဖွယ် ကောင်းနေတာပေါ့။

လျိုရှင်း က ပြုံးပြီး ”ပြီးပြီ” လို့ ပြောလိုက်တယ်။

”ဒါ... ချောင်းဖန့်မဟုတ်လား”

လျိုရှင်းက ”နင် သိနေတာလား” လို့ အံ့သြစွာ မေးလိုက်တယ်။

“သိတာပေါ့။ ငါက အရှေ့မြောက်ပိုင်းက ဖြစ်ပေမယ့် ဒီနှစ်တွေထဲမှာ ငါ့အဖေအမေနဲ့အတူ ယုန်ကျိုးမှာနေတာ။ ကွမ်းရှီးနဲ့လည်း မလှမ်းမကမ်းပဲ။ အဲဒီက ချောင်းဖန့် ကို ဘယ်လိုလုပ် မသိဘဲနေမလဲ။ ဒါပေမဲ့…”

“ဒါပေမဲ့ ဒီ ချောင်းဖန့် က ပိုပြီးကြည်လင်နေတယ် မဟုတ်လား” လို့ လျိုရှင်းက မေးလိုက်တော့ ယွီဟွေးဖေးလည်း ခေါင်းညိတ်လိုက်တယ်။

”ကြည်လင်တောက်ပြောင်နေတာတင် မဟုတ်ဘူး၊ ဒီ ချောင်းဖန့် က ပိုပြီး စားလို့ကောင်း တယ်။ ငါ အရင်က ချက်ဖူးတာတွေထက်တောင် ပိုကောင်းတယ်။ အရသာလည်း တကယ်ကောင်းမှာပဲ။ ငါထင်တာက ဒီပြဿနာက ဒီ ဆန် ကြောင့်ဖြစ်နိုင်တယ်”

ယွီဟွေးဖေးလည်း အံ့သြသွားပြီး နောက်လှည့်ကြည့်လိုက်တော့ ကြည်တော်ဝင်ဆန်တွေကို ထည့်ထားတဲ့ ဆန်အိုးကြီးက ပွင့်နေတာကို သတိထားမိလိုက်တယ်။ ဒီရက်ပိုင်းမှာ အားလုံးက အပြင်ကနေ ဝယ်လာတဲ့ ဆန်ဟောင်းတွေနဲ့ပဲ ချက်ပြုတ်နေကြတာ။ အဲဒီဆန်တွေက အရှေ့မြောက်ပိုင်းက လာတဲ့ ဆန်တွေဆိုတော့ အရသာကောင်းပေမဲ့ ကြည်တော်ဝင်ဆန်တွေနဲ့ ယှဉ်ရင်တော့ အများကြီး ကွာခြားပါတယ်။

”အပြင်က ဆန်အိတ်ကုန်သွားတော့ အဲဒီဆန်အိုးထဲက ဆန်ကို ယူသုံးလိုက်တာ။ ဒီဆန်က ဘာဆန်လဲဟင်။ အရမ်းလှတာပဲ။ သကြားဓာတ်က ပိုများနေသလိုပဲ”

“အဲဒါက ဘုန်းတစ်ပါး ပေးထားတဲ့ဆန်။ ဆန်အမျိုးအစား အသစ်တဲ့။ နာမည်က ကြည်တော်ဝင်ဆန်လို့ ခေါ်တယ်”

“ကြည်လင်တောက်ပနေတာဆိုတော့ နာမည်နဲ့ လိုက်ပါတယ်” လို့ ချီးကျူးလိုက်ပြီးတော့ ချောင်းဖန့် တစ်ခုကို ယွီဟွေးဖေးကို ညှပ်ပြီး ခွံ့ပေးလိုက်တယ်။

”မြည်းကြည့်ဦး၊ အရသာဘယ်လိုလဲ”

သူလည်း လျိုရှင်း ညှပ်ပေးထားတဲ့ ချောင်းဖန့်ကိုကြည့်ပြီး ရင်ထဲမှာ နွေးထွေးသွားတယ်။ ဒီလိုခံစားရတာကပဲ ပျော်ရွှင်မှု ဖြစ်မှာပဲလို့ စိတ်ထဲကနေ တွေးလိုက်မိပါရဲ့။

ဒီအချိန်မှာပဲ ခေါင်းကြီးကြီးတစ်ခုက ဘေးကနေဝင်လာရင်း ပါးစပ်ကိုဟပြီး အဲဒီချောင်းဖန့်ကို ဖတ်ကနဲ မြိုချပစ်လိုက်ရော။

ယွီဟွေးဖေးနဖူးပေါ်မှာ အမည်းရောင်မျဉ်းတွေ ထွက်လာပြီး ဒေါသထွက်လာတယ်။ ဘေးနားက သစ်သားပျဉ်ပြားကိုယူပြီး ခေါင်းကို ရိုက်ချင်စိတ်တွေ ပေါ်လာရော။

လျိုရှင်း လည်း အံ့သြသွားတာပေါ့။

နွားကျောင်းသားတစ်ယောက်တည်းကတော့ ပါးစပ်ကို ပလပ်ပလပ်နဲ့ လုပ်ပြီး စိတ်မချမ်းမြေ့တဲ့ပုံနဲ့ ”အရသာကတော့ တကယ်ကောင်းတယ်၊ ဒါပေမဲ့ နင်ဘာမှ ပျော်နေစရာ မလိုဘူး။ ငါ ပညာသင်ပြီးသွားပြီ”  ပြောပြီးတော့ ခေါင်းကို မာနတကြီး မော့လိုက်သေး။ ပြီးတော့မှ ယွီဟွေးဖေး ဒေါသထွက်နေတာကို သိသွားတော့ ချက်ချင်း ချောင်းဖန့်တစ်ခုကိုယူပြီး ကမ်းပေးတယ်။ 

”ရော့... စား... အာ...”

ယွီဟွေးဖေးလည်း ဒေါသနဲ့ရူးမတတ်ဖြစ်သွားပြီး မင်းအဘိုးကိုပဲ အာနေလိုက်လို့ စိတ်ထဲကနေ ဆဲလိုက်တယ်။ ယောက်ျားတစ်ယောက်က ခွံ့ကျွေးတာနဲ့ မိန်းကလေးက ခွံ့ကျွေးတာ တူလို့လား။ နောက်ပြီး ယွီဟွေးဖေးမှတ်မိသလောက်ဆို ဒီကောင်ကြီး အိမ်သာထဲကနေမှ ထွက်လာတာ။ လက်ဆေးပြီးသား လည်း မဟုတ်သေးဘူး။

ယွီဟွေးဖေးဒေါသထွက်လွန်းလို့ သူ့ကို တွန်းထုတ်ပြီး ”မင်း သူတို့ကို လာစားဖို့ သွားခေါ်လိုက်တော့” လို့ ပြောလိုက်တယ်။

နွားကျောင်းသားက ယွီဟွေးဖေးကို ကြည့်လိုက်ပြီး ”ငါ သွားရင် မင်း ဘယ်လိုလုပ်မလဲ၊ ဘယ်သူက မင်းကို ကာကွယ်ပေးမလဲ” လို့ ပြောနေသလိုပဲ။

ယွီဟွေးဖေးခေါင်းကိုက်လွန်းလို့ ဆံပင်တွေ အကုန် ဆွဲနုတ်ချင်စိတ်ပေါက်လာပြီး တံခါးကို လက်ညိုးထိုးပြီး ”မြန်မြန်သွားပါကွာ” လို့ အော်လိုက်တယ်။

နွားကျောင်းသားလည်း ”သွားမယ်လေ... မင်း သတိထားဦးနော်၊ ဘယ်သူမှ မင်းကို အမြတ်မထုတ်အောင်” လို့ ပြောပြီးမှ ထွက်သွားတော့ရော။

ဒီစကားကို ကြားလိုက်ရတော့ ယွီဟွေးဖေးနဲ့ လျိုရှင်း နှစ်ယောက်လုံး ဘာမှ ပြောစရာမရှိအောင် ဖြစ်သွားပေမဲ့ သူက မျက်နှာပြောင်တိုက်ပြီး ခေါင်းစဉ်ပြောင်းလိုက်တယ်။ 

”နောက်ထပ်တစ်ခုလောက် ညှပ်ပေးဦးလေ”

လျိုရှင်းက သူ့ကိုမျက်စောင်းထိုးလိုက်ပြီး တူကိုပေးလိုက်ရင်း ”ကိုယ့်ဘာသာ ယူစား၊ ဆော့စ်လည်း ထည့်စားဦးနော်”

ယွီဟွေးဖေးလည်း စိတ်ထဲကနေ နွားကျောင်းသားကို အကြိမ်တစ်ရာ လောက် ဆဲဆိုလိုက်တယ်။ နောက်ဆုံးတော့ ကိုယ့်ဘာသာကိုယ်ပဲ စားလိုက်ရတော့တာပေါ့။

All Chapters