ငါ့ကလေးလေး
Vol. 10 Ch. 138
နွားကျောင်းသားက လူတွေရောက်လာတာကို မြင်တော့ အားကုန်အော်လိုက်တယ်။
”မင်းတို့ လုံးဝမလာကြနဲ့။ ငါနဲ့သူ တရားမျှတစွာ ယှဉ်ပြိုင်တာ။ အရင်တုန်းကတော့ ငါ နွားသိုးတွေနဲ့ပဲ အားပြိုင်တာ။ အခုမှ ဝက်ရိုင်းနဲ့ ပထမဆုံးအကြိမ် ဆော့ကြည့်တာ။ ဒီကောင်ရဲ့အားက သိပ်မရှိပါလား”
ယွီဟွေးဖေးလည်း စကားတွေ ဆွံ့အကုန်တယ်။
ဒီအချိန်မှာ သူလည်း နှစ်ပေါင်းရှစ်ရာလောက် လူပျိုကြီးလုပ်ပြီး လက်ဗလာနဲ့ နွားသိုးကို တိုက်ခိုက်ချင်စိတ် ပေါက်သွားတဲ့အထိပဲ။ဒါပေမဲ့ ဘေးနားက မိန်းကလေးကို ကြည့်ပြီး စိတ်ပြောင်းသွားတယ်။ ”မိန်းမလှ တွေက သူရဲကောင်း တွေရဲ့ ရည်မှန်းချက် ကို ဖျက်ဆီးတယ်ဆိုတာ တကယ်မှန်တာပဲ” လို့လည်း တွေးလိုက်မိသား။
နွားကျောင်းသားက ဘာမှ မဖြစ်တာကြောင့် ယွီဟွေးဖေးလည်း စိတ်ချသွားပြီး နှင်းတွေပေါ်မှာ ထိုင်ချလိုက်တယ်။
”ကောင်းပြီဗျာ... ကြိုးစားထား”
လျိုရှင်းလည်း အံ့သြပြီး ”ဒီအတိုင်း ထိုင်ကြည့်နေတော့မှာလား” လို့ မေးလိုက်တယ်။
ယွီဟွေးဖေးက ”မဟုတ်ရင် ဘာလုပ်မှာလဲ။ ငါတို့ နှစ်ယောက်ပေါင်းပြီး ဒီဝက်ရိုင်းနဲ့ ပူးပေါင်းတိုက်ခိုက်ရင်တောင် သူ့ကို နိုင်မယ်လို့ မထင်ဘူး”
ဒီအချိန်မှာ နွားကျောင်းသားက အားကုန်အော်လိုက်ရင်း လက်နှစ်ဖက်က လက်မောင်းကြွက်သားတွေ ဖောင်းကြွလာပြီး ဝက်ရိုင်းရဲ့ အစွယ်ကိုကိုင်လို့ အပေါ်ကို မြှောက်တင်လိုက်တယ်။
ဝက်ရိုင်းလည်း ခုနကအထိ အားကုန်တွန်းနေပေမဲ့ တစ်စက္ကန့်အတွင်းမှာ ခြေထောက်လေးချောင်းလုံး မြေပြင်ကနေ လွတ်သွားတော့တာပဲ။ ဒီကောင်လည်း လန့်သွားပြီး ခုနက ဒေါသတကြီးအော်နေရာကနေ ဝက်သတ်ခံရသလို အော်သံတွေ ထွက်လာတော့တယ်။
“ဆင်းလိုက်စမ်း” လို့ နွားကျောင်းသားက အော်ပြီး ဝက်ရိုင်းကြီးကို မြေပြင်ပေါ် ပစ်ချလိုက်တော့ ဝက်ရိုင်းလည်း မူးနောက်နောက်ဖြစ်သွားတယ်။ တစ်ပြိုင်နက်တည်းမှာပဲ နွားကျောင်းသားက ဝက်ရိုင်းရဲ့ အနောက်ဘက်ကိုတက်၊ ခါးမှာချည်ထားတဲ့ အဝတ်ကို ဖြုတ်ပြီး တောဝက်ရဲ့ လည်ပင်းကို ချည်၊”ထ” လို့အော်ရင်း အားကုန်ဆွဲလိုက်တယ်။
ဝက်ရိုင်းလည်း ထရပ်ပြီး ပြေးဖို့ ကြိုးစားတယ်။ ဒါပေမဲ့ နွားကျောင်းသားက အရပ်ရှည်တော့ လူကြီးက ကလေးစက်ဘီးစီးသလို မျိုး ခြေနဲ့ဘရိတ်အုပ်လိုက်တယ်။
ဝက်ရိုင်းကလည်း ပြေးလို့မရဘူး ဖြစ်သွားတာပေါ့။
ယွီဟွေးဖေး ကြည့်ရလွန်းလို့ မျက်လုံးတွေတောင် ပြူးထွက်တော့မလို ဖြစ်သွားတယ်။
အရင်တုန်းက နွားခေါင်းကလည်း ကြောက်စရာကောင်းတဲ့ အားအင်ကို ပြသခဲ့ပေမယ့် အဲ့ဒီကောင်က နွားခေါင်းကြီးလေ၊ ယွီဟွေးဖေးက သူ့ကို လူလို့တောင် မမြင်ဘူး။ ဒါကြောင့် ဘာလုပ်လုပ် သာမန်ပဲလို့ ခံစားခဲ့ရတယ်။
ဒါပေမဲ့ မျက်စိရှေ့က ဒီကောင်က တကယ်ပဲ လူသားလေ၊ ဒီအားအင်၊ ကြည့်ရတာ သူ တကယ်ပဲ အားကျနေမိတယ်။
လျိုရှင်းကတော့ ပါးစပ်လေးကို အုပ်ပြီး အံ့ဩနေပြီ၊ နောက်တစ်ဖက်ကတော့ အလိုလိုပဲ ယွီဟွေးဖေးရဲ့ အဝတ်ကို ဆုပ်ကိုင်ထားတယ်၊ စိတ်လှုပ်ရှားနေသလို၊ နည်းနည်းလည်း ကြောက်နေသလို။
ယွီဟွေးဖေးက နှစ်သိမ့်တဲ့အနေနဲ့ သူ့ကို ပုခုံးဖက်ပြီး စိတ်မပူဖို့ အချက်ပြလိုက်တယ်။ ယွီဟွေးဖေးရဲ့ မျက်လုံးကို မြင်တော့ လျိုရှင်းလည်း စိတ်မပူတော့ဘူး။ နှစ်ယောက်သား ဒီလိုပဲ ထိုင်ကြည့်နေကြတယ်။
တစ်ဖက်မှာ နွားကျောင်းသားက အားကုန်လုပ်နေပြီး တောဝက် ဘယ်လိုပဲ အော်ဟစ်၊ ဘယ်လိုပဲ အားစိုက်၊ ပြေးမရဘူး။
မြေပြင်က နှင်းတွေ၊ ရေခဲတွေနဲ့ မြေသားတွေတောင် လမ်းကြောင်းသေးသေးလေးတွေ ဖြစ်ကုန်တယ်။ အဓိကကတော့ သူ့လည်ပင်းကို နွားကျောင်းသားက ဘာပစ္စည်းနဲ့လုပ်ထားမှန်းမသိတဲ့၊ ဒါပေမဲ့ အရမ်းမာကျောတဲ့ အဝတ်နဲ့ ချည်ထားတော့ တောဝက်က အားစိုက်လေ၊ ချည်တာက တင်းလေ၊ တဖြည်းဖြည်း အသက်ရှူမဝတော့ဘူး... ပြီးတော့ ဖူးခနဲ မြေပေါ်ကို လဲကျပြီး မလှုပ်တော့ဘူး။
နွားကျောင်းသားက ရယ်ရင်း ဝက်ရိုင်းရဲ့ကျောပေါ်ကနေ ဆင်းလာတယ်။
"ကောင်လေး၊ မင်း ငါနဲ့ အားပြိုင်ချင်ရင် မင်း နုသေးတယ်"
ပြီးတော့ ဝက်ရိုင်းကို ခြေထောက်နဲ့ကန်ပြီး ”ထစမ်း” လို့ ပြောလိုက်တယ်။
ယွီဟွေးဖေးက ”နွားကျောင်းသား သတိထားဦး။ သူ နောက်ကျောကနေ မင်းကို တိုက်ခိုက်မှာကို သတိထား"
နွားကျောင်းသားက ”မင်း နားမလည်ပါဘူး” ပြောနေတုန်း အဲ့ဒီတောဝက်က ထရပ်လိုက်တယ်။ ဒါပေမဲ့ ခုနကလို ရိုင်းစိုင်းမှုနဲ့ ရူးသွပ်မှု မရှိတော့ဘူး။ နွားကျောင်းသားကို ကြည့်တဲ့ မျက်လုံးတွေက ကြောက်ရွံ့မှုနဲ့ လက်အောက်ခံမှုတွေနဲ့ ပြည့်နေတယ်။
နွားကျောင်းသားက ဝက်ရိုင်းကျောပေါ် ထပ်စီးပြီး အဝေးကို လက်ညိုးထိုးပြကာ ”ပြေးစမ်း”
တောဝက်လည်း ပထမဆုံး စမ်းကြည့်လိုက်တယ်။ လည်ပင်းက လွတ်နေမှန်း သိတာနဲ့ အားကုန်လုပ်ပြီး တောင်ပေါ်ကို ပြေးတော့တာပဲ။
ယွီဟွေးဖေးမျက်လုံးတွေ ပြူးကျယ်သွားပြီး ”တကယ့် ယောက်ျားပဲ” လို့ အားကျစွာ ပြောလိုက်လေရဲ့။
လျိုရှင်း က ခေါင်းညိတ်ပြီး ”တော်တော် တော်တာပဲ” လို့ ပြောလိုက်တယ်။
ဒါပေမဲ့ နောက်တစ်ခဏမှာ သူတို့ နွားကျောင်းသား ကိုယ့်ဘာသာကိုယ် ပြန်လာတာကို တွေ့လိုက်ရတယ်၊ ပြေးတာက အရမ်းမြန်တာပဲ။
အပေါ်အင်္ကျီတောင် ပြေးရင်း ကျကျန်ခဲ့တယ်။
နှစ်ယောက်သား ဘာဖြစ်မှန်းမသိခင်မှာပဲ အဝေးက နှင်းပွင့်တွေ လေထဲမှာ လွင့်နေတာကို တွေ့လိုက်ရတယ်။ တောဝံပုလွေတစ်အုပ်ကြီးက အော်ဟစ်ပြီး လိုက်လာပဲ။ အရင်က နွားကျောင်းသားက စီးပြီး ပြေးခဲ့တဲ့ တောဝက်က အခုအချိန်မှာ နွားကျောင်းသားလောက်တောင် မမြန်ဘူး။ ပိုစိတ်ညစ်စရာကောင်းတာက အားကုန်အော်ဟစ်နေတဲ့ဟန်ဟာ "ဟေ့အကောင်ကြီး... မင်းက တောဝက်လား၊ ငါက တောဝက်လား။ မင်းက ငါ့ထက်တောင် မြန်သေး" လို့ဆိုနေသလိုပဲ။
နွားကျောင်းသားကတော့ ပြေးရင်းနဲ့ "ပြေး၊ ပြေး။ ဒီကောင်တွေက တစ်ယောက်ချင်း မတိုက်နိုင်လို့ ဝိုင်းတိုက်တာ" လို့ အော်နေလေရဲ့။
ယွီဟွေးဖေးလည်း ချက်ချင်း လျိုရှင်းကို ခြံထဲ တွန်းပို့လိုက်တယ်။
"မထွက်နဲ့။ ဘာပဲဖြစ်ဖြစ် မထွက်နဲ့။ သိလား..."
လျိုရှင်းလည်း သူကူလို့ မရမှန်း သိတော့ ”ရဲကို အကြောင်းကြားရမလား” လို့ မေးတာပေါ့။
“ရဲက ဒီကို ဝင်လို့မရဘူး။ လွှတ်...”
စကားပြောနေရင်းနဲ့ နွားကျောင်းသားက အနားကို ရောက်လာပြီ။ တစ်ချက်ဘရိတ်အုပ်ပြီး ရပ်လိုက်ပြီးတော့ လှည့်ပြီး အဲ့ဒီတောဝက်ကိုဖက်ရင်း နှစ်မီတာမြင့်တဲ့ ခြံစည်းရိုးပေါ်ကနေ ပစ်ထည့်လိုက်တယ်။ ပြီးတော့ တစ်ချက်ခုန်ပြီး ခြံစည်းရိုးပေါ် တက်သွားရော။ တစ်ပြိုင်နက်တည်းမှာပဲ ယွီဟွေးဖေးကို သတိပေးဖို့ မမေ့ဘူး။
"ကြောင်ကြည့်မနေနဲ့ ပြေးဟ"
ယွီဟွေးဖေး လှည့်ကြည့်လိုက်တော့ အဲ့ဒီဝံပုလွေအုပ်က နောက်ကို ရောက်နေပြီ။
ပြေး ဟုတ်လား။
ဘယ်ကိုပြေးရမတုန်း။
ဒီနေရာက သင်္ချိုင်းခြံလေ။ ဒီဝံပုလွေတွေ မမောင်းထုတ်လိုက်လို့ သူတို့ သင်္ချိုင်းဂူပေါ်မှာ ဆီးလာပေါက်ရင် ဘယ်လိုလုပ်မလဲ။
ဒါကိုတော့ လုံးဝသည်းမခံနိုင်ဘူး။
ဘယ်ကစလို့ သတ္တိတွေ ပေါ်လာလဲ မသိဘူး။ ”မင်းတို့အားလုံး ရပ်စမ်း” လို့ အားကုန်အော်လိုက်တယ်။
နွားကျောင်းသားလည်း ကြည့်လိုက်တော့ မျက်လုံးတွေ လန်ထွက်လာတယ်။
”ဒီကောင် ရူး သွားပြီလား”
ပြောရင်းနဲ့ နွားကျောင်းသားလည်း နံရံပေါ်ကနေ ခုန်ဆင်းပြီး ယွီဟွေးဖေးကို ကူညီတော့မယ်။ လျိုရှင်း လည်း တံမြက်စည်းကိုယူပြီး တံခါးကနေ ထွက်ပြီး ကူညီပေးဖို့ ကြိုးစားနေတယ်။
ဒီအချိန်မှာ သူတို့အားလုံး အံ့သြသွားကြတယ်။
ယွီဟွေးဖေးအော်လိုက်တဲ့အသံကြောင့် ဝံပုလွေအုပ်ကြီး က ရုတ်တရက် ရပ်တန့်သွားကြတယ်။
တချို့ဝံပုလွေတွေက အရမ်းမြန်တော့ ရပ်လို့မရဘဲ မြေပြင်မှာ လိမ့်ကျကုန်ရော။
နောက်က ဝံပုလွေတွေက ရှေ့က ဝံပုလွေတွေကို ဝင်တိုက်မိပြီး မြေပြင်ပေါ်မှာ ပုံကုန်ကြတယ်။
တချို့ဝံပုလွေတွေက ယွီဟွေးဖေးရှေ့ကို လိမ့်ရောက်လာပြီး အမြီးကို ကြားညှပ်ပြီး လှည့်ပြေးကုန်တော့တာပဲ။
သေချာကြည့်လိုက်တော့ ဒီဝံပုလွေတွေက တခြားကောင်တွေ မဟုတ်ဘဲ အရင်က သူ့ကို တောင်ပေါ်မှာ လိုက်ခဲ့တဲ့ ဝံပုလွေအုပ်ပဲ။ အရင်က နွားခေါင်းတို့ကို ခေါ်ပြီး သူတို့ကို ကြောက်လန့်သွားအောင် လုပ်ခဲ့တာ။ အခုတော့ သူတို့က ယွီဟွေးဖေးကို မှတ်မိနေပြီး ကြောက်နေကြတာ။
ဒါပေမဲ့ နွားကျောင်းသားက မသိဘူးလေ၊ လျိုရှင်းတောင် ဒီဝံပုလွေတွေကို မမှတ်မိဘူး။
အရင်က နှင်းမုန်တိုင်း အရမ်းကြီးတော့ လျိုရှင်းက ယွီဟွေးဖေးကို စွတ်ဖားပေါ်မှာ မတ်တပ်ရပ်နိုင်အောင် အားကုန်ကူညီပေးနေတာ၊ အဲ့ဒီဝံပုလွေတွေကို သိပ်မကြည့်မိဘူး၊ ဒါကြောင့် မမှတ်မိတာ။
အခုအချိန်မှာ ဝံပုလွေအုပ် ရုတ်တရက် ရပ်တန့်သွားပြီး ရှေးဟောင်းဘီလူးကြီးကို ကြည့်သလို ယွီဟွေးဖေးကို ကြောက်ရွံ့စွာ ကြည့်နေတဲ့ မြင်ကွင်းက တကယ်ပဲ မယုံနိုင်စရာပဲ။
နွားကျောင်းသားက တောဝက်ကို အနိုင်ယူတာထက်တောင် ပိုပြီး အံ့ဩစရာကောင်းတယ်။
ယွီဟွေးဖေးလည်း ဒီမြင်ကွင်းကို မြင်တော့ ပျော်သွားတယ်။ အင်္ကျီကို လှုပ်လိုက်ပြီး ခါးကို မတ်လိုက်တာပေါ့။
‘နွားကျောင်းသားကောင်က ဟန်ဆောင်ပြီး ကိန်းခန်းကြီးကြီး လုပ်ခဲ့တာ၊ အခု ငါ့အလှည့်ပဲ’ လို့ စိတ်ထဲကနေ တွေးလိုက်သေး။
တစ်ပြိုင်နက်တည်းမှာပဲ ယွီဟွေးဖေးက ရှေ့တစ်လှမ်းတိုးလိုက်တယ်၊ အနီရောင်ဝတ်စုံက လေထဲမှာ တဖျတ်ဖျတ် လွင့်နေတာပေါ့။ ကောင်းကင်ဘုံက ကူညီတာလား၊ တိုက်ဆိုင်တာလား မသိဘူး၊ ဒီရက်ပိုင်းအတွင်းမှာ အရမ်းရှားပါးစွာ ပေါ်လာတဲ့ မိုးတိမ်ကွဲအက်ကြောင်းတစ်ခုက အဲ့ဒီအချိန်မှာ ပေါ်လာပြီး ရွှေရောင်အလင်းတန်းတစ်ခုကို ယွီဟွေးဖေးရဲ့ ကိုယ်ပေါ်ကို တိုက်ဆိုင်စွာ ဖြာကျစေတယ်။ အဲ့ဒီရွှေဝါရောင်အစင်းကြောင်းတွေကို ရွှေရောင်တလက်လက်နဲ့ ဖြစ်စေပြီး သူ့ကို နတ်ဘုရားဆန်တဲ့ အလင်းရောင်အနည်းငယ် ထပ်တိုးပေးလိုက်လေရဲ့။
နတ်ဘုရားတစ်ပါး လူ့လောကကို ဆင်းသက်လာသလိုပဲ။
ယွီဟွေးဖေးက လက်တစ်ဖက်ကို နောက်ပစ်ပြီး အေးစက်စက်နဲ့ "မသွားသေးဘူးလား"
အဲ့ဒီဝံပုလွေတွေက နည်းနည်းတွေဝေနေတုန်းပဲ...
သူတို့က ကောက်ကျစ်တတ်တဲ့ သဘောရှိပြီး ယွီဟွေးဖေးကို ကြောက်နေပေမဲ့ ထပ်ပြီး စမ်းချင်နေကြတုန်းပဲ။ သူတို့က ယွီဟွေးဖေးကို တကယ်ကြောက်တာ မဟုတ်ဘဲ အရင်က ယွီဟွေးဖေးနဲ့အတူလာတဲ့ လူတွေကိုသာ ကြောက်တာ။ သူတို့က သံသယဝင်နေကြပေမဲ့ သိပ်မကျေနပ်ဘူး။ ဒါကြောင့် သူတို့ မပြေးကြသေးတာ။
ဒီအချိန်မှာပဲ အနောက်တံခါးက ပွင့်လာပြီး ခွေးမည်းကြီးရဲ့ ခေါင်း၊ နွားခေါင်းကြီးနဲ့ မြင်းမျက်နှာကြီးတို့ ပေါ်လာကြတယ်။ ဝံပုလွေအုပ်ကြီးလည်း ဒီ ကြောက်စရာကောင်းတဲ့ လူစု ကို မြင်လိုက်တာနဲ့ နောက်မဆုတ်တမ်း လှည့်ပြေးကုန်ကြရော။ လာတဲ့အချိန်ကထက်တောင် ပိုမြန်နေသေးတယ်။
ယွီဟွေးဖေးက ဒါကိုမြင်တော့ စိတ်ထဲမှာ ‘အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်တဲ့ကောင်တွေ’ လို့ စိတ်ထဲကနေ ဆဲဆိုလိုက်မိတာပေါ့။
နွားကျောင်းသားနဲ့ လျိုရှင်းတို့ရဲ့ ရှုထောင့်ကနေတော့ နောက်ဖေးတံခါးက ထွက်လာတဲ့ နွားခေါင်း၊ မြင်းမျက်နှာနဲ့ ခွေးနက်ကြီး ရှောင်ထျန်းချန်ကို လုံးဝမမြင်ရဘူး။
သူတို့က ယွီဟွေးဖေးရဲ့ အရှိန်အဝါကြောင့် အဲ့ဒီဝံပုလွေတွေ ကြောက်လန့်ပြီး ထွက်ပြေးသွားတယ်လို့ပဲ ထင်နေကြတာ။
တစ်ခဏအတွင်းမှာ ယွီဟွေးဖေးကို ကြည့်တဲ့ မျက်လုံးတွေက နည်းနည်းလေး လေးစားမှုတွေနဲ့ပေါ့။
ဘာပဲဖြစ်ဖြစ် အဲ့ဒါက ဝံပုလွေတစ်ရာကျော်လေ။
နွားကျောင်းသားက "မင်း... မင်း ဘယ်လိုလုပ်လိုက်တာလဲ"
ယွီဟွေးဖေးက ဂုဏ်ဆာနေတဲ့လေသံနဲ့ ”ရိုးသားဖြောင့်မတ်မှု ကြောင့်ပဲပေါ့” လို့ ပြန်ဖြေလိုက်လေရော။
နွားကျောင်းသားက သူ့ကို မျက်စောင်းထိုးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူ့ကို မယုံဘူးလေ။
ဒီအချိန်မှာ ခြံထဲက တောဝက်အော်နေတဲ့အသံနဲ့အတူ သရဲဖြူရဲ့ အသံကိုပါ ကြားလိုက်ရတယ်။
"အမလေး၊ ပြန်ခုခံရဲသေးတယ်ပေါ့။ ကြည့်စမ်း"
နွားကျောင်းသားက ကြားတော့ ချက်ချင်း ”မလုပ်ပါနဲ့၊ မလုပ်ပါနဲ့။ အဲဒါ ငါ့ရဲ့ စီးတော်ယာဉ်” လို့ အော်လိုက်ပြီးတော့ ခြံထဲကို ပြေးဝင်သွားတော့ရော။
လျိုရှင်းလည်း အံ့ဩတကြီးနဲ့ ယွီဟွေးဖေးကို ကြည့်နေတယ်၊ သူမက ယွီဟွေးဖေး ဝံပုလွေအုပ်က လိုက်တာကို ခံရတဲ့ ဒုက္ခရောက်နေတဲ့ပုံစံကို မြင်ဖူးတယ်၊ ယွီဟွေးဖေးက ဝံပုလွေတစ်ရာကျော်ကို နိုင်မှာမဟုတ်ဘူးဆိုတာ သိတယ်၊ ဒါဆိုရင် ဒီနေ့ ဒီကိစ္စက ထူးဆန်းနေပြီ...
ယွီဟွေးဖေးက ရယ်ပြီး ”အဲဒါ အရင်က ငါတို့ကို လိုက်ခဲ့တဲ့ ဝံပုလွေအုပ်ပဲ။ ဝံပုလွေတွေက သံသယစိတ်များတယ်လေ။ အရင်က ငါတို့က သူတို့ကို အမြီးညှပ်ပြီးပြေးအောင် လုပ်ခဲ့တာဆိုတော့ သူတို့ ကြောက်နေကြတာလေ။ အဲ့တော့ ငါက ထူးဆန်းတဲ့ အမူအရာတွေနဲ့ ခြောက်လိုက်တာတော့ အလုပ်ဖြစ်သွားတာ”
ယွီဟွေးဖေးလိမ်နေတာ။ ဒါပေမဲ့ လုံးဝလိမ်နေတာတော့ မဟုတ်ဘူး။ သူ ဟန်ဆောင်ပြီး ကိန်းခန်းကြီးကြီး လုပ်နေချိန်မှာ တကယ်ပဲ အဲ့ဒီလို တွေးလိုက်တာ။ နွားခေါင်းတို့ ထွက်မလာခဲ့ရင်တော့ သူရှက်သွေးဖြာ နေလောက်ပြီ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ အောင်မြင်စွာ ဟန်ဆောင်နိုင်ခဲ့တယ်။
လျိုရှင်း ၏လည်း ယုံသွားတယ်။ သူ့မျက်လုံးထဲမှာ ကြယ်လေးတွေလို တောက်ပနေလေရဲ့။
”နောက်ဆို အဲ့လိုမျိုးတွေ မလုပ်ပါနဲ့တော့။ အရမ်း အန္တရာယ်များ တယ်”
ယွီဟွေးဖေးက ရဲရဲတင်းတင်းနဲ့ ခန့်ညားစွာ ပြုံးပြီး ”ကောင်းပြီ၊ မလုပ်တော့ဘူး။ ပြန်ကြမလား”
လျိုရှင်းလည်း ”ဟွန်း” လို့ ပြောပြီး ယွီဟွေးဖေးရဲ့နောက်ကို လိုက်သွားတယ်။
လှည့်ထွက်သွားတဲ့ တစ်ခဏမှာ ယွီဟွေးဖေးရဲ့ မျက်နှာပေါ်မှာ နွေဦးလေညင်းလို ပျော်ရွှင်မှုတွေ...
အလှဘုရင်မရှေ့မှာ ဟန်လုပ်ရတဲ့ ခံစားချက်၊ ရှယ်ပဲ။
ခြံထဲရောက်တော့ ပေါင် ၇၀၀ ကနေ ၈၀၀ ရှိတဲ့ တောဝက်ကြီးက နွားကျောင်းသားရဲ့ ရင်ခွင်ထဲမှာ ကျုံ့ကျုံ့လေးနဲ့၊ အနိုင်ကျင့်ခံရတဲ့ ဇနီးငယ်လေးလိုပဲ၊ ဟွန်းဟွန်းနဲ့ ညည်းတွားနေတာကို တွေ့လိုက်ရတယ်။ ဒီကောင်ရဲ့ ခေါင်းက ခုနကထက်တောင် ပိုကြီးနေပြီး သေချာကြည့်လိုက်တော့ အဖုတွေ ချည်းပဲ။
တောဝက်ရဲ့ တစ်ဖက်မှာတော့ သရဲဖြူ၊ ဒီကောင်က ငိုကြွေးတဲ့တုတ်ကို ကိုင်ပြီး အပြစ်ကင်းတဲ့ပုံစံနဲ့ "ဒါ... ငါ သူက မင်းရဲ့ စီးတော်ယာဉ်မှန်း မသိဘူးလေ။ ဒီကောင်က နှစ်မီတာကျော်မြင့်တဲ့ ခြံစည်းရိုးပေါ်ကနေ ခုန်ဝင်လာတာကို တွေ့လိုက်တော့ ငါက အခုခေတ် တောဝက်တွေတောင် တန်ခိုးတွေ ရနေပြီလို့ ထင်နေတာ"
နွားကျောင်းသားက အဲ့ဒီဝက်ခေါင်းကြီးကို ပွတ်သပ်ပြီး "မကြောက်နဲ့ ကလေးလေး၊ ဘာမှမဖြစ်တော့ဘူး"
ဒီစကားကို ကြားလိုက်ရတော့ ယွီဟွေးဖေးတစ်ကိုယ်လုံး တုန်ခါသွားတယ်။
သောက်ကျိုးနည်း... ဒီတောဝက်ကြီးက ရုပ်ဆိုး၊ အစွယ်ထွက်နေတာ၊ ဘယ်နေရာက ကလေးလေးနဲ့ တူလို့လဲ။
ယွီဟွေးဖေးလည်း ဘေးက လျိုရှင်း ကို ကြည့်လိုက်ပြီး ဒါကမှ ကလေးလေး မဟုတ်လားလို့ တွေးမိနေလေရဲ့။
လျိုရှင်းကလည်း ဘာမှမပြောနိုင်တော့ဘူး။ နွားကျောင်းသားရဲ့ ထူးဆန်းတဲ့ ဝါသနာကို သူလည်း လက်မခံနိုင်ဘူးလေ။
”နွားကျောင်းသားရေ... ခင်ဗျားရဲ့ ကလေးလေး ကို သွားပြီး ရေချိုးပေးလိုက်ဦး။ တော်တော်နံနေပြီ”
မပြောလို့ မဖြစ်ဘူးလေ။ တောဝက်ဆိုတာက အားရင် တောင်ထဲမှာ ရွှံ့ထဲလူး၊ ဒါမှမဟုတ် သစ်ပင်ကြီးတွေမှာ အားကုန်ပွတ်၊ ရည်ရွယ်ချက်ကတော့ ရွှံ့၊ သစ်ပင်ပေါ်က အဆီတွေကို ကိုယ်ပေါ်မှာ ပွတ်သပ်ပြီး သူတို့ရဲ့ ကိုယ်ခန္ဓာကို သံချပ်ဝတ်စုံလိုမျိုး ဖြစ်စေတာကြောင့် ဘယ်နေရာမှာပဲ တိုက်ခိုက် တိုက်ခိုက်၊ အခက်အခဲ မရှိဘူး။
ဒါပေမဲ့ နွားကျောင်းသား၊ နွားခေါင်း၊ မြင်းမျက်နှာနဲ့ သရဲနက်၊ သရဲဖြူတို့နဲ့ တွေ့ရင်တော့ မတူတော့ဘူး။
နွားကျောင်းသားက ခေါင်းညိတ်ပြီး တောဝက်ကို နောက်ဖေးခြံထဲ ရေချိုးခေါ်သွားတယ်။
ဒါပေမဲ့ နွားကျောင်းသား နောက်ဖေးခြံထဲ သွားတော့ သရဲနက်က အော်ဟစ်လိုက်ရော။
"အမလေး။ နျူလန်ရယ်၊ မင်း ဒါ ကိုယ်နဲ့မကွာ ယူဆောင်လာတဲ့ သရေစာလေးလား"
"ဒါ ငါ့ကလေးလေးကွ၊ ငါ့ရဲ့ စီးတော်ယာဉ်လည်း ဖြစ်တယ်။ လာ... မင်းရဲ့ ဦးလေးနက်ကို နှုတ်ဆက်လိုက်ဦး"
ဒီတော့မှ အနောက်ခြံကနေ အသံတွေ တိတ်ဆိတ်သွားတယ်။ ယွီဟွေးဖေးထင်တာတော့ အနောက်ခြံကလူတွေလည်း လန့်သွားလောက်ပြီ။
သူတွေးကြည့်တော့ နွားကျောင်းသားက သူ့ရဲ့ နွားဝါကြီးကို လွမ်းနေတာ ဖြစ်နိုင်တယ်။ ဒါကြောင့် တောဝက်ကိုဖမ်းပြီး ဆော့နေတာ ဖြစ်လိမ့်မယ်။
ဒါပေမဲ့ ယွီဟွေးဖေးလည်း ဘာမှမကူညီနိုင်ဘူး။ နွားတစ်ကောင်ရဲ့ ဈေးနှုန်းက သူတို့ရဲ့ ဘတ်ဂျက်နဲ့ အိမ်မှာရှိတဲ့ ပစ္စည်းအားလုံးထက် ကျော်လွန်နေပြီ။
ညရောက်တော့ ယွီဟွေးဖေးဆက်ပြီး တရားထိုင်ရင်း နှင်းတွေရှင်းနေတယ်။ ဒီအချိန်မှာတော့ ပုစဉ်းကိုးခွံပြောင်းလဲခြင်းရဲ့ အစွမ်းကို မြင်လာပြီ။ ယွီဟွေးဖေးက ပထမအဆင့်ပဲ ရသေးပေမဲ့ တစ်ကိုယ်လုံး ခန္ဓာကိုယ်ကြံ့ခိုင်မှုက အများကြီး တိုးတက်လာတယ်လေ။ ပုစဉ်းကောင်လိုမျိုးပဲ အရည်အသွေးပိုင်းမှာ ပြောင်းလဲမှုတွေ ရှိလာတယ်။
အသိသာဆုံးကတော့ အားအင်၊ အရှိန်နဲ့ ခံနိုင်ရည်၊ ပြီးတော့ အိပ်စက်မှုအခြေအနေ။
အရင်က ယွီဟွေးဖေး ညဘက်မှာ မအိပ်နိုင်ဘဲ ညဉ့်နက်တဲ့အချိန်မှာလည်း ကောင်းကောင်း မအိပ်နိုင်ဘူး။ မနက်ကျရင်လည်း မထနိုင်ဘူး။ အခုတော့ နေ့တိုင်း သုံးနာရီလောက်ပဲ တရားထိုင်ပြီး နောက်တစ်နေ့ တစ်နေကုန် လန်းဆန်းတက်ကြွနေတယ်။
နောက်ပြီး ညဘက်၊ နေ့ဘက် နှင်းရှင်းရတာ၊ သင်္ချိုင်းရှင်းရတာ အလုပ်တွေ အများကြီးပဲ။ ဒါပေမဲ့ သူ ဘယ်လိုမှ ပင်ပန်းတယ်လို့ မခံစားရဘူး။
နှင်းတွေ ရှင်းပြီးတော့ ယွီဟွေးဖေးအိပ်ဖို့ ပြန်တော့တယ်။ အခန်းထဲရောက်တော့ ရှောင်ထျန်းချန်က သူ့ရဲ့ အိပ်ရာပေါ်မှာ အိပ်နေတာကို တွေ့လိုက်ရရော။
ယွီဟွေးဖေးက မျက်မှောင်ကြုတ်ပြီး ”ခွေးမိုက်... မင်းအခန်းမှာ မအိပ်ဘဲ ငါ့အခန်းမှာ ဘာလုပ်နေတာလဲ”
ရှောင်ထျန်းချန်က သူ့ခွေးမျက်လုံးနဲ့ ယွီဟွေးဖေးကို ကြည့်ပြီး ”မင်း ငါ့ကို မေးသေးတယ်လား။ မင်း ငါ့ကို လူတစ်ယောက်နဲ့ တစ်ခန်းတည်း အိပ်ခိုင်းတာတောင် ငါသည်းခံခဲ့တယ်။ အဲဒီကောင်က ငါ့ကို မကြိုက်တာလည်း သည်းခံခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီကောင်က အနံ့ဆိုးတဲ့ တောဝက်တစ်ကောင်ကို ငါနဲ့အတူ တစ်ကုတင်တည်း အိပ်ခိုင်းတာ ဘယ်သူသည်းခံနိုင်မှာလဲ”