ဆောင်းအင်္ကျီပို့ပွဲတော်
Vol. 10 Ch. 139
ဒီကောင်တွေရဲ့ မျက်နှာကတော့ ရှုံ့မဲ့နေတာများ ပြောမနေနဲ့တော့။ နောက်ကနေလိုက်လာရင်း မျက်နှာငယ်လေးတွေနဲ့ မကျေမချမ်းဖြစ်နေလိုက်ကြတာ။
နွားကျောင်းသားကတော့ ဟက်ဟက်ပက်ပက်နဲ့ "ဖြစ်သင့်တယ်... ဖြစ်သင့်တယ်... ပါးစပ်အရသာခံချင်လို့ သူ့ကိုထားခဲ့ကြတာကိုး။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းကြတာပေါ့ မဟုတ်လား"
အားလုံးကတော့ သူ့ကို လေထဲကဖုန်မှုန့်တစ်မှုန်လိုတောင် သဘောမထားကြပါဘူး...
ချွေ့ကျွယ်က "ထားလိုက်ပါတော့လေ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့နဲ့ ကလေးယွီက တူတွေလိုပဲ ခင်မင်ကြတာပဲ။ သူ့အဘိုးကို ဒူးထောက်ကန်တော့တာက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲ။ အရှက်ရစရာမှ မဟုတ်တာ..."
သရဲနက်နဲ့ သရဲဖြူတို့လည်း ခေါင်းတညိတ်ညိတ်နဲ့ပေါ့။ ဒီအခြေအနေရောက်မှတော့ သူတို့က ဘာတတ်နိုင်ဦးမှာလဲ။
ယွီဟွေးဖေးကတော့ စက္ကူပိုက်ဆံတို့ဘာတို့ အကုန်အသင့်ပြင်ဆင်ပြီးသား။ ရှေ့ခြံထဲကိုသွားတော့ လျိုရှင်းကလည်း စက္ကူပန်းမျိုးစုံနဲ့ စက္ကူဂွမ်းကပ်အင်္ကျီလေးတွေ ပြင်ဆင်ထားပြီးသားပါပဲ။
ယွီဟွေးဖေးက အဲ့ဒီလှပတဲ့ အင်္ကျီလေးတွေကိုကြည့်ပြီး "မဆိုးဘူးပဲ၊ လှသားပဲ" လို့ ချီးကျူးလိုက်တယ်။
လျိုရှင်းက မျက်နှာလေးနီရဲသွားပြီး "အချိန်ကပ်ပြီးလုပ်လိုက်ရတာ၊ အဘိုးက ဒီပစ္စည်းလေးတွေကို မကြိုက်ဘဲနေမှာ မဟုတ်ပါဘူးနော်"
ယွီဟွေးဖေးက ရယ်ပြီး "အဓိကက စေတနာပဲလေ၊ သင်္ချိုင်းသွားကြစို့"
လမ်းမှာ လျိုရှင်းက စပ်စုပြီးမေးတယ် "ဆောင်းအင်္ကျီပို့ပွဲတော်ဆိုတာ ဘယ်လိုမျိုးပွဲတော်လဲဟင်"
"အော်... လွယ်လွယ်လေးပါ၊ ဆောင်းဝင်ပြီလေ။ လူတွေက ဆောင်းတွင်းဝတ်အင်္ကျီတွေ ပြောင်းဝတ်ကြတော့ ကွယ်လွန်သွားတဲ့သူတွေ ဟိုဘက်မှာ အေးနေမှာစိုးလို့ သူတို့အတွက်လည်း အနွေးထည်တွေ ပို့ပေးကြတာပေါ့။ ဒါကြောင့် ဆောင်းအင်္ကျီပို့တယ်လို့ ခေါ်တာ။ သမိုင်းထဲမှာဆို မုန်ကျန်းက သူ့ယောက်ျားအတွက် ဆောင်းအင်္ကျီသွားပို့ရင်း မဟာတံတိုင်းကို ရောက်သွားတာလေ။ ဟိုရောက်တော့ သူ့ယောက်ျားသေနေပြီဆိုတာ သိသွားရော။ ဝမ်းနည်းပက်လက်နဲ့ အင်္ကျီတွေကိုမီးရှို့ပြီး အားရပါးရငိုလိုက်တာ... နောက်ဆုံးမှာ မဟာတံတိုင်းကြီး ပြိုကျသွားရောပဲ"
လျိုရှင်းက "မုန်ကျန်းက မဟာတံတိုင်းကို ငိုပြီးဖြိုချတာတော့ သိတယ်၊ ဒါပေမဲ့ ဆောင်းအင်္ကျီပို့တဲ့ကိစ္စတော့ တကယ်မသိဘူး။ ဒါနဲ့ ဒီဆောင်းအင်္ကျီပို့တာနဲ့ သာမန်သင်္ချိုင်းရှင်းတာနဲ့ ဘာများကွာသေးလို့လဲ"
ယွီဟွေးဖေးက ခေါင်းခါပြီး "တူတာလည်းရှိတယ်၊ မတူတာလည်းရှိတယ်။ ရှေးလူကြီးတွေက ပြောကြတယ် 'စက္ကူကိုကပ်ပြီး အင်္ကျီလုပ်ရတာ ညှပ်ရခက်လိုက်တာ၊ မနက်စောစော မီးရှို့လိုက်တော့ ပြာဖြစ်သွားတာပဲ။ ဟိုဘက်ဘုံမှာ အနွေးထည်အဖြစ် တကယ်သုံးလို့ရရဲ့လားတော့မသိ၊ ဝမ်းနည်းငိုရှိုက်သံတွေကတော့ နားထဲမှာ ပဲ့တင်ထပ်နေတာပဲ' တဲ့။ ဆိုလိုတာက စက္ကူအင်္ကျီကတော့ မဖြစ်မနေရှိရမယ်၊ ပြီးတော့ မိုးမလင်းခင် အကုန်မီးရှို့ပြီးရမယ်..."
စကားပြောနေရင်းနဲ့ သူတို့ ယွီအဘိုးကြီးရဲ့ သင်္ချိုင်းကုန်းကို ရောက်လာကြတယ်။
ယွီဟွေးဖေးက ဘိုးဘေးစဉ်ဆက်က လုပ်ထုံးလုပ်နည်းအတိုင်း အမွှေးတိုင်နဲ့ ဖယောင်းတိုင်ထွန်း၊ ပြီးတော့ ပြင်ဆင်လာတဲ့ ဖက်ထုပ်နဲ့ တခြားကန်တော့ပွဲတွေကို သေသေချာချာခင်းကျင်းလိုက်တယ်။ အပိုအနေနဲ့ ဆေးလိပ်ဗူးတစ်ဗူးနဲ့ အရက်ဖြူတစ်ပုလင်းပါ ထည့်ထားလိုက်သေးတယ်။
ဒါက ယွီအဘိုးကြီး အကြိုက်ဆုံးအရာတွေလေ...
သူက ဒူးထောက်ပြီး သင်္ချိုင်းကို ဦးသုံးကြိမ်ချကာ ပါးစပ်ကနေ တတွတ်တွတ်ရွတ်နေတယ်။
"အဘိုးနဲ့ အဘွား... ကျွန်တော် လာတွေ့ပါတယ်ခင်ဗျာ။ အဘိုး... ဆောင်းဝင်ပြီ၊ ဟိုဘက်မှာ အဘွားက ဂရုစိုက်ပေးနေတယ်ဆိုပေမယ့် ဒီဆောင်းအင်္ကျီလေးတော့ ပြင်လာခဲ့တယ်။ ဒါ ကျွန်တော်လုပ်တာမဟုတ်ဘူးနော်၊ ဝယ်တာလည်းမဟုတ်ဘူး၊ ဒါ ကျွန်တော့်ဘေးက ဒီချောချောလှလှကောင်မလေး လုပ်ပေးတာ။ ဒီလက်ရာက ရွှေပေးရင်တောင် မလဲနိုင်ဘူး၊ ဒါကြောင့် အဘိုးကြီးဝတ်ပြီးတော့ ယမမင်းရဲ့ နန်းတော်ထဲမှာ စိတ်ကြိုက်ခုန်ပေါက်ပြီး ကြွားလို့ရပြီ"
ရှေ့ပိုင်းစကားတွေကြားတုန်းကတော့ အားလုံးက တည်တည်ကြည်ကြည်နဲ့၊ လျိုရှင်းလည်း မျက်နှာလေးတင်းပြီး လေးလေးနက်နက် နေနေတာ။
ဒါပေမဲ့ သူမ သတိထားမိလိုက်တာက ဒီကောင်ပြောလေလေ၊ လမ်းကြောင်းလွဲလေ၊ ပေါက်ကရတွေဖြစ်လေပဲ။ နောက်ဆုံးမှာတော့ လျိုရှင်း မရယ်မိအောင် မနည်းထိန်းထားရတယ်။
အဲ့ဒီအချိန်မှာ ယွီဟွေးဖေးက ခေါင်းမော့ပြီး "နင်... ကန်တော့ဦးမလား"
ယွီဟွေးဖေးရဲ့အဘိုးက လျိုရှင်းရဲ့အဘိုးမှ မဟုတ်တာ။ နှစ်ယောက်က ဘာပတ်သက်မှုမှလည်း မရှိသေးတော့ ကန်တော့တာ၊ မကန်တော့တာက ကိုယ့်သဘောပဲလေ။
"ဒီအထိရောက်မှတော့ အဘိုးကို ဦးချတာက လုပ်သင့်တာပေါ့"
လျိုရှင်းက ခေါင်းညိတ်ပြီး ရှက်မနေဘဲ ဒူးထောက်ဦးချရင်း ပါးစပ်ကနေ "အဘိုးရှင့်... ဆောင်းဝင်ပြီမို့လို့ ကျွန်မ အဘိုးနဲ့အဘွားအတွက် အင်္ကျီလေးတွေ လုပ်လာခဲ့ပါတယ်၊ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်" လို့ ရွတ်ဆိုလိုက်တယ်။
ဦးချပြီးတော့ ယွီဟွေးဖေးက သင်္ချိုင်းထိပ်မှာ စက်ဝိုင်းကြီးတစ်ခုဆွဲပြီး အရောင်စုံစက္ကူတွေ၊ ငွေစက္ကူတုတွေကို စက်ဝိုင်းထဲပစ်ထည့်ကာ စမီးရှို့တော့တာပဲ။
"ကျွန်မတို့ဆီမှာတော့ ပိုက်ဆံမီးရှို့တဲ့အခါ တစ်ခုခုပြောရတယ်။ နင် ဘာမှမပြောဘူးလား"
ယွီဟွေးဖေးက ခေါင်းခါပြီး "ဘာပြောရမှာလဲ။ အရင်ကတော့ ငါတို့ဆီမှာ ယဉ်ကျေးတဲ့စကားတွေ ရှိတာပေါ့၊ ဥပမာ 'အဘိုးရယ်၊ အသက်ရှင်တုန်းကတော့ ပင်ပင်ပန်းပန်းနဲ့၊ သေရင်တော့ ကောင်းကောင်းချမ်းသာသုခကို ခံစားပါတော့၊ တိုက်အကောင်းစားကြီးနဲ့နေ၊ BMW ကားကြီးစီး၊ ဟိတ်ဟန်ပန်ပန်နဲ့ ယမမင်းတောင် ဒေါသထွက်သွားအောင်ပေါ့'။ ဒါပေမဲ့ ငါထင်တာတော့ ဒီစကားက နည်းနည်းအရိုက်ခံရမယ့်စကားလိုပဲ..."
ဒီစကားကြားတော့ လျိုရှင်း မရယ်ဘဲမနေနိုင်တော့ဘူး။ "ရှင်တို့ တကယ်အဲ့လိုပြောကြတာလား"
"အင်း... ဒီလိုပဲပြောတာ"
ပြီးတော့ ယွီဟွေးဖေးက သရဲနက်နဲ့ သရဲဖြူတို့ကို လှမ်းခေါ်တယ်။
"ကြည့်မနေကြနဲ့တော့... မြန်မြန်လုပ်ကြဟ၊ ခင်ဗျားတို့အလှည့်ရောက်နေပြီ"
သရဲနက်နဲ့ သရဲဖြူတို့ ကြားလိုက်တော့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာတွေက ရှုံ့မဲ့ပြီး အနေရခက်နေလိုက်ကြတာ။
ချွေ့ကျွယ်တစ်ယောက်ပဲ ခပ်တည်တည်နဲ့ ရှေ့ထွက်လာပြီး ဒူးထောက်ဦးချကာ "ညီလေး... စိတ်ချပါ၊ ယွီလေးကို ငါတို့ကောင်းကောင်းဂရုစိုက်ပေးပါ့မယ်။ မင်း ဟိုဘက်မှာလည်း အနိုင်ကျင့်မခံနဲ့၊ တကယ်လို့မဖြစ်ရင် ငါတို့နာမည်ကိုသာပြောလိုက်၊ အားလုံးအဆင်ပြေသွားမယ်"
ဟိဟိ...
လျိုရှင်း ရယ်လိုက်မိပြီး "ရှင်တို့က အယောင်ဆောင်တွေလေ၊ ရှင်တို့နာမည်ကိုပြောရမယ် ဟုတ်လား... တော်တော်နောက်တာပဲ"
ယွီဟွေးဖေးက နှာခေါင်းကိုပွတ်ပြီး စိတ်ထဲမှာတော့ ‘နင်မှ နောက်နေတာ... ဒီလောက်ကြာနေတာတောင် သူတို့က အစစ်တွေမှန်း မသိသေးဘူးလား။’ လို့ တွေးလိုက်တယ်။
ဒါပေမဲ့ ပါးစပ်ကတော့ "ဟုတ်တယ်... တော်တော်နောက်တာပဲ" ဆိုပြီး ပြောရတာပေါ့။
သရဲနက်နဲ့ သရဲဖြူတို့ ရှေ့ထွက်လာပြီး ဒူးထောက်ဦးချကာ "ငါတို့ ဘာပြောရမှာလဲ။ ဘာပဲဖြစ်ဖြစ် လမ်းမှာတော့ မင်းကို ကောင်းကောင်းထားခဲ့တယ်မလား၊ နောက်မှ ငါတို့အတူသောက်ကြမယ်နော်"
လျိုရှင်းကတော့ မျက်လုံးတွေတောင် လန်နေပြီ။ သူမ နားလည်သွားပြီ၊ ဒီကောင်တွေထဲမှာ တစ်ယောက်မှ ဟုတ်တိပတ်တိမရှိဘူး။
နွားကျောင်းသား ရောက်လာပြီး ဒူးထောက်ဦးချကာ "ညီလေး..." ဆိုပြီး စကားစရုံရှိသေး ယွီဟွေးဖေးက အမြန်ချောင်းဟန့်ပြီး သူ့ကို စကားမှားနေကြောင်း သတိပေးလိုက်တယ်။
နွားကျောင်းသား မျက်နှာနီသွားပေမယ့် ဆက်ပြောတာပေါ့။ "ညီလေး... ငါမင်းကို ဦးချပါတယ်၊ ဟိုဘက်ရောက်ရင် အင်္ကျီလှလှပပတွေဝတ်ပြီး ယမမင်းရဲ့ နန်းတော်ထဲမှာ စိတ်ကြိုက်ခုန်ပေါက်လိုက်။ ဘယ်သူက မင်းကိုပြောရဲလဲ၊ ပြောလာခဲ့ရင် ငါ့နာမည်ကိုသာပြောလိုက်"
ယွီဟွေးဖေးက နဖူးကိုပွတ်ပြီး ခေါင်းကိုက်နေပြီ...
လျိုရှင်းက စပ်စုပြီး "သူတို့က သရဲနက်၊ သရဲဖြူနဲ့ တရားသူကြီးချွေ့ကျွယ်အဖြစ် သရုပ်ဆောင်ကြတာ၊ ဒါပေမဲ့ အစ်ကိုလန်က ဘယ်သူ့အဖြစ် သရုပ်ဆောင်တာလဲဟင်"
ယွီဟွေးဖေးက ကောင်းကင်ကိုမော့ကြည့်ပြီး "နွားကျောင်းသားလေ... ရက်ကန်းသမလေးကို ယူသွားတဲ့တစ်ယောက်ပေါ့။ ကျောက်စိမ်းနတ်မင်းကြီးရဲ့ အိမ်မှာနေတဲ့ သမက်တော်၊ ရွှေဓားကိုင် မြင်းစီးသူရဲကောင်း"
လျိုရှင်း ပါးစပ်လေးကိုအုပ်ပြီး "ရှင်တို့ တော်တော်နာမည်တွေ လျှောက်ပေးရဲကြတာပဲ၊ ကောင်းကင်ဘုံက အပြစ်ပေးမှာ မကြောက်ဘူးလား။"
အဲ့ဒီအချိန်မှာ သရဲနက်က ဟွန်းခနဲ နှာမှုတ်ထုတ်ရင်း "အပြစ်မပေးရင် ငါတို့ ဒီမှာနေနေမှာလား"
ယွီဟွေးဖေးက လျိုရှင်း အတွေးများသွားမှာစိုးလို့ လိုက်ပြီးခေါင်းညိတ်ကာ "ဟုတ်တယ်၊ ဒီလောကီဘုံကြီးက ငရဲကြီးပဲလေ"
လျိုရှင်းက သူ့ကို မျက်စောင်းတစ်ချက်ထိုးပြီး "ပေါက်ကရတွေ"
သူက လိမ်ညာလို့ အဆင်ပြေသွားတာတွေ့တော့ တိတ်တိတ်လေး သက်ပြင်းချလိုက်တယ်ရင်း အမြန် စက္ကူပိုက်ဆံတချို့ကို ထပ်မီးရှို့ပြီး စက်ဝိုင်းအပြင်ဘက်မှာ ကြဲလိုက်တယ်...
"နင် ဒါဘာလုပ်တာလဲ"
"ဒါက အိမ်ခြေရာမဲ့ လိပ်ပြာတွေကို ပေးတာ၊ သူတို့ အရမ်းကြမ်းတမ်းပြီး ဟိုဘက်ရောက်ရင် ငါတို့အိမ်က အဘိုးအဘွားတွေကို အနိုင်ကျင့်မှာစိုးလို့"
သရဲဖြူက "စိတ်ချပါ၊ အဲ့ဒါ ငါတို့နယ်မြေပဲ" လို့ပြောလိုက်ပေမယ့် ယွီဟွေးဖေးက သူ့ကို အဖက်မလုပ်ဘူး...
ဒီဘက်မှာ မီးတောက်လောင်နေတုန်း၊ သရဲဖြူက "ဒီဘက်မှာ ပြီးပြီလား။ အတွင်းထဲမှာ ထပ်ရှို့လိုက်ဦးမလား"
ယွီဟွေးဖေးက ခေါင်းခါပြီး "မဖြစ်ဘူး၊ ကွယ်လွန်သွားတဲ့သူတွေကို ပို့တဲ့အင်္ကျီတွေ၊ ငွေစက္ကူတုတွေကို သေသေချာချာ မီးရှို့မှ ဖြစ်မှာ။ မဟုတ်ရင် ဒီပစ္စည်းတွေ နေရာမရောက်ဘူးလို့ ပြောကြတယ်"
သရဲဖြူက မျက်လုံးတွေကို တစ်ချက်လှန်ပြီး "ပြောတော့သာပြောတာ၊ မင်း မီးရှို့ပြီးရင် ရောက်သွားမှာကျနေတာပဲ"
ယွီဟွေးဖေး ကြောင်သွားတယ် "မရောက်ဘူးလား"
သရဲဖြူက ခေါင်းခါပြီး "မရောက်ဘူး။ ဘိုးဘေးတွေရတာက မီးရှို့တဲ့စက္ကူတွေမဟုတ်ဘူး၊ သူတို့ရတဲ့ငွေစက္ကူတုတွေက တကယ်တော့ နောက်မျိုးဆက်တွေရဲ့ သူတို့အပေါ်ထားတဲ့ လွမ်းဆွတ်မှု၊ ကျေးဇူးတင်မှု၊ လေးစားမှုစတဲ့ စိတ်ခံစားချက်တွေပဲ။ လူသေရင်တော့ ဆုံးသွားပြီ... သူတို့ ဒီလောကမှာ တစ်ခုတည်းသော တည်ရှိမှုက နောက်မျိုးဆက်တွေရဲ့ မှတ်ဉာဏ်ထဲမှာ ရှင်သန်နေတာပဲ။ တစ်နေ့မှာ နောက်မျိုးဆက်တွေက သူတို့ကို မမှတ်မိတော့ရင် သူတို့နဲ့ ဒီလောကနဲ့ ဘာမှမပတ်သက်တော့ဘူး၊ ဝင်စားနိုင်တဲ့သူက ဝင်စား၊ ဝင်စားဖို့စံမမီတဲ့သူကတော့ ပျောက်ကွယ်သွားရောပဲ"
ယွီဟွေးဖေး အံ့ဩသွားလေရဲ့။ "ဒီလိုလည်း ရှိသေးတာလား"
သရဲနက်က "ဟုတ်တာပေါ့... လူသားတွေရဲ့ သိပ္ပံနည်းကျပြောရယ်ဆိုရင် စွမ်းအင်တည်မြဲမှုနိယာမပေါ့။ တစ္ဆေရဲ့တည်ရှိမှုက တကယ်တော့ စွမ်းအင်တစ်မျိုးပဲ။ သူတို့ ဘယ်လိုထိန်းသိမ်းကြလဲ။ တစ်ခုက ယင်ချီစုပ်ယူတာ၊ နောက်တစ်ခုကတော့ လူ့လောကကလူတွေရဲ့ လွမ်းဆွတ်မှုကို အားကိုးရတာ။ ဒီစွမ်းအင်တွေမရှိတော့တဲ့အခါ သူတို့ ဝင်စားလို့မရရင် ပျောက်ကွယ်သွားရမှာပဲ။ ဒါပေမဲ့ ခြွင်းချက်တချို့တော့ ရှိတယ်၊ ဥပမာ သမိုင်းထဲက နာမည်ကြီးပုဂ္ဂိုလ်တွေ၊ သူရဲကောင်းကြီးတွေပေါ့။ သူတို့က လူအားလုံးရဲ့ မှတ်ဉာဏ်ထဲမှာ ရှင်သန်နေကြတာ။ ဒီလိုလူတွေက မျိုးနွယ်စုမပျက်သရွေ့ သမိုင်းရှိနေသရွေ့ အမြဲတမ်းရှင်သန်နေနိုင်တယ်။ ဒါကြောင့် လူတော်တော်များများက နာမည်ကောင်းမရရင် နာမည်ဆိုးနဲ့ ကျန်ခဲ့မယ်လို့ အော်နေကြတာ၊ လူတွေမေ့သွားမှာစိုးလို့ပေါ့"
ယွီဟွေးဖေး ပါးစပ်အဟောင်းသားဖြစ်နေပြီး ဘေးက လျိုရှင်းကတော့ ကြောင်တောင်တောင်နဲ့ နားထောင်နေတယ်။
သရဲဖြူက "ဒါကြောင့် မင်းတို့ဒီမှာ စက္ကူမီးရှို့တာတွေက အလကားပဲ"
လျိုရှင်းက အလိုလိုခေါင်းညိတ်ပြီး "ဒါဆိုရင် ကျွန်မတို့လုပ်နေတာတွေက အဓိပ္ပာယ်မရှိတော့ဘူးပေါ့"
"ရှိတယ်" ယွီဟွေးဖေးက ရုတ်တရက် ဝင်ပြောတယ်။
"ငါတို့ စက္ကူမီးရှို့တာ၊ ဘိုးဘေးတွေကို ကန်တော့တာက ဘိုးဘေးတွေအပေါ်ထားတဲ့ လွမ်းဆွတ်မှုကို ဖော်ပြတဲ့နည်းလမ်းတစ်ခုပဲ။ ဒီလိုအခမ်းအနားမရှိရင် စိတ်ခံစားချက်ကို ထုတ်လွှတ်လို့မရဘူး၊ ဖော်ပြလို့လည်းမရဘူး။ ဒါပေမဲ့ အခမ်းအနားရှိရင် ဖော်ပြလို့ရတယ်၊ ဘိုးဘေးတွေကို ခံစားမိစေတယ်။ တစ်ပြိုင်နက်တည်းမှာပဲ နောက်မျိုးဆက်တွေကိုလည်း လွှမ်းမိုးနိုင်တယ်၊ သူတို့ကို ဘိုးဘေးတွေကို မှတ်မိစေတယ်၊ သားသမီးဝတ္တရားကို လက်ဆင့်ကမ်းတယ်။ နောက်ပြီး အခမ်းအနားရှိနေရင် ကိုယ့်ကိုယ်ကိုယ် သူတို့ကို ပိုပြီးလွမ်းဆွတ်မိတယ်လို့ နင်ခံစားရတယ်မလား"
"ဟုတ်တယ်နော်..."
"ဒါကြောင့် ငါတို့ တရုတ်ယဉ်ကျေးမှု နှစ်ငါးထောင်မှာ ပစ္စည်းတွေအများကြီး ပျောက်ဆုံးသွားပေမယ့် ဘိုးဘေးတွေကို ကန်တော့တဲ့ကိစ္စကတော့ ဘယ်တော့မှ မပျောက်ဆုံးခဲ့ဘူး။ ဘာလို့လဲဆိုတော့ ငါတို့ယဉ်ကျေးမှုရဲ့ အဓိကအချက်က သားသမီးဝတ္တရားပဲ၊ ဒီအခမ်းအနားက ယဉ်ကျေးမှုကို လက်ဆင့်ကမ်းတာ၊ သားသမီးဝတ္တရားကိုလည်း လက်ဆင့်ကမ်းတာ၊ ငါတို့ တရုတ်ဘိုးဘေးတွေရဲ့ ဉာဏ်ပညာကြီးမားမှုကိုလည်း လက်ဆင့်ကမ်းတာပဲ။ ဒါကြောင့် ဒီအခမ်းအနားကို မလျှော့သင့်တဲ့အပြင် တင်းတင်းကျပ်ကျပ် လိုက်နာသင့်တယ်"
လျိုရှင်းက ခေါင်းလေးကို တညိတ်ညိတ်နဲ့... ယွီဟွေးဖေးကို ကြည့်တဲ့အကြည့်တွေက ကြယ်လေးတွေတောင် ထွက်နေသလိုပဲ။
သူမအမြင်မှာ သရဲနက်နဲ့ သရဲဖြူက လူတွေ၊ တစ္ဆေတွေမဟုတ်ပေမယ့် ခုနက သူတို့ပြောပုံက တစ္ဆေတစ်ယောက်ရဲ့ ရှုထောင့်ကနေ ပြောနေတာ၊ လူသားတွေလုပ်သမျှ အရာအားလုံးက အသုံးမကျသလို ပြောနေတာကြောင့် သူမစိတ်ထဲမှာ မွန်းကျပ်နေခဲ့တာ။
ယွီဟွေးဖေးရဲ့စကားကတော့ လူသားတွေအတွက် တစ်ပွဲပြန်နိုင်လိုက်သလိုပဲ၊ ဒီခံစားချက်က အရမ်းရှယ်ပဲ။
ဒီကောင်မလေး လုံးဝမတွေ့လိုက်တာကတော့ သရဲနက်နဲ့ သရဲဖြူတို့က တိတ်တိတ်လေး ချွေ့ကျွယ်ကို အောင်ပွဲခံတဲ့ လက်ဟန်ပြနေတာပဲ။
ရှင်းရှင်းလင်းလင်းပဲ၊ ဒီတစ်ခါကတော့ ပြီးပြည့်စုံတဲ့ ကူညီမှုတစ်ခုပဲ။
ယွီဟွေးဖေးလည်း နားလည်သွားတာပေါ့။ မျက်လုံးထဲမှာ ကျေးဇူးတင်တဲ့အရိပ်အယောင်တွေ အပြည့်နဲ့။ ပြီးတော့ ယွီဟွေးဖေးက ဆက်ပြောတယ်။
"ဒီမီးရှို့ပြီးမှ ဖြစ်တယ်ဆိုတဲ့ စည်းကမ်းကိုပဲ ကြည့်လေ၊ ကြည့်ရတာတော့ ယင်ယန်တစ္ဆေစကားလိုပဲ။ တကယ်တော့ ရှေးလူကြီးတွေလည်း သိတယ်၊ သင်္ချိုင်းမှာ စက္ကူမီးရှို့ရင် မီးလောင်ကျွမ်းမှုဖြစ်လွယ်တယ်။ ဒါကြောင့် ဒီလိုစည်းကမ်းတစ်ခု ချမှတ်ထားလိုက်တော့ လူတွေက မီးပုံဘေးမှာ စောင့်နေရတယ်၊ မီးကုန်သွားတဲ့အထိ၊ မီးငြိမ်းသွားတဲ့အထိပေါ့။ ဒါက မီးဘေးကာကွယ်တာလေ"
လျိုရှင်းက ဆက်ပြီးခေါင်းညိတ်တယ် "ဟုတ်တယ်၊ ဟုတ်တယ်... ငါတို့ဘိုးဘေးတွေက တကယ်ပဲ ဒီစည်းကမ်းတွေထဲမှာ ဉာဏ်ပညာကို ဝှက်ထားတာပဲနော်"
ယွီဟွေးဖေးကတော့ ဂုဏ်ယူနေလိုက်တာ...
မီးကုန်သွားတော့ ယွီဟွေးဖေးက နှင်းတွေနဲ့ ပြာတွေကို ဖုံးအုပ်လိုက်ပြီး အားလုံးကိုခေါ်ကာ သူရဲကောင်းတွေကို သင်္ချိုင်းကန်တော့၊ စက္ကူမီးရှို့၊ ဂွမ်းကပ်အင်္ကျီပို့ဖို့ သွားကြတယ်။
တစ်ခုတည်းသော နှမြောစရာကတော့ ဒီမှာ သူရဲကောင်းတွေအများကြီးရှိပေမယ့် ကျန်းရွှမ်ကလွဲရင် တခြားသူတွေရဲ့နာမည်ကို သူတို့မသိကြဘူး။