ကယ်ဆယ်ရေးအဖွဲ့
Vol. 10 Ch. 140
သရဲဖြူပြောသလိုဆိုရင် ဒီမှာမီးရှို့တာက တကယ်အလကားပဲ။
ဒီသူရဲကောင်းတွေက အသက်နဲ့လဲပြီး အခုလိုကောင်းမွန်တဲ့ဘဝကို ရယူပေးခဲ့ပေမယ့် နောက်ဆုံးမှာ နာမည်တောင်မကျန်ခဲ့ဘူး၊ နောက်မျိုးဆက်တွေက ကန်တော့ချင်ရင်တောင် မရဘူး။
ယွီဟွေးဖေး စိတ်ထဲမှာ ဝမ်းနည်းသွားတယ်...
ပြီးသွားတော့ သူက ချင်ရှုကျွမ်းမောင်နှမကို စာပို့ပြီး သူတို့ဘက်က စုံစမ်းစစ်ဆေးမှု ဘယ်လိုရှိလဲလို့ မေးလိုက်တယ်။
ရလဒ်ကတော့ ယွီဟွေးဖေးကို စိတ်ပျက်စေတာပဲ။ လက်ရှိမှာ ဘာရလဒ်မှ မထွက်သေးဘူး။
ယွီဟွေးဖေးက မနက်စာစားဖို့ ထိုင်လိုက်တုန်းမှာပဲ ရွာထဲက အသံချဲ့စက်က မြည်လာတယ်။
သိလိုက်ပြီ။ ဒါ အရေးပေါ်အခြေအနေပဲ၊ ဒီနှင်းမုန်တိုင်းဘေးထက်တောင် ပိုဆိုးတယ်။
မဟုတ်ရင် အသံချဲ့စက်ကို သုံးမှာမဟုတ်ဘူး။
အသံချဲ့စက်ထဲကနေ "ရွာသူရွာသားအားလုံး သတိပြုကြပါ၊ အရေးပေါ်အကြောင်းကြားချက်၊ အရေးပေါ်အကြောင်းကြားချက်။ မိုးလေဝသဌာနက ရဲဘော်တွေ ဖုန်းဆက်လာပါတယ်၊ ငါတို့ရွာနဲ့အနီးဆုံး မိုးလေဝသစခန်းဖြစ်တဲ့ ရှို့လင်စခန်းက ဝန်ထမ်းတွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားလို့ ငါတို့ကို ကယ်ဆယ်ရေးမှာ ကူညီပေးဖို့ မျှော်လင့်ပါတယ်တဲ့။ စေတနာ့ဝန်ထမ်းလုပ်ချင်တဲ့ ရဲဘော်တွေ ရွာကောင်စီရုံးကို တစ်ခေါက်လာကြပါ။ အကြောင်းကြားချက်၊ အရေးပေါ်အကြောင်းကြားချက်..."
"ရှို့လင်စခန်း ဟုတ်လား။ အဲ့ဒါ အဝေးကြီးပဲ"
ယွီဟွေးဖေး ကောင်းကောင်းသိတယ်။ ရှို့လင်စခန်းက အရင်က သူတို့သွားခဲ့တဲ့ နောက်တောင်ထက်တောင် ဝေးသေးတယ်။ အဲ့ဒါက အရမ်းအရေးကြီးတဲ့ လေ့လာရေးစခန်းတစ်ခုလို့ ပြောကြတာပဲ။ မိုးလေဝသစခန်းတစ်ခုတည်းမဟုတ်ဘဲ နက္ခတ်တာရာလေ့လာရေးစခန်းတစ်ခုလည်း ရှိတယ်။
ကြားရတာတော့ အဲ့ဒီနက္ခတ်တာရာလေ့လာရေးစခန်းက အရမ်းနာမည်ကြီးတဲ့ နက္ခတ္တဗေဒပညာရှင်တစ်ယောက်က လှူဒါန်းတည်ဆောက်ထားတာတဲ့။
ကူလင်က နက္ခတ္တဗေဒပညာရှင်တွေကို သုံးဖို့ ပေးထားတာ...
တစ်ပြိုင်နက်တည်းမှာပဲ အဲ့ဒီချမ်းသာတဲ့ နက္ခတ္တဗေဒပညာရှင်ကလည်း အခါအားလျော်စွာ တစ်ခေါက်သွားတတ်တယ်။
ဒါပေမဲ့ အဲ့ဒီကိုသွားရတာ အရမ်းခက်ခဲတာမို့ တောင်ပေါ်လမ်းက လျှောက်ရခက်တယ်။
ဒါကြောင့် အဲ့ဒီမှာ သီးသန့် ရဟတ်ယာဉ်ကွင်းတစ်ခု ဆောက်ထားကြောင့် ရဟတ်ယာဉ်တွေ အသွားအပြန်ရှိတယ်။
အရင် ဒီသတင်းကြားတုန်းက လူတွေက အရမ်းအားကျကြပေမယ့် အခု လေပြင်းတိုက်၊ တောင်ထဲမှာ နှင်းမုန်တိုင်းကျနေတော့ ရဟတ်ယာဉ်က သေချာပေါက် မပျံနိုင်ဘူး။
အဲ့ဒီကလူတွေက ပိတ်မိနေလောက်ပြီ။
"နှင်းမုန်တိုင်းကြီးကျမယ်ဆိုတာ ကြိုသိနေတာကို ဘာလို့ စောစောမထွက်သွားကြတာလဲ။"
ပွစိပွစိပြောနေပေမယ့် ယွီဟွေးဖေးကတော့ ရွာလူကြီးရုံးကို တစ်ခေါက်သွားလိုက်တယ်။
ဘာပဲဖြစ်ဖြစ် လူ့အသက်က အရေးကြီးတယ်လေ၊ သူလည်း အခြေအနေအတိအကျကို သိချင်တာလည်းပါတာပေါ့။
နေရာရောက်တော့ အဘိုးကြီးတစ်အုပ်က ရုံးထဲမှာ ထိုင်နေကြတယ်။ မီးဖိုက မီးသိပ်မကောင်းဘူးထင်တယ်၊ အတွင်းက ပြောင်းဖူးရိုးတွေက တဖျတ်ဖျတ်မြည်ပြီး မီးခိုးတွေထွက်နေလေရဲ့။
ပြီးတော့ ဆေးလိပ်သမားအဘိုးကြီးတချို့က အဲ့ဒီမှာ ဆေးလိပ်သောက်နေတော့ အခန်းထဲက မီးလောင်နေသလိုပဲ၊ မီးခိုးငွေ့တွေက နှာခေါင်းစပ်တယ်။
ဒါပေမဲ့ ယွီဟွေးဖေးကတော့ နေရာတစ်ခုရှာပြီး နှာခေါင်းပိတ်ပြီး ထိုင်လိုက်တယ်။
တဖြည်းဖြည်းနဲ့ လူတွေလာကြတော့ အားလုံးက ယွီဟွေးဖေးရောက်လာတာကို သိပ်သတိမထားမိကြဘူး။
ရွာသူကြီးအဘိုးကြီး ကျန်းစန်းရှန်းက အဲ့ဒီမှာထိုင်ပြီး ဆေးတံကြီးကိုဖွာရင်း "လူစုံလောက်ပြီ၊ မစောင့်တော့ဘူး။ ကိစ္စကို ငါ အသံလွှင့်စက်ထဲမှာ ရှင်းရှင်းလင်းလင်း ပြောပြီးပြီ၊ မိုးလေဝသစခန်းက ရဲဘော်တွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားတယ်၊ အခြေအနေအတိအကျကို ဘယ်သူမှမသိဘူး"
အဘိုးကြီးတစ်ယောက်က မျက်မှောင်ကြုတ်ပြီး "ဒီနှင်းမုန်တိုင်းက ရက်အနည်းငယ်ကျနေပြီ၊ ကြားထဲမှာ ခဏရပ်သွားပေမယ့် အဲ့ဒီအချိန်လေးနဲ့ ဘာမှလုပ်လို့မရဘူး။ ဒီလောက်ကြီးတဲ့နှင်းနဲ့ တောင်ထဲမှာ ပိုပြီးသွားရခက်တယ်... ကယ်ဆယ်ရေးသွားရတာ မလွယ်ဘူး"
ရွာသူကြီးအဘိုးကြီးက ခေါင်းခါပြီး "ဘယ်လောက်အခြေအနေဆိုးတယ်တော့ ငါသေချာမသိဘူး၊ ဒါပေမဲ့ သူတို့က ဒီတစ်ခါ ကြီးမားတဲ့ဘေးအန္တရာယ်ရာသီဥတုအောက်မှာ ပြည်သူတွေရဲ့ဘေးကင်းလုံခြုံမှုကို သေချာစေဖို့၊ သူတို့က အဲ့ဒီမှာ လူတစ်ယောက်ယောက် ခဏလောက်နေပေးဖို့လိုတယ်"
"ဒါမှ အတိအကျဆုံး ရာသီဥတုသတင်းအချက်အလက်ကို ရနိုင်မှာ။ ဒါမှ တိကျတဲ့ညွှန်ကြားမှုပေးပြီး ဘေးအန္တရာယ်ကို တိုက်ဖျက်နိုင်မှာ။ ကျန်ခဲ့တာက ကိုယ်တိုင်တောင်းဆိုပြီး ကျန်ခဲ့တဲ့ လေ့လာရေးမှူးနှစ်ယောက်ပဲ"
"ခန့်မှန်းရသလောက်ဆိုရင် သူတို့ မနေ့ကတည်းက ထွက်သွားသင့်တာ။ ဒါပေမဲ့... မနေ့က မုန်တိုင်းက ရုတ်တရက် ပိုပြင်းလာတော့ လက်လျှော့လိုက်ရတယ်။ မနေ့က ညသန်းခေါင်မှာ သူတို့ အကူအညီတောင်းတဲ့အချက်ပြမှု ပေးပို့ပြီးတော့ သတင်းအချက်အလက်မရှိတော့ဘူး။ အားလုံးပဲ... လူ့အသက်က အရေးကြီးတယ်။ ငါ စကားအများကြီးမပြောချင်ဘူး။ ပြော... ဘယ်သူသွားမလဲ"
ဒီအထိကြားတော့ အဘိုးကြီးတစ်အုပ်က တိတ်ဆိတ်သွားကြတယ်။
ရှို့လင်ဆိုတဲ့နေရာက နှင်းကြီး၊ လေကြီးတယ်လို့ နာမည်ကြီးတယ်ဆိုတာ မြောက်ပိုင်းတောင်တန်းတွေမှာ အမြဲတမ်းနေထိုင်တဲ့လူတွေက သိကြတာပေါ့။
ဒီနေရာက အနောက်၊ မြောက်၊ အရှေ့ဘက်တွေက တောင်တွေပဲ။
အနောက်မြောက်ဘက်မှာတော့ အပေါက်တစ်ခုရှိတယ်၊ ဆိုက်ဘေးရီးယားကလာတဲ့ လေအေးက အပေါက်ကနေ တိုက်ရိုက်တိုက်ခတ်လာတော့ တခြားနေရာတွေထက် လေပြင်းပိုတိုက်တယ်။
တခြားနေရာတွေမှာ လေအေးအေး၊ ဒီမှာက လေအလတ်။
တခြားနေရာတွေမှာ လေအလတ်၊ ဒီမှာက လေပြင်း။
တခြားနေရာတွေမှာ လေပြင်း၊ ဒီမှာက လေပြင်းမုန်တိုင်း။
ပြီးတော့ ရောက်လာတော့မှာက မုန်တိုင်း၊ ဒီမုန်တိုင်းက ရှို့လင်မပြောနဲ့၊ တခြားနေရာတွေမှာတောင် ဘေးအန္တရာယ်ကြီးပဲ။
ရှို့လင်ဒီလေဝင်ပေါက်မှာ လေဘယ်လောက်တိုက်မလဲဆိုတာ မပြောဘဲနဲ့တောင် စိတ်ကူးကြည့်လို့ရတယ်။
ရှို့လင်စခန်းကိုသွားရတာ သစ်ပင်မရှိတဲ့ ကောင်းကင်မှာပျံတဲ့ ရဟတ်ယာဉ်မပြောနဲ့ မြေပေါ်မှာ သစ်ပင်တွေက လေကာပေးထားတာတောင် ဝင်သွားရခက်တယ်။
အဲ့ဒီမှာ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ကုန်ဆုံးရတဲ့ခွန်အားက ကြီးမားတယ်။
ဒီအချိန်မှာ လူ့စွမ်းအားက သဘာဝတရားရှေ့မှာ တကယ်ပဲ ပြောပလောက်အောင်မရှိဘူး။
"လေ့လာရေးစခန်းထဲမှာ ပစ္စည်းတချို့တော့ ရှိသင့်တယ်၊ သူတို့ ခဏလောက်တော့ ခံနိုင်မှာပါနော်" ယွီဟွေးဖေးက ရုတ်တရက်မေးတယ်။
ရွာသူကြီးက "ရှိတယ်။ ဒါပေမဲ့ သူတို့ အဲ့ဒီထဲမှာ ဆယ်ရက်ကျော်နေပြီ၊ သူတို့အစားအစာက အများဆုံး သုံးရက်ပဲ ခံနိုင်တော့မယ်"
ယွီဟွေးဖေးက မျက်မှောင်ကြုတ်ပြီး "ဒါ... တော်တော်အရေးကြီးနေပြီပဲ"
ရွာသူကြီး ကျန်းစန်းရှန်းက "ဟုတ်တယ်... အခု နှင်းတွေက တောင်တွေကို ဖုံးလွှမ်းနေပြီ။ တောင်ပေါ်မှာ လမ်းမရှိသလောက်ပဲ၊ လူတွေ လျှောက်တက်လို့မရတော့ဘူး။ ကယ်ဆယ်ရေးအဖွဲ့မှာ နှင်းတောထဲမောင်းတဲ့ ဆိုင်ကယ်တွေရှိပေမဲ့ သူတို့က ဒီလမ်းတွေကို မကျွမ်းကျင်ဘူး။ မတော်လို့ လျှိုထဲကျသွားမှာစိုးတယ်။ ဒါကြောင့် ငါတို့ရွာကို ဆက်သွယ်လာတာ၊ ငါတို့ရွာက တောင်တန်းတွေကို ကျွမ်းကျင်တဲ့ မုဆိုးတွေက ရှေ့ထွက်ပြီး ဘာမှလုပ်စရာမလိုဘဲ လမ်းညွှန်ပေးရုံပဲ"
ဒီစကားကြားတော့ လူတော်တော်များများက စိတ်ဝင်စားသွားကြတယ်။
သူတို့က သွေးမဆူတာမဟုတ်ဘူး၊ အသက်က တကယ်ကြီးနေပြီ၊ သူတို့ကို တောင်တက် နှင်းတောထဲလျှောက်ခိုင်းတာက သေခိုင်းတာနဲ့တူတူပဲ။
ဒါပေမဲ့ နှင်းဆိုင်ကယ်ရှိပြီး လမ်းညွှန်ရုံပဲဆိုရင်တော့ သူတို့ စမ်းကြည့်လို့ရတယ်။
သူတို့ ဘာမှမပြောခင်မှာပဲ ယွီဟွေးဖေးက လက်ထောင်ပြီး "ဒါဆိုရင်တော့ ကျွန်တော်ပဲ သွားလိုက်ပါ့မယ်"
"မင်းသွားမယ် ဟုတ်လား" လူတွေက လှည့်ပြီး ယွီဟွေးဖေးကို ကြည့်ကြတယ်။
အားလုံးက ယွီဟွေးဖေးကို မစိမ်းကြဘူး၊ ဒါပေမဲ့ ဒီနှစ်နှစ်အတွင်း ယွီဟွေးဖေးက တက္ကသိုလ်တက်၊ လာပြီးတော့လည်း အိမ်တွင်းပုန်း၊ သူ့အဘိုးနဲ့အတူ နေ့တိုင်း သင်္ချိုင်းမှာပဲ နေနေတော့ လူတွေက သိပ်မတွေ့ကြတော့ဘူး။
တကယ်တော့ ဒီအချိန်မှာ လာနိုင်တဲ့သူတွေကလည်း ရှို့လင်ရွာရဲ့ ဇာတိရွာသားတွေပဲ။
ဘာလို့လဲဆိုတော့ သူတို့က ငယ်ငယ်ကတည်းက ဒီတောင်တန်းတွေမှာ ကြီးပြင်းလာကြတာ၊ ပြီးတော့ အဘိုးကြီးတော်တော်များများက မုဆိုးမျိုးရိုးတွေ၊ နောက်တောင်တန်းတွေကို အရမ်းကျွမ်းကျင်ကြတယ်။
အပြင်ကနေ စီးပွားရေးလာလုပ်တဲ့သူတွေကတော့ နောက်တောင်ကို မသွားရဲကြဘူး၊ ဝက်ဝံတွေ၊ တောဝက်တွေနဲ့ တွေ့မှာစိုးကြတယ်။ ဒါကြောင့် နောက်တောင်ကို လုံးဝမသိတဲ့သူတို့ကလည်း လာပြီးမရှုပ်ကြဘူး။
ယွီဟွေးဖေးကိုတွေ့တော့ စွန်းအဘိုးကြီးက ရယ်ပြီး "မင်းကောင်လေး နောက်တောင်ကို မသွားတာ အတော်ကြာပြီထင်တယ်။ နောက်တောင်ရဲ့ပြောင်းလဲမှုက မသေးဘူးနော်... ပြီးတော့ နှင်းကျပြီးနောက်မှာ လျှိုတွေအများကြီးက ပြားသွားပြီ။ နောက်တောင်ကို သိပ်မသိတဲ့လူက ဝင်သွားရင် သေဖို့ပဲ။ ဒါက မင်းကို နောက်နေတာမဟုတ်ဘူး"
စွန်းအဘိုးကြီး စကားစလိုက်တာနဲ့ တခြားအဘိုးကြီးတွေက လိုက်ပြောကြတယ် "ဟုတ်တယ်၊ ကောင်လေး မရှုပ်နဲ့တော့"
"လျှောက်မလုပ်နဲ့... မင်းကတော့ အိမ်မှာပဲနေနေတာကောင်းတယ်"
"ဟုတ်တယ်... မင်းကောင်လေး အိမ်မှာနေတာက အပြင်ထွက်တာထက် ကောင်းတယ်"
ယွီဟွေးဖေးက မျက်မှောင်ကြုတ်သွားရော။ သူလည်း နောက်တောင်က အန္တရာယ်များမှန်းသိတယ်၊ ဒါပေမဲ့ နောက်တောင် ဘယ်လောက်ပဲ အန္တရာယ်များများ၊ သူ့လိုလူငယ်တစ်ယောက်သွားတာက ဒီအဘိုးကြီးတွေသွားတာထက်တော့ ကောင်းမှာပဲ။
ဒီအဘိုးကြီးတွေထဲမှာ အသက်အငယ်ဆုံးကတောင် ခုနစ်ဆယ်နားကပ်နေပြီ၊ လက်ခြေတွေက သန်မာနေသေးပေမယ့် တောင်တက်မယ် ဟုတ်လား။
နောက်မနေကြနဲ့...
ယွီဟွေးဖေးက ပြုံးဖြီးဖြီးနဲ့ "အားလုံးပဲ... နောက်တောင်ကို သိကျွမ်းမှုမှာတော့ ကျွန်တော် ခင်ဗျားတို့လောက် မရှိနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်က ငယ်တယ်လေ"
အရမ်းကို ဂုဏ်ယူတဲ့ပုံစံနဲ့ ပြောလိုက်တဲ့အသံကို အဘိုးကြီးတွေ ကြားလိုက်တော့ ဒေါသထွက်ပြီး နှုတ်ခမ်းမွှေးတွေ၊ မုတ်ဆိပ်မွှေးတွေ ထောင်တက်လာတော့တာပဲ။
"ငယ်တာက ဘာအသုံးကျမှာလဲ၊ ကယ်ဆယ်ရေးအဖွဲ့ကလည်း လူငယ်တွေချည်းပဲ မဟုတ်လား။ နောက်ဆုံးတော့ ငါတို့လို အဘိုးကြီးတွေကိုပဲ အားကိုးရတာမဟုတ်လား"
ယွီဟွေးဖေးက ခေါင်းခါပြီး "ဒါမတူဘူး။ သူတို့က မြေမျက်နှာသွင်ပြင်ကို မသိတာ။ နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်က သူတို့ထက် မြေမျက်နှာသွင်ပြင်ကို ပိုသိတယ်၊ ခင်ဗျားတို့ထက် လက်ခြေတွေက ပိုသန်မာတယ်။ တကယ်ပြောရရင် ခင်ဗျားတို့ရဲ့ ဒီခန္ဓာကိုယ်နဲ့ နောက်တောင်သွားရင် ခင်ဗျားတို့ အမြင့်မှာ အောက်ဆီဂျင်ပြတ်ပြီး ပြန်မလာနိုင်မှာကို ကျွန်တော်စိုးရိမ်တယ်"
ဒီစကားက တော်တော်စော်ကားတာပဲ၊ အဘိုးကြီးတော်တော်များများက တန်းတန်းမတ်မတ်ပဲ ကိုယ့်တုတ်ကောက်ကို ရှာပြီး လူရိုက်ဖို့ပြင်နေကြပြီ။
သူက မကြောက်ဘဲ ပြုံးဖြီးဖြီးနဲ့ "တော်ပြီ အဘိုးကြီးတို့၊ ဒီကိစ္စကို ကျွန်တော်ပဲ သွားလိုက်ပါ့မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဝံပုလွေပါးစပ်ထဲကနေ လူကယ်ခဲ့ဖူးတာ၊ အတွေ့အကြုံနည်းနည်းတော့ ရှိပါတယ်"
ဒီအဘိုးကြီးတွေနဲ့ အရမ်းရင်းနှီးတယ်၊ ဒီခေါင်းမာတဲ့ အရှေ့မြောက်ပိုင်းအဘိုးကြီးတွေက မျက်နှာကိုသေလောက်အောင် တန်ဖိုးထားတဲ့ကောင်တွေမှန်းသိတယ်လေ၊ ကောင်းကောင်းပြောရင် အတော်ကြာအောင် ငြင်းခုံနေရဦးမှာ။
ဒါကြောင့် တန်းဆော်ထည့်တာပဲ...
တကယ်တော့ အဘိုးကြီးတွေလည်း သူတို့တက်သွားရင် ပြန်မထွက်နိုင်မှာကို စိုးရိမ်ကြတယ်။
အခု ယွီဟွေးဖေးက စကားပြောတာကလည်း စိတ်တိုစရာ၊ ကြည့်ရတာကလည်း စိတ်တိုစရာ၊ ဒီတော့ အဘိုးကြီးတချို့က ခြေထောက်ဆောင့်ပြီး ခွင့်ပြုရတော့တာပေါ့။
"မင်းသေချင်ရင် သွား... ငါတို့ မင်းကို ဂရုမစိုက်တော့ဘူး"
ယွီဟွေးဖေးကို အသိဆုံး စွန်းအဘိုးကြီးကတော့ ယွီဟွေးဖေး ဘာကြံစည်နေလဲဆိုတာ နားလည်တယ်။
"ကောင်လေးယွီ... တကယ်တမ်းပြောရရင် မင်း ယုံကြည်မှုရှိရဲ့လား"
"တကယ်တော့ ကိစ္စက အားလုံးထင်သလောက် မရှုပ်ထွေးပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တစ်ယောက်တည်း တောင်ထဲဝင်တာမဟုတ်ဘူး၊ ကျွန်တော်နဲ့အတူ ကယ်ဆယ်ရေးအဖွဲ့ကလူတွေလည်း ပါသေးတယ်။ အဲ့ဒီအချိန်ကျရင် ကျွန်တော်ရှေ့ကနေသွား၊ တတ်နိုင်သလောက် လျှိုတွေကို ရှောင်... အဲ့ဒီအချိန်ကျရင် အရှိန်နည်းနည်းလျှော့၊ တကယ်ပဲ လျှိုရှိရင်တောင် လူအများကြီးပဲဆိုတော့ ဆွဲတင်လို့ရမှာပါ။ ပြီးတော့ ခင်ဗျားတို့ကို သွားခိုင်းရင်တောင် ခင်ဗျားတို့ ဒီလောက်နှစ်တွေ တောင်ထဲမဝင်တာ၊ ဘယ်သူက နောက်ဆုံးနှစ်နှစ်အတွင်း တောဝက်တူးထားတဲ့ တွင်းတွေကို အကုန်သိတယ်လို့ အာမခံနိုင်မှာလဲ။ ကျွန်တော်တို့သွားတာက တတ်နိုင်သလောက် အန္တရာယ်ကို လျှော့ချပြီး စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ပဲ။ ကျွန်တော်ခန္ဓာကိုယ်ကောင်းတယ်၊ သွားရင် ခင်ဗျားတို့ထက် စွမ်းဆောင်ရည်ပိုကောင်းနိုင်တယ်"
အဘိုးကြီးတွေ ကြားလိုက်တော့ တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ကြရင်း ယွီဟွေးဖေးရဲ့ပြောစကားကို လက်ခံလိုက်ကြတယ်။
အဲ့ဒီအချိန်မှာ တံခါးဖွင့်လာပြီး မျက်မှန်တပ်ထားတဲ့ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် ဝင်လာတယ်၊ ဒီလူရဲ့ခန္ဓာကိုယ်က အရမ်းသန်မာပေမဲ့ GYM ဆရာလို ကြွက်သားတွေထွက်နေတဲ့ပုံစံမျိုးမဟုတ်ဘူး၊ သူ့ရဲ့အရှိန်အဝါက သူအရမ်းသန်မာတယ်ဆိုတဲ့ ခံစားချက်ကို ပေးမေတာမျိုး။ သူ့ပခုံးက ကောင်းကင်ကိုတောင် ထမ်းထားနိုင်သလိုပဲ၊ ဒါက ယုံကြည်အားကိုးလို့ရတဲ့လူတစ်ယောက်၊ အရမ်းကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့လူတစ်ယောက်ပဲ။
သူ့နောက်မှာ ကျော့ရှင်းတဲ့ လူငယ်တစ်ယောက် လိုက်လာတယ်၊ ဒီလူငယ်က ကျော့ရှင်းတာ နည်းနည်းလွန်တယ်။
ဆံပင်မရှည်ဘူး၊ ရုပ်ရည်ကျော့ရှင်းပြီး မျက်လုံးတွေက ထက်မြက်တဲ့ရောင်ဝါနဲ့ ဂျုံဖြူရောင်အသားအရေက သူ့ကို အရမ်းကျန်းမာတဲ့ပုံပေါက်စေတာ။
သူ့အသားအရေက မနူးညံ့ဘူး၊ လေတိုက်နေပူခံထားတဲ့ အရိပ်ယောင်တွေ ရှိတယ်၊ ဒါက အရမ်းကျန်းမာပြီး တက်ကြွတဲ့လူငယ်တစ်ယောက်ပဲ။
ယွီဟွေးဖေးက အလိုလိုပဲ တစ်ဖက်လူရဲ့ရင်ဘတ်ကို တစ်ချက်ကြည့်ပြီး ကိုယ့်ရင်ဘတ်နဲ့ နှိုင်းယှဉ်ကြည့်လိုက်တယ်၊ အတူတူလောက်ပဲ...
တစ်ဖက်လူရဲ့ ခါးသေးသေးလေးကို ကြည့်လိုက်တော့ အပေါ်မှာ ခါးပတ်အိတ်တွေ ဘာတွေ ချိတ်ထားတယ်၊ ပြီးတော့ လေကာအင်္ကျီကြီးနဲ့ဆိုတော့ နည်းနည်းဖောင်းကားနေတယ်...
ဒါပေမဲ့ ယွီဟွေးဖေးကတော့ သူ့နားမှာ နားကပ်ပေါက်ရှိတာကို တွေ့လိုက်တယ်၊ အခြေခံအားဖြင့်တော့ ဒါက မိန်းကလေးတစ်ယောက်ဖြစ်မယ်ဆိုတာ သေချာသလောက်ပဲ။
အမျိုးသမီးရဲ့မျက်လုံးတွေက ထက်မြက်ပေမယ့် အဘိုးကြီးတွေကိုတွေ့တော့ အလိုလိုပဲ ရုပ်သိမ်းလိုက်ပြီး အဘိုးကြီးတွေအပေါ်မှာ လုံလောက်တဲ့လေးစားမှုကို ပြသတယ်။