ခွေးလိမ္မာ
Vol. 10 Ch. 141
အမျိုးသမီးက ယွီဟွေးဖေးရဲ့ မရှောင်မတိမ်း၊ အတားအဆီးမဲ့တဲ့ အကြည့်ကို တွေ့လိုက်တော့ သူ့ကို ဒေါသတကြီး တစ်ချက်စိုက်ကြည့်ပြီး အဖက်မလုပ်တော့ဘူး။
ယွီဟွေးဖေးလည်း နှာခေါင်းကိုပွတ်ပြီး ဒီကိစ္စမှာ ကိုယ်မှားမှန်းသိတော့ ဘာမှမပြောဘဲ တိတ်တိတ်လေး ဟိုဘက်က အခြေအနေကို ကြည့်နေလိုက်တယ်။
လူလတ်ပိုင်းအရွယ်အမျိုးသားက "ရွာသူကြီး... အချိန်က အရမ်းအရေးကြီးနေပြီ။ ခင်ဗျားတို့ဘက်က ဆွေးနွေးပြီးပြီလား"
ကျန်းစန်းရှန်းက ခေါင်းညိတ်ပြီး "ပြီးပြီ ခေါင်းဆောင်စုန့်။ ငါတို့ဘက်က ရလဒ်ထွက်ပြီ"
ခေါင်းဆောင်စုန့်က အခန်းထဲက ဆံပင်ဖြူအဘိုးကြီးတွေကို ကြည့်ပြီး ခါးသီးစွာပြုံးကာ ဦးညွှတ်အရိုအသေပေးရင်း "တောင်းပန်ပါတယ်ဗျာ... ဒီအချိန်မှာ ခင်ဗျားတို့ကို ဒုက္ခပေးရတော့မယ်။ ဒါပေမဲ့ ကျုပ်တို့ တကယ်ပဲ မတတ်နိုင်တော့လို့ပါ၊ အတွင်းက ရဲဘော်တွေလည်း သိပ်ကြာကြာ မစောင့်နိုင်တော့ဘူး။ ခင်ဗျားတို့ကို အားကိုးပါရစေ"
ဒီစကားထွက်လာတာနဲ့ အဘိုးကြီးတစ်အုပ်က မျက်နှာတွေနီရဲသွားပြီး ဒေါသအကြီးဆုံးအဘိုးကြီးတစ်ယောက်က ယွီဟွေးဖေးကို လက်ညှိုးထိုးပြတော့တာပဲ။
"ငါတို့ကို ကျေးဇူးမတင်နဲ့ ဦးမညွှတ်နဲ့။ ငါတို့မသွားဘူး၊ သူသွားလိမ့်မယ်"
ခေါင်းဆောင်စုန့်က အဘိုးကြီးရဲ့လက်ညှိုးထိုးတဲ့ တံခါးဝဘက်ကို လိုက်ကြည့်လိုက်တော့ ရှေးဟောင်းအနီရောင်ဝတ်ရုံဝတ်ထားတဲ့ လူငယ်တစ်ယောက်က သူ့ကို ပြုံးပြနေတာကို တွေ့လိုက်ရတယ်။
ဒီသန်မာတဲ့အမျိုးသား ကြောင်သွားပြီး သံသယအပြည့်နဲ့ "သူ ဟုတ်လား"
ယွီဟွေးဖေးက ခေါင်းညိတ်ပြီး "ဟုတ်တယ်... ကျွန်တော်ပဲ။ ဦးညွှတ်စရာမလိုပါဘူး၊ မြန်မြန်လုပ်ကြစို့၊ မြန်လေကောင်းလေပဲ"
ခေါင်းဆောင်စုန့်က ခါးသီးစွာပြုံးပြီး "ဒါ... ကောင်လေး၊ ငါ မင်းကို အထင်သေးတာမဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒီနောက်တောင်ကို ငါကြားရတာ နှစ်တွေအများကြီး ဘယ်သူမှမဝင်ဖူးဘူးတဲ့။ သတ္တိရှိတဲ့သူတချို့တောင် အများဆုံးတော့ အစပိုင်းလေးဝင်ပြီး သစ်သီးသစ်ဥတူးရုံပဲ။ ငါတို့ ဒီတစ်ခါသွားမှာက တောင်နက်ထဲကိုနော်... မင်း တကယ်ပဲ နိုင်ရဲ့လား"
"ခေါင်းဆောင်စုန့်... ကျွန်တော်ထင်တာတော့ သူ မနိုင်ဘူး" မိန်းကလေးက ဝင်ပြောတယ်။
ခေါင်းဆောင်စုန့် ဘာမှမပြောခင်မှာပဲ ယွီဟွေးဖေးက "ကျွန်တော်မနိုင်ဘူး ဟုတ်လား။ ကျွန်တော်မနိုင်ရင်တော့ ခင်ဗျားတို့ ကိုယ့်ဘာသာကိုယ် တောင်တက်ကြတော့။ ခင်ဗျားတို့လည်း တွေ့တဲ့အတိုင်းပဲလေ ဒီတို့ရွာမှာ နောက်တောင်ကို သွားနိုင်တဲ့သူတွေ အကုန်ရောက်နေပြီ။ အားလုံးက ဒီလိုအဘိုးကြီးတွေချည်းပဲ..."
"အဘိုးကြီးတွေ ဘာဖြစ်လဲ။ သူတို့ အတွေ့အကြုံရှိတယ်၊ မင်းထက်တော့ သာမှာပဲ။ သူတို့လမ်းပြရင် ငါစိတ်ချတယ်"
ယွီဟွေးဖေးက မိန်းကလေးကို ကြည့်တဲ့အကြည့်က တဖြည်းဖြည်းအေးစက်လာပြီး မထီမဲ့မြင်နဲ့ တစ်ချက်ပြုံးလိုက်လေရဲ့။
"မင်းမျက်လုံးထဲမှာ တာဝန်ပဲ ရှိတာလား။ ဒါမှမဟုတ် မင်းထင်တာ တောင်ထဲက အဲ့ဒီရဲဘော်နှစ်ယောက်က ဒီမှာထိုင်နေတဲ့ ငါ့အဘိုးတွေရဲ့အသက်ထက် ပိုအရေးကြီးတယ်လို့လား"
ဒီစကားထွက်လာတာနဲ့ မိန်းကလေး ကြောင်သွားတယ်၊ သူမ ခုနက စိတ်လှုပ်ရှားပြီး တာဝန်ပြီးမြောက်ဖို့ပဲ စဉ်းစားနေတာ၊ ဒီအဘိုးကြီးတွေရဲ့အသက်နဲ့ ဒီတစ်ခါရဲ့အန္တရာယ်ကို ထည့်မစဉ်းစားမိဘူး။
ခေါင်းဆောင်စုန့်က "ထန်ယွမ်း... ဒီတစ်ခါ မင်းမှားပြီ"
မိန်းကလေးထန်ယွမ်း ကြားလိုက်တော့ နှုတ်ခမ်းလေးကိုက်ပြီး အဘိုးကြီးတွေကို လှည့်ပြီး အရိုအသေပေး တောင်းပန်ရတော့တာပေါ့။
"တောင်းပန်ပါတယ်၊ ခုနက ကျွန်တော် စကားမှားသွားပါတယ်"
အဘိုးကြီးတွေက ခေါင်းခါပြီး "မင်းတို့ကလေးတွေ ရန်ဖြစ်တာ ငါတို့ကို မထည့်နဲ့"
စွန်းအဘိုးကြီးက ပြုံးဖြီးဖြီးနဲ့ "ကောင်လေး စိတ်ထဲမထားနဲ့။ ဒီကောင်လေးက ပါးစပ်သန်တာ၊ မင်းသူနဲ့ ရန်ဖြစ်ရင် ရှုံးတာ ပုံမှန်ပါပဲ။ ဒါပေမဲ့ ဒီကောင်လေးက တကယ်ပဲ အားကိုးရတယ်နော်၊ မင်းတို့စိတ်ချထားပါ။ ငါတို့အဘိုးကြီးတွေက မင်းတို့ကို မလိမ်ညာပါဘူး"
အဘိုးကြီးတွေအားလုံး ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ကြတယ်။
ယွီဟွေးဖေးကို မကျေနပ်ပေမယ့် ခေါင်းဆောင်စုန့်၊ ထန်ယွမ်းကိုယှဉ်ရင် သူတို့က ယွီဟွေးဖေးနဲ့ တစ်ဖွဲ့တည်း၊ ဒီအချိန်မှာ ကိုယ့်လူကို မျက်နှာသာပေးရမယ်လေ။
ခေါင်းဆောင်စုန့်က ယွီဟွေးဖေးကို ကြည့်ပြီး "မင်း တကယ်နိုင်ရဲ့လား"
ယွီဟွေးဖေးက လေးနက်တဲ့ပုံစံနဲ့ ခေါင်းဆောင်စုန့်ကို ကြည့်ပြီး "ကျွန်တော် ငယ်သေးတယ်၊ မသေချင်သေးဘူး"
ခေါင်းဆောင်စုန့် ကြောင်သွားရော။ ယွီဟွေးဖေးက ဒီလိုပြန်ဖြေမယ်လို့ မထင်ထားဘူးကိုး။ ဒါပေမဲ့ ဒီလိုပြောလိုက်တော့ သူ စိတ်အေးသွားပြီ။ ဒါပေမဲ့ ခေါင်းဆောင်စုန့်က ယွီဟွေးဖေးရဲ့မျက်လုံးတွေက ထန်ယွမ်းကို ခိုးကြည့်နေတာကို တွေ့တော့ မျက်မှောင်ကြုတ်ပြီး စိတ်ထဲမှာတော့...
‘ဒီကောင်လေးက အလှမြင်ပြီး သတ္တိတွေဝင်လာတာ မဟုတ်လား’
ဒါကြောင့် ခေါင်းဆောင်စုန့်က "ညီလေး... ထန်ယွမ်းက ယောက်ျားလေးနော်"
ယွီဟွေးဖေး ကြောင်သွားပြီးတော့ နှာခေါင်းကိုပွတ်ပြီး အနေရခက်တဲ့ပုံစံနဲ့ "အဲ... ကျွန်တော်သိပါတယ်၊ သူ့ရင်ဘတ်က ကျွန်တော့်လောက်တောင် မကြီးဘူးလေ၊ ဘယ်လိုလုပ် မိန်းကလေးဖြစ်မှာလဲ"
မိန်းကလေးက ယွီဟွေးဖေးကို ဒေါသတကြီး တစ်ချက်စိုက်ကြည့်ပြီး "ပါးစပ်စွာလိုက်တာ... ယောက်ျားကြီးက အနီရောင်အင်္ကျီဝတ်တယ်ပေါ့။ မိန်းမလျာကြီး"
ယွီဟွေးဖေးကလည်း ဘယ်လိုစိတ်ဓာတ်မျိုးလဲ၊ သူက အရှုံးမခံတတ်ဘူးလေ၊ မျက်ခုံးပင့်ပြီး "ဟေ့... မင်း ဘယ်သူ့ကို ပြောတာလဲ"
"မင်းကို ပြောတာ"
ထန်ယွမ်း မျက်လုံးပြူးပြီး ပြောလိုက်တော့ ယွီဟွေးဖေးက စိတ်မဆိုးဘဲ သူမရဲ့ဘောင်းဘီကြားကို ကြည့်ပြီး ဟီးခနဲရယ်တော့တာပဲ။
"ယောက်ျားဟုတ်မဟုတ်က အကြီးအသေးနဲ့ ဆုံးဖြတ်တာ၊ ယှဉ်ကြည့်မလား"
ဒီစကားထွက်လာတာနဲ့ ရှိနေတဲ့လူအားလုံး ကြောင်တောင်တောင်ဖြစ်သွားကြတယ်။
ထန်ယွမ်းကတော့ မျက်လုံးတွေပြူးကျယ်ပြီး စကားတောင်မပြောနိုင်တော့ဘူး။ ခေါင်းဆောင်စုန့်လည်း ပါးစပ်ဟပြီး ဘာပြောရမှန်းမသိ ဖြစ်သွားတယ်။
အဲ့ဒီရက်ရောတဲ့အဘိုးကြီးတွေကလည်း ကိုယ့်လူကို ကာကွယ်တဲ့ကောင်တွေ။ ယွီဟွေးဖေးက ရှို့လင်ရွာသားမဟုတ်ပေမယ့် ဒီကောင်လေးက ငယ်ငယ်ကတည်းက ဒီဘက်မှာ ကစားကြီးပြင်းလာတာ။ ပြီးတော့ ယွီဟွေးဖေးက ဒီတစ်ခါ ကိုယ်တိုင်ရှေ့ထွက်ပြီး သူတို့အတွက် အန္တရာယ်များတဲ့တောင်ထဲကို ဝင်ပေးတာ၊ ဒါက သူတို့အမြင်မှာတော့ အရမ်းကျေးဇူးတင်စရာပဲ။
ပြီးတော့ ယွီဟွေးဖေးက ဘယ်လောက်ပဲဝေးဝေး၊ ခေါင်းဆောင်စုန့်တို့ထက်တော့ နီးတာပေါ့။
ဒါကြောင့် အရှက်မရှိတဲ့အဘိုးကြီးတစ်ယောက်က အရင်ဆုံးအော်တယ်
"လာ... ဘောင်းဘီချွတ်ပြီး ယှဉ်ကြည့်ကြ"
"အားလုံး ယောက်ျားတွေပဲ။ မရှက်နဲ့... တကယ်ယှဉ်ကြည့်လိုက်" အဘိုးကြီးတစ်ယောက်ကလည်း လိုက်ပြောတာပေါ့။
စွန်းအဘိုးကြီးက ဟက်ဟက်ပက်ပက်ရယ်ပြီး "ဟုတ်တယ်... လူငယ်တွေပဲလေ ပွင့်ပွင့်လင်းလင်းနေကြပေါ့ဟ"
ဒီအဘိုးကြီးတွေအားလုံး ဝိုင်းအော်ကြတော့ ထန်ယွမ်းရဲ့မျက်နှာက မျောက်ဖင်လို နီရဲသွားရော။
ခေါင်းဆောင်စုန့်က ဒီအဘိုးကြီးတွေက မတားတဲ့အပြင် မီးလောင်ရာလေပင့်လုပ်နေတာကို တွေ့တော့ အမြန်ဝင်ပြောရတော့တာပဲ။
"အဘိုးတို့... ယှဉ်ပြိုင်တဲ့ကိစ္စကို ခဏထားလိုက်ပါဦး။ လူကယ်ဖို့က အရေးကြီးတယ်။ လူကယ်ဖို့က အရေးကြီးတယ်"
ဒီအကြောင်းပြချက်က အရမ်းခိုင်လုံတော့ အဘိုးကြီးတွေလည်း မရှုပ်တော့ဘူး။
ကျန်းစန်းရှန်းက ရှေ့ထွက်လာပြီး "ဒါဆိုရင်တော့ ယွီလေးပဲ လိုက်သွားလိုက်တော့။ မင်း ဝံပုလွေပါးစပ်ထဲကနေ လူကယ်ခဲ့တဲ့စွမ်းရည်ကို ထုတ်ပြလိုက်၊ ငါတို့ ရှို့လင်ရွာမှာ ကြီးပြင်းလာတဲ့ကလေးကို အထင်သေးလို့မရဘူးဆိုတာ ပြလိုက်"
ဒီစကားထွက်လာတာနဲ့ ခေါင်းဆောင်စုန့်နဲ့ ထန်ယွမ်းတို့က အလိုလိုပဲ ယွီဟွေးဖေးကို တစ်ချက်ကြည့်လိုက်ကြပေမဲ့ သူတို့နှစ်ယောက်က သိပ်မစဉ်းစားဘဲ အမြန်ထွက်ခွာဖို့ တိုက်တွန်းကြတယ်။
ယွီဟွေးဖေးလည်းသိတယ်။ ဒီနှစ်ယောက်က သူလူကယ်ခဲ့တဲ့ကိစ္စကို မသိလောက်ဘူး၊ မဟုတ်ရင် ဒီလောက်တည်ငြိမ်နေမှာမဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ် အဲ့ဒီတစ်ခါ သူ့ရဲ့လုပ်ရပ်က တကယ်ပဲ သူရဲကောင်းဆန်တယ်လေ၊ ရှယ်ပဲကိုး...။ ဘယ်သူကြားကြား ဒီလောက်တည်ငြိမ်နေမှာမဟုတ်ဘူး။
ဒါကြောင့်လည်း ကျန်းစန်းရှန်းက တမင်တကာ ပြောထွက်လိုက်တာ၊ ယွီဟွေးဖေးအတွက် အမှတ်ပေါင်းပေးဖို့ပေါ့။
ဒါပေမဲ့ အခုကြည့်ရတာတော့ အမှတ်ပေါင်းတာ မအောင်မြင်ဘူးထင်တယ်။
တံခါးအပြင်ထွက်တော့ ယွီဟွေးဖေးက သူမှန်းတာမှန်တယ်ဆိုတာ သေချာသွားတယ်။
ဘာလို့လဲဆိုတော့ ထန်ယွမ်းက သူ့နားမှာ တိုးတိုးလေးပြောလိုက်တာကြောင့်ပဲ။
"ခွေးနှစ်ကောင်ကို ရိုက်ဖူးတာနဲ့ အရမ်းတော်တယ်လို့ မထင်နဲ့။ လမ်းမှာ မင်းက လမ်းညွှန်ရုံပဲ။ မရှုပ်နဲ့..."
ယွီဟွေးဖေးက ခေါင်းကုတ်ပြီး ရယ်လိုက်ပြီးတော့ အခန်းထဲကို လှည့်ပြီး "အဘိုးကြီးစွန်း... ဝါကြီးနဲ့ သူရဲကောင်း၁၃ကောင်ကို ခဏငှားသုံးလို့ရမလား"
"ငှားတာတော့ ပြဿနာမရှိဘူး၊ ဒါပေမဲ့ မင်းမှာ စွတ်ဖားရှိလို့လား။" စွန်းအဘိုးကြီးက စပ်စုပြီးမေးတော့ ယွီဟွေးဖေးက ရယ်ပြီးဖြေတော့တာပဲ။
"မူလကတော့ နှစ်သစ်ကူးမှာ ခင်ဗျားကို အံ့ဩစရာတစ်ခုပေးမလို့၊ ဒါပေမဲ့ အခုတော့ ကြိုတင်ပေါ်သွားတော့မယ်ထင်တယ်"
စွန်းအဘိုးကြီးရဲ့မျက်လုံးတွေ အရောင်တောက်လာပြီး "မင်းဆိုလိုတာက"
"ဟုတ်တယ်... ကျွန်တော့်မှာ စွတ်ဖားရှိလေ။ အသစ်နော်... ဖျောက်ဆိတ်သားနဲ့လုပ်ထားတာ၊ တော်တော်ခိုင်တယ်"
"ဟေ့... ရှိရင်ကောင်းတာပေါ့ဟ။ တောင်ထဲမှာ ခွေးက စက်ထက် အားကိုးရတယ်။ ဝါကြီးကို မင်းကိုယ်တိုင်ခေါ်လိုက်၊ ငါ မင်းနဲ့အတူ မင်းရဲ့စွတ်ဖားကို သွားကြည့်မယ်..."
အဲ့ဒီအချိန်မှာ ဆိုင်ကယ်သံတွေထွက်လာတယ်၊ ယွီဟွေးဖေးက နှင်းဆိုင်ကယ်ငါးစီး တဟုန်ထိုးလာတာကို တွေ့လိုက်ရတယ်။
ရှေ့ဆုံးက ခေါင်းဆောင်စုန့်ပဲ။
"ကောင်လေးယွီ... ထန်ယွမ်းရဲ့ ဆိုင်ကယ်ပေါ်တက်လိုက်။ တခြားဟာတွေက ပစ္စည်းတွေအပြည့်နဲ့ မင်းစီးလို့မရဘူး"
ဒီစကား ထန်ယွမ်း ကြားလိုက်တော့ ယွီဟွေးဖေးကို မျက်စောင်းတစ်ချက်ထိုးတော့တာပဲ။
"မဖြစ်ဘူး...။ အဘိုးကြီးဟူဆီ ပို့လိုက်။ ကျွန်တော် သူနဲ့ မစီးချင်ဘူး"
အဘိုးကြီးဟူဆိုတာက နှုတ်ခမ်းမွှေးထူထူနဲ့ လူလတ်ပိုင်းအရွယ်အမျိုးသားပဲ။ "ရတယ်"
ယွီဟွေးဖေးက ခေါင်းခါပြီး "မဖြစ်ဘူး... ခင်ဗျားတို့ရဲ့ ဒီသံတုံးတွေကို ကျွန်တော်မယုံဘူး။ ကျွန်တော့်မှာ ကိုယ်ပိုင်ကားရှိတယ်၊ ခဏနေရင် ခင်ဗျားတို့ လိုက်ခဲ့မယ်"
"မင်းမှာ ကားရှိတယ် ဟုတ်လား" လူတွေအားလုံး အံ့ဩသွားကြတယ်။
ယွီဟွေးဖေးက ဘာမှမပြောဘဲ အိမ်ဘက်ကို လှည့်လျှောက်သွားရင်း လျှောက်ရင်းနဲ့ "ဘိုးတော်ချွေ့... ကျွန်တော်တို့အိမ်က စွတ်ဖားကို ဆွဲထုတ်လိုက်"
ဒီစွတ်ဖားက အရင်တစ်ခေါက်ပြန်လာတုန်းက ယွီဟွေးဖေးက ချွေ့ကျွယ်ကို စွန်းအဘိုးကြီးအတွက် တစ်ခုလုပ်ပေးဖို့ ပြောထားတာ။ ချွေ့ကျွယ်ကလည်း ဘာမှလုပ်စရာမရှိတော့ အရင်တစ်ခေါက်ယူလာတဲ့ ဖျောက်ဆိတ်ပင်က သစ်သားတွေအများကြီးကျန်သေးတော့ ညတွင်းချင်း တစ်ခုလုပ်လိုက်တာ။ ဆေးမသုတ်ရသေးတော့ နည်းနည်းကြမ်းတမ်းနေပေမယ့် ချွေ့ကျွယ်ထုတ်လုပ်တာဆိုတော့ သေချာပေါက် မာတယ်။
တစ်ပြိုင်နက်တည်းမှာပဲ ယွီဟွေးဖေးက လမ်းလေးခွမှာရပ်ပြီး "ဝါကြီး... ၁၃ စုဝေးကြစမ်း"
ထန်ယွမ်းက ဒါကိုမြင်တော့ နှုတ်ခမ်းမဲ့ပြီး "လျှို့ဝှက်ဆန်းကြယ်လုပ်နေတယ်။ တစ္ဆေလိုလို နတ်လိုလိုနဲ့၊ ကြည့်ရတာ အားကိုးလို့မရဘူး"
အဘိုးကြီးဟူကလည်း "ဒီရွာထဲမှာ အလက်စကာစွတ်ဖားခွေး ရှိနိုင်လို့လား။ ရွာခွေးတွေ မဟုတ်လား။ ရွာခွေးက စွတ်ဖားဆွဲနိုင်လို့လား။ ခံနိုင်ရည်ရှိရဲ့လား။ နားထောင်ရဲ့လား။ ရွာခွေးဆိုတာက အခက်အခဲတွေ့ရင် ထွက်ပြေးတာပဲ"
သူတို့စကားပြောနေတုန်းမှာပဲ ခွေးဟောင်သံတွေထွက်လာတယ်။ ခွေးဟောင်သံတွေက အရမ်းကျယ်လောင်ပြီးတော့ ခွေးကြီးတစ်အုပ်က စွန်းအဘိုးကြီးအိမ်ကနေ တဟုန်ထိုးထွက်လာတာ။ နောက်မှာ ခွေးပေါက်လေးတချို့က လူးလဲခေါက်တုံ လိုက်လာတယ်၊ ဒါပေမဲ့ ယိုင်သွားပြီး မြောင်းထဲကျသွားတော့ အတော်ကြာအောင် ပြန်မတက်နိုင်ဘူး။
ဒါပေမဲ့ အဲ့ဒီခွေးကြီး၁၄ကောင်ကတော့ တစ်ကောင်ထက်တစ်ကောင် ခန့်ညားတယ်၊ အမွေးတွေက ပိုးသားလိုပဲ၊ အစွယ်တွေက ဖြူဖွေးနေရော၊ မျက်လုံးတွေက ကြမ်းတမ်းတယ်၊ ကြည့်ရတာ မလွယ်တဲ့ကောင်တွေပဲ။
အဘိုးကြီးဟူ ကြည့်လိုက်တော့ ပါးစပ်ဖြဲပြီး "သောက်ကျိုးနည်း... ဒါ ရွာခွေး ဟုတ်လား။ ငါ သူတို့ကို တောင်းပန်သင့်တယ်ထင်တယ်..."
ခွေးကြီးတစ်အုပ်က ပြေးလာပြီး ယွီဟွေးဖေးကို ဝိုင်းပတ်နေကြတယ်။
ယွီဟွေးဖေးက ရယ်ပြီး "တော်ပြီ၊ မတော့နဲ့တော့။ သွား... ငါ့အတွက် လှည်းကို ဆွဲထုတ်ခဲ့၊ ဒီနေ့ ငါ တောင်ထဲဝင်မယ်"
ဝါကြီးက သွားမလို့လုပ်တုန်းမှာပဲ ခွေးနက်ကြီးတစ်ကောင်က နဝမအဆောင်တံခါးထဲကနေ ပစ်ထုတ်ခံလိုက်ရတာကို တွေ့လိုက်ရတယ်။
ဒီကောင်က မြေပေါ်မှာ လူးလိမ့်ပြီးတော့ ထရပ်ပြီး ခွေးမျက်လုံးပြူးပြူးနဲ့ ယွီဟွေးဖေးကို ကြည့်ပြီး ဒေါသတကြီးနဲ့ ဘာတွေပြောချင်နေလဲမသိဘူး။ ဒါပေမဲ့ ယွီဟွေးဖေးနောက်က အဲ့ဒီလူတွေကို တွေ့လိုက်တော့ ချက်ချင်းပဲ...
"ဝုတ်..."
"ဒီခွေးက ကြည့်ရတာ ခန့်ညားသားပဲ၊ ဘယ်လိုလုပ် အသံက ဒီလောက်မိန်းမဆန်နေရတာလဲ"
အဘိုးကြီးဟူရဲ့ ပါးစပ်က မထိန်းနိုင်ဘဲ ထပ်ပြောလိုက်ပြန်တယ်။
ရှောင်ထျန်းချန်က ချက်ချင်းကြားလိုက်တယ်၊ ခွေးမျက်လုံးစွေစွေနဲ့ အဘိုးကြီးဟူကို ကြည့်တော့
ကြောင်သွားရောပဲ။ ရှောင်ထျန်းချန်ကို လက်ညှိုးထိုးပြီး "တပ်မှူးကြီး... ခင်ဗျားတွေ့လား၊ ဒီသေနာကျခွေးက မျက်လုံးစွေစွေနဲ့ ကျွန်တော့်ကို ကြည့်နေတယ်။ ဒီအကြည့်က အရမ်းစိတ်တိုစရာပဲ"
ခေါင်းဆောင်စုန့်က ရယ်ပြီး "မင်းက လူကိုဆဲပြီးတော့ လူက မင်းကို မျက်လုံးစွေစွေနဲ့ ကြည့်လို့မရဘူးလား။ မင်းကို မကိုက်တာ ကံကောင်း"
ခေါင်းဆောင်စုန့်က မျက်စိလျှင်သား။ ရှောင်ထျန်းချန်ရဲ့ ထူးခြားမှုကို တစ်ချက်ကြည့်လိုက်တာနဲ့ သိလိုက်တယ်၊ ဘာပဲဖြစ်ဖြစ် သာမန်ခွေးက ဆဲဆိုတာကို လူက ဘာပြောနေလဲဆိုတာ မသိဘူး။
ဒါပေမဲ့ ဒီခွေးကတော့ အရမ်းကို ဉာဏ်ကောင်းတယ်။
ဝါကြီးက ခွေး၁၃ကောင်ကိုခေါ်ပြီး နဝမအဆောင်ထဲကို တစ်ချိုးတည်းပြေးဝင်သွားပြီး မကြာခင်မှာပဲ လှည်းတစ်ခုကို ဆွဲရင်း ကျောက်တံတားကိုဖြတ်လို့ ယွီဟွေးဖေးရှေ့ကို တန်းတန်းမတ်မတ်ရောက်လာတယ်။ ခွေးတစ်အုပ်က တစ်ပြိုင်နက်တည်း လှည့်လိုက်တော့ နောက်ကစွတ်ဖားက အရှိန်နဲ့ လွှဲသွားပြီး ယွီဟွေးဖေးကို တိုက်လုနီးပါးပဲ။