← Chapters

တာဝန်ကျေပွန်ခြင်း

Vol. 10 Ch. 144

တာဝန်ကျေပွန်ခြင်း

Vol. 10 Ch. 144

"လသာထွက်လာရင် နှင်းရဲ့အလင်းပြန်မှုကြောင့် ဒီတောင်က အရမ်းလင်းသွားလိမ့်မယ်။ ကျွန်တော် တောင်ပေါ်လမ်းကို သွားကြည့်လိုက်ရင် အသေးစိတ်အချက်အလက်တွေ ပိုပြီးသတိရလာနိုင်တယ်။ မနက်ဖြန် ခရီးဆက်တဲ့အခါ ပိုပြီးဘေးကင်းတာပေါ့"

ဒီစကားကိုကြားတော့ ဟူကြီးတင်မကဘူး၊ ယွီဟွေးဖေးကို ပြိုင်ဘက်လို့ သဘောထားနေတဲ့ အမြွှာညီအစ်ကိုတောင် သူ့ကို တစ်ချက်လောက် လှည့်ကြည့်မိသွားတယ်။

အဲ့ဒီအချိန်မှာ အပြင်မှာ လေရောနှင်းပါ တိတ်စိုင်းသွားပြီလေ။

ယွီဟွေးဖေးလည်း အဲ့ဒါကိုမြင်ရော ဖတ်ခနဲထပြီး ရှောင်ထျန်းချန်ကို ခြေထောက်နဲ့ တစ်ချက် ကန်လိုက်တယ်။

“ဟေ့ကောင်... ငါနဲ့ ခဏလိုက်ခဲ့စမ်း”

ရှောင်ထျန်းချန်ကလည်း အိပ်ချင်မူးတူးနဲ့ ထလာရင်း သူ့ပါးစပ်ထဲမှာ တစ်ခုခု ဝါးနေပုံပဲ။

“မင်း ဘာတွေစားနေတာတုန်း”

ဒီခွေးက ယွီဟွေးဖေးကို မျက်စောင်းတစ်ချက်ထိုးပြီး ပါးစပ်ထဲကဟာကို ဂလုခနဲ မျိုချလိုက်ပြီးမှ အမြီးတစ်ချက်လှုပ်ပြရင်း “သွားမယ်လေ” ဆိုတဲ့ သဘောမျိုး ပြလိုက်ပါလေရော။

ယွီဟွေးဖေး အပြင်ထွက်မယ်ဆိုတာမြင်တော့ ဝါကြီးလည်း နောက်ကနေ ချက်ချင်း လိုက်လာတယ်။ ဝါကြီးတောင် လိုက်သွားမှတော့ တခြားခွေး ၁၃ ကောင်ကလည်း ဘယ်နေတော့မလဲ။ အကုန်လုံး တကောက်ကောက် လိုက်ကုန်ကြတာပေါ့။

ဒီမြင်ကွင်းကိုကြည့်ပြီး ခွေးတွေကို အသည်းအသန် ချော့မြှူနေတာတောင် တစ်ကောင်မှ အဖက်မလုပ်လို့ မျက်နှာငယ်နေတဲ့ ဟူကြီးက မကျေမချမ်းနဲ့ ပြောလိုက်တယ်။

“နှင်းရှုခင်းလေး ဘာလေး သွားကြည့်တာကို မင်းတို့ခွေးတသိုက်က ဘာလိုက်လုပ်ကြမှာတုန်းကွ”

ယွီဟွေးဖေးက ရှောင်ထျန်းချန်ကိုခေါ်ပြီး တောင်ပေါ်ခဏတက်သွားတယ်။ မြင်ကွင်းကောင်းကောင်းနေရာလေးရောက်တော့ နေရာမှာတင် ဆတ်ဆတ် ဆတ်ဆတ် ခုန်နေတော့တာပဲ။

ဘာလို့ဆို အေးလွန်းလို့လေ။ မခုန်ရင် ပိုဆိုးမှာကိုး။

သူက လရောင်ထွက်လာတာကို စောင့်နေတာ။ အချိန်တွေ တစ်စက္ကန့်ချင်း ကုန်ဆုံးလာတာနဲ့အမျှ လေငြိမ်သွားပေမဲ့ အပူချိန်ကတော့ တရိပ်ရိပ် ကျလာတယ်။

ရှောင်ထျန်းချန်က နှာတချေချေနဲ့ “ဟေ့ကောင်လေး... ငါတို့ ဘယ်အချိန်ထိ စောင့်ရမှာတုန်း”

ယွီဟွေးဖေးက ကောင်းကင်ပေါ်က တိမ်လွှာကြားက အက်ကွဲကြောင်းကို လက်ညှိုးထိုးပြပြီး “ဒီရက်ပိုင်း နှင်းက ခဏခဏ ရပ်တတ်တယ်။ တစ်ခါတလေ နေရောင်ခြည်တောင် ကျလာသေးတယ်လေ။ သေချာလေ့လာပြီးပြီ၊ ဒါက ဘာမှန်းညာမှန်းမသိဘဲ ဖြစ်နေတာ မဟုတ်ဘူး။ ကောင်းကင်မှာ အက်ကြောင်းမဖြစ်ခင်တိုင်း လေရောနှင်းပါ ပိုကြီးလာပြီး လေဦးတည်ရာလည်း ရုတ်တရက် ပြောင်းသွားတတ်တယ်။ ခုနက လေ ရုတ်တရက် တိုက်လိုက်တာကြောင့် အက်ကြောင်း ပေါ်လာနိုင်တယ်လို့ ငါ ခန့်မှန်းမိတာ။ အခွင့်အရေးဆိုတာ မျက်စိတစ်မှိတ်အတွင်း လွတ်သွားနိုင်တယ်ကွ။ ဒါကြောင့် ကြိုထွက်စောင့်နေတာ”

ရှောင်ထျန်းချန်က ညည်းပြလိုက်တယ်။ “မနက်ဖြန် မနက်စောစော ထကြည့်ရင် မရဘူးလား”

“လူကယ်ရမှာက မီးသတ်ရသလိုပဲ။ တစ်စက္ကန့်လောက် စောနိုင်ရင် အသက်တစ်ချောင်း ကယ်နိုင်သလိုပဲ။ ဟိုစခန်းက ဝန်ထမ်းနှစ်ယောက် ဘာဖြစ်နေလဲ ဘယ်သူသိမှာလဲ။ ဝံပုလွေအုပ်နဲ့များ တွေ့နေရင် ငါတို့ တစ်မိနစ်စောရောက်သွားတာနဲ့ သူတို့အတွက် ရှင်သန်ခွင့်ပိုရသွားမှာ။ ဒါကြောင့် မနက်ဖြန် မိုးမလင်းခင်ကတည်းက ပြင်ဆင်ပြီး လမ်းမြင်ရရုံလေးဖြစ်တာနဲ့ ချက်ချင်းထွက်ရမယ်။ အချိန်ကို ချွေတာရတယ်ကွ၊ သိရဲ့လား”

ရှောင်ထျန်းချန်က နှာမှုတ်ပြီး “မသိပေါင်... ငါ့မှာ အချိန်တွေ ပေါလို့။”

ယွီဟွေးဖေးလည်း ဒီခွေးကို စကားဆက်မပြောချင်တော့ဘူး။ ရှောင်ထျန်းချန်ကလည်း တစ်ဖက်လှည့်ပြီး ဘာမှန်းမသိတဲ့ဟာကို ပါးစပ်ထဲ ခိုးထည့်ပြီး အရသာခံ ဝါးနေလေရဲ့။

အဲ့ဒီအချိန်မှာပဲ ကောင်းကင်ပေါ်က တိမ်လွှာကြားထဲကနေ လရောင်တစ်စင်း ထိုးကျလာတယ်။ ကွက်တိကို ယွီဟွေးဖေးကိုယ်ပေါ် ကျလာတာ။

လရောင်အောက်မှာတော့ သူ့ရဲ့အနီရောင်ဝတ်ရုံပေါ်က ရွှေရောင်စာလုံးတွေက တလက်လက်တောက်ပလို့... သူ့ပုံစံက တကယ့်ကို ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံနေတဲ့ပုံပဲ။

ဒါပေမဲ့ ယွီဟွေးဖေးကတော့ ဒါတွေကို ဂရုမစိုက်ပါဘူး။ ဒီတောကြိုအုံကြားထဲမှာ ဘယ်သူ့ကို ကြွားလုံးထုတ်ရမှာလဲ။ ဘယ်လောက်ပဲခန့်ညားနေနေ ဘာအသုံးကျမှာတဲ့တုန်း။

သူက အဝေးကို စူးစိုက်ကြည့်နေရင်း တိမ်လွှာကြားက အက်ကြောင်း တဖြည်းဖြည်း ကျယ်လာတာကို ကြည့်နေတယ်။ လရောင်တွေလည်း ပိုပိုပြီးတော့ ကျဆင်းလာပြီလေ။

ငွေရောင်အလင်းတန်းတွေက မြောက်ဝင်ရိုးစွန်းက အော်ရိုရာအလင်းတန်းတွေလိုပဲ သိပ်ကိုလှတာပဲ။ မှောင်မည်းနေတဲ့ ညအမှောင်ကို ဖယ်ခွင်းပြီး မရှိသင့်တဲ့ ပန်းချီကားတစ်ချပ်ကို ဆွဲချလိုက်သလိုပဲ။

အဲ့ဒီလရောင်က အဝေးကို တန်းတန်းမတ်မတ် ကျနေတာ... ကောင်းကင်ပေါ်က နတ်ဘုရားတစ်ပါးပါးက အားလုံးအတွက် လမ်းပြပေးနေသလိုမျိုးပေါ့။

ယွီဟွေးဖေးက လရောင်ကိုအမှီပြုပြီး ချိုင့်ဝှမ်းထဲက နှင်းတွေ၊ ရင်းနှီးနေတဲ့ သက်တမ်းရင့်အပင်ကြီးတွေ၊ ကျောက်တုံးကြီးတွေကို ကြည့်လိုက်တယ်။ ဒီအရာတွေက နှစ်ပေါင်းများစွာ ကြာတာတောင် သိပ်မပြောင်းလဲတတ်ဘူးလေ။ ယွီဟွေးဖေးက မှတ်မိနေတုန်းပဲ။

ဒီအရာတွေကို အခြေခံပြီး သူ့ရဲ့ငယ်ဘဝအမှတ်တရတွေနဲ့ ပေါင်းစပ်ကာ ရှေ့ဆက်ရမယ့် ဘေးကင်းတဲ့လမ်းကြောင်းကို ဦးနှောက်ထဲမှာ အမြန်ဆုံး ပုံဖော်လိုက်တယ်။

ရှောင်ထျန်းချန်က မေးတယ် “ဘယ်လိုလဲ... ကြည့်လို့ အဆင်ပြေရဲ့လား”

အချိန်က သိပ်မရှိတော့ ယွီဟွေးဖေးမှာ ရှောင်ထျန်းချန်ကို ပြန်ဖြေချိန်တောင် မရှိဘူး။ သူက ငယ်ဘဝအမှတ်တရတွေကို ပြန်ဖော်ရင်း လက်ရှိမြင်ကွင်းနဲ့ တိုက်ဆိုင်စစ်ဆေးနေရတယ်။ တောင်ထဲဝင်ဖို့ အကောင်းဆုံးလမ်းကြောင်းကိုလည်း အသည်းအသန် တွက်ချက်နေရတာပေါ့။

အဲ့ဒီအချိန်မှာ သူ့မျက်နှာပေါ်မှာ အရင်ကလို ပေါ့ပေါ့ပါးပါး နောက်ပြောင်တတ်တဲ့ပုံစံမျိုး လုံးဝမရှိတော့ဘူး။ လေးနက်ပြီး တည်ကြည်တဲ့ အရိပ်အယောင်တွေချည်းပဲ။

ယွီဟွေးဖေး မသိလိုက်တာကတော့ အဝေးတစ်နေရာမှာ မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေတယ်ဆိုတာပါပဲ။

ထန်ယွမ်းက ရေနွေးဘူးတစ်ဘူးဆွဲပြီး ရပ်နေတာ။ ယွီဟွေးဖေးကို ရေနွေးလေးဘာလေး သွားပေးပြီး နွေးနွေးထွေးထွေးဖြစ်အောင် လုပ်ပေးဖို့ တာဝန်ကျလို့လေ။

ဒါပေမဲ့ ဒီလိုမြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့တော့ သူမ ထင်မထားခဲ့ဘူး။

ယောက်ျားတစ်ယောက်က နှင်းပြင်ပေါ်မှာ မားမားမတ်မတ်ရပ်လို့... သူ့ဘေးမှာတော့ ခန့်ညားထည်ဝါတဲ့ ခွေးကြီး ၁၅ကောင်က သူ့ကိုပဲ ခေါင်းဆောင်အဖြစ် သတ်မှတ်ပြီး အဝေးကို ငေးကြည့်နေကြတယ်။

လေပြေတစ်ချက် ဝေ့လာတော့ အနီရောင်ဝတ်ရုံက လေထဲမှာ တလွင့်လွင့်...

လရောင်က သူ့အပေါ်ကို ငွေရောင်အလင်းတန်းတွေအဖြစ် သွန်းလောင်းလို့...

အနီရောင်ဝတ်ရုံပေါ်မှာ ရွှေရောင်အစင်းကြောင်းတွေ ပေါ်လာပြီး သူ့ပုံစံက မချိုးဖောက်အပ်တဲ့ မြင့်မြတ်မှုတွေနဲ့ ပြည့်နှက်နေတယ်။

ယွီဟွေးဖေးရဲ့ လေးနက်တဲ့ပုံစံ၊ တည်ကြည်တဲ့မျက်နှာနဲ့ နက်ရှိုင်းတဲ့မျက်ဝန်းတွေကို ကြည့်ရင်း ထန်ယွမ်းမှာ ရေနွေးသွားပေးဖို့တောင် မေ့သွားပြီး အဲ့ဒီနေရာမှာပဲ ငြိမ်သက်စွာ ရပ်ကြည့်နေမိတော့တယ်။

ခဏအကြာမှာ လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာပြီး ကောင်းကင်ပေါ်က တိမ်မည်းတွေ လူးလွန့်လာတယ်။ အက်ကြောင်းက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လရောင်လည်း ပျောက်ရှသွားပါလေရော။

ယွီဟွေးဖေးက သက်ပြင်းတစ်ချက် ရှိုက်ပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်ချိန် ဘေးက ရှောင်ထျန်းချန်က မေးတယ်။

“ဘယ်လိုလဲ”

ယွီဟွေးဖေးက ခေါင်းညိတ်ပြလိုက်ရင်း “တာဝန်ကျေပွန်ပါတယ်။ အကုန်လုံးကို မြင်ခဲ့ရပြီ။ မနက်ဖြန် အရှိန်တင်လိုက်ရင် ရှို့လင်စခန်းကို ရောက်နိုင်လောက်ပါရဲ့”

“ဒါဆို ငါ မနက်ဖြန်ပြန်ရတော့မှာပဲ။ နှစ်ရက်တာ ခွင့်ရက်က ပြည့်တော့မယ်။ ငါပြန်ရင်တောင် နေ့ဝက်လောက် ကြာဦးမှာ။ ဒါကြောင့် မနက်ဖြန် မိုးမချုပ်ခင် ငါ ပြန်ပြေးရတော့မယ်။ အဲ့ဒီအခါ မင်းဘာသာမင်း ဂရုစိုက်ပေတော့”

ယွီဟွေးဖေးက ခေါင်းညိတ်လိုက်တယ်။ သူ အချိန်ကို တွက်ကြည့်လိုက်တော့ ရှောင်ထျန်းချန်အမြန်နှုန်းနဲ့တောင် နာရီပေါင်းများစွာ ကြာမှ ပြန်ရောက်မယ်ဆိုရင် နွားခေါင်းနဲ့မြင်းခေါင်းတို့က အားသန်ပေမဲ့ သိပ်မမြန်ဘူး။ နှင်းထဲမှာဆို ပိုတောင်နှေးဦးမှာ။ သူတို့ ဒီကိုရောက်ဖို့ဆို တစ်ရက်နီးပါးလောက် ကြာနိုင်တယ်။

အဓိကက သူတို့ လမ်းမသိဘူးလေ။ ကူညီချင်ရင်တောင် အချိန်မီမှာ မဟုတ်ဘူး။

ဆိုလိုတာက မနက်ဖြန် ရှောင်ထျန်းချန် ပြန်သွားတာနဲ့ ယွီဟွေးဖေးမှာ ဝါကြီးတို့ကိုပဲ အားကိုးရတော့မှာပေါ့။

ဒါပေမဲ့ သူ သိပ်တော့မစိုးရိမ်ပါဘူး။ အဖွဲ့ခေါင်းဆောင်စုန့်တို့ရဲ့ ကယ်ဆယ်ရေးအဖွဲ့က ကျွမ်းကျင်တယ်။ တောင်ပေါ်ကယ်ဆယ်ရေးအတွက် ပြင်ဆင်မှုတွေ အပြည့်အစုံ ရှိမှာပဲ။ တကယ် အန္တရာယ်တွေ့ရင်လည်း ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှိမှာပါ။

အဲ့ဒီအချိန်မှာပဲ ယွီဟွေးဖေးရဲ့ မျက်ထောင့်ကနေ အဝေးမှာရပ်နေတဲ့ ထန်ယွမ်းနဲ့ သူမလက်ထဲက ရေနွေးဘူးကို လှမ်းမြင်လိုက်တယ်။

ရေနွေးဘူးကိုမြင်တာနဲ့ ယွီဟွေးဖေး မျက်လုံးတွေက မီးသီးလုံးတွေလို လင်းလက်သွားတယ်။ သူ ဒီမှာ အေးခဲနေတာ အတော်ကြာပြီ။ ရေနွေးလေးတစ်ငုံလောက် သောက်လိုက်ရရင်ဖြင့်... ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

တွေဝေနေတုန်းမှာပဲ ထန်ယွမ်းက အနားကို ရောက်လာပြီ။

ခုနက အဝေးကြီးမှာမို့လို့ လေတိုက်သံတွေကြောင့် ယွီဟွေးဖေးနဲ့ ရှောင်ထျန်းချန်တို့ စကားပြောတာကို ထန်ယွမ်း မကြားလိုက်ဘူး။ ဒါပေမဲ့ သူမ အနားရောက်လာတဲ့အချိန်မှာ လေက ရုတ်တရက် ငြိမ်သွားတယ်။

ယွီဟွေးဖေးက မျက်လုံးကို ပွတ်ပြီး ညည်းနေတာကို ကွက်တိမြင်လိုက်ရရော။

“သောက်ကျိုးနည်း... ငါများ အေးလွန်းလို့ မျက်စိကြောင်ပြီး အခြောက်မက ငါ့ကို ရေနွေးလာပို့တယ်လို့ မြင်နေတာလား”

ဒီစကားထွက်လာတာနဲ့ ရှောင်ထျန်းချန်က သူ့ခေါင်းကို နှင်းပုံထဲ တန်းထိုးစိုက်လိုက်တော့တယ်။ သူ့ရှေ့က ဒီငတုံးကြောင့် သူပါ မျက်နှာပျက်ရပြီလို့ တွေးနေပုံပဲ။

ထန်ယွမ်းကလည်း ဒီစကားကိုကြားရော မျက်လုံးလှလှလေးတွေက ဝိုင်းစက်သွားပြီး “မင်းလိုကောင် အေးခဲသေသွားမှ တန်မှာ”

ပြီးတာနဲ့ ထန်ယွမ်းက အမြန်ပြေးထွက်သွားတော့တယ်။

ယွီဟွေးဖေးလည်း ဒါက အိပ်မက်မဟုတ်မှန်း သိလိုက်ရော ငိုရမလို ရယ်ရမလို ဖြစ်သွားရင်း အဲ့ဒီနေရာမှာ ဒူးထောက်ပြီး အော်ဟစ်ငိုယိုနေတော့တာပဲ။

အောက်ကိုဆင်းသွားတဲ့ ထန်ယွမ်းက အသံကြားတော့ မသိစိတ်ကနေ နှုတ်ခမ်းလေးကွေးပြီး ပြုံးလိုက်ရင်း ယွီဟွေးဖေးဘက်ကို လှည့်အော်လိုက်တယ်။

“ရေသောက်ချင်ရင် ကိုယ့်ဘာသာကိုယ် ဆင်းလာခဲ့”

ပြောပြီးတာနဲ့ ထန်ယွမ်းက ဆက်ထွက်သွားရော။

ယွီဟွေးဖေးလည်း ဘာတတ်နိုင်တော့မလဲ။ ကိုယ့်ဘာသာကိုယ် ဆင်းရတော့တာပေါ့။

ဒါပေမဲ့ ဒီနေ့အတွက် ရည်မှန်းချက်က ပြည့်သွားပြီ။ တောင်ပေါ်မှာ ရေနွေးသောက်တာကလည်း နည်းနည်းတော့ တုံးအရာကျတယ်။ ဒါနဲ့ သူလည်း တောင်အောက်ကို ဆင်းလာခဲ့တယ်။

ဂူထဲကို ဝင်လိုက်တာနဲ့ ဟူကြီးက ရှေ့ကနေ ထွက်ကြိုတယ်။ ခွေးတွေကိုမြင်တော့ သူ့မျက်လုံးတွေက မိန်းမချောလေးတွေ မြင်တာထက်တောင် ပိုပြီး အရောင်တောက်လာသေး။

“ဟေ့ကောင်လေး... ဘယ်လိုလဲ”

“တာဝန်ကျေပွန်ပါတယ်။ မနက်ဖြန်သွားရမယ့်လမ်းကို ကျွန်တော် စိတ်ထဲမှာ ပုံဖော်ပြီးသွားပြီ”

“အေး... စိတ်ချရရင်ပြီးတာပဲ” ပြောပြီးတာနဲ့ ဟူကြီးက ရှောင်ထျန်းချန်ဘက် လှည့်ပြီး...

“ရှောင်ထျန်းချန်... လာစမ်း... ငါ့လက်ထဲမှာ ဘာလဲကြည့်စမ်း... အရိုးကွ အရိုး”

ဟူကြီးက ဘယ်ကရလာမှန်းမသိတဲ့ အရိုးတစ်ချောင်းနဲ့ ရှောင်ထျန်းချန်ကို မြှူဆွယ်နေတယ်။ သာမန်ခွေးသာဆိုရင်တော့ ဒီအကြံက အောင်မြင်လောက်တယ်။

ဒါပေမဲ့ ဒီခွေးက သာမန်ခွေးမှ မဟုတ်တာ။

ရှောင်ထျန်းချန်ကတော့ ဟူကြီးကို မျက်စောင်းတောင် ထိုးကြည့်လိုက်သေးတယ်။ ပြီးမှ သွားဖြဲပြပြီး “ဝေါင်း” ဆို တစ်ချက် ဟိန်းလိုက်တာ... ဟူကြီးဆို နေရာမှာတင် ဆတ်ခနဲ တုန်တက်သွားတာပဲ။

ပြီးတော့ ဒီခွေးက ဟူကြီးကို သူ့ဖင်ပြပြီး ဟူကြီးရဲ့ အိပ်ယာအိတ်ထဲတန်းဝင်ပြီး အိပ်တော့တာပဲ။ ဒီမြင်ကွင်းကိုတွေ့တော့ အားလုံး ဝိုင်းရယ်ကြတော့တာပေါ့။

“သောက်ကျိုးနည်း... ဒီခွေးက အိပ်ယာအိတ်ထဲ ဝင်အိပ်တတ်တယ်ဟ။ တကယ် နတ်ပူးနေတာပဲ”

အမြွှာညီအစ်ကိုထဲက အစ်ကိုဖြစ်တဲ့ ချန်ယန်က ရယ်ပြီးပြောလိုက်ချိန် ညီဖြစ်တဲ့ ချန်ရှန်းကလည်း “ဟူကြီး... ခင်ဗျားကို ခွေးက အဖက်မလုပ်တာဗျ။ ကျွန်တော်ပြောသားပဲ... ခင်ဗျားရဲ့ ကျောက်ဖြစ်နေတဲ့ အရိုးက အသုံးမဝင်ပါဘူးလို့”

ဟူကြီးက လက်မလျှော့ဘဲ ဝါကြီးတို့ကို သွားမြှူဆွယ်ပြန်တယ်။ ဒါပေမဲ့ ဒီခွေးတွေက တစ်ကောင်မကျန် သူ့ကို မျက်လုံးဖြူနဲ့ လှန်ကြည့်ကြတော့ ဟူကြီးမှာ စိတ်ဓာတ်တွေ တော်တော်ကျသွားတယ်။

ယွီဟွေးဖေးကတော့ သူ့ကို ဂရုမစိုက်ဘဲ မီးပုံနားသွားပြီး ရေနွေးပူပူနှစ်ခွက်လောက် မော့ချလိုက်မှ ကိုယ်ထဲမှာ နွေးသွားသလို ခံစားလိုက်ရတယ်။

ဒီလိုနဲ့ တော်တော်ကြာသွားတော့ ညနက်နေပြီ။

အဖွဲ့ခေါင်းဆောင်စုန့်က “ကောင်လေး... မင်း ပင်ပန်းနေပြီ။ ခဏအိပ်လိုက်ဦး။ ငါ့အိပ်ယာအိတ်လွတ်နေတယ်။ ဒီည ငါ ကင်းစောင့်လိုက်မယ်”

ယွီဟွေးဖေးက ခေါင်းညိတ်လိုက်တယ်။ သူ တကယ်လည်း ပင်ပန်းနေပြီလေ။ တစ်နေ့လုံး ကားစီးရ၊ လမ်းလျှောက်ရနဲ့ အေးခဲနေတော့ ကိုယ်ထဲက အပူဓာတ်တွေ အကုန်ကုန်ပြီး ပင်ပန်းနွမ်းနယ်နေပြီ။ ညဘက်ကျတော့လည်း အပြင်မှာ အအေးဒဏ်ကို အကြာကြီး ခံလိုက်ရသေးတယ်။

ခုနက ရေနွေးသောက်လိုက်တော့ ယွီဟွေးဖေးမှာ ခေါင်းထဲ မူးနောက်နောက်ဖြစ်ပြီး အိပ်ပျော်သွားတော့မလို ဖြစ်နေပြီ။ ဒါပေမဲ့ သူ မအိပ်သေးဘူး။ သူသိတယ်... ဒီအတိုင်းအိပ်လိုက်ရင် မနက်ဖြန် ပြန်လန်းဆန်းလာမှာ မဟုတ်ဘူး။

ဒါကြောင့် သူ အားတင်းပြီး ထောင့်တစ်နေရာက အိပ်ယာအိတ်ပေါ်မှာ ထိုင်ချလိုက်တယ်။ ပြီးတော့ တင်ပလ္လင်ခွေထိုင်ပြီး ပုစဉ်းခွံကိုးလွှာကျင့်စဉ်ကို စကျင့်တော့တာပဲ။

ကျင့်စဉ် စတင်တာနဲ့ သူ့ကိုယ်ထဲက ရေနွေးငွေ့တွေက တစ်ကိုယ်လုံးကို ပျံ့နှံ့သွားပြီး ခဏလေးအတွင်းမှာပဲ ယွီဟွေးဖေး နွေးထွေးလာတယ်။ အပြင်လူတွေအမြင်မှာတော့ ယွီဟွေးဖေးကိုယ်ပေါ်ကနေ ရေနွေးငွေ့တွေ ထွက်နေသလိုပဲ။

ဒါပေမဲ့ ဟူကြီးတို့ကတော့ ဒါကို သိပ်အရေးမလုပ်ပါဘူး။ သူတို့က အမြဲတမ်း အပြင်မှာ သွားလာနေတော့ လူ့အဝတ်အစားမပြောနဲ့ ခြေအိတ်စိုနေရင်တောင် မီးပုံနားမှာ ခဏကင်လိုက်တာနဲ့ အပြင်မှာ အေးနေရင် ရေနွေးငွေ့ ထွက်တတ်မှန်း သိနေကြတယ်လေ။

All Chapters