ခွေးနိုးပြီဟေ့
Vol. 10 Ch. 145
ဒါကြောင့် အားလုံးလည်း သိပ်မစဉ်းစားတော့ဘဲ အိပ်သင့်တဲ့သူတွေ အိပ်ကုန်ကြပြီ။
တောထဲတောင်ထဲမှာ အရေးအကြီးဆုံးက ကိုယ့်ခန္ဓာကိုယ်ကို အကောင်းဆုံးအခြေအနေမှာ ထားဖို့ပဲလေ။ ဒါက တောတွင်းရှင်သန်ရေးရဲ့ အဓိကအချက်တွေထဲက တစ်ခုပဲ။
ထန်ယွမ်းက ယွီဟွေးဖေးနဲ့ မနီးမဝေးမှာ အိပ်နေတာ။ သူမက ချက်ချင်းအိပ်မပျော်သေးတော့ မျက်လုံးမှိတ်ပြီး ယွီဟွေးဖေးကို ကြည့်နေမိတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ အိပ်မောကျသွားပါလေရော။
အမြွှာညီအစ်ကိုလည်း အိပ်ပျော်သွားပြီ။ ဟူကြီးနဲ့ အဖွဲ့ခေါင်းဆောင်စုန့်တို့ပဲ ရေနွေးဘူးတစ်ဘူးနဲ့ ဂူအပြင်က နှင်းတွေကို ကြည့်ရင်း စကားစမြည်ပြောနေကြတယ်။
ခွေးတွေကတော့ မီးပုံနားမှာ စုပြုံအိပ်နေကြပြီး ဟောက်သံတိုးတိုးလေးတွေနဲ့... ဒါလည်း အရသာတစ်မျိုးပါပဲ။
ယွီဟွေးဖေးလည်း ဘယ်လောက်ကြာသွားလဲမသိဘူး။ အိပ်မက်လိုလို ဘာလိုလိုနဲ့ ခွေးဟောင်သံတွေ၊ ဟူကြီးရဲ့ လေးနက်တဲ့အသံတွေ ကြားလိုက်ရတယ်။
“ဝံပုလွေတွေ... ဝံပုလွေတွေ... မြန်မြန်ထကြ”
ပြီးတော့ ထန်ယွမ်းရဲ့ ခပ်တိုးတိုးအသံကို ကြားလိုက်ရတယ်။
“ဝံပုလွေအုပ်က တောင်အောက်ဆင်းသွားပြီ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီမှာ ပေါ်လာရတာလဲ။”
အဖွဲ့ခေါင်းဆောင်စုန့်က “သူတို့ ပြန်လာတာမဟုတ်ဘူး။ ငါတို့နောက်ကို လိုက်လာတာပဲဖြစ်မယ်။ လေက ငါတို့ဘက်ကနေ တိုက်နေတော့ ငါတို့အနံ့ကို သူတို့ အလွယ်တကူရနိုင်တယ်။ ငါတို့ကတော့ သူတို့ကို ရှာဖို့ခက်တာပေါ့”
ဟူကြီးက “လေရောနှင်းပါကြီးတော့ ရှေ့ကလမ်းကိုတောင် မနည်းကြည့်နေရတာ။ ဘယ်မှာ ဝံပုလွေလိုက်လာလားလို့ နောက်လှည့်ကြည့်အားမှာလဲ။ သတိလစ်သွားတာပဲ”
“ကိစ္စမရှိဘူး။ ငါတို့မှာ လက်နက်ပါတယ်။ ဒီတစ်ခါ တောင်တက်ဖို့ အထူးတောင်းထားတာ”
ချန်ယန်က သူ့အိတ်ထဲကနေ အမဲလိုက်သေနတ်တစ်လက်ပြီး တစ်လက်ထုတ်ရင်း အားလုံးကို ပေးလိုက်တယ်။ အားလုံးလည်း ကျွမ်းကျွမ်းကျင်ကျင် ကျည်ထိုးပြီး အသင့်အနေအထားနဲ့ စောင့်နေကြတာပေါ့။
ဝါကြီးတို့ကတော့ နိုးနေတာကြာပြီ။ ဂူဝမှာ ဝပ်ပြီး မာန်ဖီသံတွေ ပေးနေကြတယ်။
“တကယ် ခွေးလိမ္မာတွေပဲ။ ဝံပုလွေခြေရာခံမိတာတောင် မကြောက်ဘဲ စိန်ခေါ်နေသေးတယ်။ သိပ်ကိုမိုက်တာပဲ” ဟူကြီးက ဒီခွေးတွေကို ပိုပြီးတောင် သဘောကျလာတယ်။
အဲ့ဒီအချိန်မှာ ချန်ရှန်းက ဟက်ဟက်ပက်ပက် ရယ်ပြီး “ခင်ဗျားက ခွေးလိမ္မာတွေချည်းပဲလို့ သေချာလို့လား။ ဟိုခွေးကို တစ်ချက်ကြည့်ပါဦး”
ဟူကြီးလှည့်ကြည့်လိုက်တော့ ရှောင်ထျန်းချန်ဆိုတဲ့ကောင်က ခြေလေးချောင်းထောင်၊ ခေါင်းတစ်ဖက်စောင်း၊ ပါးစပ်ကြီးဟ၊ လျှာကြီးထုတ်ပြီး ဟောက်သံက တခူးခူးနဲ့။ နှာရည်ပူဖောင်းတောင် ထွက်လို့။
ဒီကောင်က အန္တရာယ်နားကပ်နေတာကို တစ်စက်မှ မသိဘူး။
ဟူကြီးလည်း မျက်နှာကြီး မည်းမှောင်သွားပြီး ချောင်းတစ်ချက်ဟန့်ကာ “ဒီကောင်တော့ မပါဘူးကွာ”
“အူဝူး...” အဝေးကနေ မာန်ဖီသံတွေ ကြားလာရတယ်။
အဖွဲ့ခေါင်းဆောင်စုန့်က မျက်လုံးကျဉ်းပြီး ဂူအပြင်ကို ကြည့်လိုက်ချိန် နှင်းဖြူဖြူတွေပေါ်မှာ၊ ကျောက်တုံးတွေနောက်ကနေ စိမ်းလဲ့လဲ့မျက်လုံးတွေ ထွက်လာတာကို ကွက်တိမြင်လိုက်ရတယ်။
မျက်လုံးအရေအတွက်က ရေတွက်လို့တောင် မရနိုင်ဘူး။
“ဒီလောက်ဆို အကောင်တစ်ရာကျော်လောက် ရှိမလား”
ဟူကြီးရဲ့ မျက်နှာက ပြောင်းသွားပြီ။ နောက်ပြောင်တဲ့ပုံစံမျိုး လုံးဝမရှိတော့ဘဲ လေးနက်တည်ကြည်သွားတယ်။
သူတို့က ဝံပုလွေအုပ်သေးသေးလေးပဲလို့ ထင်ထားတာ။ ခုတော့ မျက်စိရှေ့က စိမ်းရောင်အလင်းပွင့်လေးတွေကို ကြည့်ပြီး အားလုံး ကြက်သီးမွေးညင်း ထကုန်ကြတယ်။ ဒီနေ့တော့ သေနတ်ရှိရင်တောင် လွယ်လွယ်နဲ့ လွတ်မှာမဟုတ်ဘူးဆိုတာ သိလိုက်ကြပြီ။
ထန်ယွမ်းက မေးတယ် “ယွီဟွေးဖေးကို သွားနှိုးရမလား”
အဖွဲ့ခေါင်းဆောင်စုန့်က ခေါင်းခါပြရင်း “ကြည့်ရတာ ဒီဝံပုလွေတွေက တိုက်ခိုက်ဖို့ အဆင်သင့်မဖြစ်သေးဘူး။ သူတို့ တစ်ခုခုကို စောင့်နေပုံပဲ... ဘာစောင့်နေလဲတော့ မသိဘူး။ ကောင်လေးက မနေ့က ပင်ပန်းထားတာ။ အိပ်တာ တစ်နာရီကျော်ကျော်လေးပဲ ရှိသေးတယ်။ သူ့ကို ကောင်းကောင်းအနားယူခိုင်းလိုက်ပါ။ ဝံပုလွေတွေ စတိုက်တာနဲ့ ငါတို့ သေနတ်သံကြားရင် သူနိုးလာမှာပါ”
ချန်ရှန်းက “သူနိုးလာရင် အိပ်ချင်မူးတူးနဲ့ ငါတို့ကို ရှုပ်ရှုပ်ယှက်ယှက် လာမလုပ်ပါစေနဲ့။”
အဖွဲ့ခေါင်းဆောင်စုန့်က ခေါင်းခါပြီး “ဒီကောင်လေးက အဲ့လိုလူစားမျိုး မဟုတ်ပါဘူး”
အားလုံးလည်း စကားဆက်မပြောတော့ဘဲ ခွေးတစ်အုပ်နဲ့အတူ ဝံပုလွေတွေကို တိတ်ဆိတ်စွာ ရင်ဆိုင်နေကြတယ်။
အချိန်တွေ တစ်စက္ကန့်ချင်း ကုန်ဆုံးသွားတယ်။ အဲ့ဒီအချိန်မှာပဲ အဝေးမှာ အရိပ်တစ်ချို့ပေါ်လာရော။ ဒီအရိပ်တွေက သာမန်ဝံပုလွေတွေထက် တစ်ပတ်လောက် ပိုကြီးတယ်။
အထူးသဖြင့် ခေါင်းဆောင်ဝံပုလွေက နွားသိုးလောက်ရှိမယ်။ ဒီကောင်က ရှောင်ထျန်းချန်အရွယ်လောက် ရှိပြီ ဝါကြီးတောင် သူ့ထက် နှစ်ဆလောက် ငယ်တယ်။
ဒါကိုမြင်တော့ အားလုံးရဲ့ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားတော့တာပေါ့။
“သောက်ကျိုးနည်း... ဒီကောင်တွေက သူတို့ဘုရင်ကြီးကို စောင့်နေတာကိုး”
ဟူကြီးက “ဒီလောက်များတဲ့ ဝံပုလွေအုပ်ကို စုစည်းနိုင်တာဆိုတော့ ဒီဘုရင်က သမားရိုးကျကောင်တော့ မဟုတ်ဘူး။ အားလုံး သတိထားကြ”
အားလုံးလည်း ခေါင်းညိတ်ပြီး အသင့်အနေအထားနဲ့ စောင့်နေကြတယ်။
အဖွဲ့ခေါင်းဆောင်စုန့်က “ထန်ယွမ်း... သွား... ယွီဟွေးဖေးကို သွားနှိုးလိုက်တော့။ အခြေအနေက အရင်ကထက် ပိုဆိုးလာပြီ။ ဝံပုလွေဘုရင်မရှိဘူးထင်ထားတာ။ ခုတော့ ရောက်လာပြီဆိုတော့ ဒီပွဲက မလွယ်တော့ဘူး”
ထန်ယွမ်းက ခေါင်းညိတ်ပြီး ယွီဟွေးဖေးကို သွားနှိုးဖို့ လှည့်လိုက်တာနဲ့ ဝံပုလွေဘုရင်က အူသံတစ်ချက် ပေးလိုက်တယ်။
နောက်တစ်ခဏမှာ ဝံပုလွေအုပ်ကြီး လှုပ်ရှားလာပြီ။
ချန်ရှန်းက “ခွေးမသား... ဒီဝံပုလွေတွေ တကယ်ကောက်ကျစ်တာပဲ”
ဒိုင်း... ဒိုင်း...
သေနတ်သံနှစ်ချက် ထွက်လာတယ်။ အဖွဲ့ခေါင်းဆောင်စုန့်နဲ့ ဟူကြီးတို့ တစ်ပြိုင်နက် ပစ်လိုက်တာ။ ပစ်မှတ်က ဝံပုလွေဘုရင်ပဲ။
ဒါပေမဲ့ ဝံပုလွေဘုရင်က တော်တော်ကလိမ်ကျတယ်။ အော်ပြီးတာနဲ့ နောက်လှည့်ပြေးတော့တာပဲ။ ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ ကျည်ဆန်တွေ လွဲသွားတယ်။
သူတို့မသိတာက ဒီဝံပုလွေတွေက ယွီဟွေးဖေးရဲ့ သေနတ်နဲ့ အရင်က ရင်ဆိုင်ခဲ့ဖူးတော့ သေနတ်ရဲ့ အစွမ်းကို သိနေကြပြီ။
ချိုင့်ဝှမ်းထဲမှာ ယွီဟွေးဖေးကို လိုက်သတ်ကတည်းက ကျည်ရှောင်နည်းကို သူတို့ လေ့လာပြီးသား။ ခုတော့ ဝံပုလွေဘုရင်က ပိုတောင် ကောက်ကျစ်သေးတယ်။ ပြောင်းဝက သူ့ဘက်လှည့်လာတာမြင်တာနဲ့ ခြေကုန်သုတ်တော့တာပဲ။
ဒါပေမဲ့ တခြားဝံပုလွေတွေကတော့ အော်ဟစ်ပြီး အသေခံ တိုက်ခိုက်ဖို့ ပြေးဝင်လာကြတယ်။
အဖွဲ့ခေါင်းဆောင်စုန့်၊ ဟူကြီး၊ ချန်ရှန်း၊ ချန်ယန် လေးယောက်လုံး သေနတ်တွေပစ်ကြတယ်။ ထန်ယွမ်းလည်း ယွီဟွေးဖေးကို မနှိုးအားတော့ဘဲ သေနတ်ခလုတ်ကို ဆွဲညှစ်လိုက်တယ်။
သေနတ်သံတွေက တဒိုင်းဒိုင်းနဲ့။
ယွီဟွေးဖေးက နိုးမယ့်ပုံမပေါ်ဘူး။ သူ ပင်ပန်းလွန်းနေပြီ။ ကျင့်စဉ်ကို ကျင့်နေပေမဲ့ ခန္ဓာကိုယ်က အမြန်ဆုံး ပြန်လည်နာလန်မထူနိုင်သေးဘူး။ ဒါပေမယ့် အိပ်မက်ထဲမှာ သေနတ်သံတွေ၊ လူတွေအော်ဟစ်သံတွေ၊ ဝါကြီးတို့ရဲ့ ဟောင်သံတွေကို ကြားနေရတယ်။
အခြေအနေမကောင်းမှန်း မသိစိတ်က သိနေတယ်။ နိုးထချင်ပေမဲ့ အိပ်မက်ဆိုးမက်နေသလို မျက်လုံးဖွင့်လို့မရ၊ လှုပ်လို့မရ ဖြစ်နေတယ်။
သေနတ်သံတွေနဲ့အတူ ဝံပုလွေတွေ ပြေးဝင်လာတော့ ဝါကြီးတို့လည်း အော်ဟစ်ပြီး ပြေးဝင်တိုက်ခိုက်ကြတယ်။
ဒီကောင်တွေက အရင်တစ်ခါ ချိုင့်ဝှမ်းထဲမှာ ဝံပုလွေတွေရဲ့ လက်ချက်နဲ့ သေမတတ် ခံခဲ့ရတာလေ။ ဒီတစ်ခါတော့ ရန်သူဟောင်းနဲ့ ပြန်တွေ့တော့ မျက်လုံးတွေ နီရဲနေကြပြီ။
ဒါပေမဲ့ ဒီအချိန်မှာ ဝါကြီးတို့က အရင်ကလို အိုမင်းမစွမ်းတဲ့ စစ်ပြန်ကြီးတွေ မဟုတ်တော့ဘူး။ ရှောင်ထျန်းချန်ရဲ့ သွေးကို သွင်းထားပြီး အားဖြည့်ထားတဲ့ ခန္ဓာကိုယ်တွေနဲ့။ သူတို့က ပိုနုပျိုတယ်၊ ပိုသန်မာတယ်။ ခုန်ထွက်ပြီး တစ်ကောင်နှစ်ကောင် ရင်ဆိုင်တာတောင် ဘာမှမဖြစ်ဘူး။
ဒီမြင်ကွင်းကိုတွေ့တော့ ဟူကြီးက ဟားတိုက်ရယ်ပြီး “ဒီခွေးတွေ တကယ် သောက်ရမ်းမိုက်တာပဲ”
ပြောပြီးတော့မှ တစ်ခွန်းဖြည့်လိုက်တယ်။ “ဟိုအမည်းကောင်တော့ မပါဘူးနော်”
ဝါကြီးတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အားလုံးရဲ့ မျှော်လင့်ချက်ထက် ကျော်လွန်နေတာမို့ ဝံပုလွေတွေတောင် ကြောင်တောင်တောင် ဖြစ်သွားတယ်။
သူတို့ရှေ့ကခွေးတွေက အရင်က သူတို့လိုက်သတ်ခဲ့တဲ့ အိုနာကျိုးကန်းတွေ ဟုတ်ရဲ့လားလို့ သံသယဝင်နေကြတယ်။ ဒီလောက်တောင် ကြမ်းနေတာ... ဆေးများစားထားသလားပဲ။
ဒါပေမဲ့ ဝံပုလွေအုပ်က အရေအတွက်များပြီး ရက်ပေါင်းများစွာ အစာငတ်နေတော့ ရိုင်းစိုင်းကြမ်းတမ်းမှုက အထွတ်အထိပ်ရောက်နေပြီ။ အသေခံတိုက်ခိုက်နေကြတာ။
ဝံပုလွေတွေ တဖြည်းဖြည်း များလာတာနဲ့အမျှ အမဲလိုက်သေနတ်ရဲ့ အားနည်းချက်က ပေါ်လာပြီ။ ကျည်နည်းပြီး ကျည်ဖြည့်တာကလည်း နှေးတော့ ဝံပုလွေတွေကို မတားနိုင်တော့ဘူး။
ဝါကြီးနဲ့ ခွေး ၁၃ ကောင်က ကြမ်းပေမဲ့ တစ်ကောင်ကို နှစ်ကောင်ပဲ တားနိုင်တယ်။ သတ်ဖို့ကတော့ ခက်တယ်။
ဝါကြီးက ပိုသန်မာလို့ ဝံပုလွေသုံးကောင်ကို တားထားနိုင်ပေမဲ့ ဒါကလည်း အခြေအနေကို မပြောင်းလဲနိုင်ဘူး။
အဖွဲ့ခေါင်းဆောင်စုန့်တို့က တဖြည်းဖြည်း နောက်ဆုတ်နေရပြီး ဂူက ဝံပုလွေတွေရဲ့ လက်အောက်ကို ကျရောက်တော့မယ်။
ဒါပေမဲ့ သူတို့ မထိတ်လန့်ကြဘူး။ ထန်ယွမ်းနဲ့ ချန်ရှန်း၊ ချန်ယန်တို့ လူငယ်သုံးယောက်တောင် အရည်အသွေးကောင်းကောင်း ပြသနိုင်ခဲ့တယ်။ အလှည့်ကျ ကျည်ဖြည့်ပြီး ပစ်ခတ်နေတော့ သူတို့ဘက်မှာ အမြဲတမ်း ပစ်ခတ်မှုရှိနေပြီး ဝံပုလွေတွေကို အနားကပ်မခံဘူး။ ပြီးတော့ ဝံပုလွေတွေကို တတ်နိုင်သလောက် သတ်ဖြတ်နေကြတယ်။
သူတို့စခန်းက တဖြည်းဖြည်း ဆုတ်ယုတ်နေပေမဲ့ တကယ်တမ်းမှာ သူတို့ဘက်က သိပ်အထိအခိုက်မရှိဘူး။ ဝံပုလွေတွေဘက်ကတော့ ၁၀ ကောင်ကျော်လောက် ကျသွားပြီ။
အပြင်က ဝံပုလွေဘုရင်က ဒါကိုမြင်တော့ အူသံတစ်ချက် ထပ်ပေးလိုက်တယ်။ သူ့ဘေးက ပိုသန်မာတဲ့ ဝံပုလွေ ၁၀ကျော် လှုပ်ရှားလာပြီ။ ဒီဝံပုလွေတွေက ဂူထဲကို ပြေးဝင်လာပြီး ခွေးအုပ်ကို ချက်ချင်း ထိုးဖောက်လိုက်တယ်။
“ဟိုအကောင်ကြီးတွေကို ပစ်”
အဖွဲ့ခေါင်းဆောင်စုန့်က အော်လိုက်တော့ အားလုံးလည်း ပြောင်းဝကို အကောင်ကြီးတွေဘက် လှည့်ပစ်ကြတယ်။ ဒါပေမဲ့ ဒီဝံပုလွေတွေက တော်တော်ကောက်ကျစ်တယ်။ ဝံပုလွေအုပ်ထဲမှာ လျှောက်ပြေးနေပြီး ခွေး ၁၃ ကောင်ကြားထဲ ဝင်သွားတတ်တော့ ပစ်ရခက်နေတယ်။
သူတို့က အင်အားသစ်တွေဖြစ်ပြီး ရုတ်တရက်ရောက်လာတော့ ခွေး ၁၃ ကောင်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်လာတယ်။ ခွေးတော်တော်များများ အကိုက်ခံရပြီး နောက်ဆုတ်နေရတယ်။
အခြေအနေက ချက်ချင်းဆိုသလို ဆိုးဝါးသွားပြီ။
အတွေ့အကြုံများပြီး တည်ငြိမ်တဲ့ အဖွဲ့ခေါင်းဆောင်စုန့်တောင် နဖူးမှာ ချွေးစေးတွေ ပေါ်လာပြီ။
ဟူကြီးက “အဖွဲ့ခေါင်းဆောင်... ခဏနေရင် ခင်ဗျား သူတို့ကိုခေါ်ပြီး ထွက်ပြေးတော့။ ငါတို့ မခံနိုင်တော့ဘူးထင်တယ်။ ငါနောက်ကနေ ကာပေးထားမယ်”
အဖွဲ့ခေါင်းဆောင်စုန့်က ဒေါသတကြီးနဲ့ “ပေါက်ကရတွေ... နောက်ကနေ ကာရမယ်ဆိုရင်လည်း ငါပဲ။ ခဏနေရင် အခွင့်အရေးရတာနဲ့ မင်းတို့ ကောင်လေးကိုခေါ်ပြီး ပြေးတော့။ ဆိုင်ကယ်ပေါ်ရောက်တာနဲ့ ချက်ချင်းထွက်”
“ခေါင်းဆောင်... ကျွန်မပဲ နေခဲ့ပါ့မယ်” ထန်ယွမ်းက အော်ပြောလိုက်တယ်။
ချန်ရှန်းနဲ့ ချန်ယန်တို့လည်း ပြောဖို့ပြင်ပေမဲ့ အဖွဲ့ခေါင်းဆောင်စုန့်က ဟောက်လွှတ်လိုက်တယ်။
“မင်းတို့က ငယ်သေးတယ်။ အဖွဲ့စည်းကမ်းအရ အသက်ကြီးတဲ့သူ ဦးစားပေးပဲ။ ဒါငြင်းလို့မရဘူး”
“သတိထား”
ဟူကြီး အော်သတိပေးတဲ့အသံကြောင့် အဖွဲ့ခေါင်းဆောင်စုန့် လှည့်ကြည့်လိုက်တော့ ဝံပုလွေကြီးတစ်ကောင် ပြေးဝင်လာပြီး ပါးစပ်ကြီးဟ၊ သွားဖြဲလို့ ကြောက်စရာကောင်းလွန်းတယ်။
အဲ့ဒီအချိန်မှာပဲ ခွေးဟောင်သံတစ်သံအတူ “ခွေးမသားတွေ”
အားလုံး ကြောင်သွားရော။ ခွေးက ဆဲတယ်... ဟုတ်လား။
ဒီလို... ဒီလို...
ဒါပေမဲ့ သူတို့ကို တွေဝေချိန်မပေးဘူး။ အမည်းရောင်ခွေးကြီးတစ်ကောင် ဘေးကနေ ပြေးထွက်လာပြီး ဝံပုလွေကြီးထက်တောင် မြင့်အောင် ခုန်လိုက်တယ်။
ခွေးနက်ကြီးက လေပေါ်မှာတင် လက်ဝါး... အဲ... ခွေးဘဝါးနဲ့ တစ်ချက် ရိုက်ချလိုက်တာ စူးစူးဝါးဝါး အော်သံနဲ့အတူ အရိုးကျိုးသံပါ တစ်ပြိုင်နက် ထွက်လာရော။
ဝံပုလွေကြီးရဲ့ ခါးရိုးက တန်းကျိုးသွားပြီ။ ဝံပုလွေက V ပုံစံ ခွေကျသွားပြီး ကျောက်တုံးပေါ်ကို ဒိုင်းခနဲ ကျကာ ပွဲချင်းပြီး သေဆုံးသွားတော့တယ်။
ဒီမြင်ကွင်းကိုတွေ့တော့ ထန်ယွမ်းတို့မပြောနဲ့၊ အဖွဲ့ခေါင်းဆောင်စုန့်နဲ့ ဟူကြီးတောင် ကြက်သေသေသွားရော။
သူတို့မျက်စိထဲမှာ တစ်လမ်းလုံး အစားမက်၊ အလုပ်ရှုပ်၊ ကောက်ကျစ်ပြီး စိတ်ပျက်စရာကောင်းတဲ့ ရှောင်ထျန်းချန်က အရေးကြုံတော့ ဒီလောက်ကြောက်စရာကောင်းတဲ့ တိုက်ခိုက်စွမ်းအား ပြသလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး။
ရှောင်ထျန်းချန်က မြေပေါ်ကျပြီးတာနဲ့ သူတို့ကို တစ်ချက်စောင်းကြည့်ပြီး မာန်မောက်စွာ ခေါင်းမော့လိုက်တယ်။ “ငါမိုက်လား” လို့ မေးနေတဲ့ပုံစံနဲ့ပေါ့။
ဒါပေမဲ့ ဝံပုလွေတွေက မရပ်သေးဘူး။ ဝံပုလွေ ၄ကောင်က ရှောင်ထျန်းချန်ဆီကို ခုန်အုပ်လိုက်တယ်။
“သေနာကျခွေး... သတိထား”
ဟူကြီးက ယွီဟွေးဖေးဆီက ကူးစက်သွားပုံပဲ။ “သေနာကျခွေး” လို့ အော်ခေါ်လိုက်တယ်။
ရှောင်ထျန်းချန်က သူ့ကို မျက်လုံးဖြူနဲ့ တစ်ချက်လှန်ကြည့်ပြီးတော့ တစ်ပတ်လှည့်ပြီး မြေပေါ်မှာ ဝပ်ချလိုက်တယ်။ အဲ့တော့ ဝံပုလွေ၄ကောင် တိုင်ပင်လွဲသွားပြီး ဟူကြီးတို့ဘက်ကို ခုန်အုပ်သွားရော။