အရှေ့ဖျားကျားသစ်
Vol. 10 Ch. 148
အဲ့ဒီခံစားချက်က တကယ်ကို အရသာရှိရှိနဲ့ နာကျင်စေတာပဲ။
ဒါပေမဲ့ နောက်ပိုင်းမှာ ယွီဟွေးဖေးက သဘောပေါက်သွားတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်က အရှုံးမခံနိုင်ဘူး အနစ်နာမခံနိုင်ဘူးလေ။ ဒီတော့ ခန္ဓာကိုယ်ကို လုံးဝဖြေလျှော့ပြီး ဘယ်လိုသက်တောင့်သက်သာရှိလဲ၊ အဲ့ဒီလိုပဲနေလိုက်တော့တယ်၊ ဖြစ်ချင်ရာဖြစ်။
မိုးမချုပ်ခင်မှာ သူတို့ နောက်ဆုံးတော့ ဦးတည်ရာဖြစ်တဲ့ ကျားသစ်တောင်ပေါ်က ရှို့လင်မိုးလေဝသစခန်းကို ရောက်သွားကြတယ်။
စခန်းက သိပ်မကြီးဘူး။ အုတ်ကြွပ်မိုးအိမ်ကြီးနှစ်လုံးပဲ ရှိတယ်။ သူတို့နောက်မှာ အဆောက်အအုံငယ်တစ်ခုရှိပြီး အဲ့ဒီထဲမှာ နက္ခတ်ကြည့်မှန်ပြောင်းတစ်ခု ထားထားတယ်။ ဒါက ဒဏ္ဍာရီထဲက နက္ခတ်တာရာကြည့်စခန်း ဖြစ်လောက်တယ်။ တစ်ချိန်တည်းမှာပဲ အဲ့ဒီစခန်းဘေးမှာ ရဟတ်ယာဉ်ကွင်းတစ်ခုရှိပြီး အဲ့ဒီပေါ်မှာ လိမ္မော်ရောင်လေယာဉ်တစ်စင်း ရပ်ထားတယ်။ ကြည့်ရတာ ဘာမှမဖြစ်ဘဲ မောင်းလို့ရမယ့်ပုံပဲ။
တစ်ချိန်တည်းမှာပဲ ခြံဝမှာ သွေးကွက်တွေတွေ့တော့ အားလုံး ချက်ချင်းရပ်လိုက်ကြတယ်။
ယွီဟွေးဖေးက ရှောင်ထျန်းချန်ကို တစ်ချက်ကြည့်လိုက်တယ်။ ရှောင်ထျန်းချန်က သူ့အချိန်သိပ်မကျန်တော့မှန်းသိတော့ နောက်ပြောင်မနေတော့ဘဲ ပထမဆုံးအကြိမ် ရှေ့ကို ပြေးထွက်သွားရော။
“ပြန်လာခဲ့... သတိထား”
ထန်ယွမ်း အော်လိုက်ချိန် ယွီဟွေးဖေးက “စိတ်မပူပါနဲ့... သူ ဘာမှမဖြစ်ပါဘူး”
ရှောင်ထျန်းချန်က တံခါးဝကို ပြေးသွားပြီး ခြံထဲကို လှမ်းကြည့်လိုက်ပြီးတော့ “ဝေါင်း” ခနဲ တစ်ချက်ဟောင်လိုက်တယ်။
ချက်ချင်းပဲ ခြံထဲကနေ မာန်ဖီသံတစ်ချက် ထွက်လာပြီး လူတိုင်းက ခေါင်းသေးအမြီးရှည်၊ ခြေလေးချောင်းတုတ်ခိုင်ပြီး အဝါရောင်အမွေးပေါ်မှာ အနက်ရောင်အကွင်းပြောက်တွေနဲ့ သတ္တဝါတစ်ကောင်ကို တွေ့လိုက်ရတယ်။ ခေါင်းပေါ်က အစက်အပြောက်တွေက သေးငယ်ပြီး ထူတယ်။ ကျောပေါ်က အစက်အပြောက်တွေက ထူပြီး ပိုကြီးတယ်။ အစက်အပြောက်တွေက စက်ဝိုင်းပုံ ဒါမှမဟုတ် ဘဲဥပုံ ပန်းပွင့်ပုံစံနဲ့ ရှေးခေတ်က ဒင်္ဂါးပြားတွေနဲ့ တော်တော်တူတယ်။
အဓိကက ဒီကောင်က အရွယ်အစား တော်တော်ကြီးတာ။ Animal Planet ထဲက အာဖရိကကျားသစ်တွေထက် အများကြီး ပိုကြီးတယ်။
ယွီဟွေးဖေးက အဲ့ဒီအစင်းအပြောက်တွေနဲ့ အရွယ်အစားကို ကြည့်ပြီး မသိစိတ်နဲ့ “ရွှေဒင်္ဂါးကျားသစ်လား”
ထန်ယွမ်းက ခေါင်းခါပြီး “တိတိကျကျပြောရရင် အရှေ့ဖျားကျားသစ်”
အရှေ့ဖျားကျားသစ်ကို ရွှေဒင်္ဂါးကျားသစ်လို့လည်း ခေါ်တယ်။ ဒီကောင်က အရွယ်အစားအရ အရှေ့မြောက်ကျားကြီးပြီးရင် ဒုတိယလိုက်တယ်။ တိုက်ခိုက်စွမ်းရည်က တော်တော်ပြင်းထန်တယ်။ ဒါပေမဲ့ လူသားတွေရဲ့ သဘာဝတရားကို ဖျက်ဆီးမှုကြောင့် သူလည်း အရှေ့မြောက်ပိုင်း ကျားကြီးရဲ့နောက်ကို လိုက်သွားပြီး တွေ့ရခဲသွားပြီ။
ကြားဖူးတာတော့ အန္တရာယ်အရှိဆုံးအချိန်တုန်းက တရုတ်ပြည်တစ်ပြည်လုံးမှာ ၁၀ ကောင်လောက်ပဲ ရှိတော့တယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာဆိုရင်လည်း ဆယ်ဂဏန်းလောက်ပဲ။ ကိုရီးယားဘက်မှာဆိုရင် ၁၉၆၀ ကျော်လောက်ကတည်းက သူတို့နိုင်ငံထဲက နောက်ဆုံးတစ်ကောင်ကို သုတ်သင်လိုက်ကြပြီ။
အခုအချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းက လူတွေရဲ့ ကြိုးပမ်းမှု၊ မွေးမြူမှုတွေကြောင့် အကောင် ၂၀၀ လောက်ပဲ ရှိတော့တယ်။ တောရိုင်းထဲမှာဆိုရင် အကောင် ၁၀၀ တောင် မကျော်သေးဘဲ မျိုးတုံးတော့မယ့် အန္တရာယ်နဲ့ အမြဲရင်ဆိုင်နေရတယ်။ ဘယ်သူမှ ဒီမှာ ဒီရှားပါးတဲ့ အကောင်ကြီးနဲ့ တွေ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
တစ်ချိန်တည်းမှာပဲ မိုးလေဝသစခန်းကလူတွေ ဘာလို့အကူအညီတောင်းလဲဆိုတာ အားလုံး သဘောပေါက်သွားပြီ။ ဒီလိုအကောင်ကြီးတစ်ကောင် စောင့်နေမှတော့ သူတို့မှာ သေနတ်မရှိဘဲ ပြေးတောင်မပြေးနိုင်ဘူး။
ရွှေဒင်္ဂါးကျားသစ်က တောင်တန်းကြီးတစ်ခုလုံးမှာတောင် တွေ့ရခဲတယ်။ အခု ဒီကောင်ပေါ်လာတာက ရုတ်တရက်ကျလာတဲ့ နှင်းကြောင့် အစာရေစာပြတ်လပ်ပြီး ဆာလောင်မွတ်သိပ်လို့ လူတွေအနားကို ချဉ်းကပ်လာတာပဲ ဖြစ်မယ်။
အဲ့ဒီအချိန်မှာ အဖွဲ့ခေါင်းဆောင်စုန့်တို့လည်း ရောက်လာပြီး ဒီကျားသစ်ကို တွေ့တော့ အားလုံး အံ့ဩတကြီး ဖြစ်သွားကြတယ်။
ယွီဟွေးဖေးက “ဒီကောင်ကို သတ်လို့မဖြစ်ဘူး။ ဒါက ရှားပါးလွန်းတယ်”
အဖွဲ့ခေါင်းဆောင်စုန့်တို့လည်း ခေါင်းညိတ်ကြပေမဲ့ အဖွဲ့ခေါင်းဆောင်က မတွေဝေဘဲ သေနတ်ထုတ်ပြီး မိုးပေါ်တစ်ချက်ပစ်ဖောက်လိုက်တယ်။
သေနတ်သံကြားတော့ လူနဲ့သိပ်မထိတွေ့ဖူးတဲ့ ဒီရွှေဒင်္ဂါးကျားသစ်က လန့်သွားပြီး လူတွေကို သတိကြီးစွာနဲ့ ကြည့်နေတော့ အဖွဲ့ခေါင်းဆောင်က ရွှေဒင်္ဂါးကျားသစ်ရှေ့က မြေလွတ်ကို တစ်ချက်ပစ်လိုက်တယ်။
နှင်းမှုန်တွေ လွင့်စင်သွားရောပဲ။
ရွှေဒင်္ဂါးကျားသစ်က အန္တရာယ်ကို သိလိုက်တော့ နောက်လှည့်ပြီး တံတိုင်းပေါ်ကို ခုန်တက်သွားပြီးတော့ လူတွေကို တစ်ချက်လှည့်ကြည့်ပြီး ပျောက်ကွယ်သွားတယ်။
ဒါပေမဲ့ အားလုံးက သတိမလစ်ရဲကြဘူး။ ဘာလို့ဆို ဒီကောင်က ကျားကြီးလို မျက်နှာချင်းဆိုင်တိုက်ခိုက်တာနည်းပြီး နောက်ကနေ ချောင်းမြောင်းတိုက်ခိုက်တာ များတယ်လေ။ ပြီးတော့ သစ်ပင်တက်၊ တံတိုင်းကျော်၊ ရေကူး... ဘာမဆိုတတ်တော့ ဘယ်ထောင့်ကနေ ထွက်လာပြီး အံ့ဩစရာတွေ လုပ်မလဲဆိုတာ မသိနိုင်ဘူး။ ဒါကြောင့် အားလုံးက သတိမလစ်ဘဲ အထူးသတိထားပြီး ခြံထဲကို ဝင်သွားကြတယ်။
ရှောင်ထျန်းချန်က လမ်းပြလုပ်တယ်။ ဒီကောင်က အနံ့ခံကောင်းတယ်လေ။ သူ အေးအေးဆေးဆေး ဝင်သွားတာမြင်တော့ အားလုံးလည်း နောက်ကနေ ဝင်သွားကြတယ်။
ခြံထဲရောက်တော့ အားလုံး အသက်ရှုမှားသွားကြတယ်။ အိမ်မွေးဝက်တစ်ကောင်ရဲ့ အသေကောင်က အဲ့ဒီမှာ လဲလျောင်းနေပြီး တစ်ကိုယ်လုံးမှာ အသားဆိုလို့ ဘာမှမရှိတော့ဘူး။ ပြီးတော့ ကြက်အရိုး ၅-၆ ချောင်းလောက်လည်း ရှိတယ်။
ခြံတစ်ခြံလုံးမှာ ကြက်မွေးတွေ ပြန့်ကျဲနေပြီး သွေးတွေက ခြံတစ်ခုလုံးကို နီရဲနေစေတာမို့တော်တော်လေး ကြောက်စရာကောင်းတယ်။
ယွီဟွေးဖေးက ဒီလိုသွေးသံရဲရဲမြင်ကွင်းမျိုးနဲ့ သိပ်မကြုံဖူးပေမဲ့ အရင်က ဝံပုလွေတွေနဲ့ တိုက်ပွဲက သူ့ကို လေ့ကျင့်ပေးထားတော့ ခံနိုင်ရည်ရှိနေပြီ။ တခြားလူတွေကတော့ တည်ငြိမ်နေကြတယ်။
ဟူကြီးက ရှေ့တိုးကြည့်ပြီး “ဒီကျားသစ်က တော်တော်စားနိုင်တာပဲ။”
အဲ့ဒီအချိန်မှာ အိမ်တံခါးပွင့်လာတယ်။
“ခင်ဗျားတို့ နောက်ဆုံးတော့ ရောက်လာကြပြီ”
တံခါးဖွင့်တာက ထိပ်ပြောင်ဦးလေးကြီးတစ်ယောက်။ ဒါပေမဲ့ သူ့ကို ထိပ်ပြောင်လို့တော့ ပြောလို့မရဘူး။ ဘာလို့ဆို ထိပ်အလယ်မှာ ကျွန်းငယ်လေးတစ်ခု ကျန်နေသေးလို့။ သူက မျက်မှန်တပ်ထားပြီး ကြည့်ရတာ တော်တော်သဘောကောင်းမယ့်ပုံပဲ။
နောက်ကနေ အလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် လိုက်လာတယ်။ သူမမျက်နှာက ပင်ပန်းနွမ်းနယ်နေပြီး နှစ်ယောက်လုံး မျက်နှာမှာ အားမရှိတဲ့အရောင် ပေါ်နေတယ်။ အဖွဲ့ခေါင်းဆောင်စုန့်က ချောကလက်၂ခု တိုက်ရိုက်ပေးလိုက်တော့ သူတို့နှစ်ယောက်လည်း အားမနာဘဲ ယူပြီး စားကြတော့တာပဲ။
တံခါးသေချာပိတ်ပြီး အိမ်ထဲမှာ ထိုင်ကြတော့... သူတို့ရှာနေတဲ့လူနှစ်ယောက်က စွန်းတာချွမ်နဲ့ ဝူရွှယ်မေပဲဆိုတာ သိလိုက်ရတယ်။
ချောကလက်စားပြီးတော့ စွန်းတာချွမ်က “ဘေးမှာ လူပန်ဇီတစ်ယောက်ရှိသေးတယ်။ ခင်ဗျားတို့မှာ စားစရာကျန်သေးရင် သူ့ကိုလည်း နည်းနည်းပို့ပေးပါဦး”
အဲ့ဒီအချိန်မှာ ဘေးကနေ အသံထွက်လာတော့ လူတစ်ချို့က မသိစိတ်နဲ့ ထပြီး လက်နက်တွေဆွဲကာ သတိထားလိုက်ကြတယ်။
ဝူရွှယ်မေက “စိတ်မပူပါနဲ့။ လူပန်ဇီဖြစ်မယ်”
စကားပြောနေတုန်းမှာပဲ လူတစ်ယောက်က အတွင်းကနေ ထွက်လာတော့ အားလုံး ကြောင်သွားတယ်။ သူက ဘေးမှာ မဟုတ်ဘူးလား။
စွန်းတာချွမ်က ရှင်းပြတယ် “ငါတို့ ပိတ်မိသွားတော့ အဖွဲ့ခေါင်းဆောင်ဝူရဲ့ လေယာဉ်နဲ့ ထွက်ပြေးမလို့။ ဒါကြောင့် ဆက်နေတဲ့နံရံကို ဖြိုချလိုက်တာ... ဒါပေမဲ့ လေရောနှင်းပါ တအားကြီးတော့ ပျံလို့မရဘူး”
လူပန်ဇီက ချောကလက်ကိုယူပြီး သုံး-လေးကိုက်နဲ့ ပါးစပ်ထဲထည့်လိုက်ပြီးတော့ ဝါးနေရင်းနဲ့ “ဒီလေရောနှင်းပါက တအားကြီးတာပဲ။ ငါ့တစ်သက်မှာ ပထမဆုံးအကြိမ် ကြုံဖူးတာ။ ဒါက သာမန်နှင်းမဟုတ်ဘူး။ သောက်ကျိုးနည်း... မုန်တိုင်းပဲ။ ငါ့တို့ရဲ့ ရဟတ်ယာဉ်ငယ်လေးက ဒီလိုမုန်တိုင်းထဲမှာ ပျံလို့မရဘူး... ဒါကြောင့် အကူအညီတောင်းရတာ”
အားလုံး ခေါင်းညိတ်ကြချိန် ဟူဘိုးကြီးက “ပျံလို့မရတာ သေချာတယ်။ ခင်ဗျားတို့ရဲ့ ယာဉ်ငယ်လေးမပြောနဲ့၊ စစ်သုံးလေယာဉ်တောင် ဒီလိုမုန်တိုင်းကို မခံနိုင်ဘူး”
အဖွဲ့ခေါင်းဆောင်စုန့်က “မိုးချုပ်တော့မယ်။ အားလုံး သိပ်မစဉ်းစားကြနဲ့တော့။ ညဘက် အဝစားပြီး မနက်ဖြန် ပြန်ထွက်ကြမယ်”
“တစ်ညတောင် စောင့်ရဦးမှာလား”
“သေချာတာပေါ့။ မိုးချုပ်တော့မယ်လေ။ ညဘက်ရောက်သွားရင် မှောင်မည်းနေတော့ တအားအန္တရာယ်များတယ်”
အဖွဲ့ခေါင်းဆောင်စုန့်က နည်းနည်းထိတ်လန့်နေတဲ့ လူပန်ဇီနဲ့ မျက်မှောင်ကြုတ်နေတဲ့ စွန်းတာချွမ်နဲ့ ဝူရွှယ်မေတို့ကို လေးနက်စွာကြည့်ပြီး “စိတ်မပူကြပါနဲ့။ ကျွန်တော်တို့လက်ထဲမှာ အမဲလိုက်သေနတ်ငါးလက်ပါတယ်။ အဲ့ဒီကျားသစ် ပြန်မလာရဲပါဘူး။ ပြန်လာရင်တောင် ခြောက်လှန့်နိုင်ပါတယ်”
စွန်းတာချွမ်က ခေါင်းခါပြီး “ငါတို့ကြောက်တာက အဲ့ဒီကျားသစ်မဟုတ်ဘူး။ ဘာလို့ဆို အဲ့ဒီကောင်က အသစ်ရောက်လာတာ”
“အသစ်ရောက်လာတာလား”
ဒီစကားကိုကြားတော့ ယွီဟွေးဖေး ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားတယ်။
စွန်းတာချွမ်က ခေါင်းညိတ်ပြီး “ဟုတ်တယ်။ အပြင်က ဝက်တို့ ဘာတို့က ကျားသစ်သတ်တာ မဟုတ်ဘူး”
“ဒါဆို ဘာလဲ”
ယွီဟွေးဖေး စပ်စုပြီး မေးလိုက်တော့ စွန်းတာချွမ်က ခေါင်းခါပြီး “မသိဘူး”
“မသိဘူးလား”
အားလုံး ကြောင်သွားကြတယ်။ ဒီကောင် ဒီမှာ ပိတ်မိနေတာ ဒီလောက်ကြာပြီ။ အပြင်မှာ ဘာတွေဖြစ်နေလဲတောင် မသိဘူးလား။
စွန်းတာချွမ်က မျက်နှာငယ်လေးနဲ့ “တကယ်မသိတာပါ... ဝက်က ငါမွေးထားတာ။ ညဘက်မှာ ဘာအသံမှမကြားဘူး။ မနက်ရောက်တော့ ဝက်က သေနေပြီ... အသားတွေက တစ်ဝက်လောက် စားခံထားရတယ်။ ကြက်တွေကလည်း တစ်ချက်မှမအော်ဘဲ တိတ်တဆိတ် သေသွားကြတာ... တစ်ကိုယ်လုံးမှာ ဒဏ်ရာတစ်ချက်တောင် မရှိဘူး။ ဒီကိစ္စက တော်တော်ထူးဆန်းတယ်”
ဝူရွှယ်မေက “သရဲများဖြစ်မလား”
ယွီဟွေးဖေးက ပြတ်ပြတ်သားသား ငြင်းလိုက်တာပေါ့။ “မဖြစ်နိုင်ဘူး”
“နင်က ဘယ်လိုလုပ် မဖြစ်နိုင်ဘူးလို့ သိတာလဲ”
ဝူရွှယ်မေက ဒီလိုလူငယ်လေးတစ်ယောက်က သူ့ကို ဒီလောက်ပြတ်ပြတ်သားသား ငြင်းတာကို သိပ်မကျေနပ်ဘူး။
“ကမ္ဘာပေါ်မှာ သရဲဆိုတာ လုံးဝမရှိဘူး။”
သူက ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်တာ။ ဘာလို့ဆို သူက အရင်ကတည်းက ချွေ့ကျွယ်ကို မေးပြီးသား။ ချွေ့ကျွယ်က ဒီကမ္ဘာပေါ်မှာ သရဲရှိဖို့မဖြစ်နိုင်ဘူးလို့ ပြောထားတယ်။ ငရဲပြည်က တရားသူကြီးကိုယ်တိုင်က ဒီလိုပြောထားမှတော့ သူဘာလို့မယုံရမှာလဲ။
အဲ့ဒီအချိန်မှာ လူပန်ဇီက ဟက်ဟက်ပက်ပက် ရယ်ပြီး “လူငယ်လေး... မင်းက ငယ်သေးတော့ မြင်ဖူးတာနည်းသေးတယ်။ ဒီကမ္ဘာကြီးမှာ ရှင်းပြလို့မရတဲ့အရာတွေ အများကြီးရှိတယ်... မင်းမမြင်ဖူးတာနဲ့ မရှိဘူးလို့ ပြောလို့မရဘူး”
ယွီဟွေးဖေးလည်း မငြင်းတော့ဘူး။ သူသိတယ်လေ... သူသာ ချွေကျွယ်တို့ကို ခေါ်မလာမချင်း ဘယ်သူမှ သူ့ကို ယုံမှာမဟုတ်ဘူး။
အဖွဲ့ခေါင်းဆောင်စုန့်က “သရဲရှိမရှိတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ အပြင်ထွက်ရင်တော့ ကျွန်တော်တို့က ခေါင်းပေါ်သုံးပေမှာ နတ်ရှိတယ်လို့ ယုံကြည်တယ်။ ဘာလုပ်လုပ် စိတ်သန့်ဖို့ပဲ လိုတယ်။ စိတ်ထဲမှာ သရဲမရှိရင် သရဲမကြောက်ဘူး...”
ဒီအထိပြောပြီးတော့ အဖွဲ့ခေါင်းဆောင်စုန့်က “ဒါပေမဲ့ ခင်ဗျားတို့က အပြင်မှာ သရဲခြောက်တယ်လို့ ပြောတာတော့ ကျွန်တော်မထင်ဘူး”
အဖွဲ့ခေါင်းဆောင်စုန့်က တကယ် အတွေ့အကြုံရင့်ကျက်တယ်။ ဒီစကားက ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ လူပန်ဇီတို့ရဲ့အဆိုကိုလည်း ငြင်းလိုက်နိုင်တယ်။
ဟူကြီးကတော့ ဖြောင့်မတ်တဲ့လူစားမျိုး။ တိုက်ရိုက်ပဲ “အပြင်မှာ ခြေရာတွေရှိတယ်။ သရဲနဲ့မတူဘူး။ သရဲလာရင် ဘယ်လိုလုပ် ခြေသည်းရာတွေ ပြည့်နေမှာလဲ။ ကျွန်တော်ပြောရရင်တော့ အဲ့ဒီကြောင်ကြီးရဲ့လက်ချက်ပဲ။ အဲ့ဒီကောင်က သစ်ပင်တက်၊ တံတိုင်းကျော်... ဘာမဆိုတတ်တော့ ဝင်လာပြီး ဝက်စား၊ ကြက်သတ်တာက လွယ်လွယ်လေးပဲ။ ဒါနဲ့... ခင်ဗျားတို့ အပြင်မထွက်ရဲတာ သူ့ကိုကြောက်လို့လား”
ဟူဘိုးကြီး ဒီလိုပြောတော့ လူပန်ဇီတို့လည်း ဖြစ်နိုင်လောက်တယ်လို့ ထင်သွားကြတယ်။ ဘာပဲဖြစ်ဖြစ် သူတို့က တခြားတိရစ္ဆာန်တွေကို တကယ်မမြင်ဖူးဘူး။ ဒီကျားသစ်တစ်ကောင်ပဲ အစစ်အမှန်မြင်ဖူးတာလေ။
စွန်းတာချွမ်က “ဖြစ်နိုင်ပါတယ်... ခင်ဗျားပြောတာမှန်လောက်တယ်။ ဒါပေမဲ့ တကယ်ပြောရရင် ဒီကျားသစ်ကလည်း တော်တော်ကြောက်စရာကောင်းတယ်။ တစ်ချက်ခုန်လိုက်ရင် နှစ်-သုံးမီတာလောက်မြင့်တယ်။ အဲ့ဒီလက်ဝါးကြီး... ဟူး... ကျွန်တော်တို့လောက်နဲ့တော့ ဓား ၆ချောင်းပေးရင်တောင် သူ့ပြိုင်ဘက်မဟုတ်ဘူး”
“ဘေးကင်းဖို့အတွက် ကျွန်တော်တို့ အပြင်မထွက်ရဲကြဘူး။ အဓိကက အဲ့ဒီကောင် ထွက်သွားပြီလားဆိုတာ မသေချာလို့”
အဖွဲ့ခေါင်းဆောင်စုန့်က ခေါင်းညိတ်ပြီး “ခင်ဗျားတို့လုပ်တာ မှန်ပါတယ်။ ဒီလိုအကောင်မျိုးကို အားနဲ့မယှဉ်နိုင်ဘူး။ ပြီးတော့ သေနတ်ရှိရင်တောင် ရင်ဆိုင်ရခက်တယ်။ သူက မျက်နှာချင်းဆိုင်မတိုက်ခိုက်တော့ သေနတ်က အသုံးမဝင်ဘူး။ ပြီးတော့ ဒါက မျိုးတုံးတော့မယ့် တိရစ္ဆာန်ဆိုတော့ မသတ်တာက အကောင်းဆုံးပဲ”
အားလုံးလည်း ခေါင်းညိတ်ပြီး အဖွဲ့ခေါင်းဆောင်စုန့်ရဲ့အဆိုကို သဘောတူကြတယ်။
“ကဲ... အားလုံးပဲ စိတ်မပူကြနဲ့တော့။ အဝစားပြီး မြန်မြန်အိပ်ကြ။ မနက်ဖြန် ကျွန်တော်တို့ ခရီးဆက်မယ်”
“ကျွန်တော်တို့မှာ သေနတ်ငါးလက်ပါတယ်။ အဲ့ဒီအခါ အချင်းချင်းကူညီပြီး သူ့ချောင်းမြောင်းတိုက်ခိုက်မှုကို မကြောက်ရတော့ဘူး”
“ပြီးတော့ ဒီနေ့အခြေအနေအရ ဒီကျားသစ်က လူနဲ့မကြုံဖူးသေးဘူး”
“ဒီလိုတိရစ္ဆာန်မျိုးက အသံကျယ်ကို အကြောက်ဆုံးပဲ”
“ကျွန်တော်တို့ရဲ့ သေနတ်သံက သူ့ကို ခြောက်လှန့်ဖို့ လုံလောက်ပါတယ်”
ဟူကြီးက “ဖြစ်နိုင်တာက အဲ့ဒီကျားသစ်က ကျွန်တော်တို့ကြောင့် လန့်ပြီး အဝေးကို ပြေးသွားလောက်ပြီ။ ပြန်မလာရဲတော့လောက်ဘူး။ အားလုံးပဲ သိပ်မစဉ်းစားကြနဲ့တော့။ မြန်မြန်အနားယူကြပါ”
“ခင်ဗျားတို့ပုံစံကြည့်ရတာ တစ်ယောက်မှ ကောင်းကောင်းမအိပ်ရသေးဘူးထင်တယ်”