← Chapters

လူကို စိတ်တိုအောင် လုပ်တာပဲ

Vol. 10 Ch. 149

လူကို စိတ်တိုအောင် လုပ်တာပဲ

Vol. 10 Ch. 149

“အပြင်မှာ လေတိုက်တာက သရဲငိုသလိုပဲ။ အိမ်ထဲမှာလည်း စားစရာမရှိတော့ဘူး။ ဗိုက်ကဆာ၊ စိတ်ကကြောက်နဲ့ ဘယ်လိုလုပ် အိပ်ပျော်မှာလဲ။ ဒါပေမဲ့ ခင်ဗျားတို့ရောက်လာတော့ ကျွန်တော်တို့ စိတ်အေးသွားပြီ... အိပ်ပြီ... အိပ်ပြီ”

လူပန်ဇီက ပြောပြီးတာနဲ့ ဆိုဖာကို သိမ်းပိုက်ပြီး လှဲချလိုက်တယ်။ ကြည့်ရတာ ဒီကောင်က သူ့ဘက်မှာ တစ်ယောက်တည်း ပြန်မအိပ်ချင်ဘူးထင်တယ်။

အားလုံးလည်း ဘာမှမပြောဘဲ အနားယူဖို့ နေရာရှာကြတယ်။ တစ်နေ့လုံး ခရီးဆက်လာတော့ အားလုံး ပင်ပန်းနေကြပြီလေ။

ယွီဟွေးဖေးက မအိပ်ဘဲ အားလုံးသတိမထားမိခင်မှာ ခွေးတစ်အုပ်ကိုခေါ်ပြီး ဘေးကို သွားပြီးတော့ အခွင့်ကောင်းယူပြီး တံခါးဖွင့်ကာ ရှောင်ထျန်းချန်ကို အပြင်လွှတ်လိုက်တယ်။

“သွားတော့... မြန်မြန်သွား”

ရှောင်ထျန်းချန်ကလည်း စိတ်စောနေပြီ။ နောက်ကျရင် သူ့ခွေးခေါင်းပြတ်မှာစိုးလို့ ခေါင်းတစ်ချက်ညိတ်ပြီး ခြေကုန်သုတ်တော့တာပဲ။

အဲ့ဒီအမြန်နှုန်းက ဝါကြီးတို့ထက် နှစ်ဆလောက် ပိုမြန်တယ်။ အမည်းရောင်အရိပ်တစ်ခုလိုပဲ ပြေးထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်ကွယ်သွားရော။

ယွီဟွေးဖေး သိလိုက်တယ်။ ဒါမှ ရှောင်ထျန်းချန်ရဲ့ တကယ့်အမြန်နှုန်းပဲ။ ဒီကောင်က တစ်လမ်းလုံး ပျင်းရိချင်ယောင်ဆောင်နေပေမဲ့ တကယ်တမ်းမှာ သူက အချိန်မရွေးပေါ်လာနိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင်ဖို့ အကောင်းဆုံးအခြေအနေမှာ ထိန်းသိမ်းထားတာ။

ဘာပဲဖြစ်ဖြစ် တောတောင်ထဲမှာ ဝံပုလွေအုပ်ရှိတယ်ဆိုတာ အားလုံးသိတယ်။

ရှောင်ထျန်းချန်က နတ်ခွေးဖြစ်ပေမဲ့ အခုက သာမန်ခန္ဓာကိုယ်ပဲ ရှိသေးတယ်။ တန်ခိုးမရှိ၊ စွမ်းအားမရှိဘူး။ သူ့ခန္ဓာကိုယ်က သန်မာပေမဲ့ ဝံပုလွေလက်သည်း၊ ဝံပုလွေသွားတွေကို မမှုဘဲနေနိုင်လောက်အောင်တော့ မသန်မာသေးဘူး။ ခွန်အားကလည်း အဆုံးအစမရှိတာ မဟုတ်ဘူးလေ။

ဒါကြောင့် သူ့ရဲ့ ပျင်းရိကောက်ကျစ်တဲ့အပြုအမူတွေကို ယွီဟွေးဖေးက လျစ်လျူရှုထားခဲ့တာ။ ရှောင်ထျန်းချန် ထွက်သွားတဲ့ဘက်ကို ကြည့်ရင်း ယွီဟွေးဖေးက မြေပေါ်က ခြေသည်းရာကို တစ်ချက်စောင်းကြည့်လိုက်တယ်။

သူ့စိတ်ထဲမှာ ဒီခြေသည်းရာက နည်းနည်းကြီးနေသလိုပဲလို့ ခံစားလိုက်ရတယ်။ ဒါပေမဲ့ အခုအချိန်မှာ အလင်းရောင်က မှိန်နေတော့ သူ သိပ်အရေးမလုပ်ဘဲ မျက်စိမှားတာပဲလို့ သဘောထားလိုက်တာပေါ့။

တစ်ချိန်တည်းမှာပဲ ယွီဟွေးဖေးက တံတိုင်းပေါ်မှာ အရိပ်တစ်ခု ပေါ်လာတာကို တွေ့လိုက်ရတယ်။ အဲ့ဒါက ရွှေဒင်္ဂါးကျားသစ်ပဲ။

ဒီကောင်... တကယ်ပဲ ပြန်လာခဲ့ပြီ။

ပုံမှန်ဆိုရင် ဒီကျားသစ်က ပြန်မလာရဲလောက်ဘူး။ ဘာလို့ဆို လူသားတွေက တအားအန္တရာယ်များတယ်လေ။ ဒါပေမဲ့ အခုအချိန်မှာ သူက ဒီနေရာမှာပဲ အစာရှာလို့ရတော့ စိတ်မလျှော့နိုင်ဘဲ ဆာလောင်မှုရဲ့ တွန်းအားကြောင့် ပြန်လာခဲ့တာ။

ဒါပေမဲ့ ဒီကြောင်ကြီးရဲ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေ အပြည့်နဲ့။ အနားသိပ်မကပ်ရဲဘူး။ မျက်လုံးတစ်စုံက မြေပေါ်က ကျန်နေတဲ့ဝက်သားနဲ့ ကြက်အရိုးတွေကို တစ်ချက်တစ်ချက် ကြည့်လိုက်တိုင်း စိမ်းရောင်အလင်းက ပိုတောက်ပလာတယ်။

“ဒီကြောင်ကြီး ပြန်လာပြန်ပြီလား”

အဲ့ဒီအချိန်မှာ အသံတစ်သံ ထွက်လာတယ်။ ယွီဟွေးဖေး နောက်မလှည့်ဘဲနဲ့တောင် လာတာက ထန်ယွမ်းမှန်း သိနေပြီ။

“မင်း မအိပ်သေးဘူးလား”

ယွီဟွေးဖေးက မေးလိုက်တော့ ထန်ယွမ်း ခေါင်းခါပြီး ခွက်တစ်ခွက် ကမ်းပေးလိုက်တယ်။

“ရေနွေးသောက်လိုက်ဦး။ နွေးသွားအောင်”

ယွီဟွေးဖေးက လက်ထဲကခွက်ကို ကြည့်ပြီး “မင်းခွက်လား”

“မကြိုက်ဘူးလား။ မကြိုက်ရင် ပြန်ပေး”

ထန်ယွမ်းက ပြန်ယူဖို့ လက်လှမ်းလိုက်ပေမယ့် ယွီဟွေးဖေးကတော့ ပြန်မပေးပါဘူး။ သူ တောင်တက်လာတုန်းက ဘာပစ္စည်းမှ ယူမလာခဲ့ဘူး။ ရေခွက်လည်း မပါဘူး။ တစ်လမ်းလုံး သူက ရေနွေးဘူးအဖုံးနဲ့ပဲ ရေသောက်ခဲ့တာ။ အခု ခွက်ရမှတော့ ဘာလို့အားနာနေမှာလဲ။

တစ်ငုံသောက်လိုက်တော့ ယွီဟွေးဖေးက အံ့ဩသွားပြီး “သကြားရည်လား”

ထန်ယွမ်းက ခေါင်းညိတ်ပြီး “တစ်နေ့လုံး ခရီးဆက်လာတော့ ခန္ဓာကိုယ်က အားအင်တွေ အများကြီးကုန်သွားတယ်။ သကြားရည်က လူ့ရဲ့အားအင်နဲ့ အပူဓာတ်ကို အမြန်ဆုံးပြန်ဖြည့်ပေးနိုင်တယ်။ မင်းအတွက် ကောင်းတယ်”

ယွီဟွေးဖေးက သွားဖြဲပြီး ရယ်လိုက်ရင်း တစ်ချိန်တည်းမှာပဲ စိတ်ထဲမှာ နွေးထွေးသွားတယ်။

နှစ်ယောက်သား တံတိုင်းပေါ်က ကြောင်ကြီးကို ကြည့်နေကြလေရဲ့။ ဒီကောင်က လူးလားခေါက်တုံ လျှောက်နေပြီး တစ်ချက်တစ်ချက် မာန်ဖီသံပေးနေတာပေါ့။

“ဒီကောင် ဆာလွန်းနေပြီ။ ကျန်တဲ့ဝက်သားတစ်ဝက်လောက် စားပြီးရင် သူ့ဘာသာသူ ထွက်သွားပါစေလို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် မနက်ဖြန် သူ့ကို တစ်ခေါက်လောက် ခြောက်လှန့်ရဦးမယ်”

“ကြောင်မျိုးနွယ်တွေက တော်တော်လည်တယ်။ သူက ငါတို့ရဲ့အစွမ်းကို သိတော့ စွန့်စားပြီး အကြာကြီးမနေလောက်ပါဘူး။ ငါ စားစရာသွဦးလုပ်လိုက်ဦးမယ်။ မင်း ဒီမှာပဲနေခဲ့” ထန်ယွမ်းက ပြောရင်းဆိုရင်း ထထွက်သွားတော့တာပဲ။

ယွီဟွေးဖေး နောက်လှည့်ကြည့်လိုက်တော့မှ ထန်ယွမ်းက အပြင်အနွေးထည်ကို ချွတ်ထားပြီး အတွင်းမှာ မီးခိုးရောင်ဆွယ်တာကို ဝတ်ထားတာ တွေ့လိုက်ရတယ်။ ဆွယ်တာက ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်ပြီး သူမရဲ့ခါးသေးသေးလေးကို ပေါ်လွင်စေနေရော။ အဲ့အခိုက် ယွီဟွေးဖေးရဲ့ခေါင်းထဲမှာ ကားပေါ်မှာ သူမခါးလေးကို ဖက်ထားတဲ့ပုံရိပ်နဲ့ အထိအတွေ့တွေ ချက်ချင်းပေါ်လာတယ်။

ချက်ချင်းပဲ ယွီဟွေးဖေးက ခေါင်းအမြန်ခါပြီး အဲ့ဒီအတွေးတွေကို ဖယ်ထုတ်လိုက်ရင်း ရေနှစ်ငုံလောက် သောက်လိုက်မှ စိတ်ထဲက မီးကို ငြှိမ်းသတ်နိုင်ခဲ့တယ်။

သူက စောစီးစွာ ရင့်ကျက်ပေမဲ့ နောက်ဆုံးတော့ သွေးဆူတတ်တဲ့ လူငယ်တစ်ယောက်ပဲလေ။ အသက် ၂၀ ကျော်ကြာ လူပျိုစင်ဘဝက သူ့ကို စိတ်ထဲမှာ မီးတော်လောင်နေပြီ။

ပုံမှန်ဆိုရင်တော့ ထားလိုက်ပါတော့။ ဒါပေမဲ့ ဒီနေ့ထိတွေ့မှုက တော်တော်လေး နက်ရှိုင်းတယ်။ သူ့ဦးနှောက်က ကြည်လင်နေပေမဲ့ ခန္ဓာကိုယ်က ထိန်းမရဘူး။

အဲ့ဒီအချိန်မှာ ယွီဟွေးဖေးက ကျားသစ်က ရုတ်တရက် ခုန်ချလာတာကို တွေ့လိုက်ရတယ်။ မနေနိုင်တော့ဘူးထင်ပါရဲ့။

ယွီဟွေးဖေးဘက်ကနေ ဟိုဘက်အခြေအနေကို မမြင်ရတော့ဘူး။ မိုးလေဝသစခန်းဘက်ကို အမြန်ပြန်လာခဲ့တယ်။ ရောက်တော့ လူပန်ဇီတို့လည်း ထနေကြပြီး ပြတင်းပေါက်နားမှာ ဝိုင်းအုံပြီး ခြံထဲက ကျားသစ် အစာစားနေတာကို ကြည့်နေကြတာပေါ့။

စွန်းတာချွမ်က “ဒါက ငါ တောင်ပေါ်တက်ပြီး တောရိုင်းဟင်းသီးဟင်းရွက်တွေ ခူးပြီး မွေးထားတဲ့ဝက်ကွ။ ဒီသောက်တိရစ္ဆာန်”

ဝူရွှယ်မေက “နှစ်ကုန်ပိုင်းမှာ ငါတို့ နှစ်သစ်ကူးစားဖို့ မွေးထားတာ။ အခုတော့... ဟူး...”

ဝူရွှယ်မေနဲ့ စွန်းတာချွမ်က ဇနီးမောင်နှံ။ သူတို့မှာ ကလေးမရှိဘူး။ ဒါကြောင့် ဒီတစ်ခါ နှင်းမုန်တိုင်းလာတော့ တခြားလူတွေက ထွက်သွားချင်ကြတယ်။ ဒီမှာ ပိတ်မိမှာကြောက်လို့။ ဒါပေမဲ့ သူတို့ဇနီးမောင်နှံကတော့ တာဝန်ယူပြီး နေခဲ့ကြတယ်။ အခက်အခဲအကြီးဆုံးတာဝန်ကို ထမ်းဆောင်ဖို့။ ဒါပေမဲ့ သူတို့မထင်ထားတာက ဒီမှာ မုန်တိုင်းအပြင် တောရိုင်းတိရစ္ဆာန်ပါ ရှိနေလိမ့်မယ်ဆိုတာပဲ။ အခု ကိုယ်မွေးထားတဲ့ဝက် အစားခံရတာမြင်တော့ နှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်။

ဝက်သားက ခဲနေတော့ ကျားသစ်က စားရတာမမြန်ဘူး။ ဒါပေမဲ့ အားစိုက်ပြီး ကိုက်နေတယ်။

အားလုံး ခဏကြည့်ပြီးတော့ စိတ်ဝင်စားစရာမရှိတော့ဘူးလို့ထင်ပြီး လူစုခွဲလိုက်ကြတဲ့ အချိန်မှာ ထန်ယွမ်းက အော်လိုက်တယ်။

“ခေါက်ဆွဲပြုတ်ပြီးပြီ။ လာစားကြ”

အားလုံးကြားတော့ ခေါက်ဆွဲပူပူစားဖို့ သွားကြတယ်။ ယွီဟွေးဖေးတစ်ယောက်ပဲ ကျားသစ်ကို ဆက်ကြည့်နေတာပေါ့။ သူက မျက်လုံးကို ကျဉ်းပြီး ကျားသစ်ရဲ့လက်သည်းကို စူးစိုက်ကြည့်နေတာ။

ကျားသစ်ရဲ့လက်သည်းက ဝက်ကို ဖိထားပြီး တုတ်တုတ်မလှုပ်ဘူး။ ဒါပေမဲ့ ယွီဟွေးဖေးက လက်မလျှော့သေးဘူး။ သူ့ရဲ့အာရုံခြောက်ပါးက ပုစဉ်းခွံကိုးလွှာကျင့်စဉ်ကြောင့် တစ်ခါအားဖြည့်ထားတော့ သာမန်လူတွေထက် နည်းနည်းပိုထက်မြက်တယ်လေ။

သူက မှိန်ဖျော့တဲ့အလင်းရောင်ကို အားကိုးပြီး တခြားလူတွေမမြင်နိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို မြင်နိုင်တယ်။ အဲ့ဒီအချိန်မှာ ထန်ယွမ်းလည်း ထိုင်ချလိုက်ပြီး ခေါက်ဆွဲတစ်ပန်းကန်ကို ဘေးမှာ ချထားလိုက်တယ်။

ဟူကြီးက စပ်စုပြီး “ဒါက ဘာလုပ်တာလဲ”

“ပူလွန်းလို့။ အအေးခံပြီးမှ စားမလို့”

ပြီးတော့ ထန်ယွမ်းက သေနတ်ကို ထိုင်သုတ်နေတော့ အားလုံး ကြောင်သွားကြရော။

ချန်ရှန်းက မျက်နှာချိုသွေးပြီး “ငါ... ငါ မှုတ်ပေးရမလား”

ထန်ယွမ်းက သူ့ကို မျက်စောင်းထိုးပြီး “မင်းခေါက်ဆွဲသာစား။ ထမင်းစားတာတောင် မင်းပါးစပ်ကို ပိတ်မထားနိုင်ဘူးလား”

အပြောခံလိုက်ရတော့ ချန်ရှန်းက ခြောက်ကပ်ကပ်ရယ်ပြီး ခေါင်းငုံ့ကာ ဆက်စားနေတော့တာပေါ့။

အဲ့ဒီအချိန်မှာ ကျားသစ်က ဗိုက်ပြည့်သွားလို့လား ဘာလားတော့မသိဘူး။ မစားတော့ဘဲ ထပြီး လှုပ်ရှားလိုက်ပြီးတော့ ဝက်ဘေးမှာ ကွေးကွေးလေး အိပ်ချလိုက်တယ်။ ဒီကောင်က ဒီမှာ ညအိပ်မယ့်ပုံပဲ။

“တကယ် လည်တဲ့ကောင်ပဲ”

ယွီဟွေးဖေး နည်းနည်းသဘောပေါက်သွားပြီ။ ဒီကျားသစ်က ဒီကလူတွေက သူ့ကို မထိခိုက်ဘူးဆိုတာ သိသွားတော့ သတ္တိတွေရှိလာပြီး သူ့ရိက္ခာကို စောင့်နေတာပဲ။

ကျားသစ်က မလှုပ်တော့မှတော့ ယွီဟွေးဖေးမှာ ကြည့်စရာမရှိတော့ဘူး။ စားစရာရှာဖို့ ထသွားတယ်။ သူလည်း ဗိုက်ဆာနေပြီလေ။ စားပွဲဆီရောက်တော့ စားပွဲပေါ်မှာ ခေါက်ဆွဲပန်းကန်တစ်လုံး ချထားတာတွေ့တယ်။ ပြီးတော့ အားလုံးကို တစ်ချက်ကြည့်လိုက်ချိန် ချန်ရှန်းနဲ့ ချန်ယန်က သူ့ကို မကျေမနပ်ဖြစ်နေတော့ ထမင်းဘူးကို သူ့ကို ပေးမှာမဟုတ်ဘူး။ ဘာမှလည်း ပြောမှာမဟုတ်ဘူး။

အဖွဲ့ခေါင်းဆောင်စုန့်နဲ့ ဟူကြီးလည်း မစားရသေးဘူး။

စွန်းတာချွမ်၊ လူပန်ဇီ၊ ဝူရွှယ်မေတို့လည်း ထမင်းဘူးတွေနဲ့ပဲ စားကြတယ်။ ဒီတောနက်ထဲမှာ ရိက္ခာပို့ရတာ မလွယ်ဘူးလေ။ ကွဲလွယ်တဲ့ပစ္စည်းတွေ သူတို့မသုံးဘူး။ တစ်ယောက်တစ်ဘူးပဲ။ ပိုတာမရှိဘူး။

ယွီဟွေးဖေးက ခေါင်းကုတ်ပြီး အဲ့ဒီထမင်းဘူးကို တစ်ချက်စောင်းကြည့်လိုက်တယ်။

အဲ့ဒီအချိန်မှာ ထန်ယွမ်းက စိတ်မရှည်တဲ့အသံနဲ့ “ဘာကြည့်နေတာလဲ။ ဗိုက်ဆာရင်စား”

ဒီစကားကိုကြားတော့ ပျော်သွားပြီး ဖင်ချထိုင်ကာ စားတော့မလို့ ပြင်လိုက်ချိန် ချန်ရှန်းက ချက်ချင်းပဲ ပြောပါလေရော။

“မင်း စားရဲလို့လား။ ဒါက ထန်ယွမ်း သူ့ဘာသာသူ အအေးခံထားတာ... သူက ပူတာကြောက်လို့ မစားသေးတာကွ”

ယွီဟွေးဖေး မျက်မှောင်ကြုတ်လိုက်တယ်။ သူစကားမပြောခင်မှာပဲ ထန်ယွမ်းက “စားလိုက်ပါ။ ငါက ပူတာကြောက်လို့။ မင်းစားပြီးရင် ငါဆေးလိုက်မယ်။ အဲ့ဒီအချိန်ဆို အိုးထဲကဟာလည်း အေးလောက်ပြီ”

ချန်ယန်က စိတ်ပူသွားပြီး “ယွီလေး... မဟုတ်ရင် ငါ့ဟာသုံးမလား။ ငါစားပြီးပြီ... ဟား...”

ယွီဟွေးဖေးက ချန်ယန်ကို တစ်ချက်စောင်းကြည့်လိုက်တယ်။ ဒီကောင်နှစ်ယောက် ဗိုက်ထဲမှာ ဘာအကြံအစည်ရှိလဲဆိုတာ သူ အကုန်သိတယ်လေ။

ရယ်စရာပဲ။ မိန်းမချောလေးသုံးထားတဲ့ ထမင်းဘူးရှိနေမှတော့ ဘယ်အရူးက ယောကျာ်းတွေသုံးတဲ့ဟာကို သုံးမှာလဲ။

ဒါနဲ့ပဲ ယွီဟွေးဖေးက ချန်ရှန်းနဲ့ ချန်ယန်တို့ရဲ့ မနာလိုဝန်တိုတဲ့ မျက်လုံးတွေကြားထဲကနေ ချန်ယန်လက်ထဲက ထမင်းဘူးကို လှမ်းယူမယ့်လက်ကို အောက်ချပြီး စားပွဲပေါ်က ထမင်းဘူးကို ကောက်ယူလိုက်တယ်။ ပြီးတော့ အဲ့ဒီနေရာမှာတင် ထိုင်စားတော့တာပဲ။

ဒီမြင်ကွင်းကိုတွေ့တော့ ချန်ရှန်းနဲ့ ချန်ယန်တို့ရဲ့ မျက်လုံးတွေက ပေါက်ကွဲထွက်တော့မလိုပဲ။ အများကြီး ထည့်မစဉ်းစားရင် သူတို့နှစ်ယောက် ထိုးကြိတ်ချင်စိတ်တောင် ပေါက်နေလောက်ပြီ။ ဒီကောင်နှစ်ယောက် မနာလိုဝန်တိုနေမှတော့ သူလည်း အားမနာတော့ဘူး။

‘မင်းက ငါ့ကို တစ်ထွာလောက်လေးစားရင် ငါက မင်းကို တစ်လံလောက် လေးစားမယ်။ မင်းက ငါ့ကို တစ်လက်မလောက် ထိရင် ငါက မင်းကို တစ်သက်လုံးမှတ်ထားပြီး နေ့တိုင်း လက်စားချေမယ်ကွ’

ဒီကောင်နှစ်ယောက်က သူ့ကို မုန်းနေမှတော့ ပြောစရာမရှိတော့ဘူး။ ဆက်မုန်းနေကြပေါ့။ ဒါနဲ့ပဲ ဒီကောင်က ထမင်းဘူးချထားမယ့်စိတ်ကူးကို ချက်ချင်းဖျောက်ပြီး ခေါက်ဆွဲတစ်လုတ်ကြီးကို ပါးစပ်ထဲထည့်လိုက်တယ်။

ပြီးတော့...

“အမလေးဗျ”

ယွီဟွေးဖေး တကယ်ပဲ အပူလောင်သွားတယ်။ ဒါပေမဲ့ ချက်ချင်းသည်းခံပြီး ခေါက်ဆွဲကို ပါးစပ်ထဲအကုန်ထည့်လိုက်ပြီးတော့ ပါးစပ်ထဲကို လေအေးတွေ တရှူးရှူးနဲ့ သွင်းနေလိုက်တာပေါ့။ ပါးစပ်ထဲက ခေါက်ဆွဲကို အအေးခံရင်း ခေါင်းကို ဘယ်ညာယမ်းပြီး သူ့ပါးစပ်နဲ့ ခေါက်ဆွဲကို တတ်နိုင်သလောက် မထိအောင် ကြိုးစားရတော့တာပဲ။

ဒီမြင်ကွင်းကိုတွေ့တော့ အားလုံး ခေါင်းခါပြီး ရယ်ရမလို ငိုရမလို ဖြစ်သွားကြတယ်။

ချန်ရှန်းနဲ့ ချန်ယန်လည်း ရယ်ပြီး စိတ်ထဲမှာ ဖြစ်သင့်တယ်လို့ ရေရွတ်ကြနေလေရဲ့။ ဒါပေမယ့် သူတို့ မရယ်နိုင်တော့ဘူး။ ဘာလို့ဆို ဟိုကောင်က ပါးစပ်က အသံတွေတောင် ထွက်နေပြီ။

ပါးစပ်က အသံတွေထွက်ရင်းနဲ့ “ဒီခေါက်ဆွဲထဲမှာ လေးညှင်းပွင့်များ ထည့်ထားသလား” တဲ့။

ထန်ယွမ်းက ကြောင်သွားပြီး “မထည့်ပါဘူး။ ဆားနည်းနည်းပဲ ထည့်ထားတာ။ ဟင်းရွက်ထုပ်တောင် မထည့်ထားဘူး”

“ဒါဆို ထူးဆန်းတာပဲ။ ထမင်းဘူးထဲက အနံ့များလားမသိဘူး”

ဒီစကားထွက်လာတော့ ထန်ယွမ်း မျက်နှာကြီး ရဲသွားရော။ တစ်ဖက်က ချန်ရှန်းနဲ့ ချန်ယန်တို့က ဒေါသထွက်ပြီး ထမင်းဘူးကို ပစ်ပေါက်ချင်စိတ်တောင် ပေါက်နေပြီ။ ယွီဟွေးဖေးက ရယ်ပြီး ပိုပျော်ပျော်ကြီး စားနေသလို ပါးစပ်က အသံတွေလည်း တပြတ်ပြတ်နဲ့ ပိုကျယ်လာရောပဲ။

ဒါပေမဲ့ အဲ့ဒီအတွက် ပေးဆပ်ရတာကတော့ အပူလောင်လွန်းလို့ မျက်နှာကြီးရဲတွတ်ပြီး နဖူးမှာ ချွေးတွေတောင် စို့နေပြီ။

ထန်ယွမ်းက မျက်မှောင်ကြုတ်ပြီး “မင်း ဖြည်းဖြည်းစားလို့မရဘူးလား။ ဘယ်သူမှ မင်းနဲ့ လုမစားပါဘူး”

ယွီဟွေးဖေးက ဟီးခနဲ တစ်ချက်ရယ်ပြီး “ငါ့အဘိုးက ပြောဖူးတယ်။ ဗိုက်ကားသေသွားတဲ့သူက ပန်းကန်မယူဘူး။ မြန်မြန်စားပြီး မြန်မြန်သွားတာပဲတဲ့”

All Chapters