မာန်ကိုအရင်းပြု၍ ဟန်လုပ်ခြင်း
Vol. 10 Ch. 137
ချောင်းဖန့် က ပါးစပ်ထဲရောက်သွားတော့ နူးညံ့ပြီး ပျော့ပျော့လေးပဲ။ ကိုက်လိုက်တော့လည်း တော်တော်လေး ဝါးလို့ကောင်းပြီး ကြက်ဥ၊ နံနံပင်၊ ဝက်သားနဲ့ ဆော့စ်အရသာတွေက ပါးစပ်ထဲမှာ ရောနှောသွားတယ်လေ။ ယွီဟွေးဖေးလည်း မျက်ခုံးတွေကိုတွန့်ပြီး အရမ်းကောင်းတယ်လို့ ခံစားမိလိုက်တယ်။
ဒီအချိန်မှာပဲ သရဲဖြူ၊ သရဲနက်တို့ ရောက်လာကြတယ်။ ချောင်းဖန့်ကို မြင်တော့ စိတ်ဝင်စားသွားကြတာပေါ့။ တစ်ယောက်ချင်းစီလာရင်း ယွီဟွေးဖေးကို တွန်းဖယ်လိုက်ကြပြီး ချောင်းဖန့် တစ်ပန်းကန်လုံးကို ခဏလေးအတွင်းမှာ အကုန်စားပစ်လိုက်ကြတယ်။
“အရမ်းကောင်းတယ်... တကယ်စားလို့ကောင်းတယ်” လို့ သရဲနက်က အကျယ်ကြီး အော်ပြောလိုက်တယ်။
သရဲဖြူရောင်ကလည်း ”ဟုတ်တယ်။ တကယ်ကောင်းတယ်။ လျိုရှင်း၊ ဒါ ဘာနဲ့လုပ်ထားတာလဲ”
ချွေ့ကျွယ်က ”ဆန်နဲ့လုပ်ထားသလိုပဲ” လို့ ခန့်မှန်းရင်း ဝင်ဖြေကြည့်တာပေါ့။
လျိုရှင်းက ပြုံးပြီး ”ဟုတ်တယ်... ချွေ့ကျွယ် ပြောတာမှန်တယ်။ ဒါက တောင်ပိုင်းက ချောင်းဖန့်ဆိုတဲ့ မုန့်ပါ။ အရသာ ကောင်းရဲ့လား” လို့ မေးလိုက်တယ်။
“အရသာ အနေတော်ပဲ။ တကယ်စားလို့ကောင်းတယ်။ ဒါပေမဲ့ နည်းနည်းပါးပါးလေးပဲ ပါတယ်” လို့ သရဲနက်က ညည်းညူလိုက်လေရဲ့။
မြေပြင်မှာ ထိုင်နေတဲ့ ရှောင်ထျန်းချန်ကလည်း ခေါင်းကို အသည်းအသန် ညိတ်ပြနေတော့တာပဲ။ သူက စကားပြောလို့မရတော့ ခေါင်းညိတ်ပြီးပဲ အားဖြည့်ပေးနိုင်တော့တယ်လေ။
”စားလို့ကောင်းရင် ပြီးတာပဲ။ ခဏစောင့်ဦးလေ... ကျွန်မ အများကြီး လုပ်ပေးမယ်”
လျိုရှင်းစကားကြောင့် အားလုံးကလည်း ဝမ်းသာအားရနဲ့ လက်ခုပ်လက်ဝါးတီးကြတယ်။
နွားကျောင်းသားတစ်ယောက်တည်းကပဲ ”ဒါက ဘာမှ မဟုတ်ပါဘူး၊ ငါလည်း လုပ်တတ်ပါတယ်” လို့ ညည်းတွားနေပေမဲ့ ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြဘူး။
အားလုံးက မီးဖိုချောင်မှာ ထိုင်ပြီး တန်းစီစောင့်နေကြလေရဲ့။ ချောင်းဖန့် တစ်ပန်းကန်ထွက်လာတာနဲ့ တန်းစီထားတဲ့အတိုင်း ယူစားကြတယ်။
ရှောင်ထျန်းချန်ကတော့ သုံးပွဲ တောင်းတယ်။ အားလုံးက ဘာမှ မပြောကြဘူး။ သူက အနောက်ဘက်ခြံထဲက နွားခေါင်းနဲ့ မြင်းမျက်နှာအတွက် ခွဲပေးရမယ်ဆိုတာ သိကြတယ်။ လျိုရှင်းကလည်း ဒီခွေးက သူ့အသက်ကို ကယ်ခဲ့ဖူးတာကြောင့် တကယ်ချစ်တယ်။ ဒါကြောင့် သုံးပွဲကို ပိုကြီးအောင် လုပ်ပေးလိုက်တယ်။ ခွေးလေးကလည်း သဘောကျပြီး သွားတွေ အကုန်ပေါ်အောင်ရယ်၊ အဲဒီသုံးပွဲကို မေးရိုးနဲ့ကိုက်ပြီး ဟိုဘက်မှာ သွားစားနေတော့တာပေါ့။
ဒီမြင်ကွင်းကို မြင်တော့ အားလုံးလည်း စကားတွေ ဆွံ့အကုန်တယ်။
သရဲဖြူက ”ဒီခွေးမိုက်က တကယ် စိတ်မချရ ဘူး” လို့ ပြောလိုက်သလို သရဲနက်ကလည်း ”ခွေးဆိုတော့ ခွေးဆန်တာပေါ့ဟ” လို့ ပြောလိုက်တယ်။
ရှောင်ထျန်းချန်က ကြားတော့ ခေါင်းကိုမော့ပြီး သူတို့ကို လှမ်းကြည့်လိုက်တယ်။ မကျေမနပ်နဲ့ အသံကို တိုးပြီး ”ကျွန်တော် ပြောင်းလဲပြီးပါပြီ” တဲ့။ ဒီစကားကို ကြားလိုက်တော့ အားလုံး စားချင်စိတ်တွေတောင် ပျောက်ကုန်ကြရောပဲ။
“ဒီခွေးမိုက်ကို ဝိုင်းပြီး ကန်ထုတ် ပစ်လိုက်ကြ” ဆိုပြီး အားလုံးက ဆဲဆိုပြီး အပြင်ကို ကန်ထုတ် ပစ်လိုက်တယ်။
ယွီဟွေးဖေးက ရှောင်ထျန်းချန်ကို ကြည့်ပြီး ”ဒီညနေ ငါ့အတွက် ညစာ ရပြီထင်တယ်” လို့ ပြောလိုက်တော့ ရှောင်ထျန်းချန်လည်း ကြားလိုက်တာနဲ့ တစ်ကိုယ်လုံး တုန်ခါသွား ပြီး ချက်ချင်း အနားကို ပြန်ပြေးလာပြီး သုံးပွဲ ထပ်တောင်းနေတော့တာပဲ။
လျိုရှင်းကလည်း အနောက်ခြံမှာ နောက်ထပ်လူတွေ ရှိမှန်းမသိပေမဲ့ ဒီခွေးလေးကို တကယ်ချစ်တာကြောင့် သူတောင်းတဲ့အတိုင်း လုပ်ပေးလိုက်တယ်။ ခဏနေတော့ သုံးပွဲ ထပ်ပြီးသွားတော့ ပန်းကန်အသစ်နဲ့ ခွေးလေးကို ထပ်ပေးလိုက်တယ်။ ရှောင်ထျန်းချန်ကလည်း ဝမ်းသာအားရနဲ့ သုံးပွဲကို ကိုက်ပြီး အနောက်ခြံကို ပြေးပြန်ပြီ။
ဒီမြင်ကွင်းကို မြင်တော့ အားလုံးလည်း ခေါင်းတွေခါလိုက်ကြတယ်။
ဒီအချိန်မှာပဲ အနောက်ဘက်ခြံကနေ တံခါးပိတ်သံ ကျယ်ကျယ်လောင်လောင် ကြားလိုက်ရတော့ အားလုံးလည်း စိတ်ထဲမှာ ထိတ်လန့်သွားပြီး အပြင်ကို ထွက်ကြည့်ကြတယ်။ တံခါးလည်း ပွင့်နေပြီး နှင်းတွေအပေါ်မှာ ခွေးခြေရာတွေ နဲ့ ခြေရာကြီး နှစ်ခု ကို တွေ့လိုက်ရရော။
လူတွေ ချက်ချင်းပဲ အရာရာကို နားလည်သွားကြတယ်။ အဲ့ဒီသေနာကျခွေးက တစ်ယောက်တည်း စားမလို့၊ ဒါပေမဲ့ နွားခေါင်း၊ မြင်းမျက်နှာက တွေ့သွားပြီး ကီလိုမီတာထောင်ချီတဲ့ လိုက်ဖမ်းပွဲကြီး ဖြစ်နေတာပဲ။
လူတွေအားလုံး တစ်ယောက်ပြီးတစ်ယောက် ခေါင်းခါကြတယ်၊ အဲ့ဒီသေနာကျခွေးကိုတော့ သူတို့ လုံးဝအရှုံးပေးလိုက်ပြီ။ ဒီကောင်က အရိုက်ခံရရင် နာတယ်လို့ အော်တတ်ရုံပဲ၊ မှတ်ဉာဏ်တော့ မရှိဘူး။
ပွဲကြည့်ကြည့်ပြီးသွားတော့ အားလုံးက ပြန်လှည့်ပြီး ချောင်းဖန့် ဆက်စားဖို့ စောင့်နေကြတယ်။ အားလုံးက စားအားကောင်းကြတော့ ချောင်းဖန့် အကြီးစားနှစ်ပွဲ၊ သုံးပွဲက မလောက်ဘူး။ ဒါပေမဲ့ လျိုရှင်း က အစပိုင်းမှာ အားလုံး ကြိုက်မကြိုက်ကို မသေချာလို့ နည်းနည်းလေးပဲ လုပ်ထားတာကြောင့် ဆန်မှုန့်ရည် ကုန်သွားပြီ။
ဒီအချိန်မှာ နွားကျောင်းသားက ”ဆန်ထပ်ပြီး ချေလိုက်ရင် ပြီးတာပဲလေ” လို့ ပြောပြီး သူကိုယ်တိုင် ဆန်တစ်ဆုပ်ကို ယူပြီး အားကုန်ညှစ်လိုက်တော့ ဆန်တွေက ချက်ချင်း မှုန့်ဖြစ်သွားတယ်။ ယွီဟွေးဖေးလည်း ဘာမှ ပြောစရာမရှိအောင် ဖြစ်သွားတယ်။
လျိုရှင်းကလည်း လှမ်းကြည့်ပြီး အံ့သြသွားပေမဲ့ ဆန်မှုန့်တွေကို ကြည့်မိလိုက်တော့ ခေါင်းခါလိုက်တယ်။
”မရဘူး၊ ကြမ်းနေသေးတယ်။ ခဏစောင့်ပေးကြဦး၊ ကျွန်မ နောက်ထပ် ထပ်ချေလိုက်ဦးမယ်”
တခြားလူတွေက လျိုရှင်းကို မသနားပေမယ့် ယွီဟွေးဖေးကတော့ စိတ်မချမ်းသာအောင် မလုပ်ချင်ဘူး။
"သရေစာ၊ သရေစာ၊ ဆိုလိုတာက နည်းနည်းစား၊ အဲ့ဒါ အဓိကအစားအစာမှ မဟုတ်တာ။ စားချင်ရင် နောက်မှလုပ်။ အခုကစပြီး ထမင်းချက်ရတော့မယ်"
ပြီးတော့ ယွီဟွေးဖေးက ထမင်းချက်လိုက်တယ်။
သရဲနက်နဲ့ သရဲဖြူတို့လည်း စိတ်မကောင်းဖြစ်ပေမဲ့ ဘာမှ မငြင်းတော့ဘူး။ ထမင်းကျက်တော့ လျိုရှင်း က ဟင်းပွဲနှစ်ပွဲ လိုက်ချက်ပေးတယ်။ ဒါပေမဲ့ အားလုံးက ပျော်ပျော်ရွှင်ရွှင် စားကြတယ်။
အဲ့ဒီအချိန်မှာ သရဲနက်က "နှမြောစရာပဲ၊ ဟင်းရှိပြီး အရက်မရှိဘူး။"
ယွီဟွေးဖေးက သူ့ကို မျက်စောင်းတစ်ချက်ထိုးပြီး "အိမ်မှာ အရက်မရှိတော့ဘူး၊ သည်းခံလိုက်။ အခု ရွာတစ်ရွာလုံး အရက်ပြတ်နေတယ်"
သရဲနက်က ညည်းတွားပြီး "နှမြောစရာပဲ..."
လျိုရှင်းက "သူဌေးယွီ... ရှင်တို့အိမ်မှာ ဆန်များလား"
"များတာပေါ့... ဘာဖြစ်လို့လဲ။"
သာမန်ဆန်က မများပေမယ့် ကြည်တော်ဝင်ဆန်ကတော့ ယွီဟွေးဖေးဆီမှာ အများကြီး ရှိတယ်။ အရင်က အဲ့ဒီဖန်လုံအိမ်ထဲမှာ စိုက်ထားတာ ပေါင်တစ်ထောင်ကျော်တောင် ရှိတယ်။ပြီးတော့ မျိုးစေ့တွေလည်း အများကြီး ကျန်သေးတယ်၊ မရှိတော့ရင် ဆိုင်ကယ်အစုတ်တစ်စီး သွားငှားပြီး ထပ်စိုက်လို့ရတယ်။
လိုသလောက် ရှိတယ်လို့ ပြောလို့ရတယ်...
လျိုရှင်း မျက်လုံးတွေ လင်းလက်သွားပေမဲ့ အားလုံးကို သေချာမေးကြည့်လိုက်တယ်။
”ဆန်အရက် သောက်ဖူးကြလား”
သရဲနက်၊ သရဲဖြူနဲ့ ချွေ့ကျွယ် တို့ ခေါင်းတွေ ထောင်ကြည့်လိုက်တယ်။ နွားကျောင်းသားတောင် ”ဘာအရက်ကိုမှ သောက်တတ်တယ်ဆိုတာ မရှိဘူး။ အရက်ဖြစ်နေရင် ပြီးတာပဲ”
ယွီဟွေးဖေးလည်း လျိုရှင်း ဘာလုပ်တော့မယ်ဆိုတာ သိသွားပြီ။
”နင်က ဆန်အရက်ချက်တတ်တာလား”
လျိုရှင်း မျက်နှာလေး နီရဲလာပြီး ခေါင်းညိတ်လိုက်တယ်။
”တတ်ပါတယ်။ အရင်က ဒေါ်လေးဆီကနေ သင်ခဲ့တာ။ ဆန်အရက်က ချက်ရတာ ပိုလွယ်တယ်။ အိမ်မှာ ဆန်ရှိရင် ကျွန်မ ချက်ပေးလို့ရတယ်”
သရဲနက်တို့လည်း ကြားလိုက်တော့ စိတ်လှုပ်ရှားသွားကြတာပေါ့။
”အဲ့ဒါဆို ဘာကို စောင့်နေကြတာလဲ။ ချက်ပစ်လိုက်ကြလေ”
ယွီဟွေးဖေးက သရဲနက်ကို ခြေထောက်နဲ့ကန် လိုက်တယ်။
”တစ်နေကုန် ချောင်းဖန့် လုပ်၊ ပြီးတော့ ဟင်းတွေလည်း ချက်ပေးရသေးတယ်။ နားခွင့်ပေးဦးကွာ”
သရဲနက်တို့လည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ ”ဟုတ်တယ်... ဟုတ်တယ်။ နားတာက အရေးကြီးတယ်။ မနက်ဖြန်ကျမှ ချက်လည်း မဆိုးပါဘူး”
လျိုရှင်း က ခေါင်းခါလိုက်တယ်။ ”ကျွန်မ မပင်ပန်းပါဘူး၊ ဆန်တွေ အများကြီး ကုန်သွားမှာပဲ စိုးရိမ်တာ”
“စိတ်မပူနဲ့၊ ဆန်တွေကို လိုသလောက် သုံးလို့ရတယ်။ ငါတို့အိမ်မှာ ဒါတွေ မရှားပါဘူး” လို့ ယွီဟွေးဖေးက ပြောလိုက်မှ လျိုရှင်း စိတ်အေးသွားရော။
”ကောင်းပြီ... ဒါဆိုအခုချက်တော့မလား”
ပြောပြီးတော့ ဒီကောင်မလေးက အလုပ်စလုပ်တော့မယ်ဟန်ပြင်နေတော့ ယွီဟွေးဖေးလည်း သူ့ကို အခန်းထဲ တွန်းပို့လိုက်ပြီး တံခါးကို ပိတ်ပစ်လိုက်တယ်။
”ဘာမှ ထပ်မပြောနဲ့၊ အိပ်တော့။ ကောင်းကောင်း နားပြီးမှ လုပ်”
လျိုရှင်းလည်း အံ့သြသွားပြီးနောက် ပြုံးလိုက်တယ်။ ဒီအပြုံးကြောင့် ယွီဟွေးဖေးတစ်ကိုယ်လုံး ထူပူသွား တယ်။ နောက်လှည့်ကြည့်လိုက်တော့ သရဲနက်တို့လည်း ပြုံးနေကြလေရဲ့။ ဒါပေမယ့် နွားကျောင်းသားမျက်နှာကတော့ မည်းနေပြီ။
ဒီကောင်က ဘာလို့ မျက်နှာမည်းနေရတာလဲ။ မသိတဲ့လူက မြင်ရင် သူတို့နှစ်ယောက်မှာ ဘာဆက်ဆံရေးမှန်းမသိဘူးလို့ ထင်သွားဦးမယ်။
”ဘာကြည့်နေတာလဲ၊ ကိုယ့်ဘာသာ အလုပ်ရှိရာ သွားလုပ်ကြ” ဆိုပြီး ယွီဟွေးဖေးလည်း အားလုံးကို မောင်းထုတ်လိုက်ပြီးတော့ တတိယထပ်ကို တရားထိုင် ကျင့်ကြံဖို့ သွားတော့တယ်...
ညလယ်ရောက်တော့ နွားခေါင်းတို့နဲ့အတူ မပြေးတော့ဘဲ နှင်းတောတိုးတာကို အစားထိုးလိုက်တယ်။ နွားခေါင်းနဲ့ မြင်းမျက်နှာတို့ကတော့ တောဝက်ရိုင်းတွေလာပြီး မဖျက်ဆီးရအောင် သင်္ချိုင်းခြံ ကို သွားစောင့်ပေးနေကြတာပေါ့။
နောက်တစ်နေ့မနက် ကြက်ဖတွန်သံနဲ့အတူ ယွီဟွေးဖေးမျက်လုံးတွေ ပွတ်ပြီး ထလာရင်း ပြတင်းပေါက်ဖွင့်လိုက်တော့ လေအေးတွေ တိုက်ခတ်လာတာမို့ တစ်ကိုယ်လုံး တုန်ခါသွားပြီးတော့ ချက်ချင်း လန်းဆန်းသွားတယ်။ အောက်ထပ်ကို ဆင်းပြီး ရှေ့ခြံထဲ သွားတော့ အပြာရောင် ဟန်ဖူးအဝတ်အစားဆင်ယင်ထားတဲ့ ရှေးခေတ်မိန်းကလေးတစ်ယောက်က ခြံကို ရှင်းနေတာကို တွေ့လိုက်ရတယ်။
ယွီဟွေးဖေးလည်း အလိုအလျောက်ပဲ ”ညီမလေးက ဘယ်သူလဲ။ ခြံမှားဝင်လာတာလား” လို့ မေးလိုက်တာပေါ့။
ဒီမိန်းကလေး ခေါင်းမော့လိုက်တော့ ယွီဟွေးဖေးအံ့သြသွားရော။
”လျိုရှင်းလား”
လျိုရှင်း က သူ့လက်ထဲက တံမြက်စည်းကို ကိုင်ထားပြီး နှင်းတွေပေါ်မှာ ရပ်နေတယ်။ ယွီဟွေးဖေးကို ကြည့်ပြီး ချစ်စဖွယ် ပြုံးလိုက်တယ်။
”ဘာလဲ၊ တစ်ညမတွေ့ရတာနဲ့ မမှတ်မိတော့ဘူးလား”
ယွီဟွေးဖေးခေါင်းကုတ်လိုက်ရင်း ”မဟုတ်ဘူး… မဟုတ်ဘူး… နင် ဘာဖြစ်လို့ ဒီအဝတ်အစားတွေ ဝတ်ထားတာလဲ”
လျိုရှင်း က သူ့နေရာမှာပဲ တစ်ပတ်လှည့်လိုက်ပြီး မဖြေဘူး။ အဲဒီအစား ချစ်စရာကောင်းတဲ့ အမူအရာနဲ့ မေးလိုက်တယ်။
”လှရဲ့လား”
အဲဒီအင်္ကျီက အရမ်းကြီး ခမ်းနားတဲ့ ဟန်ဖူးဝတ်စုံတော့ မဟုတ်ဘူး။ ဒါပေမဲ့ အပြာရောင်လေးဖြစ်နေပြီး အမွေးနုလေးတွေနဲ့ အလှဆင်ထားတော့ ချစ်စရာလည်းကောင်းသလို ရှေးဟောင်းဟန်ရဲ့ ကျော့ရှင်းမှုကိုတော့ မပျောက်စေဘူး။
”လှတော့ လှပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ အပြာရောင်ရွေးတာလဲ”
”ညစ်ပေတာ ခံနိုင်လို့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်ပုံရိုက်ဖို့ တစ်ခုတည်းမှ မဟုတ်ဘဲ၊ အလုပ်တွေလည်း လုပ်ရဦးမှာလေ”
ယွီဟွေးဖေးလည်း ခေါင်းကို ထပ်ကုတ်လိုက်တယ်။ ”တကယ်တော့ နင်ဘာအလုပ်မှ လုပ်စရာမလိုဘူး”
လျိုရှင်းက ခေါင်းခါလိုက်ပြီး ”မရဘူး၊ ဘာမှ မလုပ်ဘဲနေရင် ပျင်းလွန်းလို့ သေနေလိမ့်မယ်”
ပြီးတော့ လျိုရှင်း က တံမြက်စည်းကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး နှင်းတွေကို မော့ကြည့်ရင်း ပြုံးလိုက်တယ်။
”နင်ရော အဲ့လိုမခံစားရဘူးလား။ လူတစ်ယောက်က လုပ်စရာတစ်ခုတော့ ရှိရမယ်။ အထူးသဖြင့် ကိုယ်လုပ်ချင်တဲ့အရာတွေကို လုပ်ရရင် စိတ်ဓာတ်ခွန်အား ဖြစ်စေတယ်။ ခြံရှင်းတာ၊ ဟင်းချက်တာ၊ အလှဆင်တာမျိုး အလုပ်သေးသေးလေးတွေ လုပ်ရတာကို ကျွန်မ ကြိုက်တယ်။ အဲဒီလို ကိုယ့်လက်နဲ့ လုပ်ထားတဲ့အရာတွေ ပိုကောင်းလာတာကို မြင်ရတဲ့အခါ အောင်မြင်မှုပီတိ ရတယ်”
ယွီဟွေးဖေးလည်း ဒီမိန်းကလေးကို ကြည့်ပြီး မျက်စိအေး လိုက်တာလို့ ခံစားလိုက်ရတယ်။
“နင်ရော ဘယ်လိုထင်လဲ”
လျိုရှင်းမေးလာတော့ ယွီဟွေးဖေးလည်း နှာခေါင်းကို ပွတ်လိုက်ရင်း ”အင်း… ငါ့အထင်တော့ ပျင်းပျင်းရိရိနေရတာက အကောင်းဆုံးပဲ”
လျိုရှင်း ခွီးကနဲ ရယ်လိုက်သလို ယွီဟွေးဖေးလည်း လိုက်ရယ်နေတာပေါ့။
”ဘာဖြစ်လို့ ဒီအင်္ကျီ ဝတ်တာလဲလို့ မေးတယ်မဟုတ်လား။ နင်တို့က အကုန်လုံး ရှေးခေတ်အဝတ်အစားတွေ ဝတ်ထားပြီး ကျွန်မတစ်ယောက်တည်းက ခေတ်ပေါ်အဝတ်အစားတွေ ဝတ်ထားတော့ တစ်မျိုးကြီး ခံစားရတယ်။ ဒါကြောင့် ဒီအင်္ကျီကို ပြင်ဆင်လိုက်တာ။ ဒါပေမဲ့ မလုံလောက်သေးဘူးထင်တယ်။ နောက်ကျရင် ကိုယ့်ဘာသာကိုယ် ထပ်ချုပ်ရဦးမယ်”
ယွီဟွေးဖေးလည်း အံ့သြတကြီးနဲ့ ”နင် အဝတ်အစားလည်း ချုပ်တတ်တာလား”
လျိုရှင်းက ဂုဏ်ယူစွာနဲ့ ”တတ်တာပေါ့၊ ကျွန်မတို့ကျောင်းနားမှာ ဖက်ရှင်ဒီဇိုင်းကျောင်း ရှိတယ်လေ။ ကျွန်မ သွားပြီး တိတ်တိတ်လေး ခိုးနားထောင်ရင်းသင်ခဲ့တာ။ ကျွန်မက အနုပညာအခြေခံလည်း ရှိတော့ မြန်မြန်ဆန်ဆန် သင်ယူနိုင်တယ်”
ယွီဟွေးဖေးလည်း သူ့ရှေ့က မိန်းကလေးက ရတနာတစ်ပါးပဲလို့ ပိုခံစားလာရတယ်။ ဟင်းလည်း ချက်တတ်၊ အရက်လည်း ချက်တတ်၊ တောင်းတွေလည်း ပြင်တတ်၊ တံမြက်စည်းလည်း ပြင်တတ်၊ ပန်းလည်း ဆွဲတတ်၊ အဝတ်အစားလည်း ချုပ်တတ်တယ်။ ဒါက ရှေးခေတ် မှာဆိုရင်တောင် မိန်းမကောင်းတစ်ယောက် ဖြစ်နေလောက်ပြီ။
ဒီအချိန်မှာပဲ ကျယ်လောင်တဲ့အသံနဲ့ ဝက်အော်သံတစ်ခု ကြားလိုက်ရတယ်။ ယွီဟွေးဖေးနားထောင်လိုက်တော့ သင်္ချိုင်းခြံထဲကနေ လာတာ။ ယွီဟွေးဖေးလည်း လန့်သွားပြီး အပြေးသွားကြည့်လိုက်တယ်။
ဒီအသံကို နားထောင်ကြည့်ရတာ တောဝက်တစ်ကောင် သင်္ချိုင်းခြံထဲ ဝင်နေတာဖြစ်နိုင်တယ်။ ဒါပေမဲ့ အခုမနက်လင်းပြီဆိုတော့ နွားခေါင်းနဲ့ မြင်းမျက်နှာတို့က အိပ်နေကြပြီ။ သရဲနက်နဲ့ သရဲဖြူတို့လည်း သင်္ချိုင်းထဲကို မသွားကြဘူး။ အဲဒီတော့ အထဲကလူက ဘယ်သူလဲ။
ယွီဟွေးဖေးပထမဆုံး တွေးမိတာက အပြင်လူပဲ။
သာမန်လူတစ်ယောက်က ဝက်ရိုင်းနဲ့တွေ့ရင် ဘယ်လိုဖြစ်မလဲဆိုတာ… တွေးရင်းတွေးရင်းနဲ့ နဖူးမှာ ချွေးစေးတွေပြန်လာပြီ။
ဘာကြောင့် သင်္ချိုင်းထဲကို ရောက်လာရတယ်ဆိုတာ ဘေးဖယ်ထားလိုက်။ သင်္ချိုင်းထဲမှာ လူတစ်ယောက် တစ်ခုခုဖြစ်သွားရင် သင်္ချိုင်းစောင့်ဖြစ်တဲ့ သူကတာဝန်မကင်းဘူး။ ဒါက အခုခေတ်ရဲ့ ဥပဒေပဲ။ ယွီဟွေးဖေးလည်း မနှောင့်နှေးရဲတော့ဘူး။
လူတစ်ယောက်ရဲ့ အသက်တင်မကဘူး၊ လျော်ကြေး ပေးနိုင်မပေးနိုင်ဆိုတာတောင် ဘေးဖယ်လိုက်။ လူ့အသက် တစ်ခုလုံးက အရေးကြီးတယ်။ ဒါကြောင့် သူ ဒီအတိုင်း ထိုင်ကြည့်နေလို့ မရဘူး။
ဘေးတံခါးကိုဖွင့်ပြီး အပြေးအလွှား ထွက်သွားကြည့်လိုက်အခါမှာ ယွီဟွေးဖေးနဲ့ လျိုရှင်း နှစ်ယောက်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြတယ်။
သင်္ချိုင်းခြံထဲက သစ်ပင်ကြီးတစ်ပင်အောက်မှာ ပေါင် ၇၀၀ ကနေ ၈၀၀ လောက်ရှိတဲ့ ဝက်ရိုင်းကြီးတစ်ကောင်က ဒေါသတကြီး အော်ဟစ်နေတာပဲ။ ခြေထောက်လေးချောင်းလုံးကို အားကုန်လုပ်နေပေမဲ့ တစ်လက်မမှ မလှုပ်ရှားနိုင်ဘူး။
သူ့ရှေ့မှာ အင်္ကျီမပါဘဲ ရပ်နေတဲ့ ယောက်ျားတစ်ယောက်က သူ့ရဲ့ အစွယ် ကို လက်နှစ်ဖက်နဲ့ ကိုင်ထားပြီး မျက်လုံးပြူးပြီး အော်ဟစ်နေလေရဲ့။
လူတစ်ယောက်နဲ့ ဝက်ရိုင်းတစ်ကောင် က အားပြိုင်နေကြတယ်။ အရေးကြီးတာက အဲဒီလူက ဝက်ရိုင်းကို တားဆီးထားနိုင်ရုံသာမကဘဲ နိုင်နေသေးတာပဲ။
“ဒါ...” လျိုရှင်း က ပါးစပ်ကို လက်နဲ့ ပိတ်ပြီး အံ့သြနေတယ်။
ယွီဟွေးဖေးလည်း မနေနိုင်တော့ဘူး။ ”သောက်ကျိုးနည်း... နွားကျောင်းသားက ဒီလောက်ကြမ်းတာလား”
ဒီလူက တခြားသူမဟုတ်ဘူး၊ နွားကျောင်းသားပဲ။