လီကျစ်ရွှမ်း အတွင်းနတ်ဆိုး ဝင်သွားလို့ ချင်းယန် ဝင်ကူရပြီ
Vol. 4 Ch. 52
စာကြည့်တိုက်ထဲတွင်တော့ လှုပ်ရှားမှုမျိုးစုံဖြင့် စည်ကားနေသည်။
ချင်းယန်သည် လီကျစ်ရွှမ်း၏ အနေအထားကို ကြည့်ကာ မမြင်နိုင်လောက်အောင် စီးဆင်းနေသော စမ်းချောင်းတစ်ခုကဲ့သို့ သူ၏ ဝိညာဉ်စွမ်းအင်ကို တိတ်တဆိတ် ထုတ်လွှတ်ကာ သူမ ပတ်လည်ကို ဖြည်းညှင်းစွာ လှည့်ပတ်နေစေလိုက်သည်။
တစ်ခဏအတွင်း သူမ၏ စိတ်အခြေအနေနှင့် ပတ်သက်သော အချက်အလက် အားလုံး ချင်းယန်၏ ခံယူချက်ထဲသို့ ပြန်ဝင်သွားခဲ့သည်။
'အသက်ရှုကြပ်မတတ် ဒေါသတွေ ထွက်နေတာပဲ...ဒါတွေက ရူးသွပ်တော့မယ့် လက္ခဏာတွေပဲ!'
ချင်းယန် အံ့အားသင့်သွားကာ သူ့နှလုံးသားက မယုံကြည်နိုင်စွာ ခုန်ပေါက်သွားသည်။
ဘာတွေဖြစ်နေတာလဲ?
ဧကရီလည်း ရူးသွားနိုင်သေးတာလား။
သာမာန်အားဖြင့် ဤခေတ်ကို ကြီးစိုးသော ပါရမီရှင် လီကျစ်ရွှမ်းသည် ထိုကဲ့သို့သော အန္တရာယ်ရှိသည့် အခြေအနေမျိုး မဖြစ်လာသင့်ပေ။ စစ်သည်တစ်ဦးအတွက် အတွင်းနတ်ဆိုး ဝင်ကာ ရူးသွပ်တာမျိုးဟာ အလွန်ဆိုးရွားသော အကျိုးဆက်များကို ခံစားရစေသည်။
အနည်းဆုံးတော့ ၎င်းသည် စိတ်ပိုင်းဆိုင်ရာ အတားအဆီးများကို ချန်ထားခဲ့နိုင်ပြီး ကျင့်ကြံမှုကို နက်ရှိုင်းစွာ ထိခိုက်နိုင်စေကာ ၎င်းတို့ကို ရှေ့သို့ ခြေတစ်လှမ်းပင် မလှမ်းနိုင်အောင် တားဆီးထားနိုင်သည်။
ပြင်းထန်သော အခြေအနေများတွင် ယင်းသည် သေဆုံးစေတာ သို့မဟုတ် သူတို့ဝိညာဉ်စွမ်းအားကို ဖျက်ဆီးပစ်နိုင်တဲ့အထိ ဦးတည်သွားစေနိုင်သည်။
'ကျစ်... ဒီလိုဆိုရင် တော်တော် ဒုက္ခရောက်လိမ့်မယ်'
ချင်းယန်သည် အားသာချက် အားနည်းချက်များကို ချိန်ဆကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
အခြေအနေ မကောင်းချေ။
ပထမဦးဆုံး စနစ် ရွေးချယ်ထားသော ဧကရီအဖြစ် လီကျစ်ရွှမ်း၏အနာဂတ် အောင်မြင်မှုများသည် အကန့်အသတ်မရှိခဲ့ပေ။ သူမသည် တစ်နေ့တွင် မရေမတွက်နိုင်သော ကြယ်သားရဲများကို တွန်းလှန်နိုင်ပြီး လူသားမျိုးနွယ်၏ ဘေးကင်းမှုကို ကာကွယ်နိုင်လိမ့်မည်။
ယုတ္တိနည်းကျကျ ပြောရရင် သူမရဲ့ ဓားပညာစွမ်းရည် ကြီးမားပြီး ငယ်ရွယ်နုပျိုဆဲ ဖြစ်တာကြောင့် အတွင်းနတ်ဆိုး ဝင်မည့် စွဲလမ်းမှုအဆင့်ကို မရောက်သင့်သေးချေ။
သို့သော် ဘာကြောင့် ဒီလို ဖြစ်သွားရတာလဲ။ ဧကန္တ သူ ဝင်ဖျက်လိုက်တဲ့ ကိစ္စကြောင့်များလား?
ဤအတွေးဖြင့် ချင်းယန်သည် သူမအား ကျိုးပဲ့တောင်ထိပ်၌ သင်ကြားပေးခဲ့သော ဓားပညာကို ပြန်သတိရကာ တဖြည်းဖြည်း နားလည်လာခဲ့သည်။
ဒါတကယ့် ဖြစ်နိုင်ချေတစ်ခုပဲ။
"ငါ့လှည့်ကွက်က အနာဂတ်ကို ပြောင်းလဲစေခဲ့တယ်..."
အတိုင်းအတာ တစ်ခုအထိ လီကျစ်ရွှမ်း ဓားပညာကို သင်ကြားခြင်းသည် အနာဂတ်ကို အနှောင့်အယှက် ဖြစ်စေသော အခြားပုံစံတစ်ခုဖြစ်သည်။ လီကျစ်ရွှမ်းသည် ခက်ခဲကြမ်းတမ်းသော သို့မဟုတ် အထိန်းအကွပ်မရှိနိုင်သော ခရီးတစ်ခုတွင် သူ့ကိုယ်ပိုင် ဓားကျွမ်းကျင်မှုလမ်း ရှိခဲ့လိမ့်မည်။
အားလုံးက သူ့ကံကြမ္မာအပေါ် မူတည်သည်။
ဒါပေမယ့် အခုအချိန်မှာတော့ အရာတွေက ကွဲပြားသွားပါပြီ။
မိမိက သူမကို တပည့်အဖြစ်လက်ခံပြီး သူမဘဝထဲကို အတင်းဝင်ရောက် စွက်ဖက်ခဲ့တာကြောင့် သူမရဲ့ ကံကြမ္မာလမ်းကြောင်းကို ပြောင်းလဲသွားစေခဲ့သည်။
ဒီအချိန်မှာ လီကျစ်ရွှမ်း၏ အဓိကဓားသိုင်းသည် ကောင်းကင်တံခါးများကို ဖွင့်ပေးနိုင်သော ဓားတစ်လက်ဖြစ်လာပြီး သူမအတွက် ရည်မှန်းထားသည့် ဓားပညာ မဟုတ်တော့ပေ။
"ငါသင်ပေးလိုက်တဲ့ ဓားပညာက သူ့ကိုလွှမ်းမိုးခဲ့တာဖြစ်နိုင်လား?"
ဒီလိုတွေးရင်း သူ လီကျစ်ရွှမ်းရဲ့ စားပွဲကို လှမ်းကြည့်လိုက်မိပြန်သည်။
ဓားသိုင်းပညာ၏ ရှုပ်ထွေးလှသော ရှင်းလင်းချက်များသည် တောင်ကြီးတစ်ခုလို စုစည်း၍ အသက်ရှူမဝလုနီးပါး ဖြစ်နေသည်။ လီကျစ်ရွှမ်း မျက်မှောင်ကြုတ်ကာ သူမ၏ စားပွဲပေါ်က ဓားပညာများကို နားလည်သဘောပေါက်ရန် ကြိုးစားရင်း မှတ်စုများကို ရေးချလိုက်သည်။
သူမ တုံ့ဆိုင်းနေသော အခြေအနေသို့ ရောက်သွားပုံရသည်။
ဇာတ်လမ်းတစ်ခုလုံးကို နားလည်ပြီးနောက် ချင်းယန် ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။ သူ့ညာလက်သည် ရှောင်ပိုင်၏ ခေါင်းပေါ်ရှိ ပျော့ပျောင်းသော အမွေးအမှင်များကို ပွတ်သပ်ကာ ကူကယ်ရာမဲ့ ဖြစ်နေသည်။
သူ ဘာဆက်လုပ်ရမလဲ။
သူသည် လီကျစ်ရွှမ်းထံမှ စနစ်ဆုလာဘ်များကို ရိတ်သိမ်းခဲ့သူ ဖြစ်သည်။
လမ်းလွဲပြီး ဒုက္ခရောက်သွားရင် ဒါဆို သူ့ရာထူးက စျေးပေါတဲ့ ဆရာသခင်တစ်ယောက် အနေနဲ့ ပြီးသွားမှာ မဟုတ်ဘူးလား။ အနာဂတ်မှာ ဧကရီနဲ့ ဆက်ဆံဖို့ အခွင့်အလမ်း ဘယ်မှာ ရှိတော့မလဲ။
အခွင့်အရေးမရှိဘဲ စနစ်ဆီက ဆုလာဘ်တွေကို ဘယ်လိုလုပ် ရနိုင်တော့မလဲ။
"မဟုတ်ဘူး... ငါ ဒီမိန်းကလေးကို အလင်းပေးနိုင်ဖို့ နည်းလမ်းရှာရမယ်!"
ချင်းယန် တွေးပြီး လီကျစ်ရွှမ်းကို လှမ်းကြည့်လိုက်ပြန်သည်။ လီကျစ်ရွှမ်းကို ကူညီတာက သူ့ကိုယ်သူ ကူညီသလိုပင်။
ဆုလာဘ်များ ရိတ်သိမ်းနိုင်သော သစ်ပင်တစ်ပင်ဖြစ်တဲ့ သူမအား ကာကွယ်ရမည်။ ထို့အပြင် သူမနှင့် ဆက်ဆံရန် အချိန်ရှာပါက စနစ်အသစ်အချို့ကိုပင် ရရှိနိုင်သေးသည်။ ဘယ်လိုပဲကြည့်ကြည့် ရလဒ်ကောင်း ရနိုင်ခြေရှိ၏။
ဤအခြေအနေကို ရရှိဖို့ အနည်းငယ် ကြိုးစားအားထုတ်မှုလေးသာ လိုအပ်သည်။
"လောင်ချင်း မင်း ဘာလို့ သူများကို စိုက်ကြည့်နေသေးတာလဲ..."
ဤအခိုက်တွင် ရှဟဲသည် ချင်းယန်၏ပုခုံးကို ဆွဲတင်လိုက်ပြီး။
"အဲဒါက ရိုင်းတယ်ကွ! စိုက်ကြည့်နေတာ ရပ်လိုက်တော့! မင်း သူ့ကို စိတ်ဆိုးအောင် လုပ်မိသွားမယ်"
ထို့နောက် သူက စာအုပ်တစ်အုပ်ကို လှန်လိုက်ပြီး :"မင်း စာဖတ်သလိုလေး အနည်းဆုံးတော့ ငါ့လိုလုပ်ထား..."
သူ့စကားတွေကျလာတော့ အဝေးကစာဖတ်နေတဲ့ လီကျစ်ရွှမ်းမှာ တစ်ခုခုကို ခံစားရပုံဖြင့် အသံဆီသို့ မော့ကြည့်လိုက်သည်။ ချင်းယန် ဦးတည်ရာကို မြင်လိုက်ရသည်နှင့် သူမ၏ လှပသော မျက်လုံးများသည် အနည်းငယ် ရွေ့လျားသွားကာ သူမ၏ နှလုံးသားသည်လည်း ပို၍ တုန်လှုပ်သွားလေသည်။
"ဒီနှစ်ယောက်ပဲ လာပြန်ပြီ..."
သူမသည် ချင်းယန်ဘက်သို့ လှည့်ကြည့်ကာ သူ့အကြောင်းကို အမှတ်ရနေသေးသည်။ လီကျစ်ရွှမ်းသည် စာကြည့်တိုက်တွင် ၎င်းတို့၏ နောက်ဆုံးတွေ့ဆုံမှုကို အမှတ်ရနေဆဲဖြစ်ပြီး ချင်းယန်၏ ချောမောမှုသည် သူမအပေါ် စွဲလမ်းသွားစေခဲ့သည်။
သို့သော် ယခုတော့ အကြောင်းတစ်ခုခုကြောင့် သူတို့နှစ်ယောက်ကို ကြည့်ရင်း ရုတ်တရက် ယားယံမှုကို ခံစားလာရသည်။ သူမ ဘယ်လိုပဲ ကြည့်နေပါစေ စိတ်မချမ်းသာချေ။
"တစ်နေကုန်ထိုင်ပြီး တခြားသူတွေအကြောင်းပဲ ပြောနေကြတယ်...ကျင့်ကြံဖို့ကျ အာရုံမစိုက်ဘူးလား"
"ကြယ်သားရဲတွေ ရောက်လာရင် ဒီလောက် အားနည်းတဲ့ ခွန်အားတွေနဲ့ ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မှာလဲ..."
"ငါဒီလိုကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ လူသားတွေအားလုံးက ဒီအတိုင်းပဲလား"
သူမ စိတ်ထဲတွင် ရုတ်တရက် အတွေးများစွာ ဝင်လာပြီး သူမ၏ စိတ်အခြေအနေကို ထိခိုက်လာစေခဲ့သည်။
ဝုန်း!
လေ့ကျင့်ထားသော ဓားသိုင်းက ရုတ်တရက် အက်ကွဲသွားသည်။ မရေမတွက်နိုင်သော တုန်လှုပ်ချောက်ချားစရာ အတွေးများက သူမစိတ်ထဲတွင် လှည့်ပတ်သွားသည်။ သူမ၏ နှလုံးသားမှာ တဟုန်းဟုန်း တောက်နေသော ဒေါသမီးများ မွေးထုတ်ရင်း သူမ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။
ကျင့်ကြံမှုလမ်းကြောင်းက ခက်သည်။
ကောင်းကင်နဲ့ငရဲက အတွေးတစ်ခုမျှသာ ကွာဝေးသည်။
လီကျစ်ရွှမ်း သူမ၏ ဘောပင်ကို ဆုပ်ကိုင်ထားရင်း စိတ်တိုလာသည်။
ရုတ်တရက် စိမ့်ဝင်နေသော ဝိညာဉ်စွမ်းအားတစ်ခု ပျံ့နှံ့သွားပြီး သူမကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို စိုစွတ်စေကာ နွေဦးမိုးကဲ့သို့ အရာအားလုံးကို တိတ်တဆိတ် ဆေးကြောရင်း သူမ၏ စိတ်ကူးယဉ်မှုများကို အလွယ်တကူ ချေမှုန်းပစ်လိုက်သည်။
"ဟမ်?"
လီကျစ်ရွှမ်း တစ်ခုခုမှားနေပြီဟု ရုတ်တရက် သိလိုက်ချိန်၌ ဒေါသပြေသွားတော့မည် ဖြစ်သည်။
"ထူးဆန်းလိုက်တာ ငါဘာဖြစ်နေတာလဲ"
အရင်တုန်းကတော့ တခြားသူတွေ ဘယ်လိုပဲပြောပြော သူမကို နည်းနည်းလေးမှ အနှောက်အယှက်ဖြစ်မှာ မဟုတ်ပါ။ ဒါပေမယ့် အခုက အသေးအမွှား စီမံခန့်ခွဲသူ နှစ်ယောက်အပေါ် ဒေါသထွက်နေမိ၏။
"ငါဒီလိုမဖြစ်သင့်ဘူး..."
"စာဖတ်နေတာ ကြာသွားလို့လား"
ဒါကိုတွေးရင်း လီကျစ်ရွှမ်း မျက်မှောင်ကြုတ်ကာ ရှဟဲနဲ့ ချင်းယန်ကို ကြည့်လိုက်ပြီးနောက် ထိုင်ခုံကနေ ထရပ်လိုက်သည်။ ကျောပိုးအိတ်ကို ပုခုံးပေါ်တင်ကာ စာအုပ်တွေကို စားပွဲပေါ် သပ်သပ်ရပ်ရပ်ထား၍ လေကောင်းလေသန့်ရဖို့ စာကြည့်တိုက်ထဲက ထွက်လာခဲ့လိုက်သည်။
ရှဟဲလည်း သူမထွက်သွားတာကို ကြည့်ပြီး သူ့ဘေးက ချင်းယန်ကို သက်ပြင်းချပြလိုက်သည်။
"လောင်ချင်း ငါ ဘာပြောလဲ... အခုကြည့် တကယ် စိတ်ဆိုးနေပြီကွ!"
"..."
ချင်းယန် မတုံ့ပြန်ပေမယ့် လီကျစ်ရွှမ်းရဲ့ နောက်ကျောကို တိတ်တဆိတ် စိုက်ကြည့်ရင်း သူ့မျက်လုံးတွေ မှိတ်ထားလိုက်သည်။
ညနေပိုင်း။
ရွှေ့ပြောင်းငှက်များက ၎င်းတို့၏ အသိုက်များသို့ ပြန်သွားကာ လမ်းမများတစ်လျှောက် သွားလာမှုများကလည်း စီးဆင်းနေကြသည်။
ဆင်ခြေဖုံးအပြင်ဘက်တွင် လီကျစ်ရွှမ်းဟာ တက္ကစီတစ်စီးဖြင့် ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့ပြီး ဓားသွားကို နားလည်ရန် အဆင်သင့် အနေအထားနှင့်အတူ ကျိုးပဲ့တောင်ထိပ်သို့ တစ်ယောက်တည်း ဝင်ရောက်ခဲ့သည်။
သူမသည် ပေါ့ပေါ့ပါးပါး အားကစားဝတ်စုံကိုသာ ၀တ်ထား၏။ ကြမ်းတမ်းသော တောင်ပေါ်လမ်းတစ်လျှောက် တစ်ယောက်တည်း လမ်းလျှောက်လာခဲ့သည်။
သူမစိတ်တွေ ကမောက်ကမ ဖြစ်နေပြီ။ သူမ ဘယ်မြို့မှာရှိရှိ ငြိမ်းချမ်းမှုကို ရှာမတွေ့ခဲ့ပါ။ ဒါကြောင့် ကျိုးပဲ့တောင်ပေါ်သို့ တက်ကာ သူမ ဆရာသခင် ထားခဲ့သော ဓားစွမ်းအင်ကို ခံစားလိုက်ရမှသာလျှင် စိတ်အပန်းပြေသည့် အခိုက်အတန့်ကို ရှာတွေ့နိုင်မှာ ဖြစ်သည်။
"ဆရာ ဘယ်တော့မှ လာတွေ့မှာလဲ"
လီကျစ်ရွှမ်း ကျောက်ဆောင်ကြီးတစ်ခုပေါ်မှ တက်ကာ ကျိုးနေသော တောင်ထိပ်စွန်းသို့ ရောက်ရှိလာတဲ့အထိ သူမ အတွေးများက ပြိုင်ကားအလား ပြေးလွှာနေသည်။ တောက်ပသော လသည် သူမအထက်တွင် ချိတ်ဆွဲထားသဖြင့် သူမသည် အလွန်အထီးကျန်ပြီး အားကိုးရာမဲ့နေပုံပေါ်လာ၏။
ဒါပေမယ့်...
"တပည့်လေး..."
သူမနောက်ကွယ်မှ ပဲ့တင်ထပ်လာသည့် ခေါင်းလောင်းသံကဲ့သို့ ရင်းနှီးသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ လီကျစ်ရွှမ်း စိတ်လှုပ်ရှားသွားပြီး လှည့်ကြည့်လိုက်သည်။
"ဆရာ... နောက်ဆုံးတော့ ဆရာ့တပည့်ကို လာတွေ့ပြီပေါ့..."