← Chapters

ရွှင်ပျော်ပျော်ကျေးရွာစစ်ပွဲ

Vol. 130 Ch. 1675

ရွှင်ပျော်ပျော်ကျေးရွာစစ်ပွဲ

Vol. 130 Ch. 1675

ကမ္ဘာဦးဘုံ၏ မာန်ဟုန်မြစ် ချောက်ကမ်းပါးကြီး၌ အသတ်အဖြတ်စိတ်ဆန္ဒတို့က လေနှင်ရာ တိုက်ခတ်နေသော ဝဲဂယက်များသဖွယ် ပြည့်နှက်လျက် ရှိချေသည်။

‌ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဆရာသခင်လေးပါး ဖြစ်သည့် သစ်ခုတ်သမား၊ စာပေသမား၊ လယ်သမားနှင့် တံငါသည်က ယွီလဲ့မြို့၏ တံတိုင်းထက်၌ အဝေးသို့ မျှော်ကြည့်လျက် ရပ်နေကြသည်။

ချောက်ကမ်းပါးကြီးသည် မိုးထိလုအောင် မြင့်မားနေပြီး သဘာဝအတိုင်း ဖြစ်တည်နေသော ကျောက်ဆောင်ကြီးပမာ ကမ္ဘာဦးဘုံအား အရှေ့နှင့်အနောက် ပိုင်းခြားပေးထားလေသည်။

ဤနေရာသည် တစ်ချိန်တုန်းက မာန်ဟုန်မြစ်၏ အစ ဖြစ်ခဲ့၏။ ကောင်းကင်ယင်ကမ္ဘာဆီသို့ ဝင်ပေါက်သည်လည်း ဤနေရာတွင် ရှိခဲ့သလို၊ အခြားသော အနန္တကမ္ဘာလောကများနှင့် ဆက်နွယ်နေသည့် အက်ကွဲကြောင်းများလည်း ရှိသည်။

နောက်ပိုင်း ကမ္ဘာဦးဘုံ၏ ချိတ်တံဆိပ်အား ချိုးဖျက်လိုက်၍ မူလကမ္ဘာဦးဘုံအစစ် ပေါ်ထွက်လာသည့်အခါ ကောင်းကင်နတ်မြစ်က ကောင်းကင်ပေါ်သို့ မြောက်တက်သွားပြီး ကမ္ဘာလောကများလည်း မြင့်တက်သွားသည်။ ဤနေရာက သဘာ၀အလျောက် အန္တရာယ်များသော နေရာတစ်နေရာ ဖြစ်လာခဲ့၏။

ထိုက်ဧကရာဇ်ကောင်းကင်ဘုံကမူ ဤနေရာသို့ ကျဆင်းလာခဲ့ပြီး ချောက်ကမ်းပါးကြီး၏ အရှေ့ဘက်ခြမ်း၌ တည်ခဲ့သည်။ ယခုတွင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံသည် အင်အားအလုံးအရင်းဖြင့် စစ်ပွဲကြီးအတွက် အသင့်ပြင်ထား၏။

ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံသုံးဘုံလည်း ဤနေရာသို့ ကျဆင်းလာခဲ့သည်။ ကောင်းကင်ဘုံ ၃၃ ဘုံက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ အထက်တွင် မြောလွင့်နေပြီး‌ ဒေါင်လိုက်ပြန့်ကားထွက်ကာ သဘာ၀အန္တရာယ်များ ငုပ်လျှိုးနေသော ၀င်္ကပါတစ်ခုကို ဖွဲ့တည်ထားသည်။

ခိုင်ဧကရာဇ်၏ ကောင်းကင်ဧကရာဇ်လေးပါးတွင် တိရီယွဲ့၊ လီရုံလန်၊ မြစိမ်းဧကရာဇ်နှင့် ထျန်းရှုတို့အားလုံးသည် ကိုယ်ပိုင်စစ်တပ်အသီးသီး ပိုင်ဆိုင်ထားကြသည်။ တိရီယွဲ့က ဒုတိယမြောက် ခိုင်ဧကရာဇ်အဖြစ် နန်းတက်ခဲ့သော်လည်း သံချပ်ကာအပြည့်ဖြင့် စစ်ပွဲကြီးအတွက် အသင့်အနေအထား ရှိနေသည်။

လန်ဝူက ဖန်ဆင်းရှင်စစ်တပ်ကို ဦးဆောင်လာသည်။ ဖန်ဆင်းရှင်တို့သည် အင်အား သိပ်မကြီးမားသော်လည်း စွမ်းအားကတော့ ပြိုင်ဘက်ကင်း၏။

ဤနေရာတွင် ‌တာ၀န်ယူထားသည့် ကောင်းကင်နတ်အရှင်ရုံလည်း ရှိသည်။ သူ၏ မူလဝိညာဉ်က ကျယ်ပြန့်လွှမ်းမိုးစွာဖြင့် ကမ္ဘာဦးဘုံထဲရှိ ယိုတုအပေါ် ကာကွယ်ပေးထား၏။ ကောင်းကင်နယ်စားမင်းကလည်း မနီးမဝေးရှိ ကမ္ဘာဦးဘုံအလယ်ဗဟိုတွင် နေရာယူလျက် အထွတ်အထိပ် ကောင်းကင်တာအိုရတနာများကို အသက်သွင်းကာ ကမ္ဘာဦးဘုံရှိ ရွှမ်တုကို ကာကွယ်ပေးထားသည်။

ကောင်းကင်နတ်ဘုံ၏ အလယ်စစ်လမ်းကြောင်းသည် အနောက်ဘက်မှ ရောက်လာခဲ့၏။ သူတို့အနေဖြင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို တိုက်ခိုက်လိုပါက ဤနေရာသို့ ဖြတ်သန်းသွားရပေမည်။

ကွေ့ရှောင်သွားပါက ရွှင်ပျော်ပျော်ကျေးရွာကို ဖြတ်သန်းရမည်။ ထို့ကြောင့် ကောင်းကင်နတ်ဘုံအနေဖြင့် မည်သို့နည်းနှင့်ဖြစ်စေ ဤကမ်းပါးကြီးအား အနိုင်ယူရပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ရွှင်ပျော်ပျော်ကျေးရွာသည် မုခ်၀ဆယ်ခုကျော် တည်ဆောက်ပြီး ဖြစ်ကာ နတ်ဘုရားမိစ္ဆာစစ်တပ်‌ နေရာယူနိုင်ရန်အတွက် နတ်ဘုရားမြို့တစ်ရာကျော် တည်ဆောက်ပြီးဖြစ်၏။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှ အတောမသတ်နိုင်သော ကောင်းကင်လက်နက်များက ဤနေရာသို့ ပို့ဆောင်နေပြီး ကောင်းကင်နတ်ဘုံ၏ ပင်မအင်အားစုကို တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။

နတ်ဘုရားမြို့ အရွယ်အစားမျိုးစုံက ‌ချောက်ကမ်းနား အနောက်ဘက်ရှိ ကုန်းမြင့်ဒေသများတွင် ပြန့်ကျဲတည်ရှိနေကြ၏။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကောင်းကင်နတ်ဘုံ၏ ခြေလျင်စစ်တပ် အတော်များများက ဤနေရာသို့ လာရောက်၍ ထိုနတ်ဘုရားမြို့များကို တိုက်ခိုက်ခဲ့ကြသည်။ အသေးစားစစ်ပွဲများစွာ ပေါ်ပေါက်ခဲ့ပြီးဖြစ်ကာ နိုင်ပွဲ၊ ရှုံးပွဲများ ရောနှောပါဝင်၏။

ရွှင်ပျော်ပျော်ကျေးရွာ၏ ပင်မစစ်တပ်ကတော့ မလှုပ်မယှက် ရပ်တည်နေပြီး အဆုံးအဖြတ်ပေးမည့် စစ်ပွဲကြီးကိုသာ စောင့်နေခဲ့သည်။

တန်ခိုးရှင်သစ်ခုတ်သမား ခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်နတ်မြစ်၏ ရေစီးကြောင်းများက အဆုံးမသတ်နိုင်အောင် သွက်လာသည်ကို တွေ့လိုက်ရ၏။ ကောင်းကင်နတ်မြစ်၏ စီဆင်းမှုက ယခင်ကထက် ပိုမိုမြန်ဆန်နေပြီး လှိုင်းလုံးများက တရိပ်ရိပ် မြင့်တက်နေသည်။ ဤသည်က ကောင်းကင်နတ်မြစ်ရေတပ် ရောက်လာသည့် အဓိပ္ပာယ်ပင်။

“ကောင်းကင်နတ်ဘုံက ကြောက်စရာဟန်ပန်နဲ့ ချီတက်ရောက်ရှိလာခဲ့ပေမယ့် ကောင်းကင်ဘုံတွေရဲ့ ကမ္ဘာလောကအားလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်… ကောင်းကင်ဘုံတွေရဲ့ ကမ္ဘာလောကတွေက အချိန်အတော်ကြာ ဒုက္ခခံစားခဲ့ရပေမယ့် မလှုပ်ရှားလာတာက ပတ်ဝန်းကျင်အခြေအနေကို ကြည့်နေလို့ပဲ”

တန်ခိုးရှင်သစ်ခုတ်သမား၏ အကြည့်က မှိုင်းညို့နေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ရွှင်ပျော်ပျော်ကျေးရွာသာ ပထမဦးဆုံး ကျဆုံးသွားမယ်ဆိုရင် သူတို့ဟာ ကောင်းကင်နတ်ဘုံကို မပုန်ကန်တော့ဘဲ ဆက်လက် ခစားဝပ်တွားပြီး ကောင်းကင်နတ်ဘုံကို အနိုင်ကျင့်ခွင့်ပေးနေဦးမှာပဲ…. ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ရွှင်ပျော်ပျော်ကျေးရွာ တောင့်ခံထားနိုင်ရင်တော့ ကောင်းကင်ဘုံတွေလည်း စိတ်ယိုင်လာပြီး ငါတို့ကို ထောက်ခံအားပေးလိမ့်မယ်… ဒါကြောင့် နိုင်ဖို့ လိုအပ်တယ်”

ယန်ယွင်ရှီက ပြောသည်။ “ကောင်းကင်နတ်မြစ်ရေတပ်က ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားမိစ္ဆာစစ်တပ်တွေထဲမှာ အင်အားအကြီးဆုံးပဲ…. စစ်သင်္ဘော ၁၂၀၀၀၀ ရှိတယ်… သင်္ဘောငယ် တစ်သန်းနဲ့ နတ်ဘုရားမိစ္ဆာတွေလည်း မရေမတွက်နိုင်အောင် ပါဝင်နေတယ် …. ကောင်းကင်နတ်မြစ်စစ်သူကြီးနေရာကို ကောင်းကင်ဆရာသခင်တစ်ယောက်ကို အမြဲ ခန့်အပ်ထားတာ… ဒီတစ်ကြိမ်မှာ ဘယ်ကောင်းကင်ဆရာသခင်လဲ မသိဘူး”

“ကောင်းကင်ဆရာသခင် ကျူရှောက်ပင် ဖြစ်မယ် … သူက ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဆရာသခင်လေးယောက်မှာ လေးယောက်မြောက်”

တံငါသည်က လက်ကို အသာအယာ မြှောက်လိုက်ရာ ကောင်းကင်နတ်မြစ်ထဲမှ ငါးတစ်အုပ် ကူးခတ်ထွက်ခွာလာသည်။ သူ၏ ပတ်ပတ်လည်တွင် ငါး ၄၀၀၊ ၅၀၀ ခန့်က ပျံသန်း၍ တီးတိုးပြောနေကြသည်။

အချိန်တခဏကြာပြီးနောက် တံငါသည်ဆီမှ အသံထွက်လာသည်။ “ဒါပေမဲ့ ဒီတစ်ကြိမ် ကောင်းကင်နတ်မြစ်ရေတပ်မှာ ကောင်းကင်နတ်ဘုံရဲ့ အကြံပေးနှစ်ယောက်ထဲက အကြီးတန်းအကြံပေး ကဲယွင်တျန်း၊ ဝန်မင်းလေးပါးထဲက စတုတ္ထဝန်မင်း ကောရှောက်ကျိုင်တို့အပြင် တခြားဝန်မင်းတွေလည်း ပါလာကြတယ်.…. ဒါ့အပြင် ကူညီပေးဖို့ ကောင်းကင်နတ်ဘုံရဲ့ စစ်ရထားလှည်း ၅စီးလည်း ရှိတယ်…. စစ်တပ်ငါးတပ်က တောင်ပံတစ်ဖက်တစ်ချက်စီကနေ တိုက်ခိုက်ကြလိမ့်မယ်…”

ငါးအုပ်က ပျံသန်းလျက် ကောင်းကင်နတ်မြစ်ထဲသို့ ပျော်ရွှင်ဝမ်းမြောက်စွာ ပြန်လည်ဝင်ရောက်သွားတော့သည်။

ယန်ယွင်ရှီမှာ အသက်တစ်ရှိုက် ရှုသွင်း၍ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ “ဒီဧကရာဇ်ပလ္လင်အဆင့် အင်အားကြီးသိုင်းပညာရှင်တွေတောင် ဝင်ရောက်တိုက်ခိုက်လာကြပြီပဲ… ငါတို့မှာ ဧကရာဇ်ပလ္လင်အဆင့်တွေ အားနည်းလွန်းတယ်… သူတို့ကို သေချာပေါက် မတားနိုင်ဘူး”

တန်ခိုးရှင်သစ်ခုတ်သမား၏ အကြည့်က သူမအပေါ်သို့ ကျရောက်လာပြီး စကားတစ်လုံးချင်းစီကို ရှင်းလင်းပြတ်သားစွာ ပြောသည်။ “ငါ တို့ ဒီ တိုက် ပွဲ ကို နိုင် မှ ရ မယ်..”

ယန်ယွင်ရှီ ပြုံးလိုက်သည်။ “ငါ သိပါတယ်… ကံမကောင်းစွာနဲ့ နင်သာ ကြိုးကြိုးစားစား ကျင့်ကြံခဲ့ပြီး တွေ့ကရာ ကမ္ဘာခေတ်နှောင်းတာအို‌ကိုသာ မစူးစမ်းခဲ့ရင် ဧကရာဇ်ပလ္လင်အ‌ဆင့် ရောက်နေလောက်ပြီ”

သိုင်းပညာ ကောင်းကင်ဆရာသခင် ကွမ်းချာက ရုတ်တရက် ပြောသည်။ “မဟုတ်သေးဘူး… သူတို့ အဲဒီလိုအင်အားမျိုးနဲ့ ရွှင်ပျော်ပျော်ကျေးရွာကို အမှန်တကယ် အနိုင်ယူနိုင်ပေမယ့် အလွယ်တကူတော့ ဖျက်စီးလို့တော့ မရနိုင်ဘူး… ကောင်းကင်နတ်အရှင်ရုံ ဒီနေရာမှာ နေရာယူထားတဲ့အပြင် နတ်ဘုရင်လန်ဝူလည်း ရောက်နေတာ မဟုတ်လား… သူတို့က ကောင်းကင်နတ်အရှင်နှစ်ပါးလေ…. ကောင်းကင်နတ်အရှင်နှစ်ပါးသာ လှုပ်ရှားလိုက်ရင်…”

တန်ခိုးရှင်သစ်ခုတ်သမားသည် တံငါသည်ကို ကြည့်လိုက်ရာ သူက ခေါင်းရမ်းပြသည်။ “ငါ ကောင်းကင်နတ်မြစ်ရဲ့ ရေသားရဲတွေကို ထိန်းချုပ်ပြီး ရေတပ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်တယ်… ဒါပေမဲ့ ရေသားရဲတွေအနေနဲ့ အထဲမှာ ကောင်းကင်နတ်အရှင်တစ်ပါး ပုန်းနေခြင်းရှိ မရှိကိုတော့ မပြောနိုင်ဘူး”

တန်ခိုးရှင်သစ်ခုတ်သမားလည်း မျက်မှောင်ကြုတ်လျက် ကောင်းကင်နတ်မြစ်၏ လိုင်းဂယက်များကို အကဲခတ်နေသည်။ “ကောင်းကင်နတ်အရှင်နှစ်ပါးနဲ့ ရင်ဆိုင်နိုင်တဲ့ပုဂ္ဂိုလ် ကောင်းကင်နတ်မြစ်စစ်သည်တော်တွေထဲမှာ သေချာပေါက် ပါတယ်….” သူက ပြော၏။ “ကောင်းကင်နတ်အရှင်ရှုက ကောင်းကင်နတ်အရှင်ရုံကို တားဆီးနိုင်ပေမယ့် နတ်ဘုရင်လန်ဝူကတော့ ထိုက်ကျိရှေးဟောင်းနတ်ဘုရားကို ရင်ဆိုင်ရကောင်း ရင်ဆိုင်ရနိုင်တယ်… ရွှင်ပျော်ပျော်ကျေးရွာက လူတွေကို ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ရွှေ့ပြောင်းဖို့ ငါ့အမိန့်ကို ပြန်ကြားလိုက်”

ကောင်းကင်ဆရာသခင်သုံးဦး၏ နှလုံးသားများ တုန်ရီသွားကြသော်လည်း တန်ခိုးရှင်သစ်ခုတ်သမား၏ မျက်နှာအမူအရာက တည်ငြိမ်နေသည်။ “ငါတို့ မနိုင်နိုင်ရင် ခိုင်ဧကရာဇ်ခေတ်ရဲ့ အမြစ်တချို့ ချန်ထားခဲ့မယ်…”

ကောင်းကင်ဆရာသခင်သုံးဦးစလုံး တိတ်ဆိတ်စွာ ခေါင်းညိတ်၍ နတ်ဘုရားမိစ္ဆာတချို့ကို ရွှင်ပျော်ပျော်ကျေးရွာရှိ လူသားတို့အား ပြောင်းရွှေ့စေသည်။

ဆယ်ရက်ကျော်ကြာပြီးနောက် ကောင်းကင်နတ်မြစ်မှာ ပြင်းထန်စွာ တုန်ခါလာသည်။ ကောင်းကင်နတ်မြစ်တစ်ခုလုံး အထိန်းအကွပ် မဲ့သွားပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။ ချက်ချင်းဆိုသလို ရေလှိုင်းများက ကောင်းကင်အထိ မြောက်တက်ရိုက်ခတ်ကာ မြေထုအားလုံးကို လွှမ်းခြုံသွားသည်။ ရေဖြတ်သန်းသွားသည့်နေရာတိုင်းရှိ အရာအားလုံး ရေမြုပ်သွားကြ၏။

ကောင်းကင်နတ်မြစ်မှာ ဝရုန်းသုန်းကား ဖြစ်နေတော့သည်။

စကြ၀ဠာတစ်ခုလုံးကို ဖြတ်သန်းစီးဆင်းနေသည့် ဤမဟာမြစ်ကြီးက ကောင်းကင်ပေါ်မှ မြေကြီးထံ ပြုတ်ကျလာသဖြင့် ကျုံ့ဝင်လာသည်။ ရေလှိုင်းများက မိုင်ထောင်သောင်းများစွာ ဖြန့်ကျက်သွား၍ ပြင်းထန်လှသည်။ ၎င်း ဖြတ်သန်းသွားသည့်နေရာတိုင်းရှိ လွင်ပြင်များဖြစ်စေ၊ ကုန်းမြင့်များဖြစ်စေ၊ တောင်တန်းများဖြစ်စေ အရာအားလုံး ရွံ့နွံများဖြစ်သွားကြတော့သည်။

ကမ္ဘာဦးဘုံတွင် နေထိုင်နေကြသည့် ပုဂ္ဂိုလ်များမှာလည်း ရေများထဲတွင် နစ်မြုပ်၍ လှိုင်းများနှင့်အတူ မြောပါနေကြ၏။

ကောင်းကင်နတ်မြစ်ရေတပ် လွှမ်းမိုးသွားခြင်းအပြင် ကောင်းကင်နတ်မြစ်၏ မရေမတွက်နိုင်သော နဂါးမင်းများလည်း ထွက်ပေါ်လာသည်။ နဂါးမင်းများက ပြင်းထန်လှသော လှိုင်းဂယက်များထဲတွင် လှိုင်းလုံးများကို ထပ်မံဖန်တီးနေပြီး လေနှင့် မိုးကို ဆင့်ခေါ်နေကြချေသည်။

ကမ္ဘာဦးဘုံ၏ အလယ်ဗဟိုတွင် မိုင်ထောင်သောင်းပေါင်းများစွာ ကြီးမားကျယ်ပြန့်သည့် အနက်ရောင်တိမ်တိုက်ကြီးများက အလိပ်လိုက် အဆုပ်လိုက် ဖွဲ့တည်လာကြသည်။ မိုးကြိုးလျှပ်စီးတို့က ၎င်းတို့ထဲတွင် ဂျိုန်းဂျိုန်းမြည်လျက် ထစ်ချုံးနေကြသည်။ မရေမတွက်နိုင်သော နတ်နဂါးများက တိမ်တိုက်များနှင့် မြူခိုးများကြား ဖြတ်သန်းသွားလာနေကြသည်။ မိုးတို့ သည်းကြီးမည်းကြီး ရွာသွန်းနေသဖြင့် ရေ၏ အရှိန်အဟုန်အား ပို၍ မြင့်တက်လာစေ၏။

ရွှင်‌ပျော်‌ပျော်ကျေးရွာအပါအဝင် ကမ္ဘာဦးဘုံ၏ ကုန်းတွင်းပိုင်းမှာ မည်းမှောင်နေကြချေပြီ။ နတ်ဘုရားမြို့များသည်သာ ခုခံကာကွယ်ပေးထားသော နတ်ဘုရားအလင်းတန်းများဖြင့် တဖျတ်ဖျတ် တောက်ပနေကြသည်။

မိုးကြိုးတိမ်စိုင် မှော်သိုင်းကွက်များကိုလည်း မြင်ကြရသည်။ ၎င်းတို့က မိုးကြိုးမုန်တိုင်းများ ဖန်တီး၍ အောက်ရှိ ရွှံ့နွံတိုင်းပြည်ကြီးကို အဆက်မပြတ် တိုက်ခိုက်နေ၏။ လျှပ်စီးများ တဖျတ်ဖျတ် ဝင်းလက်လျက် မိုးထစ်ချုန်းသံများ ညံနေတော့သည်။

ပြင်းထန်လှသော မိုးရေများနှင့် ရေများအကြားတွင် ခန့်မှန်း၍ မရနိုင်အောင် ကျယ်ပြန့်လှသော စစ်သင်္ဘောကြီးများစွာက ရွှင်ပျော်ပျော်ကျေးရွာအရှေ့တွင် ပေါ်လာသည်။ နေလုံးကြီးနှင့် လမင်းကြီးသည် ထိုသင်္ဘောများကို လှည့်ပတ်ရင်း နေ့နှင့် ညအား ဖန်တီးပေးထားကြ၏။

ထို စစ်သင်္ဘောကြီးများပေါ်ရှိ သင်္ဘောခန်းထဲမှ စစ်သင်္ဘောငယ်များ ထွက်ပေါ်လာကြပြီး စစ်သင်္ဘောတစ်သန်း၏ အလံများက လေထဲတွင် တလူလူ လွင့်နေတော့သည်။

ကောင်းကင်နတ်မြစ်ရေတပ်ကား နောက်ဆုံးတော့ ရောက်လာလေပြီ။ နဂါးမင်းများအပြင် မိုးကြိုးလျှပ်စီးနတ်ဘုရားများလည်း ပါလာကြပြီး သူတို့အားလုံးက အင်အားတို့ ထုတ်ပြကာ ရွှင်ပျော်ပျော်ကျေးရွာအပေါ် ကြွားဝါနေကြသည်။

နဂါးမင်းတို့ ခွန်အားထုတ်ဖော်ပြသတော့မည့် အချိန်တွင် မာန်ဟုန်မြစ်တွင် လှိုင်းများထန်လာ၏။ နတ်နဂါးများက ရေထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး ပြိုင်ဘက်ကင်း သြဇာပြည့်ဝသည့် အသံတစ်သံက တိမ်တိုက်များကို တုန်ရီသွားစေလျက် ဟိန်းထွက်လာသည်။ “ကောင်းကင်နတ်မြစ် မြေအပေါ် ကျရောက်လာရင် မာန်ဟုန်မြစ် ဖြစ်သွားပြီ… ကောင်းကင်နတ်ဘုံရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး.. မာန်ဟုန်မြစ်ကို ငါ နဂါးထိန်းဧကရာဇ်က ပိုင်တယ်… နဂါးမင်းအားလုံး ငါ့အမိန့်ကို နာခံကြစမ်း”

မာန်ဟုန်မြစ်ထဲတွင် နတ်နဂါးအရွယ်အစားမျိုးစုံက တွန်ကျူးသံများ အဆက်မပြတ် ထုတ်လွှတ်လျက် တစ်ကောင်ပြီးတစ်ကောင် ထွက်လာကြသည်။ ခေါင်းဆောင်က နဂါးဦးခေါင်းဖြင့် လူသားခန္ဓာကိုယ် ပိုင်ဆိုင်ထားသော နဂါးထိန်းဧကရာဇ်ပင်။ သူ၏ခန္ဓာကိုယ်က ကြီးမားကျယ်ပြန့်ပြီး မရေမတွက်နိုင်သော နတ်နဂါးများက သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားကြသည်။

နဂါးထိန်းဧကရာဇ်၏ ကျင့်ကြံခြင်းအခြေခံက တစ်စိုက်မတ်မတ် မြင့်တက်နေပြီး ကောင်းကင်နှင့် မြေကြီးအပြည့် နေရာယူသွားနိုင်သည့် ဘီလူးကြီးတစ်ကောင်အဖြစ် ပြောင်းလဲလာသည်။ သူက လက်ထဲတွင် မှိန်းတစ်လက် ကိုင်ထားပြီး မြစ်ခွဲကြောင်းတစ်ခုကို ဖွင့်လှစ်၍ ရေကြီးနေသော ရေများအား မာန်ဟုန်မြစ်ထဲသို့ စီးဆင်းသွားစေ၏။

ကောင်းကင်နတ်ဘုံ၏ မရေမတွက်နိုင်သော နဂါးမင်းကလည်း ရေနှင့် ကောင်းကင်ထဲမှ ထွက်လာကြသည်။ နဂါးထိန်းဧကရာဇ်၏ ခန္ဓာကိုယ် တုန်ခါသွားသည့်အအခါ မရေမတွက်နိုင်သော မြစ်နဂါးမင်းများက သူ၏ခန္ဓာကိုယ်မှ ပျံဆင်းသွားကြ၏။ နဂါးများအကြားရှိတိုက်ပွဲက ပြင်းထန်လှပေသည်။

နဂါးထိန်းဧကရာဇ်က မရေမတွက်နိုင်သော နတ်နဂါးများအကြားရှိ တိုက်ပွဲတွင် လျှောက်သွားနေပြီး နဂါးထိန်းကျမ်းစာကို အဆုံးအစွန်အထိ မြှင့်တင်ထားသည်။ ကောင်းကင်နတ်ဘုံ၏ နဂါးဘုရင်များစွာမှာ သူ၏ နဂါးထိန်းကျမ်းစာဖြင့် ကျူးကျော်ခံရပြီး တိုက်ရိုက်ထိန်းချုပ်ခြင်း ခံနေရ၏။ အမှောင်ထုထဲတွင် ဧရာမနဂါးကြီးများက မြစ်ချောင်းများနှင့် ပင်လယ်များကို လှိုင်းဂယက်များ တဝေါဝေါ ထနေစေပြီး သတ်ဖြတ်မှုများက ကြောက်မက်ဖွယ်ရာ ပြင်းထန်လှသည်။

ကောင်းကင်နတ်ဘုံ၏ မိုးကြိုးလျှပ်စီးနတ်ဘုရားတို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ သူတို့က ဧရာမဗုံကြီးများ၊ တူများ၊ လျှပ်စီးတန်းများဖြင့် နဂါးထိန်းဧကရာဇ်ကို တိုက်ခိုက်နေကြ၏။

မရေမတွက်နိုင်သော အနက်ရောင်တိမ်တိုက်များ လှုပ်ရှားသွားပြီး ကောင်းကင်လျှပ်စီးများက ကောင်းကင်မှ ထွက်ပေါ်လာသည်။ ယင်းတို့က မိုးစက်များအလား သိပ်သည်းလှပြီး နဂါးထိန်းဧကရာဇ်ဆီ ပြေးဝင်နေကြ၏။ လျှပ်စီးအလင်းရောင်တို့က မာန်ဟုန်မြစ်ကို နေ့ခင်းကြောင်တောင်အလား တောက်ပနေစေတော့သည်။

ရုတ်တရက် ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင် အသစ်စက်စက် အလင်းရောင်တစ်ခု ထွက်ပေါ်လာ၏။

ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ တောင်တန်းများ လှုပ်ခါသွားကြသည်။ ဧရာမနတ်တောင်တန်း ကိုယ်ထည်ကြီးများက ထရပ်လာကြပြီး ရှေးကျနက်ရှိုင်းသော ရေတွင်းများဖြင့် ဆက်သွယ်နေကြသော သံကြိုးများ မြောက်တက်လာကြသည်။ ရေတွင်းများအထဲ၌ အလင်းရောင်တို့ ထွန်းလင်းတောက်ပနေပြီး နေမင်းတစ်လုံးပြီးတစ်လုံးက ကောင်းကင်ပေါ်သို့ ပျံတက်လာကြချေပြီ။

ခိုင်ဧကရာဇ်ခေတ်၏ နေ‌စောင့်ရှောက်သူများနှင့် ကောင်းကင်နယ်စားမင်း မျိုးဆက်များမှ နေစောင့်ရှောက်သူတို့က ဧရာမနေသင်္ဘောကြီးများကို ထိန်းချုပ်ကာ အမှောင်ထုအား ဖြိုခွင်း၍ ကောင်းကင်ကို ထွန်းလင်းတောက်ပလာစေသည်။

နေသင်္ဘောများပေါ်ရှိ နေလုံးကြီးများက မီးတောက်များ ထုတ်လွှတ်ကာ တိမ်တိုက်တို့အား လောင်ကျွမ်းအငွေ့ပြန်နေစေ၏။

တူ…. တူ….

ထိုက်ဧကရာဇ်ကောင်းကင်ဘုံထံမှ စစ်ခရာသံ ပျံ့လွင့်လာသည်။ ထိုရှေးကျသော စစ်ခေါ်သံက အားလုံး၏ ဦးရေပြားများကို ထုံကျင်သွားစေပြီး သွေးတို့ ဆူပွက်လာစေသည်။

ဦးဆောင်နေသော နေသင်္ဘောပေါ်တွင် ယန်ကျင့်ကျင့်၏ ခန္ဓာကိုယ်ကြီးက တောင့်တင်းခိုင်မာစွာ ရပ်နေသည်။ သူမ၏ လက်နှစ်ဖက်က ကျောက်တိုင်များကို ဆုပ်ကိုင်ထားပြီး ကျန်လက်နှစ်ဖက်က နတ်လေးတစ်လက်ကို ကိုင်ထားသည်။ မြားအလင်းရောင်က ကောင်းကင်ကို ဖြတ်သန်းလျက် မိုးကြိုးအရှင်သခင်တစ်ဦးအား ထိုးစိုက်လိုက်၏။ ထို့နောက် အလင်းတန်းများ ဆက်တိုက်ထွက်ပေါ်လာကာ မိုးကြိုးလျှပ်စီးနတ်ဘုရားများ တဖြုတ်ဖြုတ် သေဆုံးကုန်ကြတော့သည်။

“လစောင့်ရှောက်သူ…” တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

လသင်္ဘောတစ်စီး ထွက်ပေါ်လာပြီး လမင်းကြီးသည် ကောင်းကင်ပေါ်သို့ တောက်ပစွာ မြောက်တတ်လာ၏။ လမင်းကြီးများက နေသင်္ဘောများ၏ အလင်းကို ရောင်ပြန်ဟပ်ကာ ကောင်းကင်နတ်ဘုံမှ မိုးကြိုးလျှပ်စီးနတ်ဘုရားတို့၏ အသက်ကိုနှုတ်ယူနေသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုစဉ် ကောင်းကင်နတ်မြစ်ရေတပ်၏ စစ်သင်္ဘောတစ်သန်းက ရွှင်ပျော်ပျော်ကျေးရွာဆီသို့ ဦးတည်ရွက်လွင့်လာနေသည်။

စစ်သင်္ဘောတစ်သန်း၏ အလယ်ဗဟိုတွင် မီးတောက်များက ကောင်းကင်အထိ တဟုန်းဟုန်း တောက်ပနေကြ၏။ ၎င်းက ကျူရှောက်ပင်၏ ကိုယ်ရံတော်များထုတ်လွှတ်နေသည့် မီးတောက်များ ဖြစ်ကြသည်။ ကျူရှောက်ပင်သည် တောင်၀င်ရိုးစွန်း၏ အရှင်သခင် ဖြစ်လာခဲ့ပြီး အထွတ်အမြတ် မီးတောက်ကိုလည်း ကျင့်ကြံထားသည်။ သူ့လက်အောက်ရှိ နတ်ဘုရားများမှာလည်း တောင်ဝင်ရိုးစွန်းမှ နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြ၏။

မရေမတွက်နိုင်သော နတ်ဘုရားတစ်ပိုင်းများက အလံများလွှင့်ထူလျက် လက်ညှိုးထိုးလိုက်ကြသည်။ ကောင်းကင်နတ်မြစ်တစ်စင်းလုံး မီးတောက်များဖြင့် ဖုံးလွှမ်းခံလိုက်ရချေပြီ။ မီးတောက်များက ကောင်းကင်နတ်မြစ်ရေပြင်အားလုံးအထိ ကူးစက်လာကြပြီး ကောင်းကင်အထိ တိုက်ခတ်ကာ ရေမျက်နှာပြင်တစ်ခုလုံး လောင်ကျွမ်းနေစေတော့သည်။

ဘုန်း….

ပရမတ္တလှေတစ်စင်းက ကောင်းကင်နတ်မြစ်ထဲသို့ ပြေးဝင်လာ၏။ လီရုံလန်က လှေပေါ်တွင် ရပ်နေပြီး သူ၏လက်အောက်တွင် မရေမတွက်နိုင်သော ရွှင်ပျော်ပျော်ကျေးရွာ နတ်ဘုရားမိစ္ဆာများ ရှိနေသည်။ သူတို့က ရထားလှည်းများ စီးနင်းလျက် ပျံတက်လိုက်ကြသည်။ ရထားလှည်းများ ပွင့်လာသည့်အခါ မရေမတွက်နိုင်သော ဓားစက်လုံးများ ထွက်ပေါ်လာသည်။

ဓားစက်လုံးများက တဝီဝီ လှည့်ပတ်သွားကြပြီး မရေမတွက်နိုင်သော ဓားများသည် ကောင်းကင်နတ်မြစ်ထက်ပင် ကြီးမားသည့် ဓားလမ်းကြောင်းများအဖြစ် ပြောင်းလဲကုန်ကြ၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဓားကွက်... မြေကို ရှင်းသော ဓားပျံသိုင်းကွက်ပင် ဖြစ်သည်။

ကမ္ဘာဦးဘုံ၏ ယိုတုထဲတွင် ကောင်းကင်နတ်အရှင်ရုံက မျက်လုံးများ ဖွင့်လိုက်ရာ မရေမတွက်နိုင်သော စက္ကူလှေများ ပျံသန်းထွက်ခွာသွားသည်။ မရဏတမန်တော် အဘိုးကြီးများက မီးအိမ်များ သယ်ဆောင်လျက် သက်ရှိလောကသို့ ဝင်ရောက်ရန် ပြင်ဆင်နေကြသည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာဦးဘုံ၏ ယိုတုသည် ပြင်းထန်စွာ တုန်ခါလာ၏။ ယိုတုချီတို့ဖြင့် လောင်ကျွမ်းနေသော ကျွဲဦးချိုတစ်ခုက ကမ္ဘာဦးဘုံ၏ ယိုတုကို ဖောက်ထွက်သွားလေသည်။ ကောင်းကင်နတ်အရှင်ရှု၏ ဧရာမဦးခေါင်းကြီးက ဝင်ရောက်လာပြီး ပါးစပ်ကြီး ဟလျက် အသံတိတ် ဟိန်းဟောက်လိုက်သည်။

မရေမတွက်နိုင်သော ယိုတုမိစ္ဆာနတ်ဘုရားများက ကောင်းကင်နတ်အရှင်ရှု၏ ပါးစပ်ထဲမှာ လှိုင်းလုံးများအလား ထွက်ပေါ်လာပြီး မရဏတမန်တော်များကို သတ်ဖြတ်နေ၏။

ချင်မူနှင့် ရှန့်ကျွင်း ကမ္ဘာဦးဘုံသို့ ရောက်သည့်အချိန်တွင် ကမ္ဘာဦးဘုံ အလယ်ဗဟို၌ ရေနှင့် မီးတို့ ရောနှောသောင်းကျန်းနေသည်ကို တွေ့လိုက်ရသည်။

ရွှင်ပျော်ပျော်ကျေးရွာစစ်ပွဲ နောက်ဆုံးတော့ စတင်ခဲ့လေပြီ။

All Chapters