← Chapters

ရထားလှည်းငါးစီးစစ်တပ်

Vol. 130 Ch. 1676

ရထားလှည်းငါးစီးစစ်တပ်

Vol. 130 Ch. 1676

ချင်မူနှင့် ရှန့်ကျွင်းလည်း အဝေးသို့ လှမ်းကြည့်လိုက်သည်။ ကမ္ဘာဦးဘုံ၏ ကုန်းတွင်းပိုင်းတွင် ကောင်းကင်နတ်ဘုံ၏ စစ်ရထားလှည်းများ တိုက်ခိုက်နေကြလေသည်။

ရှန့်ကျွင်းက မေးသည်။ “ကောင်းကင်နတ်အရှင်၊ ငါ လှုပ်ရှားလိုက်ရမလား”

သူသည် ချုံခိုသတ်ဖြတ်ရာတွင် ကျွမ်းကျင်ပြီး ဖရိုဖရဲဖြစ်နေသော စစ်တပ်၏ အလယ်တွင် ပုန်းကာ ရန်သူ၏ အထက်ပိုင်းအရာရှိများကို သတ်ဖြတ်ပစ်နိုင်သည်။ တပ်မှူးတစ်ယောက်၏ ဦးခေါင်းကို သတ်ဖြတ်ရခြင်းက အိတ်တစ်လုံးထဲမှ ပစ္စည်းတစ်ခု ဆွဲထုတ်ရသည့်အလား လွယ်ကူပေလိမ့်မည်။

ကောင်းကင်နတ်မြစ်ရေတပ်ရှိ တပ်ခွဲအားလုံးမှ တပ်မှူးများ သတ်ဖြတ်ခံလိုက်ရလျှင် တပ်ဖွဲ့များသည် ခေါင်းဆောင် ပျောက်သွားမည်ဖြစ်ကာ စစ်ဗျူဟာကလည်း ကသောင်းကနင်း ဗြောင်းဆန်ကုန်မည်။ နေရာယူပုံတို့က လျော့ရဲလာပြီး ထိုသို့ ဖြစ်သွားပါက ရွှင်ပျော်ပျော်ကျေးရွာ သေချာပေါက် အနိုင်ရလိမ့်မည်။

“မလိုဘူး..”

ချင်မူ့မျက်ဝန်းများက တောက်ပနေပြီး သူက ခေါင်းခါရမ်းသည်။ “ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်တွေက တစ်ယောက်နဲ့ တစ်ယောက် ခြိမ်းခြောက်နိုင်တဲ့အတွက် အလွယ်တကူ လှုပ်ရှားမှာမဟုတ်ဘူး… မင်း ကိုယ့်ကိုယ်ကို ထုတ်ဖော်ပြီး တိုက်ခိုက်လိုက်ရင် အားနည်းချက် ဖြစ်သွားလိမ့်မယ်… တခြားတာအိုသိုင်းပညာရှင်တွေ ဒါမှမဟုတ် ကောင်းကင်နတ်အရှင်တွေ အခွင့်အရေး ရသွားတာနဲ့ မင်း သေလိမ့်မယ်… မင်းနဲ့ ငါ့လို ပုဂ္ဂိုလ်မျိုးတွေ လှုပ်ရှားတိုက်ခိုက်တာက အသက်ကို စတေးပြီး တိုက်ခိုက်ရတာပဲ… ဒီစစ်ပွဲမှာ ပင်မအင်အားက နတ်ဘုရားမိစ္ဆာတပ်ဖွဲ့တွေကြားက တိုက်ပွဲတွေပဲ ဖြစ်လိမ့်မယ်…”

ရှန့်ကျွင်းမှာ ဇဝေဇဝါ ဖြစ်နေသော်လည်း မည်သည်မှ ထပ်မမေးတော့ပေ။

သူသည် အကြောင်းအရာတစ်ခုကို နှိုက်နှိုက်ချွတ်ချွတ် သိချင်တတ်သည့် ပုဂ္ဂိုလ်မျိုး မဟုတ်ပေ။

ချင်မူက သူ့ထက် ပို၍တွေးတောစဉ်းစားတတ်၏။ ကောင်းကင်နတ်ဘုံနှင့် ကမ္ဘာဦးဘုံအကြားရှိ စစ်ပွဲသည် ကောင်းကင်နတ်အရှင်များအကြား စစ်ပွဲသာ မဟုတ်ဘဲ ခံယူချက်နှစ်ခုအကြားရှိ စစ်ပွဲ ဖြစ်သည်။ ကောင်းကင်နတ်အရှင်များသည် စစ်ပွဲရလဒ်ကို ဆုံးဖြတ်ပေးနိုင်သော်လည်း သာမန်မိစ္ဆာနတ်ဘုရားများနှင့် ၎င်းတို့အနောက်ရှိ တိုင်းပြည်ကသာ စစ်ပွဲရလဒ်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။

ဤလှိုင်းဂယက်ကြီး၏ ရှေ့မှောက်တွင် ကောင်းကင်နတ်အရှင်များနှင့် တာအိုသိုင်းပညာရှင်များပင်လျှင် စစ်မြေပြင်၌ တိုက်ခိုက်နေကြသူများ ဖြစ်သည်။ ကောင်းကင်နတ်အရှင်များနှင့် တာအိုသိုင်းပညာရှင်များသည် သူတို့၏ခွ န်အားဖြင့် စစ်ပွဲ၏အလားအလာကို ဆုံးဖြတ်ပေးနိုင်သော်လည်း ကောင်းကင်နတ်ဘုံနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကြားရှိ စစ်ပွဲရလဒ်ကိုတော့ မဆုံးဖြတ်ပေးနိုင်ပေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုသည် နှစ် ၁၇၀ ကြာမြင့်ခဲ့ပြီဖြစ်ရာ ယခုကား ရလဒ်များကို စမ်းသပ်ရမည့်အချိန် ဖြစ်သည်။

ချင်မူက အဝေးမှ လှမ်းကြည့်နေရင််း ရွှင်ပျော်ပျော်ကျေးရွာ၏ စစ်ပွဲအနောက်တွင် ကောင်းကင်နတ်ဘုံသည် ကမ္ဘာဦးဘုံ၏ အနောက်ကောင်းကင်တစ်ဝက်ကို ထွန်းလင်းတောက်ပနေစေသည်အား သတိထားမိလိုက်သည်။

ကောင်းကင်နတ်ဘုံ၏ မရေမတွက်နိုင်သော စစ်တပ်များက ကောင်းကင်နတ်ဘုံ၏ ဝန်မင်းများ၊ စစ်ဘက်အရာရှိများနှင့် ကောင်းကင်နတ်ဧကရာဇ်ကို ပင့်ဆောင်ကာ ချီတက်လာနေကြချေပြီ။

ရွှင်ပျော်ပျော်ကျေးရွာမှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေသည့် မိတ်ဆက်အခန်းတစ်အခန်းသာ ဖြစ်၏။

မိတ်ဆက်ခန်းပြီးနောက် တကယ့် စစ်ပွဲ စတင်ပေလိမ့်မည်။

ရုတ်တရက် ကောင်းကင်နတ်ဘုံစစ်တပ်ထဲမှ တာအိုသစ်ပင်နှစ်ပင် ပေါက်လာသည်။ အလင်းတန်းများက ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ထိုက်ချူ၏ မျက်နှာများကို ဖော်ဆောင်ပြသည်။ ၎င်းတို့က အလွန်တရာ ကျယ်ပြန့်၍ ကြောက်လန့်ဖွယ်ကောင်းနေသည်။

“အင်အားကို ထုတ်ကြွားနေတာပေါ့လေ … ကျုပ်နဲ့ ယှဉ်ကြည့်လိုက်ရင်ရော”

ချင်မူ တစ်ချက်မျှတွေးလိုက်ရာ သူ၏ကောင်းကင်ရတနာနယ်ပယ်က ပျံ့ကားထွက်လာသည်။ လောကသစ်ပင်က ကြီးမားသထက် ကြီးမားလာ၏။

သူက ရှေ့သို့ ခြေတစ်လှမ်းတက်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ဆင်းသက်လိုက်သည်။ လောကသစ်ပင်က တစ်လောကလုံးကို ဖုံးအုပ်နေသည့် အမိုးခုံးကြီးတစ်ခုအလား စိမ်းလန်းစိုပြည်နေချေသည်။

ကောင်းကင်နတ်ဘုံ စစ်ရထားလှည်းငါးလှည်း စစ်တပ်၏ ပင်မစစ်သူကြီးသည် ကောင်းကင်နတ်ဘုံ၏ ကောရှောက်ကျိုင် ဖြစ်သည်။ နာမည်အရင်းက ရန်ရှန်းဟု တွင်ပြီး ဧကရာဇ်ပလ္လင်အဆင့် အင်အားကြီးသိုင်းပညာရှင်တစ်ယောက် ဖြစ်လေသည်။ သူသည် စစ်ရထားလည်းငါးလှည်းကို ကိုယ်တိုင်ထိန်းချုပ်ကွပ်ကဲနေ၏။

စစ်ရထားလှည်းငါးလှည်းစစ်တပ်သည် စစ်တပ်သုံးတပ်ထဲမှ ကြည်းစစ်ပတ်ထဲ၌ ပါဝင်သည်။ ကောင်းကင်နတ်ဘုံတွင် စစ်တပ်သုံးမျိုးရှိပြီး ကြည်းစစ်တပ်၊ ရေစစ်တပ်နှင့် နတ်ဘုရားစစ်တပ်တို့ ဖြစ်ကြသည်။ ရေစစ်တပ်သည် ရေထဲတွင် တိုက်ခိုက်ပြီး ကောင်းကင်နတ်မြစ်ရေတပ်ဟု လူသိများကြ၏။ သူတို့က ကောင်းကင်နတ်မြစ်တွင် ဖြတ်သန်းသွားလာသည့် စစ်သင်္ဘောများကို တာဝန်ယူထိန်းချုပ်သည်။ ကောင်းကင်ရှိ နတ်ဘုရားစစ်တပ်ကတော့ နတ်ဘုရားတစ်ပိုင်းများနှင့် ပျံသန်းနိုင်သော တောင်ပံပါသည့် နတ်မိစ္ဆာများဖြင့် ဖွဲ့စည်းထားသည်။

ကြည်းစစ်တပ်သည် မြေပြင်စစ်တပ်ဖြစ်သည့်အလျောက် အရပ်လေးမျက်နှာမှ တပ်ဖွဲ့ အားလုံး ပါဝင်သည်။ ဥပမာအနေဖြင့် ရထားလှည်းငါးလှည်းစစ်တပ်၊ ခြေလျင်စစ်တပ်၊ အရန်တပ်ဖွဲ့လေးဖွဲ့၊ အလံကိုင်တပ်ဖွဲ့၊ တော်ဝင်စစ်တပ်နှင့် လေးစစ်တပ်တို့ ဖြစ်သည်။ ၎င်းတို့သည် မြေပြင်ကို တာဝန်ယူရပြီး မတူညီသောတာဝန်အမျိုးမျိုး ရှိကြ၏။

ကောင်းကင်နတ်ဘုံ၏ ရထားလှည်းငါးလှည်းကို တိုက်ခိုက်ရာ၌ အဓိက သုံးသော တိုက်ခိုက်ရေးယာဉ် တစ်နည်းအားဖြင့် စစ်ရထားလှည်း ရုံလွီ၊ ကျယ်ပြန့််စွာ နေရာယူနိုင်သော ဧရာမယာဉ်် ကွမ်းချယ်၊ ကောင်းကင်နတ်ဘုံ၏ အင်အားနှင့် ဩဇာကို ကိုယ်စားပြုသော နန်းစဉ်ယာဉ် ချွဲချယ်၊ ကောင်းကင်နတ်ဘုံ၏ ခိုင်မာတည်မြဲသာ သဘာဝကို ကိုယ်စားပြုသည့် ငြိမ်းချမ်းရေးယာဉ် ပင်းချယ်၊ မြန်ခြင်း၊ ပေါ့ခြင်းကို ဆောင်သော အမြန်ယာဉ် ချင်းချယ်ဟူ၍ ခေါ်ဆိုကြလေသည်။ အလယ်ဗဟိုတွင် ကောင်းကင်ရတနာမျှော်စင်ရှိပြီး ကောင်းကင်နတ်ဘုံ၏ အရေးကြီးသော လက်နက်ဟူသည် ဂုဏ်ဒြပ်အတိုင်း လက်လှမ်းမမှီနိုင်သော နတ်မျှော်စင်အလား ထင်ရ၏။

နတ်မျှော်စင်ကို အပိုင်း တစ်လွှာပြီးတစ်လွှာ ပိုင်းခြားထားသည်။ တံခါးများ ဖွင့်လိုက်သည့်အချိန်တွင် စစ်ရထားလှည်းအားလုံးက ဒီရေလှိုင်းများကဲ့သို့ ထွက်လာကြလိမ့်မည်။

၎င်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ရထားလှည်းပျံများနှင့် ကွာခြားသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ရထားလှည်းပျံများသည် သေးငယ်သော ဆေးပေါင်းဖိုတစ်ခုစီဖြင့် လေပေါ် မြောက်တက်နိုင်သည်။ ဆေးပေါင်းဖိုတစ်လုံးမှ အားဖြည့်ပေးထားသော ရထားးလှည်းတစ်စီးသည် ကြေးသားရဲလေးကောင်အား မွေးထုတ်ပေးနိုင်၏။

စစ်ရထားလှည်းငါးလှည်း၏ ပန်းပဲပညာကမူ မမြင့်မားသောကြောင့် ပျံသန်းနိုင်သည့် ရထားလှည်းက ရှားပါးသည်။ ရထားလှည်းအများစုမှာ အလွန်တရာ ကြီးမားကြသည်။

ကောင်းကင်နတ်ဘုံ၏ ရထားလှည်းတစ်စီးစီတွင် ဆေးပေါင်းဖို သုံးခုရှိသည်။ ဆေးပေါင်းဖိုတစ်ခုက ရထားလှည်းကို ရှေ့သို့ ပြေးစေနိုင်သည့် စက်ယန္တရားကို တာဝန်ယူထား၏။ ကျန်ဆေးပေါင်းဖိုက ရထားလှည်းပေါ်ရှိ နတ်ဘုရားတို့အတွက် စွမ်းအင်ဖြည့်တင်းပေးရသည်။ အခြားဆေးပေါင်းဖိုက ရထားလှည်းအနောက်ရှိ မီးတောက် ထုတ်လွှတ်သော ကြေးသားရဲနှစ်ကောင် အတွက် ဖြစ်၏။ ၎င်းတို့က အရှိန်မြှင့်တင်ရန် ဖြစ်လေသည်။

ဆေးပေါင်းဖိုသုံးခုအတွက် ဆေးဆရာသုံးဦး လိုအပ်၏။ အဘယ်ကြောင့်ဆိုသော် ဆေးကျောက်တုံးများက အသုံးမဝင်လျှင် ရထားလှည်းပေါ်ရှိ မီးခိုးတိုင်များမှ အနက်ရောင်မီးခိုးငွေ့များ ထုတ်လွှတ်တတ်သည်။ ရလဒ်အနေဖြင့် စစ်ရထားလှည်းငါးလှည်းစစ်တပ်ကို မဟူရာမီးခိုးစစ်တပ်ဟုပင် အမည်ပေးထားကြ၏။ ၎င်းတို့ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် မီးခိုးငွေ့များ ကျန်ရစ်တတ်ခြင်းကြောင့်ပင်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေဖြင့် ထိုသို့သေးငယ်သည့် ရထားလှည်းပျံများ သွန်းလုပ်နိုင်ခြင်းမှာ အလွန်တရာ ထူးချွန်သည့် ပန်းပဲဆရာများအပြင် ဆေးဆရာများစွာကို ပျိုးထောင်ထားနိုင်သောကြောင့် ဖြစ်ပေသည်။

ကျောက်စိမ်းမျက်နှာဆေးဆရာသည် သူ၏ပညာအား ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ လွှဲပြောင်းပေးခဲ့သည့်အလျောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဆေးပေါင်းဖိုများတွင် သန့်စင်သည့် ဆေးလုံးများမှာ ပုံမှန်အားဖြင့် ပရဆေးလုံးများ ဖြစ်ကြသည်။

ပရဆေးလုံးများသည် အလွန်မြင့်မားသော သန့်စင်မှုရှိပြီး ဆေးကျောက်တုံးများကို အစားထိုးနေရာယူသောကြောင့် တောက်လောင်သည့် ဆေးလုံးပမာဏက လုံလောက်သည်။ လိုအပ်သည့် ဆေးပေါင်းဖိုပမာဏကလည်း လျော့နည်းသွားပြီး ထုထည်ကို အောက်ဆုံးအထိ လျှော့ချနိုင်၏။ ထိုမျှသာမက အမြန်နှုန်းက ပို၍မြန်ဆန်ပြီး ပေါက်ကွဲစွမ်းအားကလည်း ပို၍အားကောင်းသည်။

သို့ထိတိုင် ကောင်းကင်နတ်ဘုံ၏ စစ်ရထားလှည်းငါးလှည်းသည် မြေပြင်တွင် အလွန်အင်အားကောင်းသော အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားသေး၏။ ကောင်းကင်နတ်မြစ်ရေတပ်က ရွှင်ပျော်ပျော်ကျေးရွာ၏ သင်္ဘောများနှင့် တပ်ဖွဲ့များကို တိုက်ခိုက်နေပြီး စစ်ရထားလှည်းငါးလှည်းက အောက်တွင် ချေမှုန်းသတ်ဖြတ်နေလေသည်။

စစ်ရထားလှည်းငါးလှည်းရှိ အမြောက်များက ကောင်းကင်နတ်မြစ်ရေတပ်နှင့် ပူးပေါင်းကာ ပစ်လွှတ်နေကြသည်။ နတ်အလင်းတန်းများက လေကို ခွင်း၍ ပိုက်ကွန်တစ်ခုအဖြစ် ရောယှက်သွားကြပြီး ရွှင်ပျော်ပျော်ကျေးရွာတွင် ကျဆုံးမှုများ များပြားနေစေတော့သည်။

ရွှင်ပျော်ပျော်ကျေးရွာဘက်မှ စစ်သည်တော်များ ကျဆုံးနေကြသည့်အချိန် ကောင်းကင်နတ်မင်း လီရုံလန်၏ ပရမတ္တလှေအပေါ်မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရထားးလှည်းပျံများ ထွက်လာကြချေပြီ။

ဤရထားလှည်းပျံအမျိုးအစားအား တိမ်လွှာဆင့်လှည်းပျံဟု ခေါ်သည်။ တိမ်လွှာဆင့်လှည်းပျံများတွင် ဓားစေတီများ ပါဝင်သည်။

ရွှင်ပျော်ပျော်ကျေးရွာ၏ နတ်ဘုရားမိစ္ဆာအားလုံးသည် ဓားသမားများဟုတ်လျှင်ဟုတ်၊ မဟုတ်လျှင် ဓားတာအိုလေ့လာထားသော သိုင်းသမားများ ဖြစ်ကြသည် မဟုတ်ပါလော။ ရထားလှည်း ဖွင့်လှစ်လိုက်သည့်အချိန်တွင် ဓားစေတီထဲရှိ ဓားစက်လုံးအားလုံး ပျံသန်းထွက်ခွာလာကြသည်။

ဓားစက်လုံးများက ငွေ‌ရောင်မိုးစက်များကဲ့သို့ တပေါက်ပေါက် ကျဆင်းလာကြသည်။ ဓားစက်လုံးတစ်လုံးချင်းစီက မကြီးမားသော်လည်း အံ့ဩဖွယ်ကောင်းလောက်အောင် လေးလံ၏။ ဓားစက်လုံးတစ်ခုချင်းစီသည် ဓားပျံနှစ်ထောင်ဖြင့် တည်ဆောက်ထား‌သော်လည်း အလွန်တရာသေးငယ်သော အရွယ်အစားတစ်ခုအထိ သန့်စင်ခံထားရသည်။

ဓားစက်လုံးများ ပျံသန်းနေကြစဉ် တိမ်လွှာဆင့်လှည်းပျံများအပေါ်ရှိ ဓားသမားများက သူတို့၏အသိစိတ်အလျဉ်ဖြင့် ဓားစက်လုံးများဆီ လှမ်းဆက်သွယ်လိုက်သည်။ ဓားစက်လုံးများသည် အဆက်မပြတ် စတင်လှည့်ပတ်လာပြီး ငွေအပ်အရွယ်ရှိသည့် ဓားပျံများက ဓားစက်လုံးထဲမှ ထွက်လာကြတော့သည်။ ဓားပျံက အလျင်အမြန်ပင် အရွယ်အစား ကြီးမားလာကြသည်။

ဤအချိန်တွင် ရှုပ်ထွေးသော ဓားကွက်များ ဓားသိုင်းပညာများ ထုတ်သုံးနေရန် မလိုအပ်ချေ။ အခြေခံအကျဆုံး ဓားသိုင်းကွက်တစ်ခုသာ ရှိ၏။ ၎င်းက ထိုးဓား ပင်။

ရန်သူမှ မည်သည့်တိုက်ကွက်များ အသုံးပြုနေသည်လဲ စဉ်းစားစရာမလိုသလို ရန်သူ အသုံးပြုသော ရတနာများနှင့် ဗျူဟာအနေအထားကိုလည်း ထည့်တွက်နေရန် မလိုအပ်ချေ။ သူတို့အနေဖြင့်် အသိစိတ်အလျဉ်အလုံးစုံ သုံးကာ အောက်သို့ ထိုးစိုက်တိုက်ခိုက်ရုံသာ လိုသည်။

ဤသည်က မြေကို ရှင်းသော ဓားပျံသိုင်းကွက်ပင် ဖြစ်ချေသည်။

မရေမတွက်နိုင်သော ဓားများက ကောင်းကင်ပေါ်မှ ရွာကျလာပြီး ရထားလှည်းငါးစီးစစ်တပ်မှ နတ်ဘုရားမိစ္ဆာများ၏ ခန္ဓာကိုယ်၊ မူလဝိညာဉ်များနှင့် ရထားလှည်းတို့အားလုံးကို ထိုးစိုက်သွားကြသည်။ နောက်ဆုံးတွင်တော့ အခြေအနေကား ပြောင်းပြန်ဖြစ်သွားလေပြီ။

ရထားလှည်းပေါ်ရှိ ဆေးပေါင်းဖိုများ ထိုးစိုက်ခံလိုက်ရသည်နှင့် ကြောက်မက်ဖွယ်ရာ ပုံပျက်လှိုင်းများ ထွက်ပေါ်လာကြသည်။ ဆေးပေါင်းဖိုးများ ပေါက်ကွဲကုန်သည့်အခါ ရထားလှည်းများနှင့် နတ်ဘုရားမိစ္ဆာတို့၏ ခြေတစ်ပိုင်းလက်တစ်ပိုင်းများက ကောင်းကင်ပေါ်သို့ လွင့်စင်ထွက်ကုန်ကြ၏။

ကောင်းကင်ပေါ်တွင် ရထားလှည်းပျံများ ရောနှောနေသည်။ မြေပြင်ပေါ်ရှိ ဓားပျံများက လေကို ခွင်းလျက် ‌တဝှီးဝှီး ပျံသန်းနေကြ၏။ ရွှင်ပျော်ပျော်ကျေးရွာ ရထားလှည်းပျံများပေါ်ရှိ စစ်သည်တော်များ၏ ထိန်းချုပ်မှုအောက်တွင် လေထဲတွင် ဓားစက်လုံးများ ဖွဲ့တည်နေပြီး ရှေ့သို့ပျံသန်းနေကြသည်။ ၎င်းတို့က မြေပြင်ပေါ်သို့ တရစပ် ကျဆင်းတိုက်ခိုက်နေသောကြောင့် ၎င်းတို့ ဖြတ်သန်းသွားသည့်နေရာတိုင်းရှိ ရထားလှည်းပျံများ ဖရိုဖရဲဖြစ်ကုန်ကြ၏။

အလယ်စစ်တပ်ကို ဦးဆောင်နေသော ကောရှောက်ကျိုင်က အေးစက်နေသော အမူအရာဖြင့် အမိန့်ပေးလိုက်သည်။ ကောင်းကင်ဘဏ္ဍာတိုက်ငါးခု ပွင့်သွားပြီး ဧရာမရထားလှည်းများ ထွက်လာကြလေသည်။

ထိုရထားလှည်းများသည် သာမန်ကြီးမားသော ရထားလှည်းများထက် ပို၍ကြီးမားသည်။ ရထားလှည်းဘီးများက ပို၍မြင့်မားသည့်အပြင် ရထားလှည်းနံရံများကလည်း ပို၍ထူထဲ၏။ သို့သော် ဆေးပေါင်းဖိုများတော့ မပါရှိပေ။ ၎င်းတို့ အဆောက်အဦးများထဲမှ ထွက်လာသည့်အချိန်တွင် ရထားလှည်းများထဲရှိ ကောင်းကင်နတ်ဘုံ၏ စစ်သည်တော်များက ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းများကို အသက်သွင်းလိုက်ကြသည်။ ကောင်းကင်နှစ်ခြမ်း ကွဲသွားပြီး အက်ကွဲကြောင်းများ ပေါ်လာ၏။

အက်ကွဲကြောင်းများ၏ အနောက်တွင်တော့ အဆုံးမရှိနိုင်အောင် ကျယ်ပြောသည့် သားရဲကမ္ဘာ ထွက်ပေါ်လာလေသည်။

သံချပ်ကာများ ဝတ်ဆင်ထားသည့် သားရဲကြီးများက ကောင်းကင်ဆီသို့ ခုန်ထွက်ကာ သားရဲကမ္ဘာထဲမှ ဆင်းသက်လာကြသည်။

ထိုဧရာမသားရဲကြီးများသည် သားရဲကမ္ဘာ၏ ကမ္ဘာဦးသားရဲများ ဖြစ်ကြ၏။ ၎င်းတို့က နှိုင်းယှဉ်၍မရနိုင်အောင် ကြီးမားသော ခန္ဓာကိုယ်များဖြင့် ကမ္ဘာဦးဘုံထဲသို့ ခုန်ဝင်လာကြချေပြီ။ ၎င်းတို့ ဟိန်းဟောက်နေကြစဉ် ရထားလှည်းများထံမှ သံကြိုးများ ထွက်ပေါ်လာကြပြီး ရစ်ပတ်ခံလိုက်ကြရ၏။

ဧရာမသားရဲကြီးများက ရှေ့သို့ ချီတက်၍ ရထားလှည်းများကို ဆွဲလိုက်သည်။ တောင်ပံများ ဖြန့်လျက် ရထားလှည်းများကို ကောင်းကင်ပေါ်သို့ ဆွဲတင်သွားကြသော သားရဲကြီးများလည်း ရှိကြ၏။ ရထားလှည်းများပေါ်ရှိ နတ်ဘုရားမိစ္ဆာများက သူတို့၏ ကောင်းကင်လက်နက်များကို အသက်သွင်း၍ ရွှင်ပျော်ပျော်ကျေးရွာအား တိုက်ခိုက်ကြသည်။

ထိုသားရဲကြီးများသည် ဓားပျံများကို ကြောက်မနေပေ။ ဓားပျံများ သူတို့၏ခန္ဓာကိုယ်ထဲ ထိုးစိုက်သွားလျှင်တောင်မှ မာကျောသော အရေပြားက ကာကွယ်ပေးထားမည် ဖြစ်သည်။ တခဏအတွင်း ရထားလှည်းပျံများမှာ အစိတ်စိတ်အမွှာမွှာ ချေမှုန်းဖျက်ဆီးခံလိုက်ရသဖြင့် အပျက်အစီးအပိုင်းအစများက ကောင်းကင်ပေါ်မှ ကျဆင်းလာကြသည်။

မြေပြင်ပေါ်တွင် ပြေးလွှားနေကြသည့် သားရဲကြီးများက ဟိန်းဟောက်လျက် ရထားလှည်းပျံများကို လင်းကွမ်မြို့တံတိုင်းဆီသို့ ဆွဲယူနေကြသည်။

လင်းကွမ်မြို့သည် ထိုက်ဧကရာဇ် ကောင်းကင်ဘုံနှင့် အနီးဆုံးဖြစ်သည့် ပထမဦးဆုံးနတ်ဘုရားမြို့ ဖြစ်သည်။ နတ်ဘုရားမြို့မှာ ကြီးမားပြီး မြို့ထဲရှိ စစ်သည်တော်များသည် အသင့်အနေအထား ရှိနေကြ၏။ သို့သော် ရေလှိုင်းများကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာနေသော သားရဲကြီးများကို မြင်လျှင် သူတို့၏မျက်နှာများမှာ သွေးဆုတ်ဖြူလျော့သွားကြသည်။

တံငါသည်ဟန်ထန်းက ချက်ချင်း ထရပ်၍ ပြော၏။ “ညီအစ်ကိုတို့… ငါ့အလှည့် ရောက်ပြီ”

တန်ခိုးရှင်သစ်ခုတ်သမားက ပြောသည်။ “သားရဲကမ္ဘာရဲ့ အရှင်သခင် လုံရှောင်က ယုံကြည်လို့မရဘူး… သူက အာဏာကို ကြောက်တယ်… မင်းကို တိုက်ခိုက်လာမှာ သတိထား”

တံငါသည် ကောင်းကင်ဆရာသခင်သည် အလျင်အမြန်ထွက်ခွာသွားပြီး သူ၏အသံက အဝေးမှ ပျံ့လွင့်လာ၏။ “ငါ သူ့ကို ကြည့်ရှင်းလိုက်ပါမယ်.. ငါက ခိုင်ဧကရာဇ်ခေတ်တုန်းက တိရစ္ဆာန်တွေ မွေးမြူရတာကို တာဝန်ယူခဲ့တာလေ… ငါ ဖန်တီးထားခဲ့တဲ့ သားရဲထိန်းကျင့်စဉ်က ကောင်းကင်နတ်အရှင်လုံရှောင်အောက် နိမ့်ကျနေမှာ မဟုတ်ဘူး”

သူက တပ်ဖွဲ့များကို ဦးဆောင်၍ ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှ ပျံသန်းထွက်ခွာသွားသည်။ သူသည် ခိုင်ဧကရာဇ်ခေတ်တွင် တိရစ္ဆာန်မွေးမြူထိန်းကျောင်းခြင်းကို တာဝန်ယူခဲ့ရသည့် ကောင်းကင်ဆရာသခင်ဖြစ်ပြီး သူ၏လက်အောက်ရှိ စစ်သည်တော်များနှင့် တပ်မှူးများမှာ တိရစ္ဆာန်မွေးမြူထိန်းကျောင်းခြင်းလမ်းစဉ်တွင် ကျွမ်းကျင်ကြသည်။ စစ်သည်တော်တစ်ယောက်ပြီးတစ်ယောက်က သူတို့၏ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းများကို အသက်သွင်းနေကြ၏။ သို့သော် ကောင်းကင်က နောက်တစ်ကြိမ် အက်ကွဲသွားပြန်ပြီး သားရဲကမ္ဘာ၏ ကမ္ဘာဦးသားရဲများက ကောင်းကင်ပေါ်မှ ဆင်းသက်လာကြသည်။

တံငါသည်ကောင်းကင်ဆရာသခင်နှင့် စစ်သည်တော်များက လေပေါ်ပျံတက်၍ ကမ္ဘာဦးသားရဲများ၏ ကျောပေါ်သို့ အသီးသီး တက်လိုက်ကြ၏။ သူတို့က လင်းကွမ်မြို့အရှေ့သို့ ဆင်းသက်လိုက်ကြပြီး ရထားလှည်းငါးစီး၏ စစ်တပ်များ ချီတက်လာမည်ကို စောင့်ဆိုင်းနေကြသည်။

ကောရှောက်ကျိုင်က သူ့ကို မြင်လျှင် အေးစက်သော မျက်နှာအမူအရာမှာ ပျောက်ကွယ်သွားသည်။ သူက တဟားဟား ရယ်လိုက်ပြီး ရုတ်တရက် ထရပ်၏။ “ရန်သူတော်ကြီးဟန်ထန်း နောက်ဆုံးတော့ မနေနိုင်တော့ဘူးပေါ့လေ… ဟန်ထန်း ဒီတိုက်ပွဲမှာ သေချာပေါက် သေစေရမယ်..”

သူက လက်မြှောက်လိုက်ရာ လက်နှစ်ဖက်က သူ၏ ချိုင်းအောက်မှ ပေါက်ထွက်လာကြ၏။ သူ၏လက်လေးဘက်က ပင်မစစ်တပ်၏ ရထားလှည်းငါးစီးဆီသို့ ဆန့်တန်းလိုက်သည်။ သူ၏ လက်မောင်းများက ကြောက်စရာကောင်းလောက်အောင် ရှည်လျားပြီး ကောင်းကင်ဘဏ္ဍာတိုက်လေးခုကို ဆွဲယူလိုက်သည်။

သူ၏ မူလဝိညာဉ်က သူ့အနောက်တွင် ထွက်ပေါ်လာပြီး ကောင်းကင်နန်းဆောင်ထဲ၌ ထိုင်နေ၏။ သူက ငါးခုမြောက် ဘဏ္ဍာတိုက်ကို ဆွဲယူ၍ အရှေ့သို့ ပစ်လွှတ်လိုက်သည်။

ကောင်းကင်ဘဏ္ဍာတိုက်ငါးခုက လှည့်ပတ်၍ ရှေ့သို့ပျံသန်းသွားကြပြီး ကောင်းကင်ရထားလှည်းငါးစီးကို ကျော်ဖြတ်သွားကြသည်။ ဝုန်းခနဲ အသံကြီးငါးချက်နှင့်အတူ လင်းကွမ်မြို့အရှေ့ရှိ ဟန်ထန်းစစ်တပ်အား ဝင်တိုက်သွား၏။

တံငါသည်ဟန်ထန်းက အော်ဟစ်လိုက်သည်။ သူနှင့် သူ၏ နတ်စစ်သည်တော်များ၊ တပ်မှူးအားလုံးက ခွန်အားအလုံးစုံ ထုတ်သုံး၍ ထိုရှေးဟောင်းသားရဲကြီးများကို ထိန်းချုပ်လိုက်ကြသည်။ လူသားနှင့် သားရဲ၏ အဆီအနှစ်၊ ချီနှင့် ဝိညာဉ်တို့က ပေါင်းစည်းသွားပြီး ကိုယ်ပိုင် အဆီအနှစ်၊ ချီနှင့် ဝိညာဉ်တို့ကို အားဖြည့်ပေးလိုက်သည်။ သူတို့က ၀င်္ကပါတစ်ခု ဖန်တီး၍ ကောင်းကင်ဘဏ္ဍာတိုက်ငါးခုကို ခုခံကာကွယ်လိုက်သည်။

ကောင်းကင်ဘဏ္ဍာတိုက်ငါးခု မြေပေါ်ဆင်းသက်သွားသည့််အခါ ရထားလှည်းငါးစီး ထွက်ပေါ်လာကာ စစ်တပ်ထဲ ပြေးဝင်သွားသည်။

ဟန်ထန်းအနောက်ရှိ ငါးကန်ထဲမှ အနီရောင်ငါးနှစ်ကောင်က ခုန်ထွက်လာကြပြီး ခွန်သားရဲကြီးနှစ်ကောင်အဖြစ် ပြောင်းလဲကာ ပါးစပ်ကြီးများ ဟလျက် ရထားလှည်းများကို ဝါးမြိုလိုက်ကြ၏။ ဟန်ထန်းလက်အောက်ရှိ စစ်သည်တော်များကလည်း သူတို့ခန္ဓာကိုယ်ပေါ်မှ အဝတ်အိတ်များကို ဖွင့်လိုက်ကြသည်။ ထူးဆန်းသော သားရဲအမျိုးမျိုးက ထွက်ပေါ်လာကြပြီး ရန်သူထံ ပြေးဝင်သွားကြချေပြီ။

ရထားလှည်းများသည် ရှေ့သို့ချီတက်ပြီး လင်းကွမ်မြို့ထဲသို့ ၀င်ရောက်ရမည်ကိုသာ အာရုံစူးစိုက်ထားကြသည်။ တိုက်ကွက်များကို ခုခံနိုင်ပါက ခုခံကြပြီး မခုခံနိုင်ပါက သေဆုံးကြရလေသည်။ အချိန်တိုအတွင်း ကျရှုံးမှု များပြားသွားသည်။

တံငါသည် ဟန်ထန်းမှာ လုံးဝစိတ်အေးမနေပေ။ သူက ရုတ်တရက် အော်ဟစ်လိုက်သည်။ “သားရဲစစ်တပ် ချီတက်လာမှာကို သတိထားကြ”

ကမ္ဘာဦးသားရဲကြီးများက ရထားလှည်းများကို ဆွဲလျက် သူတို့ထံ ဦးတည်ပြေးဝင်လာကြသည်။

သားရဲအချင်းချင်း ဝင်တိုက်သွားကြသည့်အခါတွင် မြေပြင်တုန်ခါသွားပြီး တောင်တန်းများ တုန်လှုပ်သွားကြ၏။ တံငါသည် ဟန်ထန်းက လေပေါ် ပျံတက်၍ အနီရောင်ခွန်ငါးပေါ်သို့ ဆင်းသက်ကာ အော်ဟစ်လိုက်သည်။ “ငါအမိန့်ကို နာခံကြ…. သားရဲထိန်းချုပ်သူအဆောင်တွေကို ထုတ်လိုက်ကြစမ်း”

သူ၏စစ်သည်တော်အားလုံးက အိတ်များ ပုတ်လိုက်ရာ မရေမတွက်နိုင်သော အဆောင်စာရွက်များက ပျံတက်လာကြပြီး ရန်သူသားရဲများ၏ နဖူးတွင် ကပ်သွားကြသည်။

ဟန်ထန်းနှင့် တခြားသူများက သူတို့၏ကျင့်စဉ်သိုင်းကွက်များကို အသက်သွင်းလိုက်ကြရာ သားရဲတစ်ကောင်ပြီးတစ်ကောင်က အညံ့ခံလာကြ၏။ သို့သော် ဤအခိုက်အတန့်တွင် ကောရှောက်ကျိုင်က ပျံသန်းလာပြီး သူ၏ မှော်စွမ်းအင်များကို အသက်သွင်းလိုက်သည်။ ဧရာမနဂါးအကြေးခွံကြီးတစ်ခု ပျံသန်းထွက်ပေါ်လာပြီး လေထဲတွင် မြောလွင့်ကာ ထိုနဂါးအကြေးခွံထဲမှ နဂါးတွန်သံများအား ခပ်သဲ့သဲ့ ကြားလာရသည်။

အညံ့ခံလက်စဖြစ်သည့် ရှေးဟောင်းသားရဲကြီးအများပေါ်ရှိ အဆောင်စာရွက်က နဂါးအကြေးခွံ ထွက်ပေါ်လာသည့်အခါ လောင်ကျွမ်းသွားကြပြီး ချက်ချင်း အထိန်းအကွပ်မဲ့သွားကြသည်။

“ဟန်ထန်း… ‌ဒါက ကောင်းကင်နတ်အရှင်လုံရှောင်ရဲ့ နဂါးအကြေးခွံပဲ”

ကောရှောက်ကျိုင်၏ အင်္ကျီစများက လေထဲတွင် မြောလွင့်နေပြီး သူက ကောင်းကင်ဘဏ္ဍာတိုက်မျှော်စင်တစ်ခုပေါ်သို့ ဆင်းသက်ကာ ပြုံးလျက် ပြော၏။ “ကောင်းကင်နတ်အရှင်လုံရှောင်ရဲ့ နဂါးအကြေးခွံ ပေါ်လာတာနဲ့ မင်းရဲ့ သားရဲထိန်းချုပ်အဆောင်က လုံးဝအသုံးမဝင်တော့ဘူး…. ဒီနေ့ မင်း သေရမယ့်နေ့ပဲ…”

တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်မြစ်ရေတပ် ထွက်ပေါ်လာပြီး အတိုက်အခိုက်၀င်္ကပါတစ်ခု ဖွဲ့တည်လိုက်သည်။ ကောင်းကင်ဆရာသခင်ကျူရှောက်ပင်က ၀င်္ကပါအရှေ့သို့ ကိုယ်တိုင်ဆင်းသက်လာသည်။ သူက အလံကြီးတစ်ခုကို ဝှေ့ရမ်းလိုက်ရာ ကောင်းကင်နတ်မြစ်၏ ဦးတည်ရာက ချက်ချင်း ပြောင်းလဲသွား၏။

ကောင်းကင်နတ်မြစ်ကြီးက ပရမတ္တလှေ၏ တစ်ဖက်တစ်ချက်စီမှ ခွဲထွက်သွားပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီသို့ ဦးတည်သွားချေပြီ။ သင်္ဘောတို့၏ အမြောက်များက အလင်းတန်းများကဲ့သို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီသို့ ဖြာကျလာ၏။ ကောင်းကင်ဘုံကြီးမှာ တဖြည်းဖြည်း ပါးလွှလာပြီး နှစ်ပိုင်းကျိုးပျက်ပေတော့မည်။

All Chapters